← Chapters

အခန်း (၂၃၅၁-၂၃၅၅)

Vol. 121 Ch. 2351-2355

အခန်း (၂၃၅၁-၂၃၅၅)

Vol. 121 Ch. 2351-2355

Chapter 2351

ထိုအချိန်မှာပင် ယင်ဝိညာဥ်တချို့က ဘုရားကျောင်းပျက်ပြင်ပသို့ မျောလွင့်လာသည်။

ထိုယင်ဝိညာဥ်များကိုကြည့်ရသည်မှာ ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။ကျီးယန်းရန်သည် နောက်သို့ခြေလှမ်းအတော်များများဆုတ်၍ တစ်ချိန်တည်းမှာပင် သူမ၏မှော်လက်နက်ကို ထုတ်ယူလိုက်သည်။

သို့ရာတွင် သူမ အံ့အားသင့်သွားရသည်မှာ ထိုရက်စက်ကြမ်းကြုတ်သောယင်ဝိညာဥ်များသည် သူမထံသို့ တရကြမ်းတိုးဝင်တိုက်ခိုက်ခြင်းမရှိချေ။

ထိုယင်ဝိညာဥ်များသည် အစပထမ၌ ကျီးယန်းရန်၏နံဘေးနားသို့ ဂရုတစိုက်ချဥ်းကပ်ကာ ရုတ်တရက် နတ်ဆိုးနတ်ဘုရားကိုအရိုအသေပြုသကဲ့သို့ သူမ၏ရှေ့၌ ဒူးထောက်လိုက်သည်။

ထိုအချိန်မှာပင် ပတ်ဝန်းကျင်မှနေ၍ ယင်ဝိညာဥ်များထွက်ပေါ်လာပြီးနောက် အရပ်မျက်နှာအဘက်ဘက်မှနေ၍ စုဝေးလာကြ၏။

ကျီးကန်းနက်တောင်တွင် ယင်ဝိညာဥ်မည်မျှများများ ပုန်းအောင်းနေကြောင်း မည်သူမျှမသိနိုင်ချေ။အစောပိုင်းက စတေးခံခဲ့သော ယင်ဝိညာဥ်များ၏အရေအတွက်ပင်လျှင် ရေခဲတောင်ကြီး၏ထိပ်ဖျားမျှသာရှိသည်။

သူမ၏နံဘေးပတ်ဝန်းကျင်တွင် နေရာအနှံ့အပြား၌ ယင်ဝိညာဥ်များဖြင့် ပြည့်နှက်နေလေရာ ကျီးယန်းရန် ချမ်းစိမ့်တုန်ရီမှုကို ခံစားနေရသည်။

အကယ်၍ ထိုယင်ဝိညာဥ်များသာ ရုတ်တရက်တိုက်ခိုက်လာပါက သူမထံတွင် အကာအကွယ်မှော်ရတနာတချို့ရှိနေသည့်တိုင် အသုံးဝင်မည်မဟုတ်ချေ။

ဒုန်း...ဒုန်း...

သို့ရာတွင် ထိုယင်ဝိညာဥ်များသည် ယခင်ကယင်ဝိညာဥ်များကဲ့သို့ပင် တစ်ကောင်ပြီးတစ်ကောင် ကျီးယန်းရန်၏ရှေ့၌ ဒူးထောက်လိုက်ကြသည်။

ထိုယင်ဝိညာဥ်များအားလုံး ဒူးထောက်၍အရိုအသေပြုနေကြကာ ကျီးယန်းရန်ကို တစိုးတစိမျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။

"ဘာတွေဖြစ်နေတာလဲ....ငါက နတ်ဆိုးနတ်ဘုရားရဲ့လေဟာနယ်နယ်မြေထဲမှာ အချိန်အတော်ကြာနေမိလို့ ငါ့ဆီမှာ သူ့ရဲ့အငွေ့အသက်တွေကပ်တွယ်သွားတာများလား"

ကျီးယန်းရန်သည် အလွန်အံ့အားသင့်ပြီး ကြက်သေသေနေလေ၏။

သို့ရာတွင် သူမက သတိထားသည့်အနေဖြင့် တောင်ကြားလမ်း၏နံဘေးသို့ လျှောက်လှမ်းသွားကာ အခြေအနေမကောင်းသည်နှင့် အလျှင်အမြန်ထွက်ခွါသွားနိုင်ရန် ဟန်ပြင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျီးယန်းရန်က သူမကိုယ်သူမ ကာကွယ်နိုင်ရန်အတွက် သူမ၏ဓားရှည်ကို ဆင့်ခေါ်လိုက်၏။

သို့သော် ထိုအချိန်အခိုက်အတန့်မှာပင် ရုတ်တရက် ကျီးယန်းရန်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။

သူမက သူမ၏ဖြူဖွေးသောလက်ကောက်ဝတ်နေရာသို့ ပြန်ကြည့်လိုက်မိသည်။သူမအား သေစေနိုင်သောကပ်ဘေးဖြစ်သည့် သွေးနီရောင်အစင်းကြောင်း ပျောက်ကွယ်သွားသည်ကို သူမ မြင်တွေ့လိုက်ရ၏။

တစ်ချိန်က ဆရာသခင်အိုကြီး၏တွက်ချက်မှုအရ ကျီးယန်းရန်သည် ဤကပ်ဘေးမှအသက်ရှင်ရက်လွတ်မြောက်နိုင်သည်နှင့် သူမ၏သွေးနီရောင်အစင်းကြောင်း အလိုအလျောက်ပျောက်ကွယ်သွားမည်ဟု ပြောဆိုခဲ့သည်။

ထိုအချိန်မှစ၍ ကျီးယန်းရန်သည် ဘိုးဘေးဖြစ်သူ၏သွေးမျိုးဆက်ကို အမွေဆက်ခံကာ သူမ၏ကျန်ရှိနေသော ဘဝသက်တမ်းတလျှောက်လုံးကို လုံခြုံဘေးကင်းစွာဖြင့် ဖြတ်သန်းသွားနိုင်ပေမည်။

ကျီးယန်းရန် ဤနေရာသို့တစ်ယောက်တည်းလာခဲ့ခြင်းမှာ ကပ်ဘေးဖြတ်ကျော်နိုင်သောသဲလွန်စကို ရှာဖွေနိုင်ရန်ပင်။

သို့ရာတွင် မမျှော်လင့်ဘဲ သူမသည် အစောပိုင်းက ထိတ်လန့်တုန်လှုပ်ဖွယ်ကိစ္စများကို ကြုံတွေ့ခံစားရပြီးနောက် သူမ၏လက်မှသွေးနီရောင်အစင်းကြောင်း ထူးဆန်းစွာဖြင့် ပျောက်ကွယ်သွားလေပြီ။

"ငါ့ရဲ့ကပ်ဘေးက ပြီးဆုံးသွားပြီလား...ဒါ...ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

ကျီးယန်းရန်က တီးတိုးရေရွတ်လိုက်၏။

သူမ၏အမြင်အာရုံသည် ယခင်နှင့်မတူဘဲ ကွဲပြားခြားနားနေခြင်းကို သူမ ခံစားမိသည်။ထိုယင်ဝိညာဥ်များ၏ခန္ဓာကိုယ်ပေါ်တွင် မြောက်များစွာသောအနက်ရောင်မျဥ်းကြောင်းများရှိနေပြီး သူမနှင့်တစ်စုံတစ်ခု ဆက်နွယ်နေပုံရသည်။

"ယင်ဝိညာဥ်တွေမှာ ကံကြမ္မာမျဥ်းကြောင်းတွေရှိတယ်...ယင်ယန်ကောင်းကင်ဘုံမျက်လုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ဘယ်သူမဆို အဲ့ဒီကံကြမ္မာမျဥ်းကြောင်းတွေကို ထိန်းချုပ်နိုင်တယ်...အဆုံးသတ်ကျရင် အဲ့ဒီယင်ဝိညာဥ်တွေအားလုံးကို သူ ကိုယ်ပိုင်အသုံးပြုဖို့အတွက် ထိန်းချုပ်နိုင်လိမ့်မယ်"

ကျီးယန်းရန်၏စိတ်အတွင်းတွင် ယခင်က လုယွီ သူမကို သင်ကြားပေးခဲ့သော ကျင့်ကြံနည်းစနစ်တစ်စိတ်တစ်ပိုင်းက ပဲ့တင်ထပ်လာသည်။

ဤသည်က သူမ ခေါင်းတလားအတွင်းသို့မဝင်ရောက်မီ လုယွီသင်ကြားပေးခဲ့သော ကျင့်ကြံနည်းစနစ်တစ်စိတ်တစ်ပိုင်းပင်။

ကျီးယန်းရန်သည် ထိုအချိန်တုန်းက လှောင်ပြောင်သရော်နေခဲ့ပြီး ယုံကြည်ခြင်းမရှိသော်လည်း သူမ၏မသိစိတ်မှနေ၍ ထိုအရာကို ကျင့်ကြံခဲ့မိသည်။

သူမ ခေါင်းတလားအတွင်း၌ရှိနေစဥ်တွင် ပတ်ဝန်းကျင်ရှိယင်ချီများသည် အေးစက်သောရေများအလား သူမ၏မျက်လုံးကို အဆက်မပြတ် အားဖြည့်ပေးနေလေ၏။

ကျီးယန်းရန်ထံတွင် အစကတည်းက ယင်ယန်ကောင်းကင်ဘုံမျက်လုံး ရှိနှင့်ပြီးဖြစ်သည်။ယင်ချီများ၏အဆက်မပြတ်အားဖြည့်ပေးမှုကြောင့် သူမ၏မျက်လုံး အောင်မြင်စွာ အသက်ဝင်လာခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ယင်ယန်ကောင်းကင်ဘုံမျက်လုံး အသက်ဝင်လာမှုအောက်၌ ယင်ဝိညာဥ်များအားလုံး ဒူးထောက်ပြီး ကျီးယန်းရန်၏အမိန့်ကို နာခံကြသည်။

"ငါက ယင်ဝိညာဥ်တွေကိုထိန်းချုပ်နိုင်တယ်လို့ သူ ပြောခဲ့တယ်"

ကျီးယန်းရန်သည် မသိစိတ်မှနေ၍ ယင်ဝိညာဥ်များအနက်မှတစ်ကောင်ကို ထွက်ခွါသွားရန် အမိန့်ပေးလိုက်၏။

ထိုယင်ဝိညာဥ်သည် တုန်တုန်ရီရီဖြင့် မတ်တတ်ထရပ်ကာ အဝေးသို့ထွက်ခွါသွားတော့သည်။

ထိုယင်ဝိညာဥ်၏နံဘေးပတ်လည်ရှိ ယင်ဝိညာဥ်များသည် အမိန့်မရရှိသဖြင့် ဆက်လက်၍ဒူးထောက်နေကြကာ မလှုပ်ရှားဝံ့ကြချေ။

ကျီးယန်းရန်သည် သူမ၏ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်ကို ရုတ်တရက်ခံစားမိလေ၏။သူမသည် စိတ်လှုပ်ရှားနေသဖြင့် သူမ၏နှလုံးခုန်သံကိုပင် သူမ ပြန်ကြားနေရသည်။

Chapter 2352

ကျီးယန်းရန်သည် သူမရရှိခဲ့သည့်အရာကို ယုံကြည်နိုင်ခြင်းမရှိချေ။

သူမသည် ကပ်ဘေးမှလွတ်မြောက်ခဲ့ရုံသာမက သူမ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးပင်ယဥ်မကြည့်ဘူးသော စွမ်းရည်မျိုးကိုလည်း ပိုင်ဆိုင်ခဲ့သည်။

အကယ်၍ ဤယင်ဝိညာဥ်များအားလုံးကိုသာ သူမ၏ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်ပါက နောင်အနာဂတ်တိုက်ပွဲများတွင် သူမအတွက် လူသတ်စက်များဖြစ်လာမည်မှာ တိကျသေချာလှ၏။

"သူ ငါ့ကိုပေးတာက ကျင့်ကြံနည်းစနစ်ရဲ့တစ်စိတ်တစ်ပိုင်းပဲရှိသေးတယ်...ငါ ဒီနည်းစနစ်အပြည့်အစုံကို သင်ယူမှရမယ်"

ကျီးယန်းရန်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုမှော်နည်းစနစ်၏စွမ်းအားကို သူမ ကောင်းစွာသိရှိထားသည်။

"သူက နတ်ဆိုးနတ်ဘုရားကိုတောင် သူတစ်ယောက်တည်း လိုက်ပြီးဖမ်းရဲမှတော့ သူ့မှာ မှီခိုအားထားစရာတစ်ခုခုရှိနေလို့ပဲ...ငါက ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးတော့ ဒီနေရာမှာ အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံရမယ်"

ထိုအကြောင်းကို တွေးတောမိသည်နှင့် ကျီးယန်းရန်သည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ကာ သူမ၏မျက်လုံးကို ပတ်ဝန်းကျင်ရှိယင်ချီများနှင့် စတင်၍အားဖြည့်လိုက်၏။

ဤသည်က လုယွီ သူမအား ပြောထားခဲ့သည့် အရိုးရှင်းဆုံးနှင့်သက်ရောက်မှုအရှိဆုံး ကျင့်ကြံနည်းစနစ်ပင်။

ယင်ချီများဖြင့် အဆက်မပြတ်အားဖြည့်ပေးနိုင်သရွေ့ ကျီးယန်းရန်၏ယင်ယန်ကောင်းကင်ဘုံမျက်လုံးသည် သိသာထင်ရှားစွာ တိုးတက်လာပေမည်။

ကျီးယန်းရန် ကျင့်ကြံနေသည်မှာ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ခန့်အကြာတွင် အဝေးမှနေ၍ နားအူလုမတက် အော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။

"မင်းတို့ ယုတ်ညံတဲ့ကောင်တွေက ဒီနေရာမှာလာပြီး ပြစ်မှုတွေကို ကျူးလွန်ဝံ့တယ်ပေါ့လေ...မင်းတို့အားလုံး သေကြစမ်း"

ထိုအော်ဟစ်ကြုံးဝါးသံကိုကြားချိန်တွင် ကျီးယန်းရန်က သူမ၏မျက်လုံးကို အလျှင်အမြန်ဖွင့်ကာ အော်ဟစ်လိုက်၏။

"ခဏနေပါဦး"

သို့ရာတွင် ဤသည်က အလွန်နောက်ကျသွားလေပြီ။

ဘုန်းခနဲမြည်ဟီးသံကြီးနှင့်အတူ တလိမ့်လိမ့်လူးလွန့်နေသော မှော်စွမ်းအားများက ချက်ချင်းဆိုသလိုပင် ကျီးကန်းနက်တောင်ကို ဖြတ်သန်းသွားသည်။

ကျီးယန်းရန်၏နံဘေးပတ်လည်ရှိ ယင်ဝိညာဥ်များသည် အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိသဖြင့် ထိုမှော်စွမ်းအား၏လွှမ်းခြုံခြင်းကိုခံရကာ အစိတ်စိတ်အမွှာမွှာပြိုကွဲပြီး အမှုန်အမွှားဘဝသို့ရောက်ရှိသွားတော့သည်။

ကျီးယန်းရန်၏ရှေ့တွင် မည်သည့်ယင်ဝိညာဥ်မျှ မရှိတော့ချေ။

ဤနေရာပတ်ဝန်းကျင်တွင် မူလကပြည့်နှက်နေသော သေဆုံးခြင်းအရှိန်အဝါများလည်း လွင့်ပြယ်သွားလေပြီ။

ကျီးယန်းရန်၏ရှေ့သို့ ပန်းထိုးဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက် ဆင်းသက်လာကာ သူမကို တည်ကြည်လေးနက်သောအမူအယာဖြင့် စူးစိုက်၍ကြည့်နေသည်။

"နဝမဦးလေး"

ကျီးယန်းရန်က အလျင်စလို အရိုအသေပြုလိုက်၏။

သူမရှေ့ရှိလူလတ်ပိုင်းကြီးသည် ကျီးမိသားစုအတွင်း၌ မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ထိုလူလတ်ပိုင်းကြီးသည် ကျီးမိသားစုအတွင်း၌ မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။

ထိုလူလတ်ပိုင်းကြီးထံတွင် တည်ကြည်လေးနက်ပြီး မြင့်မြတ်သောပုံပန်းသွင်ပြင်မျိုးလည်းရှိသည်။သူက ကျီးယန်းရန်ကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။

"ဒီနေရာမှာ အချိန်ဖြုန်းမနေနဲ့တော့...မင်းရဲ့ဝမ်းကွဲ ပြန်လာပြီ...သူက အမွေအနှစ်နယ်မြေတစ်ခုကနေ မင်းရဲ့ကပ်ဘေးကိုဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်...အခုချက်ချင်း မင်း ငါနဲ့အတူ ပြန်လိုက်ခဲ့တော့"

ကျီးယန်းရန်က သူမ၏ခေါင်းကို ခါယမ်းပြလေသည်။

"မလိုတော့ဘူး နဝမဦးလေး...ကျွန်မက ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပြီ"

"ဒီကလေးကတော့...မင်း ဘာလို့ကလန်ကဆန်လုပ်နေတာလဲ...မင်းရဲ့ဝမ်းကွဲကို မင်းမမြင်ချင်ဘူးဆိုတာ ငါသိတယ်...ဒါပေမယ့် မင်းရဲ့ဝမ်းကွဲအကိုက ပါရမီရှိတဲ့သူတစ်ယောက်လေ...သူက အသက်ငယ်ငယ်လေးနဲ့ ခုလိုခွန်အားမျိုးရှိနေပြီ...မိသားစုထဲက လူအများစုကတောင် သူ့ကိုအရမ်းအထင်ကြီးနေကြတယ်...သူ့ရဲ့အကျင့်စရိုက် ဘာပဲဖြစ်နေနေ မင်းရဲ့ကောင်းကျိုးအတွက် မင်း သူ့ကိုတွေ့သင့်တယ်"

လူလတ်ပိုင်းကြီးက စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလိုက်သည်။

ကျီးယန်ရန်း သူနှင့်အတူလိုက်မလာခြင်းမှာ သူမ၏ဝမ်းကွဲအကိုကြောင့်ဟု လူလတ်ပိုင်းကြီးက တွေးထင်နေခဲ့သည်။

ကျီးယန်းရန်က ခေါင်းခါယမ်းပြီး သူမ၏လက်ကောက်ဝတ်ကို ပြသလိုက်၏။

လူလတ်ပိုင်းကြီးသည် တစ်ချက်ကြည့်ပြီးနောက် ရုတ်တရက် ကြက်သေသေသွားသည်။

သူသည် ကျင့်ကြံဆင့်မြင့်မားသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ကျီးယန်းရန်၏လက်ကောက်ဝတ်ပေါ်တွင် မူလကရှိနေခဲ့သည့် သွေးနီရောင်အစင်းကြောင်း ပျောက်ကွယ်သွားပြီး ဖြူဖွေးသောအရေပြားသာကျန်ရှိသည်ကိုမြင်ချိန်တွင် အံ့အားသင့်တုန်လှုပ်သွားပေ၏။

ဤသည်က ကျီးယန်းရန်သည် ယင်ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပြီဟု ဆိုလိုခြင်းပင်။

"မင်း တကယ်ကိုဖြတ်ကျော်နိုင်ခဲ့တာလား...ဟား ဟား ဟား"

လူလတ်ပိုင်းကြီးသည် အပျော်လွန်သွားပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"မင်း ဘယ်လိုလုပ်ပြီး ဖြတ်ကျော်နိုင်ခဲ့တာလဲ...ကံကြမ္မာအရှင်သခင်က မင်း ဒီနေရာမှာ ကပ်ဘေးကိုဖြတ်ကျော်နိုင်မယ်လို့ ပြောခဲ့တုန်းက ငါ မယုံခဲ့ဘူး...ဒါက အမှန်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ကျီးယန်းရန်က အချိန်တခဏကြာ စဥ်းစားပြီးနောက် ယခင်ကဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လူလတ်ပိုင်းကြီးကို ပြောဆိုလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူမ၏မိဘများ သေဆုံးသွားခဲ့သောအချိန်မှစ၍ ကျီးယန်းရန်ကို နဝမဦးလေးမှ ပြုစုစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။

Chapter 2353

ဤအရာများအားလုံးသည် လုယွီ၏ကူညီမှုကြောင့်ဟူသော စကားကိုကြားချိန်တွင် လူလတ်ပိုင်းကြီး၏မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။

ကျီးယန်းရန်နှင့်ပတ်သတ်သည့်အရာများသည် ကျီးမိသားစုအတွင်း၌ အလွန်လျှို့ဝှက်ထားသောအရာများဖြစ်သည်။

မိသားစုဝင်လူငယ်များသည် ကျီးယန်းရန်၏အကြောင်းကို သိထားကြသော်လည်း အပေါ်ယံသာဖြစ်ပြီး သူမ အမှန်တကယ် မည်သည့်အရာနှင့် ရင်ဆိုင်နေရသည်ကို သူတို့ မသိရှိချေ။

လူစိမ်းတစ်ယောက်သည် ယင်ယန်ကောင်းကင်ဘုံမျက်လုံးကို အကြည့်တစ်ချက်ဖြင့်တွေ့ရှိပြီး ယင်ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်နိုင်ရန် ဖြေရှင်းပေးခဲ့သည်ဟူသည်မှာ မည်သည့်နည်းဖြင့် ဖြစ်နိုင်မည်နည်း။

"မင်းက ခုမှ မိသားစုကနေ ပြင်ပလောကကိုထွက်လာဖူးတာ...လူစိမ်းတွေကို မယုံသင့်ဘူး...မင်း ဒီနေရာကအကြောင်းတွေကို ကြားဖူးပြီးသားဖြစ်မှာပါ"

လူလတ်ပိုင်းကြီးက သရော်တော်တော်လေသံဖြင့် ဆက်လက်ပြောဆိုသည်။

"အရင်က ဒီနေရာမှာ နတ်ဆိုးနတ်ဘုရားကို ချိပ်ပိတ်ထားတယ်...ဖြစ်နိုင်တာတော့ နတ်ဆိုးနတ်ဘုရားက အဲ့ဒီကောင်လေးရဲ့ခန္ဓာကိုယ်ကိုအပိုင်စီးပြီးတော့ ချိပ်ပိတ်မှုကိုချိုးဖျက်ချင်တာပဲ...ဒါကြောင့် သူက ရည်ရွယ်ချက်ရှိရှိ အရှုံးပေးလိုက်တာပဲဖြစ်မယ်"

ကျီးယန်ရန်းက သူမ၏ခေါင်းကိုခါယမ်းပြီးပြောဆိုသည်။

"မဟုတ်ဘူး...သူက သူ့ရဲ့ခွန်အားကိုအသုံးပြုပြီးတော့ နတ်ဆိုးနတ်ဘုရားကို နှိမ်နင်းခဲ့တာ"

သူမသည် လုယွီနှင့်အနီးကပ်နေခဲ့သဖြင့် သူ ထုတ်လွှတ်ထားသောခွန်အားကို ခံစားမိခဲ့သည်။

ဤကဲ့သို့စွမ်းအားမျိုးသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်လုနီးပါးပင်။

ကျီးယန်းရန်သည် သူမရှေ့ရှိ နဝမဦးလေးပင်လျှင် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ဟု ခံစားမိသည်။

အမှန်အားဖြင့် ကျီးယန်းရန် မည်သို့ပင်ပြောဆိုနေပါစေ လူလတ်ပိုင်းကြီးသည် ယုံကြည်ခြင်းမရှိချေ။

ကျောင်းတော်မှတပည့်တစ်ယောက် မဆိုးထားနှင့် သူပင်လျှင် ချိပ်ပိတ်ခံထားရသော နတ်ဆိုးနတ်ဘုရားကို ထိတ်လန့်ကြောက်ရွံနေသည်။

နတ်ဘုရားတစ်ပါးကို ဖျက်ဆီးရန်ဆိုသည်မှာ မည်သည့်နည်းဖြင့် ဖြစ်နိုင်မည်နည်း။

"ကောင်းပြီလေ...မင်းရဲ့ကပ်ဘေးကို ဖြတ်ကျော်ပြီးပြီဆိုမှတော့ မင်း ဒီနေရာမှာ ဆက်ပြီးမနေသင့်တော့ဘူး...မိသားစုရဲ့အမွေအနှစ်ကို အဆင်သင့်ပြင်ထားပြီးပြီ...မင်း အမြန်ပြန်သွားပြီးတော့ ဘိုးဘေးရဲ့အမွေအနှစ်ကို ဆက်ခံသင့်တယ်"

လူလတ်ပိုင်းကြီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

ကျီးမိသားစုအတွင်းရှိ ယှဥ်ပြိုင်မှုများမှာ အလွန်အမင်းပြင်းထန်သည်။

လောကီအုပ်စိုးသူအရှင်သခင်၏အမွေအနှစ်ကို လူတစ်ယောက်တည်းကသာ ဆက်ခံနိုင်သည်။ကျီးယန်းရန်၏သွေးမျိုးဆက်သည် သန့်စင်သော်လည်း သူမထံတွင် ကံကြမ္မာကပ်ဘေးရှိနေသဖြင့် လောကီအုပ်စိုးသူအရှင်သခင်၏အမွေအနှစ်ကို အချိန်ကြာမြင့်စွာ ဆက်ခံနိုင်ခဲ့ခြင်းမရှိချေ။

ယခုချိန်တွင် သူမသည် ကပ်ဘေးကိုဖြတ်ကျော်ပြီးပြီဖြစ်ရာ တက်နိုင်သမျှအမြန်ဆုံး ပြန်သွားသင့်သည်။

"ဒါက...နဝမဦးလေး....ကျွန်မတို့ မသွားခင် ဦးလေးက လုယွီကို ကူညီပေးလို့ရမလား...သူ တစ်ခုခုဖြစ်မှာကို ကျွန်မ စိုးရိမ်မိတယ်"

ကျီးယန်းရန်က တောင်းဆိုလိုက်၏။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် နတ်ဆိုးနတ်ဘုရားနှင့်တိုက်ခိုက်၍ သူမကို ကယ်တင်ခဲ့သည်။

အကယ်၍ ဤအတိုင်းသာ ထွက်သွားရပါက သူမ၏စိတ်နှလုံးသားအတွင်း၌ နောင်တကြီးစွာရရမည်မှာ တိကျသေချာသည်။

လူလတ်ပိုင်းကြီးက မျက်မှောင်ကြုတ်လိုက်သော်လည်း သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။

"ကောင်းပြီလေ...ငါ တစ်ချက်ကြည့်လိုက်မယ်"

သူ၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ပတ်ဝန်းကျင်နေရာတဝိုက်ကို စူးစမ်းလေ့လာလိုက်သည်။မူလက ကျီးကန်းနက်တောင်ကို လွှမ်းခြုံထားသော နတ်ဆိုးနတ်ဘုရား၏အရှိန်အဝါ အလွန်လျှင်မြန်သောအရှိန်ဖြင့် ပျက်ပြယ်စပြုနေသည်ကို သူ အာရုံခံမိလေ၏။

ယခင်က ကျီးကန်းနက်တောင်ကို တစ်နှစ်ပတ်လုံး ယင်ချီများက လွှမ်းခြုံထားသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုယင်ချီများသည် တစ်စုံတစ်ခု၏သက်ရောက်မှုကိုခံရသည့်အလား သာမာန်မျက်စိဖြင့်မြင်ရသည့်အရှိန်ဖြင့် ပျက်ပြယ်နေသည်။

"ဖြစ်နိုင်တာတော့ နတ်ဆိုးနတ်ဘုရားက ချိပ်ပိတ်ထားတာကိုချိုးဖျက်ပြီး ထွက်​သွားတာများလား"

လူလတ်ပိုင်းကြီးက ပြဿနာတချို့ရှိနေနိုင်ခြင်းကို တွေးတောမိသွားသည်။

အကယ်၍ နတ်ဆိုးနတ်ဘုရားသာ ပြင်ပသို့အမှန်တကယ်ထွက်လာပါက သူ ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။

"အဲ့ဒီကောင်လေးက တကယ့်ကိုပဲ နတ်ဆိုးနတ်ဘုရားကိုတောင် လိုက်ဖမ်းဝံ့တယ်...သူက အသက်ရှင်ရတာကို ငြီးငွေ့နေတာများလား...ဒီနတ်ဆိုးနတ်ဘုရားက အသက်ရှင်သန်လာတာ အချိန်အတော်ကြာနေပြီ...သူက အရမ်းရက်စက်ကြမ်းကြုတ်ပြီးတော့ ယုတ်မာကောက်ကျစ်တယ်....သူ သေသွားပြီဖြစ်နေမှာကိုတောင် ငါ စိုးရိမ်မိတယ်"

လူလတ်ပိုင်းကြီးသည် ပြဿနာနှင့် ရင်ဆိုင်တွေ့လိုခြင်းမရှိပေ။သူသည် အချိန်တခဏကြာ နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်ပြီးနောက် လုယွီကို ရှာဖွေမတွေ့သည်နှင့် လက်လျှော့အရှုံးပေးလိုက်၏။

သူက ကျီးယန်းရန်ကိုဆွဲခေါ်၍ တည်ငြိမ်စွာပြောဆိုလိုက်သည်။

"ငါက မင်းကျောင်းတော်ကနေထွက်သွားပြီးတော့ အိမ်တော်မှာပဲ ပြန်ကျင့်ကြံတော့မယ်ဆိုတာ ထျန်းပိုယန်ကိုပြောပြီးပြီ"

ထျန်းပိုယန်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏လက်ထောက်ကျောင်းအုပ်ပင်။

ယေဘုယျကျကျပြောဆိုရလျှင် ကျင့်ကြံသူများသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံကြခြင်းမှာ ကျောင်းတော်၏အဖိုးတန်ရှားပါးသော အဖိုးတန်ရှားပါးသောအရင်းအမြစ်များကို အသုံးပြု၍ သူတို့၏ခွန်အားကိုမြှင့်တင်လိုခြင်းဖြစ်သည်။

သို့ရာတွင် ကျီးယန်းရန်သည် ဤကဲ့သို့ကိစ္စမျိုးကို ဂရုစိုက်နေရန်မလိုချေ။

ကျီးမိသားစု၏သင်ကြားပေးမှုအောက်တွင် သာမာန်ငတုံးငအတစ်ယောက်ပင်လျှင် ပါရမီရှင်တစ်ယောက် ဖြစ်သွားနိုင်သည်။ကျီးယန်းရန်ကဲ့သို့ နဂိုကတည်းက ပါရမီအရည်အချင်းရှိသူတစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။

လောကီအုပ်စိုးသူအရှင်သခင်၏အမွေအနှစ်နှင့် နှိုင်းယှဥ်ပါက ကျောင်းတော်တွင်ပညာသင်ယူပြီးနောက် တာယွီအင်ပါယာတွင်ရရှိမည့် ရာထူးရာခံဟူသည်မှာ စကားထဲထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ပေ။

Chapter 2354

ကျီးယန်းရန်သည် သက်ပြင်းတစ်ချက်ရှိုက်၍ သူမ၏နဝမဦးလေးနှင့်အတူ ထွက်ခွါသွားတော့သည်။

သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌ လုယွီ သူမအား သင်ကြားပေးခဲ့သော ကျင့်ကြံနည်းစနစ်နှင့်ပတ်သတ်၍ အလွန်စိုးရိမ်ကြောင့်ကြနေသည်။

"တကယ်လို့ အခွင့်အရေးသာရှိရင်...ငါ သူ့ဆီကနေ ကျင့်ကြံနည်းစနစ်အပြည့်အစုံကို တောင်းရမယ်"

ကျီးယန်းရန်က ဆုံးဖြတ်ချက်ချလိုက်၏။

……

ကျီးကန်းနက်တောင်၏တခြားတစ်ဖက်ခြမ်းရှိ မိုးကောင်းကင်ယံအတွင်း၌...

အလင်းတန်းတစ်တန်းသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် မိုးကောင်းကင်ယံကိုဖြတ်သန်းကာ တောင်ဘက်သို့ဦးတည်၍ ရွေ့လျားနေသည်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုအလင်းတန်းအကြားတွင် အစိမ်းရောင်ကြာပန်းတစ်ပွင့် ပုန်းအောင်းနေသည်ကို တွေ့မြင်ရပေမည်။

ထိုအစိမ်းရောင်ကြာပန်း၏အလယ်၌ ကိုယ်တစ်ခြမ်းစုတ်ပြဲကာ နာကျင်မှုကြောင့်ရုန်းကန်းနေသော လူပုံသဏ္ဌာန်အရိပ်တစ်ခုရှိနေသည်။

အစိမ်းရောင်ကြာပန်း၏နှလုံးသားအတွင်း၌ ပါးလွှာသောအနက်ရောင်အစင်းကြောင်းများရှိနေကာ ထိုလူပုံသဏ္ဌာန်အရိပ်ကို မလှုပ်ရှားနိုင်အောင် ရစ်ပတ်ထားသည်။

"နဂါးဖမ်းလက်"

လုယွီက နောက်မှနေ၍ မရပ်မနားလိုက်လံဖမ်းဆီးကာ တစ်ချိန်တည်းမှာပင် မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆို၍ အစိမ်းရောင်ကြာပန်းကို ပိတ်ဆို့ဟန့်တားလိုက်၏။

သူသည် ထိုအစိမ်းရောင်ကြာပန်းမှနေ၍ အစိမ်းရောင်ကြာနတ်ဘုရား၏အရှိန်အဝါကို အာရုံခံမိသည်။

အကယ်၍ အစစ်အမှန်ကြာနတ်ဘုရားသာ ဤနေရာတွင်ရှိနေပါက လုယွီ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။သို့ရာတွင် ဤအစိမ်းရောင်ကြာပန်းသည် အစိမ်းရောင်ကြာနတ်ဘုရား၏ ကိုယ်ပွါးပုံရိပ်ယောင်သက်သက်ပင်။

လုယွီထံတွင် ခေါင်းဖြတ်ဓားကဲ့သို့ ထက်ရှသောလက်နက်တစ်ခုရှိနေကြောင်း အစိမ်းရောင်ကြာနတ်ဘုရားက ကောင်းစွာသိရှိထားသည်။ထို့ကြောင့် သူသည် သတိကြီးစွာထား၍ လုယွီနှင့်တိုက်ရိုက်မတိုက်ခိုက်ဝံ့ပေ။

ဝုန်း....

အကန့်အသတ်မရှိသောလေပြင်းကို သယ်ဆောင်လာသော ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးက အစိမ်းရောင်ကြာပန်းထံသို့ဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

အစိမ်းရောင်ကြာနတ်ဘုရား၏မျက်နှာပြင်မှနေ၍ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်လာပြီး လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးကို ဟန့်တားရန် ကြိုးပမ်းလိုက်၏။

သို့ရာတွင် ဤအစိမ်းရောင်ကြာပန်းသည် ကိုယ်ပွါးပုံရိပ်ယောင်သက်သက်သာဖြစ်၍ လုယွီ၏တိုက်ခိုက်မှုကို ဟန့်တားနိုင်ခြင်းမရှိချေ။

လုယွီ၏နဂါးဖမ်းလက်သည် အစိမ်းရောင်ကြာပန်း၏ဟန့်တားနှောက်ယှက်မှုကြောင့် ရပ်တန့်သွားခြင်းမရှိပေ။ထိုအစား သူသည် ပြင်းထန်သောအားကိုအသုံးပြု၍ အစိမ်းရောင်ကြာပန်းကို ဖမ်းဆုပ်လိုက်သည်။

"ကံဆိုးချင်တော့ ဒါက ကိုယ်ပွါးပုံရိပ်ယောင်သက်သက်ဖြစ်နေတယ်...တကယ်လို့ ငါက အစစ်အမှန်အစိမ်းရောင်ကြာနတ်ဘုရားကိုသာ ဖမ်းနိုင်ရင် အကျိုးကျေးဇူးတွေပိုရမှာပဲ"

လုယွီသည် နတ်ဆိုးနတ်ဘုရားကို ရစ်ပတ်ထားသော အစိမ်းရောင်ကြာပန်းကိုဖမ်းဆုပ်၍ သိုလှောင်အိတ်အတွင်းသို့ထည့်သွင်းရန် ပြင်ဆင်လိုက်၏။

သို့သော် ထိုအချိန်မှာပင်...

ပြင်းထန်သောဆေဘာဓားချီတစ်လှိုင်းက လုယွီ၏နောက်သို့ တိုးဝင်လာသည်။

လုယွီ၏တုံ့ပြန်မှုမှာ အလွန်လျှင်မြန်သည်။သူက ခြေလှမ်းအနည်းငယ်ရွေ့လျားလိုက်ခြင်းနှင့်အတူ ပုံရိပ်ယောင်အမြောက်အများကိုဖန်တီး၍ ထိုဆေဘာဓားချီကို ရှောင်တိမ်းလိုက်သည်။

ဝုန်း....

ထိုဆေဘာဓားချီသည် မြေပြင်ပေါ်သို့ကျရောက်သွားပြီးနောက် မြေပြင်သည် နက်ရှိုင်းသောအက်ကွဲကြောင်းရာကြီးအဖြစ် ပွင့်ထွက်သွားပေ၏။

တစ်ချိန်တည်းမှာပင် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ အစိမ်းရောင်ကြာပန်းသည် ခွန်အားကုန်ထုတ်လွှက်ကာ လုယွီ၏နဂါးဖမ်းလက်မှရုန်းထွက်၍ အဝေးတစ်နေရာသို့ ပျံသန်းသွားတော့သည်။

လုယွီ လှည့်ကြည့်လိုက်စဥ်တွင် အစိမ်းရောင်ကြာပန်းသည် နတ်ဆိုးနတ်ဘုရား၏အကြွင်းအကျန်စိတ်ဝိညာဥ်နှင့်အတူ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေပြီ။

"ငါ လမ်းတလျှောက်လုံး မင်းကိုခြေရာခံလိုက်ခဲ့တာ...နောက်ဆုံးတော့ ငါ မင်းကိုဖမ်းမိပြီး"

လုယွီ၏နောက်မှနေ၍ ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာကောက်ကျစ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

လုယွီ၏နောက်တွင် လူဆယ်ယောက်ကျော်ရှိနေကာ သူတို့ထံမှနေ၍ ပြင်းထန်သောသွေးညှီနံများ ထွက်ပေါ်နေသည်။

ထိုလူများအားလုံးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူတို့၏မျက်လုံးများသည် ထုံထိုင်းနေကာ ရုပ်သေးများနှင့်တူညီနေသည်။

သူတို့၏နောက်မှနေ၍ လူတစ်ယောက် ရှေ့သို့ထွက်လာသည်။

ထိုလူသည် တူကျန့်ထျန်းပင်။

"ငါ တာဝန်ခန်းမမှာရောက်နေတဲ့အချိန်တုန်းက မင်းရဲ့ခွန်အားကိုဖုံးကွယ်ထားတယ်ဆိုတာ ငါ သိခဲ့ရတယ်...ငါ မျှော်လင့်ထားသလိုပဲ မင်းက အစစ်အမှန်ပါရမီရှင်တစ်ယောက် ဖြစ်နေတာကိုး...ဒါကြောင့် မင်းက ကျီးကန်းနက်တောင်မှာတောင် ဒီလိုမျိုး လျှောက်သွားနေဝံ့တယ်"

တူကျန့်ထျန်းက ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ပြောဆိုသည်။

သူက ရှေ့သို့လျှောက်လှမ်းလာကာ လုယွီကိုစူးစိုက်ကြည့်ပြီး ဆက်လက်ပြောဆိုလေ၏။

"ကြည့်ရတာတော့ ရှဖုန်း မင်းဆီက ဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူသွားတယ်ဆိုတဲ့ ပြင်ပလောကမှာပျံ့နှံ့နေတဲ့သတင်းက တကယ့်ကိုအဓိပ္ပါယ်မရှိတာပဲ...မင်းက ဧကရာဇ်အဆင့်မှော်လက်နက်ကို ရအောင်ယူနိုင်မှတော့ မင်းမှာ ဒီလိုလုပ်နိုင်တဲ့အရည်အချင်းမျိုး ရှိနေလိမ့်မယ်...ဘယ်လိုနည်းနဲ့ မင်းဆီကနေ တခြားသူက အလွယ်တကူ လုယူနိုင်မှာလဲ"

လုယွီက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။

"မင်း ဘာလိုချင်တာလဲ"

သူ၏လက်ရှိနတ်ဘုရားစိတ်အာရုံဖြင့် အစိမ်းရောင်ကြာနတ်ဘုရား၏အရိပ်အယောင်ကို ရှာမတွေ့တော့ချေ။

အစိမ်းရောင်ကြာနတ်ဘုရားသည် ဤအခြေအနေကိုအခွင့်ကောင်းယူ၍ အဝေးသို့ထွက်ပြေးသွားသည်မှာ သိသာထင်ရှားလှ၏။

Chapter 2355

ယခုလက်ရှိချိန်တွင် လုယွီ၏စိတ်အ​ခြေအနေမှာ မကောင်းလှချေ။

ကျီးကန်းနက်တောင်သို့ သူ လာခဲ့ရသောအကြောင်းအရင်းမှာ ကျောင်းတော်မှနေ၍ပျောက်ဆုံးသွားသော တပည့်များကို ရှာဖွေရန်သာမက နတ်ဘုရားနှစ်ပါးကိုသုတ်သင်၍ သူ၏ဝှက်ဖဲအဖြစ်အသုံးပြုနိုင်မည့် နတ်ဘုရားသွေးစက်များကို စုဆောင်းနိုင်ရန်လည်းပါဝင်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် နတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဥ်တစ်ခြမ်းကိုသာရရှိကာ စိတ်ဝိညာဥ်အပြည့်အစုံကိုပင်ရရှိခဲ့ခြင်းမရှိချေ။

ဤလုပ်ငန်းတာဝန်သည် ကျရှုံးသွားပြီဟု ယူဆနိုင်လေ၏။

အစောပိုင်းက သူသည် အစိမ်းရောင်ကြာနတ်ဘုရားကို ဖမ်းဆီးနိုင်ခဲ့သော်လည်း အရေးကြီးသောအချိန်အခိုက်အတန့်တွင် တူကျန့်ထျန်းက ဝင်ရောက်စွက်ဖက်ခဲ့သည်။

"ငါ ဘာလုပ်ချင်တယ်ဆိုတာ မင်း မသိဘူးလား"

တူကျန့်ထျန်းက ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ပြောဆိုသည်။

"ငါ အရမ်းသိချင်မိတယ်...မင်းလို အညတရကောင်လေးတစ်ယောက်က ဘာလို့ပြင်ပလောကမှာ နတ်ဘုရားတစ်ပါးလို နာမည်ကြီးနေတယ်ဆိုတာကို..."

သူ၏မျက်လုံးအကြည့်သည် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

"ကြည့်ရတာတော့ မင်းဆီမှာ မင်း ဒီလိုမျိုးကိစ္စတွေလုပ်နိုင်အောင် ကူညီထောက်ပံပေးနေတဲ့ မှော်ရတနာတစ်ခုရှိနေပုံပဲ...ဒါက မင်းကို ရှောင်မိသားစုရဲ့လက်ထဲကနေ ဧကရာဇ်အဆင့်မှော်လက်နက်ကို ယူဆောင်သွားနိုင်အောင် ကူညီပေးခဲ့တာပဲဖြစ်မယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် တူကျန့်ထျန်းသည် သူ၏နံဘေးပတ်လည်ရှိ ရုပ်သေးနှင့်တူသောလူများကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။

"အဲ့ဒီလူတွေက ဘယ်သူတွေလဲဆိုတာ မင်း သိလား"

"သူတို့အားလုံးက ပါရမီရှင်တွေပဲ...သူတို့ထဲက တချို့က မြင့်မြတ်နယ်မြေတွေရဲ့မြင့်မြတ်သားတော်တွေ...တချို့တွေက ဂိုဏ်းကြီးတွေရဲ့တပည့်ခေါင်းဆောင်တွေပဲ....ဒီလူတွေက မွေးဖွားလာတဲ့အချိန်ကတည်းက ပါရမီအရည်အချင်းတွေ ပိုင်ဆိုင်ထားပြီးတော့ သူတို့ရထားတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေက မိုးကောင်းကင်းရဲ့ကောင်းချီးပေးမှုကိုရထားသလိုမျိုး ပေါများတယ်"

"ဒါပေမယ့် အဲ့ဒီပါရမီရှင်လို့ခေါ်တဲ့ကောင်တွေအားလုံး ငါ့ရဲ့လက်ထဲမှာ သေဆုံးသွားကြရတယ်...ငါက ဒီလူတွေကို ငါ့ရဲ့ဓားကျွန်အဖြစ် အသုံးချပြီးတော့ သူတို့ရဲ့ကံကြမ္မာကို ခိုးယူလိုက်တယ်...ဒါကြောင့် ငါ့ရဲ့ကျင့်ကြံမှု တစ်ဆို့မှာကို နည်းနည်းလေးတောင် စိုးရိမ်ပူပန်စရာမလိုဘူး"

တူကျန့်ထျန်းသည် ထိုစကားများကို အနည်းငယ်မျှပင် ထိန်းချုပ်ဟန့်တားထားခြင်းမရှိဘဲ ပြောဆိုလိုက်ခြင်းဖြစ်သည်။ထို့နောက် သူ၏မျက်လုံးအကြည့်က လုယွီထံသို့ လှစ်ခနဲကျရောက်လာသည်။

"မင်းကလည်း ပါရမီရှင်တစ်ယောက်ပဲ...ဒါပေမယ့် မကြာခင်မှာ မင်းလည်း သူတို့လိုပဲ ငါ့ရဲ့ဓားကျွန် ဖြစ်လာတော့မယ်"

အစွမ်းထက်သော နတ်ဆိုးအရှိန်အဝါတစ်ရပ်က တူကျန့်ထျန်း၏မျက်လုံးအတွင်းမှ ပွင့်အံထွက်လာသည်။

မူလကတည်းက သူသည် နတ်ဆိုးတစ်ကောင်ပင်။နောက်ပိုင်းတွင် သူသည် တော်ဝင်နန်းတွင်း၏သိမ်းသွင်းခြင်းကိုခံရပြီးမှသာ တော်ဝင်စစ်တပ်၏ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာခဲ့လေ၏။

သို့ရာတွင် ဤနှစ်များအတွင်း၌ တူကျန့်ထျန်း၏လုပ်ဆောင်ချက်များသည် အနည်းငယ်မျှပင် အထိန်းအကွပ်မရှိချေ။

သူ၏လက်အတွင်း၌ မြောက်မြားစွာသော ပါရမီရှင်များ သေဆုံးခဲ့ရသည်။အဆုံးသတ်တွင် သူသည် ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများကို အသုံးပြုကာ ထိုပါရမီရှင်များ၏ကံကြမ္မာကိုခိုးယူ၍ သူတို့ကို ဓားကျွန်အဖြစ် အသုံးချခဲ့သည်။

လုယွီသည် တာဝန်ခန်းမအတွင်းမှ တာဝန်ကိုယူဆောင်သွားသည့်အချိန်မှစ၍ တူကျန့်ထျန်းသည် သူ့နောက်သို့လိုက်ရန် အခွင့်အရေးရှာဖွေနေခဲ့သည်။

နောက်ဆုံးတွင် ကျီးကန်းနက်တောင်၌ လုယွီတစ်ယောက်တည်းရှိနေသော အခွင့်အရေးကို သူ ရှာဖွေတွေ့ရှိခဲ့ပေ၏။

အကယ်၍ သူ လုယွီကို ဤနေရာတွင် သတ်ဖြတ်လိုက်ပါက နောင်တစ်ချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ စုံစမ်းစစ်ဆေးလျှင်ပင် ကျီးကန်းနက်တောင်တွင် ဖိနှိပ်ခံထားရသည့် နတ်ဆိုးနတ်ဘုရားအပေါ် အပြစ်များအားလုံးကို သူ ပုံချနိုင်ပေမည်။

သူ တူကျန့်ထျန်းအတွက် မည်သည့်ပြဿနာမျှရှိမည်မဟုတ်ချေ။

ဝုန်း...

အလွန်ကြီးမားသောမှော်စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာခြင်းနှင့်အတူ တူကျန့်ထျန်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သောသွေးညှီနံများနှင့် ပြည့်နှက်နေသည်။သူ၏နောက်တွင် သွေးနီရောင်တစ္ဆေနတ်ဆိုးပုံရိပ်တစ်ခုက ဝိုးတဝါးထွက်ပေါ်လာသည်။

"အဲ့ဒီနေ့က မင်း ငါ့ကိုဆန့်ကျင်ခဲ့တဲ့အတွက် မင်း နောင်တရစေရမယ်...ငါ့ကို ဆန့်ကျင်ခဲ့တဲ့ဘယ်သူမဆို အဆုံးသတ်မကောင်းကြဘူး"

တူကျန့်ထျန်းက ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာဖြင့် လုယွီကိုကြည့်လိုက်၏။

သူသည် လုယွီ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံသောအမူအယာမျိုး ထင်ဟပ်လာခြင်းကို တွေ့မြင်လိုသည်။

သို့ရာတွင် လုယွီ၏မျက်နှာပေါ်၌ မည်သည့်ထိတ်လန့်ကြောက်ရွံမှုမျိုးမျှ ရှိမနေသဖြင့် သူ စိတ်ဓာတ်ကျသွားသည်။

ထို့ပြင် လုယွီ၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်တချို့ပင်ရှိနေသည်။

ဒေါသ....

တူကျန့်ထျန်း အချိန်မီမတုံ့ပြန်နိုင်သေးမီမှာပင် လုယွီ၏အသံက ရုတ်တရက် သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"ငါ အရင်တုန်းကတော့ မင်းကို မသတ်ချင်ခဲ့ဘူး...မင်းက ဒီနေရာကိုလာပြီး မင်းရဲ့သေလမ်းကို မင်းဟာမင်း လာရှာတာပဲ"

လုယွီ၏အသံသည် အလွန်အမင်းအေးစက်နေပြီး မည်သည့်စိတ်ခံစားချက်မျိုးမျှရှိမနေချေ။

ထိုအသံကိုကြားချိန်တွင် တူကျန့်ထျန်း၏မောက်မာဝံ့ကြွားသောစိတ်နှလုံးသား ကဆုန်စိုင်းတုန်ရီသွားသည်။သူ အသိစိတ်မဝင်သေးမီမှာပင် လုယွီက သူ၏ရှေ့၌ ထွက်ပေါ်လာပေ၏။

All Chapters