အခန်း (၂၃၅၆-၂၃၆၀)
Vol. 121 Ch. 2356-2360
Chapter 2356
ရုတ်ချည်းဆိုသလိုပင် လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ထိုလက်သီးချက်ကိုကြည့်ရသည်မှာ အလွန်အမင်းသာမာန်ဆန်သည်။သို့ရာတွင် တူကျန့်ထျန်းသည် ထိုလက်သီးချက်မှနေ၍ သူ၏အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်သော အားလှိုင်းအရှိန်အဝါကို ခံစားမိလေ၏။
ဘုန်း...
မူလက တူကျန့်ထျန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းရံထားသော သွေးချီများသည် ချက်ချင်းဆိုသလိုပင် ထိုလက်ဝါးရိုက်ချက်၏ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။
လုယွီသည် ရပ်တန့်ခြင်းမရှိဘဲ တူကျန့်ထျန်း၏ခန္ဓာကိုယ်ကို လက်သီးဖြင့် ဆက်လက်၍ထိုးနှက်လိုက်သည်။
ထိုလက်သီးတစ်ချက်စီတိုင်းတွင် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်သောစွမ်းအားမျိုး ပါဝင်နေပုံရသည်။တူကျန့်ထျန်းသည် ခုခံကာကွယ်လိုက်သော်လည်း ချက်ချင်းဆိုသလိုပင် အရေးမလှသောအခြေအနေမျိုးကို ခံစားမိသည်။
"သွေးနတ်ဆိုး ဝိညာဥ်စားသုံးခြင်း"
တူကျန့်ထျန်းက ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီးနောက် သူ၏မျက်လုံးများက ရုတ်တရက် အနီရောင်သို့ ပြောင်းလဲသွားသည်။
သူ၏ဆံပင်များသည် အောက်သို့ပြေကျသွားကာ သွေးများဖြင့်စိုစွက်နေသည့်အလား တစတစ သွေးနီရောင်ဖြစ်လာပေ၏။
အစောပိုင်းက ပျက်ပြယ်သွားသော တူကျန့်ထျန်း၏ခန္ဓာကိုယ်နံဘေးပတ်လည်မှ မှော်စွမ်းအားများ ရုတ်တရက် ပြန်လည်၍တလိမ့်လိမ့်လူးလွန့်လာသည်။
တူကျန့်ထျန်း၏ခေါင်းထက်တွင် သိပ်သည်းထားသော သွေးနတ်ဆိုး၏ရက်စက်ကြမ်းကြုတ်သောပုံရိပ်ယောင်သည် သူ၏အစွယ်များကိုဖြဲဟ၍ လက်သည်းများကိုဝှေ့ယမ်းကာ လုယွီကို ခုန်အုပ်လိုက်၏။
ဤသည်က သူ၏ဝှက်ဖဲပင်။တူကျန့်ထျန်းအား သူ၏ဆရာသခင်ပညာသင်ကြားပေးခဲ့စဥ်တွင် ဤသည်က သူ့ဆရာသခင်၏အန္တိမမှော်မန္တန်ဖြစ်သည်။
တူကျန့်ထျန်းထက် ကျင့်ကြံဆင့်ပို၍မြင့်မားသော ကျင့်ကြံသူများပင်လျှင် ဤတုန်လှုပ်ချောက်ချားဖွယ် သွေးနတ်ဆိုးပုံရိပ်ယောင်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိတ်လန့်ကြောက်ရွံမှုကို ခံစားရသည်။
သို့ရာတွင် လုယွီသည် တူကျန့်ထျန်းနှင့်အချိန်ဖြုန်းလိုစိတ်မရှိချေ။
လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုလက်သီးမှနေ၍ ပြင်းထန်သောအားလှိုင်းများ ပွင့်အံထွက်လာကာ သွေးနတ်ဆိုးပုံရိပ်ယောင်ပေါ်သို့ ကျရောက်သွားသည်။
ထိုသွေးနတ်ဆိုးပုံရိပ်ယောင်ကြီးကို ကြည့်ရသည်မှာ အားကောင်းပုံရသော်လည်း လုယွီ၏ သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်နှင့် နှိုင်းယှဥ်ပါက များစွာပို၍အားနည်းနေသည်။
ဘုန်း....
တူကျန့်ထျန်းနှင့် သူ၏သွေးနတ်ဆိုးပုံရိပ်ယောင်ကြီးသည် နောက်သို့မီတာပေါင်းများစွာ အကွာအဝေးထိလွင့်ထွက်သွားကာ တောင်နံရံတစ်ခုနှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိလေ၏။
ထိုတောင်နံရံပေါ်မှကျောက်တုံးများသည် အလွန်အမင်းမာကြောသော်လည်း တူကျန့်ထျန်းနှင့်ရိုက်ခတ်မိချိန်တွင် လူပုံသဏ္ဌာန်အပေါက်တစ်ခု ဖြစ်ပေါ်သွားသည်။
ဖူး...
တူကျန့်ထျန်းသည် ချောင်းတဟွတ်ဟွတ်ဆိုးကာ သူ၏ပါးစပ်မှနေ၍ သွေးအမြောက်အများယိုစီးကျလာသည်။သူ အပြင်းအထန် ဒဏ်ရာရရှိသွားလေပြီ။
"မဟုတ်ဘူး...မင်း ဘာလို့ ဒီလောက်ထိသန်မာအားကောင်းနေတာလဲ"
တူကျန့်ထျန်း၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံသောအရိပ်အယောင်များ ထင်ဟပ်စပြုလာသည်။
ဤသည်က သူ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေပေ၏။
ယခင်က ပါရမီဟုခေါ်ဆိုခံခဲ့ရသူများကို သူ၏နည်းလမ်းများဖြင့် အနိုင်ယူနိုင်ခဲ့သည်။သူတို့သည် မည်သည့်နည်းနှင့်မျှ သူ၏ပြိုင်ဘက်မဟုတ်ခဲ့ချေ။
တူကျန့်ထျန်းကိုယ်တိုင်ကပင် အလွန်အစွမ်းထက်သူဖြစ်သည်။အကယ်၍ ခက်ခဲသောပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင်ပင် တူကျန့်ထျန်းသည် နည်းလမ်းပေါင်းစုံကိုအသုံးပြု၍ ထိုပြိုင်ဘက်များကို သတ်ဖြတ်ခဲ့သည်။
သို့ရာတွင် လုယွီသည် တူကျန့်ထျန်း၏ကြိုတင်မှန်းဆမှုများကို အပြည့်အဝရိုက်ချိုးသွားခဲ့သည်။
သူသည် လုယွီ၏လက်သီးချက်ကြောင့် လွင့်ထွက်သွားခဲ့ရ၏။
တူကျန့်ထျန်းသည် တုံ့ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရခဲ့ဘဲ ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရသည်။
"မင်းတို့အားလုံး သူ့ကိုသွားသတ်ကြစမ်း"
တူကျန့်ထျန်းက လုယွီကိုလက်ညှိုးညွှန်ကာ အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်ရှိဓားကျွန်များသည် တူကျန့်ထျန်း၏အမိန့်ကိုကြားသည်နှင့် ချက်ချင်းဆိုသလိုပင် သူတို့က မှော်မန္တန်များကိုရွတ်ဆိုကာ လုယွီကို တိုက်ခိုက်ကြ၏။
တူကျန့်ထျန်းသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီနှင့်ဝေးရာသို့ ထွက်ပြေးတော့သည်။
"ငါ ရထားတဲ့သတင်းက မှားနေတာပဲ...သူက ကျားကိုစားချင်လို့ ဝက်ယောင်ဆောင်ထားတဲ့ သာမာန်ပါရမီရှင်တစ်ယောက်လို့ ငါ ထင်နေခဲ့တာ...ဒါပေမယ့် အခုကြည့်ရသလောက်တော့ သူက ထိပ်တန်းပါရမီရှင်ထဲကတစ်ယောက်ဆိုတာ သေချာတယ်...သူက ချိုင်လုံရှန်းနဲ့ အဆင့်အတူတူတောင်ဖြစ်နိုင်တယ်"
မြောက်မြားစွာသောအတွေးများက တူကျန့်ထျန်း၏စိတ်အတွင်းသို့ တိုးဝင်လာသည်။သူ၏စိတ်အတွင်း၌ လုယွီအပေါ် အလွန်အမင်းနာကျည်းမုန်းတီးနေသည်။
"တကယ်လို့ ငါသာ ဒီကောင်လေးကို သတ်နိုင်မယ်ဆိုရင်...ငါ့ရဲ့ကံကြမ္မာ အဆင့်သစ်တစ်ခုထိ မြင့်တက်သွားလိမ့်မယ်...ဒါဆိုရင် ငါက ကောင်းကင်ဘုံနယ်မြေရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်လာနိုင်တယ်"
တူကျန့်ထျန်း၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
သို့ရာတွင် ရုတ်တရက်....
သူ၏ခေါင်းကို နောက်မှနေ၍ ဖိနှိပ်ထားခြင်း ခံလိုက်ရ၏။ထို့နောက် အသံတစ်သံက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"မင်းက သေချင်နေတာလား"
Chapter 2357
တူကျန့်ထျန်းသည် တုန်လှုပ်ချောက်ချားစွာဖြင့် ရုန်းကန်လိုက်သော်လည်း လုယွီ၏လက်တစ်ဖြင့် ဖိနှိပ်ထားခြင်းခံရကာ မြေပြင်ပေါ်သို့လဲကျသွားပြီး လှုပ်ရှားနိုင်ခြင်းမရှိချေ။
အဝေးတစ်နေရာတွင် တူကျန့်ထျန်း၏ဓားကျွန်များသည် တစ်ယောက်ပြီးတစ်ယောက် လုယွီ၏ခေါင်းဖြတ်ဓားဖြင့် သတ်ဖြတ်ခြင်းကိုခံနေရသည်။
ခေါင်းဖြတ်ဓားသည် အတိတ်ကကဲ့သို့အရှိန်အဝါမျိုးသို့ ပြန်လည်ရောက်ရှိနေကာ ဓားဝိညာဥ်ပင်မွေးဖွားနေလေပြီ။လုယွီ၏ကူညီပေးမှုမရှိလျှင်ပင် ခေါင်းဖြတ်ဓားကိုယ်တိုင်ကပင် တိုက်ခိုက်နိုင်စွမ်းရှိသည်။
ထိုရုပ်သေးများသည် အတိတ်တွင် ပါရမီရှင်များဖြစ်ခဲ့ကြသဖြင့် သူတို့၏ခွန်အားများသည် အတော်အသင့်ကောင်းမွန်သည်ဟု ဆိုနိုင်ပေ၏။
အတိတ်တွင် တူကျန့်ထျန်းသည် ခက်ခဲသောပြိုင်ဘက်မျိုးနှင့်ရင်ဆိုင်ရချိန်တွင် ထိုဓားကျွန်များကို အတူတကွစုပေါင်း၍ တိုက်ခိုက်စေသည်။
လူအများ၏ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် အလွန်အမင်းထူးချွန်သော ပါရမီရှင်ပင်လျှင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိချေ။
တူကျန့်ထျန်းသည် ပါရမီရှင်တစ်ယောက်ကို အနိုင်ယူသည့်အချိန်တိုင်း တစ်ဖက်လူ၏ကံကြမ္မာကို လုယက်ရုံသာမက သူ၏ဓားကျွန်အဖြစ် အသုံးချခဲ့သည်။
ဤသည်က တူကျန့်ထျန်းကို အားကောင်းသည်ထက် ပို၍အားကောင်းလာစေသည်။သူ ပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အချိန်တိုင်း သူ၏ခွန်အား အလွန်လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။
တူကျန့်ထျန်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။လုယွီ ဖုံးကွယ်ထားသောခွန်အားသည် ဤမျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်က သူ မျှော်မှန်းထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
တူကျန့်ထျန်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်၏။
"ငါရထားတဲ့ သတင်းအချက်အလက်တွေကမှားနေတယ်...ဒါပေမယ့် မင်း ငါ့ကိုသတ်နိင်ဖို့ဆိုတာကတော့ မလွယ်ဘူး"
တူကျန့်ထျန်းက အံ့တင်းတင်းကြိတ်ကာ ခြိမ်းခြောက်စကား ပြောဆိုလိုက်သည်။
"ငါက တော်ဝင်မြို့တော်ကို ပြောင်းရွှေ့လာရတာ နန်းတော်ထဲက တစ်စုံတစ်ယောက်ရဲ့ အကူအညီကြောင့်ပဲ....တကယ်လို့ မင်း ငါ့ကိုသတ်မယ်ဆိုရင် အဲ့ဒီမြင့်မြတ်တဲ့လူက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
တူကျန့်ထျန်းသည် နောက်ခံအင်အားကိုအသုံးပြု၍ လုယွီကို ခြိမ်းခြောက်လိုခြင်းဖြစ်သည်။
သူသည် ဝေးလံခေါင်သီသောကြယ်မြစ်တစ်ခုမှ ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။အကယ်၍ သူ့ထံတွင် အထူးအဆက်အသွယ်သာရှိမနေပါက တော်ဝင်မြို့တော်သို့ ပြောင်းရွှေ့ခွင့်နှင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ကျင့်ကြံခွင့်ကို ရရှိနိုင်မည်မဟုတ်ချေ။
ဤတူကျန့်ထျန်းသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး ပါရမီရှင်များကို မဆင်မခြင်သတ်ဖြတ်ခဲ့သည့်တိုင် သူသည် ဘေးကင်းလုံခြုံစွာဖြင့်နေနိုင်ပြီး မည်သည့်အသံဗလံမျှ မကြားရချေ။
အမှန်အားဖြင့် တစ်ဖက်လူထံတွင် နောက်ခံအင်အားတစ်ခုရှိနေမည်ဟု လုယွီက မှန်းဆထားပြီးဖြစ်သည်။
"ငါ မင်းကို အနှေးနဲ့အမြန် သတ်မိမှာပဲ...ဒါပေမယ့် မင်း ဒီတစ်ကြိမ်မှာ ငါ့ရဲ့ကိစ္စတွေကြားကို ဝင်မရှုပ်သင့်ဘူး"
လုယွီ၏မျက်နှာသည် အေးစက်တင်းမာနေပြီး သူက တူကျန့်ထျန်းကို ပါးဖြတ်ရိုက်လိုက်၏။
ထိုလက်ဝါးရိုက်ချက်သည် ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် လေဟာနယ်အတွင်း၌ သိပ်သည်းသွားသည်။
တူကျန့်ထျန်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပေ၏။ထိုမှော်စွမ်းအင်လက်ဝါးပုံကြီး၏ တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါအောက်တွင် သူ့အားဖျက်ဆီးပစ်နိုင်သောစွမ်းအားမျိုးကို သူ ခံစားမိသည်။
"မကောင်းတော့ဘူး"
တူကျန့်ထျန်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကျိန်ဆဲလိုက်၏။ထို့နောက် သူက နောက်သို့ချာခနဲလှည့်ထွက်ကာ သူ၏သိုလှောင်အိတ်အတွင်းမှ ဦးခေါင်းခွံတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုဦးခေါင်းခွံကိုကြည့်ရသည်မှာ ရုပ်ဆိုးသော်လည်း လေထုအတွင်းသို့ ထိုအရာထွက်ပေါ်လာသည်နှင့် ရှေးဆန်သောအော်ဟစ်ကြုံးဝါးသံကြီး မြည်ဟီးလာသည်။ကြည့်ရသည်မှာ ထိုအသံအတွင်း၌ အကန့်အသတ်မရှိသော နာကျည်းမုန်းတီးမှုများ တလိမ့်လိမ့်လူးလွန့်နေသကဲ့သို့ပင်။
ဘုန်း...
လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးသည် ထိုဦးခေါင်းခွံနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားလေ၏။နောက်ဆုံးတွင် သူ၏လက်ဝါးရိုက်ချက်မှစွမ်းအားများ အကြီးအကျယ်ယုတ်လျော့သွားကာ တူကျန့်ထျန်းကို ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ချေ။
တူကျန့်ထျန်းသည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ချာခနဲလှည့်ထွက်ကာ အဝေးတစ်နေရာသို့ ဦးတည်၍ပျံသန်းသွားသည်။
"ဒါက အသက်ကယ်မှော်ရတနာတစ်ခုပဲ...ဒါပေမယ့် မင်းရဲ့အသက်ကိုတော့ ကယ်တင်နိုင်မှာမဟုတ်ဘူး"
ရုတ်ချည်းဆိုသလိုပင် လုယွီ၏လက်အတွင်းမှ ထက်ရှသောဓားချီတစ်လှိုင်းထွက်ပေါ်လာကာ တူကျန့်ထျန်းထံသို့ဦးတည်၍ တိုးဝင်သွားလေ၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...အင်မော်တယ်သုတ်သင်ဓားချက်
အဖြူရောင်ဓားချီတစ်လှိုင်းက ရုတ်တရက် မိုးကောင်းကင်ယံကို ဖြတ်သန်းသွားသည်။တူကျန့်ထျန်းသည် နောက်သို့လှည့်ကြည့်လိုက်ရာ လိပ်ပြာလွင့်လုမတက် တုန်လှုပ်ချောက်ချားသွားပေ၏။
"သွေးနတ်ဆိုးသံချပ်ကာ"
တူကျန့်ထျန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို အလျင်စလိုအသက်သွင်းကာ အလွန်ပေါကြွယ်ဝသောသွေးစွမ်းအင်များကိုသိပ်သည်း၍ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ကို လွှမ်းခြုံလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် တူကျန့်ထျန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ထူထပ်သိပ်သည်းသော သွေးစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသည်။
သွေးစွမ်းအင်များဖြင့်သိပ်သည်းထားသော ထိုသံချပ်ကာပေါ်၌ လူသားမျက်နှာအမျိုးမျိုး ထွက်ပေါ်နေသည်။ထိုမျက်နှာများသည် စူးရှနာကျင်စွာ အော်ဟစ်နေကြ၏။တခြားသူများသည် ထိုအရာများကို တစ်ချက်ကြည့်မိရုံဖြင့် မူးဝေမှုကို ခံစားရပေမည်။
ဤသည်က မရေမတွက်နိုင်သောလေလွင့်ဝိညာဥ်များ၏ သွေးများ နာကျည်းမုန်းတီးမှုများနှင့်ဖန်တီးထားသောသံချပ်ကာပင်။ထိုမှော်ရတနာကို သန့်စင်နိုင်ရန်အတွက် တူကျန့်ထျန်းသည် သတ်ဖြတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ရ၏။
ဝှစ်ခနဲအသံနှင့်အတူ အင်မော်တယ်သုတ်သင်ဓားချီသည် တူကျန့်ထျန်း၏သံချပ်ကာပေါ်သို့ ထိုးစိုက်မိသွားသည်။
သံချပ်ကာပေါ်ရှိသွေးများ ချက်ချင်းဆိုသလိုပင် အငွေ့ပြန်လာပြီး မြောက်မြားစွာသောကြောက်မက်ဖွယ်လူမျက်နှာများထံမှနေ၍ သွေးပျက်ဖွယ်အော်သံကြီးများ ထွက်ပေါ်လာသည်။
Chapter 2358
"သူက ငါ့ကို တကယ်သတ်ချင်နေတာပဲ"
တူကျန့်ထျန်းသည် ထိုဓားချီမှသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိချိန်တွင် သူက လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံသွားသည်။
သွေးသံချပ်ကာ၏ဟန့်တားထားမှုရှိသည့်တိုင် တူကျန့်ထျန်းသည် ထိုဓားချီ၏ရိုက်ခတ်မှုကို ခံစားလိုက်ရဆဲပင်။သူ၏ပါးစပ်မှ သွေးများအန်ထွက်လာကာ အဝေးသို့ထွက်ပြေးသွားတော့သည်။
ဤတစ်ကြိမ်တွင် သူ အရာအားလုံး ဆုံးရှုံးခဲ့ရသည်။
သူသည် လုယွီကို သတ်ဖြတ်နိုင်ခဲ့ခြင်းမရှိရုံသာမက သူ၏ဓားကျွန်များအားလုံးကို ဆုံးရှုံးခဲ့ရသည့်အပြင် သူ၏အသက်ကယ်မှော်ရတနာနှစ်ခုကိုလည်း အသုံးပြုခဲ့ရ၏။
"ငါ သူ့ကို တစစီနုတ်နုတ်စင်းပစ်ချင်တယ်...သူ ရုပ်ပျက်ဆင်းပျက် သေစေရမယ်"
တူကျန့်ထျန်းသည် မိုင်ပေါင်းရာနှင့်ချီသောအကွာအဝေးသို့ ထွက်ပြေးပြီးနောက်မှသာ ရပ်တန့်လိုက်သည်။
သူ၏မျက်လုံးအတွင်း၌ ဖုံးကွယ်မထားနိုင်သော နာကျည်းမုန်းတီးမှုများ ထင်ဟပ်နေသည်။
"အဲ့ဒီကောင်မှာ ဒီလိုအရည်အချင်းမျိုးရှိနေမှတော့ သူ့ဆီက ဧကရာဇ်အဆင့်မှော်ရတနာကို ရှဖုန်း လုယူနိုင်မှာမဟုတ်ဘူး...ငါက သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...ဒါကြောင့် ငါ ဒီသတင်းကိုဖြန့်ပြီးတော့ သူ့ကို လူတိုင်းရဲ့ပစ်မှတ်ဖြစ်အောင်လုပ်ရမယ်"
တူကျန့်ထျန်း၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ဖြတ်ပြေးသွားသည်။
သူ၏စိတ်နှလုံးသားအတွင်း၌ လုယွီကို ရင်ဆိုင်ရန် အဆိပ်ပြင်းသောအကြံအစည်တစ်ခု ရှိပြီးဖြစ်သဖြင့် ထိုကိစ္စကိုအကောင်အထည်ဖော်ရန် သူ မစောင့်ဆိုင်းနိုင်တော့ချေ။
တခြားတစ်ဖက်တွင် လုယွီသည် တူကျန့်ထျန်းကို လိုက်လံသတ်ဖြတ်ရန် သွားမည့်အချိန်မှာပင် ရုတ်တရက် ထန်အာ၏အရှိန်အဝါ အားနည်းစပြုလာသည်ကို သူ ခံစားမိလေ၏။
သူသည် နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်လိုသည့်အတွက် ထန်အာကို ကာကွယ်ပေးမည်ဟု သူ ပိုင်မင်ဟန်ကို ကတိပေးခဲ့သည်။
"ထားလိုက်တော့...နောက်ကျမှ ငါ မင်းရဲ့အသက်ကိုအဆုံးသတ်မယ်"
လုယွီသည် အချိန်တခဏကြာတွက်ဆပြီးနောက် ယုဝမ်အိမ်တော်သို့ပြန်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိအချိန်၌ အရေးအကြီးဆုံးကိစ္စမှာ သူ၏ခွန်အားကို အလျှင်အမြန်မြှင့်တင်နိုင်ရန်ပင်။
နတ်ဆိုးနတ်ဘုရား ပျောက်ကွယ်သွားခြင်းနှင့်အတူ ကျီးကန်းနက်တောင်ကို လွှမ်းခြုံထားသော မြူခိုးထုကြီးလည်း တစတစ လွင့်ပြယ်သွားလေပြီ။
သို့ရာတွင် ဤတောင်၏နယ်နမိတ်အတွင်းတွင် ယင်ဝိညာဥ်များ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သဖြင့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်၌ ထူထပ်သိပ်သည်းသော ယင်ချီများဖြင့် ပြည့်နှက်နေဆဲပင်။
လုယွီက တောင်အောက်သို့ဆင်းရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ဖျော့တော့တော့ငိုသံတစ်သံကို ကြားလိုက်ရသည်။
"ကယ်ပါ...ငါ့ကိုကယ်ပါ..."
ငိုယို၍အကူအညီတောင်းခံနေသောအသံသည် အလွန်တိုးညှင်းပေ၏။အကယ်၍ လုယွီ၏အကြားအာရုံသာ ကောင်းမွန်ခြင်းမရှိပါက ထိုအသံကို ကြားမည်မဟုတ်ချေ။
လုယွီက ထိုအသံထွက်ပေါ်လာသောရင်းမြစ်သို့ လျှောက်လှမ်းသွားလိုက်ရာ သွေးများစိုရွှဲနေသောလူတစ်ယောက် မြေပြင်ပေါ်၌လဲလျောင်းနေကာ ငိုယို၍ အဆက်မပြတ်အကူအညီတောင်းခံနေခြင်းကို တွေ့မြင်မိသည်။
"ကောရှုမန်လား"
လုယွီသည် ထိုလူကိုကြည့်ပြီး မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်ကို ချက်ချင်းဆိုသလိုပင် သိနားလည်သွားပေ၏။
သူ မထွက်ခွါမီ တပည့်များအားလုံးကို တောင်အောက်သို့ အလျှင်အမြန်ဆင်းရန် သတိပေးခဲ့သည်။
သို့ရာတွင် ကောရှုမန်သည် သူ၏သတိပေးမှုကို လိုက်နာခြင်းမရှိသည်နှာ သိသာထင်ရှားသည်။
နတ်ဆိုးနတ်ဘုရား ပြန်လည်ရှင်သန်လာခါနီးအချိန်တွင် ကျီးကန်းနက်တောင်ရှိ ထောင့်နေရာတိုင်းမှ ယင်ဝိညာဥ်များ ထွက်လာကြ၏။
ကောရှုမန် မည်မျှထိပုန်းအောင်းနေပါစေ ထိုယင်ဝိညာဥ်များက လွယ်လင့်တကူရှာဖွေနိုင်သည်။
လုယွီကို မြင်တွေ့ချိန်တွင် ကောရှုမန်သည် အသက်ကယ်ကောက်ရိုးတစ်မျှင်ကို တွေ့သကဲ့သို့ အားကုန်ရုန်းကန်လိုက်သည်။
"ဂျူနီယာမောင်လေး....ဒီနေရာကို မြန်မြန်လာပါအုံး"
ကောရှုမန်က အော်ဟစ်၍ အကူအညီတောင်းခံသည်။
လုယွီသည် ထိုနေရာသို့ လျှောက်လှမ်းသွားခြင်းမရှိချေ။
ကောရှုမန်သည် ယခုလက်ရှိချိန်တွင် အလွန်ဆိုးရွားသောအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။သူမ၏ခြေထောက်နှစ်ဖက်လုံးကျိုးနေပြီး တွန့်လိမ်ပုံပျက်နေသည်။သူမသည် မြေပြင်ပေါ်၌သာ လဲလျောင်းနေရပြီး မတ်တတ်ထရပ်နိုင်ခြင်းမရှိချေ။
သူမ၏နံဘေးတွင် ခြောက်ကပ်နေသောအလောင်းနှစ်လောင်းရှိနေသည်။သူတို့၏ပုံပန်းသွင်ပြင်များအရ အကဲဖြတ်ကြည့်ပါက ကောရှုမန်၏နောက်လိုက် တပည့်နှစ်ယောက်ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုတပည့်နှစ်ယောက်၏ခန္ဓာကိုယ်များမှ သွေးများအားလုံးကို စုပ်ယူခြင်းခံထားရပုံဖြင့် သူတို့၏အလောင်းများမှာ ရှုံတွခြောက်ကပ်နေသည်။
လုယွီသည် နေရာတွင်သာ ရပ်တန့်နေပြီး သူမထံသို့ လျှောက်လှမ်းမလာသည်ကိုမြင်ချိန်တွင် ကောရှုမန်က အမောတကော ပြောဆိုလိုက်၏။
"လုယွီ...နင် ငါ ခေါ်နေတာ မကြားဘူးလား...ငါ နင့်ကို ဒီနေရာ လာခိုင်းနေတာလေ"
ယခုချိန်ထိတိုင် သူမထံတွင် စီနီယာတပည့်တစ်ယောက်၏လေသံနှင့်အမူအယာမျိုး ရှိနေဆဲပင်။
လုယွီက သူမကိုလျစ်လျှူရှုပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ထွက်ခဲ့စမ်း"
ကောရှုမန်၏နောက်ရှိ သစ်ပင်များအကြားမှနေ၍ ရုတ်တရက် ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။
ထိုနေရာမှနေ၍ ယင်ဝိညာဥ်အမြောက်အများထွက်လာသည်။ထိုယင်ဝိညာဥ်များအနက်မှတစ်ကောင်သည် တမလွန်မြို့အတွင်း၌ လုယွီလိုက်လံဖမ်းဆီးခဲ့သော အမျိုးသမီးယင်ဝိညာဥ်ပင်။
ထိုအမျိုးသမီးယင်ဝိညာဥ်သည် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူမ၏အရှိန်အဝါသည် ယခင်ထက်ပို၍ အားကောင်းနေပေ၏။သူမ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။
Chapter 2359
သူမ၏လှုပ်ရှားမှု ပေါ်ပေါက်သွားသည်ကိုမြင်ချိန်တွင် ကောရှုမန်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်လာသည်။
"ကောင်စုတ်လေး...တကယ်လို့ နင် ဒီအတွက် အပြစ်တင်ချင်ရင်...သေလမ်းရှာတဲ့အတွက် နင်ကိုယ်နင်သာ အပြစ်တင်တော့"
ကောရှုမန်က စူးရှသောလေသံဖြင့် ပြောဆိုလိုက်၏။
"မင်းတို့အားလုံးပဲ...ငါ သူ့ကို ဒီနေရာမျှားခေါ်ပေးပြီးပြီ...ငါ့ကို လွှတ်ပေးကြတော့"
ဤကိစ္စများအားလုံးသည် ကောရှုမန်၏ဗျူဟာပင်။
သူမသည် ဤနေရာတွင် သူမကိုယ်သူမ ငါးစာအဖြစ်အသုံးပြုကာ သူမအားလာရောက်ကူညီပေးရန် တခြားသူများကို ဆွဲဆောင်ပေမည်။ထို့နောက်မှ ယင်ဝိညာဥ်များသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လှုပ်ရှားကာ သူမထံချဥ်းကပ်လာသူများ၏အသွေးအသားများကို ဝါးမျိုကြမည်ဖြစ်ပေ၏။
အမျိုးသမီးယင်ဝိညာဥ်သည် ယောက်ျားသားများထံမှ ယင်စွမ်းအားများကို ဝါးမျိုခဲ့ရခြင်းသာမရှိပါက သူမ သေဆုံးသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
အသက်ရှင်သန်နိုင်ရန်အတွက် ကောရှုမန်သည် သူမကိုယ်သူမ ငါးစာအဖြစ်အသုံးချ၍ လူများကိုမျှားခေါ်ပေးရန် ကမ်းလှမ်းခဲ့သည်။
ထိုယင်ဝိညာဥ်များသည် သဘောတူညီခဲ့သော်လည်း ကောရှုမန် ထွက်ပြေးသွားခြင်းမှ ကာကွယ်ဟန့်တားနိုင်ရန်အတွက် သူမ၏ခြေထောက်များကို ရိုက်ချိုးခဲ့လေ၏။
ကောရှုမန်သည် အလွန်အမင်း စိတ်ဓာတ်ကျနေခဲ့သည်။ဤှကဲ့သို့ လူသူကင်းမဲ့သောတောင်ကြားလမ်းပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွားမည်မဟုတ်ဟု သူမက တွေးထင်ထားခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကောရှုမန်၏စိတ်နှလုံးသားအတွင်းတွင် မျှော်လင့်ချက်အလင်းရောင်များ မြင့်တက်လာသည်။
ဤနေရာသို့ လုယွီရောက်ရှိလာသဖြင့် အရာအားလုံး အဆင်ပြေချောမွေ့သွားလေပြီ။
ဤကံဆိုးသောကောင်ကို သူမအတွက် သေခွင့်ပြုလိုက်ခြင်းဖြင့် သူမ၏အသက် ရှင်သန်နိုင်ပေမည်။
အမျိုးသမီးယင်ဝိညာဥ်သည် ရှေ့သို့တိုးကာ သူမ၏လက်တစ်ဖက်ဖြင့် ကောရှုမန်၏ခေါင်းကိုဆုပ်ကိုင်လိုက်၏။ထို့နောက် သူမ၏စူးရှချွန်ထက်သောလက်သည်းများက ကောရှုမန်၏လည်မျိုကို ထိုးဖောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် ကောရှုမန်၏လည်မျိုမှ သွေးများယိုစီးကျလာသည်။ကောရှုမန်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားသည်ကို ခံစားလိုက်ရ၏။သူမ၏မျက်လုံးအတွင်း၌ စိတ်ဓာတ်ကျဆင်းမှုများနှင့် ပြည့်နှက်နေသည်။သူမသည် အားကုန်သုံး၍ ရုန်းကန်လိုက်သော်လည်း အဆုံးသတ်တွင် သူမ၏ရုန်းကန်အားသည် တစတစ ပို၍ပို၍အားပျော့လာပေ၏။
သူမ သေဆုံးရတော့မည့်အချိန်အခိုက်အတန့်တွင် သူမ၏မျက်လုံးအကြည့်က လုယွီထံသို့ ကျရောက်သွားသည်။
သို့ရာတွင် လုယွီသည် သူမအားကယ်တင်ရန် အနည်းငယ်မျှပင်ရည်ရွယ်မထားပုံကိုမြင်ချိန်တွင် သူမ အလွန်စိတ်ဓာတ်ကျသွားလေ၏။
လုယွီက ကောရှုမန်သေဆုံးသွားခြင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေသည်။
"နတ်ဆိုးနတ်ဘုရားက သေသွားပြီ...ဒါတောင် မင်းတို့ယင်ဝိညာဥ်တွေက ဒီနေရာမှာ ဆက်ပြီးရှိနေသေးတာလား...မင်းတို့ကို အသက်ရှင်ရက်ချန်ထားမယ်ဆိုရင် ဘေးကပ်ဆိုးတစ်ခုပဲ ဖြစ်လာလိမ့်မယ်"
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ အမျိုးသမီးယင်ဝိညာဥ်ကို တိုက်ခိုက်လိုက်သည်။
လုယွီ၏ခွန်အားကို ဖြန့်ကျက်လိုက်ချိန်တွင် ဤမျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းမည်ဟု အမျိုးသမီးယင်ဝိညာဥ်က မျှော်လင့်ထားမိခြင်းမရှိချေ။
သူမက စူးရှကျယ်လောင်စွာအော်ဟစ်ပြီး ထွက်ပြေးရန်ဟန်ပြင်လိုက်၏။ကံဆိုးစွာဖြင့် လုယွီသည် သူမအား ထိုအခွင့်အရေးမပေးချေ။
ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ပြင်းပြင်းထန်ထန် ကျရောက်လာကာ အမျိုးသမီးယင်ဝိညာဥ်နှင့်ယင်ဝိညာဥ်များအားလုံးကို ခြေမွှဖျက်ဆီးလိုက်သည်။
ထိုယင်ဝိညာဥ်များသည် မြောက်များစွာသောသက်ရှိများကို သတ်ဖြတ်ခဲ့လေ၏။ယင်ဝိညာဥ်များကို သုတ်သင်ရှင်းလင်းပြီးနောက် လုယွီသည် ကောင်းမှုကုသိုလ်စွမ်းအားအနည်းငယ်ကို ရရှိခဲ့သည်။
လူများအတွက် နတ်ဆိုးများကိုဖယ်ရှားပေးခြင်းဖြင့် ကောင်းကင်နှင့်မြေပြင်၏ကောင်းချီးပေးခံရကာ ကောင်းမှုကုသိုလ်စွမ်းအားများကို ရရှိပေမည်။
လူတစ်ယောက်သည် ကောင်းမှုကုသိုလ်စွမ်းအားများကိုရရှိပါက သူ မည်သည့်အရာကိုပြုလုပ်သည်ဖြစ်စေ နတ်ဘုရားများ၏အကူအညီကိုရရှိသည့်အလား အရာအားလုံး အဆင်ပြေချောမွေ့ကာ ကံကြမ္မာဆိုးများပင်လျှင် ကံကောင်းမှုများအဖြစ်သို့ပြောင်းလဲသွားနိုင်သည်။
"လမ်းတလျှောက်လုံး ငါ မင်းကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တယ်...ဒါပေမယ့် မင်းက ဒါကို တန်ဖိုးထားရကောင်းမှန်းမသိဘူး...ကံဆိုးချင်တော့ မင်းက မင်းရဲ့အသက်ကိုကယ်တင်နိုင်မယ့် နောက်ဆုံးအခွင့်အရေးကိုတောင် မဖမ်းဆုပ်နိုင်ခဲ့ဘူး"
လုယွီက ကောရှုမန်၏အလောင်းကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
ကောရှုမန်သည် သူ့အားတိုက်ခိုက်ရန် အကြံအစည်မပြုလုပ်ခဲ့လျှင်ပင် လုယွီသည် သူမကို ကယ်တင်မည်မဟုတ်ချေ။
ဤသည်က ကောရှုမန်နှင့်ထိုက်တန်သော ရလဒ်ပင်။
လုယွီသည် ကောရှုမန်နှင့် သူမ၏နောက်လိုက်တပည့်နှစ်ယောက်ကို ဤနေရာမှထွက်ခွါရန် သတိပေးခဲ့ပြီးဖြစ်သည်။
.....
ဝေ့ရှစ်မြို့...
ဤမြို့သို့ လုယွီထပ်မံ၍ရောက်ရှိချိန်တွင် မြို့၏လုံခြုံရေး ပို၍တိုးမြှင့်ထားခြင်းကို သတိပြုမိသည်။
မြို့ရိုးပေါ်တွင် အစောင့်များကြား၌ အစွမ်းထက်ကျင့်ကြံသူများရှိနေသည့်အပြင် အမှောင်ထုအတွင်း၌ ထို့ထက်သုံးဆမကပို၍များပြားသော ကျင့်ကြံသူများ ပုန်းအောင်းနေသည်။
ယုဝမ်မိသားစုမှပေးအပ်လိုက်သော တံဆိပ်ပြားကို ပြသပြီးနောက် လုယွီသည် မြို့အတွင်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။
သို့ရာတွင် သူသည် မြို့အတွင်းသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည့်တိုင် သူ၏နောက်သို့ လူအမြောက်အများ နောက်ယောင်ခံလိုက်နေကြောင်း ခံစားမိသည်။
"ဖြစ်နိုင်တာတော့ ယုဝမ်အိမ်တော်မှာ တစ်ခုခုဖြစ်နေတာပဲ"
လုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ယုဝမ်အိမ်တော်သို့ရောက်ရှိသည်နှင့် လုယွီသည် နားနေခန်းသို့မသွားဘဲ ထန်အာ၏အခြေအနေကိုမေးမြန်းရန်အတွက် ယုဝမ်လင်ခုန်းကို သွားရောက်ရှာဖွေခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ယုဝမ်လင်ခုန်းသည် အကြီးအကဲတစ်စုနှင့် တိုင်ပင်ဆွေးနွေးနေသည်။
အစေခံတစ်ယောက်ထံမှ သတင်းပို့မှုကိုရသည်နှင့် ယုဝမ်လင်ခုန်းက လုယွီကို စည်းဝေးခန်းမအတွင်းသို့ ဝင်ခွင့်ပြုလိုက်၏။
Chapter 2360
"ညီငယ်လေး...အခြေအနေက နည်းနည်းတော့ ကျဥ်းထဲကျပ်ထဲရောက်နေတယ်...မင်းက ထန်အာနဲ့အတူ လာခဲ့တဲ့သူဖြစ်နေမှတော့ ငါ ဖုံးကွယ်မထားတော့ဘူး...ဒီတစ်ကြိမ် ငါတို့ယုဝမ်အိမ်တော်ကို သူလာတာက သူ့ဆရာသခင်ရဲ့အမိန့်နဲ့ မှော်ရတနာကို လာယူတာပဲ...ဒါပေမယ့် သူ မှော်ရတနာကိုယူတဲ့အချိန်မှာ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ်"
ယုဝမ်လင်ခုန်း၏အသံတွင် သူ့ကိုယ်သူ အပြစ်တင်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
နဂါးဆူးတောင်ဓားသည် မူလကတည်းက ပိုင်မင်ဟန်၏ပိုင်ဆိုင်မှုပင်။
ပိုင်မင်ဟန်သည် သူမ၏တပည့်ကိုစေလွှတ်၍ ထိုဓားကိုယူဆောင်စေသည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။
သို့ရာတွင် မတော်တဆမှုတစ်ခု ဖြစ်ပွါးသွားခဲ့သည်။ဤသည်က သူတို့၏ယုဝမ်မိသားစုသည် နဂါးဆူးတောင်ဓားကို လက်လွှဲမပေးလိုသဖြင့် တမင်သက်သက်ပြုလုပ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"ဘာတွေဖြစ်သွားခဲ့တာလဲ...မိသားစုခေါင်းဆောင်က ကျွန်တော်ကို အသေးစိတ်ကျကျ ရှင်းပြပေးနိုင်မလား"
ယုဝမ်လင်ခုန်းသည် ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်၍ ထိုကိစ္စ၏ယေဘုယျအခြေအနေကို ပြောဆိုလေသည်။
နဂါးဆူးတောင်ဓားသည် သူတို့၏ယုဝမ်အိမ်တော်တွင်ရှိနေသော်လည်း ယုဝမ်မိသားစုဝင်များသည် ထိုဓား၏စိတ်ဆန္ဒကို နားလည်သဘောပေါက်ရုံသာရှိပြီး အပြည့်အဝဖမ်းဆုပ်နိုင်ခြင်းမရှိချေ။
ပိုင်မင်ဘိုးဘေးသည် ထိုနဂါးဆူးတောင်ဓားပေါ်၌ ကြီးမားသောဖုန်းရွှေဝင်္ကပါတစ်ခုကို ဖွဲ့စည်းခဲ့သည်။တစ်စုံတစ်ယောက်သည် နဂါးဆူးတောင်ဓားအနီးသို့ ချဥ်းကပ်သွားသည်နှင့် ထိုဖုန်းရွှေဝင်္ကပါအတွင်းသို့ ကျရောက်သွားပေမည်။
ထန်အာသည် နဂါးဆူးတောင်ဓားကိုယူဆောင်ရန် ချဥ်းကပ်လိုက်ချိန်တွင် သူမသည် ဖုန်းရွှေဝင်္ကပါအတွင်းသို့ကျရောက်ကာ သူမနှင့်ဆက်သွယ်မှု ပျောက်ဆုံးသွားခဲ့သည်။
ယခုလက်ရှိချိန်တွင် ယုဝမ်မိသားစုဝင်များသည် နဂါးဆူးတောင်ဓားနှင့် အနည်းငယ်မျှပင် ဆက်သွယ်၍မရတော့ချေ။ထို့ကြောင့် သူတို့သည် အတွင်း၌ဖြစ်သော ကိစ္စရပ်များကို မသိရှိတော့ပေ။
"ဒါတွေအားလုံးက ငါ့ရဲ့ပေါ့ဆမှုကြောင့်ပါ...ငါ ဒီအကြောင်းတွေ သူ့ကို ရှင်းရှင်းလင်းလင်း မပြောပြမိခဲ့ဘူး"
ယုဝမ်လင်ခုန်းက သူကိုယ်သူ အပြစ်တင်နေလေ၏။
ထိုအချိန်မှာပင် အကြီးအကဲထိုင်ခုံတွင်ထိုင်နေသော သတ္တမအကြီးအကဲက ပြောဆိုသည်။
"မိသားစုခေါင်းဆောင်...ပိုင်မင်မိသားစုရဲ့မျိုးဆက်က ကောင်းကင်နဲ့မြေပြင်ရဲ့အတိမ်အနက်ကိုမသိတဲ့ ကလေးမလေးတစ်ယောက်ကို လွှတ်လိုက်တယ်...သူက နဂါးဆူးတောင်ဓားကို အာရုံစူးစိုက်မှုမရှိဘူးဆိုတာ သိသာထင်ရှားနေတယ်...ကျွန်တော်တို့က ဖုန်းရွှေဝင်္ကပါကြီးနဲ့ ပြန်ဆက်သွယ်ပြီးတော့ အဲ့ဒီကောင်မလေးကို မောင်းထုတ်လိုက်တာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ်"
တခြားအကြီးအကဲများကလည်း ထောက်ခံကြောင်း ပြောဆိုလိုက်ကြ၏။
အတိတ်တွင် ပိုင်မင်ဘိုးဘေးသည် ထိုဝင်္ကပါကို ထိန်းချုပ်နိုင်သည့် နည်းစနစ်တစ်စိတ်တစ်ပိုင်းကို ယုဝမ်အိမ်တော်ထံ ပေးထားခဲ့သည်။
ထိုနည်းစနစ်ကို လှည့်ပတ်လိုက်သည်နှင့် ဝင်္ကပါအတွင်းရှိလူများကို မောင်းထုတ်နိုင်ပေသည်။
သို့ရာတွင် ထိုနည်းလမ်းကိုအသုံးပြုလိုက်ပါက ထိုလူသည် ဖုန်းရွှေဝင်္ကပါအတွင်းသို့ ထပ်မံ၍ဝင်ရောက်ရန် အရည်အချင်းမပြည့်မီတော့ချေ။
ယုဝမ်လင်ခုန်းက တွေဝေတုံ့ဆိုင်းနေသည်။အကယ်၍ သူ ထိုသို့ပြုလုပ်ပါက ထန်အာ၏အသက်ကို ကယ်တင်နိုင်မည်ဖြစ်သော်လည်း အပြင်လူများ၏အမြင်တွင် သူတို့၏ယုဝမ်မိသားစုသည် ရတနာကိုပြန်ပေးရန် ဆန္ဒမရှိသည့် သစ္စာဖောက်များဖြစ်သွားပေမည်။
ယုဝမ်လင်ခုန်း ကျဥ်းထဲကျပ်ထဲအခြေအနေသို့ ရောက်ရှိနေသည်ကိုကြည့်ပြီး လုယွီက ပြောဆိုလိုက်သည်။
"ယုဝမ်မိသားစုခေါင်းဆောင်...အဲ့ဒီနေရာကို ကျွန်တော် တစ်ချက်သွားကြည့်လို့ရမလား"
သတ္တမအကြီးအကဲက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်၏။
"မင်းကလား...မင်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ တပည့်တစ်ယောက်အဆင့်ပဲရှိတာ...မင်း သွားကြည့်တော့ရော ဘာအသုံးဝင်မှာလဲ"
ယုဝမ်လင်ခုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"ကောင်းပြီလေ...မင်း သွားကြည့်နိုင်တယ်"
သူသည် မိသားစု၏ဂုဏ်သတင်းပျက်ပြားမည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေသည်။
အကယ်၍ ယခုလက်ရှိချိန်တွင် သူ လုယွီကို ဖုံးကွယ်လိုက်ပါက ပြင်ပလောကသို့ သတင်းများပျံ့နှံ့သွားလျှင် သူတို့၏ယုဝမ်မိသားစုသည် နောက်ကွယ်တွင် လှည့်စားမှုတချို့ပြုလုပ်နေသည်ဟု တချို့လူများက အတင်းစကားပြောဆိုမည်ကို ကာကွယ်ဟန့်တားနိုင်မည်မဟုတ်ချေ။
ယုဝမ်မိသားစုခေါင်းဆောင်၏ခွင့်ပြုချက်ကိုရသည်နှင့် လုယွီသည် ယုဝမ်မိသားစုဝင်တချို့နှင့်အတူ ယုဝမ်အိမ်တော်၏အနောက်ဘက်ခြံဝန်းသို့သွားလိုက်၏။
ဤနေရာသည် ချောက်နက်ကြီးတစ်ခုအတွင်း၌တည်ရှိသည်။ထိုနေရာသို့သွားရောက်ရန် လေတိုက်ခတ်နေသောလမ်းကြောင်းတစ်ခုသာရှိပြီး သာမာန်အားဖြင့် လူနည်းစုကသာ သွားရောက်ကြသည်။
ချောက်နက်ကြီးအတွင်းသို့ဝင်ရောက်ပြီးသည်နှင့် လုယွီသည် သူ၏နံဘေးပတ်လည်၌ မြူခိုးများထူထပ်နေသည်ကို ခံစားမိလေ၏။
မြူခိုးများကြား၌ နဂါးတစ်ကောင်၏ဝိုးတဝါးပုံရိပ်ရှိနေကာ ကြီးကျယ်ခမ်းနားသောအပြုအမူမျိုးနှင့် လှည့်ပတ်ပျံဝဲနေသည်။
ယုဝမ်လင်ခုန်းက ထိုနဂါးပုံရိပ်ယောင်ကိုတစ်ချက်ကြည့်၍ ပြောဆိုသည်။
"ဒါက ပိုင်မင်ဘိုးဘေး ငါတို့ဆီမှာချန်ထားခဲ့တဲ့ နဂါးဆူးတောင်ဓားပဲ"
"ပြန်တွေးကြည့်ရင် အတိတ်တုန်းက ငါတို့ယုဝမ်မိသားစု ဘေးဒုက္ခတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်...ကံကောင်းထောက်မပြီး ဒီနတ်ဘုရားလက်နက်ကြောင့် ငါတို့ရဲ့ဒုက္ခတွေကနေ လွတ်မြောက်နိုင်ခဲ့တယ်"
လုယွီသည် သူ့ရှေ့ရှိမြူခိုးထုကြီးအတွင်းကိုကြည့်ပြီး သူ၏စိတ်အတွင်း၌ ရင်းနှီးကျွမ်းဝင်သကဲ့သို့ ခံစားလိုက်ရ၏။
"ပိုင်မင်ဘိုးဘေး...ဒါက ဟိုလူအိုကြီးတော့ မဖြစ်လောက်ပါဘူး...ဟုတ်တယ်မလား"
လုယွီက သူ၏စိတ်အတွင်းမှနေ၍ တီးတိုးရေရွတ်လိုက်သည်။