အခန်း (၂၃၃၆-၂၃၄၀)
Vol. 120 Ch. 2336-2340
Chapter 2336
ထိတ်လန့်ကြောက်ရွံမှုက လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ ပျံ့နှံ့နေသည်။
"ငါ မရတော့ဘူး...ငါ မြန်မြန်ထွက်သွားတော့မယ်"
နောက်ဆုံး၌ တပည့်တစ်ယောက်သည် မမြင်နိုင်သောအန္တရာယ်ကို တောင့်မခံနိုင်တော့သဖြင့် သူ၏မှော်လက်နက်ကိုထိန်းချုပ်ကာ လေထုအတွင်းသို့ ပျံသန်းလိုက်၏။
"နေဦး"
တခြားတပည့်များက သူ့အား တားဆီးလိုက်သော်လည်း ခြေတစ်လှမ်းခန့်နောက်ကျသွားလေပြီ။
ထိုတပည့် လေထုအတွင်းသို့ရောက်ရှိသွားသည်နှင့် မြူခိုးများကြားမှနေ၍ တရှဲရှဲအသံများထွက်ပေါ်လာကာ ထိုနောက်မှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး လိုက်ပါလာသည်။
ဘုတ်...
ခြေပြတ်လက်ပြတ်တချို့က မိုးကောင်ကင်ယံမှ ကျဆင်းလာပြီး သွေးများက အထက်မှနေ၍ မြေပြင်ပေါ်သို့ ဖြာကျလာသည်။ဤသည်က အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်။
လုယွီက မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အမြောက်အများ စုဝေးလာရာမှ မိုးကောင်းကင်တဝိုက်ကိုလွှမ်းခြုံထားသော သတ်ဖြတ်ခြင်းဝင်္ကပါကြီးအဖြစ် ဖွဲ့စည်းသွားခြင်းဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် မစဥ်းစားမဆင်ခြင်ဘဲ လေထုအတွင်း၌ပျံသန်းလိုက်ပါက ထိုသူသည် ပတ်ဝန်းကျင်ရှိသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ၏ထိန်းချုပ်ခြင်းခံရကာ အလောင်းအပြည့်အစုံပင်မကျန်ရှိဘဲ သေဆုံးသွားရပေမည်။
"ဒါက ငါတို့အရင်တုန်းက တမလွန်မြို့မှာ ကြုံတွေ့ခဲ့ရတဲ့အခြေအနေနဲ့အတူတူပဲ...ငါတို့ မဆင်မခြင်လုပ်လို့မရဘူး"
ကောရှုမန်က ထိတ်လန့်တကြား ပြောဆိုသည်။
သူတို့သည် ယခုကဲ့သို့အခြေအနေမျိုးကို တမလွန်မြို့အတွင်း၌ ကြုံတွေ့ဖူးလေ၏။
ထိုအချိန်တုန်းက ခေါင်းမာသောတပည့်များသည် ချောင်ပိတ်ခံထားရမှုကိုချိုးဖျက်နိုင်ရန် လမ်းကြောင်းများကို ရှာဖွေခဲ့ကြသည်။သို့ရာတွင် မမျှော်လင့်ဘဲ သူတို့သည် ပြင်ပသို့မထွက်နိုင်ခဲ့သည့်အပြင် သူတို့၏အသက်များကိုပင် ထိုနေရာ၌ ချန်ထားခဲ့ရသည်။
ထိုအချိန်မှာပင် လုယွီ၏နတ်ဘုရားစိတ်အာရုံမှနေ၍ ရှေ့ရှိမြူခိုးများအကြားမှ အေးစက်မှုလှိုင်းများထွက်ပေါ်လာသည်ကို ရုတ်တရက် အာရုံခံမိလေ၏။
ထိုအေးစက်မှုလှိုင်းသည် အရိုးကွဲလုမတတ်အေးစိမ့်ပြီး မြူခိုးများအကြားတွင် လူတစ်စုရှိနေသည်ကိုလည်း သူ ဝိုးတဝါးမြင်တွေ့မိသည်။
ထိုလူစုကိုမြင်သည်နှင့် လုယွီကမျက်မှောင်ကြုတ်ကာ အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်သည်။
"မြန်မြန်...လမ်းဘေးကိုဆင်းပြီးပုန်းနေကြတော့"
"ဘာလဲ"
ကောရှုမန်က အလျှင်အမြန် လုပ်ဆောင်ခြင်းမရှိချေ။
"အချိန်မရှိဘူး...မြန်မြန်ပုန်းကြတော့"
လုယွီက အလျင်စလိုရှောင်တိမ်း၍ လမ်း၏နံဘေးတစ်နေရာ၌ပုန်းအောင်းကာ သူ၏အငွေ့အသက်များကို အဆုံးစွန်ဆုံးထိ ဖုံးကွယ်ထားလေသည်။
ကျီးယန်းရန်ထံတွင် ယင်ယန်ကောင်းကင်ဘုံမျက်လုံးရှိနေသဖြင့် သူမသည်လည်း မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော ထူးဆန်းသည့်အခြေအနေကို သတိပြုမိလေ၏။
တခြားတပည့်များသည် ယခုထိတိုင် နားလည်သဘောပေါက်ခြင်းမရှိသည်ကိုမြင်ချိန်တွင် သူမက တိုက်တွန်းပြောဆိုလိုက်သည်။
"မြန်မြန်လေး ပုန်းကြတော့"
တပည့်တချို့သည် ကျီးယန်းရန်၏နောက်သို့လိုက်ကာ လမ်းနံဘေးရှိချုံပုတ်များအကြားတွင် ပုန်းအောင်းလိုက်ကြသည်။
သို့ရာတွင် ကောရှုမင်က အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။
ယခုချိန်တွင် သူမထံတွင် စီနီယာတပည့်တစ်ယောက်၏ရုပ်အလောင်းရှိနေသဖြင့် သူမသည် ကျောင်းတော်သို့ပြန်ကာ ဆုလာဘ်များဖြင့်လဲလှယ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။သူမ၏စိတ်နှလုံးသားအတွင်း၌ တောင်အောက်သို့အလျှင်အမြန်ရောက်ရှိလိုစိတ်များဖြင့်သာ ပြည့်နှက်နေသည်။
"နင်တို့ဂျူနီယာတပည့်တစ်သိုက်ကတော့ တကယ့်ကိုစိတ်ရှုပ်ဖို့ကောင်းတာပဲ...တစ်ချိန်လုံး ကြောက်လန့်နေကြတယ်...ဒါက အချိန်ဖြုန်းနေတာပဲ"
ကောရှုမန်က စိတ်မရှည်သောလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။
ကောရှုမန်သည် လုယွီ၏သတိပေးစကားကို မကြားသကဲ့သို့ ပြုမူနေဆဲပင်။
အမှန်အားဖြင့် ကောရှုမန်သည် အလွန်အမင်းသတိထား၍ နေနေခဲ့သည်။သူမ၏နတ်ဘုရားစိတ်အာရုံဖြင့် သူမ၏နံဘေးပတ်ဝန်းကျင်ရှိအခြေအနေများကို စူးစမ်းလေ့လာနေသည်။
သို့ရာတွင် သူမ၏နတ်ဘုရားစိတ်အာရုံအောက်တွင် မည်သည့်အန္တရာယ်အငွေ့အသက်ကိုမျှ သတိပြုမိခြင်းမရှိချေ။
ထို့ကြောင့် ကောရှုမန်က သူမ၏နံဘေးပတ်ဝန်းကျင်သည် လုံခြုံဘေးကင်းသည်ဟု မသိစိတ်မှနေ၍ တွေးတောနေလေ၏။
မည်သို့ပင်ဆိုစေကာမူ သူမသည် စီနီယာတပည့်တစ်ယောက်ပင်။သူမ၏နတ်ဘုရားစိတ်အာရုံသည် လုယွီကဲ့သို့ဂျူနီယာတပည့်တစ်ယောက်ထက် များစွာပို၍မြင့်မားခြင်းမှာ သိသာထင်ရှားသည်။
ကောရှုမန်သည် တပည့်အနည်းငယ်နှင့်အတူ ရှေ့သို့ဆက်၍ လျှောက်လှမ်းလိုက်သည်။
"အဲ့ဒီဂျူနီယာတပည့်က ပေါက်ကရစကားတွေပြောနေတာ...ဒီနေရာပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေတာပဲ...ဘယ်မှာ အန္တရာယ်ရှိလို့လဲ"
ကောရှုမန်က သရော်တော်တော် ပြောဆိုသည်။
သူမ တောင်အောက်သို့ဆင်းနေသောလမ်းတစ်ဝက်မှာပင် အဝေးမှနေ၍ အေးစိမ့်စိမ့်လေလှိုင်းများက ပျံ့လွင့်လာသည်။
ထို့နောက် လူပေါင်းထောင်နှင့်ချီ၍ တောင်ပေါ်တွင် လမ်းလျှောက်နေသည့်အလား ခြေလှမ်းသံများက တရွေ့ရွေ့ချဥ်းကပ်လာပေ၏။
ကောရှုမန်က ချက်ချင်းဆိုသလိုပင် သူမနှင့်နီးကပ်လာသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသွားသည်။
သူမ၏နတ်ဘုရားစိတ်အာရုံဖြင့် ရှေ့တွင်ရှိနေသောအရာများကို သဲသဲကွဲကွဲမမြင်ရသော်လည်း ကောရှုမန်သည် သူမ၏ခြေလှမ်းများကိုအနည်းငယ်နှေးကွေး၍ တပည့်များ၏နောက်၌ ပုန်းအောင်းလိုက်သည်။
သို့သော် ထိုအချိန်မှာပင်....
မြူခိုးများကြားမှနေ၍ ရုတ်တရက် ဖြူရော်ရော်လက်များထွက်ပေါ်လာကာ သူမရှေ့ရှိတပည့်ကို ဖမ်းဆွဲလိုက်၏။
"ဒါက ဘာကြီးတွေလဲ"
"မြူခိုးတွေကြားထဲမှာ တစ်ယောက်ယောက်ရှိနေတယ်...မြန်မြန်ထွက်သွားကြတော့"
တောင်အောက်ဆင်းရန် စိတ်စောနေကြသော တပည့်များသည် အလျင်စလို ရှောင်တိမ်းလိုက်ကြသော်လည်း ယခုလက်ရှိအချိန်တွင် အလွန်နောက်ကျသွားလေပြီ။
ဖြူရော်ရော်လက်များသည် တပည့်များကို ထူထပ်သိပ်သည်းသော မြူခိုးများအတွင်းသို့ ဖမ်းဆွဲပြီးနောက် သွေးပျက်ဖွယ် စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။
Chapter 2337
ဤကဲ့သို့ရုတ်တရက်အပြောင်းအလဲသည် လူတိုင်းကို အသိစိတ်လွတ်ကင်းသွားစေသည်။
ကောရှုမန်နှင့် မျက်စေ့လျှင်သောတပည့်တချို့သာ နံဘေးပတ်ဝန်းကျင်ရှိ ခြုံပုတ်များအကြားတွင် အလျှင်အမြန် ပုန်းအောင်းနိုင်ခဲ့ကြ၏။
လူတိုင်းသည် သူတို့၏အငွေ့အသက်များကို ဖုံးကွယ်၍ တောင်ကြားလမ်းပေါ်ရှိမြင်ကွင်းကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။
တိတ်ဆိတ်ငြိမ်သက်သောတောင်ကြားလမ်းတွင် ရက်စက်ကြမ်းကြုတ်သော ယင်ဝိညာဥ်တစ်စုက ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။
ထိုယင်ဝိညာဥ်များနှင့်အတူ ပြင်းထန်သောယင်ချီများလည်း ရောယှက်နေသည်။တစ်စုံတစ်ယောက်သည် ယင်ဝိညာဥ်များ၏အနီးသို့ရောက်ရှိမသွားသည့်တိုင် သူတို့ထံမှထွက်ပေါ်နေသော တုန်လှုပ်ချောက်ချားဖွယ်ယင်ချီများကို ခံစားရပေမည်။
"ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ ယင်ဝိညာဥ်တွေအများကြီးရှိနေတာလဲ"
"ကံကောင်းထောက်မပြီးတော့ လုယွီ ငါတို့ကို ကြိုသတိပေးလို့သာပဲ...မဟုတ်ရင် ငါတို့သာ ဒီယင်ဝိညာဥ်အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်မိမယ်ဆိုရင် ငါတို့အားလုံး အလောင်းအပြည့်အစုံတောင်မကျန်ဘဲ သေသွားနိုင်တယ်"
သူတို့သည် ယင်ဝိညာဥ်များ၏ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းပုံကို တမလွန်မြို့အတွင်း၌ တွေ့မြင်ထားပြီးလေပြီ။
ဤအချိန်တွင် အလွန်များပြားသော ယင်ဝိညာဥ်များကို ထပ်မံ၍မြင်တွေ့ရလေရာ သူတို့၏စိတ်နှလုံးသားများအတွင်းမှ ချမ်းစိမ့်လာသကဲ့သို့ ခံစားနေရ၏။
"ရာနဲ့ချီတဲ့ယင်ဝိညာဥ်တွေရဲ့ည...ယင်ဝိညာဥ်တွေရဲ့ကြိုဆိုခြင်း...တောင်ပေါ်မှာရှိနေတဲ့တစ်စုံတစ်ခုက နိုးထလာတော့မယ်"
လုယွီသည် ကျီးကန်းနက်တောင်ထိပ်ပေါ်တွင် တစတစပို၍အားကောင်းလာသော အရှိန်အဝါတစ်ခုရှိနေခြင်းကို အာရုံခံမိသည်။
ယခင်က တမလွန်မြို့အတွင်းတွင် သူ အစိမ်းရောင်ကြာနတ်ဘုရားနှင့်ဆုံတွေ့ခဲ့ရခြင်းကို ပြန်လည်စဥ်းစားမိသဖြင့် ထိုအရှိန်အဝါသည် အစိမ်းရောင်ကြာနတ်ဘုရားမှထုတ်လွှတ်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
"ကောင်လေး...ငါက တောင်ထိပ်မှာ နတ်ဘုရားနှစ်ပါးရဲ့အရှိန်အဝါကို ခံစားမိတယ်"
လုယွီ တွေးတောနေစဥ်မှာပင် မျောက်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုလေသည်။
လုယွီက ပြောဆိုလိုက်၏။
"နတ်ဘုရားနှစ်ပါးလား...မင်း အာရုံခံတာများ မှားနေသလား"
တောင်ထိပ်တွင် အစိမ်းရောင်ကြာနတ်ဘုရားတစ်ယောက်တည်းသာရှိနေမည်ဟု သူ တွေးထင်ထားခဲ့သည်။
နောက်ထပ်နတ်ဘုရားတစ်ပါး ပုန်းအောင်းနေမည်ဟု သူ မျှော်လင့်မထားမိချေ။
တော်ဝင်မြို့တော်နှင့်နီးကပ်နေခြင်းကြောင့် လုယွီသည် သူ့စိတ်ဝိညာဥ်မှစွမ်းအားကို အပြည့်အဝဖြန့်ကျက်ခြင်းမပြုနိုင်သော်လည်း မျောက်သည် ထိုကိစ္စကို စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။
ထိုမျောက်သည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာပုံရပြီး နတ်ဘုရားများကို ထိန်းချုပ်ဟန့်တားနိုင်သောစွမ်းရည်မျိုးရှိသည်။မီးနတ်ဘုရားသည် မျောက်၏ဝါးမျိုခြင်းကိုခံရသည့်တိုင် လုယွီသည် ထိုမျောက်နှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များကို ဖမ်းဆုပ်နိုင်ခြင်းမရှိချေ။
မျောက်က စိတ်မရှည်သောလေသံဖြင့် ထပ်မံ၍ပြောဆိုသည်။
"တကယ်လို့ မင်းသာ အဲ့ဒီနတ်ဘုရားနှစ်ပါးကို ဝါးမျိုနိုင်မယ်ဆိုရင်...မင်းက နတ်ဘုရားသွေးစက်တချို့ စုဆောင်းနိုင်လိမ့်မယ်....နောက်ဆုံးတစ်ကြိမ်တုန်းက မီးနတ်ဘုရားရဲ့သွေးစက်ကို မင်း သုံးပြီးသွားပြီ...ဒီတစ်ကြိမ်တော့ မင်း အလွတ်မပေးသင့်ဘူး"
"နေပါဦး...မင်းဆီမှာ နတ်ဘုရားသွေးစက်ဖွက်ထားသေးတယ်ဆိုတာ ငါမသိဘူးလို့ မင်း ထင်နေတာလား"
လုယွီက အပြုံးနှင့် ပြောဆိုလိုက်၏။
မျောက်သည် အလွန်အံ့အားသင့်နေသောအကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်လေသည်။
"မဟုတ်သေးပါဘူး...ငါသိမ်းထားတာကို မင်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ...ငါ သေသေချာချာဖွက်ထားတာလေ"
မျောက်က ညည်းညူလိုက်သည်။
တောင်ကြားလမ်းပေါ်၌....
မရေမတွက်နိုင်သောယင်ဝိညာဥ်များသည် တောင်ကြားလမ်းမှနေ၍ တောင်ထိပ်သို့ အရူးအမူးအပြေးသွားနေကြ၏။
အချိန်အတော်ကြာပြီးနောက် ကောရှုမန်တို့နှင့်ရင်ဆိုင်တွေ့ခဲ့သော ယင်ဝိညာဥ်အုပ်စု ထွက်ခွါသွားလေပြီ။
"ဒါက အရမ်းနီးကပ်လွန်းတယ်...ငါတို့ကို ရှာတွေ့သွားလုနီးပါးပဲ"
"သနားစရာကောင်းတာကတော့ ဂျူနီယာညီလေးချီနဲ့တခြားတပည့်တွေက ယင်ဝိညာဥ်တွေရဲ့လက်ထဲမှာ သေသွားခဲ့တာပဲ"
တပည့်များအားလုံးသည် အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေကြသည်။
ကောရှုမန်၏မျက်နှာအမူအယာပင်လျှင် အနည်းငယ်ပျက်ယွင်းနေသည်။
လုယွီသည် လမ်း၏နံဘေးရှိခြုံပုတ်များအကြား၌ပုန်းအောင်းရန် သူတို့အားလုံးကို ရှင်းရှင်းလင်းလင်း သတိပေးခဲ့သော်လည်း ကောရှုမန်က ခေါင်းမာမာဖြင့် တောင်အောက်သို့ ဆက်၍ဆင်းသွားခဲ့သည်။
အကယ်၍ သူမ၏တဇွတ်ထိုးဆန်မှုကြောင့်သာမဟုတ်ပါက တပည့်များသည် ဆိုးရွားသောသေခြင်းနှင့် သေဆုံးရမည်မဟုတ်ချေ။
ကံဆိုးစွာဖြင့် ကောရှုမန်၏စရိုက်သဘာဝသည် ရိုင်းစိုင်းပြီးတဇွတ်ထိုးဆန်လှ၏။မည်သည့်ကိစ္စများ ဖြစ်နေပါစေ သူမ၏အမှားကို ဘယ်သောအခါမျှ ဝန်ခံမည်မဟုတ်ချေ။
"ကျင့်ကြံခြင်းလမ်းကြောင်းမှာ ဘယ်အရာမဆို ဖြစ်ပျက်နိုင်တယ်...ဒီနေရာမှာ သူတို့ သေဆုံးသွားတာက သူတို့ရဲ့ကံကြမ္မာပဲ"
ကောရှုမန်က ကြေကွဲဝမ်းနည်းသောလေသံဖြင့် ပြောဆိုသည်။
လုယွီက လူအုပ်ကြီးကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုလိုက်၏။
"ဒီနေရာမှာ ကြာကြာနေဖို့ မသင့်တော်ဘူး...ဒီယင်ဝိညာဥ်တစ်စု တောင်ပေါ်သွားတဲ့နောက် အချိန်အတိုင်းအတာတစ်ခုထိ နောက်ထပ်ယင်ဝိညာဥ်တွေ ထပ်လာအုံးမှာမဟုတ်ဘူး....မင်းတို့အားလုံး အမြန်ဆုံး ထွက်သွားသင့်တယ်...ဒီနေရာမှာ ကြာကြာမနေကြနဲ့"
ကောရှုမန်က မျက်မှောင်ကြုတ်လိုက်သည်။
"နင်က ဘာနားလည်လို့လဲ...နင် ဘာမှမသိဘဲနဲ့ ငါတို့ကို အမိန့်ပေးမနေနဲ့...ခုဏက ငါတို့ သေသွားလုနီးပါးပဲ...ငါတို့ရဲ့ခြေလှမ်းတိုင်းကို ဂရုစိုက်ဖို့လိုအပ်တယ်...နင် နားလည်ပြီလား"
သို့ရာတွင် ဤတစ်ကြိမ်၌ ကောရှုမန်၏စကားကို မည်သူကမျှ ထောက်ခံခြင်းမပြုချေ။
အကြိမ်ပေါင်းများစွာကြုံတွေ့ရပြီးနောက် တပည့်များက လုယွီသည် အစစ်အမှန်အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး ဂျူနီယာတပည့်တစ်ယောက်ကဲ့သို့ ရိုးရှင်းခြင်းမရှိကြောင်း သိရှိသွားကြ၏။
Chapter 2338
ပတ်ဝန်းကျင်ရှိတပည့်များအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်ကိုကြည့်ပြီး ကောရှုမန်က အလွန်စိတ်မကျေမနပ်ဖြစ်သွားသည်။
"ဘာလဲ...နင်တို့က ငါ့ရဲ့စကားကို ငြင်းဆန်ချင်လို့လား"
သူမက တောင်ကြားလမ်းပေါ်ရှိ ထူထပ်သိပ်သည်းသောမြူခိုးများကို လက်ညှိုးညွှန်ပြကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒီနေရာမှာ မြူခိုးတွေ အရမ်းထူထပ်တယ်...အဲ့ဒီမြူခိုးတွေရဲ့နောက်မှာ ဘာတွေပုန်းအောင်းနေလဲဆိုတာ ငါတို့ မမြင်နိုင်ဘူး...မြူခိုးတွေပြယ်သွားတဲ့ မနက်အာရုဏ်တက်ချိန်ထိ နေရာတစ်နေရာရှာပြီးပုန်းအောင်းနေတာ ပိုကောင်းမယ်လို့ ငါထင်တယ်...အဲ့ဒီအချိန်ကျမှ ငါတို့ တောင်အောက်ကိုဆင်းကြတာပေါ့"
အမှန်အားဖြင့် ကောရှုမန်သည် တောင်ကြားလမ်းပေါ်တွင် လှည့်လည်သွားလာနေသော ယင်ဝိညာဥ်များကို ထိတ်လန့်ကြောက်ရွံနေဆဲဖြစ်သည်။
အကယ်၍ သူမကို တောင်အောက်သို့ ဆင်းခိုင်းမည်ဆိုပါက မည်သည့်နည်းနှင့်မျှ သူမ သဘောမတူညီနိုင်ချေ။
သူမသာ ကံဆိုးမိုးမှောင်ကျပြီး လမ်းခရီးတွင် ယင်ဝိညာဥ်များနှင့် ထပ်မံ၍ရင်ဆိုင်ရပါက သူမ ဒုက္ခရောက်ပေလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် ကောရှုမန်သည် တောင်အောက်သို့ဆင်းသည်ထက် ဤနေရာ၌သာ ဆက်၍ပုန်းအောင်းနေလိုသည်။
ရယ်ရွှင်ဖွယ်ကောင်းသည်မှာ အစောပိုင်းက တောင်အောက်သို့ဆင်းရန် ခေါင်းမာနေသူမှာ ကောရှုမန်ဖြစ်သော်လည်း ယခုချိန်တွင် ဤနေရာ၌နေရန် ရွေးချယ်ခဲ့သူမှာလည်း သူမ ဖြစ်နေခြင်းပင်။
ယခုလက်ရှိနေရာတွင်ရှိနေသော တပည့်များသည် အရူးများမဟုတ်ကြသဖြင့် ကောရှုမန်၏အတွေးများကို ထွင်းဖောက်မြင်နိုင်ကြ၏။
"တောင်းပန်ပါတယ် စီနီယာအမကော...ကျွန်တော်တို့က တောင်ပေါ်မှာ ဆက်ပြီးမနေနိုင်တော့ဘူး"
"အမှန်ပဲ...ဒီတာဝန်လုပ်ဆောင်နေတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ ကိစ္စတွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်...တကယ်လို့ ငါတို့သာ ဒီနေရာမှာဆက်နေရင် အချိန်မရွေး အန္တရာယ်ကျရောက်လာနိုင်တယ်"
တပည့်အများစုသည် ကောရှုမန်၏အကြံပေးမှုကိုငြင်းဆန်၍ တောင်အောက်သို့ ဆင်းသွားကြတော့သည်။
နောက်ဆုံး၌ တပည့်နှစ်ယောက်ကသာ ကောရှုမန်၏နောက်သို့လိုက်ရန် ရွေးချယ်ခဲ့သည်။
ကောရှုမန်သည် အလွန်အမင်း ဒေါသထွက်သွားလေ၏။
"အမြင်ကျဥ်းတဲ့ငတုံးတစ်သိုက်...အပြင်မှာရှိတဲ့မြူခိုးတွေကြားမှာ ဘယ်လိုအန္တရာယ်တွေရှိနေလဲဆိုတာ နင်တို့ သိလို့လား"
သို့ရာတွင် ယခုချိန်၌ မည်သူကမျှ သူမ၏စကားကို နားထောင်ခြင်းမရှိချေ။
လုယွီက ကောရှုမန်၏နောက်သို့လိုက်ရန် ရွေးချယ်ခဲ့သော တပည့်နှစ်ယောက်ကိုကြည့်၍ ပြောဆိုလိုက်သည်။
"တောင်တစ်ခုလုံးရဲ့ပရဝုဏ်မှာရှိတဲ့ ယင်ဝင်္ကပါက အခုထိ အပြည့်အဝချိပ်မပိတ်ရသေးဘူး...မင်းတို့ ခုချက်ချင်းထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်"
ကောရှုမန်သည် သူ၏အကြံပေးချက်ကို လိုက်နာမည်မဟုတ်ကြောင်း သူ ကောင်းစွာသိရှိသည်။
သို့ရာတွင် တခြားတပည့်နှစ်ယောက်သည် ဤကဲ့သို့နေရာမျိုး၌သေဆုံးရန် မထိုက်တန်ချေ။
ကောရှုမန်သည် သူမ၏အခွင့်အာဏာကို အချိန်အတော်ကြာယူ၍ တည်ဆောက်ထားခဲ့ပုံရသည်။ထိုတပည့်နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းခါလိုက်ကြ၏။
"ငါတို့က စီနီယာအမကောနဲ့အတူ ဒီနေရာမှာပဲ ပုန်းနေတော့မယ်"
သူမထံတွင် သစ္စာရှိနောက်လိုက်နှစ်ယောက် ကျန်ရှိနေသည်ကိုကြည့်ပြီး ကောရှုမန်က စိတ်ကျေနပ်သွားသည်။
"ကောင်လေး...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ...လမ်းတလျှောက်လုံးမှာ နင်ပြောခဲ့တဲ့အရာတွေက မှန်နေတယ်...ဒါပေမယ့် နင်သိထားရမှာက ကံကောင်းမှုဆိုတာ အရာရာတိုင်းကို ကိုယ်စားမပြုဘူး...တကယ်လို့ နင်တစ်ခုခုကို အကဲဖြတ်ချင်တာပဲဖြစ်ဖြစ် နင်လုပ်ချင်တဲ့ကိစ္စတစ်ခုရှိနေရင်ပဲဖြစ်ဖြစ်...အရေးအကြီးဆုံးအချက်ကတော့ အတွေ့အကြုံပဲ"
"အဲ့ဒီအတွေ့အကြုံဆိုတာက နှုတ်ခမ်းဖျားလေးနဲ့ပြောရုံနဲ့ ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး...ဒါက နှစ်ရှည်လများကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေကို စုစည်းထားနိုင်မှုအပေါ်မှာ မူတည်တယ်....နင်က ငါ့ကိုယှဥ်ပြိုင်နိုင်ဖို့ အဝေးကြီးလိုသေးတယ်"
ကောရှုမန်သည် စီနီယာတပည့်တစ်ယောက်မှနေ၍ အငယ်တစ်ယောက်ကို သင်ခန်းစာပေးနေသည့်အလား လုယွီကို ပြောဆိုနေသည်။
စကားဆုံးသည်နှင့် ကောရှုမန်က အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကို စောင်းငဲ့၍ကြည့်လိုက်သည်။
"ဒီလောက်အများကြီးပြောပြီးတဲ့နောက်...နင် တောင်အောက်ကိုဆင်းဖို့ သတ္တရှိသေးလား"
လုယွီသည် သူမကိုစကားတုံ့ပြန်ပြောဆိုရန် အလွန်ပင်ပျင်းရိငြီးငွေ့နေသည်။
ကောရှုမန်၏နောက်ရှိတပည့်နှစ်ယောက်ကို ထပ်မံ၍တစ်ချက်ကြည့်ပြီးနောက် လုယွီက လှည့်ထွက်ကာ တောင်ပေါ်သို့တက်ခဲ့တော့သည်။
ဤတစ်ကြိမ်သည် ကောရှုမန် ကြက်သေသေသွားရသောအလှည့်ပင်။
လုယွီသည် တောင်ပေါ်သို့တက်သွားဝံ့မည်ဟု သူမ မျှော်လင့်မထားမိချေ။
အစောပိုင်းကပင် အလွန်များပြားသောယင်ဝိညာဥ်များသည် ကျီးကန်းနက်တောင်ပေါ်သို့ တက်သွားကြ၏။ယခုချိန်တွင် လုယွီ ထိုနေရာသို့သွားခြင်းသည် သေလမ်းသွားရှာခြင်းသာမဟုတ်လော။
မည်သို့ပင်စဥ်းစားတွေးတောနေပါစေ သူမသည် လုယွီ၏အပြုအမူကို နားလည်သဘောပေါက်ခြင်းမရှိချေ။
နောက်ဆုံး၌ ကောရှုမန်က မကျေမချမ်းရေရွတ်လိုက်သည်။
"နင်က အရူးတစ်ကောင်ပဲ...နင့်ဟာနင်သာ သွားပြီးအသေခံ...ဘယ်သူကမှ နင့်ကိုမတားဘူး"
ကျီးယန်းရန်သည် နံဘေးတစ်ဖက်တွင် မတ်တတ်ရပ်၍ ထွက်ခွါသွားသော လုယွီ၏နောက်ကျောကို ကြည့်နေလေ၏။ရုတ်တရက် သူမက အံ့တင်းတင်းကြိတ်ကာ လုယွီ၏နောက်သို့ လိုက်သွားခဲ့သည်။
ကောရှုမန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အဲ့ဒီနေရာကိုမသွားနဲ့...သူက သွားပြီးအသေခံတာ...နင်က ဘာလို့သွားမှာလဲ"
ကျီးမိသားစုသည် ကျီးယန်းရန်ကို ကာကွယ်ရန်အတွက် ကောရှုမန်ကို အင်မော်တယ်ကျောက်တုံးအမြောက်အများ ပေးထားလေ၏။
အကယ်၍ ကျီးယန်းရန်သာ အသက်ရှင်သန်နေပါက ကောရှုမန်သည်လည်း ပို၍များပြားသောဆုလာဘ်များကို ရရှိပေမည်။
Chapter 2339
သို့ရာတွင် ယခုလက်ရှိချိန်၌ ကျီးမိသားစုမှပေးမည့်ဆုလာဘ်များ မရရှိတော့မည်ကို ကောရှုမန်က စိုးရိမ်ပူပန်နေသည်။
"အဲ့ဒီနှစ်ယောက်က သေခြင်းတရားဆီ တစ်ယောက်ပြီးတစ်ယောက် အပြေးသွားတဲ့အထိ ရူးသွပ်မိုက်မဲကြတာလား"
ကောရှုမန်က ခနဲ့တဲ့တဲ့ပြောဆိုပြီးနောက် သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
"ဒီလတ်တလောနှစ်တွေမှာ...ကျောင်းတော်ကတပည့်သစ်တွေရဲ့အရည်အချင်းတွေက ပိုပြီးဆိုးရွားလာတာပဲ...ဂျူနီယာတပည့်တွေက တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ ညံဖျင်းလာတယ်"
ထိုသို့ပြောဆိုပြီးနောက် သူမသည် တခြားတပည့်နှစ်ယောက်အား ဖုံးကွယ်ဝင်္ကပါကိုခင်းကျင်းရန် ညွှန်ကြားလိုက်၏။
ထိုဖုံးကွယ်ဝင်္ကပါတွင် ဝင်္ကပါအလံသုံးခုပါဝင်သဖြင့် လူသုံးယောက်ရှိရုံဖြင့် အပြည့်အဝထိန်းချုပ်နိုင်သည်။
သူတို့သုံးယောက်သည် ဝင်္ကပါကို အလျှင်အမြန်ထိန်းချုပ်လိုက်ကြရာ ချက်ချင်းဆိုသလိုပင် သူတို့၏နံဘေးပတ်ဝန်းကျင်တဝိုက် ဝေဝါးသွားသည်။
တမလွန်မြို့အတွင်း၌ရှိနေစဥ်အချိန်တွင် သူတို့သည် ဤဖုံးကွယ်ဝင်္ကပါကိုအသုံးပြု၍ ယင်ဝိညာဥ်များ၏ တိုက်ခိုက်မှုအောက်မှ လွတ်မြောက်နိုင်ခဲ့သည်။
ယခုချိန်တွင် ဤနေရာ၌ သူတို့သုံးယောက်သာရှိနေသော်လည်း ဖုံးကွယ်ဝင်္ကပါကို အောင်မြင်စွာ အသက်သွင်းနိုင်ဆဲပင်။
"အခုကြည့်ရသလောက်တော့ တောင်အောက်ကိုဆင်းသွားတဲ့လူတွေက ကံကြမ္မာဆိုးနဲ့ တိုးမိတော့မယ့်ပုံပဲ...ဟူး....ငါ သူတို့ကို ဂရုစိုက်ဖို့ ပြောခဲ့ပါတယ်...ဒါပေမယ့် သူတို့က ငါ့ရဲ့အကြံပေးမှုကို နားမထောင်ကြဘူး"
ကောရှုမန်က အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။
တခြားတပည့်နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
သူမ ပြောဆိုခဲ့သည့်စကားများ အမှန်ဖြစ်ကြောင်း သက်သေပြရန်အတွက် ကောရှုမန်သည် တောင်အောက်သို့ဆင်းရန်ရွေးချယ်ခဲ့သူများသည် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း မှန်းဆပြောဆိုနေခဲ့သည်။
သူမ၏ယခုလက်ရှိအတွေးများသည် အမှန်တကယ်ကိုပင် ယုတ်မာကောက်ကျစ်ပေ၏။
ရုတ်တရက် တပည့်တစ်ယောက်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
"စီနီယာအမကော...နည်းနည်းအေးလာတယ်လို့ မခံစားရဘူးလား"
တခြားတပည့်တစ်ယောက်၏ခန္ဓာကိုယ်သည်လည်း တုန်ရီနေပေ၏။
ကောရှုမန်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"နင်တို့ရဲ့ကျင့်ကြံဆင့်တွေက အရမ်းနိမ့်တော့...ဒီနေရာက အအေးဒဏ်ကိုတောင် တောင့်မခံနိုင်ကြဘူး...တကယ့်ကို အသုံးမကျတာပဲ"
သူမသည် တာအိုဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသဖြင့် အအေးဒဏ်ကို ဂရုစိုက်ခြင်းမရှိချေ။ဤတာအိုဝတ်ရုံသည် အထူးသီးသန့်မှော်ရတနာတစ်ခုဖြစ်ကာ ဝတ်ဆင်ထားသူကို အလိုအလျောက်နွေးထွေးနေစေပြီး ပြင်ပမှအေးစိမ့်မှုများ မသက်ရောက်စေရန် ကာကွယ်ဟန့်တားပေးသည်။
ကောရှုမန်၏အကြင်နာကင်းမဲ့သောစကားကိုကြားချန်တွင် တပည့်နှစ်ယောက်၏မျက်နှာအမူအယာ ပို၍ပျက်ယွင်းသွားသည်။
ရုတ်တရက် တပည့်တစ်ယောက်က တီးတိုးပြောဆိုလိုက်၏။
"စီနီယာအမ...အသံတစ်ခုခု မကြားဘူးလား"
"ငါ ဘာသံကိုမှ မကြားဘူး"
ကောရှုမန်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"နင်တို့ကိုယ်နင်တို့ ခြောက်လှန့်မနေကြနဲ့...ငါတို့က ဖုံးကွယ်ဝင်္ကပါထဲမှာနေနေတာ...အဲ့ဒီယင်ဝိညာဥ်တွေ ငါတို့ကို ဘယ်လိုနည်းနဲ့မှ ရှာမတွေ့နိုင်ဘူး"
ဤဖုံးကွယ်ဝင်္ကပါအတွင်း၌ ဘေးကင်းလုံခြုံမည်ဟု သူမထံ၌ အခိုင်အမာယုံကြည်ချက်ရှိသည်။
သို့ရာတွင် ရုတ်တရက် ကောရှုမန်သည် တပည့်နှစ်ယောက်၏မျက်နှာအမူအယာ အနည်းငယ်ထူးဆန်းနေသည်ကို သတိပြုမိသွားပေ၏။
"နင်တို့ ဘာကိုကြည့်နေကြတာလဲ"
ကောရှုမန်က သူမ၏ခေါင်းကို နောက်သို့လှည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူမကိုစူးစိုက်ကြည့်နေသည့် ယင်ဝိညာဥ်တစ်ကောင်၏ရက်စက်ကြမ်းကြုတ်သောမျက်နှာကြီးကို သူမ မြင်တွေ့လိုက်ရသည်။
……
တခြားတစ်ဖက်တွင်...တောင်ကြားလမ်းပေါ်၌...
ကျီးယန်းရန်သည် လုယွီ၏နောက်သို့လိုက်နေရင်းမှ နောက်ဆုံးတွင် သူမ၏စိတ်အတွင်း၌ရှိနေသောမေးခွန်းကို မေးမြန်းလိုက်သည်။
"ဘာလို့ နင်က သူတို့နဲ့အတူ တောင်အောက်ကိုဆင်းမသွားတာလဲ"
"တကယ်တော့ ငါ တစ်ခုခုသွားယူစရာရှိလို့ပဲ"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
လုယွီ အလွန်တည်ငြိမ်နေသည်ကိုမြင်လေလေ ကျီးယန်းရန်၏စိတ်အတွင်း၌ ပို၍သိချင်စိတ်ပြင်းပြလာလေလေပင်။
သူမထံတွင် ယင်ယန်ကောင်းကင်ဘုံမျက်လုံးရှိနေသဖြင့် ထိုယင်ဝိညာဥ်များ၏အရှိန်အဝါကို သူမ လွယ်လင့်တကူ အာရုံခံနိုင်သည်။
သို့ရာတွင် ယင်ယန်ကောင်းကင်ဘုံမျက်လုံးမရှိသော လုယွီသည် မည်သည်ကြောင့် သူမနည်းတူ ယင်ဝိညာဥ်များကို အာရုံခံနိုင်သနည်း။
ဤသည်ကို သူမ စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် အလွန်အမင်းခက်ခဲနေသည်။
"နင့်ဆီမှာ ယင်ယန်ကောင်းကင်ဘုံမျက်လုံးကို ကျင့်ကြံတဲ့နည်းစနစ်ရှိတယ်ဆိုမှတော့...ငါ့ရဲ့ကပ်ဘေးကို ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်တဲ့နည်းလမ်းလည်း ရှိနေရမယ်...ဟုတ်တယ်မလား...တကယ်လို့ နင် ဒါကို တန်ကြေးတစ်ခုနဲ့ကမ်းလှမ်းမယ်ဆိုရင် ငါတို့ကျီးမိသားစုက သဘောတူပေးမှာပါ"
ကျီးယန်းရန်က ရုတ်တရက် ပြောဆိုသည်။
လုယွီထံ၌ ဤကဲ့သို့ပြုလုပ်နိုင်သော အရည်အချင်းမျိုးရှိနေကြောင်း သူမ ခံစားမိသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ဂျူနီယာတပည့်တစ်ယောက်ထံမှ အကူအညီတောင်းခံရခြင်းသည် စိတ်စနိုးစနှောင့်ဖြစ်ဖွယ်ကောင်းသော်လည်း ကျီးယန်ရန်းသည် မသိစိတ်မှနေ၍ လုယွီကိုယုံကြည်ရန် ရွေးချယ်ခဲ့သည်။
"လောကကြီးထဲမှာ အလကားရတဲ့နေ့လည်စာမရှိဘူး...တကယ်လို့ မင်း ဒီကပ်ဘေးကို အသက်ရှင်ရက်ကျော်ဖြတ်ချင်တယ်ဆိုရင်...ငါ့အတွက် တစ်ခုခုလုပ်ပေးဖို့လိုအပ်တယ်"
လုယွီက ပြောဆိုလိုက်၏။
"ငါ ဘာလုပ်ပေးရမှာလဲ...အမ်...နင် ဘယ်ကိုသွားနေတာလဲ"
ကျီးယန်းရန်သည် လုယွီ ရပ်တန့်လိုက်သည်ကို သတိပြုမိသွားသဖြင့် သူမက ကူကယ်ရာမဲ့စွာ အနည်းငယ်ကြက်သေသေသွားသည်။
လုယွီနှင့်ကျီးယန်းရန်သည် တောင်ကြားလမ်းဘေးရှိ ချုံပုတ်တစ်ခုအတွင်း၌ ပုန်းအောင်းလိုက်ကြသည်။
ဤနေရာမှကြည့်ပါက အဝေးတစ်နေရာတွင် ကျိုးပဲ့နေသောဘုရားကျောင်းတစ်ခုရှိနေသည်ကို သူမ မြင်တွေ့လိုက်ရ၏။အစောပိုင်းကထွက်ပေါ်လာခဲ့သော ယင်ဝိညာဥ်များသည် ကျိုးပဲ့နေသောဘုရားကျောင်း၏ရှေ့၌ မတ်တတ်ရပ်နေကြသည်။
Chapter 2340
"ယင်ဝိညာဥ်တွေအားလုံး ဒီနေရာကို ရောက်နေတာလား"
မျက်စိဖြင့်မြင်နိုင်သရွေ့ နေရာအနှံ့အပြား၌ ယင်ဝိညာဥ်များဖြင့် ပြည့်နှက်နေသည်။
ထိုယင်ဝိညာဥ်များသည် တောင့်တင်းစွာ မတ်တတ်ရပ်နေကြကာ သူတို့၏မျက်နှာများပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်နေသည်။ထိုယင်ဝိညာဥ်များကို တစ်ချက်ကြည့်မိရုံဖြင့်ပင် တစ်စုံတစ်ယောက်သည် ရင်တုန်ပန်းတုန်ဖြစ်ခြင်းကို အချိန်အတော်ကြာ ခံစားရပေမည်။
ကျီးယန်းရန်က လုယွီထံသို့ အသံပေးပို့၍ ဆက်သွယ်လိုက်၏။
"နင်က ဒီလိုနေရာမျိုးကိုလာတာ...သေလမ်းလာရှာတာလား"
အစပိုင်းတွင် တမလွန်မြို့အတွင်း၌ သူမတို့လူစုသည် ထိုယင်ဝိညာဥ်များနှင့် တိုက်ခိုက်ခဲ့ကြရသည်။
ကံကောင်းထောက်မစွာဖြင့် ကျီးယန်းရန်၏ကိုယ်ပိုင်ခွန်အားသည် မဆိုးလှချေ။အကယ်၍ သူမသည် ထိုယင်ဝိညာဥ်များနှင့် ရင်ဆိုင်ရလျှင်ပင် တည်ငြိမ်စွာဖြေရှင်းနိုင်စွမ်းရှိသည်။
သို့ရာတွင် တမလွန်မြို့အတွင်း၌ပုန်းအောင်းနေသော ယင်ဝိညာဥ်များသည် ယခု သူမရှေ့တွင်ရှိနေသော ယင်ဝိညာဥ်အရေအတွက်နှင့် နှိုင်းယှဥ်ပါက စကားထဲထည့်ပြောရန်ပင် မထိုက်တန်ချေ။
အကယ်၍ ယခုချိန်တွင် သူမသာ ရှေ့သို့ဆက်လက်၍လျှောက်လှမ်းသွားပါက ထိုယင်ဝိညာဥ်များကြောင့် တစစီကြေမွှပျက်စီးသွားပေမည်။
လုယွီသည် ကျီးချန်ယွီ၏မေးခွန်းကို ဖြေဆိုခြင်းမပြုဘဲ အဝေးရှိ ယင်ဝိညာဥ်များ၏လှုပ်ရှားမှုကိုသာ ဆက်လက်၍စူးစမ်းလေ့လာနေသည်။
ထိုယင်ဝိညာဥ်များသည် ခေါင်းတလားတစ်လုံးကို စုပြုံဝိုင်းရံလာကာ ဘုရားကျောင်းပျက်၏ရှေ့၌ ဂရုတစိုက် နေရာချထားလိုက်၏။ထို့နောက် သူတို့က ဒူးထောက်ပြီး ဦးညွှတ်လိုက်ကြသည်။
ဘုရားကျောင်းပျက်၏မှောင်မည်းနေသောဝင်ပေါက်မှနေ၍ အရိုးကွဲလုမတက်အေးစိမ့်သောယင်ချီများက အဆက်မပြတ်ယိုစိမ့်ထွက်နေသည်။
"ငါ သိပြီ...ကြည့်ရတာတော့ နတ်ဆိုးနတ်ဘုရားက ဒီနေရာမှာ ချိပ်ပိတ်ခံထားရပုံပဲ...ဒါကြောင့် ခန္ဓာကိုယ်အခွံအသစ်တစ်ခုကို အပိုင်စီးပြီးတော့ချိပ်ပိတ်ခံရမှုကနေ လွတ်မြောက်အောင် ကြိုးစားနေတာ"
လုယွီသည် အချိန်တခဏကြာ လေ့လာဆန်းစစ်ပြီးနောက် ထိုယင်ဝိညာဥ်များ မည်သည့်အရာကိုပြုလုပ်ရန် ပြင်ဆင်နေသည်ကို နားလည်သဘောပေါက်သွားပေ၏။
ပတ်ဝန်းကျင်ရှိတောင်များသည် ဤနေရာရှိနတ်ဆိုးကိုတည်ဆောက်ရန် ခင်းကျင်းထားသော ဧရာမဖုန်းရွှေဝင်္ကပါကြီးဖြစ်သည်။
ကျီးကန်းနက်တောင်သည် သာမာန်နေ့ရက်များတွင် အမြဲတစေရီဝေအုံ့မှိုင်းနေသည်။ထူထပ်သိပ်သည်းသောယင်ချီများသည် တောင်များ၏အပေါ်ယံမျက်နှာပြင်မှစိမ့်ထွက်ကာ ပတ်ဝန်းကျင်ရှိမြေပြင်ပေါ်သို့သက်ရောက်နေသဖြင့် ဤနေရာတွင် သက်ရှိသတ္တဝါအနည်းငယ်သာ နေထိုင်ကြ၏။
အချိန်ကာလမည်မျှထိကြာမြင့်သွားပြီမှန်း မသိနိုင်သော်လည်း နတ်ဆိုးနတ်ဘုရားသည် ချိပ်ပိတ်ခံထားရမှုကို ချိုးဖျက်နိုင်တော့မည့် အရိပ်အယောင်များ တဖြည်းဖြည်းပြသနေသည်။
ဤနေရာရှိချိပ်ပိတ်ထားမှုသည် နတ်ဆိုးနတ်ဘုရား၏ရုပ်ခန္ဓာကိုယ်ကို ဖိနှိပ်ထားခြင်းဖြစ်သည်။သို့ရာတွင် ကြည့်ရသည်မှာ နတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဥ်သည် လွတ်မြောက်နေပုံရသည်။
ရုပ်ခန္ဓာကိုယ်တစ်ခုကို အပိုင်စီးနိုင်သရွေ့ ထိုနတ်ဆိုးနတ်ဘုရား လွယ်လင့်တကူ ထွက်လာနိုင်ပေမည်။
"သူတို့ ဘာလုပ်နေကြတာလဲ"
ကျီးယန်းရန်က ဝေခွဲရခက်စွာဖြင့် မေးမြန်းလိုက်၏။
သူမ၏အမြင်အရ ထိုယင်ဝိညာဥ်များသည် မြေပြင်ပေါ်၌ဒူးထောက်ကာ ဘုရားကျောင်းပျက်ထံဦးတည်၍ ဦးညွှတ်အရိုအသေပြုနေကြသည်။
လုယွီက တုံ့ပြန်ပြောဆိုသည်။
"သူတို့က ယဇ်ပူဇော်တဲ့အနေနဲ့ စတေးခံကြမလို့ပဲ"
လုယွီ၏စကားသံ အဆုံးသတ်သွားသော အချိန်မှာပင်....
ဘုန်း...ဘုန်း...ဘုန်း...
ယင်ဝိညာဥ်များ၏ခန္ဓာကိုယ်များ ရုတ်တရက် ဖောင်းကားလာကာ ပေါက်ကွဲသွားသည်။
ထူထပ်သိပ်သည်းသောသွေးစွမ်းအင်များက ချက်ချင်းဆိုသလိုပင် လေထုအတွင်း၌ မျောလွင့်သွားပေ၏။
ထို့နောက် ဘုရားကျောင်းပျက်မှနေ၍ စုပ်အားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ လေထုအတွင်းရှိ သွေးစွမ်းအင်များအားလုံးကို ဝါးမျိုသွားသည်။
ထိုယင်ဝိညာဥ်များသည် တစ်ကောင်ပြီးတစ်ကောင် ရှေ့သို့တိုးလာကြပြီး သူတို့၏အသက်သေဆုံးရမည်ကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လက်ရှိနေရာတွင်ရှိနေသော ယင်ဝိညာဥ်များအားလုံး သူတို့၏အသက်များကို သူတို့ကိုယ်တိုင်ဖျက်ဆီးကာ သွေးစွမ်းအင်များကို ဘုရားကျောင်းပျက်ထံပို့ဆောင်လိုက်သည်။
ဘုရားကျောင်းပျက်သည် ထိုသွေးစွမ်းအင်များကို အပြည့်အဝကြေညက်အောင် ချေဖျက်နေသည့်အလား တဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။
"တကယ်လို့ မင်းက ယင်ကောင်းကင်ဘုံကပ်ဘေးကို ချိုးဖျက်ချင်တယ်ဆိုရင်....ယင်ယန်ကောင်းကင်ဘုံမျက်လုံးကို ဖမ်းဆုပ်နိုင်ရမယ်...အခုချိန်က မင်းအတွက် အရမ်းကောင်းတဲ့အခွင့်အရေးပဲ"
လုယွီက ပြောဆိုသည်။
ကျီးယန်းရန်က အနည်းငယ် ကြက်သေသေသွားသည်။
"နင် ငါ့ကို နောက်နေတာလား"
ဤနေရာတွင် ယင်ဝိညာဥ်များ ယဇ်ပူဇော်၍စတေးနေကြသည်မှာ သူမနှင့် မည်သို့သက်ဆိုင်သွားသနည်း။
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"တကယ်လို့ မင်း ယင်ယန်ကောင်းကင်ဘုံမျက်လုံးကိုအသက်သွင်းပြီးတော့ အပြည့်အဝဖမ်းဆုပ်ချင်တယ်ဆိုရင်...အရေးအကြီးဆုံးအချက်က ဒါကိုထိန်းညှိနိုင်ဖို့အတွက် လုံလောက်တဲ့ယင်ချီတွေရဖို့ပဲ...ယင်ချီတွေက မင်းရဲ့မျက်လုံးတွေကို အသက်သွင်းပေးပြီးပြီဆိုတာနဲ့...မင်းက ယင်ကောင်းကင်ဘုံကပ်ဘေးကို အလွယ်တကူရင်ဆိုင်လို့ရတယ်"
အကယ်၍ အတိတ်တွင် တစ်စုံတစ်ယောက်မှနေ၍ ဤကိစ္စရပ်များကို ကျိန်တွယ်၍ပြောဆိုလျှင်ပင် ကျီးယန်းရန် ယုံကြည်မည်မဟုတ်ချေ။
သို့ရာတွင် လမ်းတလျှောက်လုံး၌ သူမ၏ယင်ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်နိုင်သည့်နည်းလမ်းကို လုယွီ အမှန်တကယ်သိရှိထားသည်အား သူမ သိနားလည်ခဲ့ရသည်။
"အရင်က ငါ နင့်ကို ဆရာအဖြစ်အရိုအသေပြုမှ ငါ့ကိုကူညီပေးမယ်လို့ နင် ပြောခဲ့တာမလား"
ကျီးယန်းရန်က အသေးစိတ်အချက်တစ်ချက်ကျန်နေသည်ကို သတိပြုမိသွားပေ၏။
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ငါက တစ်ခုခုလုပ်ဖို့အတွက် မင်းရဲ့အကူအညီလိုအပ်နေတယ်...ဒါက မင်းရဲ့ကူညီပေးမှုအတွက် ဆုလာဘ်လို့ယူဆလို့ရတယ်"