← Chapters

အခန်း (၂၃၀၁-၂၃၀၅)

Vol. 118 Ch. 2301-2305

အခန်း (၂၃၀၁-၂၃၀၅)

Vol. 118 Ch. 2301-2305

Chapter 2301

တာဝန်ခန်းမမှထွက်ခွါခဲ့ပြီးနောက် လုယွီသည် ဆက်လက်၍ကျင့်ကြံရန်အတွက် သူ၏အခန်းသို့ပြန်သွားလိုက်၏။

ယခုလက်ရှိချိန်တွင် သူ၏မိုးကောင်းကင်လှိုဏ်ဂူသည် ရေများပြည့်နှက်နေသော တာတမံတစ်ခုနှင့်တူညီနေသည်။

အကယ်၍ သူ ရှေ့သို့ဆက်လက်၍လျှောက်လှမ်းလိုပါက ရေများပိုမို၍သိုလှောင်နိုင်ရန်အတွက် တာတမံ၏အဆင့်ကိုမြှင့်တင်ရန် လိုအပ်သည်။

သူ၏ခန္ဓာကိုယ်မှ တလိမ့်လိမ့်လူးလွန့်နေသော မှော်စွမ်းအင်လှိုင်းများသည် မိုးကောင်းကင်ယံထိတိုင် မြင့်တက်နေပေ၏။ရံဖန်ရံခါ ထိုမှော်စွမ်းအင်လှိုင်းများအကြားတွင် နတ်ဘုရားစွမ်းရည်များရောယှက်နေကာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေသည်။ဤသည်က အလွန်အမင်းဆန်းကြယ်သော ကိစ္စတစ်ရပ်ပင်။

"လုယွီ...ငါ ရုတ်တရက်ကြီး ဆိုးရွားတဲ့ခံစားချက်မျိုးရနေတယ်"

ထိုအချိန်မှာပင် မျောက်က သုန်မှုန်နေသောမျက်နှာအမူအယာနှင့် ပြောဆိုသည်။

လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။

"ဘာဖြစ်တာလဲ"

ဤမျောက်သည် ယခုကဲ့သို့ အလေးအနက်ထားသော မျက်နှာအမူအယာမျိုးဖြစ်နေသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။

မျောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"လောကကြီးရဲ့ဥပဒေသတွေ ပြောင်းလဲမှုတချို့ ဖြစ်သွားပုံရတယ်...ဗုဒ္ဓနယ်မြေထဲက တစ်စုံတစ်ယောက်က ကျင့်ကြံမှုရဲ့တစ်ဖက်ကမ်းကိုရောက်သွားပြီးတော့ ထာဝရအသက်ကိုပိုင်ဆိုင်သွားပြီဆိုတာ ငါ ခံစားမိတယ်"

ထာဝရအသက်ဟု ဆိုသလော...

လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။ဤသည်က သူ၏အတိတ်ဘဝတွင်ပင် ထိတွေ့ခဲ့ဖူးခြင်းမရှိသော နယ်ပယ်တစ်ခုပင်။

"ဒါပေမယ့် ဒါက အစစ်အမှန်ထာဝရအသက် မဖြစ်နိုင်ဘူး...မဟုတ်ရင် ကောင်းကင်နဲ့မြေပြင်တစ်ခုလုံး တုန်ခါသွားလိမ့်မယ်...ဒီတိုင်းကြီးဖြစ်မနေမှာ သေချာတယ်...ဒါပေမယ့် ထူးဆန်းတာတစ်ခုက ဒါက ထာဝရအသက်လို့ ငါ ရှင်းရှင်းလင်းလင်းခံစားမိနေတယ်"

မျောက်က ညည်းတွားလိုက်၏။

လုယွီသည် အချိန်တခဏကြာ အာရုံခံလိုက်သော်လည်း ထောင်နှင့်ချီသောဥပဒေသများအကြားတွင် မူမမှန်သောအရိပ်အယောင်တစွန်းတစကိုသာ သတိပြုမိသည်။

သို့ရာတွင် ဤသည်က မူမမှန်မှုရှိသည်ဆိုရုံမျှသာပင်။ဗုဒ္ဓနယ်မြေအတွင်းမှ တစ်စုံတစ်ယောက်သည် မဟာတာအိုကို ပြီးမြောက်အောင်မြင်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဗုဒ္ဓနယ်မြေက ပျောက်ကွယ်သွားခဲ့တာ အချိန်အတော်ကြာနေပြီလေ...မင်းက ဘယ်လိုလုပ်ပြီးတော့ အာရုံခံနိုင်တာလဲ"

လုယွီက မေးမြန်းလိုက်သည်။

မျောက်၏မျက်နှာပေါ်တွင် ရုတ်တရက် ထူးဆန်းသောအရိပ်အယောင်မျိုးထင်ဟပ်လာကာ သူ၏မျက်လုံးအတွင်း၌ စူးရှသောအလင်းတန်းများ တောက်ပလာသည်။

"တကယ်တော့...ငါ့ရဲ့နှလုံးက ဗုဒ္ဓနယ်မြေထဲမှာ ကျန်နေခဲ့တယ်"

မျောက်သည် ရိုးရှင်းစွာပြောဆိုလိုက်ခြင်းဖြစ်သော်လည်း သူ၏လေသံအတွင်းမှနေ၍ အလွန်နက်ရှိုင်းသော ရန်ငြိုးမုန်းတီးမှုများကို အာရုံခံနိုင်သည်။

လုယွီ၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီသွားသည်။မျောက်သည် ဗုဒ္ဓနယ်မြေကို အလွန်နာကျည်းမုန်းတီးနေကြောင်း သူ သဘောပေါက်သွားပေ၏။ထိုသို့မဟုတ်ပါက မျောက်သည် ထိုအကြောင်းများနှင့်ပတ်သတ်၍ စကားတစ်ခွန်းမျှ ထုတ်ဖော်ပြောဆိုမည်မဟုတ်ချေ။

ရှေးဟောင်းအလယ်ခေတ်အတွင်းမှ နောက်ဆုံးအင်မော်တယ် သေဆုံးသွားချိန်မှစ၍ ယခုခေတ်ကာလအတွင်းတွင် ထာဝရအသက်ကိုရရှိပိုင်ဆိုင်သွားသူဟူ၍ မရှိတော့ချေ။

ထိပ်သီးတာအိုသခင်များနှင့်အုပ်စိုးသူအရှင်သခင်များပင်လျှင် အချိန်များကြာညောင်းလာသည်နှင့်အမျှ အခိုးအငွေ့များကဲ့သို့ ပျောက်ကွယ်သွားသည်။

အကယ်၍ မဟာတာအိုကိုအောင်မြင်ပြီးမြောက်ခဲ့သော တစ်စုံတစ်ယောက်သာ ထွက်ပေါ်လာပါက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားပေမည်။

နှစ်ပေါင်းအလွန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေကြသော မွန်းစတားအိုကြီးများပင်လျှင် ထိုသတင်းကိုကြားသိသည်နှင့် စုံစမ်းစစ်ဆေးရန်အတွင် ပြင်ပသို့ထွက်လာပေလိမ့်မည်။

"ကြည့်ရတာတော့ ငါ အခွင့်အရေးရလို့ရှိရင် ဗုဒ္ဓနယ်မြေကို တစ်ချက်သွားကြည့်ရမယ့်ပုံပဲ"

လုယွီက နက်နက်နဲနဲ စဥ်းစားတွေးတောနေသည်။

ထိုအချိန်မှာပင် အပြင်ဘက်ခြံဝန်းတံခါးသည် ရုတ်တရက် ရိုက်ချိုးဖွင့်ခြင်းခံလိုက်ရ၏။

သို့ရာတွင် လုယွီက သူ၏မျက်လုံးများကိုမှိတ်ထားကာ ပလ္လင်ခွေထိုင်နေဆဲပင်။

အပြင်ဘက်ခြံဝန်းအတွင်း၌....

ကျိုးခိုင်နှင့်နောက်လိုက်တစ်စုက မောက်မာဝံ့ကြွားသော အမူအယာများနှင့် ခြံဝန်းအတွင်းသို့ ဝင်ရောက်လာသည်။

လုယွီ၏အဖြေစာရွက်သည် အဓိပ္ပါယ်မရှိသောအရာများကိုရေးသားထားခြင်းဖြစ်သည်ဟု မိုဖုန့်ချိုးထံမှ သူတို့က သတင်းရရှိထားပြီးလေပြီ။

မိုဖုန့်ချိုးကိုယ်တိုင်ပင်လျှင် ထိုမေးခွန်းများကို နားလည်သဘောပေါက်ခြင်းမရှိချေ။

မိုဖုန့်ချိုးက သူ၏စုတ်တံကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ လုယွီ၏အဖြေစာရွက်ကို အနိမ့်ဆုံးအဆင့်ဟု သတ်မှတ်လိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်၏အဖြေစာရွက်ကို အနိမ့်ဆုံးအဆင့်ဟု သတ်မှတ်ခံရပါက ထိုလူသည် ဖြေဆိုသူများအကြားတွင် အညံ့ဖျင်းဆုံးဟုယူဆနိုင်ကာ ကျောင်းတော်မှနေ၍ ထုတ်ပယ်ခြင်းခံရပေမည်။

ကျိုးခိုင်သည် သူ့ရှေ့ဤ လုယွီ ဒူးထောက်၍ အသနားခံတောင်းပန်နေမည်ကို ကြည့်ရှုရန် မစောင့်ဆိုင်းနိုင်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ လစဥ်လတိုင်း ကျောင်းတော်၏စစ်ဆေးစမ်းသပ်မှုစာမေးပွဲ၌ ကျရှုံးခဲ့သဖြင့် ထုတ်ပယ်ခံရမည့်သူများသည် အဆက်မပြတ်ငိုကြွေးကာ အသနားခံတောင်းပန်ကြ၏။

ကျိုးခိုင်သည် ယခင်က လုယွီကြောင့် အရှက်ရခဲ့သဖြင့် ယခုချိန်သည် သူ လက်စားပြန်ချေရန် အချိန်ကောင်းပင်။

"သွားကြ...အဲ့ဒီကောင်လေးကို ခေါ်ထုတ်ခဲ့ကြစမ်း...သူက ငါ့ရှေ့မှာဒူးထောက်ပြီး တောင်းပန်နေတာကို ငါ မြင်ချင်တယ်"

ကျိုးခိုင်က မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။

သူ၏နောက်ရှိ နောက်လိုက်တပည့်တစ်စုကလည်း ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကြ၏။သူတို့သည် လုယွီအခန်းအတွင်းသို့ ပြေးဝင်၍ဆွဲထုတ်ရန် မအောင့်အည်းနိုင်ကြတော့ချေ။

သို့သော် သူတို့သည် လုယွီ၏ခြံဝန်းအတွင်းသို့ ခြေချလုဆဲဆဲအချိန်မှာပင် ခြံဝန်း၏ကြမ်းပြင် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ထို့နောက် ရုတ်တရက် ခြံဝန်း၏နံဘေးပတ်လည်မှနွယ်ပင်များ အရူးအမူးကြီးထွားလာကာ ထိုလူများထံဦးတည်၍ ပြေးဝင်သွားလေ၏။

Chapter 2302

"အဲ့ဒီကောင်လေးက ကြိုတင်ပြင်ဆင်ထားတာလား...ဟား ဟား ဟား...ဒါက အသုံးမဝင်တဲ့ လှုပ်ရှားမှုပဲ"

ခြံဝန်းအတွင်း၌ ဝင်္ကပါတစ်ခုခင်းကျင်းထားသည်ကိုမြင်ချိန်တွင် ကျိုးခိုင်က အံ့အားသင့်သွားသည်။

သို့ရာတွင် သူက အလျှင်အမြန် တုံ့ပြန်လိုက်၏။သူက အင်္ကျီလက်မောင်းကြားမှ အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူကာ ထိုအရာအတွင်းသို့ သူ၏မှော်စွမ်းအားများကိုထည့်သွင်း၍ အသက်သွင်းလေသည်။

ရုတ်ချည်းဆိုသလိုပင် သူ၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့မှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ထို့နောက် ထိုအဆောင်လက်ဖွဲ့မှနေ၍ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များထွက်ပေါ်လာကာ နွယ်ပင်များထံသို့ဦးတည်၍ ပျံသန်းသွားသည်။

ထိုနွယ်ပင်များပေါ်သို့ မီးတောက်များတွယ်ကပ်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် လောင်ကျွမ်းသွားကာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး မီးပင်လယ်ကြီးဖြစ်သွားလေ၏။

မီးတောက်များဖြင့် လောင်ကျွမ်းခြင်းခံရမှုကြောင့် နွယ်ပင်များသည် အားပျော့၍ မြေပြင်ပေါ်သို့ပြုတ်ကျကာ တခြားတပည့်များကိုခြိမ်းခြောက်နိုင်ခြင်းမရှိတော့ချေ။

ပထမဆုံးတွေ့ရသော နွယ်ပင်များသည် မီးတောက်များ၏ဖိအားပေးမှုကြောင့် နောက်သို့ဆုတ်သွားရသည်။မမျှော်လင့်ဘဲ ထိုအရာများ၏နောက်တွင် နောက်ထပ်နွယ်ပင်လှိုင်းတစ်လှိုင်းရှိနေကာ တပည့်များထံသို့ တရကြမ်းတိုးဝင်လာလေ၏။

ထိုတပည့်များသည် အံ့အားသင့်တုန်လှုပ်သွားကာ နွယ်ပင်များကို ခုခံတားဆီးရန်အတွက် သူတို့၏ဓားများကို ဝှေ့ယမ်းလိုက်ကြသည်။

သို့ရာတွင် ထိုနွယ်ပင်များကို ရင်ဆိုင်ဖြေရှင်းရန်မှာ အလွန်အမင်းခက်ခဲသည်။ထိုတပည့်များ၏ခွန်အားသည် သန်မာသည်ဟုဆိုနိုင်သည့်တိုင် နွယ်ပင်များသည် သူတို့၏ခြေလက်များကို ရစ်ပတ်သွားသဖြင့် သူတို့အားလုံး မလှုပ်ရှားနိုင်ကြတော့ချေ။

ထို့ပြင် ထက်ရှသောနွယ်ပင်များသည် ပိတ်လှောင်ခြင်းခံထားရသောတပည့်များ၏ ခန္ဓာကိုယ်အရေပြားကိုထွင်းဖောက်သွားချိန်တွင် သူတို့သည် ထုံကျင်လာမှုကို ခံစားလိုက်ရပြီး မည်သည့်မှော်စွမ်းအားကိုမျှ ထုတ်ဖော်အသုံးပြုနိုင်စွမ်းမရှိတော့ပေ။

"ခေါင်းဆောင်ကိုဖမ်းပြီးမှ ကျန်တာတွေကိုနှိမ်နင်းရမယ်...မင်းတို့ အထဲကိုဝင်ပြီး ဟိုကောင်စုတ်လေးကို အရင်ဖမ်းဆီးကြစမ်း"

ကျိုးခိုင်က ဒေါသတကြီး ပြောဆိုလိုက်၏။

သူသည်လည်း နွယ်ပင်များကြားတွင် ပိတ်မိနေကာ မလှုပ်ရှားနိုင်ချေ။

ရှေ့ဆုံးမှပြေးဝင်သွားခဲ့သော တပည့်တချို့သည် နောက်ဆုံး၌ လုယွီ၏အခန်းတံခါးရှေ့သို့ ရောက်ရှိသွားသည်။

သို့ရာတွင် သူတို့သည် တံခါးအနီးသို့ချဥ်းကပ်မိသည်နှင့် မြေပြင်ပေါ်ရှိကျောက်ချပ်များ ချက်ချင်းဆိုသလိုပင် ကျွံကျသွားသည်။ထိုတပည့်များသည် သတိလက်လွတ်ဖြစ်နေကြသဖြင့် ကျင်းနက်ကြီးအတွင်းသို့ ပြုတ်ကျသွားတော့သည်။

ကျွီ...

ထိုအချိန်မှာပင် အခန်းတံခါး ပွင့်လာသည်။

လုယွီက အမူအယာကင်းမဲ့စွာဖြင့် ပြင်ပသို့ထွက်လာကာ ပြောဆိုလိုက်၏။

"မင်းတို့ကောင်တွေက ဘာကိစ္စရှိလို့ ငါ့ဆီကိုရောက်လာတာလဲ"

ကျိုးခိုင်သည် လုယွီကိုမြင်တွေ့ချိန်တွင် သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများတဟုန်းဟုန်းထလာသည်။သူက အလျင်စလို အော်ဟစ်လိုက်သည်။

"ကောင်လေး...မင်းက ငါတို့ကိုဆန့်ကျင်ပြီးတိုက်ခိုက်ဝံ့သေးတာလား...မင်းက ဘာကောင်မလို့လဲ...ငါတို့ကို မြန်မြန်လွှက်ပေးပြီး ဒူးထောက်တောင်းပန်စမ်း"

ဖြောင်း...

သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် သူ၏နံဘေးနားရှိနွယ်ပင် ရုတ်တရက်ဝှေ့ယမ်းလာကာ သူ၏ပါးကိုဖြတ်ရိုက်လေ၏။

ရုတ်ချည်းဆိုသလိုပင် တောက်ပသောအနီရောင်အရှိုးရာကြီးက ကျိုးခိုင်၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

"မင်း..မင်း...မင်းက ငါ့ကို တကယ်ကြီးရိုက်ဝံ့တယ်ပေါ့လေ"

ကျိုးခိုင်က သူ၏မျက်နှာကိုဖုံးအုပ်ကာ မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ သူ့အား လုယွီတုံ့ပြန်တိုက်ခိုက်ဝံ့မည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။

သူသည် အလယ်အလတ်အဆင့်တပည့်တစ်ယောက်ဖြစ်ပြီး လုယွီသည် ယခုလတ်တလောမှ ဂိုဏ်းအတွင်းသို့ဝင်လာသော တပည့်သစ်တစ်ယောက်ဖြစ်သည်။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"မင်းတို့က အခွင့်အာဏာမရှိဘဲ ငါ့ရဲ့ခြံဝန်းထဲကို ကျုးကျော်ဝင်ရောက်လာတယ်...ငါ မင်းတို့ကို သတ်မပစ်တာကပဲ အလျှော့ပေးဆက်ဆံထားတာလို့ ပြောလို့ရတယ်....မင်းတို့က ငါ့ဆီကို ဘာကိစ္စနဲ့ရောက်လာတာလဲ"

လုယွီသည် တံခါးပိတ်ကျင့်ကြံမှုမစတင်မီ သူ၏ခြံဝန်းအတွင်း၌ ရိုးရှင်းသောအကာအကွယ်ဝင်္ကပါတစ်ခုကို ခင်းကျင်းထားခဲ့သည်။

ထိုဝင်္ကပါကို သေးငယ်သော သဘာဝစွမ်းအင်ဝင်္ကပါတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ကျိုးခိုင်တို့လူစုကိုရင်ဆိုင်ရန် လုံလောက်သည်ထက်ပင် ကျော်လွန်ပေ၏။

ဤအချိန်အခိုက်အတန့်တွင် ကျိုးခိုင်၏ခန္ဓာကိုယ်တစ်ခုလုံးကို နွယ်ပင်များက တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားလေရာ သူ အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်းမရှိတော့ချေ။သူ၏သေခြင်းရှင်ခြင်းသည် လုယွီ၏လက်အတွင်းသို့ အမှန်တကယ် ကျရောက်နေလေပြီ။

ကျိုးခိုင်က ကောက်ကျစ်ယုတ်မာသောလေသံဖြင့် ပြောဆိုသည်။

"ငါ ဒီနေရာကိုလာတာ မင်းရဲ့အဖြေစာရွက်က အနိမ့်ဆုံးအဆင့်လို့ သတ်မှတ်ခံရတယ်ဆိုတာ လာပြောတာပဲ...မကြာခင်မှာ မင်းက ကျောင်းတော်ကနေ ထုတ်ပယ်ခံရတော့မယ်...ဒါပေမယ့် မင်း ငါ့ကို တောင်းပန်မယ်ဆိုရင်တော့...ငါ မင်းကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးကောင်းပေးနိုင်လိမ့်မယ်"

အနိမ့်ဆုံးအဆင့်ဟု ဆိုလိုက်သလော...

လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ကြည့်ရတာတော့ မင်းတို့က ငါ့ရဲ့အဖြေစာရွက်ကို အကဲဖြတ်ဖို့ အရည်အချင်းမမီတာပဲဖြစ်မယ်...ဟုတ်တယ်မလား"

ကျိုးခိုင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေသည်။

"ငါတို့က အဖြေစာရွက်တွေကိုအကဲဖြတ်ဖို့ အရည်အချင်းမမီဘူးဆိုတာက အမှန်ပဲ...ဒါပေမယ့် အဖြေစာရွက်တွေကို အကဲဖြတ်ခဲ့တဲ့သူက ငါတို့ရဲ့ဆရာသခင်ပဲ...ဘယ်လိုလဲ...အခုချက်ချင်း မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီးတောင်းပန်မယ်ဆိုရင်တော့ ငါ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်"

ကျိုးခိုင်၏စိတ်နှလုံးသားအတွင်း၌ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။မည်သူတစ်ဦးတစ်ယောက်ကမျှ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ထုတ််ပယ်ခြင်းခံလိုမည်မဟုတ်ဟု သူ သုံးသပ်ထားလေ၏။

Chapter 2303

တစ်စုံတစ်ယောက်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းသို့ ဝင်ရောက်မိသည်နှင့် ပေါကြွယ်ဝသောကျင့်ကြံခြင်းအရင်းအမြစ်များနှင့်ထူထပ်သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအင်များ၏ ဆွဲဆောင်ခြင်းကို ခံရပေမည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်နိုင်ခဲ့သော ကျင့်ကြံသူများ၏ ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် တိုးတက်လာပေ၏။

ဤသည်က တပည့်အများစု ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ထွက်ခွါမသွားလိုသော အကြောင်းအရင်းလည်းဖြစ်သည်။

ကျိုးခိုင်က လုယွီကိုစူးစိုက်ကြည့်၍ ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့်ပြောဆိုသည်။

"ဘယ်လိုသဘောရလဲ...ငါက ဆရာသခင်ရဲ့အကြီးဆုံးတပည့်နော်....မင်း ငါ့ကို တောင်းပန်လိုက်တာနဲ့ ငါ မင်းကို ကူညီပေးနိုင်တယ်"

ကျိုးခိုင်သည် လုယွီ၏အတွေးများအားလုံးကို သူ ခန့်မှန်းနိုင်သည်ဟု တွေးတောနေသော်လည်း အမှန်အားဖြင့် သူ မှားယွင်းနေလေပြီ။

လုယွီသည် မေးခွန်းများကိုဖြေဆိုရာတွင် ရည်ရွယ်ချက်ရှိရှိဖြင့် အပြည့်အစုံဖြေဆိုခဲ့ခြင်းမရှိသော်လည်း စမ်းသပ်စာမေးပွဲကို ကျော်ဖြတ်နိုင်ရန်အတွက်မူ အကြွင်းမဲ့လုံလောက်သည်။

သူ၏အဖြေစာရွက်သည် အနိမ့်ဆုံးအဆင့် ရရှိသည်ဟူသောအချက်မှာ မည်သည့်နည်းနှင့်မျှမဖြစ်နိုင်ချေ။

ထိုလူများသည် လှည့်စားမှုများပြုလုပ်ခဲ့သည်မှာ သိသာထင်ရှားလှ၏။

"ကျောင်းတော်ရဲ့စမ်းသပ်စာမေးပွဲမှာ...တကယ်လို့ တပည့်တွေကို ထုတ်ပယ်ချင်တယ်ဆိုရင် မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ရဲ့ အတည်ပြုမှုလိုအပ်တယ်...မင်းတို့ရဲ့ဆရာသခင်မှာ ဒီလိုမျိုးအရည်အချင်းရှိလို့လား"

လုယွီက သူ့ရှေ့ရှိလူစုကို လျစ်လျှူရှု၍ သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ပြင်းထန်သောလေပြင်းတစ်ချက်က ရုတ်တရက် ခြံဝန်းတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။

ကျိုးခိုင်နှင့် သူ၏နောက်လိုက်တစ်စုသည် နွယ်ပင်များ၏ချုပ်နှောင်ခံရမှုမှ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာလေ၏။

ဘုန်း...ဘုန်း...ဘုန်း...

ကျိုးခိုင်တို့လူစုသည် မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသဖြင့် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်လာမှုကို ခံစားရသည်။

"စီနီယာအကို...အဲ့ဒီကောင်လေးကိုကြည့်ရတာ ကျွန်တော်တို့ကို နည်းနည်းလေးတောင်မှ ကြောက်ပုံမရဘူး"

လက်အောက်ငယ်သားများအနက်မှတစ်ယောက်က အံ့အားသင့်စွာဖြင့် ပြောဆိုသည်။

အကယ်၍ တခြားတပည့်များသာ သူတို့ကဲ့သို့ အလယ်အလတ်အဆင့်တပည့်များ၏ ပစ်မှတ်ထားခြင်းခံရပါက ခွင့်လွှတ်ပေးရန်အတွက် အဆက်မပြတ် အသနားခံတောင်းပန်ကြသည်။

သို့ရာတွင် သူတို့ရှေ့ရှိကောင်စုတ်လေးကမူ သူတို့အား ခေါင်းမာမာနှင့် တန်ပြန်တိုက်ခိုက်နေလေ၏။

ဤသည်က အနည်းငယ်မျှပင် ကျိုးကြောင်းဆီလျော်ခြင်းမရှိချေ။

ကျိုးခိုင်က ဒေါသတကြီး ပြောဆိုလေသည်။

"မင်းတို့က ဘာတွေကြောက်နေကြတာလဲ..ငါတို့မှာ နောက်ဆုံးဝှက်ဖဲရှိသေးတယ်လေ"

စကားဆုံးသည်နှင့် ကျိုးခိုင်သည် သူ၏အင်္ကျီလက်မောင်းကြားမှ အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူကာ လုယွီ၏ခြံဝန်းတံခါးပေါ်၌ ကပ်လိုက်၏။

ဝုန်း....

ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခြံဝန်းအတွင်းမှ စိတ်ဝိညာဥ်စွမ်းအင်များအားလုံး ပျောက်ကွယ်သွားကာ သူ၏အိမ်တံခါးကိုလည်း ချိပ်ပိတ်ခြင်းခံလိုက်ရသည်။

"ကောင်လေး...မင်းရဲ့တံဆိပ်ပြားကို အခုချိပ်ပိတ်လိုက်ပြီ...နောက်ရက်အနည်းငယ်အတွင်းမှာ တရားဝင်ထုတ်ပြန်ချက် ထွက်လာတဲ့အခါကျရင် မင်း ဘယ်လိုဆက်လုပ်မလဲဆိုတာ ငါ ကြည့်အုံးမယ်"

ကျိုးခိုင်က ယုတ်မာကောက်ကျစ်သောအပြုံးနှင့်ပြောဆိုသည်။

သူ၏လက်အတွင်း၌ ကျောင်းတော်မှနေ၍ ဟောပြောသူများကိုပေးအပ်ထားသော အထူးအခွင့်အရေးရှိနေသည်။

ထိုအခွင့်အရေးကိုအသုံးပြု၍ ဆိုးရွားသောစရိုက်ရှိသည့် တပည့်များကို အပြစ်ပေးနိုင်လေ၏။သူ၏လုပ်ပိုင်ခွင့်ဖြင့် တပည့်တစ်ယောက်၏တံဆိပ်ပြားကို အများဆုံးခုနစ်ရက်ထိတိုင် ချိပ်ပိတ်ထားနိုင်သည်။

ဤအချိန်အတောအတွင်းတွင် ထိုတပည့်သည် အိမ်အတွင်းရှိစိတ်ဝိညာဥ်စုစည်းခြင်းဝင်္ကပါကို အသုံးပြုနိုင်မည်မဟုတ်သည့်အပြင် သူ၏တံဆိပ်ပြားကိုအသုံးပြု၍ တာဝန်များလက်ခံခြင်း ဟောပြောပွဲများတက်ရောက်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ထို့ပြင် ထိုတပည့်သည် အိမ်အတွင်းသို့ပင် ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ခုနစ်ရက်ဆိုသည်မှာ တိုတောင်းသောအချိန်ကာလဖြစ်သော်လည်း ကျောင်းတော်အတွင်းမှတပည့်များသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် လေ့ကျင့်နေကြ၏။အကယ်၍ တစ်စုံတစ်ယောက်သည် ခုနစ်ရက်ခန့်နောက်ကျသွားပါက တခြားသူများ၏နောက်တွင် ကျန်နေရစ်ပေမည်။

အချိန်ခုနစ်ရက်သည် မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်မှ အတည်ပြု၍ တရားဝင်ကြေငြာချက်ကိုထုတ်ပြန်ရန် လုံလောက်သည်။

လုယွီက ကျိုးခိုင်တို့လူစုကို ဝေ့ဝိုက်ကြည့်ကာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"နောင်တစ်ချိန်ကျရင်...ဒီကိစ္စအတွက် မင်းတို့ နောင်တမရကြနဲ့"

"နောင်တရရမှာလား...မင်းတွေးနေတဲ့အရာကို ငါ သိတယ်...အခုချိန်မှာ အကြီးအကျယ်နောင်တရနေတဲ့သူက မင်းပဲဖြစ်လိမ့်မယ်"

ကျိုးခိုင်က သရော်တော်တော်ပြောဆိုသည်။

သို့ရာတွင် လုယွီကမူ သူတို့ကို လျစ်လျှူရှုကာ ခြံဝန်းအတွင်းမှထွက်ခွါ၍ ကျောင်းတော်၏အနောက်ဘက်တောင်တန်းဆီသို့ ဦးတည်၍ လျှောက်လှမ်းလိုက်၏။

ဤနေရာတွင် တောတောင်ထူထပ်ပြီး စိတ်ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝသည်။လုယွီက လှိုဏ်ဂူတစ်ဂူတူးဖော်၍ အတွင်း၌ ဆက်လက်၍ကျင့်ကြံနေခဲ့သည်။

သူသည် ရလဒ်နှင့်ပတ်သတ်၍ စိုးရိမ်ပူပန်ခြင်းမရှိချေ။အကယ်၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရှိ မဟာကွန်ဖြူးရှပ်ပညာရှင်များကသာ သူ၏အဖြေများကို နားမလည်ပါက ဤကျောင်းတော်သည် အပြည့်အဝပျက်စီးနေပြီဟု ယူဆနိုင်သည်။

လုယွီထွက်ခွါသွားသည်ကိုကြည့်ပြီး ကျိုးခိုင်က အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်၏။

"ဟမ့်...တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်လာတဲ့အချိန်ကျမှ မင်း ဘယ်လိုငိုယိုနေမလဲဆိုတာ ငါ ကြည့်အုံးမယ်"

ညအချိန်၌...

တာအိုရှာဖွေခြင်းခန်းမဆောင်အတွင်းရှိ အခန်းတစ်ခန်းသည် ဖယောင်းတိုင်မီးများဖြင့် လင်းလက်တောက်ပနေပေ၏။

စူးရှတောက်ပသောမျက်လုံးတစ်စုံရှိသော အဖိုးအိုတစ်ယောက်သည် ထိုင်ခုံတစ်လုံးပေါ်၌မှီ၍ သူ့ရှေ့ရှိစားပွဲပေါ်မှ အဖြေလွှာစာရွက်များကို အကဲဖြတ်နေသည်။

ဤအချိန်သည် ညဥ့်နက်ပိုင်းသို့ရောက်ရှိနေသော်လည်း အဖိုးအိုကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေပုံမရှိချေ။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက အဖိုးအို၏ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအားများနှင့်ပြည့်နှက်နေကာ ဖျက်လက်တက်ကြွနေသည်ကို တွေ့မြင်ရပေမည်။

Chapter 2304

ဤသည်က စိတ်ဆန္ဒစွမ်းအားကို အဆုံးစွန်ဆုံးထိကျင့်ကြံထားမှု၏ အကျိုးသက်ရောက်မှုပင်။

ကွန်ဖြူးရှပ်ပညာရှင်များသည် တိုက်ခိုက်မှုအလွန်ရှားပါးသော်လည်း သူတို့သည် ကျင့်ကြံနည်းစနစ်များကို လေ့လာရာ၌ထူးချွန်ကာ မြောက်မြားစွာသော ရှေးဟောင်းစာပေအမြောက်အများကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားကြ၏။

သူတို့၏စိတ်စွမ်းအားမှာ အလွန်အမင်းအားကောင်းသည်။အကယ်၍ သူတို့သည် ကျင့်ကြံခြင်းမပြုလျှင်ပင် သူတို့၏စိတ်ဝိညာဥ်သည် သူတို့ခေါင်းထက်သို့ ပျံဝဲတက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်ရုံဖြင့် အစွမ်းထက်သောသမာဓိချီစွမ်းအင်များ ထွက်ပေါ်လာကာ တစ်ဖက်ရန်သူကို ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ပစ်နိုင်သည်။

လူအများစုသည် ကွန်ဖြူးရှပ်တာအိုပညာရှင်များကို ရန်မစဝံ့ကြရာ မဟာကွန်ဖြူးရှပ်ပညာရှင်များကိုဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

အကြောင်းအရင်းမှာ မဟာကွန်ဖြူးရှပ်ပညာရှင်များကို ရင်ဆိုင်ရန်ခက်ခဲရုံသာမက သူတို့ထံတွင် နက်ရှိုင်းသောအဆက်အသွယ်များ ရှိနေခြင်းကြောင့်ပင်။တချို့ကွန်ဖြူးရှပ်ပညာရှင်များသည် လောကကြီးတခွင်လုံး၌ အသိမိတ်ဆွေများရှိနေသည်။ထိုကဲ့သို့သောလူတစ်ယောက်ကို သတ်ဖြတ်မိပါက မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများကို ရန်စစော်ကားမိသည်နှင့် တူညီပေ၏။

ကျင့်ကြံခြင်းလောကအတွင်းမှ ဖရိုဖရဲဖြစ်မှုများကို ထိန်းသိမ်းနိုင်စေရန်အလို့ငှါ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ကွန်ဖြူးရှပ်တာအိုကို အင်အားကောင်းလာစေရန် ပြုလုပ်ခဲ့သည်။မြောက်မြားစွာသော ကွန်ဖြူးရှပ်ပညာရှင်များသည် နန်းတွင်းရှိဌာနအသီးသီးသို့ ဝင်ရောက်ကာ အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြသည်။

စိတ်ဝိညာဥ်နယ်ပယ်သာရှိသေးသော အရာရှိတစ်ယောက်သည် သိုင်းသူတော်စင်နယ်ပယ် သို့မဟုတ် လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံသူများကို သူ့အတွက် အလုပ်လုပ်ပေးရန် ခိုင်းစေနိုင်သည်။ဤသည်က အတိတ်ရှိကျင့်ကြံခြင်းလောကတွင်ဆိုပါက စိတ်ကူးပင်မယဥ်နိုင်သောကိစ္စများဖြစ်သော်လည်း ယခုလက်ရှိတာယွီအင်ပါယာတွင်မူ မြင်တွေ့နေကျ ပုံရိပ်များပင်။

ဤအချိန်အခိုက်အတန့်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်ချန်ကျင်းသည် အဖြေစာရွက်များကို စစ်ဆေးနေလေ၏။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ စမ်းသပ်စာမေးပွဲ ကျင်းပသောအကြိမ်တိုင်းတွင် လှည့်စားမှုများဖြစ်ပေါ်လာခြင်းမှ ကာကွယ်ဟန့်တားရန်အတွက် ဟောပြောသူများ အကဲဖြတ်ထားသော အဖြေစာရွက်များကို မဟာကွန်ဖြူးရှပ်ပညာရှင်များမှ တဖန်ပြန်၍ စစ်ဆေးရသည်။

ယခုချိန်၌ ညအမှောင်ထုအတွင်းဖြစ်နေသည့်တိုင် ချန်ကျင်းသည် မှောင်မိုက်နေသည်ဟု ခံစားရခြင်းမရှိချေ။

သူ၏စိတ်စွမ်းအားသည် အလွန်အမင်းအားကောင်းသဖြင့် အကြည့်တစ်ချက်ဖြင့်ပင် တစ်ဖက်လူရေးသားထားသောအရာများကို သိရှိနိုင်သည်။

"ဆရာသခင်...မဟာကွန်ဖြူးရှပ်ပညာရှင် ကွမ်ရုံကျင်းရောက်လာပါပြီ"

အစောင့်တပည့်တစ်ယောက်က အခန်းအတွင်းသို့ဝင်လာကာ သတင်းပို့လေ၏။

ချန်ကျင်းက ခေါင်းမော့ကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။

"သူ့ကို အခန်းထဲဝင်လာခိုင်းလိုက်ပါ"

ကွမ်ရုံကျင်းသည် သူ၏မိတ်ဆွေကောင်းဖြစ်ကာ သူတို့နှစ်ယောက်လုံးသည် တာအိုရှာဖွေခြင်းခန်းမဆောင်၏မဟာကွန်ဖြူးရှပ်ပညာရှင်များပင်။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ယောက်က ပြင်ပမှနေ၍ အခန်းအတွင်းသို့ အလျှင်အမြန်ဝင်ရောက်လာသည်။သူ၏အိုမင်းသောမျက်နှာပေါ်တွင် ဖျတ်လက်တက်ကြွမှုများဖြင့် ပြည့်နှက်နေသည်။သူက အခန်းအတွင်းသို့ရောက်ရှိသည်နှင့် ချန်းကျင်း၏စားပွဲအနီးသို့ အလျှင်အမြန် လျှောက်လှမ်းသွားလေသည်။

"ချန်းကျင်း...ငါက နောက်ဆုံးတော့ စိတ်ခံစားချက်ကျမ်းစာကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီ"

ထိုစကားကိုကြားသည်နှင့် ချန်းကျင်း၏လက်အတွင်းမှစုတ်တံ ရုတ်တရက် ရပ်တန့်သွားသည်။

သူက ကွမ်ရုံကျင်းကိုမော့ကြည့်ကာ အံ့အားသင့်နေသောလေသံဖြင့် ပြောဆိုလိုက်၏။

"ဒါက အမှန်ပဲလား"

ကွမ်ရုံကျင်းသည် အစောင့်တပည့်ယူဆောင်လာပေးသော လဖက်ရည်ကိုတစ်ငုံငုံကာ အပြုံးနှင့်ပြောဆိုသည်။

"အမှန်တော့ ဒါက လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက မိုးကောင်းကင်ကျမ်းစာဆောင်ရဲ့ပဉ္စမထပ်က ကျင့်ကြံနည်းစနစ်တွေရဲ့အလင်းအကာအကွယ်တွေကို ချိုးဖျက်ခဲ့တဲ့ လူတစ်ယောက်ကြောင့်ပဲ...ငါက ကံကောင်းပြီးတော့ စိတ်ခံစားချက်ကျမ်းစာနဲ့ပတ်သတ်တဲ့ ရှေးဟောင်းမှတ်တမ်းတစ်ခုကို ဖတ်ခွင့်ရခဲ့တယ်"

"ခုကြည့်ကြည့်တော့မှ အဲ့ဒီကျမ်းစာက ရှေးဟောင်းမဟာတာအိုဂိုဏ်းတစ်ဂိုဏ်းရဲ့လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်နေတာပဲ....အဲ့ဒီကျမ်းစာကို မဟာတာအိုကိုအောင်မြင်ပြီးမြောက်တဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ဖန်တီးခဲ့တယ်...နောက်ပိုင်းမှာ ရှေးဟောင်းအလယ်ခေတ်ကိုရောက်လာချိန်ကျတော့ မဟာတာအိုပျက်စီးပြိုလဲသွားတယ်...ရှေးဟောင်းအမွေအနှစ်တွေကလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့တယ်...အဲ့ဒီကျင့်ကြံနည်းစနစ်ကို နောက်ဆုံးသင်ယူခဲ့တဲ့လူက အမျိုးသမီးတစ်ယောက်ပဲ...သူက ကြည်လင်ကောင်းကင်မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့တယ်"

"ငါက ကြည်လင်ကောင်းကင်မြင့်မြတ်နယ်မြေနဲ့ သတင်းအချက်အလက်တွေကို ရှာဖွေခဲ့တယ်...နောက်ဆုံးတော့ ရှေးဟောင်းမှတ်တမ်းတစ်ခုထဲမှာ ငါက သဲလွန်စတစ်ချို့ကို တွေ့ခဲ့ရတယ်...တကယ်တော့ ဒီကျင့်ကြံနည်းစနစ်က ရှေးဟောင်းမဟာတာအိုကျင့်ကြံနည်းစနစ်ကို အတိုချုံးထားတာပဲ...ငါက အဲ့ဒီရှေးဟောင်းမဟာတာအိုကျင့်ကြံနည်းစနစ်ကို အပြည့်အဝခွဲခြမ်းစိတ်ဖြာနိုင်တာနဲ့ စိတ်ခံစားချက်ကျမ်းစာကို နားလည်သဘောပေါက်နိုင်လိမ့်မယ်"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် စိတ်ခံစားချက်ကျမ်းစာ၏မိတ္ထူရှိနေရုံသာမက ရှေးဟောင်းမဟာတာအိုကျင့်ကြံနည်းစနစ်၏ ရှေးဟောင်းမှတ်တမ်းများလည်းရှိနေသည်။

အတိတ်တွင် ထိုနှစ်ခုကြားမှဆက်နွယ်ချက်ကို မည်သူကမျှ သတိပြုမိခြင်းမရှိချေ။

စိတ်ခံစားချက်ကျမ်းစာကို လေ့လာဆင်ခြင်ရာတွင် အလွန်နက်နဲကျယ်ပြန့်သဖြင့် လေ့လာသူများအဖို့ မကြာခဏ လမ်းလွဲသွားတက်ကြသည်။

သို့ရာတွင် ယခုလက်ရှိအချိန်တွင် သူတို့သည် စိတ်ခံစားချက်ကျမ်းစာ၏မူရင်းဇစ်မြစ်ကို သိရှိခဲ့ရသဖြင့် အပြည့်အဝနားလည်သဘောပေါက်နိုင်တော့ပေမည်။

ချန်းကျင်းသည် ဝမ်းမြောက်ပျော်ရွှင်သွားပုံရသော်လည်း သူ၏ခေါင်းကိုခါယမ်းလိုက်၏။

"ငါ ဒီအဖြေစာရွက်တွေအားလုံးကို အကဲဖြတ်ပြီးရင်...မင်းနဲ့အတူ စာလေ့လာမယ်"

မဟာကွန်ဖြူးရှပ်ပညာရှင်များအတွက် ကျင့်ကြံနည်းစနစ်များကို လေ့လာဆင်ခြင်ရန်မှာ အလွန်ပျော်ရွှင်ဖွယ်ကောင်းသောကိစ္စတစ်ရပ်ပင်။

Chapter 2305

ကွန်ဖြူးရှပ်တာအိုကျင့်ကြံမှုသည် တခြားဂိုဏ်းများနှင့်မတူညီဘဲ မဟာတာအိုကို နားလည်သဘောပေါက်နိုင်ရန် ထောင်သောင်းချီသောစာအုပ်များကို မကြာခဏ ဖတ်ရှုလေ့လာရပေမည်။

ဝမ်ရှန့်သူတော်စင်ကဲ့သို့အဆင့်မျိုးသို့ ရောက်ရှိသွားသူများသည် နှစ်စဥ်နှစ်တိုင်း သန်းနှင့်ချီသောစာအုပ်များကို ဖတ်ရှုကြရ၏။သူတို့၏မှတ်ဥာဏ်များသည် မြောက်မြားစွာသောပညာရပ်များကို ခြုံငုံထားနိုင်ကာ သူတို့၏အသိပညာဗဟုသုတသည် သာမာန်လူများ၏စိတ်ကူးယဥ်နိုင်စွမ်းထက် များစွာပို၍ကျော်လွန်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဥ်ကျမ်းစာကို အပြည့်အဝနားလည်သဘောပေါက်သွားပါက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူအားလုံးအတွက် ကြီးမားသောအထောက်အပံကြီး ဖြစ်သွားပေမည်။

"ကောင်းပြီလေ"

ကွမ်ရုံကျင်းက ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်ကာ တိတ်ဆိတ်ငြိမ်သက်စွာစောင့်ဆိုင်းနေလေ၏။

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ဖြစ်သဖြင့် ချန်းကျင်းလုပ်ဆောင်သမျှ အရာအားလုံး အလွန်စည်းစနစ်ကျသည်။သူသည် ကျင့်ကြံနည်းစနစ်ကို လေ့လာရန် အလွန်အမင်း စိတ်အားထက်သန်နေငည့်တိုင် သူ လုပ်လက်စကိစ္စကိုသာ အရင်ပြီးဆုံးအောင်ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

လဖက်ရည်ကိုသောက်သုံးနေရင်းမှ ကွမ်ရုံကျင်း၏အကြည့်သည် စားပွဲထိပ်ရှိစာရွက်တစ်ရွက်ပေါ်သို့ အမှတ်မထင်ကျရောက်သွားသည်။

ထိုအဖြေစာရွက်ကို အကဲဖြတ်ရခြင်း မရှိသေးချေ။

အကြည့်တစ်ချက်ဖြင့်ပင် ကွမ်ရုံကျင်းသည် စာရွက်ပေါ်ရှိခေါင်းစဥ်ကို သတိပြုမိသွားသည်။

'စိတ်ခံစားချက်ကျမ်းစာ၏အနှစ်သာရ'

"ဘယ်လိုလုပ်ပြီးတော့ ဒီနေ့တပည့်သစ်တွေရဲ့ စမ်းသပ်စာမေးပွဲမှာ ခုလောက်ထိခက်ခဲတဲ့မေးခွန်းမျိုးထွက်လာတာလဲ...တပည့်အများစုက စိတ်ခံစားချက်ကျမ်းစာကိုတောင် ဖတ်ဖူးမယ်လို့ ငါ မထင်ဘူး...ဟုတ်တယ်မလား"

ကွမ်ရုံကျင်းက မျက်မှောင်ကြုတ်လိုက်၏။

ဤစစ်ဆေးစမ်းသပ်စာမေးပွဲသည် တပည့်များအား ကွန်ဖြူးရှပ်တာအိုကျင့်ကြံရန် သင့်တော်မှုရှိမရှိ စစ်ထုတ်ရုံသာဖြစ်ရာ ဤမျှထိခက်ခဲသောမေးခွန်းမျိုး မေးမြန်းရန်မလိုအပ်ချေ။

အကယ်၍ ဤမေးခွန်းမျိုးကို သူတို့ကဲ့သို့ မဟာကွန်ဖြူးရှပ်ပညာရှင်များအား မေးမြန်းလာလျှင်ပင် အချိန်အတော်ကြာ စဥ်းစားတွေးတောရပေမည်။

ချန်းကျင်းက ခေါင်းမော့ကြည့်၍ ပြောဆိုသည်။

"ဒီနှစ်အတွက် မေးခွန်းအများစုကို တာအိုစည်းမျဥ်း တာယွီကျမ်းစာနဲ့စိတ်နှလုံးသားဖြင့်ရှုရှိုက်ခြင်းကျမ်းစာဆိုတဲ့ စာအုပ်သုံးအုပ်ကနေ အဓိကရွေးထုတ်ထားတယ်...ဒါပေမယ့် တချို့ကျမ်းစာတွေလည်းပါသေးတယ်"

သာမာန်အားဖြင့် ကျင့်ကြံသူတိုင်းသည် စတင်၍ကျင့်ကြံစဥ်ကပင် တာအိုစည်းမျဥ်းကျမ်းစာနှင့်စိတ်နှလုံးသားဖြင့်ရှုရှိုက်ခြင်းကျမ်းစာတို့ကို ထိတွေ့မိပြီးဖြစ်သည်။တခြားတစ်ဖက်ရှိ တာယွီကျမ်းစာကို ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်မှနေ၍ ဖန်တီးခဲ့လေ၏။ထိုကျမ်းစာကို အဆက်မပြတ်ပြုပြင်ပြောင်းလဲပြီးနောက် တာယွီအင်ပါယာအတွင်းရှိ အမျိုးမျိုးသောအရေးကိစ္စများကို စီမံခန့်ခွဲရာ၌ အသုံးပြုသော စည်းမျဥ်းစာအုပ်ဖြစ်လာသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းရှိ ကျောင်းတော်သားများသည် ပို၍အစွမ်းထက်လာလိုကြသည့်အပြင် တာယွီအင်ပါယာရှိ နေရာဒေသအသီးသီး၌ အရာရှိများအဖြစ်လည်း တာဝန်ထမ်းဆောင်လိုကြသည်။

ထို့ကြောင့် 'တာယွီကျမ်းစာ'သည် ကျောင်းတော်သားများ မဖြစ်မနေထိတွေ့ထားရန်လိုအပ်သောအရာဖြစ်လာသည်။

ကျောင်းတော်သားတိုင်းသည် ထိုစာအုပ်သုံးအုပ်နှင့် အကျွမ်းတဝင်ရှိသော်လည်း ထိုအရာများကို တခြားစာအုပ်များနှင့် ရောယှက်၍ မေးခွန်းထုတ်ခြင်းဖြစ်ပေ၏။သူတို့သည် မေးခွန်းသုံးခုသာ ဖြေဆိုရမည်ဖြစ်သော်လည်း သူတို့အတွက် အလွန်ခက်ခဲနေဆဲပင်။

"မဟုတ်သေးဘူး...တစ်ယောက်ယောက်က ဒီတစ်ကြိမ်စစ်ဆေးစမ်းသပ်စာမေးပွဲမှာ တစ်ခုခုလုပ်ထားမှာကို ငါ စိုးရိမ်မိတယ်"

ကွမ်ရုံကျင်းသည် အလွန်ဥာဏ်ကောင်းသူဖြစ်၍ အကြည့်တစ်ချက်ဖြင့်ပင် ပြဿနာကိုတွေ့မြင်နိုင်စွမ်းရှိသည်။

ထို့နောက် သူက အဖြေစာရွက်ကို ထပ်မံ၍ကြည့်ရှုလိုက်သည်။

ထိုစာရွက်ပေါ်ရှိမေးခွန်းများသည် အလွန်ခက်ခဲသော်လည်း ဖြေဆိုသူတပည့်သည် အဖြေများအားလုံးကို ရေးသားထားသဖြင့် သူ အံ့အားသင့်သွားလေ၏။

ကွမ်ရုံကျင်းက ဂရုတစိုက်ကြည့်ရှုလိုက်ရာ စာရွက်ပေါ်ရှိအဖြေများသည် အလွန်အမင်း နက်နဲသိမ်မွေ့ကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိလိုက်ရသည်။သူ အစောပိုင်းကမှ နားလည်သဘောပေါက်ထားသော အရာများပင်လျှင် ထိုအဖြေလွှာပေါ်၌ ပါဝင်နေသည်။

ထို့ထက်မက သူ တွေးတော၍ပင်မရသေးသော အရာများကို ထိုစာရွက်ပေါ်၌ ရေးသားထားသည်။

အတိတ်တွင် လုယွီ မြေအောက်လောကတာအိုသခင်ဖြစ်စဥ်အချိန်၌ တာအိုအကြောင်း ဟောပြောသည့်အချိန်မျိုးတွင် တခြားတာအိုသခင်များ အပြေးလာရောက်၍ နားထောင်ကြ၏။

မိုဖုန့်ချိုးသည် ဟောပြောသူတစ်ယောက်ဖြစ်သော်လည်း သူ၏တာအိုအပေါ်နားလည်သဘောပေါက်မှုသည် နက်ရှိုင်းခြင်းမရှိသေးချေ။သူသည် လုယွီ ရေးသားထားသည့်အရာများကို မည်သည့်နည်းနှင့်မျှ နားလည်သဘောပေါက်နိုင်မည်မဟုတ်ပေ။

ကွမ်ရုံကျင်းကမူ အဖြေစာရွက်ကို တစ်ချက်ကြည့်မိ ရုံဖြင့်ပင် သူ၏စိတ်နှလုံးသားတစ်ခုလုံး လှိုင်းထန်သွားသည်။

သူသည် အောက်သို့ဆက်လက်၍ ဖတ်ရှုလိုက်ရာ တခြားမေးခွန်းနှစ်ခုကိုလည်း ပြီးပြည့်စုံစွာဖြေဆိုထားခြင်းကို တွေ့မြင်လိုက်ရသည်။

ထို့ထက်ပို၍ အရေးကြီးဆုံးအချက်မှာ မီးတာအိုလမ်းစဥ်အပေါ် နားလည်သဘောပေါက်မှုပင်။

သာမာန်အခြေအနေမျိုးတွင် ဤကဲ့သို့တာအိုလမ်းစဥ်များကို နယ်မြေသခင်အဆင့်ကျင့်ကြံသူများကသာ ထိတွေ့နိုင်သည်။

သို့ရာတွင် အဖြေစာရွက်ပေါ်တွင် ရေးသားထားသည်မှာ ထိုတာအိုလမ်းစဥ်များနှင့် အနည်းငယ်မျှပင် စိမ်းသက်သက်ဖြစ်နေပုံမရချေ။

"ဒီကလေးက တကယ့်ကို သာမာန်ထက်ထူးခြားနေတာပဲ...တကယ်လို့ သူက အရမ်းအစွမ်းထက်တဲ့ ဆရာသခင်တစ်ယောက်ရဲ့ လမ်းညွှန်မှုကိုသာ မခံယူခဲ့ရဘူးဆိုရင်တော့....သူက အရမ်းဥာဏ်ကောင်းပြီး ရှုပ်ထွေးတဲ့မဟာတာအိုကိုတောင် လေ့လာဆင်ခြင်နိုင်တဲ့သူပဲဖြစ်မယ်"

ကွမ်ရုံကျင်းက မှတ်ချက်စကား ပြောဆိုလေ၏။

ချန်ကျင်းကလည်း ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။သူသည် အဖြေစာရွက်ကို ယူကြည့်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် လုယွီ၏အရည်အချင်းနှင့်ကျွမ်းကျင်ပိုင်နိုင်မှုကို တွေ့မြင်သွားခဲ့သည်။သူ၏မျက်လုံးအတွင်းတွင် ရုတ်တရက် တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်စပြုလာသည်။

Thank For Reading.

All Chapters