အခန်း (၂၃၂၆-၂၃၃၀)
Vol. 120 Ch. 2326-2330
Chapter 2326
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်
ကျယ်ပြန့်ပြီးကြီးကျယ်ခမ်းနားသော မှော်စွမ်းအင်များသည် လေထု၏အလယ်တွင် ဧရာမနဂါးလက်သည်းကြီးအဖြစ် သိပ်သည်းသွားကာ အောက်သို့ကျဆင်းလာသည်။
ရုတ်ချည်းဆိုသလိုပင် အနီရောင်ဝတ်စုံဝတ်အမျိုးသမီးရှိနေသော အိမ်အိုကြီးသည် ကျယ်လောင်သောမြည်ဟီးသံတစ်သံနှင့်အတူ ပြိုလဲသွားပေ၏။သူမထံမှနေ၍ စူးရှသောအော်သံကြီး ထွက်ပေါ်လာသည်။
ထိုအော်သံသည် လူသားများထံမှထွက်ပေါ်လာသော အသံမျိုးနှင့် မတူညီချေ။ထိုအနီရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ထိန်းချုပ်ခံထားရသော လူရေခွံအိတ်တစ်အိတ်ဖြစ်ကြောင်း လုယွီက သိရှိထားပြီးလေပြီ။သူမ၏ခန္ဓာကိုယ်တွင်း၌ အစွမ်းထက်သောယင်ဝိညာဥ်နှစ်ကောင်ရှိနေသည်။
"မင်းတို့က ငါ့ကိုလာမရှုပ်သင့်ဘူး"
အတိတ်တွင်လုယွီသည် မြေအောက်လောက၏အုပ်ချုပ်သူဖြစ်ပြီး သရဲတစ္ဆေစိတ်ဝိညာဥ်များအားလုံး၏ အရှင်သခင်ဖြစ်သည်။
ထိုယင်ဝိညာဥ်များ မည်သည့်အရာကို ကြောက်ရွံသည်အား သူ ကောင်းစွာသိရှိပေ၏။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်းသို့ ကြီးမားသော အနက်ရောင်ဆေဘာဓားတစ်လက် ရောက်ရှိလာသည်။ဤသည်က ခေါင်းဖြတ်ဆေဘာဓားပင်။မြောက်မြားစွာသော သွေးယဇ်ပူဇော်ခြင်းများနှင့် သန့်စင်ခံရပြီးနောက် ခေါင်းဖြတ်ဓားသည် ထိပ်တန်းအဆင့်မှော်ရတနာအဖြစ်မှ တစတစဝေးကွာလာကာ နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိစပြုနေလေပြီ။
ထိုဓားထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိယင်ဝိညာဥ်များအားလုံးသည် ကြွက်များမှကြောင်တစ်ကောင်ကို တွေ့လိုက်သည့်အလား ထိတ်လန့်ကြောက်ရွံသွားကြ၏။ထိုယင်ဝိညာဥ်များအားလုံး အလျင်စလို တိမ်းရှောင်ထွက်ပြေးကြတော့သည်။
"မင်းတို့အားလုံးက ဒီနေရာကိုရောက်လာပြီဆိုမှတော့....ထွက်သွားဖို့မစဥ်းစားကြနဲ့"
လုယွီက သူ၏ဓားကို လွှဲယမ်းလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ထောင်နှင့်ချီသောယင်ဝိညာဥ်များ သေဆုံးသွားသည်။
လောကကြီးအတွင်း၌ ပြန့်ကျဲနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော ထိုယင်ဝိညာဥ်များကို ခေါင်းဖြတ်ဓားမှဝါးမျိုပြီးနောက် ထိုမှော်ရတနာသည် ပို၍ပို၍အားကောင်းလာပေ၏။
ထို့နောက် လုယွီက ခေါင်းဖြတ်ဓားကို ထပ်မံ၍ကိုင်မြှောက်ကာ အနီရောင်ဝတ်စုံဝတ်အမျိုးသမီးကို လိုက်လံဖမ်းဆီးသည်။
ထိုအနီရောင်ဝတ်စုံဝတ်အမျိုးသမီးကို ကြည့်ရသည်မှာ အသိဥာဏ်ရှိပုံရပြီး ပတ်ဝန်းကျင်ရှိယင်ဝိညာဥ်များနှင့် ကွဲပြားခြားနားနေသည်။
သူမထံမှနေ၍ ပျောက်ဆုံးသွားသောတပည့်များ မည်သည့်နေရာသို့ရောက်ရှိနေသည်ကို သူ ရှာဖွေကောင်း ရှာဖွေနိုင်ပေမည်။
သေစမ်း...သေစမ်း...သေစမ်း...
အနီရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ရုတ်တရက် စူးရှကျယ်လောင်စွာ အဆက်မပြတ်အော်ဟစ်ကြုံးဝါးလိုက်၏။
ထိုအော်ဟစ်ကြုံးဝါးသံသည် သူမ၏ပုံပန်းသွင်ပြင်နှင့် အနည်းငယ်မျှပင် လိုက်ဖက်ညီခြင်းမရှိချေ။ထိုအရာသည် ကြည်လင်ပြတ်သားသော ယောက်ျားသံကြီးဖြစ်သည်မှာ သိသာထင်ရှားသည်။
ရုတ်ချည်းဆိုသလိုပင် သွေးမြစ်ကြီးတစ်စင်း မြေပြင်ပေါ်၌ ထွက်ပေါ်လာကာ မြေကြီးများအတွင်းမှနေ၍ သွေးများယိုစိမ့်ထွက်လာသည်။
တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သွေးမြစ်ကြီးအတွင်းမှနေ၍ အနက်ရောင်ဆံပင်ရှည်များထွက်လာကာ လုယွီကိုရစ်ပတ်ရန်အတွက် တိုးဝင်လာပေ၏။
"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ ခုတ်ပိုင်းချက်"
လုယွီသည် အပိုစကားမျှပြောဆိုနေခြင်းမရှိဘဲ သူ၏ဆေဘာဓားကို ခုတ်ပိုင်းလိုက်သည်။
ဝှစ် ..
အနက်ရောင်ဆံပင်များ အလျှင်အမြန် ကြေမွှပျက်စီးသွားကာ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက အနီရောင်ဝတ်စုံဝတ်အမျိုးသမီး၏ရှေ့သို့ ရောက်ရှိသွားကာ ခေါင်းဖြတ်ဓားဖြင့် သူမ၏ခေါင်းကို အကြိမ်ပေါင်းများစွာ ထိုးစိုက်လိုက်၏။
အနီရောင်ဝတ်စုံဝတ်အမျိုးသမီး၏ခေါင်း ကြေမွှပျက်စီးသွားကာ လူရေခွံအိတ်ကြီးယိမ်းယိုင်လာသည်။အချိန်တခဏကြာယိမ်းထိုးပြီးနောက် သူမသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
သူမ၏ခန္ဓာကိုယ်အတွင်းမှနေ၍ ယင်ဝိညာဥ်နှစ်ကောင်ထွက်လာသည်။
ထိုယင်ဝိညာဥ်နှစ်ကောင်သည် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ပင်။
ထိုအမျိုးသား၏မျက်နှာပေါ်တွင် ရူးသွပ်သောအရိပ်အယောင်များ ထင်ဟပ်နေကာ သူက လုယွီထံသို့ ခုန်အုပ်လိုက်၏။
အမျိုးသမီးသည် နာကျည်းမုန်းတီးသောအကြည့်ဖြင့် လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်ကာ နောက်သို့ပြန်လှည့်၍ ထွက်ပြေးသွားတော့သည်။
ထိုယင်ဝိညာဥ်နှစ်ကောင်သည် တစ္ဆေဘုရင်အဆင့်သို့ ရောက်ရှိနေလေပြီ။သူတို့နှစ်ယောက် လေထုအတွင်း၌ ထွက်ပေါ်လာသည်နှင့် မြို့၏အထက်ကောင်းကင်ယံတခွင်လုံး အုံ့မှိုင်းသွားသည်။
ပတ်ဝန်းကျင်ရှိလေထုသည် အလွန်အမင်းအေးစက်လာကာ မြောက်မြားစွာသောယင်ချီများနှင့်နာကျည်းမုန်းတီးမှုအငွေ့အသက်များက အဆုံးစွန်ဆုံးထိ မြင့်တက်သွားပေ၏။
"ကြည့်ရတာတော့ မင်းတို့ကောင်တွေက ဒီနေရာမှာ လှည့်ဖျားမှုတွေ ပြုလုပ်နေပြီးတော့ ခုလိုမျိုးအခြေအနေထိ ကြီးထွားလာပုံပဲ...မင်းတို့ရဲ့လက်ထဲမှာ လူတွေအများကြီး သေဆုံးခဲ့ရပုံရတယ်"
လုယွီသည် အနည်းငယ်မျှပင် နောက်တွန့်ခြင်းမရှိဘဲ ယင်ဝိညာဥ်အမျိုးသားကိုဖမ်းဆုပ်ကာ လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်သည်။
အစစ်အမှန်တစ္ဆေဘုရင်များပင်လျှင် လုယွီ၏ရှေ့၌ ပုရွက်ဆိတ်အဆင့်သာရှိရာ ဤယင်ဝိညာဥ်နှစ်ကောင်သည် ပြောပလောက်ဖွယ်မရှိချေ။
ထိုယင်ဝိညာဥ်အမျိုးသား အပြည့်အဝ ပျက်ပြယ်မသွားသေးသော အခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီက စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလေသည်။
သို့ရာတွင် ရလဒ်သည် အကြီးအကျယ်စိတ်ပျက်ဖွယ်ရာပင်။
ထိုလူ၏မှတ်ဥာဏ်များအတွင်းတွင် အကန့်အသတ်မရှိသောနာကျင်မှုများနှင့်နှိပ်စက်ညှင်းပန်းခံခဲ့ရမှုများသာရှိနေသည်။
ဤသည်က ရူးသွပ်ပြီးနောက်မှ ယင်ဝိညာဥ်ဖြစ်လာခဲ့ခြင်းကို ပြသနေပေ၏။သူ့ထံတွင် သူ့ရှေ့တွင်မြင်နေရသော သက်ရှိများအားလုံးကိုသတ်ဖြတ်ရန်ဟူသည့် အတွေးတစ်ခုတည်းသာရှိနေသည်။
"ကြည့်ရတာတော့ မင်း ဘာမှမသိတဲ့ပုံပဲ...ဒါဆိုရင် နောက်တစ်ကောင်ပဲကျန်တော့တယ်"
လုယွီ၏မျက်လုံးအကြည့်သည် အဝေးသို့ထွက်ပြေးသွားသော ယင်ဝိညာဥ်အမျိုးသမီးထံသို့ ကျရောက်သွားသည်။
ထိုယင်ဝိညာဥ်၏ကျင့်ကြံမှုသည် အတော်အသင့်ကောင်းမွန်သဖြင့် သူမ၏အငွေ့အသက်ကို လေထုအတွင်း၌ ဖုံးကွယ်ထားနိုင်သည်။ထို့ကြောင့် သာမာန်ကျင့်ကြံသူများ သူမကိုမြင်တွေ့နိုင်ရန် အလွန်အမင်းခက်ခဲပေမည်။
သို့ရာတွင် ထိုယင်ဝိညာဥ်အမျိုးသမီးသည် လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
Chapter 2327
"အခု မင်းရဲ့အလှည့်ပဲ"
လုယွီက သူ၏ခန္ဓာကိုယ်ကိုလှုပ်ရှား၍ ယင်ဝိညာဥ်အမျိုးသမီး၏နောက်သို့ လိုက်လံဖမ်းဆီးလေသည်။
ထိုယင်ဝိညာဥ်များသည် နေရောင်အောက်၌အသက်ရှင်သန်နိုင်ကာ လောကကြီး၏အစီအစဥ်ကျနမှုများကို အနှောင့်အယှက်ပေး၍ သက်ရှိမျိုးနွယ်များကို ထိခိုက်နာကျင်စေသည်။
တမလွန်မြို့သည် ကြီးမားခြင်းမရှိသော်လည်း အတွင်းရှိလေဟာနယ်ကို ရှေ့နောက်စက်ဝိုင်းပုံလှည့်ပတ်နေစေရန် တစ်စုံတစ်ယောက်မှနေ၍ ဝင်္ကပါတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ခင်းကျင်းထားခဲ့သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဤမြို့အတွင်းမှ ထွက်သွားနိုင်သောလမ်းကို မရှာဖွေနိုင်ပါက လွတ်မြောက်နိုင်ရန် လွန်စွာခက်ခဲပေမည်။
အမျိုးသမီးယင်ဝိညာဥ်က လုယွီသည် သူမ၏နောက်သို့ ခြေရာခံလိုက်နိုင်ရုံသာရှိပြီး သူမအားသတ်ဖြတ်နိုင်မည်မဟုတ်ဟု သူမက တွေးတောထားလေ၏။သို့ရာတွင် မမျှော်လင့်ဘဲ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် သူမနှင့်လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေလေပြီ။
သူမသည် ကူကယ်ရာမဲ့စွာဖြင့် စူးရှရှအော်ဟစ်ပြီးနောက် အဆောက်အအုံများအကြားတွင် ရှေ့နောက်ယိမ်းထိုး၍ အလျှင်အမြန်ထွက်ပြေးနေခဲ့သည်။
"ဒီနေရာက ယင်ဝိညာဥ်တွေအားလုံးနီးပါး ငါ့ကြောင့် သေကြေပျက်စီးသွားပြီ...သူ ဘယ်လိုပဲမောက်မာနေပါစေ...ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်တာကို သူ ကောင်းကောင်းသိထားတယ်...ဒါပေမယ့် သူက အဝေးကို ထွက်မပြေးနိုင်ဘူး...သူက ဝင်္ကပါကိုဖြတ်ပြီး မမြင်နိုင်ဘူးလား"
လုယွီက ခေါင်းမော့၍ မြို့၏အထက်ကောင်းကင်ယံအတွင်းရှိ ဝင်္ကပါကိုကြည့်လိုက်သည်။
ဤဝင်္ကပါသည် အလွန်အမင်း နက်နဲသိမ်မွေ့ပေ၏။လုယွီပင်လျှင် ပထမဆုံး ဤနေရာသို့ရောက်ရှိချိန်၌ သတိမပြုမိချေ။
ထိုဝင်္ကပါကိုချိုးဖျက်ရန် သူ အချိန်တချို့ယူရပေမည်။
မည်သို့ပင်ဆိုစေကာမူ ယင်ဝိညာဥ်အမျိုးသမီးသည် ဤကိစ္စရပ်များနောက်ကွယ်ရှိ ဥာဏ်ကြီးရှင်သာဖြစ်နေပါက ဤနေရာမှထွက်ခွါနိုင်မည့်လမ်းကို သူမ သေချာပေါက်သိရှိပေလိမ့်မည်။
ယခုချိန်တွင် သူမသည် ဤနေရာ၌ ထွက်ခွါမသွားနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ထိုယင်ဝိညာဥ်အမျိုးသမီးသည် နယ်ရုပ်တစ်ခုပင်။
"ဒါက အဆင်ပြေပါတယ်...ငါ မင်းကို ဖမ်းမိတာနဲ့ မင်း ဘာတွေကိုဖုံးကွယ်ထားလဲဆိုတာ သိရမှာပဲလေ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီနှင့် ယင်ဝိညာဥ်အမျိုးသမီး တစတစ ပို၍နီးကပ်လာလေပြီ။
ထိုယင်ဝိညာဥ်အမျိုးသမီးကို ဖမ်းမိလုဆဲဆဲအခြေအနေတွင် ရုတ်တရက် မိန်းကလေးတစ်ယောက်က လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုမိန်းကလေးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်ဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။သူမက လုယွီကိုမြင်တွေ့သည်နှင့် ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်၏။
"အပြင်မှာ ဘာလို့ဒီလောက်ထိ ရုတ်ရုတ်သဲသဲအသံတွေကြားနေရတာလဲလို့ ငါ အံ့အားသင့်နေတာ...အခုကြည့်လိုက်တော့မှ နင်က တစ်ခုခုလုပ်နေတာကိုး...မြန်မြန်အထဲကိုဝင်ခဲ့တော့"
ထိုအမျိုးသမီးက လုယွီကိုဖမ်းဆုပ်၍ အိမ်တစ်အိမ်အတွင်းသို့ ဝင်သွားလေသည်။
"မင်းက စီနီယာတပည့် ကောရှုမန်လား"
လုယွီက သူ့ရှေ့ရှိမိန်းကလေးကို သိရှိသည်။
တာဝန်လုပ်ဆောင်ရာ၌ ပျောက်ဆုံးသွားသော တပည့်များ၏ပုံတူများကို တာဝန်ကားချပ်ပေါ်၌ ထုတ်ပြန်ကြေငြာထားသည်။
သူသည် ထိုတပည့်များကို ခက်ခက်ခဲခဲရှာဖွေရမည်ဟု တွေးထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ ကောရူမန်သည် သူမ၏သဘောဆန္ဒနှင့်သူမ ပြင်ပသို့ထွက်လာလေ၏။
"ခဏနေဦး"
လုယွီက နောက်သို့လှည့်ကြည့်လိုက်ရာ ယင်ဝိညာဥ်အမျိုးသမီး ထွက်ပြေးလွတ်မြောက်သွားခြင်းကို တွေ့မြင်မိသည်။
ကောရှုမန်က အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
"မင်းကို ငါ အထဲဝင်ခိုင်းရင် မင်း ဝင်လိုက်လေ...မင်းဟာမင်း သေလမ်းရှာချင်ရင်တောင် ငါတို့ကိုဆွဲမထည့်နဲ့"
စကားဆုံးသည်နှင့် ကောရှုမန်သည် လုယွီကိုခေါ်ဆောင်၍ တမလွန်မြို့အတွင်းရှိအိမ်တစ်လုံးအတွင်းသို့ ဝင်လိုက်၏။
ထို့နောက် သူမက ထိုအိမ်ရှိအခန်းတစ်ခန်းအတွင်းသို့ လုယွီကို ဆွဲသွင်းလိုက်သည်။
သူတို့နှစ်ယောက် ဝင်ရောက်သွားချိန်တွင် အခန်းအတွင်း၌ တပည့်ဆယ်ယောက်ကျော်ခန့် မတ်တတ်ရပ်နေခြင်းကို လုယွီက တွေ့မြင်မိသည်။
သူတို့အားလုံးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်ဝတ်စုံကိုဝတ်ဆင်ထားသော်လည်း သူတို့၏အဝတ်အစားများသည် အနည်းငယ်ဖရိုဖရဲဖြစ်နေလေ၏။သူတို့အနက်မှအများစု၏အသက်ရှုနှုန်းများ တည်ငြိမ်ခြင်းရှိမနေကာ စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေသည်။
အံ့အားသင့်ဖွယ်ကောင်းလောက်အောက်ပင် သူတို့အားလုံးသည် ပျောက်ဆုံးနေသောတပည့်များပင်။
"အပြင်မှာ ဘာတွေဖြစ်နေတာလဲ...ယင်ဝိညာဥ်တွေရဲ့အော်သံတွေကို ငါ ခုဏက ကြားမိသလိုပဲ'
"ဘယ်အစွမ်းထက်တဲ့ တည်ရှိမှုကြီးကိုမဆို ရန်မစမိတာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် ငါတို့ အသက်ရှင်သန်နိုင်မှာမဟုတ်ဘူး"
တပည့်တစ်စုသည် ကောရှုမန်ကိုမြင်သည်နှင့် ချက်ချင်းဆိုသလိုပင် စတင်၍ ညည်းတွားပြောဆိုလိုက်ကြ၏။
ကောရှုမန်က လုယွီကို လက်ညှိုးညွှန်၍ ပြောဆိုသည်။
"အဲ့ဒီကိစ္စကို လုပ်ခဲ့တဲ့သူက ဒီကောင်လေးပဲ...သူ ဘယ်လိုလုပ်ပြီး အထဲကိုဝင်လာလဲဆိုတာ ငါ အံ့အားသင့်မိတယ်"
ထိုစကားကိုကြားချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
အကယ်၍ ကောရှုမန်ကြောင့်သာမဟုတ်ပါက ယင်ဝိညာဥ်အမျိုးသမီးကို သူ ဖမ်းမိနေလောက်လေပြီ။
"ကောင်လေး...မင်းက ဘယ်သူလဲ"
ကောရှုမန်က လုယွီကိုကြည့်၍ မေးမြန်းသည်။
လုယွီက ပြောဆိုလေ၏။
"ဂျူနီယာတပည့် လုယွီ"
မမျှော်လင့်ဘဲ သူ ထိုသို့ပြောဆိုလိုက်သည်နှင့် အခန်းတစ်ခန်းလုံး ဆူညံပွက်လောရိုက်သွားသည်။
"မင်းက ဂျူနီယာတပည့်တစ်ယောက်ဖြစ်နေပြီးတော့...ဒီနေရာကို အသေခံဖို့ ရောက်လာတာလား"
"ဒါက အမှန်ပဲ...ငါတို့က အပြင်မှာရှိတဲ့ ယင်ဝိညာဥ်တွေကို ရင်ဆိုင်နေရတာ...လမ်းတလျှောက်လုံး မင်းကိုအတူခေါ်ဆောင်သွားဖို့ ငါတို့မှာအချိန်မရှိဘူး...မင်းလိုဂျူနီယာတပည့်တစ်ယောက်က ငါတို့နဲ့အတူပူးပေါင်းမယ်ဆိုတာက တကယ့်ကိုရယ်စရာကောင်းတာပဲ"
Chapter 2328
လူတိုင်းက လုယွီသည် ဂျူနီယာတပည့်သာရှိသေးကြောင်းကြားချိန်တွင် သူတို့အားလုံး စိတ်ပျက်သွားကြကာ အဆက်မပြတ်ဆူပူကြိမ်းမောင်းလိုက်ကြ၏။
သူတို့သည် ဤနေရာ၌ တစ်ချိန်လုံးချောင်ပိတ်မိနေသည်။သူတို့အား လာရောက်ကယ်တင်မည့်အချိန်ကို အောင်မြင်စွာစောင့်ဆိုင်းနိုင်မည်ဟု မူလက သူတို့အားလုံး တွေးထင်ထားခဲ့သည်။နောက်ဆုံး၌ တစ်စုံတစ်ယောက်ရရှိလာသော်လည်း ဤကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
ကောရှုမန်သည် လက်လျှော့အရှုံးပေးရန်ငြင်းဆန်ငည့်အနေဖြင့် ဆက်လက်၍မေးမြန်းလိုက်၏။
"ဘာလဲ...ဒီတာဝန်ကိုလက်ခံခဲ့တဲ့လူက မင်း တစ်ယောက်တည်းလား...မင်းနဲ့အတူတူ တခြားတစ်ယောက်ယောက်ပါလာသေးလား"
"ငါ တစ်ယောက်တည်းပဲ"
လုယွီက ပြောဆိုသည်။
ဤတစ်ကြိမ်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော တပည့်များအားလုံး စိတ်ပျက်အားလျော့သွားသည်။
အရာအားလုံး အဆုံးသတ်သွားလေပြီ။ဤတစ်ကြိမ်တွင် သူတို့အားလုံး အနည်းနှင့်အများ အန္တရာယ်နှင့်ကြုံတွေ့ရတော့ပေမည်။
သူတို့သည် ယခင်က သူတို့စိတ်ကူးယဥ်တွေးတောနိုင်စွမ်းထက်ကျော်လွန်သော ယင်ဝိညာဥ်များနှင့်ရင်ဆိုင်ခဲ့ရသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ဂျူနီယာတပည့်တစ်ယောက်သည် ဤနေရာသို့ရောက်ရှိလာကာ ပြဿနာရှာနေလေ၏။
ဂျူနီယာတပည့်အဆင့်ဖြင့် သူ မည်သည့်ကိစ္စများကို ပြုလုပ်နိုင်မည်နည်း။သူသည် တာဝန်ကိုလက်ခံရယူခဲ့သူဖြစ်သော်လည်း အဆုံးသတ်၌ သူတို့သည် သူ့အား ပြန်လည်၍ကာကွယ်ပေးရပေမည်။
ကောရှုမင်က ညည်းတွားလိုက်သည်။
"ဒီနေရာမှာ အစကတည်းက ဂျူနီယာတပည့်တစ်ယောက် ရှိနှင့်ပြီးသား...အခု နောက်တစ်ယောက် ထပ်ရောက်လာပြန်ပြီ...ဘယ်လောက်တောင် ကံဆိုးလိုက်လဲ"
"နောက်တစ်ယောက် ရှိသေးတာလား"
လုယွီက ရုတ်တရက် အခန်းထောင့်တစ်နေရာတွင် ထိုင်နေသော မိန်းကလေးငယ်တစ်ယောက်ကို သတိပြုမိသွားသည်။ထိုမိန်းကလေးသည် ခေါင်းကိုငုံထားပြီး စကားတစ်ခွန်းမျှပြောဆိုခြင်းမရှိချေ။သူမသည် ထောင့်တစ်နေရာ၌ထိုင်နေကာ မည်သူကမျှ သူမကို အာရုံစူးစိုက်ခြင်းမရှိပေ။
သို့ရာတွင် လုယွီကမူ ချက်ချင်းဆိုသလိုပင် သူမကို မှတ်မိသွားပေ၏။ထိုမိန်းကလေးသည် ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်စဥ်က သူ မြင်တွေ့ခဲ့ရသော ယင်ယန်ကောင်းကင်ဘုံမျက်လုံးပိုင်ရှင်ဖြစ်သည်။
နောက်ပိုင်းတွင် လုယွီသည် မူချင်းရှန်ကို သူမနှင့်ပတ်သတ်၍ စုံစမ်းရန်တောင်းဆိုခဲ့သည်။ထိုမိန်းကလေး၏နာမည်မှာ ကျီးယန်းရန်ပင်။
ကျီးဟူသည်မှာ မျိုးရိုးနာမည်ကြီးတစ်ခုဖြစ်သည်။ကောလဟာလများအရ ထိုကျီးမျိုးရိုးသည် ရှေးဟောင်းအချိန်ကာလများမှ လူသားဧကရာဇ်အုပ်စိုးသူတစ်ယောက်၏မျိုးရိုးနာမည်ဟု ဆိုကြ၏။
ကျီးယန်းရန်တွင် ယင်ယန်ကောင်းကင်ဘုံမျက်လုံး ရှိနေရုံသာမက နဂါးနှင့်ဖီးနစ်ပုံရိပ်များလည်းရှိနေရာ လောကကြီးအတွင်း၌ အလွန်အမင်းအဖိုးတန်ရှားပါးသည်။
တခြားတစ်ဖက်တွင် ကောရှုမန်သည် လုယွီနှင့် ထပ်မံ၍စကားပြောဆိုလိုခြင်းမရှိချေ။ဂျူနီယာတပည့်တစ်ယောက်နှင့် စကားပြောဆိုခြင်းသည် သူမအတွက် အချိန်ဖြုန်းခြင်းသက်သက်ပင်။
"မင်းနဲ့အဲ့ဒီကောင်မလေး အတူတူနေလိုက်...မင်းတို့ကိုယ်မင်းတို့ စောင့်ရှောက်ကြ...ငါတို့မှာ မင်းတို့ကို ဂရုစိုက်ပေးဖို့ အချိန်မရှိဘူး"
ကောရှုမန်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
ကောရှုမန်၏တင်းမာခက်ထန်သော သဘောထားကို လုယွီသည် အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။
သူက ပတ်ဝန်းကျင်ကို စတင်၍လှည့်ပတ်ကြည့်ရှုကာ ဝင်္ကပါ၏ဟာကွက်များကို ရှာဖွေလိုက်သည်။
တာဝန်ကားချပ်တွင်ဖော်ပြထားသော အချက်အလက်များအရ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များသည် ကျီးကန်းနက်တောင်သို့ရောက်လာပြီးနောက် သဲလွန်စမကျန်ရှိဘဲ ပျောက်ကွယ်သွားသည်ဟု ဆိုထားပေ၏။
လုယွီ၏တာဝန်သည် ထိုတပည့်များကိုကယ်တင်ရန်မဟုတ်ဘဲ ဤကိစ္စများနောက်ကွယ်မှကြိုးကိုင်သူကို ရှာဖွေဖော်ထုတ်ရန်ပင်။
လုယွီက ဝင်္ကပါကိုချိုးဖျက်တော့မည့်အချိန်မှာပင် ကျီးယန်းရန်သည် အကန့်အသတ်သို့ရောက်ရှိနေသည့်အလား သူမ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားခြင်းကို သူ မြင်တွေ့လိုက်ရသည်။
ကျီးယန်းရန်သည်လည်း ဝင်္ကပါကိုချိုးဖျက်ရန် ကြိုးစားနေခြင်းကို လုယွီက အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်နိုင်ခဲ့သည်။
သို့ရာတွင် သူမသည် ဝင်္ကပါပညာရပ်တွင် ကျွမ်းကျင်မှုတချို့ရှိသော်လည်း ဤဝင်္ကပါကို ချိုးဖျက်နိုင်ရန် သူမအတွက် လွန်စွာခက်ခဲနေသည်မှာ သိသာထင်ရှားလှ၏။
ယခုချိန်တွင် သူမသည် ဝင်္ကပါကို အတင်းအကြပ်ဖိအားပေး၍ ချိုးဖျက်ရာမှ တန်ပြန်ဒဏ်တချို့ ခံစားရပုံပေါ်လွင်နေသည်။
"မင်း အစွမ်းကုန်ကြိုးစားခဲ့ပြီးပြီ...ရပ်လိုက်တော့...မင်းရဲ့ယင်ယန်ကောင်းကင်ဘုံမျက်လုံးက အခုချိန်မှာ ပြီးပြည့်စုံခြင်းအဆင့်ကို မရောက်သေးဘူး...မင်း အကြီးစားအောင်မြင်မှုအဆင့်ကိုရောက်တဲ့ထိ ကျင့်ကြံနိုင်ရင်..ဝင်္ကပါပညာရပ်မှာ ဘယ်သူမှမရောက်ရှိနိုင်တဲ့နယ်ပယ်မျိုးကို ဝင်ရောက်နိုင်လိမ့်မယ်"
လုယွီက သူ၏လက်ကို ကျီးယန်းရန်၏ပခုံးပေါ်သို့ တင်လိုက်၏။
အစွမ်းထက်သောမှော်စွမ်းအားလှိုင်းတစ်ရပ်က ကျီးယန်းရန်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကာ ပြိုလဲလုနီးပါးဖြစ်နေသော သူမ၏အသိစိတ်ကို အနည်းငယ်အသိပြန်ဝင်လာစေသည်။
"ဒါက နင်လား"
ကျီးယန်းရန်က လုယွီကို တစ်ချက်ကြည့်ပြီးနောက် သူ့အား ချက်ချင်းဆိုသလိုပင် မှတ်မိသွားသည်။
ယခင်က ကျောင်းတော်တံခါးမကြီးရှေ့တွင် လုယွီသည် ကျီးယန်းရန်၏မျက်လုံး မူရင်းဇစ်မြစ်ကို ထုတ်ဖော်ပြောဆိုခဲ့သဖြင့် သူမ၏အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့ရာတွင် နောက်ပိုင်းတွင် လုယွီသည် တံခါးပိတ်ကျင့်ကြံနေသဖြင့် သူမနှင့် ထပ်မံ၍တွေ့ဆုံခြင်းမရှိတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ကျီးယန်းရန်သည် လုယွီနှင့်ပတ်သတ်၍ အလွန်သိချင်စိတ်ပြင်းပြနေဆဲပင်။
ဤသည်က သူမတို့မိသားစု၏လျှို့ဝှက်ချက်ဖြစ်သည်။
သူမတို့၏မိသားစုအတွင်း၌ပင် လူနည်းစုကသာ သူမ၏မျက်လုံးတစ်စုံနှင့်ပတ်သတ်၍ သိရှိထားသည်။
မည်သည်ကြောင့် လုယွီက သိရှိနေသနည်း...
"ကျေးဇူးတင်ပါတယ်"
ကျီးယန်းရန်၏မျက်နှာ ဖြူရော်နေသည်။သူမသည် ဝင်္ကပါကိုချိုးဖျက်နိုင်ရန်အတွက် သူမ၏မှော်စွမ်းအားများကို အလွန်အကျွံ အသုံးပြုခဲ့ရသည်။
သူမက နံရံကိုမှီ၍ လဲလျောင်းကာ အချိန်တခဏခန့် အနားယူရန် ဟန်ပြင်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး အလယ်အလတ်ဆင့်တပည့်တစ်ယောက်က သရော်တော်တော်ပြောဆိုသည်။
"မင်းတို့ ဂျူနီယာတပည့်တွေက တကယ့်ကိုအဆင်အခြင်ကင်းမဲ့တာပဲ...အခုတော့ မင်း ကြောက်နေပြီမလား...တကယ်လို့ ငါတို့ ဒီနေရာကနေ ထွက်သွားမယ်ဆိုရင် မင်း ဘယ်လိုပုံစံနဲ့ လိုက်လာမှာလဲ"
Chapter 2329
ထိုအလယ်အလတ်အဆင့်တပည့်သည် ကျီးယန်ရန်း၏မျက်နှာ ဖြူရော်နေသည်ကိုမြင်ချိန်တွင် သူမသည် ယင်ဝိညာဥ်များကို ထိတ်လန့်ကြောက်ရွံနေခြင်းကြောင့်ဖြစ်မည်ဟု တွေးတောမိသဖြင့် သူက သရော်တော်တော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
အကယ်၍ ကျီးယန်းရန်ကသာ ဤတာဝန်အတွင်း၌ပါဝင်ခွင့်ရရန် ကြီးမားသောတန်ကြေးကိုမပေးခဲ့ပါက သူတို့သည် ယခုကဲ့သို့ ဝန်ထုပ်ဝန်ပိုးမျိုးကို ခေါ်ဆောင်လာမည်မဟုတ်ချေ။
သို့ရာတွင် ကျီးယန်းရန်ကသာ အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည့် တစ်ယောက်တည်းသောသူဖြစ်ကြောင်း သူတို့အားလုံး မသိရှိကြပေ။
"တကယ်လို့ မင်း ဘယ်လိုစကားပြောရမယ်ဆိုတာကို မသိဘူးဆိုရင်...မင်းရဲ့ပါးစပ်ကိုပိတ်ထားစမ်း"
လုယွီက အေးစက်တင်းမာသောလေသံဖြင့် အော်ငေါက်လိုက်၏။
ထိုအလယ်အလတ်အဆင့်တပည့်က အလွန်ဒေါသထွက်သွားသည်။
"ကောင်လေး...မင်း သေချင်နေတာလား...ဒီနေရာက မင်း စကားဝင်ပြောရမယ့်နေရာလား"
ကောရှုမန်က မျက်မှောင်ကြုတ်၍ ဆူပူကြိမ်းမောင်းလေသည်။
"အငြင်းပွါးနေတာကို ရပ်လိုက်ကြစမ်း...နင်တို့က အဲ့ဒီယင်ဝိညာဥ်တွေ ဒီနေရာကိုရောက်လာအောင် မျှားခေါ်နေကြတာလား"
သူတို့၏ပတ်ဝန်းကျင်အနီးအနားတွင် ယင်ဝိညာဥ်များရှိနေသဖြင့် ထိုအလယ်အလတ်အဆင့်တပည့်သည် ထပ်မံ၍စကားမဆိုဝံ့တော့ချေ။
သူက လုယွီကို အေးစက်တင်းမာသောအကြည့်ဖြင့် စူးစိုက်၍ ကြည့်နေလေ၏။
လုယွီက ထိုအလယ်အလတ်အဆင့်တပည့်၏စကားကို မကြားသကဲ့သို့နေနေပြီး သူက ကျီးယန်းရန်ဘက်သို့လှည့်ကာ မေးမြန်းလိုက်သည်။
"တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင်...မင်းက ရှေးဟောင်းမိသားစုတစ်ခုက လာတာပဲဖြစ်မယ်...မင်းအတွက် ကျင့်ကြံခြင်းအရင်းအမြစ်ဆိုတာ ခက်ခဲတဲ့အရာမဖြစ်နိုင်ဘူး...မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"
တပည့်အမြောက်အများ ပျောက်ဆုံးသွားခြင်းနှင့်အတူ ဤကိစ္စရပ်များကို ဖြစ်ပေါ်စေသည့် ကြိုးကိုင်သူအား ရှာဖွေနိုင်ရန်မှာ အလွန်အမင်းခက်ခဲသောကိစ္စပင်။
သို့ရာတွင် ကျီးယန်ရန်းကဲ့သို့ ဂျူနီယာတပည့်တစ်ယောက်သည် အမှန်တကယ်ကိုပင် ဤနေရာသို့ ရောက်ရှိနေခဲ့သည်။
ကျီးယန်းရန်က ခါးသည်သောအပြုံးနှင့် ပြောဆိုသည်။
"နင်က ငါ့ရဲ့ယင်ယန်ကောင်းကင်ဘုံမျက်လုံးအကြောင်းကိုသိနေမှတော့...ငါ နင့်ကို ဖုံးကွယ်မထားတော့ဘူး...ဒီနေရာမှာရှိနေတဲ့ပစ္စည်းတစ်ခုက ငါ့ရဲ့ဘေးကပ်ဆိုးတွေ ဖြတ်ကျော်တဲ့နေရာမှာ ကူညီပေးနိုင်မယ်လို့ ငါတို့မိသားစုရဲ့အကြီးအကဲတွေကပြောတယ်...အဲ့ဒီပစ္စည်းကိုယူဖို့ ငါ ဒီနေရာကို လာခဲ့တာပဲ"
"အသက်ကပ်ဘေး...မင်းရဲ့လက်ကောက်ဝတ် ငါ့ကို ပြနိုင်မလား"
လုယွီက ပြောဆိုသည်။
ကျီးယန်းရန်က အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိချေ။သူမ၏ဖြူဖွေးနေသော လက်ကောက်ဝတ်ကို လှစ်ဟ၍ပြလိုက်စဥ်တွင် ထိုအရာပေါ်၌ သွေးနီရောင်အစင်းကြောင်းတစ်ခု ထင်ဟပ်နေပေ၏။
"ယင်ကောင်းကင်ဘုံကပ်ဘေး...တကယ်လို့ မင်း ဒီတစ်ကြိမ်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ရင် နောင်အနာဂတ်မှာ မင်း ဘာမှစိုးရိမ်ပူပန်စရာမလိုတော့ဘူး...တကယ်လို့ မင်း ဒါကို မဖြတ်ကျော်နိုင်ဘူးဆိုရင်တော့ မင်းရဲ့အသက်ဆုံးရှုံးသွားမှာကို ငါ စိုးရိမ်မိတယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ကျီးယန်းရန်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူမက လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။
ထိုကိစ္စကိုသိရှိရန် သူမတို့၏မိသားစုသည် မိုးကောင်းကင်ကံကြမ္မာဆရာသခင်တစ်ယောက်ကို ကြီးမားသောအဖိုးအခပေး၍ ငှါးယမ်းခဲ့ရသည်။
သို့ရာတွင် လုယွီသည် ထိုကိစ္စရပ်များကို ရှင်းရှင်းလင်းလင်းသိရှိထားသည်မှာ သိသာထင်ရှားလှ၏။
ကျီးယန်းရန်သည် နောက်ဆုံးမျှော်လင့်ချက် ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိပုံဖြင့် မေးမြန်းလိုက်သည်။
"ဒီသွေးကြောကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာ နင်သိလား"
ထိုအချိန်တုန်းက သူမ၏လက်မောင်းပေါ်တွင် သွေးနီရောင်အစင်းကြောင်းသုံးခု ထွက်ပေါ်လာကာ သူမနောက်သို့ အရိပ်ပမာ ကပ်ပါလာခဲ့သည်။ထိုသွေးနီရောင်အစင်းကြောင်းများရှိနေမှုကြောင့် ကျီးယန်းရန်သည် ငယ်ရွယ်စဥ်ကလေးဘဝမှစတင်၍ အလွန်အမင်းအားနည်းနေလေ၏။မည်မျှအဖိုးတန်သော ဆေးဝါးများကို သူမ သုံးစွဲသည်ဖြစ်စေ သူမ၏အသက်စွမ်းအားများကို ထိုသွေးနီရောင်အစင်းကြောင်းသုံးခုမှ စုပ်ယူသွားခဲ့သည်။
သူမ၏မိသားစုသည် ရှေးဟောင်းစာအုပ်များအတွင်း၌ ရှာဖွေခဲ့သော်လည်း ထိုအရာများကို ဖြေရှင်းနိုင်သည့်နည်းလမ်းအား ရှာမတွေ့ခဲ့ချေ။
အဆုံးသတ်၌ ကျီးမိသားစု၏ဘိုးဘေးသည် ရှေးဟောင်း ကောင်းကင်ဘုံကံကြမ္မာဆရာသခင်တစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ကာ အဖိုးအခများစွာပေး၍ ထိုသွေးနီရောင်အစင်းကြောင်းသုံးခု၏အကြောင်းကို သိရှိခဲ့ရသည်။
သွေးနီရောင်အစင်းကြောင်းတစ်ခုစီသည် ကပ်ဘေးတစ်ခုကို ကိုယ်စားပြုပေ၏။
ထိုအရာများမှာ သေမျိုးကပ်ဘေး မြေအောက်လောကကပ်ဘေးနှင့် ယင်ကောင်းကင်ဘုံကပ်ဘေးတို့ဖြစ်သည်။
တစ်စုံတစ်ယောက်သည် ဤကပ်ဘေးများကို ကျော်ဖြတ်နိုင်သည်နှင့် အကျိုးကျေးဇူးများစွာရရှိနိုင်သည်။သို့ရာတွင် ထိုသူသည် ကပ်ဘေးများကိုဖြတ်ကျော်နိုင်ခြင်းမရှိပါက ထိုလူ၏ခန္ဓာကိုယ်ညှိုးနွမ်းခြောက်သွေ့သွားကာ သူ၏တာအိုလည်းပျောက်ကွယ်သွားမည့်အပြင် ဆိုးရွားသောသေခြင်းနှင့် အဆုံးသတ်ရပေမည်။
ကျီးယန်းရန်သည် သူမမိသားစု၏ထောက်ပံကူညီမှုဖြင့် ပထမကပ်ဘေးနှစ်ခုကို အလျှင်အမြန် ဖြတ်ကျော်နိုင်ခဲ့လေ၏။
နောက်ဆုံးတစ်ခုဖြစ်သော ယင်ကောင်းကင်ဘုံကပ်ဘေးကိုမူ သူမ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရန်လိုအပ်သည်။
ထို့ကြောင့် ကျီးယန်းရန်သည် သူမ၏မိသားစုမှ အကြီးအကဲများ၏ ထောက်ပံကူညီမှုကိုငြင်းပယ်ကာ ဤတာဝန်ကိုလုပ်ဆောင်ရန် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တခြားတပည့်များနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
ထိုရတနာကိုသာ ရှာဖွေနိုင်ပါက သူမ၏ သေစေနိုင်သောကပ်ဘေးကို ကျော်ဖြတ်နိုင်ပေမည်။
သို့ရာတွင် မမျှော်လင့်ဘဲ သူတို့လူစု တမလွန်မြို့သို့ရောက်ရှိသည်နှင့် ယင်ဝိညာဥ်များ၏တိုက်ခိုက်မှုကိုခံရပြီး ပြင်ပသို့မထွက်နိုင်တော့ချေ။
ထို့ထက်ပို၍ ခက်ခဲသောကိစ္စမှာ ယင်ဝိညာဥ်များ ထွက်ပေါ်လာချိန်တွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကိုထုတ်လွှတ်ကာ လူအုပ်ကြီးထံသို့ တရကြမ်းတိုးဝင်တိုက်ခိုက်ကြခြင်းဖြစ်သည်။
ထိုယင်ဝိညာဥ်များ၏လက်အတွင်း၌ တပည့်များစွာသေဆုံးခဲ့ရပြီး အသက်ရှင်လွတ်မြောက်လာသော တပည့်များသာ ဤအခန်းအတွင်း၌ ကျန်ရှိနေသည်။
Chapter 2330
ကျီးယန်းရန်၏မေးမြန်းမှုကို ကြားပြီးနောက် လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ဒီကပ်ဘေးက တကယ်တော့ မင်းကိုယ်တိုင်ဖြတ်ကျော်လို့ရတယ်...ဒါပေမယ့် မင်းရဲ့ယင်ယန်ကောင်းကင်ဘုံမျက်လုံးက ခုထိဖရိုဖရဲအခြေအနေမှာ ရှိနေတုန်းပဲ...ဖြစ်နိုင်တာတော့ မင်းက အရင်ကတည်းက သင့်လျော်တဲ့ကျင့်ကြံနည်းစနစ်တစ်ခုကို မကျင့်ကြံခဲ့လို့ပဲ"
လုယွီက ရုတ်တရက် ကျီးယန်းရန်ကိုကြည့်၍ ဆက်လက်ပြောဆိုလေ၏။
"တကယ်လို့သာ မင်း ငါ့ကို ဆရာအဖြစ်အရိုအသေပြုမယ်ဆိုရင်...ယင်ယန်ကောင်းကင်ဘုံမျက်လုံးကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ ငါ မင်းကို သင်ပေးနိုင်တယ်...မင်းက ဒီကပ်ဘေးကနေ အသက်ရှင်သန်နိုင်မယ့်အခွင့်အရေးတောင် ပိုပြီးမြင့်မားသွားလိမ့်မယ်"
လုယွီကို ဆရာအဖြစ် အရိုအသေပြုရမည်လော....
ကျီးယန်းရန်သည် သူမနှင့်သက်တူရွယ်တူခန့်သာ ရှိပုံရသော လူငယ်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။
အတွေးတစ်ခုက သူမ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာသည်။ဖြစ်နိုင်သည်မှာ လုယွီထံတွင် သူမ၏ကပ်ဘေးကို အမှန်တကယ်ဖြေရှင်းနိုင်သော အရည်အချင်းမျိုးရှိနေသလော...
သို့ရာတွင် မကြာမီမှာပင် ကျီးယန်းရန်သည် ထိုအတွေးကို ပြန်လည်ပယ်ဖျက်လိုက်၏။
ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း...
အစပိုင်းတွင် ကျီးမိသားစုသည် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများကို တောင်းဆိုခဲ့သော်လည်း သူမ၏ဝေဒနာနှင့်ပတ်သတ်၍ တိကျသောအဖြေမရခဲ့ချေ။ကောင်းကင်ဘုံကံကြမ္မာဆရာသခင်ပင်လျှင် အင်အားများစွာစိုက်ထုတ်ပြီးမှ ထိုကိစ္စကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
လုယွီကဲ့သို့ လူငယ်တစ်ယောက်သည် ဤကိစ္စရပ်များကို မည်သည့်နည်းဖြင့် သိရှိနိုင်မည်နည်း။
"ငါ ဒါ့ကို ထပ်ပြီးစဥ်းစားလိုက်အုံးမယ်"
ကျီးယန်းရန်က သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
သူမ၏အဆင့်အတန်းဖြင့် အကယ်၍ သူမသာ သူ့ကို ဆရာအဖြစ်အရိုအသေပြုလိုက်ပါက သူမ၏မိသားစုတစ်စုလုံးအတွက် တုန်လှုပ်ချောက်ချားဖွယ်အရေးကိစ္စ ဖြစ်သွားပေမည်။ထို့ကြောင့် သူမ ဂရုစိုက်၍ လုပ်ဆောင်ရလိမ့်မည်။
"တကယ်လို့ မင်း သေသေချာချာ စဥ်းစားပြီးပြီဆိုရင်...ငါ့ကိုလာရှာနိုင်တယ်"
လုယွီက ပြောဆိုသည်။
ဤနည်းစနစ်ကို မူလက သူနှင့်ယဲ့ရွှယ်လန် အတူပူးပေါင်း၍ လေ့လာဆင်ခြင်ကာ ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။
အကယ်၍ ယဲ့ရွှယ်လန်သာ သက်ရှိထင်ရှားရှိနေပါက သူမသည် ကျီးယန်းရန်ကိုကူညီ၍ ယင်ယန်ကောင်းကင်ဘုံမျက်လုံးနှင့်ပတ်သတ်သော ပြဿနာကို ဖြေရှင်းပေးနိုင်ပေမည်။
သူသည် ယင်ယန်ကောင်းကင်ဘုံမျက်လုံး၏ကျင့်ကြံနည်းစနစ်ကို သိရှိထားသော်လည်း အကြောင်းမဲ့သက်သက် တခြားသူအား လက်ဆင့်ကမ်းသင်ကြားမပေးနိုင်ချေ။
"ဒီဝင်္ကပါကို ဘယ်သူခင်းကျင်းထားတာလဲဆိုတာ ငါ ကြည့်အုံးမယ်"
လုယွီက သူ့စိတ်ဝိညာဥ်မှစွမ်းအားများကို ဖြန့်ကျက်လိုက်သည်။
ကြီးမားကျယ်ပြန့်သော နတ်ဘုရားစိတ်အာရုံသည် ချက်ချင်းဆိုသလိုပင် တမလွန်မြို့တစ်မြို့လုံးကို ဖြတ်သန်းသွားပေ၏။
ဤမြို့ငယ်လေးအတွင်းတွင် ရာနှင့်ချီသော ယင်ဝိညာဥ်များ ရှိနေဆဲပင်။လုယွီက ထိုယင်ဝိညာဥ်များအားလုံး၏တည်နေရာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခဲ့သည်။
တမလွန်မြို့၏အထက်၌ ကြည်လင်သောအလင်းလွှာတစ်လွှာရှိနေသည်။ဤှသည်က ဝင်္ကပါတည်ရှိသောနေရာပင်။
မြို့၏မြေအောက်မှနေ၍ အလွန်များပြားသောယင်ချီများ ထွက်ပေါ်နေကာ အထက်ကောင်းကင်ယံအတွင်း၌ စုဝေးနေပေ၏။နေရောင်ခြည် ကျရောက်နေသော်လည်း အားကောင်းပြင်းထန်သောယင်ချီများသည် ပျောက်ကွယ်သွားခြင်းမရှိချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ အချိန်ကြာမြင့်စွာနေထိုင်ပါက ထိုလူ၏ကျင့်ကြံဆင့်ကိုဖြစ်စေ စိတ်နေသဘောထားကိုဖြစ်စေ ဆိုးရွားသောသက်ရောက်မှုမျိုးရှိလာစေနိုင်သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များသည် လုယွီကိုမြင်တွေ့သည်နှင့် စိတ်မရှည်စွာဖြင့် လှောင်ပြောင်သရော်ကြ၏။အမှန်အားဖြင့် သူတို့အားလုံးသည် ထိုယင်ချီများ၏လွှမ်းမိုးမှုကို ခံနေရခြင်းဖြစ်သည်။
လုယွီ၏မျက်လုံးအကြည့်က မြေပြင်ပေါ်သို့ ထပ်မံ၍ကျရောက်သွားသည်။
သို့ရာတွင် မြေပြင်အောက်ရှိမြင်ကွင်းကိုမြင်တွေ့ပြီးနောက် လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
ဤမြို့ငယ်လေး၏အောက်၌ မြောက်မြားစွာသောအလောင်းများကို မြှုပ်နှံထားပေ၏။
မြောက်မြားစွာသောလူများသည် အသတ်ခံရပြီးနောက် ဤနေရာ၌မြှုပ်နှံ့ခြင်းခံထားရသည်။သူတို့၏ခြေပြတ်လက်ပြတ်များနှင့်ခေါင်းပြတ်များက တစ်နေရာတည်း၌ စုပြုံနေသည်။နာကျည်းမုန်းတီးမှုများက မြေပြင်အတွင်းမှ ယိုစိမ့်ထွက်ကာ ကောင်းကင်ယံထိတိုင် မြင့်တက်နေသည်။
တမလွန်မြို့မှလူများအားလုံးသည် တခြားနေရာများသို့ ပြောင်းရွှေ့သွားခြင်းမရှိဘဲ သူတို့အားလုံး သတ်ဖြတ်ခံလိုက်ရခြင်းပင်။
ထိုအလောင်းများအားလုံး၏နှလုံးများမှ သွေးကြောများသည် သစ်ပင်တစ်ပင်မှအမြှစ်များနှင့်အကိုင်းအခက်များကဲ့သို့ နက်ရှိုင်းသောမြေအောက်တစ်နေရာနှင့် ချိတ်ဆက်နေသည်ကို လုယွီက ရုတ်တရက် သတိပြုမိသွားပေ၏။
သူ၏နတ်ဘုရားစိတ်အာရုံဖြင့် မြေအောက်သို့ သူ ဆက်လက်၍ကြည့်မိလေလေ သူ ပို၍ထိတ်လန့်တုန်လှုပ်လာလေလေပင်။
ဤနေရာတွင် လူသားအလောင်းများသာမကဘဲ ဆိုးရွားသွေးပျက်ဖွယ်သေဆုံးခြင်းမျိုးနှင့် သေဆုံးခဲ့ရသော မှော်သားရဲအလောင်းများလည်းရှိနေသည်။
ထိုမှော်သားရဲများသည်လည်း ချွင်းချက်မရှိဘဲ သူတို့၏ခန္ဓာကိုယ်မှ သွေးကြောတစ်ခုထွက်ပေါ်နေကာ မြေပြင်အောက်နက်ရှိုင်းသောနေရာတစ်ခုနှင့် ဆက်နွယ်နေပေ၏။
လုယွီက အောက်သို့ဆက်လက်၍ စူးစမ်းလေ့လာလိုက်သည်။ဤအချိန်အခိုက်အတန့်တွင် သူ၏နတ်ဘုရားစိတ်အာရုံသည် မြေအောက်ရှိမီတာထောင်ပေါင်းများစွာနက်သောနေရာသို့ ရောက်ရှိနေလေပြီ။
ဤနေရာသို့အရောက်တွင် သူ၏နတ်ဘုရားစိတ်အာရုံသည် ရုတ်တရက် မရေမတွက်နိုင်သောအတားအဆီးများ၏လွှမ်းခြုံခြင်းကိုခံရပြီး လေးလံထိုင်းမှိုင်းစပြုလာသည်။
ဤသည်က ပတ်ဝန်းကျင်တွင်ရှိနေသော အလွန်များပြားသည့် နာကျည်းမုန်းတီးမှုများကြောင့်ပင်။မြေအောက်၌မြှုပ်နှံခြင်းခံထားရသော သက်ရှိများသည် သူတို့မသေဆုံးမီအချိန်တွင် အားကောင်းပြင်းထန်သော နာကျည်းမုန်းတီးမှုများရှိခဲ့သည်။ထိုနာကျည်းမုန်းတီးမှုများသည် မြေအောက်၌စုဝေးနေပေရာ တစ်ချက်ကြည့်မိရုံဖြင့်ပင် လူအများအား ထိတ်လန့်တုန်လှုပ်ခြင်းကို ခံစားရစေပေမည်။