အခန်း (၂၃၄၆-၂၃၅၀)
Vol. 121 Ch. 2346-2350
Chapter 2346
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လေဟာနယ်အတွင်း၌မတ်တတ်ရပ်ကာ နတ်ဆိုးနတ်ဘုရားနှင့် ထိပ်တိုက်ရင်ဆိုင်မိနေသည်။
နတ်ဆိုးနတ်ဘုရားသည် သူ၏ကိုယ်ပိုင်လေဟာနယ်နယ်မြေအတွင်း၌ တခြားနတ်ဘုရားတစ်ပါးထွက်ပေါ်လာသည်ကို ရုတ်တရက် သိနားလည်သွားပေ၏။သူသည် ချက်ချင်းဆိုသလိုပင် သူ့အားအကြီးအကျယ်ခြိမ်းခြောက်နိုင်သော အငွေ့အသက်ကို ခံစားမိသည်။
ဝေါင်း...
နတ်ဆိုးနတ်ဘုရားသည် ရုတ်တရက်အော်ဟစ်ကြုံးဝါး၍ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
လေဟာနယ်အတွင်း၌ နတ်ဘုရားနှစ်ပါး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေကြသဖြင့် သူတို့၏နံဘေးပတ်လည်တွင် ပြင်းထန်သောလေဟာနယ်မုန်တိုင်းများ ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုနေရာနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော ကျီးယန်းရန်သည် ကြက်သေသေသွားလုနီးပါးပင်။
သူမရှေ့ရှိမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့်ကြည့်နေရင်း သူမ၏စိတ်နှလုံးသားအတွင်းမှအတွေးများ အကြီးအကျယ်ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။
အစောပိုင်းက သူမကိုဖမ်းဆီးခဲ့သော နတ်ဆိုးနတ်ဘုရားသည် သာမာန်အစွမ်းထက်သူမျိုးမဟုတ်ချေ။
သို့ရာတွင် လုယွီသည် ရုတ်တရက်ထွက်ပေါ်လာကာ မိုးကြိုးပစ်သကဲ့သို့နည်းလမ်းမျိုးဖြင့်တိုက်ခိုက်ပြီး နတ်ဆိုးနတ်ဘုရား၏ခန္ဓာကိုယ်ကို တစစီချေမွှဖျက်ဆီးခဲ့သည်။
ထို့ပြင် ယခုချိန်တွင် လုယွီသည် နတ်ဆိုးနတ်ဘုရားနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေသည်။လုယွီထုတ်ဖော်ပြသသောခွန်အားသည် ကျောင်းတော်တွင် သူမမြင်တွေ့ဖူးသော ကျောင်းတော်သားများ၏ခွန်အားထက် များစွာပို၍ကျော်လွန်နေသည်။
ရှေးဟောင်းမိသားစုများမှ ပါရမီရှင်လူငယ်တချို့ပင်လျှင် လုယွီလောက် သန်မာအားကောင်းမည်မဟုတ်ချေ။
ထို့ပြင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ထိပ်တန်းမိသားစုများတွင်သာတွေ့ရှိရသော အရှိန်အဝါတစ်မျိုးကို ကျီးယန်းရန်က ခံစားမိသည်။
ပြိုင်ဘက်ကင်းခြင်း...နက်နဲသိမ်မွေ့ခြင်း...
"သူက နတ်ဆိုးနတ်ဘုရားကို ချောင်းမြောင်းတိုက်ခိုက်တာပဲဖြစ်မယ်...နောက်ပြီးတော့ သူ့မှာ မှီခိုအားထားစရာတစ်ခုခု ရှိနေနိုင်တယ်"
ကျီးယန်းရန်သည် သူမ၏စိတ်အတွင်း၌ ထိတ်လန့်တုန်လှုပ်နေသော်လည်း မကြာမီမှာပင် ပြန်လည်တည်ငြိမ်သွားလေ၏။
သူမက ရုတ်တရက် လက်သင်္ကေတတစ်ခုဖြစ်လုပ်လိုက်ရာ သူမ၏နောက်မှစာလိပ်တစ်လိပ်ပျံဝဲထွက်လာပြီး တဖြည်းဖြည်း အလိပ်ဖြေသွားသည်။
ထိုစာလိပ်ပေါ်တွင် သေးနုပ်သောရွှေရောင်စာလုံးများဖြင့်ပြည့်နှက်နေကာ ရှေးဟောင်းသင်္ကေတတချို့လည်း ရောယှက်၍ပါဝင်နေသည်။ထိုစာလိပ်မှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။
"သွားတော့"
ကျီးယန်းရန်က နတ်ဆိုးနတ်ဘုရားရှိနေသောနေရာသို့ ညွှန်ပြလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထိုစာလိပ်သည် ပေတစ်သိန်းခန့်မြင့်မားသော ရွှေရောင်အလင်းတန်းကိုသယ်ဆောင်၍ နတ်ဆိုးနတ်ဘုရားထံသို့ဦးတည်၍ ပျံဝဲသွားသည်။
နတ်ဆိုးနတ်ဘုရား၏နံဘေးပတ်လည်တွင် ယင်ချီများက တလိမ့်လိမ့်လူးလွန့်နေသည်။သို့ရာတွင် ထိုအရာများသည် စာလိပ်မှရွှေရောင်အလင်းတန်းကို ထိတွေ့မိသည်နှင့် ရေခဲနှင့်မီးတွေ့လိုက်သည့်အလား အရည်ပျော်ကျသွားပေ၏။
နတ်ဆိုးနတ်ဘုရားက အလွန်အမင်း ဒေါသထွက်သွားသည်။သူသည် သူ့ရှေ့ရှိ ပုရွက်ဆိတ်တစ်ကောင်ကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲလိုသောအကြည့်မျိုးဖြင့် ကျီးယန်းရန်ကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။
မြေအောက်လောကနတ်ဘုရားနှင့်နတ်ဆိုးနတ်ဘုရားကြားရှိတိုက်ပွဲသည် လောကကြီးတခွင်ကို တုန်ခါသွားလုမတက်ပင်။ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ မရေမတွက်နိုင်သော လေဟာနယ်အက်ကွဲကြောင်းများ ပွင့်ထွက်နေပေ၏။
အကယ်၍ နတ်ဆိုးနတ်ဘုရား၏ရုပ်ခန္ဓာကိုယ်သာရှိနေပါက လုယွီသည် မည်သည့်နည်းနှင့်မျှ ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် ယခုချိန်၌ နတ်ဆိုးနတ်ဘုရားသည် စိတ်ဝိညာဥ်သက်သက်သာရှိနေသဖြင့် လုယွီ ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။
"သေမျိုး...မင်းက ဒီနတ်ဘုရားကို ရန်မစသင့်ဘူး"
နတ်ဆိုးနတ်ဘုရားက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။သူ၏မျက်နှာပေါ်တွင်တပ်ဆင်ထားသော မျက်နှာဖုံးရှိ အနက်ရောင်မျက်လုံးအိမ်မှနေ၍ အနီရောင်အလင်းတန်းနှစ်တန်း ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုအနီရောင်အလင်းတန်းနှစ်တန်း၏နောက်တွင် သိန်းနှင့်ချီသောယင်ဝိညာဥ်များ၏ စူးရှရှမြည်တမ်းသံများ ကပ်ငြိနေပုံရသည်။
"ငါက မင်းရဲ့သွေးမျိုးဆက်နဲ့ ကျိန်ဆိုတယ်...မင်းရဲ့မျိုးဆက်တွေအားလုံးရဲ့ခန္ဓာကိုယ်တွေ ပုပ်ပွပြီးတော့ အသေဆိုးနဲ့သေဆုံးကြစမ်း"
နတ်ဆိုးနတ်ဘုရားက အော်ဟစ်ကြုံးဝါးလိုက်၏။
လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်က ချက်ချင်းဆိုသလိုပင် ကျီးယန်းရန်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ကျီးယန်းရန်က အလျှင်အမြန် နောက်ဆုတ်လိုက်သည်။
သို့ရာတွင် ဤနေရာပတ်ဝန်းကျင်တစ်ခုလုံးသည် နတ်ဆိုးနတ်ဘုရား၏ကိုယ်ပိုင်နယ်မြေပင်။ကျီးယန်းရန် မည်သို့ပြုလုပ်နေပါစေ နတ်ဆိုးနတ်ဘုရား၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
ရုတ်တရက် ကျီးယန်းရန်၏ခန္ဓာကိုယ်ကို ကျိန်စာစွမ်းအား လွှမ်းခြုံသွားသည်။
ထိုစွမ်းအားသည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပေ၏။ကျီးယန်းရန်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အဆိပ်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။သူမ၏မျက်နှာတပြင်လုံးဖြူရော်သွားကာ သူမသည် အကြီးအကျယ်နာကျင်မှုကို ခံစားနေရသည့်အလား သူမ၏မျက်ခုံးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ်စုကျုံထားသည်။
လုယွီက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်၏။
"မင်း အဆင်သင့်ဖြစ်ပြီလား"
သိုလှောင်အိတ်အတွင်းမှမျောက်က အံ့တင်းတင်းကြိတ်ကာပြောဆိုသည်။
"အဲ့ဒီကောင်က အဆင့်နိမ့်နတ်ဘုရားသက်သက်ပဲ...သူ့ရဲ့လေဟာနယ်နယ်မြေမှာ ယိုပေါက်တွေအများကြီးပဲ...မီးနတ်ဘုရားရဲ့ကိုယ်ပိုင်နယ်မြေကိုမှီဖို့ အဝေးကြီးလိုသေးတယ်....မိုးကောင်းကင်တာအို ပျောက်ကွယ်သွားမှ ငါ ထွက်လာလို့ရမယ်"
ယခုချိန်၌ မျောက်သည် မိုးကောင်းကင်တာအို၏စောင့်ကြည့်မှုကို ခံနေရသဖြင့် ပြင်ပသို့ထွက်နိုင်ခြင်းမရှိချေ။
အကယ်၍ သူ ပြင်ပသို့ထွက်လိုက်ပါက ပတ်ဝန်းကျင်ရှိလူများလည်း ကောင်းကင်ဘုံမိုးကြိုးများ၏ရိုက်ခတ်မှုကို ခံရမည်ဖြစ်ရာ လုယွီနှင့်ကျီးယန်းရန်သည် ဘေးဒုက္ခနှင့်ရင်ဆိုင်ရပေမည်။
Chapter 2347
တခြားတစ်ဖက်တွင် ကျီးယန်းရန်၏အခြေအနေမှာလည်း အလွန်ဆိုးရွားနေသည်။
ဤအချိန်အခိုက်အတန့်တွင် သူမသည် နာကျင်မှုကြောင့် မြေပြင်ပေါ်တွင်လဲလျောင်းနေကာ သူမ၏ခန္ဓာကိုယ်မှနေ၍ အရိုးကွဲလုမတက်အေးစိမ့်မှုများ ထုတ်လွှတ်နေသည်။
ယခုချိန်တွင် သူမသည် အဆိပ်မိသောအခြေအနေသို့ရောက်ရှိနေကာ မြောက်မြားစွာသောယင်ချီအဆိပ်များက သူမ၏ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေရာ သူမ၏ခြေလက်များ တောင့်တင်းစပြုလာသည်။
ဤသည်က နတ်ဘုရားတစ်ပါး၏ကျိန်စာပင်။
ကျီးယန်းရန်၏ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ်မှော်ရတနာတချို့ရှိနေသည့်တိုင် ဤကျိန်စာနှင့်ရင်ဆိုင်ရချိန်တွင် သူမ မည်သို့မျှခုခံနိုင်စွမ်းမရှိချေ။
"ငါ မင်းကို ကျိန်ဆိုတယ်...မင်းက အလောင်းအပြည့်အစုံတောင်မကျန်ဘဲ သေဆုံးရလိမ့်မယ်"
"မင်းရဲ့သွေးမျိုးဆက်တွေအားလုံး ထာဝရအဆိပ်သင့်နေပါစေလို့ ကျိန်ဆိုတယ်"
"မင်းရဲ့မိသားစုတစ်စုလုံး ဆိုးဆိုးရွားရွားသေဆုံးရမယ်လို့ ငါ ကျိန်ဆိုတယ်"
နတ်ဆိုးနတ်ဘုရားသည် ကျီးယန်းရန်ကို လက်ညှိုးညွှန်၍ ပို၍ရက်စက်ကြမ်းကြုတ်စွာ ကျိန်ဆိုလိုက်၏။
အမှောင်ထုအတွင်းရှိ ကောင်းကင်နှင့်မြေပြင်သည် နတ်ဆိုးနတ်ဘုရား၏ကျိန်စာကို တုံ့ပြန်နေသည့်အလား ထိုကျိန်စာစွမ်းအားသည် အဘက်ဘက်သို့ပျံ့နှံ့သွားသည်။
ထိုကျိန်စာစွမ်းအားသည် ကျီးကန်းနက်တောင်မှနေ၍ အဝေးရှိရှေးကျပြီးလျှို့ဝှက်ဆန်းကြယ်သော ကြယ်နယ်မြေတစ်ခုသို့ ဦးတည်ပြီးရွေ့လျားသွားသည်။
ထိုကြယ်နယ်မြေပေါ်တွင် သက်ရှိတစ်စု နေထိုင်ကြ၏။
လူသားများ ပိုးမွှားများ ငါးများ ငှက်များနှင့်မှော်သားရဲများ ထိုကြယ်နယ်မြေပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ အသက်ရှင်နေထိုင်ကြသည်။
ကျယ်ပြန့်သောလယ်ကွင်းပြင်အတွင်း၌ လယ်သမားတစ်စုသည် ကြိုးစားပမ်းစား အလုပ်လုပ်ကိုင်နေသည်။
ထိုအချိန်မှာပင် လယ်သမားအိုကြီးတစ်ယောက်က ရုတ်တရက် ခေါင်းမော့၍ အဝေးတစ်နေရာကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"ဘာလဲ...မိသားစုထဲကတစ်ယောက်ယောက် ဒုက္ခတွေ့နေတာလား"
လယ်သမားအိုကြီး၏အသံသည် လေးဖင့်ပြီး အနည်းငယ်ဒေသသံဝဲကာ သူ၏မျက်လုံးက စူးရှရှတောက်ပနေသည်။
တစ်စုံတစ်ယောက်မှ မည်မျှပင်ဂရုတစိုက်ကြည့်ရှုသည်ဖြစ်စေ သူသည် သာမာန်လယ်သမားအိုကြီးတစ်ယောက်ပင်။
သို့ရာတွင် ရုတ်တရက် ထိုလယ်သမားအိုကြီးသည် သူ၏ချွေးများကိုသုတ်မည့်ပုံဖြင့် သူ့ရှေ့ရှိလေဟာနယ်အတွင်းသို့ သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။
နတ်ဆိုးနတ်ဘုရား ထုတ်လွှတ်လိုက်သောစွမ်းအားသည် လယ်သမားအိုကြီး၏ရှေ့သို့အရောက်တွင် ဖရိုဖရဲဖြစ်သွားကာ ထိုအရာအတွင်းရှိဥပဒေသများ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားခဲ့သည်။
တစ်စုံတစ်ယောက်၏သွေးမျိုးဆက်ကိုပင် သက်ရောက်နိုင်စွမ်းရှိသော ကျိန်စာစွမ်းအားသည် လယ်သမားအိုကြီး၏လက် တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ပျက်ပြယ်သွားတော့သည်။
ထိုနောက် လယ်သမားအိုကြီးသည် သာမာန်အတိုင်းလှုပ်ရှားသကဲ့သို့ သူ၏ချွေးများကိုသုတ်ကာ ဆက်လက်၍အလုပ်လုပ်ကိုင်နေလေ၏။
ဤကျေးလက်ဒေသတွင် မည်သည့်ကိစ္စမှမရှိခဲ့သည့်အလား သာယာငြိမ်းချမ်းမှု တည်ငြိမ်မှုများနှင့် ပြည့်နှက်နေသည်။
သို့ရာတွင် လယ်သမားအိုကြီး၏လက် ဝှေ့ယမ်းလိုက်သောအချိန်အခိုက်အတန့်တွင် နတ်ဆိုးနတ်ဘုရားသည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ တုန်ရီသွားကာ သူ၏စိတ်ဝိညာဥ်ကို တည်ငြိမ်အောင် ခက်ခက်ခဲခဲ ပြန်လည်ထိန်းသိမ်းလိုက်ရသည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
နတ်ဆိုးနတ်ဘုရားက ဒေါသတကြီး အော်ဟစ်လိုက်၏။
သူ ထုတ်လွှတ်လိုက်သော ကျိန်စာစွမ်းအား ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားခြင်းကို သူ ခံစားမိသည်။
ထို့ပြင် သူ၏ကျိန်စာစွမ်းအားသည် ရိုင်းစိုင်းသောအားလှိုင်းတစ်ရပ်၏ ဖိအားပေးဖျက်ဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
သူသည် မရေမတွက်နိုင်သောယုံကြည်ကိုးကွယ်သူများရှိသည့် နတ်ဘုရားတစ်ပါးဖြစ်သည့်တိုင် ထိုရိုင်းစိုင်းသောအားလှိုင်းကို ခုခံနိုင်ခြင်းမရှိချေ။
အမှန်အားဖြင့် နတ်ဆိုးနတ်ဘုရားသည် တန်ပြန်အားလှိုင်းဒဏ်ကြောင့် အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးနတ်ဘုရား၏ကျိန်စာစွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်သောကြယ်နယ်မြေပေါ်၌ ပျံ့နှံ့နေဆဲပင်။
မကြာမီမှာပင် ထိုကျိန်စာစွမ်းအားသည် ကြီးကျယ်ခမ်းနားသောနန်းတော်တစ်ခုထံသို့ ရောက်ရှိသွားသည်။
ထိုနန်းတော်သည် ရိုးရှင်းပြီး ကြီးကျယ်ခမ်းနားကာ ဤကြယ်နယ်မြေကိုအုပ်ချုပ်သော တည်ရှိမှုကြီးတစ်ခု ဖြစ်ပုံရသည်။
ကျိန်စာစွမ်းအား အနီးသို့မချဥ်းကပ်နိုင်သေးမီမှာပင် နန်းတော်၏နက်ရှိုင်းသောနေရာမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
ဘုန်း...
'ထွက်သွားစမ်း'ဟူသော စကားတစ်ခွန်းတည်းပင်။
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးနတ်ဘုရား၏ကျိန်စာစွမ်းအား အပြည့်အဝ ပျက်ပြယ်သွားသည်။
နတ်ဆိုးနတ်ဘုရားသည် ကြီးမားသောတိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရသည့်အလား သူ၏ခန္ဓာကိုယ်မှနေ၍ ယင်ချီအမြောက်အများ တလိမ့်လိမ့်ထွက်ပေါ်လာသည်။
ဤသည်က နတ်ဆိုးနတ်ဘုရားသည် လျှပ်စီးဖြင့်ရိုက်ခတ်ခံလိုက်ရသကဲ့သို့ပင်။သူ၏ကျိန်စာစွမ်းအား တစ်ဝက်ခန့်သည် ချက်ချင်းပျက်ပြယ်သွားပြီးနောက် သူ၏စွမ်းအား အကြီးအကျယ်လျော့နည်းသွားလေပြီ။
"ဒါက အခွင့်အရေးကောင်းပဲ..သူ့ကိုဖမ်းလိုက်တော့"
မျောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
သူသည် မိုးကောင်းကင်တာအို နောက်ဆုတ်သွားမည့်အချိန်ထိ စောင့်ဆိုင်းနေရသော်လည်း ယခုအချိန်တွင် လုယွီအတွက် အလွန်အဖိုးတန်သောအခွင့်အရေး ရောက်ရှိလာလေပြီ။
ထိုနတ်ဆိုးနတ်ဘုရားသည် အလွန်ကံဆိုးလှ၏။
အကယ်၍ နတ်ဆိုးနတ်ဘုရားသည် တခြားကျင့်ကြံသူတစ်ယောက်ကို ရွေးချယ်မိပါက ထိုလူသည် ကျိန်စာစွမ်းအားကို ကာကွယ်နိုင်မည်မဟုတ်သည့်အပြင် သူနှင့်သွေးမျိုးဆက်တူသော မိသားစုဝင်များထိ သက်ရောက်သွားပေမည်။
သို့ရာတွင် ကျီးယန်းရန်ထံ၌ ရှေးဟောင်းလောကီအုပ်စိုးသူတစ်ယောက်၏သွေးမျိုးဆက်ရှိနေသည်။
ရှေးဟောင်းခေတ်ကတည်းက ဆင်းသက်လာသဖြင့် ကျီးမိသားစုတွင် အစွမ်းထက်ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပေ၏။
Chapter 2348
အမှန်အားဖြင့် ဤကဲ့သို့ရှေးဟောင်းကလန်များမှ မွန်းစတားအိုကြီးများ ထွက်ပေါ်မလာသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
နတ်ဆိုးနတ်ဘုရား၏နည်းလမ်းများသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှ၏။သို့ရာတွင် ကံဆိုးစွာဖြင့် သူသည် မှားယွင်းသောပစ်မှတ်ကို ရှာဖွေမိခဲ့သည်။
"ဒီနေရာမှာသေဆုံးရမှာက မင်းရဲ့ကံကြမ္မာပဲ"
လုယွီသည် ထိုအခြေအနေကို လက်လွတ်ခံနိုင်ခြင်းမရှိသဖြင့် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ စတင်၍တိုက်ခိုက်လိုက်တော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လက်တစ်ဖက်ဖြင့် အစိမ်းရောင်မီးအိမ်ကိုကိုင်ဆွဲ၍ ကျန်လက်တစ်ဖက်ဖြင့် နတ်ဆိုးနတ်ဘုရား၏လက်ကို ဖမ်းဆွဲလိုက်၏။
နတ်ဆိုးနတ်ဘုရား၏လက် ပြတ်တောက်သွားသည်။ဤသည်က စိတ်ဝိညာဥ်ကို ဆုတ်ဖြဲခံရမှုဖြစ်သဖြင့် နတ်ဆိုးနတ်ဘုရားထံမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
နတ်ဆိုးနတ်ဘုရား၏နောက်ရှိ တောက်ပနေသောအလင်းဘီးကြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။ဤတစ်ကြိမ်တွင် သူ အကြီးအကျယ် ဆုံးရှုံးလိုက်ရပြီဟု ဆိုနိုင်ပေ၏။ကျိန်စာစွမ်းအားများပျက်ပြယ်သွားမှုကြောင့် သူ၏စွမ်းအားများ လျော့နည်းခဲ့ရရုံသာမက သူ၏စိတ်ဝိညာဥ်ကိုပင် ကာကွယ်နိုင်ခြင်းမရှိချေ။
အား.....
သေရေးရှင်ရေးအခြေအနေမျိုးတွင် နတ်ဆိုးနတ်ဘုရား၏ခွန်အားများ နောက်ဆုံး၌ ပွင့်အံထွက်လာသည်။သူက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်ရာ ပတ်ဝန်းကျင်ရှိအလောင်းများ ပြင်းထန်စွာလောင်ကျွမ်းစပြုလာသည်။
ထိုလောင်ကျွမ်းနေသောအလောင်းများမှနေ၍ ယင်ချီများနှင့်နာကျည်းမုန်းတီးမှုများသည် နတ်ဆိုးနတ်ဘုရား၏ခန္ဓာကိုယ်အတွင်းသို့ တလိမ့်လိမ့်စီးဝင်လာကာ လက်အသစ်တစ်ဖက် ပြန်လည်ပေါက်ဖွားလာသည်။
သို့ရာတွင် သူ၏အသစ်တဖန်ပြန်လည်ဖွဲ့စည်းထားသော စိတ်ဝိညာဥ်ပုံသဏ္ဌာန်သည် ယခင်မူလ ကောင်းကင်နှင့်မြေပြင်ကိုဖျက်ဆီးနိုင်သောပုံသဏ္ဌာန်နှင့် နှိုင်းယှဥ်ပါက အလွန်အမင်းအားနည်းသည်။
"မင်းရဲ့အသက်ကို ဒီနေ့ ဒီနေရာမှာ ထားခဲ့ရမယ်"
လုယွီက အဆက်မပြတ် တိုက်ခိုက်လိုက်၏။
သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်အတွင်းမှဓားရှည်ဖြင့် နတ်ဆိုးနတ်ဘုရားကို ခုတ်ပိုင်းလိုက်သည်။
ဓားချက်တိုင်းသည် နတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို ဖြတ်တောက်သွားကာ ထူထပ်သိပ်သည်းသောယင်ချီများ လူးလွန့်၍ထွက်ပေါ်လာသည်။
ထိုစိတ်ဝိညာဥ်ခန္ဓာကိုယ်ပြတ်တောက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် သိုလှောင်အိတ်အတွင်းမှ ဝါးမျိုလိုက်၏။
မျောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"မြန်မြန်...မြန်မြန်...အဲ့ဒီခွေးမသားကို ခုတ်ပိုင်းလိုက်စမ်း...အဲ့ဒီနတ်ဆိုးနတ်ဘုရားရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရတနာတွေချည်းပဲ...ဒါက ပြီးပြည့်စုံတဲ့စိတ်ဝိညာဥ်တစ်ခု...တကယ်လို့ ငါ ဒါကိုသာ ဝါးမျိုနိုင်မယ်ဆိုရင် ငါ့ရဲ့အတိတ်ဘဝကမှတ်ဥာဏ်တော်တော်များများ ပြန်ရနိုင်တယ်"
သိုလှောင်အိတ်အတွင်းမှမျောက်သည် သူ၏ပါးစပ်ကိုကျယ်လောင်စွာဟ၍ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို ဝါးမျိုနေသည်။
စိတ်ဝိညာဥ်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ဝါးမျိုပြီးသည့်အချိန်တိုင်း မျောက်၏အရှိန်အဝါသည် အတိုင်းအတာတစ်ခုထိ မြင့်တက်လာပေ၏။
ကြည့်ရသည်မှာ သူသည် ရှေးဟောင်းခေတ်အတွင်းမှ အလွန်အမင်းအစွမ်းထက်သော သက်ရှိတစ်ကောင်ဖြစ်ပုံပင်။သူ နတ်ဘုရားများ၏အသွေးအသားများကို ပို၍ဝါးမျိုနိုင်သည်နှင့်အမျှ သူ၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပေလိမ့်မည်။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည်လည်း မျောက်၏နံဘေးနားတွင်နေ၍ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို မြည်းစမ်းကြည့်နေသည်။
နတ်ဆိုးနတ်ဘုရားသည် မရေမတွက်နိုင်သောလူများကို သတ်ဖြတ်ခဲ့သဖြင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သောသေဆုံးခြင်းအရှိန်အဝါများ ရှိနေသည်။ထို့ကြောင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်အတွက်လည်း ဤသည်က အစွမ်းထက်သောထောက်ပံမှုတစ်ခုပင်။
မျောက်တစ်ကောင်နှင့်ကလေးငယ်တစ်ယောက်သည် သိုလှောင်အိတ်အတွင်း၌နေ၍ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို ပျော်ရွှင်စွာဝါးမျိုနေကြ၏။သို့ရာတွင် တခြားတစ်ဖက်ရှိ လုယွီကမူ ပြင်ပတွင် ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲနေရသည်။
မည်သို့ပင်ဆိုစေကာမူ သူနှင့်တိုက်ခိုက်နေရသူမှာ နတ်ဆိုးနတ်ဘုရားပင်။သူသည် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိသွားလျှင်ပင် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသည်။
နတ်ဆိုးနတ်ဘုရား၏ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဥ်ခန္ဓာကိုယ် မည်မျှထိများပြားစွာ ကိန်းအောင်းနေသည်ကို သူ မသိရှိချေ။သူ ထိုအရာများကို ရေတွက်နိုင်ခြင်း မရှိတော့ပေ။နံဘေးပတ်ဝန်းကျင်ရှိ ယင်ဝိညာဥ်များ၏လောင်ကျွမ်းခြင်းနှင့်အတူ ပြိုလဲလုဆဲဆဲဖြစ်နေသော နတ်ဆိုးနတ်ဘုရားကို အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေသည်။
"မင်းတို့အားလုံး သေရမယ်...မင်းတို့အားလုံး သေကိုသေရမယ်"
နတ်ဆိုးနတ်ဘုရား၏မျက်နှာဖုံးပေါ်တွင် ကြည်လင်သောသွေးမျက်ရည်စီးကြောင်းနှစ်ကြောင်း ထွက်ပေါ်လာသည်။
ထို့နောက်မှနေ၍ ပတ်ဝန်းကျင်ရှိလေထုသည် အရိုးကွဲလုမတက်အေးစက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားကာ လုယွီကို အတွင်း၌ပိတ်လှောင်လိုက်၏။
"ငါ မင်းကို အရင်သတ်မယ်...ပြီးမှ သူ့ကိုသတ်မယ်"
နတ်ဆိုးနတ်ဘုရား၏အကြည့်က လုယွီပေါ်သို့ စူးစိုက်၍ကျရောက်လာသည်။
သူ၏မူလအစီအစဥ်မှာ ကျီးယန်းရန်ကိုအရင်သတ်ဖြတ်ပြီးမှ လုယွီနှင့်တိုက်ခိုက်ရန်ပင်။
သို့ရာတွင် မမျှော်လင့်ဘဲ ကျီးယန်းရန်၏နောက်တွင် အလွန်အစွမ်းထက်သောတည်ရှိမှုကြီးများ အမြောက်အများရှိနေသည်။သူသည် သူမကို ထိခိုက်အောင်မလုပ်နိုင်ခဲ့ရုံသာမက တန်ပြန်အားလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။
ထို့ကြောင့် ယခုလက်ရှိချိန်၌ သူ၏ပစ်မှတ်သည် လုယွီပင်။
နတ်ဆိုးနတ်ဘုရားသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးထံမှ အားကောင်းသောအရှိန်အဝါကို ခံစားမိသော်လည်း ဤသည်က လုယွီ၏ဓမ္မပုံရိပ်ယောင်သက်သက်ဖြစ်သည်။
လုယွီထံတွင် ကျီးယန်းရန်ကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်နောက်ခံအင်အားမျိုးရှိနေမည်ဟု သူ မယုံကြည်ချေ။
"ငါ မင်းကို ကျိန်ဆိုတယ်...မင်းရဲ့ကျင့်ကြံနည်းစနစ်တွေအားလုံး ပျောက်ကွယ်သွားစမ်း"
နတ်ဆိုးနတ်ဘုရားသည် လုယွီကိုလက်ညှိုးညွှန်၍ ရက်စက်ကြမ်းကြုတ်သောအသံဖြင့် ကျိန်ဆိုလိုက်၏။
Chapter 2349
ဤသည်က နတ်ဆိုးနတ်ဘုရား၏လူသတ်လက်နက်ပင်။
တစ်ဖက်လူသည် မည်မျှထိအစွမ်းထက်သူဖြစ်နေပါစေ နတ်ဆိုးနတ်ဘုရားနှင့်ရင်ဆိုင်ရချိန်တွင် သူ၏ကျိန်စာနှင့် ကြုံတွေ့ရပေမည်။
မြောက်မြားစွာသောလူများ၏နာကျည်းမုန်းတီးမှုများကိုစုစည်းပြီးနောက် ထိုအရာများကို ကျိန်စာအဖြစ်သိပ်သည်းထားခြင်းဖြစ်သည်။ဗောဓိသတ္တတစ်ပါးပင်လျှင် ထိုကျိန်စာ၏ဖျက်ဆီးခြင်းကိုခံရပြီး အဆုံးသတ်၌ သေဆုံးသွားခဲ့ရသည်။
အတိတ်က ဤနတ်ဆိုးနတ်ဘုရားကိုဖိနှိပ်ခဲ့သော မြောက်ပင်လယ်ဘိုးဘေးပင်လျှင် ဤကျိန်စာ၏လွှမ်းခြုံမှုကို ခံခဲ့ရသည်။အဆုံးသတ်၌ သူ၏မျိုးနွယ်ဝင် အမြောက်အများ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးသွားကာ ကလေးငယ်တစ်ယောက်သာလျှင် ကျန်ရှိခဲ့သည်။
ဤကျိန်စာစွမ်းအားကို လုံလောက်သောနောက်ခံအင်အားနှင့်အခြေခံအုတ်မြစ်မရှိပါက ခုခံတားဆီးနိုင်မည်မဟုတ်ချေ။
ယခုချိန်တွင် နတ်ဆိုးနတ်ဘုရားသည် လုယွီ၏ကျင့်ကြံနည်းစနစ်များအားလုံး ပျောက်ကွယ်သွားရန် ကျိန်ဆိုခဲ့လေ၏။ဤသည်က လုယွီ၏လက်အတွင်းမှဓားကို ဖယ်ရှားလိုက်ခြင်းနှင့်တူညီသည်။
နတ်ဆိုးနတ်ဘုရားက ဤနေရာတွင် အစွမ်းထက်ဆုံးလူသည် လုယွီဖြစ်ကြောင်း အတပ်ပြောနိုင်သည်။ကျီးယန်းရန်ကမူ သူမထံတွင် အလွန်အစွမ်းထက်သော မှော်ရတနာများရှိနေရုံသက်သက်ပင်။ထိုမှော်ရတနာများသည် သက်မဲ့အရာများဖြစ်သဖြင့် သူ နည်းလမ်းရှာ၍ ထိုအရာများကို ဖျက်ဆီးနိုင်ပေမည်။
သူ လုယွီကို သတ်ဖြတ်ပြီးနောက် အရာအားလုံးအဆင်ပြေချောမွေ့သွားပေမည်။
ထောင်နှင့်ချီသောအနီရောင်အလင်းတန်းများက လုယွီထံသို့ တဟုန်ထိုးတိုးဝင်လာကာ မကြာမီမှာပင် သူ၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏မှော်စွမ်းအင်လှည့်ပတ်မှုများအပေါ် ကျိန်စာစွမ်းအားသက်ရောက်လာသည်ကို ရှင်းရှင်းလင်းလင်းခံစားမိလေ၏။
လုယွီ ကျင့်ကြံခဲ့သော ကျင့်ကြံနည်းစနစ်များအားလုံး ယခုလက်ရှိအချိန်တွင် ပြတ်တောက်သွားသကဲ့သို့ သိသိသာသာ ခံစားလိုက်ရသည်။
"ဒါက ကျိန်စာရဲ့စွမ်းအားလား"
လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျိန်စာစွမ်းအားကို ခံစားမိသော်လည်း သူ့မျက်နှာပေါ်တွင် မည်သည့်ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်မျှရှိမနေချေ။
ဘဝနှစ်ခုကိုဖြတ်သန်းပြီးနောက် လုယွီသည် မြောက်များစွာသောဘဝမုန်တိုင်းများကို ဖြတ်သန်းပြီးလေပြီ။သူ၏ကျင့်ကြံနည်းစနစ်များအားလုံးကို ချိပ်ပိတ်ခံထားရသည့်တိုင် လုယွီသည် ထိတ်လန့်ကြောက်ရွံနေခြင်းမရှိချေ။
ကျိန်စာစွမ်းအားသည် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လာပြီးနောက် မဟာတာအိုလမ်းကြောင်းရှိနေသောနေရာသို့ ရောက်ရှိလာသည်ကို သူ ခံစားမိသည်။
မဟာတာအိုဂိတ်တံခါးရှေ့၌ မြောက်မြားစွာသောအလင်းတိုင်များရှိနေပြီး အလင်းတိုင်တစ်ခုစီသည် မဟာတာအိုဥပဒေသတစ်ခုကို ကိုယ်စားပြုသည်။
အလင်းတိုင်များကြားတွင် ရှေးဟောင်းကျမ်းစာတစ်ခုက လေဟာနယ်အတွင်း၌ မျောလွင့်နေသည်။
ထိုကျမ်းစာမှနေ၍ အပြာဖျော့ရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။ထိုကျမ်းစာသည် အလွန်ထူထပ်ပြီး ကောင်းကင်နှင့်မြေပြင်အကြားရှိ မဟာတာအိုဥပဒေသများ၏အနှစ်သာရများ ပါဝင်နေသည်။
ဤသည်က လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာပင်။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် လုယွီကို ရွေးချယ်ခဲ့ပြီးနောက် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ ပုန်းအောင်းနေခဲ့သည်။
လုယွီသည် ထိုကျမ်းစာကို ကျင့်ကြံခြင်းမရှိသည့်တိုင် အချိန်များကြာလာသည်နှင့်အမျှ ထိုအရာ၏လွှမ်းမိုးခြင်းကိုခံရကာ မြောက်မြားစွာသောမဟာတာအိုဥပဒေသများအပေါ် နက်နက်နဲနဲ နားလည်သဘောပေါက်ခဲ့ပေ၏။
ဤသည်က ရှေးဟောင်းအင်မော်တယ်များပင် ရယူပိုင်ဆိုင်လိုသော ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုပင်။
ယခုချိန်တွင် ကျိန်စာ၏စွမ်းအား လွှမ်းခြုံလာသဖြင့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် တုံ့ပြန်နေသည့်အလား ကျမ်းစာ၏မျက်နှာပြင် အနည်းငယ်တုန်ခါသွားသည်။
ကျိန်စာစွမ်းအားသည် ချက်ချင်းဆိုသလိုပင် တစစီပြိုကွဲသွားပြီး အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိချေ။
ဖူး...
နတ်ဆိုးနတ်ဘုရားသည် ရုတ်တရက် ပြင်းပြင်းထန်ထန်ချောင်းဆိုးလိုက်ကာ သူ၏ပါးစပ်မှနေ၍ သွေးမြူများထွက်ပေါ်လာသည်။
သူ၏မျက်လုံးအတွင်း၌ အကန့်အသတ်မရှိသော စိတ်ဓာတ်ကျဆင်းမှုများဖြင့် ပြည့်နှက်နေသည်။
ကျီးယန်ရန်း၏နောက်တွင် အစွမ်းထက်သောနောက်ခံအင်အားရှိနေသည်မှာ သူ လက်ခံ၍ရသေးသည်။သို့ရာတွင် မည်သည်ကြောင့် လုယွီ၏ခန္ဓာကိုယ်တွင် ပို၍အစွမ်းထက်သောတည်ရှိမှုကြီးတစ်ခု ရှိနေရသနည်း။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ တန်ပြန်အားလှိုင်းဖြင့် ရိုက်ခတ်မှုခံရပြီးနောက် နတ်ဆိုးနတ်ဘုရားသည် သူ၏နတ်ဘုရားစိတ်အာရုံကိုပင် မကာကွယ်နိုင်တော့သည်ကို ခံစားလိုက်ရ၏။အကယ်၍ တစ်ဖက်ရန်သူကသာ ထပ်မံ၍အနည်းငယ်လှုပ်ရှားလိုက်ပါက ချက်ချင်းဆိုသလိုပင် သူ အမှုန်အမွှားဘဝသို့ ပြောင်းလဲသွားနိုင်သည်။
လုယွီဖြစ်စေ ကျီးယန်းရန်ဖြစ်စေ သူတို့သည် သူ ရန်စစော်ကား၍မရသော တည်ရှိမှုကြီးများပင်။
နတ်ဆိုးနတ်ဘုရား၏မျက်နှာဖုံးသည် နာကျည်းမုန်းတီးမှုများပြည့်နှက်နေသော အမူအယာအဖြစ်သို့ တဖန်ပြန်၍ပြောင်းလဲသွားသည်။သူသည် နောက်သို့လှည့်ထွက်ကာ ထွက်ပြေးရန်ဟန်ပြင်လိုက်၏။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိအလောင်းများ၏မျက်လုံးများ ပွင့်လာပြီး သူတို့၏လက်များကိုဝှေ့ယမ်းကာ လုယွီကို ဟန့်တားလိုက်ကြသည်။
မှောင်မည်းပြီးအုံ့မှိုင်းသော လေဟာနယ်အတွင်းတွင် လက်များက နေရာအနှံ့အပြား၌ ဝှေ့ယမ်းနေသည်။ဤသည်က နတ်ဆိုးတစ်စု ဖရိုဖရဲကခုန်နေသည်နှင့်တူညီပြီး လူအများကို ထိတ်လန့်ကြောက်ရွံစေပေမည်။
နတ်ဆိုးနတ်ဘုရားသည် ပတ်ဝန်းကျင်ရှိအလောင်းများကြားသို့ဝင်ရောက်၍ ထွက်ပြေးရန်ပြင်ဆင်လိုက်သည်။
"မင်း ဒီနေ့ ထွက်ပြေးနိုင်မှာမဟုတ်ဘူး"
လုယွီ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းများဖြာထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
အလောင်းများ၏စုပြုံဟန့်တားထားသော်လည်း လုယွီသည် နတ်ဆိုးနတ်ဘုရား၏အရိပ်အယောင်ကို မြင်တွေ့နေဆဲပင်။ထိုအရိပ်သည် အလောင်းများကြားတွင် ရှေ့တိုးနောက်ငင်လှုပ်ရှားနေကာ အဝေးရှိလေဟာနယ်အက်ကွဲကြောင်းထံသို့ ဦးတည်၍အပြေးသွားနေသည်။
Chapter 2350
လုယွီက ချက်ချင်းဆိုသလိုပင် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ သူ့ရှေ့ရှိအလောင်းများကို ကြေမွှပျက်စီးသွားစေသည်။
ထိုအလောင်းများမြေပြင်ပေါ်သို့ ကျရောက်သွားသောအချိန်တွင် မြေအောက်လောကနတ်ဘုရား၏အနက်ရောင်အရိပ်သည် လေဟာနယ်အက်ကွဲကြောင်း၏အစွန်းတစ်ဖက်ကိုဆုပ်ကိုင်၍ ထွက်ပြေးရန်အဆင်သင့်ဖြစ်နေလေပြီ။
"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသခုတ်ပိုင်းချက်"
လုယွီသည် သူ၏နောက်ရှိမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုထိန်းချုပ်၍ အောက်သို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။
ခေါင်းဖြတ်ဓားသည် ကြီးမားသောအင်အားလှိုင်းကို သယ်ဆောင်သွားကာ နတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဥ်ကို နှစ်ခြမ်းခွဲလိုက်သည်။
နတ်ဆိုးနတ်ဘုရားသည် မူလက အစွမ်းထက်သောနတ်ဘုရားတစ်ပါးဖြစ်သော်လည်း ချိပ်ပိတ်ခံထားရသဖြင့် သူ၏ခွန်အားအကုန်အစင်ကို ထုတ်ဖော်အသုံးပြုနိုင်စွမ်းမရှိချေ။
ထို့ထက်ပို၍အရေးကြီးသောအချက်မှာ သူသည် အမှားနှစ်ခုကို ဆက်တိုက်ပြုလုပ်ခဲ့ခြင်းပင်။ကျိန်စာစွမ်းအား၏တန်ပြန်ရိုက်ခတ်မှုကို ခံရပြီးနောက် နတ်ဆိုးနတ်ဘုရား၏ခွန်အားကို အလွန်အမင်းကန့်သတ်ခံလိုက်ရရာ လုယွီကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်ခြင်းမရှိတော့ချေ။
လက်ရှိချိန်၌ နတ်ဆိုးနတ်ဘုရားသည် သတ်ဖြတ်ခံရန်စဥ့်နီတုံးပေါ်၌ စောင့်ဆိုင်းနေသော ငါးတစ်ကောင်နှင့်တူညီနေသည်။
ဝှစ် ..
နတ်ဆိုးနတ်ဘုရား၏မျက်နှာဖုံးသည် အလယ်မှနေ၍ ပြတ်တောက်သွားလေ၏။
ကြေကွဲဝမ်းနည်းနေသောမျက်နှာဖုံးတစ်ခြမ်းကို မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးမှ ဖမ်းယူကာ သိုလှောင်အိတ်အတွင်းသို့ စုပ်ယူလိုက်သည်။
လုယွီသည် ကျန်မျက်နှာဖုံးတစ်ဝက်နောက်သို့ လိုက်လံဖမ်းဆီးတော့မည့်အချိန်မှာပင် လေဟာနယ်အက်ကွဲကြောင်းအတွင်းမှနေ၍ အစိမ်းရောင်ကြာပန်းတစ်ပွင့် ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုအစိမ်းရောင်ကြာပန်းတွင် ပွင့်ဖတ်ခြောက်ခုပါဝင်ပြီး မြင့်မြတ်သောအရှိန်အဝါကို ထုတ်လွှက်ထားသည်။ဤသည်က ပတ်ဝန်းကျင်ရှိသွေးလွှမ်းနေသောလောကမှ ခုန်ထွက်လာသကဲ့သို့ပင်။
"ငါ ဒီနေရာမှာ မင်းကိုစောင့်နေတာ အချိန်အတော်ကြာသွားပြီ"
အစိမ်းရောင်ကြာနတ်ဘုရားထွက်လာသည်ကိုကြည့်ပြီး လုယွီက ကြိုဆိုနှုတ်ဆက်လိုက်၏။
တိကျသေချာစွာပင် အစိမ်းရောင်ကြာနတ်ဘုရားသည် ဤနေရာပတ်ဝန်းကျင်၌ ပုန်းအောင်းနေခြင်းဖြစ်သည်။
လုယွီ တောင်ပေါ်သို့တက်လာစဥ်တွင် ဤနေရာ၌နတ်ဘုရားနှစ်ပါးရှိကြောင်း မျောက်က ကြိုတင်သတိပေးခဲ့သည်။
ယခုချိန်တွင် ကြည့်ရသည်မှာ နတ်ဆိုးနတ်ဘုရားနှင့်အစိမ်းရောင်ကြာနတ်ဘုရားတို့သည် ကျီးကန်းနက်တောင်ပေါ်၌ အတူတကွရှိနေခဲ့ပုံရသည်။
သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရား၏ဖုံးကွယ်ခြင်းနည်းစနစ်သည် အလွန်အားကောင်းသဖြင့် လုယွီ ရှာဖွေနိုင်ခြင်းမရှိခဲ့ချေ။
သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရား မည်သို့ပြုလုပ်ရန် စီစဥ်ထားသည်ကို လုယွီက ခန့်မှန်းထားပြီးလေပြီ။
အစိမ်းရောင်ကြာနတ်ဘုရားသည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းမရှိသေးချေ။အတိတ်ဘဝတွင် မြေအောက်လောကမှနေ၍ လုယွီ၏မောင်းထုတ်ခြင်းကိုခံရပြီးနောက် အစိမ်းရောင်ကြာနတ်ဘုရားသည် အပြင်းအထန်ဒဏ်ရာရရှိသွားကာ ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုထိ လိုအပ်နေသည်။
ကျီးကန်းနက်တောင်အတွင်း၌ နတ်ဆိုးနတ်ဘုရားကိုချိပ်ပိတ်ထားသဖြင့် အစိမ်းရောင်ကြာနတ်ဘုရား၏ပစ်မှတ်ဖြစ်လာသည်။
တမလွန်မြို့သည် နတ်ဆိုးနတ်ဘုရားလှုပ်ရှားသောနေရာပင်။သူသည် ယင်ချီများကိုစုဆောင်း၍ ချိပ်ပိတ်မှုကိုတိုက်စားနိုင်ရန်အတွက် တမလွန်မြို့မှလူများကို သတ်ဖြတ်ခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ အစိမ်းရောင်ကြာနတ်ဘုရားသည် ထိုယင်ဝိညာဥ်များမှသယ်ဆောင်လာသော ယင်ချီများနှင့်သွေးစွမ်းအင်များကို ကြားဖြတ်၍အပိုင်စီးကာ သူ၏ခွန်အားကို ပြန်လည်ဖြည့်တင်းခဲ့လေ၏။
သို့ရာတွင် ထိုအစီအစဥ်များအားလုံးသည် လုယွီ၏ကြားဖြတ်နှောက်ယှက်မှုကြောင့် ပျက်စီးသွားရာ သူတို့နှစ်ယောက်လုံး ကျရှုံးခဲ့ရသည်။
"တမလွန်မြို့မှာတုန်းက ငါ မင်းကိုပေးခဲ့တဲ့သင်ခန်းစာကနေ မင်း သင်ယူပြီးပြီလို့ ငါ တွေးခဲ့တာ...ဒါပေမယ့် မင်းက သေလမ်းလာရှာအုံးမယ်လို့ ငါ ထင်မထားမိဘူး"
နတ်ဆိုးနတ်ဘုရား၏မျက်နှာဖုံးတစ်ခြမ်းကို အစိမ်းရောင်ကြာနတ်ဘုရားမှ ယူဆောင်သွားလေပြီ။
သို့ရာတွင် လုယွီသည် အလျင်လိုခြင်းမရှိချေ။သူ၏ပစ်မှတ်ဖြစ်သော အစိမ်းရောင်ကြာနတ်ဘုရား ထွက်ပြေးသွားသောနေရာကိုစူးစိုက်ကြည့်ပြီး သူက ချက်ချင်းဆိုသလိုပင် လိုက်လံဖမ်းဆီးလိုက်၏။
ဤနေရာမှထွက်ခွါမသွားမီ လုယွီက ကျီးယန်းရန်ထံသို့ အသံပေးပို့လိုက်သည်။
"ဒီလေဟာနယ်နယ်မြေက မကြာခင်ပြိုလဲတော့မယ်...မင်း မြန်မြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်"
လုယွီ သတိပေးစရာပင်မလိုအပ်ဘဲ ကျီးယန်းရန်သည် နေရာအနှံ့အလောင်းများပြည့်နှက်နေသော ဤကဲ့သို့နေရာမျိုး၌ အချိန်ကြာမြင့်စွာနေလိုခြင်းမရှိချေ။
သူမနှင့်မလှမ်းမကမ်းအကွာအဝေး၌ လေဟာနယ်အက်ကွဲကြောင်းတစ်ခုက ရှိနေဆဲပင်။ကျီးယန်းရန်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထိုအက်ကွဲကြောင်းမှ တိုးထွက်လိုက်၏။
အက်ကွဲကြောင်းအတွင်းမှ ထွက်လိုက်ချိန်တွင် ကျီးယန်းရန်သည် ဘုရားကျောင်းပျက်၏ရှေ့၌ ထွက်ပေါ်လာသည်။
ဘုရားကျောင်းပျက်ကြီး၏ရှေ့၌ ကျင်းနက်ကြီးတစ်ခုရှိနေဆဲပင်။
အစောပိုင်းက တွေ့ကြုံခဲ့ရသည့်ကိစ္စများကို ပြန်လည်တွေးတောရင်း ကျီးယန်းရန်၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများရှိနေဆဲဖြစ်သည်။
"အဲ့ဒီလူက တကယ့်ကိုပဲ မြင်ရသလောက်မရိုးရှင်းဘူး"
လေဟာနယ်နယ်မြေအတွင်း၌ လုယွီ၏လှုပ်ရှားမှုများကို ပြန်လည်တွေးတောမိချိန်တွင် ကျီးယန်းရန်၏မျက်လုံး ရုတ်တရက်တောက်ပသွားသည်။
ရုတ်တရက် ကျီးယန်းရန်သည် သူမရှေ့ရှိမြင်ကွင်း အနည်းငယ်ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူမရှေ့ရှိမြင်ကွင်းသည် ယခင်အတိုင်းမပြောင်းမလဲရှိနေသော်လည်း သူမ၏မသိစိတ်အတွင်း၌ သူမထံတွင် နိုးထလာသောတစ်စုံတစ်ခု ရှိနေသကဲ့သို့ပင်။