← Chapters

အခန်း (၂၂၉၆-၂၃၀၀)

Vol. 118 Ch. 2296-2300

အခန်း (၂၂၉၆-၂၃၀၀)

Vol. 118 Ch. 2296-2300

Chapter 2296

"သူတို့က တာဝန်တွေဆောင်ရွက်တဲ့အချိန်မှာ ပျောက်သွားတာလား...ကျောင်းတော်က ဘာသဲလွန်စမှ ရှာမတွေ့ဘူးလား"

လုယွီက မေးမြန်းသည်။

ဤသည်က အလွန်အမင်းထူးခြားနေသောကိစ္စပင်။ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ထိုကိစ္စကို အလွတ်ပေးမည်မဟုတ်ချေ။

မူချင်းရှန်က သူ၏ခေါင်းကိုကုတ်ကာ ပြောဆိုလိုက်သည်။

"ငါ မသိဘူး...တကယ်လို့ ညီလေးလုက သိချင်တယ်ဆိုရင် တာဝန်ခန်းမကိုသွားပြီး တစ်ချက်ကြည့်ကြည့်ပါလား...ဒီအချိန်အတောအတွင်းမှာ ငါတောင် ကျောင်းတော်ကတာဝန်တစ်ခုကိုပဲ အောင်မြင်အောင်ဆောင်ရွက်နိုင်သေးတယ်"

တချို့တာဝန်များသည် ကျောင်းတော်မှနေ၍ ပြင်ပသို့ ထွက်ခွါရန်မလိုအပ်ချေ။တပည့်များသည် ကျောင်းတော်အတွင်း၌သာ ထိုတာဝန်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်သည်။

ဥပမာအနေဖြင့် စီနီယာများကိုကူညီ၍ ကျင့်ကြံနည်းစနစ်များကိုကူးပေးခြင်း သို့မဟုတ် နတ်ဆိုးမှော်သားရဲများကို စောင့်ရှောက်ပေးခြင်း ဆေးပင်များကိုစိုက်ပျိုးပေးခြင်းများမှနေ၍ တပည့်များသည် အကျိုးဆောင်အမှတ်များ ရရှိနိုင်လေ၏။

ထိုအကျိုးဆောင်ရမှတ်များသည် များပြားခြင်းမရှိသော်လည်း အနည်းဆုံးအနေဖြင့် တပည့်သစ်များသည် ပြင်ပသို့သွားကာ အသက်အန္တရာယ်ကိုစွန့်စား၍ တာဝန်များလုပ်ဆောင်ရန်မလိုအပ်ချေ။

လုယွီက ခေါင်းညိတ်ပြကာ ထိုကိစ္စကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တေးမှတ်ထားလိုက်၏။

ထိုအချိန်မှာပင် လှပသောပုံရိပ်လေးတစ်ရိပ်က လုယွီ၏ရှေ့သို့ ကျရောက်လာသည်။

"စီနီယာအမ ထန်အာ..."

"စီနီယာအမထန်အာကို အရိုအသေပြုပါတယ်"

ပတ်ဝန်းကျင်ရှိ ဂျူနီယာတပည့်များသည် ထန်အာကိုမြင်တွေ့သည်နှင့် အလျင်စလိုအရိုအသေပြုလိုက်ကြသည်။

လုယွီက ခေါင်းလှည့်ကြည့်လိုက်ရာ ထန်အာက အေးစက်စက်အမူအယာဖြင့် သူ့ထံသို့လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ရ၏။

"နောက်သုံးရက်ကြာရင်...ကျီးကန်းငှက်တောင်မှာ ငါ စောင့်နေမယ်"

ထို့နောက် ထန်အာသည် လုယွီနှင့်ထပ်မံ၍ စကားပြောဆိုလိုစိတ် ရှိပုံမရတော့ချေ။သူမက နောက်သို့ပြန်လှည့်ကာ ချက်ချင်းဆိုသလိုပင် ထွက်ခွါသွားတော့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး မြောက်မြားစွာသောတပည့်များသည် လုယွီနှင့်ထန်အာအကြားမှ ဆက်ဆံရေးအကြောင်းကို မှန်းဆကာ တီးတိုးပြောဆိုနေကြသည်။

ထန်အာသည် လုယွီနှင့်စကားအနည်းငယ်ပြောဆိုပြီးနောက် ထွက်ခွါသွားသည်ကို မူလင်းက မြင်တွေ့လိုက်ရ၏။မည်သည့်အကြောင်းရင်းကြောင့်ဟု မသိရသော်လည်း သူမ၏နှလုံးသား အနည်းငယ်မွန်းကြပ်သွားသကဲ့သို့ ခံစားမိသည်။

မူချင်းရှန်က အံ့အားတသင့် ပြောဆိုလိုက်သည်။

"လုယွီ...မင်းက စီနီယာအမထန်အာနဲ့သိတာလား...သူက လက်ထောက်ကျောင်းအုပ်ပိုင်မင်ရဲ့သီးသန့်တပည့်လေ"

"ငါက သူနဲ့အတူ ကိစ္စတချို့ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေလို့ပါ"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလေ၏။

"ကျေးဇူးတင်ပါတယ် အကိုမူ...ငါက တာဝန်ခန်းမကို အရင်သွားပြီး တစ်ချက်ကြည့်လိုက်အုံးမယ်"

လုယွီသည် အမြဲတစေ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ပြတ်ပြတ်သားသားလုပ်ဆောင်တက်သူဖြစ်သဖြင့် သူ့ထံ၌ အချိန်ဆွဲနေရန် ရည်ရွယ်ချက်မရှိချေ။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီက တာဝန်ခန်းမသို့ ရောက်ရှိလာခဲ့သည်။

ပြင်ပမှဂိုဏ်းအများစုကဲ့သို့ပင် ဤနေရာတွင် တပည့်များရွေးချယ်နိုင်ရန်အတွက် တာဝန်များကို ထုတ်ပြန်ကြေငြာထားသည်။

ကျောင်းတော်တွင် တစ်လလျှင်တစ်ကြိမ် တံခါးဖွင့်သင်ခန်းစာသင်ကြားပေးသည်မှလွဲ၍ ကျန်ရှိသည့်ဟောပြောမှုများနှင့်လမ်းညွှန်ချက်များအတွက် အကျိုးဆောင်ရမှတ်များ လိုအပ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် အကျိုးဆောင်ရမှတ်များကို ရရှိလိုပါက တာဝန်များကို အောင်မြင်အောင်ပြုလုပ်၍ ကျောင်းတော်အတွက် အကျိုးဆောင်ပေးရန်လိုအပ်သည်။

တပည့်သစ်များအားလုံးသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းသို့ ဝင်ရောက်စဥ်၌ ချိုင်လုံရှန်းနှင့်တူကျန့်ထျန်းတို့သည် သူတို့၏အကျိုးဆောင်ရမှတ်များကိုအသုံးပြု၍ ဒုတိယထပ်သို့ ဝင်ရောက်နိုင်ခဲ့ကြောင်း လုယွီက အမှတ်ရနေဆဲပင်။

သို့ရာတွင် လုယွီထံ၌ ကျင့်ကြံနည်းစနစ်များနှင့်ဆေးလုံးများ ပြတ်လပ်မနေသဖြင့် ထိုတာဝန်များကို တမင်သက်သက်လုပ်ဆောင်ရန်မလိုအပ်ချေ။

ဤအချိန်တွင် တာဝန်ခန်းမအတွင်း၌ တပည့်အမြောက်အများရှိနေသည်။တာဝန်ခန်းမ၏နံရံပေါ်တွင်ရှိနေသော အလင်းကားချပ်ကြီးတစ်ခုရှိနေကာ ထိုအရာပေါ်တွင် တာဝန်များက အဆက်မပြတ်ထွက်ပေါ်နေသည်။

လုယွီက နံရံပေါ်တွင်ရှိနေသော တာဝန်များကို လေ့လာဆန်းစစ်လိုက်ရာ ဤနေရာရှိ တာဝန်အများစုသည် ခက်ခဲခြင်းမရှိကြောင်း သိရှိလိုက်ရ၏။

ထိုတာဝန်အများစုသည် ကျောင်းတော်မှထွက်ခွါသွားရန်မလိုဘဲ ကျောင်းတော်အတွင်း၌သာ အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။

တာဝန်ခန်းမ၏အရှေ့ဘက်ခြံဝန်းရှိ တာဝန်များကို ဂျူနီယာတပည့်အများစုက ရွေးချယ်ကြသည်။သူတို့သည် အနောက်ဘက်ခြံဝန်းသို့သွားပါက ကျောင်းတော်ပြင်ပသို့သွားရောက်ကာ လုပ်ဆောင်ရမည့် သတ်ဖြတ်ခြင်းတာဝန်များကို တွေ့ရပေမည်။

လုယွီက အနောက်ဘက်ခြံဝန်းအတွင်းသို့ လျှောက်လှမ်းသွားလိုက်သော်လည်း တံခါးစောင့်တပည့်တစ်ယောက်၏ဟန့်တားခြင်းကို ခံလိုက်ရသည်။

"ဂျူနီယာတပည့်တွေက အပြင်ဘက်မှာရှိတဲ့ တာဝန်တွေကိုပဲ ရွေးချယ်သင့်တယ်...အထဲမှာရှိတဲ့ တာဝန်တွေက အန္တရာယ်များတယ်....ဒါတွေကို မင်း လုပ်နိုင်မှာမဟုတ်ဘူး"

တံခါးစောင့်တပည့်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

လုယွီ၏မျက်ခုံးများ မြင့်တက်သွားပြီးနောက် ရုတ်တရက် သူသည် အနောက်ဘက်ခြံဝန်းအတွင်း၌ တူကျန့်ထျန်းရှိနေခြင်းကို သတိပြုမိသွားလေ၏။

တူကျန့်ထျန်းသည်လည်း ဂျူနီယာတပည့်တစ်ယောက်ပင်။သို့ရာတွင် သူသည် အနောက်ဘက်ခြံဝန်းအတွင်း၌ ဆန္ဒရှိသည့်အတိုင်း လှည့်ပတ်သွားလာနေသည်။သူသည် ဆုလာဘ်မြင့်မားသော တာဝန်များကို အဆက်မပြတ်ယူဆောင်နေသည်။သူ၏အနီးတွင် တပည့်တချို့ရှိနေသော်လည်း မည်သည့်စကားကိုမျှ ပြောဆိုဝံ့ခြင်းမရှိချေ။

"အနောက်ဘက်ခြံဝန်းကတာဝန်တွေကို ဂျူနီယာတပည့်တွေ မလုပ်ဆောင်ရဘူးလို့ တားမြစ်ထားတာမျိုး ရှိပုံမရဘူး"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

လုယွီ ကြည့်နေသောနေရာသို့ တံခါးစောင့်တပည့်က တစ်ချက်ကြည့်ကာ သရော်တော်တော် ပြောဆိုလေ၏။

"သူက တူကျန့်ထျန်း...တော်ဝင်နန်းတွင်းရဲ့ဗိုလ်ချုပ်တစ်ယောက်လေ...သူ့မှာက စီနီယာတပည့်တွေရဲ့ခွန်အားမျိုးရှိပြီးသား...မင်းလိုကောင်က သူနဲ့နှိုင်းယှဥ်လို့ရမှာလား"

Chapter 2297

"အဲ့ဒီစည်းမျဥ်းမရှိဘူးဆိုရင် ငါ အထဲကိုဝင်ပြီ"

လုယွီက အနောက်ဘက်ခြံဝန်းအတွင်းသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။

လုယွီသည် သူ၏အကြံပေးစကားကို နားမထောင်သည်ကိုကြည့်ပြီး တံခါးစောင့်တပည့်၏မျက်လုံးအတွင်းမှ အထင်အမြင်သေးသောအရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။

"တခြားတစ်ယောက်တော့ ဒီနေရာကိုလာပြီး သေလမ်းလာရှာပြန်ပြီ...တပည့်သစ်တွေက တကယ့်ကိုမောက်မာကြတာပဲ....သူတို့က သေခြင်းတရားက ဘာလဲဆိုတာကို မသိကြသေးဘူး"

သူ အနောက်ဘက်ခြံဝန်းအတွင်းသို့ ရောက်ရှိချိန်တွင် တာဝန်များ၏ခက်ခဲမှုများသည် ပြင်ပနှင့်မတူညီဘဲ ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်ရ၏။

"ကောင်းကင်ဘုံကျောင်းတော်ရဲ့မဟာကွန်ဖြူးရှပ်ပညာရှင်ချောင်လင်းက ဆေးဖော်စပ်ရာမှာအသုံးပြုဖို့အတွက် လေပေါ်ပျံဝဲသားရဲရဲ့သွေးငါးကျင်လိုအပ်နေတယ်"

"မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေရဲ့တောင်ဘက်ပိုင်းက ထိပ်သီးမိသားစုနှစ်စုကြားမှာ အငြင်းပွါးမှုတစ်ခု ဖြစ်နေတယ်...အဲ့ဒါကို သွားပြီးစေ့စပ်ညှိနှိုင်းပေးဖို့ တပည့်တစ်ယောက်လိုအပ်တယ်"

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းက ဓမ္မအစောင့်အရှောက်တွေရဲ့ အရိပ်အယောင်တွေကိုစုံစမ်းဖို့ တပည့်တစ်ယောက်လိုအပ်တယ်...အဲ့ဒီသတင်းကို ရလာတဲ့ ဘယ်တပည့်မဆို အကျိုးဆောင်ရမှတ်သုံးရာရမယ်...ဓမ္မအစောင့်အရှောက်တစ်ယောက်ကို သတ်နိုင်ရင် အကျိုးဆောင်ရမှတ်နှစ်သောင်းရမယ်"

ဤနေရာရှိတာဝန်များသည် အမှန်တကယ်ကိုပင် အန္တရာယ်များနှင့် ယှဥ်တွဲနေပေ၏။

"ဒါက ဗိုလ်ချုပ်လုမဟုတ်လား...ငါ့ကိုမြင်နေတာတောင် မင်းက မြန်မြန်အရိုအသေမပြုသေးဘူးလား"

တူကျန့်ထျန်းက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် လုယွီ၏ရှေ့၌မတ်တတ်ရပ်ကာ ပြောဆိုလိုက်သည်။

ရာထူးအဆင့်အရဆိုလျှင် လုယွီသည် ရွှမ်းဝူစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ တူကျန့်ထျန်းသည် မဟာစစ်ဗိုလ်ချုပ်ဖြစ်နေသည်။ထို့ကြောင့် တူကျန့်ထျန်း၏ရာထူးအဆင့်သည် လုယွီထက် အဆင့်များစွာ ပို၍မြင့်မားပေ၏။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ကျောင်းတော်ရဲ့ပြင်ပမှာဘဲ မင်း အာဏာပြဖို့ကြိုးစားသင့်တယ်...ကျောင်းတော်ထဲမှာတော့ တကယ်လို့ မင်းက မင်းသားတစ်ယောက်ဖြစ်နေရင်တောင် လူအားလုံးကအတူတူပဲ...တူကျန့်ထျန်း...မင်းကိုယ်မင်းသာ ဂရုစိုက်နေပါ"

စကားဆုံးသည်နှင့် လုယွီက တူကျန့်ထျန်း၏ရန်စမှုကို လျစ်လျှူရှုကာ အလင်းကားချပ်ပေါ်ရှိတာဝန်များကို ဆက်လက်၍လေ့လာဆန်းစစ်လိုက်သည်။

လုယွီသည် သူ့အား တစိုးတစိမျှပင် ဂရုမစိုက်သည်ကိုမြင်ချိန်တွင် တူကျန့်ထျန်း၏မျက်လုံးအတွင်း၌ သွေးနီရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

"အရှင်...အဲ့ဒီကောင်လေးက အရှင့်ကို နည်းနည်းလေးမှတောင် ဂရုစိုက်ပုံမရဘူး...ကျွန်တော်တို့ သူ့ကို တိတ်တဆိတ် သတ်ပစ်လိုက်ရမလား"

တူကျန့်ထျန်း၏နောက်လိုက်များအနက်မှတစ်ယောက်က လေသံနှိမ့်၍ မေးမြန်းလေ၏။

တူကျန့်ထျန်းက သူ၏ခေါင်းကိုခါယမ်းပြလေသည်။

"တကယ်လို့ တခြားသူတွေက ငါ့ရဲ့နာမည်ကိုကြားပီဆိုရင်...သူတို့ရဲ့မျက်နှာအမူအယာတွေက အေးဆေးတည်ငြိမ်နေရင်တောင် သူတို့ရဲ့စိတ်ထဲကနေ ထိတ်လန့်ကြောက်ရွံနေတာကို ငါ ခံစားမိတယ်...ဒါပေမယ့် သူ့ဆီကနေ ငါ့ကို ကြောက်ရွံနေတာမျိုးကို နည်းနည်းလေးတောင် ငါ မခံစားရဘူး"

"သူက ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကိုရခဲ့ပြီးတော့...စစ်ရေးဌာနရဲ့လက်ထောက်အမတ်ကြီးရှဖုန်းက သူ့ဆီကနေ လုယက်သွားတယ်လို့ ငါ ကြားထားတယ်...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...တကယ်လို့ ငါသာ ရှဖုန်းနေရာမှာဆိုရင် သူ့ဆီကနေ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူပြီးပြီဆိုရင်...သူ့ကို ဘာလို့ အသက်ရှင်ရက်ချန်ထားတော့မှာလဲ...အကြောင်းပြချက်တစ်ခုခုရှာပြီး သူ့ကိုသတ်လိုက်တာ ပိုမကောင်းဘူးလား"

ထိုနောက်လိုက်က ဇဝေဇဝါဖြစ်နေပုံဖြင့် ပြောဆိုသည်။

"အရှင် တကယ်တိုက်ခိုက်မယ်ဆိုရင်...ဒီကောင်လေးက အရှင့်ရဲ့ပြိုင်ဘက် မဖြစ်နိုင်ပါဘူး"

"မလိုအပ်ဘူး...သူက ရှောင်မိသားစုရဲ့လက်ထဲကနေတောင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူခဲ့မှတော့...သူ့ရဲ့စွမ်းအားက အရမ်းကောင်းမွန်တယ်ဆိုတာ သက်သေပြနေတယ်...သူက ငါ့ကိုမြင်တဲ့အချိန်မှာတောင် ကြောက်ရွံမှုမရှိမှတော့ သူ့ဆီမှာဝှက်ဖဲတချို့ရှိနေနိုင်တယ်...ဒါကြောင့် သူနဲ့ငါ ခုချိန်မှာ ထိပ်တိုက်ရင်ဆိုင်လို့မရသေးဘူး"

တူကျန့်ထျန်းသည် ကြမ်းတမ်းသောပုံပန်းသွင်ပြင်ရှိသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းသတိကြီးကာ လိမ္မာပါးနပ်သောစရိုက်သဘာဝရှိသည်။

မည်သည့်သဲလွန်စမျှ သူ၏ခန့်မှန်းမှုအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

အလွန်များပြားသော တာဝန်များ၏အကြားတွင် လုယွီသည် နောက်ဆုံး၌ တစ်မူထူးခြားသောတာဝန်တစ်ခုကို တွေ့ရှိလိုက်ရ၏။

"အခုလတ်တလောအချိန်မှာ တပည့်တွေအများကြီး ပျောက်ဆုံးနေတယ်...လွန်ခဲ့တဲ့သုံးရက်အကြာက ဆောင်းဦးခြံဝန်းက တပည့်ဆယ်ယောက် ပျောက်သွားတယ်...သူတို့ရဲ့သဲလွန်စကိုသွားရှာဖို့ တပည့်တစ်ယောက်လိုအပ်တယ်....သူတို့ရဲ့သဲလွန်စကိုရှာဖွေနိုင်ရင် အကျိုးဆောင်ရမှတ်ငါးရာရမယ်...ပြီးတော့ သူတို့ကို ပြန်ခေါ်လာနိုင်တာနဲ့ အကျိုးဆောင်ရမှတ်ကိုးထောင်ရမယ်"

လုယွီသည် ထိုတာဝန်၏နံဘေးတွင် တပည့်များပျောက်ဆုံးမှုကိုရှာဖွေနေသော တူညီသည့်တခြားတာဝန်ဆယ်ခုကျော်ခန့်ရှိနေကြောင်း သတိပြုမိသည်။

သို့ရာတွင် ထိုတာဝန်များသည် တခြားတပည့်များအတွက် အလွန်အမင်းစိုးရွံဖွယ်ဖြစ်နေပုံရသည်။တချို့တာဝန်များကို ထုတ်ပြန်ထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုတာဝန်များကိုလက်ခံရန် ဆန္ဒမရှိကြချေ။

"ဒီတာဝန်တွေကို ငါ ဘယ်လိုယူရမှာလဲ"

လုယွီက နံဘေးတစ်ဖက်တွင်ရှိနေသော အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲတစ်ယောက်ကို မေးမြန်းလိုက်၏။

ထိုအကြီးအကဲသည် ခေါင်းငိုက်စိုက်၍ ငိုက်မျဥ်းနေလေရာ တစ်စုံတစ်ယောက်မှ သူ့အားခေါ်ဆိုသည်ကိုကြားချိန်တွင် စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

"မင်းရဲ့တံဆိပ်ပြားကို...မင်း ယူမယ့်တာဝန်ရှိတဲ့ အလင်းကားချပ်နေရာကို ဖိချလိုက်ရုံပဲ"

စကားဆုံးသည်နှင့် သူ၏မျက်လုံးများကို တဖန်ပြန်၍ မှိတ်လိုက်သည်။

လုယွီက သူ့ကိုလျစ်လျှူရှု၍ တာဝန်များကိုဆက်လက်၍ ကြည့်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးအကြည့်က အလင်းကားချပ်၏ထိပ်ဆုံးမှ တာဝန်တစ်ခုပေါ်သို့ ကျရောက်သွားသည်။

Chapter 2298

အလင်းကားချပ်၏အထက်သို့ပို၍ရောက်ရှိလေလေ တာဝန်များက ပို၍ခက်ခဲလာလေလေပင်။

ထိုတာဝန်တွင် ဖော်ပြထားသည်မှာ ကျီးကန်းနက်တောင်ခြေတွင် သေမျိုးမြို့တော်တစ်ခုရှိသည်။သို့ရာတွင် တစ်ရက်၌ ထိုသေမျိုးမြို့တော်တစ်ခုလုံး ညတွင်းချင်းပျောက်ကွယ်သွားသည်။ထိုမြို့တော်တွင်နေထိုင်သော ကျင့်ကြံသူများကိုပင် မမြင်တွေ့ရတော့ချေ။

နောက်ပိုင်းတွင် ထိုသေမျိုးမြို့တော်၏အနီးရှိ ကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းမှနေ၍ ကျောင်းတော်သို့လာရောက်ကာ အကူအညီတောင်းခံခဲ့သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းတွင် အစွမ်းထက်ဆုံးအင်အားစုဟု ဆိုနိုင်သဖြင့် ထိုကိစ္စကို စုံစမ်းစစ်ဆေးရန်အတွက် တပည့်များကို စေလွှတ်ခဲ့လေ၏။

ထိုအချိန်မှစ၍ ယခုထိတိုင် ကျောင်းတော်မှနေ၍ တပည့်များကို သုံးကြိမ်တိုင်တိုင် ဆက်တိုက်စေလွှတ်ခဲ့သည်။

အကြိမ်တိုင်းတွင် ထိုတပည့်အုပ်စု၌ အနည်းဆုံးအနေဖြင့် အလယ်အလတ်အဆင့်တပည့်တစ်ယောက်ပါဝင်သည်။

သို့ရာတွင် ထိုတပည့်များသည် မြို့တော်၏ပရဝုဏ်အတွင်းသို့ ဝင်မိသည်နှင့် အရိပ်အယောင်ပင်မကျန်ဘဲ ပျောက်ကွယ်သွားလေ၏။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ထိုတပည့်များ၏တံဆိပ်ပြားများမှတဆင့် ခြေရာခံရန်ကြိုးပမ်းသော်လည်း သူတို့၏တည်ရှိမှုကို အနည်းငယ်မျှပင် အာရုံခံ၍မရချေ။

ထိုတပည့်များ သေသည်ရှင်သည်ကို မည်သူမျှ မသိရှိပေ။သူတို့သည် လောကကြီးအတွင်းမှ အငွေ့ပျံသွားသကဲ့သို့ပင်။

အစပိုင်းတွင် ကျင့်ကြံသူတချို့သည် ကြိုးစားရန်ကြံရွယ်ခဲ့ကြသော်လည်း ထိုနေရာတွင် ကျောင်းတော်မှတပည့်များပင် ပျောက်ကွယ်သွားသဖြင့် တားမြစ်နေရာတစ်ခုကဲ့သို့ဖြစ်သွားကာ မည်သူကမျှ သွားရောက်ဝံ့ခြင်းမရှိတော့ချေ။

"ကျီးကန်းနက်တောင်ကုန်းဆိုတာက ထန်အာပြောသွားတဲ့နေရာပဲဖြစ်မယ်...ဒီလိုဆိုမှတော့ ငါ တစ်ချက်သွားပြီး ကြည့်ကြည့်တာပေါ့"

လုယွီက စဥ်းစားတွေးတောပြီးနောက် သူ၏တံဆိပ်ပြားကို ထိုတာဝန်ပေါ်သို့ ဖိနှိပ်လိုက်၏။

တံဆိပ်ပြားကျရောက်သွားချိန်တွင် အလင်းကားချပ်၏တာဝန်နေရာမှနေ၍ အလင်းတန်းများဖွဲ့စည်းသွားကာ တံဆိပ်ပြားအတွင်းသို့ ဝင်ရောက်သွားသည်။

ဒေါင်...

တိုးညှင်းသောအသံတစ်သံနှင့်အတူ တံဆိပ်ပြားပေါ်တွင် အလင်းရောင်များ တောက်ပသွားကာ အလင်းကားချပ်ပေါ်ရှိ လုယွီယူဆောင်လိုက်သော တာဝန်နေရာသည် မီးခိုးရောင်သို့ ပြောင်းလဲသွားပေ၏။

"ဘာလဲ...ပျောက်ဆုံးနေတဲ့လူတွေကို ရှာဖွေဖို့တာဝန်ကို တစ်ယောက်ယောက်က ယူလိုက်ပြီလား"

"ဘယ်သူက ဒီလောက်ထိ အတင့်ရဲနေတာလဲ...ကြည့်ရတာတော့ အဲ့ဒီကောင်က အသက်မရှင်ချင်တော့တဲ့ပုံပဲ"

"မြန်မြန်သွားပြီး တစ်ချက်ကြည့်ကြည့်ရအောင်"

ရုတ်ချည်းဆိုသလိုပင် လူအမြောက်အများ၏မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ကျရောက်လာသည်။

အစောပိုင်းက ငိုက်မျဥ်းနေသော အဖြူရောင်ဝတ်စုံဝတ် အကြီးအကဲသည်လည်း နိုးထလာပေ၏။

သူက အနည်းငယ်ရီဝေဝေဖြစ်နေသော သူ၏မျက်လုံးကိုပွတ်သပ်ကာ မျက်မှောင်ကြုတ်၍ ​ပြောဆိုလိုက်သည်။

"မင်းမှာ ထပ်မေးစရာရှိသေးလို့လား"

အနီးအနားရှိတစ်စုံတစ်ယောက်မှနေ၍ လုယွီသည် ပျောက်ဆုံးနေသောတပည့်များကို ရှာဖွေရမည့်တာဝန်ကိုယူလိုက်ကြောင်း သူ့အား အသိပေးသည်။

"ဘာ....ဒီတာဝန်ကို မင်းကယူလိုက်တာလား"

ထိုအကြောင်းကိုကြားချိန်တွင် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ယခင်က တာဝန်ခန်းမ၏ကြီးကြပ်ရေးမှူးမှနေ၍ သူ့အား ဤနေရာကို မျက်ခြည်မပြတ်စောင့်ကြည့်နေရန်နှင့် ထိုတာဝန်ကို လွယ်လင့်တကူယူဆောင်ခွင့်မပြုရန် ထပ်ခါတလဲလဲ ညွှန်ကြားခဲ့သည်။

တပည့်များ မကြာခဏပျောက်ဆုံးနေခြင်းသည် ကျောင်းတော်မှအရေးကြီးပုဂ္ဂိုလ်များကို စိတ်မကျေမနပ်ဖြစ်နေစေသည်။

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ ဤနေရာ၌ရှိနေရသည့်အကြောင်းအရင်းမှာ ထိုတာဝန်ကိုယူဆောင်မည့်သူသည် လုံလောက်အောင်သန်မာအားကောင်းခြင်းရှိမရှိ စောင့်ကြည့်ရန်ပင်။

ဤနေရာသို့ရောက်လာသော တပည့်အများစုသည် သူတို့၏ကိုယ်ပိုင်ခွန်အားကို အတိအကျ ခွဲခြမ်းစိတ်ဖြာနိုင်သဖြင့် မည်သူကမျှ ဤကဲ့သို့ထူးဆန်းသောတာဝန်တစ်ခုကို မယူကြချေ။

ထို့ကြောင့် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် ပျင်းရိလာကာ နောက်ဆုံးတွင် ဤနေရာ၌ငိုက်မျဥ်းနေခြင်းဖြစ်သည်။

သို့ရာတွင် သူ နိုးထလာချိန်၌ လုယွီသည် ထိုတာဝန်ကိုယူဆောင်ပြီးဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

"မင်းက ဘယ်အဆင့်တပည့်လဲ...စည်းမျဥ်းတွေကို မင်း မသိဘူးလား"

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက ဒေါသတကြီး အော်ငေါက်လိုက်၏။

အကယ်၍ တစ်စုံတစ်ရာအမှားအယွင်း ဖြစ်ပေါ်သွားပါက ထိုကောင်လေး သေလမ်းရှာနေခြင်းမှာ အဆင်ပြေသော်လည်း သူ ပါဝင်ပတ်သက်နေသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ငါက ဂျူနီယာတပည့်တစ်ယောက်ပဲ"

ထိုစကားသံထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလူများထံမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

"ခုကြည့်ကြည့်တော့မှ သူက ဂျူနီယာတပည့်တစ်ယောက်ဖြစ်နေတာပဲ...သူ ဒီတာဝန်ကိုယူရဲတာ အံ့အားသင့်စရာမရှိတော့ဘူး"

"ဒီတာဝန် ဘယ်လောက်ထိအန္တရာယ်များတယ်ဆိုတာ သူ သိပုံမရဘူး"

"သေခြင်းရှင်ခြင်းကိုတောင် ခွဲခြားမသိတဲ့ နောက်ထပ်အရူးကောင်တစ်ကောင် ရောက်လာပြန်ပြီ...သူ ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာ ငါ စောင့်ကြည့်အုံးမယ်"

လူတိုင်းက လုယွီကို ဟာသပြက်လုံးတစ်ခုကိုကြည့်နေကြသည့်အလား သရော်တော်တော်အကြည့်ဖြင့် ကြည့်နေကြသည်။

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက ဒေါသတကြီး အော်ငေါက်လိုက်၏။

"ငါ့ကို မင်းရဲ့တံဆိပ်ပြားပေးစမ်း"

Chapter 2299

သို့ရာတွင် လုယွီကမူ ထိုအကြီးအကဲ၏စကားကို လိုက်နာခြင်းမရှိဘဲ မျက်မှောင်ကြုတ်ကာ မေးမြန်းလေသည်။

"ဘာလို့လဲ"

ကျောင်းတော်သို့ သူ ရောက်ရှိလာစဥ်မှစ၍ တံဆိပ်ပြားတစ်ခုသည် တပည့်တစ်ယောက်၏ကိုယ်ရေးအချက်အလက်များကို ကိုယ်စားပြုကြောင်း သူ သိရှိခဲ့ရသည်။

ဤသည်က အရေးအကြီးဆုံးကိစ္စတစ်ရပ်ပင်။တစ်ဖက်လူထံတွင် အခွင့်အာဏာမရှိဘဲ သူ၏တံဆိပ်ပြားကို မပေးနိုင်ချေ။

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

"ငါ မင်းကို မသေစေချင်ဘူး...ဒါ့ကြောင့် ငါ့ကို မင်းရဲ့တံဆိပ်ပြားပေး...ဒီတာဝန်ကို ရုတ်သိမ်းဖို့အတွက် ငါ မင်းကို ကူညီပေးမယ်"

အကယ်၍ ထိုတာဝန်ကိုသာရုတ်သိမ်းလိုက်ပါက လုယွီ၏အကျိုးဆောင်ရမှတ် အမြောက်အများ ဆုံးရှုံးသွားနိုင်သည်။

ထို့ထက်ပို၍ လုယွီ၏အကျိုးဆောင်ရမှတ်သည် အနှုတ်လက္ခဏါပင် ပြသွားနိုင်ပေ၏။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ပြဋ္ဌာန်းထားမှုအရ အကယ်၍ ကျောင်းတော်သားတစ်ယောက်သည် အကြွေးတင်နေသော အကျိုးဆောင်ရမှတ်များကို တစ်လကျော်သည်အထိ ပြန်ဆပ်နိုင်ခြင်းမရှိပါက ကျောင်းတော်မှနေ၍ တိုက်ရိုက်ထုတ်ပယ်ခြင်းခံရပေမည်။

သို့ရာတွင် ထိုသို့ဖြစ်ပျက်လာလျှင်ပင် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲနှင့် သက်ဆိုင်မည်မဟုတ်ချေ။လုယွီသည် သေလမ်းရှာနေခြင်းသာဖြစ်ရာ မည်သည်ကြောင့် သူက ဂရုစိုက်နေရမည်နည်း။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"ငါက ဒီတာဝန်ကိုရုတ်သိမ်းမယ်လို့ မပြောမိပုံပဲ"

ဤတာဝန်သည် သူ အလိုရှိသောအရာပင်။

မည်သည်ကြောင့် သူက လွယ်လင့်တကူ ရုတ်သိမ်းရမည်နည်း။

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက ခက်ထန်တင်းမာသောလေသံဖြင့် ပြောဆိုလေသည်။

"ကျေးဇူးမသိတက်တဲ့ကောင်ပဲ...ငါက မင်းကောင်းဖို့အတွက် လုပ်ပေးနေတာ....တကယ်လို့ မင်းက အဲ့ဒီနေရာကိုသွားမယ်ဆိုရင် သေလမ်းသွားရှာတာနဲ့ အတူတူပဲ"

တခြားတပည့်များကလည်း အေးစက်စက်အကြည့်များဖြင့် ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေကာ လုယွီ မည်ကဲ့သို့တုံ့ပြန်မည်ကို စောင့်ကြည့်နေကြ၏။

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"ငါ့ရဲ့ခွန်အားကို မင်းမသိဘဲနဲ့...ငါက သေလမ်းကိုသွားရှာတာလို့ မင်း ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ...ဒီတာဝန်ကို ငါ ယူပြီးပြီ...မင်း တခြားတာဝန်တစ်ခုကိုသာ ထုတ်ပြန်လိုက်တော့"

ထို့နောက် လုယွီသည် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲကို ထပ်မံ၍အာရုံစိုက်ခြင်းမရှိတော့ဘဲ နောက်သို့ပြန်လှည့်ကာ ထွက်ခွါခဲ့တော့သည်။

"ရပ်လိုက်စမ်း"

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက ရုတ်တရက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"တကယ်လို့ မင်း ဒီတာဝန်ကိုယူချင်တယ်ဆိုရင် အခြေအနေတစ်ခုတော့ လိုအပ်တယ်...ဒီနေရာက တာဝန်ခန်းမရဲ့အနောက်ဘက်ခြံဝန်း...မင်းလိုမျိုး ဂျူနီယာတပည့်တွေ ဆန္ဒရှိသလို ဝင်ထွက်သွားလာလို့ရတဲ့နေရာမျိုးမဟုတ်ဘူး"

လုယွီက မျက်မှောက်ကြုတ်လိုက်သည်။

"ဒီလိုဆိုမှတော့..မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ"

"ဒါက အရမ်းရိုးရှင်းပါတယ်"

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် မလှမ်းမကမ်းအကွာအဝေးရှိ အနက်ရောင်ကျောက်တိုင်တစ်တိုင်ကို လက်ညှိုးညွှန်၍ ပြောဆိုသည်။

"မင်း အဲ့ဒီကျောက်တိုင်ကိုမြင်တယ်မလား...အဲ့ဒီအရာပေါ်မှာ အမှတ်အသားတစ်ခု ထင်ကျန်ရစ်အောင်လုပ်နိုင်တာနဲ့...မင်း ဒီတာဝန်ကို ယူနိုင်ပြီ"

ထိုစကားသံထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိလူများက စတင်၍တီးတိုးပြောဆိုလိုက်ကြ၏။

ဤနေရာ၌ တစ်ချိန်လုံးရှိနေခဲ့သော အနက်ရောင်ကျောက်တိုင်သည် ခွန်အားကိုစမ်းသပ်သော အမှတ်သင်္ကေတတစ်ခုပင်။

တစ်စုံတစ်ယောက်သည် ထိုအရာပေါ်၌ လက်ရာထင်ကျန်အောင် ချန်ထားနိုင်သည်နှင့် ထိုလူသည် အဆင့်မြင့်တာဝန်များကိုလုပ်ဆောင်ရန် အင်အားလုံလောက်သည်ဟု သတ်မှတ်ထားသည်။

"ဒီလိုအပ်ချက် တစ်ခုတည်းပဲလား"

လုယွီက ထပ်မံ၍ မေးမြန်းလိုက်သည်။

အဖြုရောင်ဝတ်စုံဝတ်အကြီးအကဲက ရယ်မောရင်း ပြောဆိုလေသည်။

"အဲ့ဒီလိုအပ်ချက် တစ်ခုတည်းပဲ...မင်းက အဲ့ဒီကျောက်တိုင်ပေါ်မှာ တစ်ခုခုထင်ကျန်အောင်လုပ်နိုင်တာနဲ့...တကယ်လို့ ခြစ်ရာလေးတစ်ခု ဖြစ်နေရင်တောင် မင်း ဒီတာဝန်ကိုယူနိုင်တယ်"

လုယွီ၏မေးခွန်းကိုကြားချိန်တွင် နံဘေးပတ်လည်ရှိ တပည့်များထံမှနေ၍ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

အနောက်ဘက်ခြံဝန်းသို့ရောက်လာသော တပည့်အများစုသည် ထိုအနက်ရောင်ကျောက်တိုင်တည်ရှိမှုကို သိရှိထားကြ၏။

ထိုအရာကို နယ်ခြားနတ်ဘုရားကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ အလွန်အမင်းမာကျောကာ မည်သည့်မှော်စွမ်းအင်နည်းစနစ်မျိုးမျှ သက်ရောက်နိုင်ခြင်းမရှိချေ။

အလွန်အမင်းအားကောင်းသောမှော်စွမ်းအားနှင့်ခွန်အားကို ပိုင်ဆိုင်ထားမှသာလျှင် ထိုအနက်ရောင်ကျောက်တိုင်ပေါ်၌ အမှတ်အသားချန်ထားနိုင်ပေမည်။

လက်ရှိနေရာတွင် ခွန်အားကောင်းသောလူအမြောက်အများရှိနေသော်လည်း ထိုအနက်ရောင်ကျောက်တိုင်ပေါ်တွင် အမှတ်အသားထင်ကျန်အောင် ပြုလုပ်နိုင်မည်ဟု သူတို့ကိုယ်သူတို့ ယုံကြည်ချက်မရှိချေ။

"ကောင်းပြီလေ"

လုယွီက သူ၏လက်ကို အနက်ရောင်ကျောက်တိုင်ပေါ်သို့ ဖိနှိပ်လိုက်၏။

အနက်ရောင်ကျောက်တိုင်ထံမှနေ၍ ကျယ်လောင်သောဆူညံသံကြီး မြည်ဟီးလာသည်ကို ပတ်ဝန်းကျင်ရှိလူများအားလုံး ကြားလိုက်ရသည်။

သို့ရာတွင် အနက်ရောင်ကျောက်တိုင်၏မျက်နှာပြင်ပေါ်တွင် မည်သည့်ပြောင်းလဲသွားမှုမျှမရှိချေ။

ထိုမြင်ကွင်းကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိလူများအားလုံးက သူတို့၏ခေါင်းများကို တပြိုင်နက်တည်း ခါယမ်းလိုက်ကြသည်။

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက သရော်တော်တော် ပြောဆိုသည်။

"ငါ မင်းကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့နော်...အခု သိသာထင်ရှားသွားပြီ...မင်းရဲ့ခွန်အားက ဒီတာဝန်ကိုထမ်းဆောင်ဖို့အတွက် မလုံလောက်ဘူး...ငါ့ကို မင်းရဲ့တံဆိပ်ပြားပေးပြီးတော့ ဒီတာဝန်ကိုရုတ်သိမ်းလိုက်ဖို့ ငါ မင်းကို အကြံပေးချင်တယ်...မဟုတ်ရင် မင်းကိုယ်မင်း သေတွင်းပို့သလိုပဲ ဖြစ်သွားလိမ့်မယ်"

လုယွီက စကားတုံ့ပြန်ပြောဆိုခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။

ထိုအချိန်မှာပင် အဝေးတစ်နေရာမှ လေပြည်လေညှင်းတစ်ချက် တိုက်ခတ်လာခြင်းနှင့်အတူ အနက်ရောင်ကျောက်တိုင်ပေါ်၌ နက်ရှိုင်းသောအက်ကွဲရာကြီးထွက်ပေါ်လာသည်။

Chapter 2300

ထိုအက်ကွဲကြောင်းများသည် ပင့်ကူအိမ်တစ်ခုအလား အနက်ရောင်ကျောက်တိုင်ပေါ်၏မျက်နှာပြင်ပေါ်၌ အလွန်လျှင်မြန်သောအရှိန်ဖြင့် ပျံ့နှံ့သွားသည်။

မျက်တောက်တခတ်စာအချိန်အတွင်းမှာပင် မူလက အလွန်အမင်းမာကျောသောကျောက်တိုင်သည် အက်ကွဲကြောင်းများနှင့်ပြည့်နှက်သွားလေ၏။

ပတ်ဝန်းကျင်ရှိလူများ၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် မာကျောသောကျောက်တိုင်ကြီးသည် ကျွံဝင်သွားကာ နက်ရှိုင်းသောလက်ဝါးရာကြီး စွဲထင်၍ကျန်ရစ်ခဲ့သည်။

ထိုလက်ဝါကြီးကျရောက်သွားသည့် ကျောက်တိုင်နေရာမှကျောက်သားများသည် အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲကာ လွင့်စင်သွားတော့သည်။

လုယွီ၏တိုက်ခိုက်မူသည် ပတ်ဝန်းကျင်မှစောင့်ကြည့်နေကြသူများအားလုံးကို ကြက်သေသေသွားစေသည်။

အစောပိုင်းက လုယွီကို လှောင်ပြောင်သရော်ခဲ့ကြသူများ၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းသွားပေ၏။

အကယ်၍ သူတို့သည် ကျောက်တိုင်ပေါ်၌ အမှတ်အသားထင်ကျန်အောင် စွမ်းဆောင်နိုင်လျှင်ပင် လုယွီ၏တိုက်ခိုက်မှုလောက် ရိုးရှင်းမည်မဟုတ်ကြောင်း သူတို့ ဝန်ခံရပေမည်။

လုယွီ၏လက်ဝါးနှင့်ရိုက်ခတ်မိချိန်တွင် အနက်ရောင်ကျောက်တိုင်သည် ပြိုကွဲသွားလုနီးပါး အခြေအနေသို့ ရောက်ရှိသွားသည်။သို့ရာတွင် ခွန်အားအနည်းငယ်လိုအပ်သွားခြင်းကြောင့်သာ ကျောက်တိုင်တစ်ခုလုံး ပြိုလဲသွားခြင်းမရှိဘဲ လက်ရှိအခြေအနေအတိုင်း ကြွင်းကျန်ခဲ့ခြင်းဖြစ်သည်။

ဤလက်ဝါးရိုက်ချက်ကို ရိုးရှင်းသည်ဟု မည်သူကမျှ တွေးတောထားခြင်းမရှိချေ။အမှန်အားဖြင့် ဤကဲ့သို့ပြုလုပ်နိုင်ရန်အတွက် ခွန်အားကိုအပိုအလိုမရှိ တိကျမှန်ကန်စွာ ထိန်းချုပ်နိုင်ရန်လိုအပ်သည်။

"အခု ငါက ဒီတာဝန်ကို လက်ခံလို့ရပြီလား"

လုယွီက အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲကိုကြည့်၍ မေးမြန်းလိုက်၏။

ကုလားထိုင်ပေါ်၌ထိုင်နေသော အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက သူ့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်သောအကြည့်ဖြင့်ကြည့်နေသည်။

သူသည် ဤနေရာ၌ တစ်ချိန်လုံးနေထိုင်ခဲ့သဖြင့် ထိုကျောက်တိုင်၏မာကျောမှုအဆင့်နှင့်ပတ်သတ်၍ ရှင်းရှင်းလင်းလင်း သိနားလည်ထားသည်။

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် ယခင်က ထိုအနက်ရောင်ကျောက်တိုင်ကိုအသုံးပြု၍ သူ၏ခွန်အားကိုစမ်းသပ်ခဲ့ရာတွင် ထိုအရာပေါ်၌ မှိန်ပျပျဓားခြစ်ရာတစ်ရာ ထင်ကျန်စေရန်သာ စွမ်းဆောင်နိုင်ခဲ့သည်။

သို့ရာတွင် လုယွီကမူ သူ၏မှော်စွမ်းအားအကုန်အစင်ကို အသုံးပြုခဲ့ခြင်းမရှိချေ။သူသည် ရိုးရှင်းသော လက်ဝါးရိုက်ချက်တစ်ချက်ကိုသာ ထုတ်လွှတ်ခဲ့ခြင်းပင်။

ထိုအကြောင်းကိုတွေးတောမိချိန်တွင် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက လုယွီသည် သာမာန်တပည့်တစ်ယောက်မဟုတ်ကြောင်း နားလည်သဘောပေါက်သွားသည်။

"ဒီတာဝန်ကို မင်း ယူလို့ရတာပေါ့...ဂျုနီယာညီလေးက တကယ့်ကိုရဲရင့်တဲ့သူပဲ...ငါက မင်းရဲ့အရည်အချင်းကို မသိခဲ့တဲ့အတွက် တောင်းပန်ပါတယ်"

အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက တောင်းပန်စကားဆိုလေ၏။

အနာဂတ်တွင် ထိုလူငယ်လေး၏အင်အား မည်မျှထိကြီးထွားလာမည်ကို နတ်ဘုရားများသာလျှင် သိရှိပေမည်။အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် လုယွီ သူ့အပေါ်တွင် ရန်ငြိုးမထားရန်ရည်ရွယ်၍ တောင်းပန်နေခြင်းဖြစ်သည်။

အမှန်အားဖြင့် လုယွီသည် ဤကဲ့သို့ကိစ္စငယ်လေးများကို အာရုံစူးစိုက်ခြင်းမရှိချေ။သူ တာဝန်ကိုယူဆောင်နိုင်သရွေ့ အရာအားလုံးဖြေရှင်းရန် လွယ်ကူသွားလေပြီ။

တာဝန်ခန်းမအတွင်းမှ လုယွီ ထွက်ခွါသွားချိန်မှသာလျှင် စောင့်ကြည့်နေကြသူများအားလုံး စိတ်သက်သာရာရသွားကြ၏။

"မြန်မြန်သွားကြစို့...အဲ့ဒီကောင်လေးက နောင်တစ်ချိန်မှာ ကျောင်းတော်ရဲ့အရေးပါတဲ့သူတစ်ယောက်ဖြစ်လာမှာသေချာတယ်...သူ ငါတို့ကို မှတ်မိမသွားစေနဲ့"

တချို့တပည့်များသည် တီးတိုးပြောဆိုကာ ခန်းမအတွင်းမှနေ၍ အလျှင်အမြန် ထွက်ခွါသွားတော့သည်။

လူတိုင်းသည် တခြားတာဝန်များကိုယူဆောင်ရန် အလင်းကားချပ်ထံသို့ လျှောက်လှမ်းသွားကြသဖြင့် ယခုလက်ရှိနေရာတွင် မည်သူမျှကျန်ရှိခဲ့ခြင်း မရှိတော့ချေ။

ထိုအချိန်မှာပင် တူကျန့်ထျန်းက ဤနေရာသို့ အလျှင်အမြန်ရောက်ရှိလာသည်။

"အဲ့ဒီကောင်လေးက သူ့ရဲ့ခွန်အားကို ဒီလောက်ထိနက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားမယ်လို့ ငါ ထင်မထားမိဘူး...သူက ကျောင်းတော်ဝင်ခွင့်စာမေးပွဲကို နောက်ဆုံးကနေ အောင်မြင်ခဲ့တာက တမင်တကာ လုပ်ခဲ့တာပဲဖြစ်မယ်...သူက နှိမ့်ချပြီးနေချင်ပုံရတယ်...ဟီး ဟီး...ဒါက နည်းနည်းတော့စိတ်ဝင်စားစရာပဲ"

တူကျန့်ထျန်း၏မျက်လုံးအတွင်း၌ သွေးဆာသောအလင်းတန်းများ ဖြတ်ပြေးသွားသည်။

သူကလက်ကိုဆန့်တန်းကာ အနက်ရောင်ကျောက်တိုင်ပေါ်သို့ ဖိနှိပ်လိုက်၏။

သို့ရာတွင် သူ အနည်းငယ်ဖိနှိပ်လိုက်ရုံဖြင့် ကုလားအုတ်၏နောက်ကျောမှ နောက်ဆုံးကောက်ရိုးမျှင်ကျိုးပျက်သွားသည့်အလား ကျောက်တိုင်တစ်တိုင်လုံး ရုတ်တရက် ကြေမွပျက်စီးသွားတော့သည်။

ထိုသို့ဖြစ်ရသည်မှာ အစောပိုင်းက လုယွီ၏လက်ဝါးရိုက်ချက်သည် အနက်ရောင်ကျောက်တိုင်၏အတွင်းပိုင်းကို အပြည့်အဝ ကြေမွှပျက်စီးစေခဲ့သောကြောင့်ပင်။

သို့ရာတွင် ပြင်ပမှကြည့်ပါက ထိုအခြေအနေကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်မည်မဟုတ်ချေ။

"ဟား ဟား ဟား"

တူကျန့်ထျန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဒီလိုလူမျိုးကိုသတ်ဖို့ကိုပဲ...ငါ စိတ်ဝင်စားတယ်"

နေမင်းမီးတောက်ကြယ်မြစ်အတွင်း၌ တူကျန့်ထျန်း၏အကျင့်စရိုက်သည် အရည်အချင်းရှိသောပါရမီရှင်များကို အမဲလိုက်ဖမ်းဆီးခြင်းပင်။

ထိုပါရမီရှင်များသည် သူတို့ကိုယ်သူတို့ မည်မျှထိကောင်းမွန်စွာ ဖုံးကွယ်ထားပါစေ တူကျန့်ထျန်းကို ရန်စမိသည်နှင့် သူတို့၏ကျင့်ကြံဆင့်များကို ဖျက်ဆီးခြင်းခံရသည်။တူကျန့်ထျန်း၏လက်အတွင်း၌ မသန်မစွမ်းဘဝသို့ရောက်သွားသော ကျင့်ကြံသူအမြောက်အများရှိပေ၏။ထိုကျင့်ကြံသူများကို အကျဥ်းထောင်များအတွင်း၌ ဖမ်းဆီးထားကာ သူတို့ကိုယ်သူတို့ သတ်သေခြင်းမှဟန့်တားနိုင်ရန် အစောင့်များဖြင့်စောင့်ကြပ်ထားလေသည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများကြောင့် တူကျန့်ထျန်းသည် ဆိုးရွားသောနာမည်ဂုဏ်သတင်းဖြင့် ကျော်ကြားလာခဲ့သည်။

All Chapters