← Chapters

အခန်း (၂၂၉၁-၂၂၉၅)

Vol. 118 Ch. 2291-2295

အခန်း (၂၂၉၁-၂၂၉၅)

Vol. 118 Ch. 2291-2295

Chapter 2291

"အကိုလုကို ကျေးဇူးတင်ပါတယ်"

မူလင်း၏မျက်လုံးအတွင်း၌ ကျေးဇူးတင်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူမသည် ယခင်က တစ်ကြိမ်တစ်ခါမျှတွေးတောခြင်းမရှိခဲ့ဖူးသည့် စွမ်းအားများ သူမ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်စီးဆင်းနေသည်ကို ခံစားမိပေ၏။

အတိတ်တွင် သူမသည် အကိုဖြစ်သူ၏နောက်၌ ပုန်းကွယ်ကာ တခြားသူများ၏ကာကွယ်ပေးမှုကို ခံယူခဲ့ရသည်။

သို့သော် ယခုလက်ရှိချိန်တွင် မူလင်းထံ၌ တခြားသူများကို ကာကွယ်ပေးနိုင်သောစွမ်းအားမျိုးရှိနေလေပြီ။

ထိုကိစ္စက သူမအား အလွန်ပျော်ရွှင်စေသည်။

ခွန်အားသည် ထိခိုက်ဒဏ်ရာရမှုကို ဟန့်တားနိုင်သည့် အကောင်းဆုံးသောအရာပင်။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ဒါတွေအားလုံးက မင်းရဲ့ပါရမီအရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ...မင်းရဲ့အနာဂတ်အောင်မြင်မှုက တကယ်ကိုပဲ အကန့်အသတ်ရှိမှာမဟုတ်ဘူး"

သူသည်လည်း ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ပင်။ထို့ကြောင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်၏နာကျင်မှုကို သူ ကောင်းစွာသိရှိလေ၏။

အမှန်အားဖြင့် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ် မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်တို့ကို လက်ခံခဲ့စဥ်က လုယွီခံစားခဲ့ရသောနာကြင်မှုကို တိုင်းဆ၍ပင်မရနိုင်ချေ။

သူ၏ရိုးတွင်းခြင်ဆီများကို သန့်စင်ပြီးနောက် အဆင့်တိုင်းသည် ကြောက်ခမန်းလိလိ နာကျင်မှုပမာဏကို ခံယူရသည်။အကယ်၍ သူ့ထံတွင် အားကောင်းသောစိတ်ဆန္ဒရှိမနေပါက သူ ထိုနာကြင်မှုကို တောင့်ခံနိုင်မည်မဟုတ်ချေ။

သူတို့က စကားပြောဆိုနေရင်းဖြင့် နေရာတစ်ခုကိုရှာဖွေကာ ထိုင်လိုက်ကြ၏။

တပည့်သစ်များကို စစ်ဆေးစမ်းသပ်မှုသည် ကျင့်ကြံခြင်းနည်းစနစ်များအပေါ် နားလည်သဘောပေါက်မှုကို စမ်းသပ်စစ်ဆေးရန်နှင့် ယေဘုယျတွေးတောဆင်ခြင်နိုင်ခြင်းကို အကဲဖြတ်ရန်ဖြစ်သည်။

ဤနေရာတွင် ပညာရပ်များစွာရှိသော်လည်း အများစုသည် မဟာတာအိုအပေါ် အတွေးအမြင်များကို သင်ကြားပေးခြင်းဖြစ်ကာ သူတို့၏ကိုယ်ပိုင်တာအိုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်ရည်ရွယ်သည်။

လောကီအင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူတစ်ယောက်သည် တာအိုတတိယဆင့်သို့ ချဥ်းနင်းဝင်ရောက်နေလေပြီ။

ဤသည်က မဟာတာအိုကိုအောင်မြင်ပြီးမြောက်ပြီး ထာဝရအသက်ကိုရရှိနိုင်သော နောက်ဆုံးအဆင့်ပင်။ဤအဆင့်သို့ရောက်ရှိလာသည်နှင့် ကျင့်ကြံသူတစ်ယောက်သည် ရှေးဟောင်းအင်မော်တယ်များ၏ကျင့်ကြံမှုလမ်းကြောင်းသို့ ဝင်ရောက်နိုင်ကာ အစစ်အမှန်ထာဝရအသက်ကို ရရှိနိုင်သည်။

သာမာန်မှော်စွမ်းအင်စုစည်းမှုသည် ဤအဆင့်သို့အရောက်တွင် အရေးမပါတော့ချေ။

အကယ်၍ တစ်စုံတစ်ယောက်သည် ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်လိုပါက အဓိကသော့ချက်မှာ မဟာတာအိုအပေါ်နားလည်သဘောပေါက်ရန်ပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် မဟာတာအိုဥပဒေသများကို သဘောပေါက်နားလည်သွားပါက သူ၏ကျင့်ကြံမှုကို နတ်ဘုရားတစ်ပါးမှ လမ်းညွှန်နေသည့်အလား ဆရာရှိရန်မလိုအပ်ဘဲ သူ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံနည်းစနစ်များကို သင်ယူနိုင်သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များငည် လုံလောက်သောခွန်အားရှိရန် လိုအပ်ရုံသာမက မဟာတာအိုအပေါ် သူတို့၏ကိုယ်ပိုင် နားလည်သဘောပေါက်မှုလည်းရှိရပေမည်။

ထိုသို့မဟုတ်ပါက ခွန်အားသာရှိပြီး အသိဥာဏ်မဲ့သော ငတုံးတစ်ယောက်သည် ကျင့်ကြံဆင့်နယ်ပယ်တစ်ခုတွင် တစ်ဆို့နေမည့်အပြင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏အရင်းအမြစ်များကိုလည်း ဖြုန်းတီးရာရောက်သည်။

"အချိန်ခဏလောက်နေရင် စမ်းသပ်မှုစတင်တော့မယ်...မင်းတို့ ကောင်းကင်ပေါ်မှာရှိနေတဲ့ မျက်လုံးကိုမြင်ကြလား...ဒါက စည်းမျဥ်းဥပဒေခန်းမရဲ့နတ်ဘုရားမျက်လုံးပဲ...ဒီမျက်လုံးက အရမ်းသေးငယ်တဲ့ထောင့်နေရာတိုင်းကိုတောင် ထွင်းဖောက်မြင်နိုင်တယ်...တကယ်လို့ တပည့်တစ်ယောက်က လှည့်စားမှုတွေ ပြုဝံ့မယ်ဆိုရင် ကျောင်းတော်ကနေ ချက်ချင်းမောင်းထုတ်ခံရလိမ့်မယ်...အဲ့ဒီအပြင် ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကိုတောင် ခံရနိုင်တယ်"

မူချင်းရှန်သည် တာအိုရှာဖွေခြင်းခန်းမ၏အထက်ကောင်းကင်ယံအတွင်းရှိ မျက်လုံးပုံရိပ်ယောင်တစ်ခုကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။

ဤသည်က အလင်းတန်းများဖြင့်ဖွဲ့စည်းထားသော မျက်လုံးပုံသဏ္ဌာန်ပုံရိပ်ယောင်တစ်ခုပင်။ထိုမျက်လုံးပုံရိပ်ယောင်သည် လေထုအတွင်း၌ မျောလွင့်နေကာ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ရပ်ကို ထုတ်လွှင့်ပေးနေသည်။

ထိုမျက်လုံးပုံရိပ်ယောင်၏ရှေ့တွင် လူတိုင်းသည် တံလျှပ်များကဲ့သို့ပင်။သူတို့၏ခန္ဓာကိုယ်မှ လျှို့ဝှက်ချက်ဟူသမျှကို ထိုအရာမှ ထွင်းဖောက်မြင်နိုင်သည့်အလား ဖုံးကွယ်ထားရန်မဖြစ်နိုင်ချေ။

လုယွီက ဤအရာကို ကိစ္စကြီးတစ်ရပ်ဟု တွေးတောထားခြင်းမရှိပေ။သူသည် ဤစမ်းသပ်စာမေးပွဲနှင့်ပတ်သတ်၍ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိချေ။

လုယွီတို့လူစု တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေစဥ်တွင် မလှမ်းမကမ်းအကွာအဝေးမှနေ၍ ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ချက်က သူတို့ထံသို့ ကျရောက်လာသည်။

ထိုအကြည့်ပိုင်ရှင်သည် ကျိုးခိုင်ပင်။သူသည် တာအိုရှာဖွေခြင်းခန်းမမှ အလယ်အလတ်အဆင့်တပည့်တစ်ယောက်ဖြစ်သည်။သူ၏ဆရာသခင်သည် ဤခန်းမမှ ဟောပြောသူတစ်ယောက်ဖြစ်လေ၏

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ဟောပြောသူဖြစ်ခဲ့သူသည် ပြင်ပလောကသို့ရောက်လျှင်ပင် လူသူအများ၏ရိုသေလေးစားမှုကို ခံယူရသည်။

ထို့ကြောင့် ဤခန်းမအတွင်းတွင် ကျိုးခိုင်၏အဆင့်အတန်းသည် အတော်အသင့်မြင့်မားပေ၏။

သူသည် ယနေ့တွင် စမ်းသပ်စာမေးပွဲဖြေဆိုမှုကိုကြီးကြပ်ရန် ရောက်လာခဲ့စဥ်၌ မမျှော်လင့်ဘဲ လုယွီကို ဆုံတွေ့မိခြင်းဖြစ်သည်။

ရေအိုင်နံဘေး၌ လုယွီက သူ့အားအရှက်ရစေခဲ့သည်ကို တွေးတောမိစဥ်တွင် ကျိုးခိုင်၏စိတ်နှလုံးသားအတွင်း၌ ဒေါသများတဟုန်းဟုန်းထလာသည်။

"ခွေးမသားလေး...ငါ့ကိုပြစ်မှားထားတာရဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်းသိအောင် ငါ လုပ်ပြမယ်"

ကျိုးခိုင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူသည် နောက်သို့ပြန်လှည့်၍ သူ၏ဆရာကိုရှာဖွေရန် တာအိုရှာဖွေခြင်းခန်းမဆောင်၏အတွင်းဘက်ကျသောနေရာသို့သွားလိုက်၏။

Chapter 2292

တာအိုရှာဖွေခြင်းခန်းမဆောင်၏အတွင်းဘက်ကျသောနေရာတွင် ခမ်းနားထည်ဝါသောအခန်းများ အမြောက်အများရှိနေကာ ရှေးဆန်သောစာအုပ်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ဤသည်က တာအိုရှာဖွေခြင်းခန်းမ၏ဟောပြောသူများမှ သူတို့၏အရေးကိစ္စများကို ဖြေရှင်းရာ၌အသုံးပြုသော နေရာတစ်ခုပင်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်ပြီးနောက် ဟောပြောသူတိုင်းသည် လစဥ်လတိုင်း သတ်မှတ်ထားသည့်အကြိမ်အရေအတွက်အရ တပည့်များကို သင်ကြားပို့ချပေးရန်လိုအပ်သည်။ဤသည်က စည်းမျဥ်းပင်။အကယ်၍ ဟောပြောသူတစ်ယောက်သည် အကြိမ်အရေအတွက်ပြည့်မီအောင် သင်ကြားပို့ချပေးမှုမရှိခြင်း သို့မဟုတ် သင်ကြားပို့ချနေစဥ်အတောအတွင်းတွင် တပည့်များနားမလည်မှုကြောင့် အကြိမ်ပေါင်းများစွာမေးခွန်းထုတ်ခြင်းတို့ကိုခံရပါက စည်းမျဥ်းအရ ကျောင်းတော်မှနေ၍ ထိုသူ့အား ထုတ်ပယ်ပေလိမ့်မည်။

ပြင်ပရှိဂိုဏ်းများနှင့်နှိုင်းယှဥ်ပါက ဤစည်းမျဥ်းမျိုးသည် အနည်းငယ်လမ်းလွဲနေသည်ဟု ယူဆနိုင်ပေ၏။

သို့ရာတွင် ထိုစည်းမျဥ်းနှင့်လိုက်လျောညီထွေစွာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဟောပြောသူများကို အလွန်ကြီးမားသောအခွင့်အရေးများ ပေးအပ်ထားသည်။

ဟောပြောသူများသည် ဆေးလုံးများနှင့်အင်မော်တယ်ကျောက်တုံးများကို အလျှံပယ်ရရှိသည့်အပြင် လစဥ်လတိုင်း အကျိုးဆောင်ရမှတ်အမြောက်အများကိုရရှိသည်။

ထိုအကျိုးဆောင်ရမှတ်များဖြင့် ဟောပြောသူများသည် ကျင့်ကြံနည်းစနစ်များကို လဲလှယ်နိုင်သည့်အပြင် အစွမ်းထက်သောကျင့်ကြံသူများနှင့်မဟာကွန်ဖြူးရှပ်ပညာရှင်များ၏လမ်းညွှန်မှုကို တောင်းခံရာတွင်လည်း အသုံးပြုနိုင်သည်။

ထို့ကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ဟောပြောသူအဖြစ်လုပ်ဆောင်လိုသော လူအမြောက်အများရှိနေလေ၏။

ကျိုးခိုင်သည် ဤနေရာနှင့် လွန်စွာရင်းနှီးကျွမ်းဝင်သည်။လမ်းတစ်ဖက်တစ်ချက်၌ တပည့်တချို့ရှိနေရာ ကျိုးခိုင်ကိုမြင်ချိန်တွင် သူတို့က စီနီယာအကိုကြီးဟုခေါ်ဆိုကာ ဦးညွှတ်၍အရိုအသေပြုလိုက်ကြသည်။

သူသည် အခန်းများအနက်မှတစ်ခန်းရှေ့သို့ လျှောက်သွားကာ ပြောဆိုလိုက်၏။

"ဆရာသခင်...ကျွန်တော်ပါ"

"အထဲကိုဝင်ခဲ့"

အခန်းအတွင်းမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

ကျိုးခိုင်သည် အခန်းအတွင်းသို့ ရောက်ရှိသွားချိန်၌ အလွန်ခမ်းနားထည်ဝါသော ပရိဘောဂပစ္စည်းများကို မြင်တွေ့လိုက်ရသည်။စားပွဲ ကုလားထိုင်မှစ၍ မီးအိမ်ထိတိုင် အလွန်အဖိုးတန်ရှားပါးသောပစ္စည်းများဖြင့် ပြုလုပ်ထားသည်။

ဤပစ္စည်းများအနက်မှမည်သည့်တစ်ခုကိုမဆို ပြင်ပသို့ထုတ်ယူသွားပါက လေလံတင်ရောင်းချနိုင်သော အဖိုးတန်ရှားပါးပစ္စည်းအဖြစ် သတ်မှတ်ခံရပေမည်။သို့ရာတွင် ဤနေရာတွင်မူ ထိုပစ္စည်းများအားလုံးသည် ဟောပြောသူများအတွက် အဆောင်အယောင်ပစ္စည်းများသာဖြစ်သည်။

ချောမောခန့်ညားသောလူလတ်ပိုင်းကြီးတစ်ယောက်က ခုံစောင်းတစ်ခုပေါ်တွင် ထိုင်နေလေ၏။သူထံတွင် အနည်းငယ်မိန်းမဆန်ပြီး နှစ်လိုဖွယ်ကောင်းသောပုံပန်းသွင်ပြင်မျိုးရှိနေရာ မိန်းကလေးများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်မှာ သိသာထင်ရှားသည်။

ဤသည်က ကျိုးခိုင်၏ဆရာသခင် မိုဖုန့်ချိုးပင်။

မိုဖုန့်ချိုးသည် မူလက လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။သို့ရာတွင် ကံကြမ္မာကောင်းတစ်ခုကြောင့် ရှေးဟောင်းအလယ်ခေတ်အတွင်းမှ အမွေအနှစ်တစ်ခုကို သူ ရရှိခဲ့သည်။ထိုအချိန်မှစ၍ သူ၏ကျင့်ကြံမှုခရီးလမ်းကို စတင်၍လျှောက်လှမ်းနိုင်ခဲ့လေ၏။နောက်ပိုင်းတွင် သူသည် လက်ထောက်ကျောင်းအုပ်ထျန်းပိုယန်ကို စိတ်ကျေနပ်စေရန် ကြိုးစားခဲ့ပြီးနောက် ကျောင်းတော်၏ဟောပြောသူတစ်ယောက်ဖြစ်လာခဲ့သည်။

ဟောပြောသူ​ဖြစ်လာပြီးနောက် မိုဖုန့်ချိုးက သူသည် ကောင်းကင်ကံကြမ္မာ၏သားတော်ဖြစ်ကြောင်း သိနားလည်သွားပေ၏။သူသည် တစတစ ပို၍ပြိုင်ဘက်ကင်းစပြုလာသည်။မည်သူကမျှ သူ၏ပြိုင်ဘက်မဖြစ်နိုင်တော့ကြောင်း သူ မြင်တွေ့ခဲ့ရသည်။စာသင်ကြားနေစဥ်အတွင်းမှာပင် သူသည် တခြားဟောပြောသူများထက် သာလွန်ခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် မိုဖုန့်ချိုးသည် စားပွဲပေါ်ရှိ ကျင့်ကြံနည်းစနစ်စာအုပ်တစ်အုပ်ကို ဂရုတစိုက်ဖတ်ရှုနေလေ၏။

အကယ်၍ သူသည် ပညာသင်ကြားပေးရာတွင် ထူးချွန်သူဖြစ်လိုပါက ပညာရပ်များကို နှံ့နှံ့စပ်စပ်လေ့လာထားရန်လိုအပ်သည်။ဥပမာအနေဖြင့် ကျောင်းတော်မှတပည့်များမှ ထုတ်လာမည့်မေးခွန်းများအတွက် သူ ကြိုတင်၍ပြင်ဆင်ထားရပေမည်။

"ဘယ်လိုလဲ...ဟိုကိစ္စ အဆင်ပြေသွားပြီလား"

သူ၏တပည့်ဖြစ်သူ ရုတ်တရက် ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် မိုဖုန့်ချိုးက မေးမြန်းလိုက်၏။

ကျိုးခိုင်၏မျက်နှာပေါ်တွင် ချက်ချင်းဆိုသလိုပင် နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဒီတပည့်က အောင်မြင်ခဲ့လုနီးပါးပဲ...ကံဆိုးချင်တော့ ခုလတ်တလောမှကျောင်းတော်ကိုရောက်လာပြီး အကောင်းအဆိုးမသိတဲ့ကောင်တစ်ကောင်က ဝင်ရှုပ်သွားတယ်"

သူက ရေအိုင်နံဘေးတွင်ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မိုဖုန့်ချိုးအား အလျှင်အမြန်ပြောဆိုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏အမြင်အရ ကုချင်းတေးသွား၏အနက်အဓိပ္ပါယ်ကို ဖြေရှင်းနိုင်ခဲ့သူမှာ သူသာဖြစ်သည်။မည်သည်ကြောင့် လက်ထောက်ကျောင်းအုပ်ပိုင်မင်သည် ထိုကောင်စုတ်လေးကို ကျွန်းအတွင်းသို့ ဝင်ခွင့်ပြုလိုက်ကြောင်း သူ မသိရှိချေ။

ကျိုးခိုင်သည် မီးစာပေါ်ဆီလောင်း၍ အပြစ်များအားလုံးကို လုယွီပေါ်ပုံချကာ သူက ကိုယ်လွတ်ရုန်းထွက်လိုက်၏။

"လုယွီ...တပည့်သစ်တစ်ယောက်ကများ...ငါ့ရဲ့အစီအစဥ်ကို ဖျက်ဆီးဝံ့တယ်ပေါ့လေ"

မိုဖုန့်ချိုး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

မိုဖုန့်ချိုးသည် ပိုင်မင်ဟန်၏အစစ်အမှန်ရုပ်သွင်ကို မတော်တဆမြင်တွေ့မိချိန်မှစ၍ မအိပ်နိုင်မစားနိုင်ဖြစ်ကာ သူ၏စိတ်နှလုံးသားတစ်ခုလုံး သူမ၏ပုံရိပ်များနှင့်သာ လွှမ်းမိုးနေသည်။

ပိုင်မင်ဟန်သည် သူ၏လက်မောင်းများအကြား၌ လဲလျောင်းနေသည်ဟု တွေးတောကာ မိုဖုန့်ချိုးက မြောက်မြားစွာသောညများကို ကုန်လွန်စေခဲ့သည်။

ရေအိုင်အလယ်ရှိကျွန်းပေါ်သို့ ယောက်ျားသားတစ်ယောက် ဝင်ရောက်သွားခြင်းကို သူ မည်သည့်နည်းနှင့်မျှ ခွင့်မပြုနိုင်ချေ။

မည်သည်ကြောင့် ထိုကောင်လေးသည် ကျွန်းပေါ်သို့ ရောက်ရှိသွားရသနည်း။

Chapter 2293

ထိုအကြောင်းကို တွေးတောမိချိန်တွင် မိုဖုန့်ချိုး၏စိတ်နှလုံးသားတစ်ခုလုံး မနာလိုမှုများဖြင့် ပြည့်နှက်သွားကာ သူ၏မျက်လုံးအတွင်း၌ မုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထိုအချိန်မှာပင် တံခါး၏ပြင်ပသို့ တပည့်တစ်ယောက်ရောက်ရှိလာကာ ပြောဆိုလိုက်၏။

"ဆရာသခင်....စီနီယာအကို...ကျွန်တော် သူ့ကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်...အဲ့ဒီကောင်လေးက ကျွန်းပေါ်မှာ အချိန်အကြာကြီးနေခဲ့တယ်...ပြီးတော့...."

ဤှသည်က ကျိုးခိုင် ရေအိုင်နံဘေးမှ ထွက်ခွါမသွားမီ လုယွီအားစောင့်ကြည့်ရန် ချန်ထားခဲ့သော တပည့်ပင်။

ထိုတပည့်သည် ပြန်ရောက်လာသည့်တိုင် စကားပြောရာ၌ တွန့်ဆုတ်နေကာ ပြောသင့်မပြောသင့် ဝေခွဲရခက်နေပုံရသည်။

မိုဖုန့်ချိုးက စိတ်မရှည်သောလေသံဖြင့် အော်ငေါက်လိုက်သည်။

"ဘာလို့ ဒီလောက်ထိ တွန့်ဆုတ်နေတာလဲ...မြန်မြန်ပြောစမ်း"

မိုဖုန့်ချိုး၏အော်သံကိုကြားချိန်မှသာ ထိုတပည့်က ပြောဆိုလေ၏။

"ဟုတ်ကဲ့ပါ...အဲ့ဒီကောင်လေး ပြန်ထွက်လာတဲ့အချိန်မှာ လက်ထောက်ကျောင်းအုပ်ပိုင်မင်ကိုယ်တိုင် အပြင်ကိုထွက်ပြီး သူ့ကိုလိုက်ပို့ခဲ့တယ်"

ဘုန်း...

ကျယ်လောင်သောဆူညံသံတစ်သံ မြည်ဟီးလာသဖြင့် ကျိုးခိုင်နှင့်သတင်းလာပို့သူတပည့် ထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့က အလျင်စလိုကြည့်လိုက်ကြရာ မိုဖုန့်ချိုး၏ရှေ့မှစားပွဲ နှစ်ခြမ်းကွဲသွားသည်ကို တွေ့မြင်လိုက်ရ၏။

သို့ရာတွင် မိုဖုန့်ချိုးသည် အေးဆေးတည်ငြိမ်သောအမူအယာကို ထိန်းသိမ်းထားဆဲပင်။

"အဲ့ဒီလိုလား...ကျောင်းတော်ကို ခုမှဝင်လာတဲ့ကောင်က လက်ထောက်ကျောင်းအုပ်ပိုင်မင်ကိုတောင် ချဥ်းကပ်ဝံ့တယ်ပေါ့လေ...သူက သေလမ်းရှာနေတာပဲ"

မိုဖုန့်ချိုး၏မျက်လုံးအတွင်း၌ အေးစက်စက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အမှန်အားဖြင့် သူသည် ပိုင်မင်ဟန်ကို လိုချင်တပ်မက်ခြင်းမှာ သူမ၏ချောမောလှပမှုကြောင့်မဟုတ်ချေ။

သူ ဆက်ခံထားသော ရှေးဟောင်းအလယ်ခေတ်မှအမွေအနှစ်သည် လူများကိုခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိသည်။

ထိုနည်းစနစ်သည် တစ်ဖက်လူ၏အရိုးဖွဲ့စည်းပုံ ပါရမီအရည်အချင်းအပြင် ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုပင် သိရှိနိုင်လေ၏။

မိုဖုန့်ချိုးသည် ပိုင်မင်ဟန်ကို ပထမဆုံးမြင်တွေ့ချိန်မှစ၍ သူမ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကို သိရှိခဲ့သည်။အကယ်၍ သူသည်သူမနှင့်အတူ နှစ်ကိုယ်တူကျင့်စဥ်ကိုကျင့်ကြံပါက သူ၏ကျင့်ကြံမှုသည် အဆပေါင်းများစွာ ခုန်ပျံကျော်လွှား၍ တိုးတက်သွားနိုင်သည်။

ထို့ကြောင့် သူသည် ပိုင်မင်ဟန်ကို ပိုင်ဆိုင်နိုင်ရန်အတွက် သူမ၏အနီးသို့ မည်သည့်ယောက်ျားသားကိုမျှ ချဥ်းကပ်ခွင့်မပြုနိုင်ချေ။

ဤသည်က သူ သတ်မှတ်ထားသောစည်းမျဥ်းလည်းဖြစ်ပြီး မည်သူကိုမျှ ချိုးဖောက်ခွင့်ပေးမည်မဟုတ်ပေ။

"ဆရာသခင်...အဲ့ဒီကောင်လေးက ဒီနေ့ စမ်းသပ်စာမေးပွဲဖြေရမှာ...ကျွန်တော်တို့ တစ်ခုခုလုပ်သင့်တယ်မဟုတ်လား"

ကျိုးခိုင်က အကြံပြုလိုက်၏။

အကယ်၍ သူတို့သည် လုယွီကို ကျောင်းတော်အတွင်း၌ သတ်ဖြတ်လိုပါက ကိစ္စကြီးတစ်ရပ်ဖြစ်သွားပေမည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် တပည့်များအတွက် တင်းကြပ်သောစည်းမျဥ်းများရှိကာ တပည့်တစ်ယောက်စီအတွက် မှတ်တမ်းတစ်ခုစီထားရှိသည်။

အကယ်၍ တပည့်တစ်ယောက်သာသေဆုံးသွားပါက ကျောင်းတော်သည် ထိုကိစ္စကိုအထူးတလည် စုံစမ်းစစ်ဆေးပေမည်။

ထိုအချိန်မျိုးသို့ရောက်ရှိလာပါက အကယ်၍ ထိုကိစ္စကို သူတို့ပြုလုပ်ခဲ့သည်ကိုသာ ရှာဖွေဖော်ထုတ်သွားနိုင်ပါက သူတို့၏အဆုံးသတ် ကောင်းမွန်မည်မဟုတ်ချေ။

အကောင်းဆုံးနည်းလမ်းမှာ လုယွီအား ကျောင်းတော်မှ မောင်းထုတ်ရန်ပင်။လုယွီ ကျောင်းတော်မှထွက်ခွါရသည်နှင့် သူ့အားကာကွယ်စောင့်ရှောက်ပေးမည့်သူ ရှိမည်မဟုတ်ပေ။

အကယ်၍ လုယွီသည် ကျောင်းတော်ပြင်ပ၌ သေဆုံးသွားပါက ထိုကိစ္စကို မည်သူကမျှ အရေးတယူလုပ်၍ စုံစမ်းစစ်ဆေးနေမည်မဟုတ်ချေ။

သတင်းပို့သူတပည့်က အကြံပြုလိုက်၏။

"ကျွန်တော်တို့က သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ မှတ်စုစာရွက်တစ်ခုကို တိတ်တဆိတ်သွားထားပြီး သူ့ကိုခိုးချတယ်လို့ စွပ်စွဲပြစ်တင်ကြမလား"

ကျိုးခိုင်က တွေးတောခြင်းပင်မပြုဘဲ အော်ငေါက်လေသည်။

"မင်း ရူးနေတာလား ..စမ်းသပ်စစ်ဆေးတဲ့နေရာမှာ စည်းမျဥ်းဥပဒေခန်းမရဲ့နတ်ဘုရားမျက်လုံးရှိနေတယ်...အဲ့ဒီမျက်လုံးအောက်ကနေ ဘယ်အရာမှမလွတ်မြောက်နိုင်ဘူး...တကယ်လို့ မင်းကသာ သူ့ပေါ်ကိုတိတ်တဆိတ်သွားထားမယ်ဆိုရင် မင်းကို မြင်သွားကြမှာပဲ"

ထိုတပည့်သည် သူ၏ခေါင်းကိုအောက်သို့ငုံလိုက်ကာ ထပ်မံ၍စကားမဆိုဝံ့တော့ချေ။

မိုဖုန့်ချိုးက သူ၏မျက်ခုံးကို တင်းတင်းကြပ်ကြပ်စုကျုံကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ကျိုးခိုင်...မင်းဆီမှာရော အကြံကောင်းတစ်ခုခုရှိလား"

သူသည် ကျိုးခိုင်ကို တပည့်အဖြစ်ခေါ်ယူခဲ့ခြင်းမှာ လိမ္မာပါးနပ်၍ ဥာဏ်ကောင်းသောကြောင့်ပင်။

ကျိုးခိုင်၏မျက်နှာပေါ်တွင် ရုတ်တရက် ဆန်းပြားသောအပြုံးတစ်ခုထွက်ပေါ်လာကာ သူက မိုဖုန့်ချိုး၏နားအနီးသို့ကပ်၍ တီးတိုးပြောဆိုလိုက်၏။

တခြားတစ်ဖက်တွင် တာအိုရှာဖွေခြင်းခန်းမအတွင်း၌....

ကျောင်းတော်သားများအားလုံး တာအိုရှာဖွေခြင်းခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက် ခေါင်းလောင်းသံတစ်သံက ရုတ်တရက်မြည်ဟီးလာသည်။

ထိုခေါင်းလောင်းသံနှင့်အတူ လူတိုင်း၏ခေါင်းထက်တွင်ရှိနေသော စည်းမျဥ်းဥပဒေခန်းမ၏နတ်ဘုရားမျက်လုံး တောက်ပလာပေ၏။

ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် သူတို့၏ခန္ဓာကိုယ်မှလျှို့ဝှက်ချက်များအားလုံးကို ဖုံးကွယ်ထား၍မရတော့ဘဲ ထိုနတ်ဘုရားမျက်လုံးမှ ထွင်းဖောက်မြင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လုယွီက သူ၏စားပွဲရှေ့၌ ထိုင်လိုက်သည်။စားပွဲတစ်လုံးနှင့်တစ်လုံးကြားတွင် အထူးသီးသန့် အတားအဆီးတစ်ခုရှိနေသဖြင့် ကျောင်းတော်သားတစ်ယောက်သည် တစ်ဖက်လူရေးသားနေသောအရာများကို မြင်တွေ့နိုင်ခြင်းမရှိချေ။

ခေါင်းလောင်းသည်သုံးကြိမ်တိုင်တိုင် မြည်ဟီးပြီးနောက် မေးခွန်းစာရွက်က လုယွီ၏ရှေ့သို့ ကျရောက်လာသည်။

ထိုစာရွက်ပေါ်တွင် မေးခွန်းသုံးခုသာ ရှိနေလေ၏။

Chapter 2294

"စိတ်ခံစားချက်ကျမ်းစာ..စိတ်ဝိညာဥ်မြေခွေးကျမ်းစာ...မီးတာအိုလမ်းစဥ်...အဲ့ဒီသုံးခုရဲ့အနှစ်သာရတွေကို ဖြေဆိုရမှာလား"

လုယွီသည် ထိုမေးခွန်းသုံးခုကို တစ်ကြိမ်ကြည့်ပြီးငည်နှင့် အဖြေများက သူ၏စိတ်အတွင်း၌ ရှိနေလေပြီ။

သို့ရာတွင် ထိုမေးခွန်းများသည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

ပထမဆုံးမေးခွန်းသည် မြင့်မြတ်နယ်မြေတစ်ခုမှ ထိပ်တန်းကျင့်ကြံနည်းစနစ်တစ်ခု၏အနှစ်သာရကို ဆွေးနွေးစေခြင်းဖြစ်သည်။စိတ်ခံစားချက်ကျမ်းစာသည် အတိတ်တွင် ကြည်လင်ကောင်းကင်မြင့်မြတ်နယ်မြေ၏ထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်တစ်ခုပင်။ကြည်လင်ကောင်းကင်မြင့်မြတ်နယ်မြေမှတပည့်များအတွင်းတွင်ပင် ထိုကျမ်းစာကို သင်ယူခွင့်ရရှိသူမှာ အလွန်အမင်းရှားပါးသည်။

လုယွီက အတိတ်ဘဝတွင် ကြည်လင်ကောင်းကင်မြင့်မြတ်နယ်မြေ၏သူတော်စင်မိန်းမပျိုထံမှ ထိုနည်းစနစ်ကို သူ လုယူခဲ့​ကြောင်း အမှတ်ရနေဆဲဖြစ်သည်။

သို့ရာတွင် အဆုံးသတ်၌ ထိုနည်းစနစ်ကို ရှန်လင်းလုံက သင်ယူခဲ့သည်။အတိတ်နေ့ရက်များအတွင်းတွင် ရှန်လင်းလုံ၏ပါရမီအရည်အချင်းသည် မြင့်မားခြင်းမရှိချေ။သို့ရာတွင် ထိုနည်းစနစ်ကိုသင်ယူပြီးနောက် သူမသည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားကာ သူမ၏ကျင့်ကြံမှုသည် အလွန်လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။

အမှန်အားဖြင့် ရှန်လင်းလုံသည် ထိုကိစ္စများကို တခြားသူများအား ထုတ်ဖော်ပြောဆိုမည်မဟုတ်ချေ။

အတိတ်အကြောင်း ပြန်ပြောင်းတွေးတောမိချိန်တွင် လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် စိတ်ခံစားချက်များရှုပ်ထွေးလာသည်ကို ခံစားလိုက်ရ၏။သူက ခေါင်းကိုသွက်သွက်ခါယမ်းကာ သူ၏စိတ်နှလုံးသားအတွင်းမှ ထိုအတွေးများကို ရှင်းထုတ်လိုက်သည်။

ဒုတိယမေးခွန်းတွင် ဖော်ပြထားသည်မှာ'စိတ်ဝိညာဥ်မြေခွေးကျမ်းစာ'ပင်။ထိုကျမ်းစာကို ရှေးဟောင်းအလယ်ခေတ်မှ တာအိုကိုပြီးမြောက်အောင်မြင်သွားသော မြေခွေးအင်မော်တယ်တစ်ယောက်မှ ရေးသားထားခြင်းဖြစ်သည်။ကောလဟာလများအရ ထိုမြေခွေးအင်မော်တယ်သည် တာအိုကိုရရှိပြီးနောက် မြွေခွေးမျိုးနွယ်များအားလုံးကို အသိဥာဏ်ပညာများ ပေးခဲ့သည်ဟု ဆိုကြ၏။

ထို့ကြောင့် သေမျိုးလောကအတွင်း၌ပင် မြေခွေးများသည် အင်မော်တယ်များအဖြစ် အစောဆုံးကြီးထွားနိုင်သော သက်ရှိသတ္တဝါများဖြစ်လာသည်။သူတို့သည် အလွန်ငယ်ရွယ်စဥ်မှစ၍ အသိဥာဏ်ကိုပိုင်ဆိုင်နိုင်ရုံသာမက သူတို့၏အသိဥာဏ်သည် တခြားနတ်ဆိုးမှော်သားရဲများထက် အဆများစွာပို၍မြင့်မားသည်။

'စိတ်ဝိညာဥ်မြေခွေးကျမ်းစာ'သည် မြေခွေးမျိုးနွယ်များ၏ လျှို့ဝှက်နည်းစနစ်တစ်ခုပင်။နောက်ပိုင်းတွင် မြေခွေးမျိုးနွယ်များ ပြိုကွဲသွားမှုနှင့်အတူ ကျမ်းစာ၏အရည်အသွေးမှာလည်း နိမ့်ကျသွားသည်။ထိုအချိန်မှစ၍ ကျမ်းစာသည် မူအမျိုးမျိုးပြောင်းလဲ၍ ပြန်လည်ထွက်ပေါ်လာခဲ့သည်။တချို့ကျမ်းစာများသည် နှောင်းပိုင်းမြေခွေးမျိုးနွယ်များမှနေ၍ သူတို့၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုအရ တီထွင်ဖန်တီးထားခြင်းဖြစ်ပေ၏။

မည်သို့ပင်ဆိုစေကာမူ အတိတ်ဘဝတွင် လုယွီသည် မူရင်းအစစ်အမှန် စိတ်ဝိညာဥ်မြေခွေးကျမ်းစာကို ရရှိခဲ့ဖူးသည်။ထိုကျမ်းစာသည် သူ ကျင့်ကြံရန်အတွက် မသင့်တော်ချေ။သို့ရာတွင် လုယွီသည် ထိုကျမ်းစာပေါ်ရှိအကြောင်းအရာများကို အမှတ်ရနေဆဲပင်။

ပထမမေးခွန်းနှစ်ခုသည် လုယွီအတွက် အလွန်ရိုးရှင်းလေ၏။

သို့ရာတွင် တတိယမေးခွန်းမှာမူ အနည်းငယ်ရှုပ်ထွေးသည်။

အကြောင်းအရင်းမှာ ကျင့်ကြံသူများသည် ရွှယ်အင်မော်တယ်အဆင့်သို့ရောက်ရှိမှသာ မဟာတာအိုလမ်းကြောင်းကို စတင်၍ခံစားမိနိုင်သည်။

လောကကြီးတခွင်လုံးကို မြောက်များစွာသောဥပဒေသများနှင့် ဖွဲ့စည်းထားကာ မဟာတာအိုနှင့်ထိုဥပဒေသများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ထောက်ပံနေပေ၏။

နယ်မြေသခင်အဆင့်ကျင့်ကြံသူများသည် ထိုဥပဒေသများနှင့်မဟာတာအို၏ စွမ်းအားကို ငှါးယမ်းအသုံးပြုနိုင်သည်။ထို့ကြောင့် ရွှယ်အင်မော်တယ်တစ်ယောက် မည်မျှပင်အစွမ်းထက်နေပါစေ နယ်မြေသခင်တစ်ယောက်ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်ရန် လွန်စွာခက်ခဲသည်။

တာအိုသခင်အဆင့်သို့ရောက်ရှိချိန်တွင်မူ ထိုကျင့်ကြံသူသည် မဟာတာအိုအပေါ် အခြေခံအားဖြင့် နားလည်သဘောပေါက်သွားလေပြီ။ထိုအခြင်းအရာမှနေ၍ သူသည် မဟာတာအိုမှတဆင့် ထာဝရအသက်ကို ရှာဖွေနိုင်သည်။

ထို့ကြောင့် ကျောင်းတော်မှတပည့်အများစုအတွက် မဟာတာအိုလမ်းကြောင်းသည် လွန်စွာအလှမ်းကွာဟလေ၏။

ယခုလက်ရှိချိန်တွင် ကျောင်းတော်ငယ်လေးတစ်ခုမှ တပည့်သစ်များအတွက် စမ်းသပ်စာမေးပွဲတွင် ဤကဲ့သို့အဆင့်မြင့်မေးခွန်းမျိုး ထွက်ပေါ်လာခဲ့သည်။ဤသည်က အနည်းငယ် ထူးဆန်းအံ့သြဖွယ်ရာပင်။

သို့ရာတွင် လုယွီ၏မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုနှင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များအရ ထိုမေးခွန်းကိုဖြေဆိုရန်လုံလောက်သည်။

"ငါ နည်းနည်းလောက်တော့ ထိန်ချန်ပြီးရေးတာ ပိုကောင်းလိမ့်မယ်...ငါ သိသလောက် အကုန်ထုတ်မရေးဖြစ်ဖို့ ကြိုးစားရမယ်...အဲ့ဒါမှဘဲ ထိတ်လန့်တုန်လှုပ်စရာတွေ ဖြစ်လာမယ့်ဘေးက ရှောင်ရှားနိုင်လိမ့်မယ်"

လုယွီသည် အချိန်တခဏကြာတွေးတောပြီးနောက် သူ၏နားလည်သဘောပေါက်မှု တချို့ကိုသာရေးသားရန် ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်က စမ်းသပ်စာမေးပွဲတစ်ခုဖြစ်သည့်တိုင် သတင်းများက တဖြည်းဖြည်း ပျံ့နှံ့သွားနိုင်သည်။

လုယွီက သူ၏စုတ်တံကိုမြှောက်လိုက်စဥ်တွင် အဝေးရှိထောင့်တစ်နေရာတွင် မိုဖုန့်ချိုးနှင့်ကျိုးခိုင်က စောင့်ကြည့်နေကြသည်။

"အဲ့ဒီကောင်လေးက လက်ထောက်ကျောင်းအုပ်ပိုင်မင်ရဲ့ဟန်မြစ်အဆောင်ထဲကို ဝင်သွားနိုင်ခဲ့တယ်လို့ မင်း ပြောခဲ့တယ်မလား...သူ့ကိုကြည့်ရတာတော့ အရည်အချင်းရှိတဲ့ပုံလည်းမရဘူး"

မိုဖုန့်ချိုးက သရော်တော်တော် ပြောဆိုလိုက်၏။

လုယွီသည် အစွမ်းထက်သူတစ်ယောက်ဖြစ်မည်ဟု သူ မူလက တွေးထင်ထားခဲ့သည်။သို့ရာတွင် သူ အဝေးမှနေ၍ အကဲခတ်ကြည့်ချိန်တွင် လုယွီ၏ခန္ဓာကိုယ်တွင် မှော်စွမ်းအင်လှုပ်ခတ်မှုအနည်းငယ်မျှပင်မရှိကြောင်း တွေ့မြင်လိုက်ရသည်။

ထို့ကြောင့် လုယွီ၏ခွန်အားသည် အလွန်နည်းပါးသဖြင့် သူ အကဲခတ်၍မရခြင်းဖြစ်ပေမည်။

Chapter 2295

"ဆရာသခင်..သူ့ရဲ့ဝင်ခွင့်စာမေးပွဲရလဒ်ကို ကျွန်တော်ကြည့်ပြီးသွားပြီ...အဲ့ဒီကောင်လေးက နောက်ဆုံးကနေ အောင်မြင်ခဲ့ပြီးတော့ တပည့်သစ်တွေအားလုံးကြားမှာ သူ့ရဲ့အဆင့်က အောက်ဆုံးပဲ"

ကျိုးခိုင်က မအောင့်အည်းနိုင်တော့ဘဲ လှောင်ပြောင်ရယ်မောလိုက်၏။

ဤကဲ့သို့ခွန်အားမျိုးဖြင့် သူ့အားစိန်ခေါ်ဝံ့သည်မှာ သေလမ်းရှာနေခြင်းသာဖြစ်ပေမည်။

ယခုနှစ် ဝင်ခွင့်စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲမှုများလျှော့ချထားခဲ့ကြောင်း လူတိုင်း သိရှိထားကြသည်။

ထိုအကြောင်းအရင်းကြောင့် လုယွီသည် နောက်ဆုံးအဆင့်မှအောင်မြင်ခဲ့သဖြင့် သူ၏ခွန်အားသည် အလွန်အမင်းအားနည်းသည်မှာ သိသာထင်ရှားလှ၏။

"ဒီလိုနိမ့်ကျတဲ့ကောင်မျိုးကို...ငါက အလေးအနက်ထားခဲ့မိတာပါလား"

မိုဖုန့်ချိုးက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ယခုချိန်တွင် သူ အကြွင်းမဲ့ စိတ်သက်သာရာရသွားလေပြီ။လုယွီသည် သူ့အတွက် စကားထဲထည့်ပြောရန်ပင် မထိုက်တန်ချေ။

ထို့ပြင် သူသည် မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေရန် မလိုတော့ချေ။ပိုင်မင်ဟန်သည် မျက်လုံးကန်းနေသူမဟုတ်သရွေ့ လုယွီကိုရွေးချယ်မည်မဟုတ်ပေ။

"ကြည့်လိုက်အုံး...သူ စပြီးရေးနေပြီ"

"သူက အချိန်မလောက်တော့ဘူးဆိုတာကို သိသွားလို့ ရမ်းသမ်းဖြေဖို့ ဆုံးဖြတ်လိုက်ပုံရတယ်"

မိုဖုန့်ချိုး၏တပည့်က သရော်တော်တော် ပြောဆိုလိုက်၏။

ဤမေးခွန်းစာရွက် မည်သည့်နေရာမှ ရောက်ရှိလာသည်ကို သူတို့သာလျှင် အတိအကျသိရှိထားသည်။

ဤစစ်ဆေးစမ်းသပ်စာမေးပွဲသည် အချိန်တစ်နာရီသာရရှိလေရာ မည်သည့်နည်းဖြင့် အလွန်ခက်ခဲသောမေးခွန်းများကို ဖြေဆိုနိုင်မည်နည်း။

ထို့ပြင် မိုဖုန့်ချိုးသည် လုယွီ၏မေးခွန်းစာရွက်ကို မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက် ယခုလက်ရှိလေ့လာနေသောအရာနှင့် တိတ်တဆိတ်လဲလှယ်ထားခဲ့သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ မဟာကွန်ဖြူးရှပ်ပညာရှင်အမြောက်အများရှိသည်။သူတို့၏နေ့ရက်များအားလုံးကို ကျင့်ကြံနည်းစနစ်များပေါ်တွင် လေ့လာခြင်းဖြင့်သာ အချိန်ကုန်ဆုံးကြ၏။သူတို့လေ့လာသင်ယူနေသော ကျင့်ကြံနည်းစနစ်များသည် အလွန်အမင်း သိမ်မွေ့နက်နဲသည်။

လုယွီသည် ထိုမေးခွန်းများကို ဖြေဆိုနိုင်မည်မဟုတ်ဟု အခိုင်အမာယုံကြည်ထားသည်။

အချိန်ကျပါက လုယွီ၏အဖြေစာရွက်ပေါ်တွင် သူ စုတ်တံဖြင့်တစ်ချက်ဆွဲလိုက်ရုံသာ လိုအပ်သည်။ထို့နောက် လုယွီအား အရည်အချင်းမပြည့်မီဟု​ဆိုကာ ကျောင်းတော်မှ မောင်းထုတ်နိုင်ပေမည်။

နှစ်စဥ်နှစ်တိုင်း တပည့်အမြောက်အများ ကျောင်းတော်မှ ထုတ်ပယ်ခြင်းခံရသည်။သူတို့သည် လှည့်စားမှုတချို့ကို ပြုလုပ်တက်ကြသော်လည်း မဟာကွန်ဖြူးရှပ်ပညာရှင်များ၏အမြင်အောက်မှ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။

"ကောင်းပြီလေ...မင်းတို့ တခြားတပည့်တွေကိုသွားပြီး စောင့်ကြပ်ကြတော့...ပြီးတာနဲ့ အဖြေစာရွက်တွေကို ငါ့ရဲ့အခန်းဆီယူလာခဲ့ကြ"

မိုဖုန့်ချိုးက သူ၏တပည့်များကို ညွှန်ကြားချက်ပေးပြီးနောက် ထွက်ခွါခဲ့တော့သည်။

သူ့ထံတွင် လုယွီနှင့်ရင်ဆိုင်လိုသော စိတ်ဆန္ဒမရှိတော့ချေ။ကျောင်းတော်မှထုတ်ပယ်ခံရရန် ကံကြမ္မာရှိပြီးသားဖြစ်သူတစ်ယောက်သည် သူ၏အာရုံစူးစိုက်မှုကိုရရှိရန် မထိုက်တန်ပေ။

အချိန်ကုန်ဆုံးမှုမှာ လွန်စွာလျှင်မြန်ပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အချိန်တစ်နာရီ ကုန်ဆုံးသွားလေပြီ။

ကျောင်းတော်မှရုပ်သေးတချို့ တပြိုင်နက်တည်းထွက်ပေါ်လာကာ တပည့်သစ်များရှေ့ရှိ စာရွက်များကို သိမ်းဆည်းလိုက်ကြ၏။တစ်ချိန်တည်းမှာပင် ကောင်းကင်ယံအတွင်းရှိ စည်းမျဥ်းဥပဒေခန်းမ၏နတ်ဘုရားမျက်လုံး တဖျပ်ဖျပ်တောက်ပလာကာ တပည့်သစ်များအားလုံးကို စောင့်ကြည့်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဆက်လက်၍ရေးသားနေပါက လှည့်စားသည်ဟုယူဆကာ ထုတ်ပယ်ခြင်းခံရပေမည်။

တပည့်သစ်အမြောက်အများသည် စာဖြေခန်းမှထွက်လာချိန်တွင် သူတို့က မျက်မှောင်ကြုတ်ကာ သက်ပြင်းရှိုက်နေကြသည်။

ထိုတပည့်များသည် ခွန်အားကောင်းမွန်သော်လည်း သူတို့သည် ခက်ခဲသောမေးခွန်းများနှင့် ကြုံတွေ့ခဲ့ရလေ၏။ထိုမေးခွန်းများကိုဖြေဆိုနိုင်ရန် သူတို့၏ဦးနှောက်များ ခမ်းခြောက်လုမတက် စဥ်းစားတွေးတောခဲ့ရသည်။အကယ်၍ တပည့်သစ်များသည် မရင်းနှီးသောနယ်ပယ် သို့မဟုတ် မထိတွေ့ရသေးသောနယ်ပယ်မျိုးနှင့် သက်ဆိုင်သောမေးခွန်းများဖြင့် ကြုံတွေ့ရပါက ကျင့်ကြံဆင့်မြင့်မားသူတချို့ပင် ခေါင်းကိုက်ခဲနေခဲ့သည်။

စာဖြေခန်းအတွင်းမှ ထွက်ခွါခဲ့ပြီးနောက် လုယွီသည် မူမောင်နှမနှစ်ယောက်နှင့် တွေ့ဆုံလေ၏။

"ညီလေးလု ဘယ်လိုမေးခွန်းမျိုးကို ဖြေခဲ့ရတာလဲ...လင်းအာနဲ့ငါကတော့ ကံကောင်းတယ်...ငါတို့က ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းနဲ့ဆက်နွယ်နေတဲ့ မေးခွန်းတွေကိုရခဲ့တယ်...ဒါတွေကို ​ဖြေဆိုနိုင်ဖို့ ငါတို့ အင်အားအများကြီးမစိုက်ထုတ်ခဲ့ရဘူး"

မူချင်းရှန်က အပြုံးနှင့်ပြောဆိုသည်။

သူ၏ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် မေးခွန်းများကိုဖြေဆိုရာ၌ အခက်အခဲမရှိခဲ့သည်မှာ သိသာထင်ရှားလှ၏။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဒါက အဆင်ပြေပါတယ်...အရမ်းကြီးလည်းမခက်ပါဘူး"

ထို့နောက် လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။

"ခုလတ်တလောအချိန်မှာ ကျောင်းတော်ထဲကတပည့်တွေ ရုတ်တရက်ပျောက်သွားတာမျိုးရှိလား"

လုယွီ၏အမေးစကားကိုကြားချိန်တွင် မူချင်းရှန်က ရုတ်တရက် ကြက်သေသေသွားသည်။

"တကယ်တော့ အဲ့ဒီကိစ္စမျိုးရှိတယ်"

"တချို့တပည့်တွေ တာဝန်ထမ်းဆောင်ဖို့ အပြင်ကိုထွက်သွားတဲ့အချိန်မှာ ထူးထူးဆန်းဆန်း​ပျောက်သွားကြတယ်လို့ ငါ ကြားထားတယ်...အဲ့ဒီအချိန်ကစပြီးတော့ ဘာသတင်းမှထပ်မကြားရတော့ဘူး...ကျောင်းတော်ကနေ လူတွေကိုစေလွှတ်ပြီးတော့ သူတို့ကိုရှာဖွေခဲ့ပေမယ့် အခုချိန်ထိ သူတို့ ဘယ်နေရာမှာရှိနေလဲဆိုတာ ရှာမတွေ့သေးဘူး"

All Chapters