အခန်း (၂၃၆၁-၂၃၆၅)
Vol. 121 Ch. 2361-2365
Chapter 2361
လုယွီ၏စိတ်အတွင်း၌ ရင်းနှီးကျွမ်းဝင်သောမျက်နှာတစ်ခု ထွက်ပေါ်လာသည်။
သတ္တမအကြီးအကဲသည် လုယွီ စဥ်းစားတွေဝေနေသည်ကိုမြင်ချိန်တွင် ရှေ့ရှိမဟာဝင်္ကပါကြီးကိုကြောက်ရွံနေသောကြောင့်ဟု တွေးထင်မိသဖြင့် သူက သရော်တော်တော် ပြောဆိုလိုက်၏။
"တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင် အခုချိန်မှာ နောက်ပြန်ဆုတ်လို့ရတယ်...မင်း အထဲကိုဝင်သွားပြီးမှ အကူအညီတောင်းမယ်ဆိုရင် ငါတို့ယုဝမ်မိသားစုက မင်းကိုကယ်တင်ဖို့အတွက် အချိန်ပိုမရှိဘူး"
ယုဝမ်လင်ခုန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒီဝင်္ကပါထဲကို ငါတို့ယုဝမ်မိသားစုကလူတွေတောင် လက်လွတ်စပါယ်မဝင်ရဲဘူး...မင်း ဒီနေရာမှာပဲ ခဏလောက်စောင့်ကြည့်ဖို့ ငါ အကြံပေးချင်တယ်"
ထိုအချိန်မှာပင် သူတို့ရှေ့ရှိ ထူထပ်သိပ်သည်းသော မြူခိုးထုကြီး ပြင်းပြင်းထန်ထန် လှုပ်ရှားထကြွလာသည်။
မြူခိုးများအကြားမှနေ၍ လူရိပ်တစ်ရိပ်က အလျှင်အမြန်တိုးထွက်လာသည်။
ထိုလူသည် ရှယီပိုင်ပင်။
"အကြီးအကဲရှ....အထဲမှာ ထန်အာကိုတွေ့ခဲ့လား"
ယုဝမ်လင်ခုန်းက ပျာပျာသလဲ မေးမြန်းလိုက်၏။
ရှယီပိုင်သည် ဝင်္ကပါပညာရပ်တွင်ထူးချွန်သူဖြစ်သဖြင့် သူ့အား ဧည့်အကြီးအကဲအဖြစ် ယုဝမ်မိသားစုမှ ခေါ်ယူထားခြင်းဖြစ်သည်။
ယခုချိန်တွင် ထန်အာသည် မြူခိုးထုအတွင်းသို့ ဝင်သွားပြီးနောက် အချိန်အတော်ကြာသည်အထိ ပြန်ထွက်လာခြင်းမရှိသဖြင့် ရှယီပိုင်က အတွင်းသို့ဝင်ရောက်စုံစမ်းခဲ့သည်။
ရှယီပိုင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"ကျွန်တော် အထဲကိုရောက်တဲ့ချိန်မှာ ဝင်္ကပါရဲ့နေရာတိုင်းကို ခေါက်တုံခေါက်ပြန် သုံးခါတောင်ရှာခဲ့တယ်...ဒါပေမယ့် ကျွန်တော် ထန်အာကို မတွေ့ခဲ့ဘူး"
ယခုလက်ရှိနေရာတွင်ရှိနေသော ယုဝမ်မိသားစုဝင်အကြီးအကဲများက ရှယီပိုင်သည် ဝင်္ကပါအတွင်း၌ ခေါက်တုံခေါက်ပြန်လှည့်ပတ်သွားလာခဲ့သည်ဟူသော စကားကိုကြားချိန်တွင် သူတို့က လေးစားကြည်ညိုသောအကြည့်များဖြင့် ရှယီပိုင်ကို ကြည့်လိုက်ကြသည်။
တချို့အကြီးအကဲများသည် ကျင့်ကြံဆင့်မြင့်မားသော်လည်း ဤဝင်္ကပါအတွင်း၌ တစ်ခေါက်ပင် သွားလာဝံ့ခြင်းမရှိဘဲ အတွင်းသို့ရောက်သည်နှင့် တက်နိုင်သမျှမြန်မြန် ပြင်ပသို့ပြန်လည်ထွက်ခွါကြ၏။
မည်သူမျှမဝင်ရောက်ဝံ့သော ဝင်္ကပါအတွင်း၌ သွားလာလှုပ်ရှားဝံ့သည်ကို ကြည့်ခြင်းအားဖြင့် ရှယီပိုင်၏ဝင်္ကပါပညာရပ် နက်နဲသိမ်မွေ့ခြင်းကို တွေ့မြင်နိုင်သည်။
ယုဝမ်လင်ခုန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုမှတော့...ငါတို့က ဝင်္ကပါကိုထိန်းချုပ်ပြီးတော့ ထန်အာကို အပြင်ထုတ်ဖို့ နည်းလမ်းတစ်ခုပဲရှိတော့တယ်"
သူ့ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် ဤနည်းလမ်းကိုသာ အသုံးပြုရပေမည်။
အကယ်၍ ထန်အာကိုသာ ပြင်ပသို့ထုတ်လိုက်ပါက သူမသည် ဝင်္ကပါအတွင်းသို့ ထပ်မံ၍ဝင်ရောက်နိုင်တော့မည်မဟုတ်ချေ။
"ယုဝမ်မိသားစုခေါင်းဆောင်...ကျွန်တော်အထဲကိုဝင်ကြည့်လို့ရမလား"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းကလား...ယုဝမ်မိသားစုခေါင်းဆောင်...ဒီလိုအရိုင်းအစိုင်းမျိုးကို ဘာလို့အိမ်တော်မှာ ဆက်ပြီးလက်ခံထားတာလဲ....သူ့ကို မောင်းထုတ်သင့်တယ်"
လုယွီကိုမြင်တွေ့ချိန်တွင် ရှယီပိုင်က အလွန်စိတ်လှုပ်ရှားသွားသည်။
လွန်ခဲ့သောရက်အနည်းငယ်က သူတို့နှစ်ယောက် ပထမဆုံးဆုံတွေ့ချိန်တွင် ရှယီပိုင်သည် လုယွီကိုတိုက်ခိုက်ရန် ကြံစည်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ယခုချိန်တွင် သူ လုယွီကို ထပ်မံ၍မြင်တွေ့ရချိန်တွင် ရန်သူကြီးတစ်ယောက်ကိုတွေ့ရသည့်အလား မုန်းတီးမှုကြောင့် သူ၏မျက်လုံးများ နီမြန်းသွားလေ၏။
ယုဝမ်လင်ခုန်းသည် သူတို့နှစ်ယောက်ကြားမှ ရန်ငြိုးရန်စကို သိရှိထားသဖြင့် ပြောဆိုလိုက်သည်။
"လုယွီက ငါတို့ယုဝမ်အိမ်တော်ရဲ့ဧည့်သည်တစ်ယောက်ပဲ...အကြီးအကဲရှ ဘာမှထပ်မပြောနဲ့တော့"
ယုဝမ်မိသားစုခေါင်းဆောင်၏စကားကိုကြားချိန်တွင် ရှယီပိုင်သည် ထပ်မံ၍စောဒကမတက်ဝံ့တော့ချေ။
သူက လုယွီကိုစူးစိုက်ကြည့်ပြီး နာကျည်းမုန်းတီးမှုများပြည့်နှက်နေသော မျက်နှာအမူအယာနှင့် ပြောဆိုလိုက်၏။
"မင်း အထဲကိုဝင်သွားတာနဲ့...နောင်တရစေရမယ်"
လုယွီသည် ရှယီပိုင်၏ရန်စမှုကို ဂရုစိုက်ခြင်းမရှိချေ။
သူက ခြေတစ်လှမ်းရှေ့တက်ပြီး မြူခိုးထုကြီးအတွင်းသို့ ခြေချလိုက်သည်။
မကြာမီမှာပင် လုယွီ၏ပုံရိပ်ကို မြူခိုးထုကြီးက လွှမ်းခြုံသွားသည်။
လုယွီသည် ဝင်္ကပါအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသည်ကိုကြည့်ပြီး ရှယီပိုင်က လှောင်ပြောင်သရော်လိုက်၏။
"မင်းက တကယ့်ကို သေခြင်းနဲ့ရှင်ခြင်းကြား ကွာခြားချက်ကိုမသိတဲ့ကောင်ပဲ...ဒီဝင်္ကပါထဲကို အလွယ်တကူဝင်ရောက်နိုင်မယ်လို့ မင်း ထင်နေတာလား...မင်းမှာ ဝင်္ကပါပညာရပ်နဲ့ပတ်သတ်ပြီး လုံလောက်တဲ့အသိပညာမရှိရင် အထဲမှာချောင်ပိတ်မိပြီးတော့ မင်း သေသွားမှာပဲ"
မြူခိုးထုကြီးအတွင်း၌...
မြူခိုးများအတွင်းသို့ဝင်ရောက်ပြီးနောက် လုယွီသည် အတွင်းနှင့်ပြင်ပလောက ကြီးမားသောကွာခြားချက်ရှိနေခြင်းကို ခံစားမိသည်။
ဤနေရာအတွင်းတွင် အေးစိမ့်နေကာ လေထုအတွင်းရှိ ထူထပ်သိပ်သည်းသောမြူခိုးများသည် အတားအဆီးတစ်ခုအလား ကျင့်ကြံသူများ၏နတ်ဘုရားစိတ်အာရုံကို ပိတ်ဆို့ဟန့်တားထားသည်။
လုယွီ၏ရှေ့တွင် လေထန်သောတောင်ကြားလမ်းတစ်ခုသာရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် တခြားမည်သည့်အရာမျှမရှိချေ။
"ဒါဆိုရင် ဒါက ပုံရိပ်ယောင်နယ်မြေတစ်ခုပေါ့...ဘယ်လောက်တောင် အံ့အားသင့်ဖို့ကောင်းလိုက်လဲ...တစ်ယောက်ယောက်က တောင်ကြားလမ်းတလျှောက် သွားလို့ရတယ်...အဲ့ဒီနေရာမှာ ဘာအတားအဆီးမှရှိမှာမဟုတ်ပေမယ့် နောက်ဆုံးကျရင် အဲ့ဒီလူက ဝင်္ကပါကိုစက်ဝိုင်းပုံပတ်လျှောက်နေသလို ဖြစ်နေမှာပဲ"
လုယွီသည် အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်စွာ ခံစားပြီးနောက် ချက်ချင်းဆိုသလိုပင် သူ့ရှေ့ရှိဝင်္ကပါကြီးကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ထို့နောက် သူသည် တောင်ကြားလမ်းတလျှောက် ဆက်လက်၍လျှောက်လှမ်းခြင်းမပြုဘဲ နံဘေးဘက်ရှိ မြူခိုးများအကြားသို့ တိုးဝင်လိုက်၏။
Chapter 2362
သာမာန်မျက်စိဖြင့်ကြည့်ပါက ရှေ့တွင် ကျယ်ပြန့်သောမြူခိုးထုကြီးကသာ လွှမ်းခြုံနေသည်။
သို့ရာတွင် လုယွီ၏မျက်လုံးအတွင်း၌ ဝင်္ကပါကြီး၏နက်ရှိုင်းသောနေရာသို့ ဦးတည်နေသည့် ကွဲပြားခြားနားသော လမ်းကြောင်းများစွာ ရှိနေလေ၏။
လုယွီသည် လမ်းလျှောက်လိုက် ရပ်တန့်လိုက်ဖြင့် လမ်းကြောင်းများကို ရံဖန်ရံခါပြောင်းလဲ၍ လျှောက်လှမ်းနေသည်။နောက်ဆုံးတွင် သူ့ရှေ့ရှိအရာအားလုံး ကြည်လင်ပြတ်သားသွားကာ စိမ်းစိုနေသောတောင်နှင့်ချိုင့်ဝှမ်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ဤနေရာသည် အလွန်တိတ်ဆိတ်ငြိမ်သက်ပြီး သာယာဝပြောပေ၏။ချိုင့်ဝှမ်းအတွင်းသို့ သူ ခြေချလိုက်သည်နှင့် ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်များကို ခံစားမိသည်။
ချိုင့်ဝှမ်း၏မြေကွက်လပ်တွင် ကျောက်တုံးခန်းမဆောင်တစ်ခုရှိသည်။
ထိုကျောက်တုံးခန်းမဆောင်အတွင်း၌ အဖိုးအိုတစ်ယောက်ထိုင်နေကာ သူ့ရှေ့၌ စစ်တုရင်ခုံတစ်ခုရှိနေလေ၏။
ထိုစစ်တုရင်ခုံကို ကျောက်စားပွဲတစ်လုံးပေါ်၌ ရေးထွင်းထားသည်။ထိုကျောက်စားပွဲသည် နှစ်ကာလကြာမြင့်စွာ ဖြတ်သန်းခဲ့ရသော အမှတ်အသားများရှိနေပြီး အလွန်ရှေးကျသောပစ္စည်းတစ်ခုဖြစ်သည်မှာ သိသာထင်ရှားလှ၏။
စစ်တုရင်ခုံ၏တခြားတစ်ဖက်ခြမ်းတွင် ထန်အာထိုင်နေပြီး အဖိုးအိုနှင့် စစ်တုရင်ကစားနေသည်။
ထန်အာ၏အမူအယာကိုကြည့်ရသည်မှာ သူမသည် အလွန်အမင်း အာရုံစူးစိုက်ထားပုံရသည်။သူမ၏လှပချောမောသောမျက်နှာလေးသည် နီမြန်းနေပေ၏။
လုယွီက ခြေတစ်လှမ်းရှေ့တက်လိုက်ရာ စစ်တုရင်ကစားပွဲသည် အဆုံးသတ်ခါနီးအချိန်သို့ ရောက်ရှိနေခြင်းကို မြင်တွေ့လိုက်ရသည်။
ထန်အာ၏စစ်တုရင်ရုပ်အများစု အစားခံထားရသည်။သူမ ရှုံးနိမ့်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်တော့သည်။
လုယွီ ရောက်ရှိလာသည်ကိုမြင်ချိန်တွင် ထန်အာက အံ့အားသင့်သွားလေ၏။
"နင် ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ...မြန်မြန်ထွက်သွားတော့"
ထန်အာက စိုးရိမ်ပူပန်တကြီးပြောဆိုသည်။
ယခုချိန်တွင် သူမသည် ကစားပွဲ၏လွှမ်းမိုးမှုကို ခံနေရသဖြင့် လုယွီကို အာရုံစူးစိုက်နိုင်ခြင်းမရှိချေ။
အကယ်၍ ထန်အာသည် သူမရှေ့ရှိအဖိုးအို ခင်းကျင်းထားသောကစားကွက်ကို ချေဖျက်နိုင်ခြင်းမရှိပါက သူမသည် နဂါးဆူးတောင်ဓားကို ရရှိမည်မဟုတ်ချေ။
သို့ရာတွင် ထန်အာသည် ၇၉ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီးလေပြီ။
ထိုအဖိုးအိုကိုကြည့်ရသည်မှာ အလွန်စိတ်ရှည်ပုံရသည်။ထန်အာ ကစားပွဲကိုရှုံးနိမ့်သည့်အကြိမ်တိုင်း သူက ကစားပွဲကို အသစ်တဖန်ပြန်၍ စတင်ပေးသည်။
သို့ရာတွင် ထန်အာသည် အလွန်စိတ်လှုပ်ရှားနေလေ၏။အကြောင်းအရင်းမှာ သူမ စစ်တုရင်ကစားသည့်အကြိမ်တိုင်း သူမ၏စိတ်စွမ်းအား အမြောက်အများကို အသုံးပြုရန် လိုအပ်ခြင်းကြောင့်ပင်။
ထန်အာသည် အချိန်အနည်းငယ်ခန့် အနားယူခဲ့သော်လည်း ယခုချိန်တွင် သူမသည် မူးဝေမှုကို ခံစားနေရသည်။သူမ၏စစ်တုရင်ကစားပွဲ ရှုံးနိမ့်တော့မည်ကိုလည်း သူမက တွေ့မြင်နေရသည်။
ဒေါက်...
ထိုအချိန်မှာပင် အဖိုးအိုက ရုတ်တရက် စစ်တုရင်တစ်ရုပ်ကို နေရာချလိုက်၏။
ထိုစစ်တုရင်ရုပ်ကျရောက်လာသည်နှင့် ထန်အာ၏ကစားကွက်အခြေအနေ အပြည့်အဝပျက်စီးသွားကာ သူမ ရှုံးနိမ့်သွားလေပြီ။
"နောက်တစ်ပွဲ ထပ်ဆော့မယ်"
ထန်အာ၏မျက်လုံး နီမြန်းနေသည်။
ပိုင်မင်ဟန်၏တပည့်အဖြစ် သူမရွေးချယ်ခံရသည့် အကြောင်းအရင်းမှာ သူမ၏အသက် အလွန်ငယ်ရွယ်သေးသော်လည်း သာမာန်ထက်သာလွန်ထူးကဲသော အသိပညာဗဟုသုတရှိသည့် လူငယ်ပါရမီရှင်တစ်ယောက် ဖြစ်သောကြောင့်ပင်။
သူမကို ဥာဏ်ရည်အရ အနိုင်ယူနိုင်သည်မှာ လူနည်းစုသာရှိသည်။
သို့ရာတွင် အဖိုးအို၏ရှေ့တွင် ထန်အာသည် စိတ်ဓာတ်ကျဆင်းမှုကို ခံစားနေရ၏။
ထိုအချိန်မှာပင် လက်တစ်ဖက်က ထန်အာ၏ပခုံးပေါ်သို့ ကျရောက်လာသည်။လုယွီက ရှေ့သို့လျှောက်လှမ်းလာကာ တည်ငြိမ်စွာပြောဆိုလိုက်သည်။
"မင်း အရမ်းပင်ပန်းနေပြီ...ခဏလောက် အနားယူလိုက်အုံး"
"နင် ကူညီပေးဖို့ မလိုဘူး...ဘေးမှာရပ်ပြီး ငါ့ကိုစောင့်နေ"
ထန်အာက အနည်းငယ်စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
ထန်အာသည် ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။သူမရှေ့ရှိအဖိုးအိုနှင့် စစ်တုရင်ကစားရာ၌ သူမ ရှုံးနိမ့်ရမည့်ကိစ္စကို သူမ၏စိတ်နှလုံးသားအတွင်း၌ ဘယ်သောအခါမျှ ယုံကြည်လက်ခံနိုင်မည်မဟုတ်ပေ။
လုယွီက သူ၏ခေါင်းကိုခါယမ်းလိုက်၏။ထန်အာသည် သူမ၏အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေခြင်းကို သူ သိရှိထားပြီးလေပြီ။
လုယွီက သူမနှင့်စကားပြောဆို၍ အချိန်မဖြုန်းတော့ဘဲ ထန်အာကို မှော်မန္တန်တစ်ပုဒ်နှင့်တိုက်ခိုက်၍ အိပ်မောကျအောင် ပြုလုပ်လိုက်သည်။
ကျင့်ကြံသူတစ်ယောက်၏စိတ်စွမ်းအားသည် သေမျိုးများထက် များစွာပို၍အားကောင်းသော်လည်း သူမ၏စိတ်စွမ်းအားများကို အဆက်မပြတ်အလွန်အကျွံ အသုံးပြုနေခြင်းမှာ သူမ၏စိတ်ဝိညာဥ်ကိုအကြီးအကျယ် ထိခိုက်စေနိုင်သည်။
ထန်အာကို ကျောက်တုံးခန်းမဆောင်၏နံဘေးတွင် အသာအယာချထားလိုက်ကာ လုယွီက ဆံဖြူအဖိုးအိုကိုကြည့်လိုက်၏။
"ဒီကိုလာ...စစ်တုရင်ကစားကြရအောင်"
အဖိုးအို၏အသံသည် တည်ငြိမ်အေးဆေးနေပြီး မည်သည့်ရန်လိုစိတ်အရိပ်အယောင်မျှရှိမနေချေ။
လုယွီက အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပေ။သူသည် ဆံဖြူအဖိုးအိုရှေ့၌ထိုင်ကာ စစ်တုရင်တစ်ရုပ်ကို ကိုင်လိုက်၏။
လုယွီ မည်သည့်အရာကိုမျှ မေးမြန်းခြင်းမရှိသည်ကိုမြင်ချိန်တွင် ဆံဖြူအဖိုးအိုက အနည်းငယ်အံ့အားသင့်သွားသည်။
သို့ရာတွင် ထိုအံ့အားသင့်သောအမူအယာသည် အချိန်တခဏအကြာတွင် ပျောက်ကွယ်သွားပြီးနောက် သူ့ရှေ့ရှိ စစ်တုရင်ကစားပွဲ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရကာ စတင်၍ကစားတော့သည်။
မကြာမီမှာပင် အဖိုးအို၏မျက်နှာပေါ်၌ အလေးအနက်ထားသောအမူအယာမျိုး ထင်ဟပ်လာသည်။
သူတို့နှစ်ယောက်၏စစ်တုရင်ကစားမှုအရှိန်နှုန်းသည် အလွန်လျှင်မြန်ပေ၏။သူတို့၏စစ်တုရင်ရုပ်များကို နေရာချထားသည့်အချိန်တိုင်း အနည်းငယ်မျှပင် စဥ်းစားတွေးတောခြင်းမရှိချေ။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက် စစ်တုရင်ခုံမှနေ၍ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးလာသည်။
စစ်တုရင်ခုံ၏မျက်နှာပေါ်တွင် အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာပေ၏။
Chapter 2363
ဆံဖြူအဖိုးအိုသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ခံစားချက်ကင်းမဲ့သောအကြည့်ဖြင့် ပြောဆိုလိုက်သည်။
"ငါ ရှုံးသွားပြီ...မင်း အမွေအနှစ်ကို ဆက်ခံနိုင်တယ်"
သူသည် စိတ်ဝိညာဥ်မရှိသော ရုပ်သေးတစ်ရုပ်နှင့်တူညီသည်။တစ်စုံတစ်ယောက်မှ သူ့အား အနိုင်ယူနိုင်သည်နှင့် သူ ဆုချီးမြှင့်ရပေမည်။
ထိုသို့ပြောဆိုပြီးသည်နှင့် ဆံဖြူအဖိုးအို၏လက်ချောင်းထိပ်မှ အလင်းလုံးတစ်ခုထွက်ပေါ်လာကာ လုယွီ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားသည်။
ရုတ်တရက် တလိမ့်လိမ့်ထနေသောမှတ်ဥာဏ်များက လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
ဤသည်က အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါတစ်ခုပင်။အကယ်၍ ဤမှတ်ဥာဏ်များ ပြင်ပလောကသို့ရောက်ရှိသွားပါက မြင့်မြတ်နယ်မြေတစ်ခု၏လျှို့ဝှက်ချက်တစ်ခုဖြစ်ရန် လုံလောက်သည်။
သို့ရာတွင် လုယွီ၏မျက်နှာပေါ်၌ မည်သည့်ပျော်ရွှင်မှုအရိပ်အယောင်မျှရှိမနေချေ။ထိုအစား သူကထူးဆန်းသောအမူအယာဖြင့် ဆံဖြူအဖိုးအိုကို ကြည့်နေလေ၏။
"မင်းရဲ့ကျင့်ကြံမှုကို အာရုံစူးစိုက်...ဒီအမွေအနှစ်ကို အလဟဿမဖြစ်စေနဲ့"
ဆံဖြူအဖိုးအိုက တည်ငြိမ်စွာ ပြောဆိုသည်။
သူ၏စကားဆုံးသွားချိန်တွင် ဤနေရာပတ်ဝန်းကျင်တဝိုက်ကို မြူခိုးများကလွှမ်းခြုံစပြုလာသည်။
ဤသည်က လုယွီကို အနုနည်းဖြင့်မောင်းထုတ်ခြင်းပင်။
ဆံဖြူအဖိုးအို၏ပုံရိပ်သည် မြူခိုးများအကြား၌ တဖြည်းဖြည်းဝေဝါးစ ပြုလာပေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး လုယွီက ရုတ်တရက်ပြောဆိုလိုက်သည်။
"ကျွမ်းစစ်ဝေ...မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"
လုယွီ၏ကြည်လင်ပြတ်သားသောအသံသည် ချိုင့်ဝှမ်းတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
မူလက ဤနေရာကို လွှမ်းခြုံနေသောမြူခိုးများ ရုတ်တရက် ရပ်တန့်သွားပြီးနောက် လွင့်ပြယ်သွားတော့သည်။
ဆံဖြူအဖိုးအို၏ပုံရိပ် ပြန်လည်ထွက်ပေါ်လာကာ လုယွီကိုစူးစိုက်ကြည့်ပြီး မေးမြန်းလိုက်၏။
"မင်း ဘယ်သူလဲ"
လုယွီသည် ဆံဖြူအဖိုးအိုကိုကြည့်ပြီး ရှည်လျားသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"မင်း ကြယ်ကြွေတောင်စောင်းကနေ ထွက်သွားပြီးတော့ သေဆုံးသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းကို ဘယ်သူသတ်တာလဲ'
လုယွီ၏စကားကိုကြားချိန်တွင် ဆံဖြူအဖိုးအို၏တည်ငြိမ်အေးဆေးသော မျက်နှာပေါ်၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူက အံ့အားတသင့် ရေရွတ်လိုက်၏။
"မဖြစ်နိုင်ဘူး...မင်းက...."
"ငါက ကျိုးထျန်းယင်ရဲ့သတ်တာကို မခံခဲ့ရဘူး...ဆန့်ကျင်ဘက်အနေနဲ့ ငါက သူ့ရဲ့စိတ်ဝိညာဥ်ကို ဝါးမျိုခဲ့တယ်"
လုယွီက သူ၏ဓမ္မပုံရိပ်ယောင်ကို ထုတ်ဖော်ပြသလိုက်သည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လက်အတွင်း၌ မှော်လက်နက်များကိုကိုင်ဆောင်၍ လုယွီ၏နောက်၌ မတ်တတ်ရပ်နေသည်။ထိုပုံရိပ်ယောင်ကြီးတွင် တည်ကြည်လေးနက်ပြီးကြီးကျယ်ခမ်းနားသော အမူအယာမျိုး ထင်ဟပ်နေလေ၏။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို မြင်တွေ့ချိန်တွင် ဆံဖြူအဖိုးအိုက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"မြေအောက်လောကတာအိုသခင်...မင်း မသေဘူးလား"
လုယွီ၏ရှေ့ရှိဆံဖြူအဖိုးအိုသည် အတိတ်ဘဝတွင် သူနှင့်ရင်းနှီးကျွမ်းဝင်ခဲ့သော မိတ်ဆွေဖြစ်သည်။
ဆံဖြူအဖိုးအို၏နာမည်သည် ကျွမ်းစေဝေဖြစ်ပြီး ပိုင်မင်ဟူသည်မှာ သူ၏တာအိုနာမည်ပင်။
အတိတ်တွင် လုယွီ တာအိုသခင်မဖြစ်ခင်အချိန်တုန်းက ကျင့်ကြံသူတစ်စုနှင့်အတူ လျှို့ဝှက်နယ်မြေတစ်ခုသို့သွားရောက်၍ စူးစမ်းရှာဖွေခဲ့သည်။
မမျှော်လင့်ဘဲ ထိုလျှို့ဝှက်နယ်မြေအတွင်း၌ အန္တရာယ်များနှင့် ပြည့်နှက်နေသည်။အဆုံးသတ်၌ လုယွီနှင့်ကျွမ်းစစ်ဝေသာ အသက်ရှင်ရက် လွတ်မြောက်ခဲ့လေ၏။
နောက်ပိုင်းတွင် သူတို့နှစ်ယောက် နှုတ်ဆက်ကားပြောဆို၍ လမ်းခွဲခဲ့ကြသည်။လုယွီသည် မြေအောက်လောကနယ်မြေသို့ ရောက်ရှိသွားကာ နောက်ဆုံးတွင် တာအိုသခင်ဖြစ်လာခဲ့သည်။သူတို့နှစ်ယောက် ထပ်မံ၍ တွေ့ဆုံခဲ့ခြင်းမရှိတော့ချေ။
လုယွီသည် ပိုင်မင်ဘိုးဘေးဟူသောနာမည်ကိုကြားချိန်တွင် တာအိုနာမည်တူညီသူဟုသာ တွေးတောခဲ့မိသည်။အကြောင်းအရင်းမှာ လောကကြီးအတွင်း၌ တာအိုနာမည်တူညီသူ အမြောက်အများရှိနေခြင်းကြောင့်ပင်။
ဆံဖြူအဖိုးအိုကို တွေ့မြင်ပြီးနောက် လုယွီက ထိုလူသည် သူနှင့်ရင်းနှီးကျွမ်းဝင်ခဲ့ဘူးသော ကျွမ်းစစ်ဝေဖြစ်နေကြောင်း မှတ်မိသွားခဲ့သည်။
"နှုတ်ဆက်ပါတယ်"
ရုတ်ချည်းဆိုသလိုပင် ပိုင်မင်ဘိုးဘေး၏ခန္ဓာကိုယ် တုန်ရီစပြုလာပြီး သူက ချာခနဲလှည့်ထွက်ကာ ထွက်ပြေးရန်ဟန်ပြင်လိုက်၏။
လုယွီက သူ့ကို ဟန့်တားလိုက်သည်။
"မသွားနဲ့အုံး...ငါ မင်းကိုသတ်မလို့လာတာ မဟုတ်ဘူး"
"သေချာလား...ငါ့ရဲ့အမွေအနှစ်ဆိုတာ မင်းအတွက် ဘာမှအရေးမပါဘူးလေ...မင်းက အစွမ်းထက်တဲ့မြေအောက်လောကတာအိုသခင်...ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်တောင် မင်းရဲ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး...ဒီတစ်ကြိမ် မင်း ပြန်လာမှတော့ မင်းဆန္ဒရှိတဲ့အရာတိုင်းကို လုပ်နိုင်တယ်...ငါ မင်းကို ဘာမှရန်စစော်ကားထားတာမရှိဘူးလေ...မင်းလည်း ငါ့ကို လာမရှာနဲ့တော့"
ပိုင်မင်ဘိုးဘေးသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ဆက်လက်ပြောဆိုသည်။
"မင်း ဘာမှစိတ်မပူနဲ့...မင်းနဲ့ပတ်သတ်တဲ့ ဘာသတင်းကိုမှ မပေါက်ကြားစေရဘူးလို့ ငါ ကျိန်ဆိုတယ်"
ထိုစကားကိုကြားချိန်တွင် လုယွီက ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်မိသည်။
နှစ်ပေါင်းများစွာကြာမြင့်လာသည့်တိုင် ဤပိုင်မင်ဘိုးဘေး၏အကျင့်စရိုက်သည် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိချေ။
အတိတ်ကိုပြန်တွေးကြည့်ပါက လျှို့ဝှက်နယ်မြေအတွင်းတွင် လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားကို အသုံးပြု၍ လွတ်မြောက်လာစဥ်၌ ပိုင်မင်ဘိုးဘေးသည် ကြွက်တစ်ကောင်ကဲ့သို့ ထိတ်လန့်ကြောက်ရွံနေခဲ့သည်။လမ်းတလျှောက်လုံးတွင် သူသည် မည်သည့်ရတနာကိုမျှ ထိတွေ့ဝံ့ခြင်းမရှိသဖြင့် ပြင်ပသို့ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် ထွက်လာနိုင်ခြင်းဖြစ်သည်။
Chapter 2364
ယခုချိန်တွင် ပိုင်မင်ဘိုးဘေးသည် လုယွီ သူ့အားသတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် အလျှင်အမြန်ထွက်ပြေးရန် ဟန်ပြင်နေခြင်းပင်။
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"တကယ်လို့ ငါ မင်းကို သတ်ချင်တယ်ဆိုရင် မင်း လွတ်နိုင်မှာလား...ငါက ငါ့ကတိစကားကို စောင့်ထိန်းတယ်...ငါ မင်းကို မသတ်ဘူးလို့ပြောထားပြီးမှတော့ မင်းကို မသတ်ဘူး"
ပိုင်မင်ဘိုးဘေးသည် အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် ရပ်တန့်လိုက်ကာ ပြောဆိုသည်။
"မြေအောက်လောကတာအိုသခင် မင်းက လောကကြီးရဲ့အရှင်သခင်တစ်ယောက်...ပုံမှန်အတိုင်းဆို ငါ မင်းကို ယုံကြည်တယ်...ဒါပေမယ့် မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ...ငါနဲ့စစ်တုရင်လာကစားတာတော့ မဟုတ်ဘူးမလား"
လုယွီက ထန်အာကိုလက်ညှိုးညွှန်ပြကာ ပိုင်မင်ဟန်နှင့်ပတ်သတ်သော ကိစ္စရပ်များကို ရှင်းပြလိုက်၏။
ထိုစကားများကိုကြားပြီးနောက် ပိုင်မင်ဘိုးဘေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ငါ့ရဲ့မိသားစုက ဒီလောက်ထိနိမ့်ပါးသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါပေမယ့် ကောင်းတဲ့အရာတစ်ခုတော့ရှိသေးတယ်...ကံကောင်းတာက အနည်းဆုံးတော့ ငါ့ရဲ့မျိုးဆက်တစ်ယောက် အသက်ရှင်သန်နေတာပဲ"
လုယွီ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်ထူးဆန်းသကဲ့သို့ ခံစားမိသည်။
"မင်းက ဘယ်လိုဖြစ်ပြီး စိတ်ဝိညာဥ်အခြေအနေနဲ့ ရှိနေတာလဲ...မင်းကို ဘယ်သူက သတ်ခဲ့တာလဲ"
သူ၏ရှေ့ရှိ ပိုင်မင်ဘိုးဘေးသည် အသက်ရှင်သန်နေပုံရသော်လည်း သူ၏ခန္ဓာကိုယ်တွင် လေးနက်သောသေဆုံးခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သူ သေဆုံးခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း သိသာထင်ရှားလှ၏။
သို့ရာတွင် လုယွီ အနည်းငယ်အံ့အားသင့်နေသည်မှာ ပိုင်မင်ဘိုးဘေး၏ခွန်အားသည် ထိပ်တန်းအဆင့်ဟု မသတ်မှတ်နိုင်သည့်တိုင် မဆိုးလှသောအနေအထားတွင်ရှိသည်။ထို့ပြင် သူသည် အမြဲတစေ သတိကြီးစွာထားသူဖြစ်ရာ တခြားသူများသည် သူ့အား လွယ်လင့်တကူသတ်ဖြတ်နိုင်မည်မဟုတ်ချေ။
ပိုင်မင်ဘိုးဘေးက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
"အဲ့ဒီအကြောင်းကို ပြောရမယ်ဆိုရင် ငါက ကံဆိုးခဲ့တာပဲ...အဲ့ဒီနေ့က ငါ့ရဲ့စပ်စုချင်တဲ့စိတ်ကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ဒီလိုရူးကြောင်ကြောင်နေရာမျိုးကို ရောက်လာမှာလဲ"
အတိတ်တွင် ပိုင်မင်ဘိုးဘေး၏ဇာတိမြေသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေပေါ်တွင်တည်ရှိသည်။
ကျွမ်းစစ်ဝေ၏ကျွမ်းမိသားစုသည် မြောက်ပိုင်းဝါးမျိူခြင်းကုန်းမြေအတွင်း၌ မိသားစုကြီးတစ်ခုဖြစ်သည်။သူတို့၏မိသားစုအတွင်း၌ အစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများလေ၏။အမှန်အားဖြင့် ကျိုးမိသားစု၏အဓိကထောက်တိုင်မှာ ကျိုးစစ်ဝေပင်။
ကျိုးစစ်ဝေထံတွင် ရတနာထွက်ပေါ်မည့်နေရာကို ကြိုတင်ခန့်မှန်းနိုင်သော အလွန်အမင်းထူးခြားသည့် မွေးရာပါအရည်အချင်းရှိနေသည်။
ကောင်းကင်ဘုံအတွင်းမှရတနာဖြစ်စေ မြေအောက်မှရတနာဖြစ်စေ ကျိုးစစ်ဝေသည် အာရုံခံနိုင်လေ၏။သူသည် ထိုရတနာ၏နံဘေးပတ်ဝန်းကျင်တွင် အန္တရာယ်ရှိမရှိကိုပင် ဝိုးတဝါးခန့်မှန်းနိုင်စွမ်းရှိသည်။
ထိုအရည်အချင်းရှိခြင်းကြောင့် ကျိုးစစ်ဝေသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကြီးကျယ်ခမ်းနားစွာ နေထိုင်နိုင်ခဲ့သည်။
တစ်ရက်တွင် ကျိုးစစ်ဝေသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းရှိ ကျီးကန်းနက်တောင်ပေါ်၌ ရတနာတစ်ခု၏အရှိန်အဝါ ထွက်ပေါ်နေခြင်းကို အာရုံခံမိသည်။
သူသည် ချက်ချင်းဆိုသလိုပင် ထိုရတနာကိုသွားရောက်၍ ရှာဖွေခဲ့သည်။ကျီးကန်းနက်တောင်သည် အလွန်ကြီးမားကျယ်ပြန့်သော်လည်း ကျိုးစစ်ဝေ၏အာရုံခံမှုအောက်တွင် ရတနာ၏တည်နေရာကို ရှာဖွေတွေ့ရှိရန် အချိန်များစွာမလိုအပ်ခဲ့ချေ။
ရတနာ၏တည်နေရာကို တွေ့ရှိပြီးနောက် ကျိုးစစ်ဝေသည် ကျီးကန်းနက်တောင်အတွင်းသို့ဝင်ရောက်ကာ ထိုအရာကိုယူဆောင်သွားရန် ဟန်ပြင်လိုက်၏။
"ငါ တကယ်ကို နောင်တရမိတယ်...အဲ့ဒီနေ့က ငါ့ရဲ့လောဘကြီးမှုကြောင့်နဲ့ မဆင်မခြင်မလုပ်ခဲ့ဘူးဆိုရင် ငါ သေရမှာမဟုတ်ဘူး"
ပိုင်မင်ဘိုးဘေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
လုယွီက အနည်းငယ်ထူးဆန်းသကဲ့သို့ ခံစားမိသည်။
"မင်းဆီမှာ ကံဆိုးမှုကိုတောင် ကံကောင်းမှုအဖြစ် ပြောင်းလဲနိုင်တဲ့ ကံကြမ္မာမျိုးရှိတာ ငါမှတ်မိတယ်...တကယ်လို့ အဲ့ဒီနေရာမှာ အန္တရာယ်ရှိနေတယ်ဆိုရင်တောင် မင်း သေမှာမဟုတ်ဘူး"
ကံကြမ္မာဆိုးများကို ကံကြမ္မာကောင်းများအဖြစ် ပြောင်းလဲနိုင်သည်မှာ မွေးရာပါပါရမီအရည်အချင်းတစ်ခုပင်။
တချို့လူများသည် ငတုံးငအအဖြစ်မွေးဖွားလာကာ တချို့လူများသည် ဥာဏ်ကောင်းသူအဖြစ်မွေးဖွားလာကြပြီး တချို့လူများသည်မူ မွေးဖွားလာစဥ်ကတည်းက ဘဝတလျှောက်လုံး အဆင်ပြေချောမွေ့စွာ ရွက်လွှင့်နိုင်ခဲ့သည်။ဤသည်က သူတို့အားလုံး၏မွေးရာပါကံကြမ္မာပင်။
ပိုင်မင်ဘိုးဘေးသည် အတိတ်ဘဝတွင် လောကကြီးတစ်ခုလုံး၏ကယ်တင်ရှင် သို့မဟုတ် သုံးဘဝတိုင်တိုင် လူအများကို ကြင်နာသနားစွာဆက်ဆံခဲ့သူဖြစ်ပေမည်။ထို့ကြောင့်သာ သူ့ထံတွင် ဤကဲ့သို့ကံကြမ္မာကောင်းမျိုးရှိနေခြင်းပင်။
အန္တရာယ်နယ်မြေအတွင်းသို့ဝင်ရောက်ပြီးနောက် ပိုင်မင်ဘိုးဘေးသည် သူ၏ ထိုကံကြမ္မာကောင်းကိုအမှီပြု၍ သူ၏အသက်ကိုသေစေနိုင်သော အန္တရာယ်ပေါင်းများစွာကို ရှောင်ရှားနိုင်ခဲ့သည်။
ပိုင်မင်ဘိုးဘေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"အဲ့ဒီနေရာက နှိုင်းယှဥ်ပြစရာတောင်မရှိတဲ့ အန္တရာယ်နယ်မြေတစ်ခုပဲ...တကယ်လို့ ရှေးဟောင်းနတ်ဘုရားတွေတောင် အဲ့ဒီနယ်မြေထဲကိုဝင်သွားရင် သေသွားလိမ့်မယ်လို့ ငါ ထင်တယ်"
"အဲ့ဒီနေရာမှာ အမှောင်ထုကြီးနဲ့ ပြည့်နှက်နေတယ်...တကယ်လို့ အလင်းရောင်နည်းနည်း ထွန်းညှိလိုက်မယ်ဆိုရင်တောင် အဲ့ဒီအမှောင်ထုကြီးက နည်းနည်းလေးတောင် ပျက်ပြယ်မသွားဘူး...အဲ့ဒီနယ်မြေထဲမှာရှိတဲ့ သက်ရှိတွေမှာလည်း နာကျည်းမုန်းတီးမှုနဲ့ရန်ငြိုးတွေပဲ ကြီးစိုးနေတယ်...သူတို့က သတ်ဖြတ်ဖို့တစ်ခုတည်းကိုပဲသိတဲ့ နတ်ဆိုးတွေပဲ...အဲ့ဒီသက်ရှိတွေသာ လွတ်ထွက်လာမယ်ဆိုရင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ဖရိုဖရဲဖြစ်သွားနိုင်တယ်"
"ပြီးတော့ ကျီးကန်းနက်တောင်ရဲ့အောက်မှာ ပြင်ပလောကနဲ့ပိုင်းခြားထားတဲ့ တားမြစ်စည်းတစ်ခုရှိတယ်...အဲ့ဒီအချိန်တုန်းက ငါက မတော်တဆ အဲ့ဒီစည်းထဲကို ကျူးကျော်ဝင်ရောက်ခဲ့မိတယ်...အသက်ရှုချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ငါ သေသွားခဲ့တာပဲ...ကံကောင်းထောက်မပြီးတော့ ငါ့ဆီမှာ ဧကရာဇ်အဆင့်မှော်လက်နက်ရှိနေတာကြောင့် ငါ့ရဲ့စိတ်ဝိညာဥ်ကိုကာကွယ်ပြီး အပြင်ကိုထွက်လာနိုင်ခဲ့တယ်"
Chapter 2365
"ငါက ငါ့ရဲ့ရုပ်ခန္ဓာကိုယ်ကိုယူဆောင်နိုင်ရင် ပြန်လည်မွေးဖွားနိုင်လိမ့်မယ်...ဒါပေမယ့် ငါ အဲ့ဒီရုပ်ခန္ဓာကိုယ်ကို ပြန်သွားယူမယ်ဆိုရင် ချက်ချင်းသေသွားလိမ့်မယ်...ဒါ့ကြောင့် ငါ့ရဲ့စိတ်ဝိညာဥ်ကို နဂါးဆူးတောင်ဓားမှာ တွယ်ကပ်စေပြီးတော့ ငါ့ရဲ့နောက်ဆုံးအသက်ကို ဆွဲဆန့်ခဲ့တာပဲ"
"အပြင်လောကမှာ ငါ့ကိုသတ်ချင်နေတဲ့သူတွေ အများကြီးရှိတယ်...အဲ့ဒီအကြောင်းကြောင့် ငါက ယုဝမ်မိသားစုကို သွားရှာပြီးတော့ နဂါးဆူးတောင်ဓားကို ငှါးယမ်းပေးမယ်လို့ ပြောခဲ့တယ်...ငါကတော့ ခရီးအဝေးကြီးသွားမယ်လို့ အကြောင်းပြခဲ့တယ်...ငါ့ရဲ့ရည်ရွယ်ချက်က တခြားသူတွေ ထိတ်လန့်ကြောက်ရွံနေပြီး ငါ့ရဲ့မိသားစုကို အခက်တွေ့အောင်မလုပ်ဖို့ပဲ...ပြီးတော့ ငါ့ရဲ့မျိုးရိုးနာမည်ကျိုးကို ငါ့ရဲ့တာအိုနာမည်ဖြစ်တဲ့ ပိုင်မင်နဲ့ ပြောင်းလဲခဲ့တယ်...ပြီးတော့ သူတို့ကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့နံဘေးက ဝေးလံခေါင်သီတဲ့နေရာတစ်ခုမှာ ပုန်းအောင်းပြီးနေစေခဲ့တယ်"
"ဒီနှစ်တွေအတွင်းမှာ ငါ့ရဲ့မိသားစု ပျက်စီးသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ပိုင်မင်ဘိုးဘေး၏မျက်နှာပေါ်၌ ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ကံကြမ္မာဆိုးထဲကနေ ကံကောင်းမှုဆိုတာ ရှိလာတက်ပါတယ်...ကံကောင်းတာတစ်ခုက မင်း အသက်ရှင်နေပြီးတော့ မင်းရဲ့မျိုးဆက်လည်း ကျန်နေတုန်းပဲလေ"
လုယွီသည် ကျင့်ကြံသူအမြောက်အများကို တွေ့မြင်ခဲ့ဖူးသည်။သူတို့၏ပေါ့ဆမှုကြောင့် သေဆုံးသွားရသည်ဖြစ်စေ အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဖြစ်စေ သူတို့၏ရန်သူများ၏သတ်ဖြတ်ခြင်းကိုခံရသညိ့အပြင် သူတို့၏မိသားစုဝင်များပါ အမြစ်ပြတ်သုတ်သင်ခြင်းခံရပေမည်။
အမှန်အားဖြင့် မြောက်ပင်လယ်ဘိုးဘေးတွင် ကံကြမ္မာကောင်းရှိနေ၍သာ ဤမျှထိအခြေအနေကောင်းနေခြင်းဖြစ်သည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"မင်း ပြောတဲ့အန္တရာယ်နယ်မြေက ဘယ်နေရာမှာလဲ...ငါ တစ်ချက်သွားကြည့်လိုက်မယ်"
ပိုင်မင်ဘိုးဘေးက ပျာပျာသလဲပြောဆိုသည်။
"မင်း သွားကြည့်လို့ရတယ်...ဒါပေမယ့် မင်း အဲ့ဒီနယ်မြေထဲကို ခြေမချနဲ့...မင်းရဲ့ခွန်အားက သာမာန်ထက်သာလွန်ထူးကဲပေမယ့် အဲ့ဒီသက်ရှိသတ္တဝါတွေရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
"မင်း စိတ်မပူပါနဲ့...ငါ့ရဲ့အကန့်အသတ်ကို ငါ သိတယ်"
လုယွီက လေသံပြတ်ပြတ်ဖြင့် ပြောဆိုလိုက်သည်။
မကြာမီမှာပင် ပိုင်မင်ဘိုးဘေး၏လမ်းညွှန်မှုအောက်တွင် လုယွီသည် ချောက်နက်ကြီး၏နက်ရှိုင်းသောနေရာသို့ လျှောက်လှမ်းလာခဲ့သည်။
ဝေ့ရှစ်မြို့ကို တောင်တစ်လုံးပေါ်တွင်တည်ထောင်ထားခြင်းဖြစ်သည်။ပတ်ဝန်းကျင်ရှိ ကျီးကန်းနက်တောင်သည် ဝေ့ရှစ်မြို့အတွင်းသို့ လေအေးများမဝင်ရောက်စေရန် ဟန့်တားထားသော သဘာဝအတားအဆီးတစ်ခုဖြစ်နေပေ၏။
နဂါးဆူးတောင်ဓား၏နံဘေးပတ်လည်ရှိ ထူထပ်သိပ်သည်းသောမြူခိုးများကြောင့် ယုဝမ်မိသားစုဝင်များသည် သာမာန်အားဖြင့် ဤနေရာသို့လာရောက်ကြခြင်းမရှိချေ။
ထို့ကြောင့် နဂါးဆူးတောင်ဓား၏အောက်တွင် တခြားကမ္ဘာလောကတစ်ခု ရှိနေသည်ကို မည်သူကမျှ မသိရှိကြပေ။
ဤနေရာရှိ နက်ရှိုင်းသောမြေအောက်၌ အပျက်အစီးနယ်မြေတစ်ခု ပုန်းအောင်းနေသည်။
ကြည့်ရသည်မှာ ယခင်က ဤနေရာတွင် မြို့ခံတပ်ကြီးတစ်ခုရှိခဲ့ပုံရသည်။သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့်အမျှ မြို့တစ်မြို့လုံး မြေအောက်သို့နစ်မြုပ်သွားကာ မည်သည့်နေရောင်ကိုမျှ မမြင်တွေ့ရတော့ချေ။
"ငါ ဒီနေရာကို ပထမဆုံးရောက်တဲ့အချိန်တုန်းက တော်တော်လေး ထိတ်လန့်တုန်လှုပ်သွားတယ်...ဒီမြို့က ရှေးဟောင်းအလယ်ခေတ်တုန်းက မြို့တစ်မြို့ပဲ...ဒီနေရာမှာရှိတဲ့ ရုပ်ကြွင်းအများစုက ကျင့်ကြံသူတွေ...ပြီးတော့ သူတို့ရဲ့ရုပ်ခန္ဓာကိုယ်တွေက အရမ်းအားကောင်းတယ်...အချိန်တွေအများကြီး ကုန်လွန်လာခဲ့တာတောင် သူတို့ရဲ့ရုပ်ခန္ဓာကိုယ်တွေက အင်မော်တယ်အဆင့်မှာရှိနေတုန်းပဲ"
"ငါ ဒီမြို့ထဲမှာ ရတနာပစ္စည်းကောင်းတွေကိုလည်း ရှာတွေ့ခဲ့တယ်...ဒါပေမယ့် အဲ့ဒီရတနာတွေအားလုံးမှာ နတ်ဆိုးအငွေ့အသက်တွေငြိတွယ်နေတယ်...ဒါကြောင့် အဲ့ဒီရတနာတွေကိုမထိတာ ပိုကောင်းလိမ့်မယ်"
ပိုင်မင်ဘိုးဘေးက တီးတိုးရေရွတ်လိုက်၏။
လုယွီက ပတ်ဝန်းကျင်ရှိအပျက်အစီးနယ်မြေကို စူးစမ်းလေ့လာလိုက်သည်။သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ပြီးနောက် သူ့ရှေ့ရှိအရာရာတိုင်း သူ၏အမြင်အာရုံအတွင်း၌ ထွက်ပေါ်လာသည်။
"အရပ်လေးမျက်နှာသတ်ဖြတ်ခြင်းဝင်္ကပါ...ဒါက ဝင်္ကပါတစ်ခုပဲ"
လုယွီက ပြောဆိုသည်။
"အဲ့ဒါက ဘယ်လိုဝင်္ကပါမျိုးလဲ...ဘာလို့ ငါ ဒါကို အရင်က မကြားဖူးတာလဲ"
ပိုင်မင်ဘိုးဘေးက အလွန်အံ့အားသင့်သွားသည်။
သူသည် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်သည့်အပြင် သူ၏ဝင်္ကပါပညာရပ်အရည်အချင်းမှာ ထူးချွန်သည်ဟု ဆိုနိုင်ပေ၏။
သို့ရာတွင် သူ ဤနေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည့်တိုင် ဝင်္ကပါ၏အရိပ်အယောင်ကိုပင် သတိပြုမိခဲ့ခြင်းမရှိချေ။
"ဒီဝင်္ကပါ ပျောက်ကွယ်နေတာ အချိန်အတော်ကြာနေပြီ...မင်း သိမှာမဟုတ်ဘူး"
လုယွီက မြို့၏ဖွဲ့စည်းတည်ဆောက်ပုံကို လက်ညှိုးညွှန်ပြကာ ပြောဆိုလိုက်၏။
"မြို့ရဲ့အဆောက်အအုံတိုင်းကို အထူးသီးသန့်နေရာချထားတာ...ဒါက ပြန့်ကျဲနေတယ်လို့ထင်ရပေမယ့် အဆုံးသတ်မှာ နယ်မြေလေးခုအဖြစ် ဖွဲ့စည်းထားတယ်...အဲ့ဒါတွေက ဒီနေရာကိုထိန်းချုပ်ဖို့ထိုးစိုက်ထားတဲ့ ထက်ရှတဲ့ဓားလေးချောင်းပဲ..ဒီမြို့ထဲမှာအရင်က နေထိုင်ခဲ့တဲ့လူအားလုံးက ဒီနေရာကိုဖိနှိပ်ထားဖို့အတွက်ရှိနေတာလို့ ငါ ထင်တယ်"
စကားဆုံးသည်နှင့် လုယွီက နယ်မြေလေးခု ထိစပ်နေသောနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
ထိုနေရာသည် ဘုရားကျောင်းတစ်ခုပင်။ပြိုလဲနေသော ဘုရားကျောင်းအဆောင်အအုံအတွင်း၌ ပြင်းထန်စွာ ထိခိုက်ပျက်စီးထားသော ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူရှိနေသည်။
လုယွီက ထိုဘုရားကျောင်းအတွင်းသို့ ဝင်မည့်အချိန်တွင် ပိုင်မင်ဘိုးဘေးက သူ့ကို နောက်သို့ပြန်ဆွဲခေါ်လိုက်၏။
"မင်းက ဒီနေရာရဲ့အကြောင်းကို အကြည့်တစ်ချက်နဲ့မြင်နိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...အဲ့ဒါကို ထားလိုက်တော့...ငါ အဲ့ဒီအထဲကို ဝင်ခဲ့တဲ့အချိန်မှာ ငါ သေလုမျောပါးခံစားခဲ့ရတယ်"
Thank For Reading.