အခန်း (၂၂၈၆-၂၂၉၀)
Vol. 118 Ch. 2286-2290
Chapter 2286
ကုချင်းသံသည် ရေအိုင်တစ်ခုလုံးပေါ်၌ ပဲ့တင်ထပ်ပျံ့နှံ့သွားခြင်းနှင့်အတူ ကြေးမုံမှန်ကဲ့သို့ တည်ငြိမ်နေသော ရေမျက်နှာပြင်ပေါ်၌ ရုတ်တရက် လှိုင်းဂယက်များထလာသည်။
ရုတ်ချည်းဆိုသလိုပင် ရေမျက်နှာပြင်ပေါ်ရှိ ရေလှိုင်းများ ပြောင်းလဲသွားသည်။
ဤသည်က တစ်စုံတစ်ယောက် ရေမျက်နှာပြင်ပေါ်သို့ ခြေချလိုက်သည့်အလားပင်။ရေအိုင်အတွင်းရှိ လှိုင်းဂယက်ထနေသော ရေမျက်နှာပြင်ပေါ်တွင် ခြေရာများ ထွက်ပေါ်လာသည်။
ထို့နောက် အနီးအနားရှိရေငွေ့များ မြင့်တက်လာကာ မြောက်မြားစွာသော ရေစိတ်ဝိညာဥ်အရိုးစုများအဖြစ် ဖွဲ့စည်းသွားသည်။သူတို့က အစွယ်များကိုဖြဲဟ၍ သူတို့၏လက်သည်းများကို ဝှေ့ယမ်းကာ ကျိုးခိုင်ထံသို့ တဟုန်ထိုးပြေးဝင်၍ တိုက်ခိုက်ကြ၏။
အား...
ကျိုးခိုင်၏မျက်နှာဖြူရော်သွားကာ သူက ထိတ်လန့်တကြားအော်ဟစ်၍ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ရေငွေ့များမှဖွဲ့စည်းထားသော အရိုးစုများသည် ကျိုးခိုင်၏အနီးသို့မရောက်မီ ပျက်ပြယ်သွားခဲ့သည်။
ကျိုးခိုင်၏နံဘေးရှိ တပည့်များသည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြ၏။
သာယာနာပျော်ဖွယ်ကုချင်းသံအတွင်း၌ ဤကဲ့သို့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ကိန်းအောင်းနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
အစောပိုင်းက ထွက်ပေါ်လာသော ရေငွေ့အရိုးစုများသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။ထိုအရိုးစုများကိုမြင်မိသော မည်သူမဆို သူတို့၏ကျောရိုးများအတွင်းမှ ချမ်းစိမ့်လာမှုကို ခံစားမိသည်။
အကယ်၍ သူတို့သာ ခေါင်းမာမာဖြင့် ရှေ့သို့ဆက်တိုးပါက ထိုရေငွေ့အရိုးစုများ၏သတ်ဖြတ်ခြင်းကို ခံရပေမည်။
ကျိုးခိုင်က သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေသည်။
သူသည် စိတ်မကျေမနပ်ဖြစ်နေသောလည်း တစ်ဖက်လူသည် ကျောင်းတော်၏လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်နေပေ၏။အကယ်၍ သူ အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေလျှင်ပင် လက်ထောက်ကျောင်းအုပ်အား ရင်ဆိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
"လုယွီ...အဲ့ဒီလိုလား...ကောင်းပြီလေ...ငါ မင်းကို မှတ်ထားမယ်...မင်း စောင့်နေစမ်း"
ထိုစကားများကိုပြောဆိုပြီးနောက် ကျိုးခိုင်သည် သူ၏တပည့်များနှင့်အတူ ဤနေရာမှ ထွက်ခွါသွားတော့သည်။
ထိုလူစု ထွက်ခွါသွားပြီးနောက် ရေအိုင်သည် တဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားလေပြီ။
"ငါ့ နောက်ကိုလိုက်ခဲ့"
ထန်အာက သက်ပြင်းတစ်ချက်ရှိုက်ပြီး လုယွီကို ရေအိုင်အလယ်ရှိကျွန်းပေါ်သို့ ခေါ်ဆောင်သွားတော့သည်။
ဤနေရာတွင် တိတ်ဆိတ်ငြိမ်သက်သော ခြံဝန်းတစ်ခုရှိနေကာ အဆောက်အအုံများသည် အလွန်ခံ့ညားထည်ဝါပေ၏။တစ်စုံတစ်ယောက်သည် ကျွန်းပေါ်သို့ရောက်ရှိသွားသည်နှင့် အလွန်အမင်းအေးစက်သောလေပြည်ညှင်းကို ရှုရှိုက်ရမည်ဖြစ်ကာ သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေပေမည်။
""ဒီနေရာမှာရှိတဲ့ဝင်္ကပါတွေကို ဖွဲ့စည်းထားတာက တီထွင်ကြံဆမှု တကယ်ကိုကောင်းတာပါလား"
လုယွီက ချီးမွမ်းစကား ပြောဆိုလိုက်၏။
ထန်အာက ကူကယ်ရာမဲ့စွာဖြင့် လုယွီကို စောင်းငဲ့၍ကြည့်လိုက်သည်။သူမ အလွန် အံ့အားသင့်နေမိသည်။
ဤနေရာသို့ သူမ ပထမဆုံးအကြိမ်ရောက်ရှိလာစဥ်တွင် ဤနေရာရှိလေသည် အနည်းငယ်ထူးဆန်းနေသည်ကိုသာ ခံစားမိပြီး ဝင်္ကပါတည်ရှိနေမှုကို ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိချေ။
သူမသည် ဆရာသခင်၏တပည့် ဖြစ်လာပြီးနောက်မှသာ ကျွန်း၏အောက်၌ ဝင်္ကပါတစ်ခု ရှိနေသည်ကို ထန်အာက သိရှိခဲ့ရ၏။
လုယွီသည် မည်သည့်နည်းဖြင့် ထိုဝင်္ကပါကို ရှာဖွေတွေ့ရှိသွားသနည်း။
ထန်အာသည် သူမ၏စိတ်နှလုံးသားအတွင်းရှိ သိချင်စိတ်ပြင်းပြနေမှုကို ချိုးနှိမ်ကာ လုယွီကို ခြံဝန်းအတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။
သစ်ပင်တစ်ပင်၏အောက်၌ လှပချောမောသောမိန်းကလေးတစ်ယောက်သည် ရှေးဟောင်းကုချင်းကိုကိုင်၍ မတ်တတ်ရပ်နေသော်လည်း ဆက်လက်၍တီးခတ်ခြင်းမပြုချေ။သူမ၏ဆံနွယ်ရှည်များသည် ရေတံခွန်ကဲ့သို့ ဖြာကျနေကာ တင့်တယ်လှပသောကိုယ်နေဟန်ထားမျိုးရှိသည်။သူမသည် လှုပ်ရှားခြင်းမရှိသည့်တိုင် သူမအားကြည့်မိသူများသည် သူမအပေါ် သနားကရုဏာသက်မှုကို ခံစားရပေမည်။
သူမသည် အမှန်တကယ်ကိုပင် လောကကြီးအတွင်း၌ တမူထူးခြားသော အလှပိုင်ရှင်လေးဖြစ်သည်။
"ဆရာသခင်...ကျွန်မ သူ့ကို ခေါ်လာပါပြီ"
ထန်အာက နံဘေးတစ်ဖက်၌ မတ်တတ်ရပ်ကာ ပြောဆိုလိုက်၏။
လုယွီသည် သစ်ပင်အောက်တွင်ရှိနေသည့် ကုချင်းကိုကိုင်ထားသောမိန်းကလေးကို အချိန်တခဏကြာစူးစိုက်ကြည့်ပြီးနောက် ပြောဆိုလေသည်။
"ဒါဆိုရင် အရင်က မိုးကောင်းကင်ကျမ်းစာဆောင်မှာ ကျွန်တော်ဆုံတွေ့ခဲ့ရတဲ့မိန်းကလေးက လက်ထောက်ကျောင်းအုပ် ဖြစ်နေတာပဲ....ကျွန်တော်က မျက်ကန်းတစ်ယောက်လိုဖြစ်နေပြီးတော့ လက်ထောက်ကျောင်းအုပ်ကို မသိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ"
"တကယ်လို့ နင်ကသာ မျက်ကန်းတစ်ယောက်ဆိုရင်...တခြားသူတွေမှာ မျက်လုံးတွေရှိနေတာက အသုံးဝင်တော့မှာမဟုတ်ဘူး"
ပိုင်မင်ဟန်က အပြုံးနှင့်အတူ လုယွီကို စိတ်ဝင်တစား စူးစိုက်၍ကြည့်လိုက်၏။
"ကောင်ငယ်လေး...နင် ငါ့ကို ဘယ်လိုလုပ်ပြီး မှတ်မိတာလဲ"
သူမသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏လက်ထောက်ကျောင်းအုပ် ပိုင်မင်ဟန်ပင်။
မိုးကောင်းကင်ကျမ်းစာဆောင်၏တတိယထပ်တွင် ရှိနေသောအချိန်၌ ပိုင်မင်ဟန်သည် တခြားသူများမှ သူမ၏အစစ်အမှန်မျက်နှာကို မြင်တွေ့မသွားစေရန် လူရေခွံမျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့သည်။
လုယွီသည် အကြည့်တစ်ချက်ဖြင့်ပင် သူမအား ဖော်ထုတ်နိုင်မည်ဟု သူမ မျှော်လင့်မထားမိချေ။
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။
"ဒါက ရုပ်ဖျက်ထားတာပဲလေ...ကလေးတွေတောင်မှ သိနိုင်တယ်"
လုယွီသည် အတွေ့အကြုံအလွန်ကြွယ်ဝသူဖြစ်သဖြင့် ရိုးရှင်းသောလူရေခွံမျက်နှာဖုံးကို မဆိုထားနှင့် အစစ်အမှန်ပြန်လည်ဝင်စားခြင်းဆိုလျှင်ပင် သူ ရှာတွေ့နိုင်သည်။
"စိတ်ဝင်စားစရာကောင်းသားပဲ...နင်က အသက်လည်းမကြီးသေးဘူး...ဒါပေမယ့် ငါ့ရဲ့ရှေ့မှာတောင် အရမ်းတည်ငြိမ်နေတယ်"
ပိုင်မင်ဟန်က နူးညံညင်သာသောအသံနှင့် ပြောဆိုသည်။
Chapter 2287
သူမသည် အလွန်အမင်းလှပချောမောသူဖြစ်ရာ ယခုချိန်၌ လူရေခွံမျက်နှာဖုံးကို တပ်ဆင်မထားသဖြင့် သူမသည် ပို၍ပင်ညှို့ငင်နိုင်စွမ်းရှိနေသည်။
သူမ၏အစစ်အမှန်ရုပ်ရည်ကိုသာ ပြင်ပသို့ ထုတ်ဖော်ပြသလိုက်ပါက လောကကြီးအတွင်းတွင်ဘေးကပ်ဆိုးများ ဆိုက်ရောက်လာနိုင်သည်။သူမ၏မျက်နှာကို ယခင်ကမြင်တွေ့ဖူးသော မည်သူမဆို သူတို့၏စိတ်ဆန္ဒများ ဗလာဟင်းလင်းဖြစ်သွားပြီး အသိစိတ်လွတ်ကင်းသည်အထိ ညှိုယူဖမ်းစားခြင်းခံရကာ သူတို့၏တာအိုနှလုံးသားများ မတည်ငြိမ်တော့ချေ။
ဤသည်က မွေးရာပါညှို့ဓာတ်ပိုင်ရှင်များ၏အစွမ်းဖြစ်ပြီး အထူးတလည်ပြင်ဆင်ခြယ်သနေရန် မလိုအပ်ပေ။သူမ၏အပြုံးတစ်ချက်ဖြင့်ပင် တစ်ဖက်လူကို ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည်။
ထန်အာက သူမ၏ဆရာသခင်သည် မျက်နှာလွှားဇာကိုပင် တပ်ဆင်ထားခြင်းမရှိသည်ကို မြင်တွေ့မိသဖြင့် အနည်းငယ်အံ့အားသင့်သွားပေ၏။
အကယ်၍ သာမာန်အခြေအနေမျိုးဆိုပါက ယောက်ျားသားတစ်ယောက်သည် ဤကဲ့သို့ပြိုင်ဘက်ကင်းအလှမျိုးကို မြင်တွေ့ကြချိန်တွင် တည်ကြည်မှုပျက်ပြားသွားကြသည်။
သို့ရာတွင် လုယွီကမူ တည်ငြိမ်အေးဆေးနေဆဲဖြစ်သည်မှာ အလွန်ထူးဆန်းသောကိစ္စတစ်ရပ်ပင်။
လုယွီ၏ရှေ့တွင် ပိုင်မင်ဟန်သည် ပြိုင်ဘက်ကင်းအလှပိုင်ရှင်မျိုးမဟုတ်တော့ဘဲ တခြားလူများနှင့်တူညီနေကာ များစွာကွဲပြားခြားနားခြင်းမရှိချေ။
"မိုးကောင်းကင်ကျမ်းစာဆောင်မှာ တွေ့ပြီးတဲ့နောက် ငါ နင့်ကို လာရှာသေးတယ်...နင်က တံခါးပိတ်ကျင့်ကြံနေတယ်လို့ ငါ ကြားခဲ့တယ်...ဒါကြောင့် ငါ နင့်ကို မနှောက်ယှက်တော့တာ...နင်က ငါ့ဆီရောက်လာမယ်လို့ ငါ ထင်မထားမိဘူး"
ပိုင်မင်ဟန်က ချက်ချင်းဆိုသလိုပင် လုယွီ၏ရှေ့သို့ ရောက်ရှိသွားသည်။
မွှေးပျံသောရနံ့များ ဖြတ်သန်းတိုက်ခတ်သွားခြင်းနှင့်အတူ လူအများအားယစ်မူးစေသော ပြိုင်ဘက်ကင်းအလှမျက်နှာလေးက လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"လက်ထောက်ကျောင်းအုပ်က ဘာကိစ္စရှိလို့ ကျွန်တော်ကို လာရှာတာလဲမသိဘူး"
ပိုင်မင်ဟန်က အေးစက်စက်ပြုံးလိုက်သည်။
"နင် ဒီနေရာထိ ဆက်ပြီးဟန်ဆောင်နေဦးမှာလား...နင် ဘာတွေလုပ်ခဲ့တယ်ဆိုတာ ငါ မသိဘူးလို့ နင် ထင်နေတာလား...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က နဂါးတွေ ကျားတွေ ပုန်းအောင်းနေတဲ့နေရာဆိုပေမယ့်...နဂါးတွေ ကျားတွေက အမြဲတမ်းဖုံးကွယ်ပြီးမနေနိုင်ဘူး"
ထိုစကားကိုကြားချိန်တွင် လုယွီက ချက်ချင်းဆိုသလိုပင် မှန်းဆနိုင်ခဲ့သည်။
သူသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ ကျင့်ကြံနည်းစနစ်များ၏အလင်းအကာအကွယ်အလွှာများအားလုံးကို ချိုးဖျက်ခဲ့ကာ ကြယ်တာရာစစ်တုရင်ဝင်္ကပါကို ဖြိုခွင်းခဲ့သည်။ထိုကိစ္စများအားလုံးကို ပိုင်မင်ဟန် သိရှိသွားခြင်းဖြစ်ပေမည်။
"လက်ထောက်ကျောင်းအုပ်....ကျွန်တော်လုပ်ခဲ့တာတွေက ကျောင်းတော်ရဲ့စည်းမျဥ်းကို ချိုးဖောက်ခဲ့မိလို့လား"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ပိုင်မင်ဟန်က ပြောဆိုလိုက်၏။
"ငါက လက်ထောက်ကျောင်းအုပ်...တကယ်လို့ ငါက နင် ကျောင်းတော်ရဲ့စည်းမျဥ်းတွေကို ချိုးဖောက်တယ်လို့ပြောရင်...ဒါက ချိုးဖောက်တာပဲ...နင် မိုးကောင်းကင်ကျမ်းစာဆောင်ကို ဝင်နိုင်ခဲ့တာက...ထျန်းပိုယန်က ကျောင်းအုပ်ကြီးကိုမှီခိုပြီး အထက်ကိုတက်ချင်လို့ အခွင့်အရေးပေးခဲ့တာပဲ...တကယ်လို့ ငါသာ ဒီကိစ္စကိုကန့်ကွက်လိုက်ရင် နင်ရော ထျန်းပိုယန်ရောအပြစ်ပေးခံရလိမ့်မယ်"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူသည် ထိုလက်ထောက်ကျောင်းအုပ်ကို ရန်စစော်ကားထားမိခြင်းလည်းမရှိချေ။
သို့သော် ထိုအချိန်မှာပင် ပိုင်မင်ဟန်က စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဒါပေမယ့်...တကယ်လို့ နင်ကသာ ငါ့တပည့်လုပ်မယ်ဆိုရင်...နင် မျှော်မှန်းမထားတဲ့ အကျိုးအမြတ်တွေ ရလာလိမ့်မယ်"
ထိုစကားအားပြောဆိုနေစဥ်တွင် ပိုင်မင်ဟန်သည် ညှို့ငင်ဖမ်းစားနိုင်သောမျက်လုံးတစ်စုံဖြင့် လုယွီအား ဆွဲဆောင်နေလေ၏။
နံဘေးတစ်ဖက်၌မတ်တတ်ရပ်နေသော ထန်အာက ထိတ်လန့်တုန်လှုပ်နေသည်။သူမ၏ဆရာသခင် ဤကဲ့သို့အပြုအမူမျိုးနှင့်ပြောဆိုသည်ကို သူမ တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
'အဲ့ဒီကောင်လေးက ဘာထူးခြားနေလဲဆိုတာ ငါ သိချင်မိတယ်...ဆရာသခင်ကတောင် သူ့ကို တပည့်အဖြစ်ခေါ်ယူမယ်လို့ စပြီးတောင်းဆိုနေတယ်"
ထန်အာက လုယွီနှင့်ပတ်သတ်၍ အလွန်အမင်းသိချင်စိတ် ပြင်းပြနေသည်။
နှစ်စဥ်နှစ်တိုင်း သူမ၏ဆရာသခင်ထံတွင် တပည့်အဖြစ်ခံယူလိုသောသူ မည်မျှထိများပြားသည်ကို သူမ မသိနိုင်ချေ။
ပိုင်မင်ဟန်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏လက်ထောက်ကျောင်းအုပ်ပင်။သူမ၏တပည့်ဖြစ်လာသော မည်သူမဆို ချက်ချင်းဆိုသလိုပင် မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်နိုင်ပေမည်။
တခြားကိစ္စများကို ဘေးဖယ်ထားလျှင်ပင် ပိုင်မင်ဟန်၏တပည့်ဖြစ်သည့်အတွက် ရရှိမည့် ကျင့်ကြံမှုအရင်းအမြစ်များသည် သာမာန်ကျင့်ကြံသူများ စိတ်ကူးပင်ယဥ်ကြည့်ဖူးမည်မဟုတ်ချေ။
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်သည်။
"ကျွန်တော့မှာ ဆရာသခင်ရှိပြီးသားပါ...ပြီးတော့ ကျွန်တော် ဒီကိုလာတာက လက်ထောက်ကျောင်းအုပ်ဆီမှာ တပည့်အဖြစ်ခံယူဖို့မဟုတ်ဘူး"
ထျန်အာသည် ထိုစကားကိုကြားချိန်တွင် သူမ၏နားကိုပင် သူမ မယုံကြည်နိုင်တော့ချေ။
ထိုကောင်လေးသည် ဆရာသခင်၏ကမ်းလှမ်းမှုကိုပင် ငြင်းဆန်လိုက်သလော....
ဤသည်က တခြားသူများ အကြိမ်ရာနှင့်ချီ၍တောင်းဆိုနေလျှင်ပင် မရရှိနိုင်သောအခွင့်အရေးပင်။ထိုကောင်လေးသည် အမှန်တကယ်ကိုပင် သူ့အတွက် ကောင်းမွန်သောအရာကိုမသိဘဲ တဲ့တိုးဆန်စွာ ငြင်းပယ်ခဲ့လေ၏။
ထို့ထက်ပို၍ အထူးဆန်းဆုံးကိစ္စမှာ သူမ၏ဆရာသခင်သည် လုယွီ၏ငြင်းပယ်မှုကြောင့် ဒေါသထွက်သွားမှုမရှိခြင်းပင်။ထိုအစား အရာအားလုံးသည် အကြောင်းပြချက်တစ်ခု ရှိနေပုံရသည်။
"ဒါက တကယ့်ကို ပျင်းဖို့ကောင်းတာပဲ...ဒါပေမယ့် မင်း ကြယ်တာရာစစ်တုရင်ဝင်္ကပါကို ဘယ်လိုဖြိုခွင်းလိုက်လဲဆိုတာ ငါ သိချင်တယ်"
ပိုင်မင်ဟန်က လုယွီကိုစူးစိုက်ကြည့်၍ မေးမြန်းသည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ကြယ်မြေပုံက ကျွန်တော်ဆီမှာရှိတယ်...ဒါပေမယ့် ကျွန်တော် ဒါကို ပုံတူကူးမပေးနိုင်ဘူး"
ထိုကြယ်မြေပုံသည် အလွန်အမင်းရှုပ်ထွေးသည်။အကယ်၍ လုယွီသည် ထိုအရာကို ပုံတူကူးနိုင်စွမ်းရှိလျှင်ပင် ပိုင်မင်ဟန်အတွက်ဖြင့် သူ၏အချိန်များကို ဖြုန်းတီးလိုစိတ်မရှိချေ။
Chapter 2288
"ဒါဆိုရင် နင် ငါ့ဆီကို ဘာလာလုပ်တာလဲ"
ပိုင်မင်ဟန်က အပြုံးနှင့် ပြောဆိုသည်။
ကြယ်တာရာစစ်တုရင်ဝင်္ကပါသည် အလွန်အမင်းသိမ်မွေ့နက်နဲသဖြင့် ထိုအရာမှရရှိသော ကြယ်မြေပုံကို လုယွီ လွယ်လင့်တကူပေးမည်မဟုတ်ကြောင်း သူမက သိရှိထားပြီးဖြစ်သည်။
လုယွီက ပြောဆိုလေ၏။
"လက်ထောက်ကျောင်းအုပ်က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့တံဆိပ်ပြားတွေကို လက်ခံတယ်လို့ ကျွန်တော်ကြားထားတယ်....ကျွန်တော်က ဒီတံဆိပ်ပြားကို တောင်းဆိုချက်တစ်ခုနဲ့ လဲလှယ်ချင်ပါတယ်"
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဟူသော အသံကိုကြားချိန်တွင် ပိုင်မင်ဟန်၏မျက်နှာအမူအယာ ရုတ်တရက်ပြောင်းလဲသွားသည်။
မူလက သူမ၏စိတ်အေးချမ်းနေသောမျက်နှာပေါ်တွင် အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"နင်က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကလူကို သတ်ခဲ့တာလား"
ပိုင်မင်ဟန်က လုယွီကို စူးစိုက်ကြည့်ကာ မေးမြန်းလေ၏။
လုယွီက စကားတစ်ခွန်းမျှပြောဆိုခြင်းမရှိဘဲ တံဆိပ်ပြားကို ထုတ်ပေးလိုက်သည်။
ထိုတံဆိပ်ပြားထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် ပိုင်မင်ဟန်က ယူဆောင်သွားလေသည်။ထိုအရာကို အချိန်တခဏကြာ စေ့စေ့စပ်စပ်စစ်ဆေးပြီးနောက် သူမက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုလိုက်၏။
"ဒါဆိုရင် နင်က ကြာနတ်ဘုရားရဲ့လက်အောက်က ဓမ္မအစောင့်အရှောက်တစ်ယောက်ကို သတ်ခဲ့တာပေါ့လေ...ဟား ဟား ဟား...နင်က တော်သားပဲ"
နံဘေးဘက်မှစောင့်ကြည့်နေသော ထန်အာက ဝေခွဲရခက်နေခဲ့သည်။သူမသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ ဓမ္မအစောင့်အရှောက်များအကြောင်းကို ကောင်းစွာသိရှိထားသည်။
ထိုဓမ္မအစောင့်အရှောက်များသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ အမာခံကျောရိုးများဖြစ်ကြ၏။သူတို့အနက်မှမည်သူမဆို မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ ခွန်အားမျိုးရှိသည်။
အကယ်၍ ကျောင်းတော်မှတပည့်များ ပြင်ပသို့ထွက်သွားခဲ့ပါက အဆင့်မြင့်တပည့်များပင်လျှင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနှင့် ရင်ဆိုင်ဆုံတွေ့ရပါက အသက်အန္တရာယ်ရှိနိုင်သည်။
လုယွီသည် တပည့်သစ်တစ်ယောက်ပင်။သူသည် မည်သည့်နည်းဖြင့် ဓမ္မအစောင့်အရှောက်တစ်ယောက်ကို သတ်နိုင်ခဲ့သနည်း...
'ကြည့်ရတာတော့ မိသားစုနောက်ခံအင်အားနဲ့ သူက အဲ့ဒီဓမ္မအစောင့်အရှောက်ကို သတ်လိုက်တာပဲဖြစ်မယ်"
ရုတ်ချည်းဆိုသလိုပင် ထန်အာက စိတ်ဝင်စားမှု လျော့နည်းသွားသည်။
ကုန်လွန်ခဲ့သောနှစ်များအတွင်းတွင် မိသားစုနောက်ခံအင်အားကိုအမှီပြု၍ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ ဓမ္မအစောင့်အရှောက်များကိုသတ်ဖြတ်ကာ ဤနေရာသို့ ဆုလာဘ်များလာရောက်တောင်းဆိုသော လူအမြောက်အများရှိသည်။
သူတို့တောင်းဆိုသောအရာများမှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းရှိ အဖိုးတန်ရှားပါးသောကျင့်ကြံနည်းစနစ်များနှင့်ဆေးလုံးများထက်မပိုချေ။
မည်သို့ပင်ဆိုစေကာမူ ထိုအရာများသည် ပိုင်မင်ဟန်၏စကားတစ်ခွန်းဖြင့် ပြီးပြတ်သော ကိစ္စငယ်လေးများပင်။
ပိုင်မင်ဟန်က ထိုတံဆိပ်ပြားကို သေတ္တာတစ်လုံးအတွင်းသို့ ထည့်လိုက်၏။ထိုသေတ္တာအတွင်း၌ တံဆိပ်ပြားအမြောက်အများရှိနေကြောင်း လုယွီက သတိပြုမိသည်။
ပိုင်မင်ဟန်နှင့်အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းတွင် မည်ကဲ့သို့ရန်ငြိုးမုန်းတီးမှုများ ရှိနေသည်ကို သူ မသိရှိချေ။သူမသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှလူများကို သတ်ဖြတ်ရန်အတွက် ဆုကြေးများကိုပင် ကမ်းလှမ်းထားခဲ့သည်။
သို့ရာတွင် ထိုကိစ္စရပ်များသည် သူနှင့်အနည်းငယ်မျှပင်သက်ဆိုင်ခြင်းမရှိချေ။သူ ဤနေရာသို့ လာရောက်ခဲ့သည်မှာ တခြားရည်ရွယ်ချက်တစ်ခုကြောင့်ပင်။
"ကျွန်တော်က နတ်ဘုရားကုန်းမြေထဲကို ဝင်ချင်ပါတယ်..လက်ထောက်ကျောင်းအုပ်က ကျွန်တော်ကို ထောက်ခံပေးနိုင်မလား"
လုယွီက ပြောဆိုလိုက်၏။
"မဖြစ်နိုင်ဘူး"
ပိုင်မင်ဟန်က ချက်ချင်းဆိုသလိုပင် ငြင်းဆန်လေသည်။
"ဓမ္မအစောင့်အရှောက်တံဆိပ်ပြားတစ်ခုတည်းနဲ့ နတ်ဘုရားကုန်းမြေထဲကိုဝင်ဖို့ အရည်အချင်းမပြည့်မီဘူး....နတ်ဘုရားကုန်းမြေက ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံးတားမြစ်နယ်မြေပဲ...နှစ်စဥ်နှစ်တိုင်း ဝင်ခွင့်နေရာကိုရဖို့အတွက်နဲ့ မရေမတွက်နိုင်တဲ့ အဆင့်မြင့်တပည့်တွေ တိုက်ခိုက်ကြရတယ်...နင်က ဓမ္မအစောင့်အရှောက်တစ်ယောက်ကို သတ်လိုက်ရုံနဲ့ အဲ့ဒီနေရာကိုဝင်ချင်နေတာလား....ဒါက အရမ်းလွယ်လွန်းမနေဘူးလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆိုရင် ကျွန်တော် ဘယ်လိုနည်းနဲ့ဝင်နိုင်မှာလဲ"
သူ ဓမ္မအစောင့်အရှောက်များကိုထပ်မံ၍ သတ်ဖြတ်ရမည်ဆိုပါကလည်း အဆင်ပြေသည်။
သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏အင်အား မည်မျှထိကြီးထွားနေသည်ကို သူ မသိရှိချေ။ယခုချိန်၌ သူသည် လောကီအင်မော်တယ်နယ်ပယ်တွင်သာရှိနေသည်။ထို့ကြောင့် အစိမ်းရောင်ကြာနတ်ဘုရားနှင့် ရင်ဆိုင်ရမည်ဆိုပါက သူ့အတွက်ဖိအားများစွာ သက်ရောက်လာစေနိုင်သည့်အပြင် သူ၏အသက်ကိုပင်စွန့်စားရနိုင်သည်။
ပိုင်မင်ဟန်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့နောက်ကွယ်ကလူတွေ မသေသေးသရွေ့...တကယ်လို့ နင်က ဓမ္မအစောင့်အရှောက်အားလုံးကိုသတ်လိုက်ရင်တောင် အသုံးမဝင်ဘူး...ငါ နင့်ကို တာဝန်တစ်ခုပေးမယ်..တကယ်လို့ နင်ကသာ ဒီတာဝန်ကို အောင်မြင်အောင်လုပ်ပေးနိုင်မယ်ဆိုရင်...ငါ နင့်ကို နတ်ဘုရားကုန်းမြေထဲကို ဝင်ခွင့်ပြုမယ်"
"ဆရာသခင်...ဒီနှစ်အတွက် နတ်ဘုရားကုန်းမြေဝင်ခွင့်ခွဲတမ်းနေရာတွေက ဆုံးဖြတ်ပြီးသွားပြီလေ"
ထန်အာက တိုးညှင်းသောအသံဖြင့် သတိပေးသည်။
ပိုင်မင်ဟန်က သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ပြဿနာမရှိဘူး...ငါကိုယ်တိုင် ကျောင်းအုပ်ကြီးဆီ စာတစ်စောင်ရေးပို့ပြီးတော့ နေရာတစ်နေရာ တောင်းခံပေးမယ်"
"ဘာတာဝန်လဲ"
လုယွီက မေးမြန်းသည်။
ပိုင်မင်ဟန်က ထန်အာကိုလက်ညှိုးညွှန်၍ ပြောဆိုလိုက်၏။
"ထန်အာက နောက်ရက်အနည်းငယ်အတွင်းမှာ တာဝန်တစ်ခုလုပ်စရာရှိတယ်...မင်းရဲ့တာဝန်က သူ့ကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးဖို့ပဲ"
အမ်...
လုယွီက အနည်းငယ်အံ့အားသင့်စွာဖြင့် ထန်အာကို ကြည့်လိုက်မိသည်။ပိုင်မင်ဟန်ပေးသော တာဝန်သည် ဤမျှထိရိုးရှင်းမည်ဟု သူ မျှော်လင့်မထားမိချေ။
ထန်အာဟုခေါ်သော မိန်းကလေးသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် လောကီအင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေပြီ။သူမအား ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် အတော်ဆုံးတပည့်များအနက်မှတစ်ယောက်ဟု ယူဆနိုင်သည်။
Chapter 2289
ယေဘုယျကျပြောဆိုရလျှင် ဤကဲ့သို့အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်သည် အကျပ်အတည်းနှင့်ရင်ဆိုင်ရသည့်တိုင် သူ၏အသက်အန္တရာယ်နှင့်ပတ်သတ်၍ စိုးရိမ်ပူပန်မှုရှိမည်မဟုတ်ချေ။
ထို့ပြင် မြောက်ပိုင်းဝါးမျိုခြင်းတိုက်ကြီးကို တော်ဝင်စစ်တပ်က ကာကွယ်စောင့်ကြပ်နေသည်။အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှလူများသည် သာမာန်ကျောင်းတော်သားများကို ချောင်းမြောင်း၍ တိုက်ခိုက်ဝံ့လျှင်ပင် လောကီအင်မော်တယ်ကျင့်ကြံသူတစ်ယောက်ကိုမူ လွယ်လင့်တကူလှုပ်ရှားဝံ့မည်မဟုတ်ပေ။
မည်သည့်တာဝန်ဖြစ်သဖြင့် သူ့အား အစောင့်အရှောက်အဖြစ် လိုက်ပါစေလိုမှန်း သူ မသိရှိချေ။
"ကောင်းပြီလေ...ဒါပေမယ့် သူလုပ်ရမယ့်တာဝန်က ဘာလဲ"
လုယွီက မေးမြန်းသည်။
ထန်အာသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏အသိုက်အမြုံအတွင်းသို့ သွားမည်ဖြစ်သဖြင့် သူ့အားကာကွယ်စောင့်ရှောက်စေလိုသည်ဟူသောအချက်မှာလည်း မဖြစ်နိုင်ချေ။
ပိုင်မင်ဟန်က ခေါင်းခါပြလိုက်၏။
"မင်း စိတ်အေးအေးထားပါ...ငါက ထန်အာကို စာတစ်စောင်သွားပို့ခိုင်းရုံပဲ...အဲ့ဒီစာရောက်သွားတာနဲ့ သူ ပြန်လာလို့ရပြီ"
ထိုစကားကိုကြားချိန်တွင် လုယွီက ခေါင်းညိတ်လိုက်သည်။ပိုင်မင်ဟန်သည် သူ့အား ဖြစ်စဥ်တစ်ခုလုံးကို ရှင်းပြခြင်းမရှိသော်လည်း သူ၏တာဝန်မှာ ထန်အာ စာသွားပို့သည်ကို ကာကွယ်စောင့်ရှောက်ပေးရုံသက်သက်ပင်။
"ကောင်းပြီလေ...ကျွန်တော် ဒီကိစ္စကိုလုပ်ပေးမယ်"
လုယွီက သဘောတူညီကြောင်း ပြောဆိုသည်။
ယခုချိန်တွင် သူ့အတွက်အရေးအကြီးဆုံးအရာမှာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန်ပင်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် သူ့အား ဘဝတလျှောက်လုံး ကာကွယ်ပေးနိုင်မည်မဟုတ်ချေ။ထို့ပြင် ရှဖုန်းနှင့်လှည့်ကွက်ပြုလုပ်ထားသောကိစ္စသည် လူတိုင်းကိုလှည့်စားနိုင်မည်မဟုတ်ပေ။
နောက်ဆုံးတွင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက် သူ့ထံတွင်ရှိနေဆဲဆိုသည့်အကြောင်းကို တစ်စုံတစ်ယောက်မှနေ၍ အနှေးနဲ့အမြန် သိရှိသွားပေမည်။
ထိုအချိန်မှစ၍ သူ အန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။
သူ့ထံ၌ ခွန်အားပိုကောင်းလာလေလေ သူ၏အသက်ဆက်လက်ရှင်သန်နိုင်ရန် မျှော်လင့်ချက် ပို၍အားကောင်းလာလေလေပင်။
"ဆရာသခင်...အပြင်လူတွေကို ဒီကိစ္စထဲမှာ ပါဝင်ပတ်သတ်ဖို့ ခွင့်မပြုသင့်ဘူးလေ"
လုယွီက သဘောတူညီလိုက်သော်လည်း ထန်အာက စောဒကတက်နေလေ၏။
သူမက လုယွီကိုစောင်းငဲ့၍ကြည့်လိုက်သည်။ထိုကောင်လေး မည်မျှထူးချွန်သည်ကို သူမ မသိရှိသော်လည်း သူမ၏ဆရာသခင်သည် သူ့အားအလွန်မြင့်မြင့်မားမား တွေးတောထားခြင်းကို သူမ သိရှိသည်။
သူမ၏ဆရာသခင်သည် လုယွီကို တပည့်အဖြစ်ခေါ်ယူလိုသည့်အပြင် သူ့အား နတ်ဘုရားကုန်းမြေအတွင်းသို့ပင် ဝင်ခွင့်ပေးရန် ဆန္ဒရှိနေသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ ဓမ္မအစောင့်အရှောက်ကိုသတ်ဖြတ်ကာ ဤနေရာသို့လာရောက်၍ ဆုလာဘ်များဖြင့်လဲလှယ်ခဲ့သူများ ရှိခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လုယွီကဲ့သို့ အချိန်ကြာမြင့်စွာနေထိုင်ခဲ့ဖူးခြင်းမရှိချေ။
ပိုင်မင်ဟန်က ထန်အာ၏ခေါင်းကိုပုတ်ကာ ပြောဆိုလိုက်၏။
"ကောင်မလေး...ငါ ဒီလိုလုပ်တာက ငါ့ရဲ့ကိုယ်ပိုင်တွေးတောဆင်ခြင်ထားတာတွေရှိလို့ပဲ...နင် စိတ်အေးအေးထားပြီး နင် လုပ်စရာရှိတဲ့ကိစ္စကိုပဲလုပ်ပါ...အဲ့ဒီနေရာမှာ ဘာအန္တရာယ်နဲ့ပဲတွေ့တွေ့ သူက နင့်ကို ကာကွယ်ပေးလိမ့်မယ်"
လုယွီ၏ပါးစပ်ထောင့် အနည်းငယ်တွန့်ကွေးသွားသည်။
ဤသည်က သူ့အား လူမိုက်ငှါးနေသကဲ့သို့ပင်။သို့ရာတွင် သူ ထိုအခြေအနေကို လက်ခံနိုင်ပေ၏။သူ နတ်ဘုရားကုန်းမြေအတွင်းသို့ဝင်ရောက်ကာ လုံလောက်သောမြေဒြပ်စင်စွမ်းအင်များရရှိသရွေ့ သူ အဆင့်ချိုးဖျက်နိုင်ပေမည်။
ဤအပေးအယူအတွက် ဆုံးရှုံးနစ်နာမှု တစ်စုံတစ်ရာမျှ မရှိနိုင်ချေ။
"ကောင်းပြီလေ...ဒီတပည့်က ပြင်ပလောကကိုထွက်ပြီး လေကောင်းလေသန့်ရှုရှိုက်နိုင်ပြီလို့ ထင်ထားခဲ့တာ...ဒါပေမယ့် တပည့်က နောက်လိုက်တစ်ယောက်နဲ့အတူသွားရမယ်လို့ ထင်မထားမိဘူး...သူက ခွန်အားဘယ်လောက်များ ကောင်းနေလို့လဲ...သူ့ဆီကနေ ဘာမှော်စွမ်းအင်လှုပ်ခတ်မှုကိုမှ တပည့် မခံစားမိဘူး...ကြည့်ရတာတော့ သူက ဘာအစွမ်းမှရှိပုံမရဘူး"
ထန်အာက မကျေမချမ်း ပြောဆိုလိုက်၏။
လုယွီ၏မှော်စွမ်းအင်ထိန်းချုပ်မှုမှာ အလွန်အမင်းပြီးပြည့်စုံသည်။
အမှန်အားဖြင့် ပိုင်မင်ဟန်ပင်လျှင် လုယွီ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို အတိအကျပြောဆိုနိုင်ခြင်းမရှိချေ။
ထို့နောက် ထန်အာက သူမ၏လက်ကို လုယွီထံဦးတည်၍ဆန့်တန်းကာ ပြောဆိုလိုက်၏။
"ငါက နင်နဲ့အတူ မသွားနိုင်တာတော့မဟုတ်ဘူး...ဒါပေမယ့် ငါနဲ့အတူသွားမယ့်လူက ဘယ်လောက်ထိအားကောင်းလဲဆိုတာ ငါ သိချင်တယ်"
ပိုင်မင်ဟန်က လက်ပိုက်လျက်အနေအထားဖြင့် မတ်တတ်ရပ်နေကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေသည်။
ပိုင်မင်ဟန်သည် သူမတပည့်၏လက်ကို အသုံးပြု၍ သူ၏ခွန်အားကိုဖော်ထုတ်ရန် ကြိုးပမ်းနေကြောင်း လုယွီက ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။
သို့ရာတွင် လုယွီသည် ထိုမိန်းကလေးကို အနည်းငယ်မျှပင် အာရုံစူးစိုက်လိုခြင်းမရှိချေ။
"ဒီယှဥ်ပြိုင်မှုအကြောင်းကို မေ့လိုက်တော့...တာဝန်စလုပ်မယ့်အချိန်ကျရင် မင်း ငါ့ကိုခေါ်လိုက်"
လုယွီက နောက်သို့ပြန်လှည့်၍ ထွက်ခွါခဲ့တော့သည်။
လုယွီ ထွက်ခွါသွားသည်ကိုမြင်ချိန်တွင် ထန်အာက အနည်းငယ်အံ့အားသင့်သွားသည်။ထန်အာက သူမ၏နှုတ်ခမ်းကိုစူပုတ်ကာ ပြောဆိုလိုက်၏။
"သူက ဘာမလို့လဲ....တပည့်နဲ့တောင် သူက မတိုက်ခိုက်ရဲဘူး"
"သူက မတိုက်ခိုက်ရဲတာမဟုတ်ဘူး...နင်က သူ တိုက်ခိုက်ဖို့ မထိုက်တန်တာ"
ပိုင်မင်ဟန်က ပြောဆိုသည်။
မိုးကောင်းကင်ကျမ်းစာဆောင်မှ ကျင့်ကြံနည်းစနစ်များ၏ပုံရိပ်ယောင်များနှင့် တိုက်ခိုက်ရသည်မှာ မည်မျှထိခက်ခဲကြောင်း သူမ အသိဆုံးပင်။
ကွန်ဖြူးရှပ်တာအိုကို အချိန်ကြာမြင့်စွာလေ့လာခဲ့သော မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ပင်လျှင် နတ်ဘုရားစိတ်အာရုံဖြင့်တိုက်ခိုက်ရစဥ်တွင် သေချာပေါက်အနိုင်ရမည်ဟု ပြောဆိုဝံ့မည်မဟုတ်ချေ။
သို့ရာတွင် လုယွီကမူ ထိုကျင့်ကြံနည်းစနစ်များ၏ပုံရိပ်ယောင်များကို ချေမွှဖျက်ဆီးခဲ့သည်မှာ သိသာထင်ရှားလှ၏။
Chapter 2290
ထိုကဲ့သို့ ကျင့်ကြံနည်းစနစ်များ၏ဘိုးဘေးပုံရိပ်ယောင်များကို လုယွီ ဖျက်ဆီးနိုင်ခဲ့မှုသည် ပိုင်မင်ဟန်အား အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားစေသည်။
ထိုကိစ္စမျိုးကို ပြုလုပ်နိုင်မည်လောဟု သူမကိုယ်သူမ ပြန်မေးမိချိန်တွင် မလုပ်နိုင်ဟု အဖြေထွက်လာပေ၏။
လုယွီ မည်ကဲ့သို့ပြုလုပ်လိုက်သည်ကို သူမ မသိရှိချေ။
ထန်အာသည် ဖွင့်ဟ၍မပြောဆိုသော်လည်း လုယွီကို သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလွန်အမင်း အထင်သေးနေသည်။
သူမနှင့်ပင် မတိုက်ခိုက်ဝံ့သောသူသည် အမှိုက်ကောင်တစ်ကောင်ဖြစ်မည်မှာ သိသာထင်ရှားလှ၏။
ထိုတာဝန်ကို မူလက အလွန်အမင်းလျို့ဝှက်ထားခဲ့သော်လည်း ယခုချိန်တွင် သူမသည် အမှိုက်ကောင်သစ်သားတုံးတစ်တုံးကို သူမနှင့်အတူ ခေါ်ဆောင်သွားရပေမည်။သူမ၏ဆရာသခင်သည် သူမအား စမ်းသပ်လိုသောရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဟုတ် မဟုတ်ကို သူမ မသိရှိချေ။
ရေအိုင်အလယ်ရှိကျွန်းပေါ်မှ ထွက်ခွါခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးတာဝန် တစ်စုံတစ်ရာရှိမရှိ စစ်ဆေးရန်အတွက် ကျောင်းတော်သို့ ပြန်သွားရန်ဦးတည်လိုက်သည်။
ယခင်က ဖူကျစ်ရွှယ် သူ့အားပေးခဲ့သောတာဝန်များအနက် တတိယမြောက်အချက်မှာ ယခုလတ်တလောအချိန်တွင် ကျောင်းတော်မှကျောင်းသားများ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်နေသောကိစ္စပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ မည်သည့်သဲလွန်စမျှ မရရှိသေးချေ။
ဤအချိန်သည် တပည့်သစ်များ ကျောင်းတော်၏စမ်းသပ်စာမေးပွဲကို ဖြေဆိုရမည့်အချိန်ပင်။သူသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ သတင်းအချက်အလက်များ ရယူနိုင်ပေမည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်...တာအိုရှာဖွေခြင်းခန်းမ...
ဤနေရာသည် တပည့်သစ်များအား စစ်ဆေးအကဲဖြတ်ရာ၌ အထူးအသုံးပြုသောနေရာဖြစ်သည်။
သာမာန်အားဖြင့် မဟာကွန်ဖြူးရှပ်ပညာရှင်တချို့သည် ဤနေရာသို့လာရောက်၍ စာပေပညာရပ်များကိုသင်ကြားပေးလေ့ရှိသည်။တပည့်သစ်များသည် သတ်မှတ်ထားသောအကျိုးဆောင်ရမှတ်ကို ပေးနိုင်သရွေ့ ဤနေရာ၌ စာပေပညာရပ်များကို သင်ယူနိုင်သည်။
စာပေပညာရပ်ကို သင်ကြားပေးချိန်များသည် အမျိုးမျိုးကွဲပြားပေ၏။အတိုဆုံးစာသင်ချိန်သည် တစ်နာရီခန့်ကြာမြင့်၍ အရှည်ဆုံးစာသင်ချိန်မှာ တစ်ရက်ခန့်ကြာသည်။သို့ရာတွင် ဤနေရာ၌သင်ကြားပေးသော အကြောင်းအရာများမှာ အလွန်အမင်းအဖိုးတန်သည်။
လေလွင့်ကျင့်ကြံသူအများစုသည် ကျောင်းတော်သို့မဝင်ရောက်မီအချိန်တွင် သူတို့အား သင်ကြားပြသပေးမည့် ဂိုဏ်းများ နောက်ခံအင်အားစုများမရှိကြချေ။
သူတို့သည် ဤနေရာတွင် စာပေပညာရပ်များကို သင်ယူနိုင်သည့်အပြင် မဟာကွန်ဖြူးရှပ်ပညာရှင်များ၏လမ်းညွှန်မှုကိုလည်း ရရှိနိုင်ပေ၏။ထို့ကြောင့် သူတို့၏ကျင့်ကြံမှုအရှိန်နှုန်း ပို၍လျှင်မြန်လာနိုင်ရုံသာမက လမ်းလွဲသို့ကျရောက်ခြင်းမှလည်းရှောင်ကြဥ်နိုင်ပေမည်။
ထို့ကြောင့် ဤနေရာသို့လာရောက်၍ ပို့ချချက်များကို လာရောက်သင်ယူသော လူအမြောက်အများရှိနေသည်။
"ညီလေးလု...မင်းလည်း ဒီနေရာကို ရောက်နေတာလား"
မူချင်းရှန်နှင့်မူလင်းတို့ ဤနေရာ၌စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေပုံရကာ သူတို့၏နံဘေးပတ်လည်တွင် တပည့်သစ်တစ်စုရှိနေသည်။
သူတို့အားလုံးသည် စမ်းသပ်စာမေးပွဲကိုဖြေဆိုရန် ဤနေရာသို့ရောက်ရှိနေကြခြင်းဖြစ်သည်။
အကယ်၍ သူတို့သည် ဤစမ်းသပ်စာမေးပွဲတွင် ရှုံးနိမ့်သွားပါက ကျောင်းတော်မှထုတ်ပယ်ခံရမည့်အပြင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်နိုင်မည့်အခွင့်အရေးကို ထာဝရဆုံးရှုံးသွားပေမည်။
ထို့ပြင် ထိုစည်းမျဥ်းသည် ကျောင်းတော်ငါးခုလုံးနှင့်တော်ဝင်ကျောင်းတော်တို့အတွင်း၌ အကျုံးဝင်ပေ၏။
ဥပမာအနေဖြင့် အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်တွင် လုယွီနှင့်ဆုံတွေ့ခဲ့ရသော ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် သူ့ကိုယ်သူ တော်ဝင်ကျောင်းတော်မှ စွန့်ပစ်ခြင်းခံရသော တပည့်တစ်ယောက်ဟု ပြောဆိုခဲ့သည်။သို့ရာတွင် အမှန်အားဖြင့် သူသည် ကျောင်းတော်၏စမ်းသပ်စာမေးပွဲကိုဖြေဆိုရာ၌ ရှုံးနိမ့်ခဲ့သဖြင့် ထုတ်ပယ်ခြင်းခံရသော တပည့်တစ်ယောက်ပင်။
မည်သူကမျှ ထုတ်ပယ်ခံရရန် ဆန္ဒမရှိကြချေ။အကယ်၍ သူတို့သည် ကျောင်းတော်မှထုတ်ပယ်ခံရပါက သူတို့ထံတွင် အရည်အချင်းမရှိ ခွန်အားလုံလောက်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။ထိုကိစ္စသည် သူတို့အတွက် အရှက်ရစေရုံသာမက အင်အားစုအများစုကလည်း သူတို့အားလက်ခံရန် ဆန္ဒမရှိကြချေ။
လုယွီသည် မူမောင်နှမနှစ်ယောက်ကို မြင်တွေ့ချိန်၌ သူတို့နှစ်ယောက်လုံး၏ကျင့်ကြံမှုများ အကြီးအကျယ်တိုးတက်လာသည်ကို ခံစားမိလေ၏။
ထို့ပြင် မူလင်း၏တိုးတက်မှုမှာ ပို၍သိသာထင်ရှားသည်။
မူလက သူမသည် နူးညံသိမ်မွေ့သော ချစ်စဖွယ်မိန်းကလေးတစ်ယောက်ဖြစ်သည်။သို့ရာတွင် လဝက်ခန့်အချိန်အတွင်း၌ သူမသည် အနည်းငယ်ပို၍အရပ်ရှည်လာကာ သူမ၏မျက်လုံး ပို၍စူးရှတောက်ပလာသည်။
ယခင်က သူမ၏ဖားလျားချထားသော ဆံပင်ရှည်များကိုလည်း ယခုအချိန်တွင် ကျစ်ဆံမြီးကျစ်ထားလေ၏။သူမသည် ယခင်ထက်ပို၍အရပ်ရှည်လာရုံသာမက ပို၍လည်းသန်မာထွားကျိုင်းလာသည်။
မူလင်းက ကိုယ်ကျပ်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်။သူမ၏ဖြူဖွေးနူးညံသော အသားအရေသည်လည်း နီကြင်ကြင်အရောင်သို့ ပြောင်းလဲသွားလေ၏။သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားချိန်တွင် သူမသည် ယခင်ထက်ပို၍ အစွမ်းထက်လာပုံရသည်။
"မဆိုးပါဘူး...မင်းက လဝက်မပြည့်သေးတဲ့ အချိန်အတွင်းမှာတောင် သိုင်းသူတော်စင်အဆင့်ကိုရောက်နေပြီ"
လုယွီက ပြောဆိုလိုက်၏။
သူသည် မူလင်းထံမှနေ၍ မှိန်ပျပျဆေးအငွေ့အသက်ကိုလည်း ခံစားမိသည်။
ဤသည်က သာမာန်ဆေးအငွေ့အသက်မျိုးမဟုတ်ဘဲ အဆင့်မြင့်ဆေးလုံးများကို ဝါးမျိူရာမှ ထွက်ပေါ်လာတက်သောအငွေ့အသက်မျိုးပင်။
မူချင်းရှန်က သူ၏ခေါင်းကိုကုတ်ကာ ပြောဆိုလိုက်သည်။
"ညီလေးလုပြောတာ အမှန်ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး...လင်းအာက တကယ့်ကိုပဲ ခန္ဓာကိုယ်ကျင့်ကြံတဲ့နေရာမှာ အလားအလာရှိနေတယ်"
မူလင်းသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို ကျင့်ကြံပြီးနောက် သူမ၏ကျင့်ကြံမှုသည် ခုန်ပျံကျော်လွှား၍တိုးတက်လာမည်ဟု မူချင်းရှန်က မျှော်လင့်မထားမိချေ။
သူမသည် ယခင်က တစ်ဆို့နေသော ကျင့်ကြံမှုအတားအဆီးများကို ချိုးဖျက်နိုင်ရုံသာမက တိုက်ခိုက်ရာတွင်လည်း မူချင်းရှန်ပင်လျှင် သူမအား ယှဥ်ပြိုင်နိုင်ခြင်းမရှိတော့ချေ။