အခန်း (၂၃၆၆-၂၃၇၀)
Vol. 122 Ch. 2366-2370
Chapter 2366
ပိုင်မင်ဘိုးဘေးသည် ထိုဘုရားကျောင်းပျက်အတွင်း၌ ရက်စက်ကြမ်းကြုတ်သော မှော်သားရဲကြီးတစ်ကောင်ရှိနေသည့်အလား ထိတ်လန့်တုန်လှုပ်စွာ စူးစိုက်ကြည့်နေလေ၏။
မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိဘဲ လုယွီသည် ဘုရားကျောင်းပျက်၏အထက်ရှိ လေဟာနယ်ကို မှော်မန္တန်တစ်ပုဒ်ဖြင့် ရိုက်ခတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ဘုရားကျောင်းပျက်အထက်ရှိ လေဟာနယ်တွင် ပြင်းထန်သောလှိုင်းဂယက်များထသွားပြီး ပုံပျက်သွားပုံရသည်။
လုယွီ၏မှော်မန္တန်သည် ဘုရားကျောင်းပျက်ပေါ်သို့ ကျရောက်သွားခြင်းမရှိဘဲ လေဟာနယ်၏ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ပိုင်မင်ဘိုးဘေးက သူ၏လက်နှစ်ဖက်ကိုဖြန့်ကား၍ ပြောဆိုသည်။
"ကြည့်လိုက်...ငါ မင်းကိုမလိမ်ဘူး...ဟုတ်တယ်မလား...မင်း ကြည့်ရုံပဲကြည့်သင့်တယ်...အဲ့ဒီအထဲကိုဝင်မသွားဖို့ ငါ မင်းကို အကြံပေးချင်တယ်...အခု ငါတို့ ပြန်ကြရအောင်...ဒီနေရာမှာ ကြာကြာဆက်နေမယ်ဆိုရင် မင်းရဲ့စိတ်ကို နတ်ဆိုးအငွေ့အသက်တွေက လွှမ်းမိုးသွားလိမ့်မယ်"
"ကျီးကန်းနက်တောင်ရဲ့မူလတောင်နတ်ဘုရားက ဒီနေရာနဲ့ အချိန်အကြာကြီးအနီးကပ်နေခဲ့တာကြောင့် စိတ်ကယောင်ချောက်ချားဖြစ်သွားခဲ့တယ်....သူ့ရဲ့စိတ်နှလုံးသားထဲက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေ မြင့်တက်လာတယ်....သူက ကျီးကန်းနက်တောင် ပတ်ဝန်းကျင်မှာနေထိုင်တဲ့ လူတွေအများကြီးကို သတ်ဖြတ်ခဲ့ပြီးတော့ နတ်ဆိုးနတ်ဘုရားဖြစ်လာတယ်"
"နောက်ပိုင်းမှာ အဲ့ဒီနတ်ဆိုးနတ်ဘုရားက ငါ့ကိုရင်ဆိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ငါက နဂါးဆူးတောင်ဓားကို အသုံးပြုပြီးတော့ သူ့ကိုဖိနှိပ်ခဲ့တယ်...ကံဆိုးချင်တော့ ငါ့မှာရုပ်ခန္ဓာကိုယ်မရှိတော့တာကြောင့် ငါ့ရဲ့အထွတ်အထိပ်ခွန်အားကို အပြည့်အဝထုတ်မသုံးနိုင်ခဲ့ဘူး...မဟုတ်ရင် အဲ့ဒီနတ်ဆိုးနတ်ဘုရား အခုချိန်ထိ အသက်ရှင်နေမှာမဟုတ်ဘူး"
ထိုအချိန်ကျမှသာ လုယွီသည် နတ်ဆိုးနတ်ဘုရား၏မူရင်းဇစ်မြစ်ကို သိနားလည်သွားခဲ့သည်။ဤသည်က အံ့အားသင့်စရာမရှိချေ။အကယ်၍ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေတွင် ယခင်ကတည်းကသာ နတ်ဆိုးနတ်ဘုရား အမှန်တကယ်ရှိနေပါက တော်ဝင်နန်းတွင်းမှ စစ်တပ်များစေလွှတ်၍ သုတ်သင်ရှင်းလင်းပြီးဖြစ်ပေမည်။
"ဒီနေရာက နည်းနည်းတော့ထူးဆန်းနေတယ်"
ခရမ်းရောင်အလင်းတန်းများက လုယွီ၏မျက်လုံးအတွင်း၌ တဖြည်းဖြည်းပျံ့နှံ့သွားသည်။
ချီစောင့်ကြည့်ခြင်းနည်းစနစ်...
ထိုနည်းစနစ်ကိုအသုံးပြုပြီး စူးစမ်းလေ့လာလိုက်ချိန်တွင် သူ့ရှေ့ရှိမြင်ကွင်းများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
မူလက တိတ်ဆိတ်ငြိမ်သက်နေသော ဘုရားကျောင်းသည် ရုတ်တရက် ကျင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုကျင်းနက်ကြီး၏အောက်တွင် အကန့်အသတ်မရှိသောအမှောင်ထုကြီးရှိနေလေ၏။
ထိုကျင်းနက်ကြီးကို အဝါရောင်ပိုးထည်စတစ်ခုဖြင့် လွှမ်းခြုံထားသည်။ထိုအဝါရောင်ပိုးထည်စပေါ်တွင် ဗုဒ္ဓမှော်မန္တန်များကို ထူထပ်သိပ်သည်းစွာရေးထိုးထားပေ၏။မူလကရွှေရောင်မန္တန်စာလုံးများသည် ပိန်းပိတ်သည်အထိမှောင်မည်းသော အနက်ရောင်သို့ ပြောင်းလဲနေသည်။
ထိုပိုးထည်စ၏အောက်၌ သရဲတစ္ဆေများကဲ့သို့ အနက်ရောင်အရိပ်များက ရှေ့နောက်မျောလွင့်နေသည်။
ထိုအနက်ရောင်အရိပ်များ၌ မျက်နှာသွင်ပြင်ဟူ၍မရှိချေ။သူတို့၏လက်များသည် ရှည်လျားပြီးသေးသွယ်ကာ သူတို့၏အရပ်သည် လူသားများထက် ပို၍မြင့်မားသည်။
သူတို့သည် အိမ်မက်ဆိုးများအလား အမှောင်ထုအတွင်း၌ ရှေ့နောက်မျောလွင့်နေကြ၏။
"ရှေးဟောင်းနတ်ဆိုးတွေလား"
သူ၏ရှေ့ရှိ သက်ရှိသတ္တဝါများကိုမြင်ချိန်တွင် လုယွီက တုန်လှုပ်ချောက်ချားသွားသည်။
သူသည် ထိုသက်ရှိသတ္တဝါများကို ကောင်းစွာသိရှိပေ၏။
လုယွီ အောက်ဘုံ၌ရှိနေစဥ်အချိန်တွင် နတ်ဆိုးဘိုးဘေးနှစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရသည်။ထိုရှေးဟောင်းနတ်ဆိုးများသည် တခြားသူများ၏အသွင်သို့ ပြောင်းလဲနိုင်သည်။ထို့ပြင် သူတို့၏လှုပ်ရှားမှုသည် အလွန်အမင်း ဖျတ်လတ်တက်ကြွကာ သူတို့၏ခွန်အားသည်လည်း အလွန်အားကောင်းလှ၏။
ပိုင်မင်ဘိုးဘေးသည် ဤဘုရားကျောင်းအတွင်းရှိအရာများကို ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိချေ။သူသည် ဘုရားကျောင်းအတွင်းသို့ ခြေချလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိရှေးဟောင်းနတ်ဆိုးများ၏သတ်ဖြတ်ခြင်းကိုခံရကာ သူ၏ရုပ်ခန္ဓာကိုယ် ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
အတိတ်တွင် ကောင်းကင်ဘုံနယ်မြေသည် ထိုရှေးဟောင်းနတ်ဆိုးများကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရသည်။သို့ရာတွင် အစွမ်းထက်ကျင့်ကြံသူများ အတူတကွပူးပေါင်း၍ တိုက်ခိုက်ခဲ့မှုကြောင့် ထိုရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံနယ်မြေအတွင်းမှ ပျောက်ကွယ်သွားလေ၏။
ဤနေရာတွင် အလွန်များပြားသော ရှေးဟောင်းနတ်ဆိုးများ ပုန်းအောင်းနေမည်ဟု လုယွီက မျှော်လင့်မထားမိချေ။
"ဒီနေရာက ရှေးဟောင်းနတ်ဆိုးတွေ ကျူးကျော်ဝင်ရောက်လာတဲ့ ဝင်ပေါက်ပဲဖြစ်မယ်"
လုယွီက သူ့ရှေ့ရှိကျင်းနက်ကြီးကိုကြည့်ပြီးနောက် အကြံအစည်တစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
လုယွီ ရှေ့သို့လျှောက်လှမ်းသွားရန် ဟန်ပြင်နေသည်ကိုကြည့်ပြီး ပိုင်မင်ဘိုးဘေးက ပျာပျာသလဲပြောဆိုသည်။
"မင်း ရူးနေတာလား...အဲ့ဒီနေရာကို မသွားနဲ့လေ"
သူသည် ယခင်က ဤဘုရားကျောင်းပျက်အတွင်းသို့ ဝင်ဖူးသဖြင့် အတွင်း၌ မည်မျှထိထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်ကို သိရှိထားပေ၏။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်...တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင် အပြင်မှာပဲ ငါ့ကိုစောင့်နေတော့"
ယခုချိန်တွင် သူသည် ရှေးဟောင်းနတ်ဆိုးများကို မြင်တွေ့ပြီးဖြစ်သဖြင့် လျစ်လျှူရှုနိုင်ခြင်းမရှိချေ။
ထိုသို့ပြောဆိုပြီးသည်နှင့် လုယွီက ဘုရားကျောင်း၏တံခါးမကြီးကိုကျော်ဖြတ်၍ အတွင်းသို့ တရကြမ်းတိုးဝင်သွားသည်။
လုယွီ၏ရက်စက်ကြမ်းတမ်းမှုကိုကြည့်ပြီး ပိုင်မင်ဘိုးဘေး၏မျက်လုံးများ ပြူးကျယ်သွားလေ၏။
"မြေအောက်လောကတာအိုသခင်က ရူးသွပ်နေတဲ့သူတစ်ယောက်လို့ လူတိုင်းပြောနေကြတာ အံ့အားသင့်စရာမရှိတော့ဘူး...သူက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို မကြောက်မလန့်စိန်ခေါ်ဝံ့ကတည်းက ငါ သိသင့်တယ်"
ပိုင်မင်ဘိုးဘေးသည် ဘုရားကျောင်းပျက်၏တံခါးမကြီးကိုကြည့်ပြီး အသက်ရှုမွန်းကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။သူသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် အတွင်းသို့မဝင်ရောက်ဝံ့ချေ။
Chapter 2367
ဘုရားကျောင်းအတွင်းသို့ ဝင်လိုက်သည်နှင့် လုယွီရှေ့ကမြင်ကွင်း ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားသည်။
မြောက်မြားစွာသောရှေးဟောင်းနတ်ဆိုးများသည် သက်ရှိတစ်ယောက်၏အငွေ့အသက်ကို အာရုံခံမိပုံဖြင့် လုယွီထံသို့ တဟုန်ထိုးတိုးဝင်လာကြ၏။
"ကောင်းကင်ဘုံဧကရာဇ်ရဲ့အစစ်အမှန်မီးတောက်"
လုယွီ၏လက်ဝါးအတွင်းမှ တောက်လောင်နေသော ရွှေရောင်မီးတောက်များ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ ရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံဧကရာဇ်၏ အစစ်အမှန်မီးတောက်နှင့် ထိတွေ့မိချိန်တွင် သူတို့၏ခန္ဓာကိုယ်များအရည်ပျော်ကျသွားပြီး ထူးဆန်းသောစူးရှရှအော်သံများ ထွက်ပေါ်လာပေ၏။
"နဂါးဖမ်းလက်"
လုယွီသည် သူ့ရှေ့ရှိ ရှေးဟောင်းနတ်ဆိုးများ၏ဖွဲ့စည်းပုံ ဖရိုဖရဲဖြစ်နေသည်ကိုကြည့်ပြီး ချက်ချင်းဆိုသလိုပင် ရှေးဟောင်းနတ်ဆိုးတစ်ကောင်ကို ဖမ်းဆီးလိုက်သည်။
လုယွီ၏ထိန်းချုပ်မှုကိုခံရသော ရှေးဟောင်းနတ်ဆိုးသည် လွတ်မြောက်နိုင်ရန်အတွက် အင်အားကုန်ရုန်းကန်တော့သည်။
ရှေးဟောင်းနတ်ဆိုးကို မည်သည့်အခွင့်အရေးမျှမပေးဘဲ လုယွီသည် စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်၏။
ဖရိုဖရဲမှတ်ဥာဏ်များက လုယွီ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။ထိုရှေးဟောင်းနတ်ဆိုး၏မှတ်ဥာဏ်များမှတဆင့် ဤကျင်းနက်ကြီးအတွင်းတွင် ရှေးဟောင်းနတ်ဆိုးများ သန်းရာနှင့်ချီ၍ ပုန်းအောင်းနေကြောင်း သိရှိလိုက်ရသည်။
သို့ရာတွင် ဤသည်က ရှေ့ပြေးတပ်စုအဆင့်သာ ရှိသေးသည်။
ဤရှေးဟောင်းနတ်ဆိုးအုပ်စု၏နောက်တွင် ပို၍များပြားသော ရှေးဟောင်းနတ်ဆိုးများရှိနေလေ၏။ထိုရှေးဟောင်းနတ်ဆိုးများသည် အရေအတွက်အားဖြင့် သန်းထောင် သောင်းချီနေလေရာ ရှေးဟောင်းနတ်ဆိုးလောကကြီးတစ်ခုလုံးဟု ဆိုနိုင်သည်။
ဖူး...
ရှေးဟောင်းနတ်ဆိုး၏ဦးနှောက်သည် လုယွီ၏စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ပြင်းအားကို တောင့်ခံနိုင်ခြင်းမရှိချေ။သူက ချက်ချင်းဆိုသလိုပင် ပြိုလဲကျသွားသည်။
ထိုရှေးဟောင်းနတ်ဆိုး သေဆုံးသွားချိန်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ ပြင်းပြင်းထန်ထန်တုန်ရီသွားပေ၏။
လုယွီ အံ့အားသင့်တုန်လှုပ်နေရာမှ အသိပြန်မဝင်သေးမီမှာပင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ပျံဝဲထွက်လာပြီး သေဆုံးသွားသော ရှေးဟောင်းနတ်ဆိုးထံ တိုးဝင်သွားသည်။
ရွှပ်...
ရုတ်ချည်းဆိုသလိုပင် ရှေးဟောင်းနတ်ဆိုးသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှ အလင်းတန်းများ၏ ရစ်ပတ်လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။
ထိုရှေးဟောင်းနတ်ဆိုး၏ခန္ဓာကိုယ် အလျှင်အမြန် ကျုံဝင်သွားသည်။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ထိုရှေးဟောင်းနတ်ဆိုး၏ခန္ဓာကိုယ် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပေ၏။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် ရှေးဟောင်းနတ်ဆိုးကိုဝါးမျိုပြီးနောက် သန့်စင်သောစိတ်ဝိညာဥ်စွမ်းအားများက လုယွီ၏မရီးဒါန်းများအတွင်းသို့ စီးဝင်လာသည်။
"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက ဒီရှေးဟောင်းနတ်ဆိုးတွေကို ဝါးမျိုနိုင်တာလား"
လုယွီက အနည်းငယ်အံ့အားသင့်သွားသည်။သို့သော် မကြာမီမှာပင် ဤသည်က လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ဖန်တီးခဲ့သူ ချန်ထားခဲ့သောနည်းစနစ်ဖြစ်ကြောင်း လုယွီက နားလည်သဘောပေါက်သွားပေ၏။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုပင်။လုယွီသည် ထိုကျမ်းစာကိုရရှိပြီးနောက် မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုမှာ မြင့်တက်လာခဲ့သော်လည်း မိုးကောင်းကင်ကိုအံ့တုနိုင်သည့် အကျိုးသက်ရောက်မှုမျိုး မရရှိခဲ့ချေ။
ယခုချိန်၌ ကြည့်ရသည်မှာ လုယွီသည် နဂိုမူလကတည်းက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို နားလည်သဘောပေါက်ခဲ့ပုံမရချေ။
"ဒါက အကျိုးအမြတ်နည်းလွန်းတယ်...ဒီရှေးဟောင်းနတ်ဆိုးတွေက ယင်ကောင်သာသာပဲရှိတာ...ငါက သူတို့ရဲ့ခေါင်းဆောင်တစ်ယောက်ကိုဖမ်းမိဖို့ လိုအပ်တယ်"
လုယွီ၏အကြည့်က ကျင်းနက်ကြီး၏ နက်ရှိုင်းသောနေရာထံသို့ ကျရောက်သွားသည်။
အမှောင်ထုအတွင်း၌ မည်မျှထိများပြားသော ရှေးဟောင်းနတ်ဆိုးများ ပုန်းအောင်းနေသည်ကို မည်သူမျှမသိနိုင်ချေ။
ချီစောင့်ကြည့်ခြင်းနည်းစနစ်၏အောက်တွင် အဝေးရှိအမှောင်ထုအတွင်း၌ ပို၍အစွမ်းထက်သော ရှေးဟောင်းနတ်ဆိုးများ ပုန်းအောင်းနေခြင်းကို သူ တွေ့မြင်မိသည်။
သူ ဝင်သွားသင့်သလော.....
သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော လှိုင်းထန်နေသည့်မှော်စွမ်းအားများကို ခံစားမိချိန်တွင် လုယွီသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကျင်းနက်ကြီး၏နက်ရှိုင်းသောနေရာထံသို့ တိုးဝင်လိုက်၏။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ကူညီထောက်ပံမှုကြောင့် လုယွီသည် မှော်စွမ်းအားများစွာအသုံးပြုရန်မလိုအပ်ဘဲ ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို အသုံးပြုနိုင်သည်။သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏စွမ်းအားကို ကျင်းနက်ကြီးအတွင်း၌ ဖြန့်ကျက်လိုက်သည်။
ဘုန်း...ဘုန်း...ဘုန်း....
ခပ်အုပ်အုပ်အသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိ ရှေးဟောင်းနတ်ဆိုးများသည် လုယွီကိုဟန့်တားနိုင်ခြင်းမရှိဘဲ သေကြေပျက်စီးသွားကြ၏။
တခြားတစ်ဖက်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော မှော်စွမ်းအားများကို လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကိုအသုံးပြု၍ ပို၍ပို၍သန့်စင်အောင် ပြုလုပ်လိုက်သည်။
"ငါ့ရဲ့မှော်စွမ်းအင်စုဆောင်းမှုက လောကီအင်မော်တယ်အဆင့်ထက် အများကြီးပိုပြီးကျော်လွန်နေပြီ...ဖြစ်နိုင်တာတော့ ငါ မြေကမ္ဘာအင်မော်တယ်ဖြစ်တဲ့အချိန်ကျရင် ပိုပြီးမြင့်မားတဲ့အဆင့်တွေကို တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်လောက်တယ်"
လုယွီ၏စိတ်နှလုံးသားသည် ကြေးမုံမှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေသည်။သူသည် သူ၏ကျင့်ကြံဆင့်နှင့်ပတ်သတ်၍ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိချေ။
အမှန်အားဖြင့် လုယွီ၏လက်ရှိအသက်အရွယ်နှင့်ကြည့်ပါက သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်သည်ဟု ဆိုနိုင်ပေ၏။
သူနှင့်သက်တူရွယ်တူများသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ပင် သိုင်းသူတော်စင်နယ်ပယ်ခန့်သာရှိသေးသည်။
သို့ရာတွင် လုယွီ၏ရန်သူများသည် သူနှင့်သက်တူရွယ်တူများ မဟုတ်ချေ။
လုယွီသည် ကျင်းနက်ကြီးအတွင်းသို့ လျှောက်လှမ်းမိလေလေ သူ၏နံဘေးပတ်ဝန်းကျင်ရှိ အေးစိမ့်မှုများ ပို၍ပြင်းထန်လာလေလေပင်။
Chapter 2368
ထိုအချိန်မှာပင် အမှောင်ထုအတွင်းမှနေ၍ ရှည်လျားသော အော်သံကြီးထွက်ပေါ်လာသည်။
ထိုအော်သံကြီးသည် စွမ်းအားများဖြင့်ပြည့်နှက်နေကာ အကန့်အသတ်မရှိသောနတ်ဆိုးစွမ်းအင်များကို သယ်ဆောင်ထားသည်။ထိုအသံကိုကြားမိသူများသည် မူးဝေပြီး စိတ်ကယောင်ကတမ်းဖြစ်ခြင်းကို ခံစားရပေမည်။
"ပြင်းထန်လိုက်တဲ့ နတ်ဆိုးအငွေ့အသက်တွေ"
လုယွီက ချက်ချင်းဆိုသလိုပင် မှော်စွမ်းအားများကို သူ၏လည်ချောင်းအတွင်းသို့ ပို့ဆောင်လိုက်၏။ရုတ်ချည်းဆိုသလိုပင် နဂါးဟိန်းသံတစ်သံ မြည်ဟီးလာသည်။
ဝေါင်း.....
ကျယ်လောင်သောနဂါးဟိန်းသံသည် ကျင်းနက်ကြီး၏ မှောင်မည်းသောကောင်းကင်ယံတလျှောက် ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
နတ်ဘုရားနဂါးဟိန်းသံသည် ပြင်ပလောကတွင် ပြိုင်ဘက်ကင်းဟုဆိုနိုင်သော်လည်း ဤကျင်းနက်ကြီးအတွင်း၌ ရှေးဟောင်းနတ်ဆိုး မည်မျှများများ ပုန်းအောင်းနေသည်ကို မသိနိုင်ချေ။
လုယွီ၏အနီးသို့ ချဥ်းကပ်လာသော ရှေးဟောင်းနတ်ဆိုးများသည် နတ်ဘုရားနဂါးဟိန်းသံ၏ သက်ရောက်မှုကိုခံရသဖြင့် တွေဝေမိန်းမောသောအခြေအနေမျိုးသို့ ကျရောက်သွားကြ၏။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ တွေဝေမိန်းမောနေသော ရှေးဟောင်းနတ်ဆိုးများအားလုံးကို သုတ်သင်ရှင်းလင်းလိုက်သည်။ထိုကျမ်းစာသည် ရှေးဟောင်းနတ်ဆိုးများကိုဝါးမျို၍ သန့်စင်သောမှော်စွမ်းအားများအဖြစ်ပြောင်းလဲကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားစေသည်။
အမှောင်ထုအတွင်း၌ လုယွီ၏နဂါးဟိန်းသံနှင့် ရှည်လျားသောနတ်ဆိုးအော်သံတို့ ဖီလာဆန့်ကျင်ရိုက်ခတ်မိလေ၏။လုယွီ၏စိတ်နှလုံးသားကို လွှမ်းခြုံထားသော အန္တရာယ်အငွေ့အသက် အနည်းငယ်လျော့ပါးသွားသည်။
"အဲ့ဒီအထဲမှာ အရမ်းအစွမ်းထက်တဲ့ ရှေးဟောင်းနတ်ဆိုးတစ်ကောင် ပုန်းအောင်းနေတယ်...ငါ့ရဲ့လက်ရှိ ကျင့်ကြံဆင့်နယ်ပယ်နဲ့ အဲ့ဒီထဲကိုဝင်သွားမယ်ဆိုရင် အန္တရာယ်တွေ့နိုင်တယ်"
လုယွီသည် ဤကိစ္စရပ်၏အကျိုးအပြစ်ကို သူ၏စိတ်အတွင်း၌ ချိန်ဆပြီးချိန်တွင် နောက်ဆုံး၌ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်၏။
"တကယ်လို့ ငါက ကျားရဲ့အသိုက်ထဲကို မဝင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ကျားသားပေါက်ကို ဖမ်းနိုင်မလဲ....ရှေးဟောင်းနတ်ဆိုးတွေ ဒီနေရာမှာစုဝေးနေမှတော့....ဒီနေရာက ဘာလဲဆိုတာကို ငါ ရှာဖွေဖော်ထုတ်ရမယ်"
လုယွီသည် ရပ်တန့်ခြင်းမရှိဘဲ နက်ရှိုင်းသောနေရာသို့ ဆက်လက်၍လျှောက်လှမ်းလာသည်ကိုကြည့်ပြီး ရှည်လျားသောအော်သံကြီးသည် ပို၍စူးရှလာပေ၏။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏နားနံဘေးမှနေ၍ လေပြင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားခြင်းကို ခံစားမိသည်။
သူသည် ချက်ချင်းပင် လှုပ်ရှားမှုနည်းစနစ်ကိုအသုံးပြု၍ ထိုတိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
သို့ရာတွင် လုယွီ မတ်တတ်ရပ်လိုက်သည့်အချိန်အခိုက်အတန့်တွင် သူ့ရှေ့ရှိမြင်ကွင်း၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။
ဤသည်က ရက်စက်ကြမ်းကြုတ်သောအမူအယာရှိသော ဧရာမမျက်နှာကြီးတစ်ခုပင်။
ထိုဧရာမမျက်နှာကြီးသည် တောင်ကြီးတစ်လုံးတမျှ ကြီးမားပေ၏။ထိုမျက်နှာကြီးတွင် မျက်နှာကြန်အင်လက္ခဏဟူ၍မရှိဘဲ သူ၏မျက်လုံး နှာခေါင်းနှင့်ပါးစပ်တို့ကို တခြားနေရာမှဆွဲယူထားပုံဖြင့် အလွန်အမင်းရွဲ့စောင်းနေသည်။
ဤအချိန်အခိုက်အတန့်တွင် ဧရာမမျက်နှာကြီးသည် သားကောင်တစ်ကောင်ကိုကြည့်သည့် အကြည့်မျိုးဖြင့် လုယွီကို စူးစိုက်၍ကြည့်နေလေ၏။
"ဒီနေရာကို လာခဲ့စမ်း"
ဧရာမမျက်နှာကြီးထံမှနေ၍ အော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် လုယွီသည် ဧရာမမျက်နှာကြီးပြောဆိုသောစကားကို နားလည်သဘောပေါက်သွားခဲ့သည်။
ဤသည်က ရှေးဟောင်းခေတ်ဘာသာစကားဖြစ်သော်လည်း ထိုဧရာမမျက်နှာကြီး၏စကားလုံးများသည် လူရိုင်းများမှပြောဆိုသည့်အလား အလွန်အရိုင်းဆန်သည်။
"ဒါက ထိပ်သီးရှေးဟောင်းနတ်ဆိုးတစ်ကောင်ပဲ...အနည်းဆုံးတော့ သူ့ဆီမှာ အထွတ်အထိပ်အဆင့်နတ်ဆိုးဘိုးဘေးခွန်အားမျိုးရှိတယ်"
လုယွီ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
နတ်ဆိုးဘိုးဘေးများသည် ရှေးဟောင်းနတ်ဆိုးများအကြား၌ ထိပ်သီးအစွမ်းထက်သူများပင်။
သူ၏အတိတ်ဘဝတွင် နတ်ဆိုးဘိုးဘေးတစ်ယောက်သည် တာအိုသခင်အမြောက်အများကို သတ်ဖြတ်ခဲ့ဖူးလေ၏။
လုယွီ၏လက်ရှိခွန်အားဖြင့် နတ်ဆိုးဘိုးဘေး သူ့အားသတ်ဖြတ်လိုပါက အလွန်အမင်း လွယ်ကူပေမည်။
သို့ရာတွင် သူ့ရှေ့ရှိ နတ်ဆိုးဘိုးဘေးသည် ချိပ်ပိတ်ခံထားရပုံရကာ လုယွီကို လာရောက်၍တိုက်ခိုက်နိုင်ခြင်းမရှိချေ။
"ဒီနေရာကို လာခဲ့စမ်း"
ဧရာမမျက်နှာကြီးထံမှနေ၍ ထပ်မံ၍ အသံထွက်ပေါ်လာသည်။
လုယွီသည် အိပ်မွေ့ချခံရသည့်အလား စွမ်းအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားကာ သူ့အား ဧရာမမျက်နှာကြီးနှင့်နီးကပ်အောင် သယ်ဆောင်သွားနေသည်ကို ခံစားမိလေ၏။
လုယွီ၏ခန္ဓာကိုယ်သည် ထိန်းချုပ်မှုလွတ်ကင်းသွားပုံရကာ ဧရာမမျက်နှာကြီးထံဦးတည်၍ မျောလွင့်သွားသည်။
ဧရာမမျက်နှာကြီးက ပါးစပ်ကြီးကိုဖွင့်ဟကာ လုယွီကို ဝါးမျိုရန်အတွက် အဆင်သင့်စောင့်ဆိုင်းနေသည်။
ဤမြင်ကွင်းသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
"မြေအောက်လောကနတ်ဘုရားရဲ့ပုံရိပ်ယောင်"
လုယွီသည် ချက်ချင်းဆိုသလိုပင် သူ၏ဓမ္မပုံရိပ်ယောင်ကိုဆင့်ခေါ်၍ သူ၏ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်၏။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်သည် သူ၏လက်များကိုဆန့်ထုတ်၍ လုယွီ၏ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားလိုက်သည်။နောက်ဆုံး၌ လုယွီ ရှေ့သို့မတိုးနိုင်တော့ချေ။
ဘုန်း...
ထိုအချိန်မှာပင် လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ ထပ်မံ၍တုန်ရီလာသည်။ထိုအရာသည် လုယွီအား ဧရာမမျက်နှာကြီးမှ ထိန်းချုပ်ထားသောစွမ်းအားများကို ပျက်ပြယ်သွားစေသည်။
ဝေါင်း...
လုယွီ ရှေ့ဆက်တိုးမလာသည်ကိုကြည့်ပြီး ဧရာမမျက်နှာကြီးသည် ဒေါသတကြီးဖြစ်သွားကာ သူ့ရှေ့ရှိလေဟာနယ်ကို ဆောင့်တိုးလိုက်၏။
သို့ရာတွင် ထိုဧရာမမျက်နှာကြီး၏ရှေ့တွင် မမြင်နိုင်သောအတားအဆီးတစ်ရပ် ရှိနေပုံရကာ ပြင်ပလောကသို့ ထွက်သွားနိုင်ခြင်းမရှိစေရန် အပြည့်အဝပိတ်ဆို့ဟန့်တားထားသည်။
Chapter 2369
"သူက အပြင်ကို ဘယ်နည်းနဲ့မှထွက်လာနိုင်မယ့်ပုံမရဘူး...မဟုတ်ရင် သူက ငါ့ကို အဲ့ဒီနေရာဆီ မျှားခေါ်နေမှာမဟုတ်ဘူး...ဒီနတ်ဆိုးဘိုးဘေးက ချိပ်ပိတ်ခံထားရတယ်...ပြီးတော့ အဲ့ဒီချိပ်စည်းက အရမ်းခိုင်မာပုံပဲ...ဒီလိုမှမဟုတ်ရင် သူကခုလိုမျိုးရှုပ်ထွေးတဲ့နည်းလမ်းမျိုးကို အသုံးပြုမှာမဟုတ်ဘူး"
ထိုအကြောင်းကိုတွေးတောမိချိန်တွင် လုယွီ၏စိတ်နှလုံးသား တည်ငြိမ်အေးချမ်းစပြုလာသည်။
သူသည် ဧရာမနတ်ဆိုးဘိုးဘေးမျက်နှာကြီး၏နံဘေးတွင် ပြန့်ကျဲနေသော ရိုးရှင်းသည့် ကျောက်တုံးကျောက်စာတိုင်များကို သတိပြုမိသွားသည်။
ဤနေရာသည် သင်္ချိုင်းမြေတစ်ခုနှင့် တူညီပေ၏။မရေမတွက်နိုင်သောကျောက်စာတိုင်များက ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ပြန့်ကျဲနေသည်။ထိုကျောက်စာတိုင်တစ်ခုစီပေါ်တွင် အထူးသီးသန့်သင်္ကေတများကို ရေးထွင်းထားသည်။
ထိုသင်္ကေတများသည် ရှေးဟောင်းအရုပ်စာရေးနည်းနှင့် တူညီသည်။သို့ရာတွင် ထိုရုပ်ပုံများသည် စိတ်ကူးပေါက်ရာရေးဆွဲထားပုံရပြီး အစစ်အမှန်အဓိပ္ပါယ်ကို ဖော်ဆောင်၍မရချေ။
"မျောက် နိုးနေတဲ့အချိန်ဆိုရင် ကောင်းမှာပဲ...သူက ရှေးဟောင်းခေတ်ကနေ ဆင်းသက်လာတာဆိုတော့ ဒီစာလုံးတွေကို နားလည်လောက်တယ်"
မျောက်သည် နတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဥ်ကို သန့်စင်နေဆဲဖြစ်ပြီး အိပ်မောကျနေလေ၏။
လုယွီက သူ့ရှေ့ရှိကျောက်စာတိုင်များပေါ်ရှိ သင်္ကေတများကို မှတ်သားလိုက်သည်။သူသည် ဧရာမနတ်ဆိုးမျက်နှာကြီးကို တစ်ချက်ကြည့်ကာ ထိုသင်္ချိုင်းဂူနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်။
သူ ပို၍နက်ရှိုင်းစွာဆက်သွားမိလေလေ ထိုနေရာတွင် ပို၍တုန်လှုပ်ချောက်ချားဖွယ်အရာတစ်ခုကို ရှာတွေ့မည်မှာ သိသာထင်ရှားလာလေလေပင်။လုယွီသည် သူရဲဘောကြောင်သူတစ်ယောက်မဟုတ်သော်လည်း သူ၏လက်ရှိခွန်အားအကန့်အသတ်ကို သူ ကောင်းစွာသိရှိထားသည်။သူ ရှေ့သို့ဆက်လက်၍ အတင်းအကြပ်ဆက်သွားပါက သူ၏သေလမ်းကို သူ ရှာနေခြင်းသာဖြစ်ပေမည်။
"ငါ ဒီကောင်တွေကို တက်နိုင်သလောက် သတ်ပစ်တာကပဲ ပိုကောင်းမယ်"
လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်၌ လှည့်ပတ်၍သွားလာနေသော ရှေးဟောင်းနတ်ဆိုးများထံသို့ ဦးတည်၍ပျံသန်းလိုက်သည်။
တစ်ချိန်က ရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံနယ်မြေအနှံ့ လှည့်လည်သွားလာပြီး ထကြွသောင်းကျန်းနေကြ၏။မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများသည် ကြယ်နယ်မြေတစ်ခုသို့သွား၍ ထိုအရာပေါ်ရှိ သက်ရှိများအားလုံးကို ဝါးမျိုခဲ့ကြသည်။ထို့နောက် သူတို့သည် ထိုကြယ်နယ်မြေ၏မိုးကောင်းကင်တာအိုကိုပင် ဝါးမျို၍ ကြယ်နယ်မြေတစ်ခုလုံးကို မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ ပြုလုပ်ခဲ့သည်။
အတိတ်တွင် ကောင်းကင်ဘုံနယ်မြေမှ မြောက်မြားစွာသောကြယ်နယ်မြေများသည် ရှေးဟောင်းနတ်ဆိုးများ၏တည်ရှိမှုကြောင့် ပျောက်ကွယ်သွားခဲ့ရ၏။
ထိုရှေးဟောင်းနတ်ဆိုးများ မည်မျှထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်ကို လုယွီက ရှင်းရှင်းလင်းလင်းသိရှိထားသည်။
ထို့ကြောင့် ရှေးဟောင်းနတ်ဆိုးများကိုမြင်တွေ့ချိန်တွင် လုယွီက သနားညှာတာမှုမရှိဘဲ အမြစ်ပြတ်သုတ်သင်ခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ကူညီထောက်ပံမှုကြောင့် လုယွီသည် အတောင်ပံတပ်ထားသောကျားတစ်ကောင်နှင့် တူညီနေပေ၏။ပတ်ဝန်းကျင်ရှိရှေးဟောင်းနတ်ဆိုးများသည် လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
သေဆုံးသွားသောရှေးဟောင်းနတ်ဆိုးများမှတဆင့် ပြောင်းလဲသွားသော စိတ်ဝိညာဥ်စွမ်းအားများသည် လုယွီ၏တစ်နှစ်တာ ပြင်းပြင်းထန်ထန်လေ့ကျင့်မှုနှင့် တူညီသည်။
ထို့ထက်ပို၍အရေးအကြီးဆုံးအချက်မှာ ထိုစိတ်ဝိညာဥ်စွမ်းအားများသည် သန့်စင်ပြီး မည်သည့်မသန့်စင်မှုမျိုးမျှမပါဝင်ခြင်းပင်။လုယွီသည် ထိုစိတ်ဝိညာဥ်စွမ်းအားများကို သူ၏ကိုယ်ပိုင်မှော်စွမ်းအားများအဖြစ် တိုက်ရိုက်အသုံးပြုနိုင်သည်။
လုယွီသည် ဤနေရာမှထွက်ခွါမသွားမီ ရှေးဟောင်းနတ်ဆိုးများကို အချိန်လေးနာရီခန့် ဆက်တိုက်သတ်ဖြတ်ခဲ့သည်။
လုယွီ၏လက်အတွင်း၌ သိန်းနှင့်ချီသော ရှေးဟောင်းနတ်ဆိုးများ သေဆုံးခဲ့ရ၏။သို့ရာတွင် ကျင်းနက်ကြီး၏နက်ရှိုင်းသောနေရာ၌ ပို၍များပြားသော ရှေးဟောင်းနတ်ဆိုးများ ပုန်းအောင်းနေခြင်းကို သူ ဝိုးတဝါးအာရုံခံမိသည်။
ဤနေရာသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်း၌ တည်ရှိသော်လည်း တော်ဝင်မြို့တော်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ဤသည်က အချိန်မရွေးပေါက်ကွဲနိုင်သော ယမ်းမှုန့်စည်တစ်ခုနှင့် တူညီပေ၏။
"နောင်တစ်ချိန်မှာ အခွင့်အရေးရလို့ရှိရင် ငါ ဒီနေရာကို တစ်ချက်ပြန်လာကြည့်အုံးမယ်"
လုယွီက အချိန်အတော်ကြာ လေ့လာဆန်းစစ်ပြီးနောက် ကျင်းနက်ကြီးအတွင်းမှ ထွက်ခွါခဲ့တော့သည်။
လုယွီ ပြင်ပသို့ထွက်သွားသည်နှင့် ဘုရားကျောင်းပျက်သည် မူလပုံသဏ္ဌာန်သို့ ပြန်လည်ရောက်ရှိသွားသည်။
အစောပိုင်းက ကျိုးပဲ့နေသော တံခါးမကြီးသည်လည်း မူလအခြေအနေသို့ ပြန်လည်ပြောင်းလဲသွားပေ၏။
"မင်းက တကယ့်ကို အသက်ရှင်ရက် ပြန်ထွက်လာနိုင်တာပဲ"
ပိုင်မင်ဘိုးဘေးသည် အံ့အားတသင့်ရေရွတ်လိုက်သော်လည်း သူသည် ထိုသို့ဖြစ်လာမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။
သူသည် ပြင်ပ၌ အချိန်အတော်ကြာစောင့်ဆိုင်းနေသော်လည်း လုယွီက ထွက်လာခြင်းမရှိချေ။
အကယ်၍ တခြားတစ်ယောက်ဆိုပါက ထိုလူသည် အတွင်း၌ သေဆုံးသွားပြီဟု ပိုင်မင်ဘိုးဘေးက ယူဆမိမည်ဖြစ်သော်လည်း လုယွီကမူ မတူကွဲပြားပေ၏။
အတိတ်တွင် ပိုင်မင်ဘိုးဘေးသည် လုယွီနှင့် အနီးကပ်ဆက်ဆံဖူးသူဖြစ်၍ သူ၏သာမာန်မဟုတ်သောအချက်များကို သိရှိထားသည်။ထို့ပြင် နာမည်အလွန်ကျော်ကြားခဲ့သော မြေအောက်လောကတာအိုသခင်သည် ဤကဲ့သို့နေရာမျိုး၌ သေဆုံးသွားမည်ဆိုပါက အလွန်ရယ်ရွှင်ဖွယ်ကောင်းပေမည်။
လုယွီက ပြောဆိုသည်။
"ဒီနေရာက အရမ်းအန္တရာယ်များတယ်...တကယ်လို့ မင်းမှာ အထွေအထူးကိစ္စမရှိဘူးဆိုရင် ဒီအထဲကိုမဝင်တာ ပိုကောင်းလိမ့်မယ်"
"မင်း အထဲမှာ ဘာတွေနဲ့ ရင်ဆိုင်ခဲ့ရတာလဲ"
ပိုင်မင်ဘိုးဘေးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
လုယွီ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သော သွေးအငွေ့အသက်များ ထွက်ပေါ်နေသည်ကို သူ ခံစားမိလေ၏။
"မင်း သိထားရမှာက...ဒီအထဲကို လက်လွတ်စပါယ် မဝင်ဖို့ပဲ"
ထိုသို့ပြောဆိုပြီးသည်နှင့် လုယွီက ဘုရားကျောင်းပျက်၏ပြင်ပတွင် မှော်မန္တန်တစ်ပုဒ်ကို ဖွဲ့စည်းလိုက်သည်။
ထိုမှော်မန္တန်ကျရောက်သွားသည်နှင့် ဘုရားကျောင်းတစ်ခုလုံးကို အလင်းလွှာတစ်လွှာက လွှမ်းခြုံသွားတော့သည်။
Chapter 2370
ပိုင်မင်ဘိုးဘေးက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။
"ငါ အဲ့ဒီနေရာရဲ့ အနီးကိုတောင်မသွားဘူး...အမြဲတမ်းရှောင်နေခဲ့တာ...ငါက ဒီနေရာမှာသာ အချိန်ကြာကြာနေမယ်ဆိုရင် ဒီနေရာပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကို ခံရမှာပဲ...အနှေးနဲ့အမြန် ငါက သတ်ဖြတ်ဖို့ကိုပဲသိတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်လာလိမ့်မယ်"
ရုတ်တရက် ပိုင်မင်ဘိုးဘေးသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် တီးတိုးပြောဆိုလိုက်၏။
"ဒီနေရာမှာ ဘယ်လိုရတနာမျိုးကို သိုဝှက်ထားလဲဆိုတာတော့ ငါ မသိဘူး....အရင်တုန်းက အစိမ်းရောင်ကြာနတ်ဘုရား ဒီနေရာကို ရောက်လာသေးတယ်...ဒါပေမယ့် ငါက သူ့ကို မောင်းထုတ်လိုက်တယ်"
အစိမ်းရောင်ကြာနတ်ဘုရား ဤနေရာသို့ ရောက်ရှိလာခဲ့ဖူးသည်ဟုဆိုသလော....
လုယွီ၏နှလုံးခုန်နှုန်း အနည်းငယ်မြန်သွားသည်။
"သူက ဒီနေရာကို ဘာလာလုပ်တာလဲ"
"ဘယ်သူသိမှာလဲ...သူက အရူးတစ်ယောက်ဆိုတာ...အရင်က မင်းသူ့ကို မြေအောက်လောကနယ်မြေကနေ မောင်းထုတ်ထားတာကို ငါ သိတယ်...အဲ့ဒီအစိမ်းရောင်ကြာနတ်ဘုရားက ဘယ်လိုကျောထောက်နောက်ခံမျိုးရထားတယ်ဆိုတာ ငါ မသိဘူး...သူက အရင်ကထက်တောင် ပိုပြီးရဲတင်းလာတယ်...သူရဲ့ခွန်အား ခုထိ အပြည့်အဝပြန်မကောင်းသေးတာကြောင့်သာ သူ ငါ့ကို မယှဥ်နိုင်ခဲ့တာ"
ပိုင်မင်ဘိုးဘေးက ဒေါသတကြီးပြောဆိုသည်။
အစိမ်းရောင်ကြာနတ်ဘုရား၏ရုတ်တရက်တိုက်ခိုက်မှုသည် သူ့အတွက် အခက်အခဲတချို့သာ တွေ့စေခဲ့သည်။
ထိုအရာကိုကောက်ချက်ချကြည့်ရာမှတဆင့် အစိမ်းရောင်ကြာနတ်ဘုရား၏ လက်ရှိအခြေအနေကို သိရှိနိုင်သည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် ပြန်လည်ကုစားခြင်းအခြေအနေ၌သာ ရှိနေဆဲဖြစ်ကာ အများဆုံးအနေဖြင့် သူ့အတွက် ကိစ္စတချို့ပြုလုပ်ပေးရန် ပြင်ပလောကသို့ သူ၏သစ္စာခံနောက်လိုက်များကိုသာစေလွှတ်နိုင်ပေမည်။
လုယွီသည်လည်း ပြန်လည်မွေးဖွားလာခဲ့သဖြင့် သူ၏အတိတ်ဘဝ အထွတ်အထိပ်အခြေအနေမျိုးသို့ ပြန်မရောက်သေးရာ အစိမ်းရောင်ကြာနတ်ဘုရားနှင့် တူညီနေသည်။
ဤသည်ကြောင့် အစိမ်းရောင်ကြာနတ်ဘုရားသည် မြောက်မြားစွာသော ယင်ဝိညာဥ်များကိုအသုံးပြု၍ သူ၏နှလုံးသားကို အလောင်းများထံမှယင်ချီများဖြင့်အားဖြည့်ကာ လုယွီထံမှ နတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဥ်တစ်ခြမ်းကို ယူဆောင်သွားနိုင်ခြင်းပင်။
"ငါက အစိမ်းရောင်ကြာနတ်ဘုရားကို ဒီနေရာဆီ ကျူးကျော်ဝင်ရောက်ခွင့် မပြုနိုင်ဘူး...အဲ့ဒီနတ်ဘုရားက အမြင်ကျဥ်းပြီးတော့ သူ့ရဲ့ခွန်အားတိုးတက်ဖို့တစ်ခုတည်းပဲသိတယ်....တကယ်လို့ ရှေးဟောင်းနတ်ဆိုးတွေသာ ပြင်ပလောကကို ထွက်လာခဲ့ရင် သူတို့က ဆိုးရွားတဲ့အရာတွေကိုပဲလုပ်မှာသေချာတယ်"
ဤနေရာ၏တခြားတစ်ဖက်ခြမ်းသည် ရှေးဟောင်းနတ်ဆိုးများနေထိုင်သောနေရာပင်။
အကယ်၍ ထိုရှေးဟောင်းနတ်ဆိုးများသာ ပြင်ပသို့ထွက်လာပါက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ဘေးကပ်ဆိုးဆိုက်ရောက်နိုင်သည့်အပြင် အလုံးစုံပျက်စီးခြင်းနှင့်ပင် ရင်ဆိုင်ရနိုင်သည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏လှုပ်ရှားမှုနောက်ကွယ်မှ အကျိုးဆက်များကို သိရှိလျှင်ပင် ဂရုစိုက်မည်မဟုတ်ချေ။
"မင်း အခု ဘာဆက်လုပ်မှာလဲ...ငါ မင်းကိုခေါ်သွားပြီးတော့ မင်းရဲ့မျိုးဆက်ဆီပို့ပေးရမလား...ဒါမှမဟုတ် ဒီနေရာမှာပဲ ဆက်နေမှာလား"
လုယွီက ပိုင်မင်ဘိုးဘေးကိုကြည့်၍ မေးမြန်းသည်။
ပိုင်မင်ဘိုးဘေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"အခုချိန်မှာ ငါ့ရဲ့စိတ်ဝိညာဥ်က နဂါးဆူးတောင်ဓားမှာ တွယ်ကပ်နေရတာ...တကယ်တော့ ဒါက ငါသေသွားတာနဲ့ ဘာမှမခြားနားဘူး...အများဆုံးအနေနဲ့ ငါ့ကို လက်နက်စိတ်ဝိညာဥ်လို့ပဲ ယူဆနိုင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါ ထွက်သွားနိုင်ရင် ကောင်းမွန်တဲ့ကိစ္စတစ်ရပ်ပဲ"
"ဒါပေမယ့် တကယ်လို့ အခုချိန်မှာ ငါ ထွက်သွားလိုက်ရင်...ဒီနေရာကို စောင့်ကြပ်မယ့်သူ ရှိတော့မှာမဟုတ်ဘူး...တချို့လူတွေက ဒီနေရာထဲကို ကျူးကျော်ဝင်ရောက်လာမှာ ငါ စိုးရိမ်မိတယ်"
နဂါးဆူးတောင်ဓား၏အရှိန်အဝါရှိနေခြင်းကြောင့် မည်သူကမျှ ဤနေရာအနီးပတ်ဝန်းကျင်သို့ မဆင်မခြင် မချဥ်းကပ်ဝံ့ခြင်းဖြစ်သည်။
အကယ်၍ နဂါးဆူးတောင်ဓားသာ ပျောက်ကွယ်သွားပါက တချို့လူများသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ဤနေရာသို့ဝင်ရောက်လာမည်မှာ မလွဲဧကန်ပင်။
"ကောင်းပြီလေ...မင်း ငါနဲ့အတူလိုက်ခဲ့တော့...ငါ ဒီနေရာမှာ အစီအမံတချို့ လုပ်ထားခဲ့မယ်"
လုယွီသည် စကားတည်သူတစ်ယောက်ဖြစ်၍ ချက်ချင်းဆိုသလိုပင် ဤနေရာ၌ သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်၏။
လုယွီ၏သတ်ဖြတ်ခြင်းဝင်္ကပါကိုကြည့်ပြီးနောက် ပိုင်မင်ဘိုးဘေးသည် ဝင်္ကပါပညာရပ်ကို နှစ်ပေါင်းများစွာကြာအောင် လေ့လာလိုက်စားခဲ့သူဖြစ်သည့်တိုင် ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရဆဲပင်။
"ဒီဝင်္ကပါကို ငါ့ရဲ့အထွတ်အထိပ်အခြေအနေမျိုးမှာ ဝင်ခဲ့မိရင်တောင် အပြင်းအထန်ဒဏ်ရာရရှိသွားမှာကို ငါ စိုးရိမ်မိတယ်"
ပိုင်မင်ဘိုးဘေးက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားလိုက်သည်။
သူသည် လုယွီနှင့်မိတ်ဆွေဟောင်းဖြစ်နေသဖြင့် ကံကောင်းသည်ဟု ယူဆနိုင်ပေ၏။
ထိုသို့မဟုတ်ဘဲ လုယွီသာ သူ့ကိုပစ်မှတ်ထားနေပါက သူ မည်သို့ခုခံရမည်ကို မသိရှိချေ။
ထန်အာသည် ကျောက်တုံးခန်းမဆောင်၏တိုင်တစ်လုံးကိုမှီ၍ လဲလျောင်းနေသည်။သူမ နိုးထလာချိန်တွင် သူမ၏နံဘေးတွင် လုယွီထိုင်နေခြင်းကို မြင်တွေ့မိသည်။
"နင် ဘာလို့ ဒီနေရာကို ရောက်နေတာလဲ...ငါ နင်ကို အပြင်မှာ အေးအေးဆေးဆေးစောင့်နေဖို့ ပြောခဲ့တာမဟုတ်လား"
ထန်အာက မျက်မှောင်ကြုတ်လိုက်၏။
ဤလုယွီသည် သူမအတွက် ဝန်ထုပ်ဝန်ပိုးသက်သက်ပင်။အကယ်၍ သူမသည် သူ့အား အတူခေါ်ဆောင်ထားပါက နဂါးဆူးတောင်ဓားကိုရယူရန် ပို၍အခက်တွေ့နိုင်သည်။
ရုတ်တရက် ထန်အာသည် ဆံဖြူအဖိုးအို ပျောက်ကွယ်သွားခြင်းကို သတိပြုလိုက်မိသည်။
သူမသည် ကူကယ်ရာမဲ့စွာဖြင့် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
"အိုး...မဟုတ်ဘူး...ငါက ရုတ်တရက်ကြီး အိပ်ပျော်သွားခဲ့တယ်...ဘာလို့ နင် ငါ့ကို မနှိုးတာလဲ"
ဆံဖြူအဖိုးအိုသည် သူမ နဂါးဆူးတောင်ဓားကိုရရှိရန်အတွက် သော့ချက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။အကယ်၍ ထိုဆံဖြူအဖိုးအိုသာ ပျောက်ကွယ်သွားပါက သူမ နဂါးဆူးတောင်ဓားကိုရရှိရန် ထပ်မံ၍ကြိုးစားနိုင်တော့မည်မဟုတ်ချေ။