အခန်း (၂၃၇၁-၂၃၇၅)
Vol. 122 Ch. 2371-2375
Chapter 2371
လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မင်းရဲ့နောက်ကို ကြည့်လိုက်"
ထန်အာသည် အချိန်တခဏကြာ ကြက်သေသေသွားလေ၏။ထို့နောက် သူမက နောက်သို့လှည့်ကြည့်လိုက်ရာ လေထုအတွင်း၌ အပြာရောင်ဓားရှည်တစ်လက် မျောလွင့်နေခြင်းကို တွေ့မြင်မိသည်။
ထိုဓားရှည်ကို ဝိုးတဝါးတိမ်စိုင်အရိပ်များက ဝိုင်းရံထားသည်။ထိုတိမ်စိုင်သည် နဂါးပုံသဏ္ဌာန်ရှိပြီး ဓားရှည်၏နံဘေး၌ ရှေ့နောက်ပျံဝဲနေသည်။
"နဂါးဆူးတောင်ဓား"
ထန်အာသည် သူမရှေ့၌မျောလွင့်နေသော နဂါးဆူးတောင်ဓားကိုကြည့်ပြီး အနည်းငယ်မူးဝေသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူမ ယခင်ကတွေးထင်ထားသည်မှာ ဤတစ်ကြိမ်တွင်ကျရှုံးခဲ့သဖြင့် နဂါးဆူးတောင်ဓားကိုရရှိရန် မဖြစ်နိုင်ဟုပင်။
သို့ရာတွင် သူမ အချိန်အတော်ကြာ အိပ်မောကျသွားပြီးနောက် နိုးထလာချိန်တွင် နဂါးဆူးတောင်ဓားက သူမ၏ရှေ့သို့ ရောက်ရှိနေသည်။
"ဒါက မဟုတ်သေးဘူး...နင် ငါ့အစား စစ်တုရင်ကစားပေးခဲ့တာပဲဖြစ်မယ်...ဖြစ်နိုင်တာတော့ နင်က စစ်တုရင်ပညာရပ်မှာ ကျွမ်းကျင်တဲ့သူလား"
ထန်အာက သတိပြုမိသွားသည်။
ဤနေရာ၌ နဂါးဆူးတောင်ဓား ထွက်ပေါ်လာနိုင်သည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ လုယွီသည် စစ်တုရင်ကစားပွဲ၌ ဆံဖြူအဖိုးအိုကို အနိုင်ယူခဲ့ခြင်းကြောင့်ပင်။
"နင်က စစ်တုရင်ပညာရပ်မှာ ကျွမ်းကျင်မယ်လို့ ငါ ထင်မထားမိဘူး...ဒီတစ်ကြိမ်တော့ ငါ နင့်ကို ကျေးဇူးတင်ပါတယ်"
ထန်အာသည် လုယွီနှင့်ပတ်သတ်၍ သံသယမရှိချေ။
စစ်တုရင်ပညာရပ်၌ ကျွမ်းကျင်သည်ဟူသည်မှာ ကိစ္စကြီးတစ်ရပ်မဟုတ်ပေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ စစ်တုရင်ပညာရပ်၌ကျွမ်းကျင်သူ အမြောက်အများရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်က အထောက်အပံပညာရပ်တစ်ခုသာဖြစ်ပြီး ကျင့်ကြံခြင်းလောက် အရေးမကြီးချေ။
"မင်း အဲ့ဒီလိုပြောလို့ရပါတယ်...ဓားကိုယူပြီးတာနဲ့ ငါတို့သွားကြစို့"
လုယွီ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းနေသည်။သူသည် အစောပိုင်းက သူ ကြုံတွေ့ခဲ့ရသော ဧရာမနတ်ဆိုးမျက်နှာကြီးအကြောင်းကို စဥ်းစားတွေးတောနေခြင်းပင်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ အသက်ရှင်နေသော နတ်ဆိုးဘိုးဘေးတစ်ယောက် ထွက်ပေါ်လာခြင်းသည် ကိစ္စကောင်းတစ်ရပ်မဟုတ်ချေ။
တစ်ဖက်လူသည် တာယွီအင်ပါယာ၏တော်ဝင်မြို့တော်၌ ထွက်ပေါ်လာခြင်းမဟုတ်သည့်တိုင် လုယွီသည် ဘေးကင်းလုံခြုံသည်ဟု ထင်မထားချေ။
ရှေးဟောင်းနတ်ဆိုးများ၏တည်ရှိမှုသည် သူတို့ရှေ့ရှိ အရာရာတိုင်းကို ဖျက်ဆီးနိုင်ပေ၏။တစ်စုံတစ်ယောက်သည် မည်သည့်နေရာ၌ ပုန်းအောင်းနေသည်ဖြစ်စေ ထိုရှေးဟောင်းနတ်ဆိုးများက ရှာဖွေနိုင်ပေမည်။
ဤပြဿနာကိုဖြေရှင်းနိုင်သော တစ်ခုတည်းသောနည်းလမ်းမှာ ထိုရှေးဟောင်းနတ်ဆိုးများအားလုံးကို အမြစ်ပြတ်သုတ်သင်ရန်ပင်။
သို့ရာတွင် ဤကျင်းနက်ကြီးအတွင်း၌ မည်မျှများပြားသော ရှေးဟောင်းနတ်ဆိုးများရှိနေသည်ကို လုယွီပင်လျှင် မသိရှိချေ။သူသည် လေးနာရီဆက်တိုက် ရှေးဟောင်းနတ်ဆိုးများကို သတ်ဖြတ်ခဲ့သည့်တိုင် သူ သတ်ခဲ့သည်မှာ ရေခဲတောင်ကြီး၏အစွန်အဖျားပမာဏသာရှိသည်။
"နောင်တစ်ချိန်မှာ ငါ ပိုပြီးအားကောင်းလာတဲ့အချိန်ကျရင်...ဒီနေရာရဲ့အနက်ပိုင်းထိသွားပြီးတော့ ရှာဖွေဖော်ထုတ်ရမယ်"
လုယွီက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်၏။
ထန်အာသည် နဂါးဆူးတောင်ဓားကို ဂရုတစိုက်ယူဆောင်ပြီးနောက် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ကောင်းပြီလေ...ငါတို့ အခု အပြင်ကိုထွက်ကြရအောင်"
ကိစ္စရပ်များအားလုံး အောင်မြင်သွားပြီဖြစ်သဖြင့် သူမ စိတ်သက်သာရာရသွားလေပြီ။
ဝင်္ကပါ၏ပြင်ပ၌....
ရှယီပိုင်သည် ပြင်ပ၌အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း အတွင်းတွင် မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မတွေ့ရှိချေ။သူက ယုဝမ်လင်ခုန်းဘက်သို့လှည့်ကာ သရော်တော်တော်ပြောဆိုသည်။
"မိသားစုခေါင်းဆောင်...အဲ့ဒီကောင်လေးက ဟိတ်ဟန်လုပ်ပြီးဝင်သွားတာသက်သက်လို့ ကျွန်တော်ထင်တယ်...တကယ်တော့ သူက ဘာအရည်အချင်းမှမရှိဘဲ....သူလည်း ထန်အာနဲ့အတူတူ အထဲမှာ ပိတ်မိနေလောက်ပြီ"
သတ္တမအကြီးအကဲက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ရင်းမှ ပြောဆိုလိုက်၏။
"ငါတို့တောင်မှ ဒီဝင်္ကပါကိုဖြိုခွင်းဖို့ မစဥ်းစားရဲဘူး...ဒီဝင်္ကပါ ဘယ်လောက်ထိရှုပ်ထွေးတယ်ဆိုတာ ငါတို့အားလုံး သိထားပြီးသားလေ....တကယ်လို့ ဝင်္ကပါပညာရပ်မှာ ကျွမ်းကျင်တဲ့သူတစ်ယောက်သာမဟုတ်ဘူးဆိုရင် ဒီဝင်္ကပါထဲမှာ လုံခြုံဘေးကင်းစွာနဲ့ သွားလာနိုင်မှာမဟုတ်ဘူး"
တခြားအကြီးအကဲများကလည်း ခေါင်းညိတ်လိုက်ကြသည်။
နဂါးဆူးတောင်ဓားသည် သူတို့၏ယုဝမ်မိသားစုနယ်မြေအတွင်း၌ တည်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ကြောင့် သူတို့သည်လည်း ဝင်္ကပါအတွင်းသို့ဝင်ရောက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြ၏။
သို့ရာတွင် တစ်စုံတစ်ယောက်သည် ဝင်္ကပါအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ချွင်းချက်မရှိ ပျောက်ဆုံးသွားကြသည်။ထိုလူ၏ကျင့်ကြံဆင့် မည်မျှမြင့်မားသည်ဖြစ်စေ ဝင်္ကပါ၏လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။ထို့ကြောင့် ယုဝမ်လင်ခုန်းသည် ဝင်္ကပါထိန်းချုပ်သည့်နည်းလမ်းကိုအသုံးပြု၍ အတွင်း၌ပိတ်မိနေသူများကို ပြင်ပသို့ထုတ်ပေးခဲ့ရသည်။
ယုဝမ်လင်ခုန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"သူတို့က ပိုင်မင်ဘိုးဘေးရဲ့မျိုးဆက်တွေ ဖြစ်နေမှတော့ သူတို့ဆီမှာ အထူးသီးသန့်နည်းလမ်းတွေရှိနေမှာပဲ...သူတို့က နဂါးဆူးတောင်ဓားကို ယူဆောင်သွားနိုင်တာလည်း ဖြစ်နိုင်တယ်"
သတ္တမအကြီးအကဲက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ပိုင်မင်ဘိုးဘေးရဲ့မိသားစု ပျက်စီးသွားခဲ့တာ အချိန်အတော်ကြာနေပြီ...ပိုင်မင်ဘိုးဘေးက လှည့်လည်သွားလာနေပြီးတော့ အခုထိပျောက်ဆုံးနေတယ်လို့ ငါ ကြားထားတယ်...ငါထင်တာတော့ ပိုင်မင်ဘိုးဘေးလည်း သေဆုံးသွားလောက်ပြီ....မိသားစုခေါင်းဆောင်...နဂါးဆူးတောင်ဓားကို ဘာလို့ ငါတို့မိသားစုအတွက် ယူထားလို့မရတာလဲ"
ယခုလက်ရှိချိန်တွင် သတ္တမအကြီးအကဲသည် သူ၏ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ဖော်လိုက်လေပြီ။
သူ၏ရည်ရွယ်ချက်အစစ်အမှန်မှာ နဂါးဆူးတောင်ဓားကို ယုဝမ်အိမ်တော်တွင် ဆက်လက်၍ထိန်းသိမ်းထားလိုခြင်းပင်။
Chapter 2372
အကယ်၍ နဂါးဆူးတောင်ဓားသာ သူတို့၏ယုဝမ်မိသားစုအတွင်းတွင် ဆက်လက်ရှိနေပါက သူတို့အကြီးအကဲများ၏ကျင့်ကြံမှုအတွက် အကြီးအကျယ်အကျိုးကျေးဇူးရပေမည်။
ဤနဂါးဆူးတောင်ဓားသည် သတ်ဖြတ်ရန်အတွက် အထူးသီးသန့်ဖန်တီးထားသော ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုပင်။
ထိုဓားသည် အနောက်ဘက်ခြံဝန်းအတွင်း၌ရှိနေသဖြင့် ထိုနေရာပတ်ဝန်းကျင်တွင် ဓားစိတ်ဆန္ဒများဖြင့် တစ်ချိန်လုံးပြည့်နှက်နေသည်။
ယုဝမ်မိသားစုအကြီးအကဲများသည် နဂါးဆူးတောင်ဓား၏အနီးသို့ မချဥ်းကပ်ဝံ့သော်လည်း သူတို့သည် အနောက်ဘက်ခြံဝန်းအတွင်း၌ ကျင့်ကြံခြင်းဖြင့် ဓားစိတ်ဆန္ဒများကို တဖြည်းဖြည်းလေ့လာဆင်ခြင်နိုင်သည်။
ထို့ထက်ပို၍အရေးကြီးသောအချက်မှာ နဂါးဆူးတောင်ဓား တည်ရှိနေခြင်းကြောင့် သူတို့၏ယုဝမ်မိသားစုသည် ဘေးကင်းလုံခြုံစွာ ရပ်တည်နေနိုင်ခြင်းပင်။
ကျီးကန်းနက်တောင်တန်း၏နံဘေးပတ်ဝန်းကျင်တွင် အရင်းအမြစ်များ အလွန်အမင်းရှားပါးသည်ကို လူတိုင်း သိရှိထားပြီးဖြစ်သည်။ထို့ပြင် အလွန်အေးစိမ့်သော ပတ်ဝန်းကျင်အခြေအနေကြောင့် လူရိုင်းမျိုးနွယ်များသည် မြို့များအတွင်းသို့ ကျူးကျော်ဝင်ရောက်လိုကြ၏။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းတွင် လူရိုင်းမျိုးနွယ်များစွာ ရှိနေသဖြင့် အုပ်ချုပ်ရေးအဖွဲ့သည် နယ်မြေအားလုံးကို နာမည်ခံအရသာ ထိန်းချုပ်နိုင်သည်။ထို့ကြောင့် လူရိုင်းများသည် နည်းလမ်းမျိူးစုံဖြင့် တိုက်ခိုက်ကြကာ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်ရေးအဖွဲ့၏စည်းမျဥ်းများကို လိုက်နာခြင်းမရှိချေ။
လူရိုင်းများသည် အိမ်များအတွင်းသို့ ကျူးကျော်ဝင်ရောက်၍ မြို့များကိုအပိုင်စီးသည့်ကိစ္စများကို မကြာခဏပြုလုပ်လေ့ရှိသည်။
ထိုလူရိုင်းများ အလွန်အကျူး ဆိုးရွားမလာသရွေ့ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်ရေးအဖွဲ့သည် ဝင်ရောက်စွက်ဖက်ခြင်းမရှိချေ။
နဂါးဆူးတောင်ဓားသာ မရှိတော့ပါက သူတို့ယုဝမ်မိသားစု၏ လူရိုင်းများအပေါ် ထိန်းချုပ်ဟန့်တားနိုင်သောစွမ်းအား အကြီးအကျယ် ယုတ်လျော့သွားပေမည်။
ယုဝမ်လင်ခုန်းသည် ထိုအကြောင်းများကို သိနားလည်ထားသော်လည်း သူက လေးနက်တည်ကြည်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒါက ငါတို့ယုဝမ်မိသားစုက ပိုင်မင်ဘိုးဘေးကို ကတိပေးထားပြီးသား ကိစ္စ...တကယ်လို့ ဒီဓားကိုသာ ငါတို့အပိုင်သိမ်းလိုက်ရင် ဒီသတင်းပျံ့သွားတာနဲ့ ငါတို့မိသားစုကို တခြားသူတွေက ပြက်ရယ်ပြုကြလိမ့်မယ်"
ရှယီပိုင်က အနည်းငယ်စိတ်မရှည်တော့သောအမူအယာဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့်...သူတို့ကို အခွင့်အရေးပေးရင်တောင် သူတို့က အရယူနိုင်မှာမဟုတ်ဘူး...နဂါးဆူးတောင်ဓား ဒီနေရာမှာရှိနေတာတောင် ကျွန်တော်တို့ မယူနိုင်ခဲ့ဘူးလေ...သူတို့က ဝင်္ကပါထဲမှာပိတ်မိနေပြီးတော့ ကျွန်တော်တို့လာကယ်မှာကို စောင့်နေတာလို့ ကျွန်တော်တော့ထင်တယ်"
ရှယီပိုင်၏အသံ အဆုံးသတ်သွားသောအချိန်မှာပင်....
သူတို့ရှေ့ရှိမြူခိုးများ ရုတ်တရက် တလိမ့်လိမ့်လှိုင်းထလာသည်။
ထို့နောက် အဖြူရောင်မြူခိုးများကြားမှနေ၍ လုယွီနှင့်ထန်အာတို့နှစ်ယောက်၏ပုံရိပ်များ ထွက်လာပေ၏။
သူတို့နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပြင်ပသို့ထွက်လာသည်ကိုကြည့်ပြီး ရှယီပိုင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ထိုလူနှစ်ယောက် ဝင်္ကပါအတွင်း၌ ပိတ်မိနေလောက်ပြီဟု အစောပိုင်းကပင် သူ ပြောဆိုခဲ့သည်။သို့ရာတွင် လုယွီနှင့်ထန်အာသည် ပြင်ပသို့ထွက်လာခဲ့သဖြင့် သူ့အား ပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
"သူတို့ ထွက်လာနိုင်ရင်ရော ဘာဖြစ်လဲ...သူတို့က နဂါးဆူးတောင်ဓားကို ရခဲ့တာမှမဟုတ်တာ...ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုကို ရယူဖို့ဆိုတာ....."
ရှယီပိုင်က ဆက်လက်၍ သရော်တော်တော်ပြောဆိုရန် အဆင်သင့်ဖြစ်နေခဲ့သည်။
သို့သော် ရုတ်တရက် ထန်အာ၏လက်အတွင်းရှိ ဓားရှည်ကိုမြင်တွေ့ချိန်တွင် သူ အလွန်အံ့အားသင့်တုန်လှုပ်သွားသည်။
"ထန်အာ...မင်း...."
ယုဝမ်လင်ခုန်းက ထန်အာ၏လက်အတွင်းရှိဓားရှည်ကို ထိတ်လန့်တုန်လှုပ်သောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေလေ၏။
ဤနဂါးဆူးတောင်ဓားသည် သူတို့၏ယုဝမ်မိသားစုအတွင်း၌ ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ယုဝမ်မိသားစုဝင်များသည် ထိုဓားကိုယူဆောင်ရန်အတွက် ကြိုးစားခဲ့သော်လည်း သူတို့သည် မြူခိုးများအတွင်းသို့ ခြေချမိသည်နှင့် သူတို့၏ဦးတည်ချက်လမ်းကြောင်း ပျောက်ဆုံးသွားကာ နဂါးဆူးတောင်ဓား၏တည်နေရာကို ရှာတွေ့နိုင်ခြင်းမရှိတော့ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထန်အာသည် နဂါးဆူးတောင်ဓားကို အမှန်တကယ် ယူဆောင်နိုင်ခဲ့လေပြီ။
"ယုဝမ်မိသားစုကို ကျေးဇူးအများကြီးတင်ပါတယ်...ကျွန်မတို့က ဆရာသခင်ဆီပြန်ပြီး သတင်းပို့ရမှာမလို့ သွားခွင့်ပြုပါဦး"
ထန်အာက ရိုသေလေးစားစွာ ပြောဆိုသည်။
ယုဝမ်မိသားစုဝင် အကြီးအကဲအများစု၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
ရှယီပိုင်၏မျက်လုံးများ နီမြန်းနေပြီး သူက ထန်အာ၏လက်အတွင်းရှိဓားရှည်ကိုသာ စူးစိုက်၍ကြည့်နေသည်။
ယခင်က သူသည် ထန်အာနှင့်လုယွီကို အဆက်မပြတ်လှောင်ပြောင်သရော်ခဲ့သည်။
ထန်အာသည် ဧကရာဇ်အဆင့်မှော်လက်နက်ကိုယူဆောင်၍ ပြင်ပသို့ထွက်လာနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
ယုဝမ်လင်ခုန်းက ချောင်းတစ်ချက်ဟန့်ကာ ပြောဆိုလိုက်၏။
"ဒါက ကောင်းပါတယ်...ဒီဓားက အရင်ကတည်းက မင်းတို့ဆရာသခင်ရဲ့ပိုင်ဆိုင်မှုပဲ...အခု မင်းတို့က ဒီဓားကို ပြန်ယူသွားပြီဆိုမှတော့ ပိုင်ရှင်ဆီ ပြန်ရောက်သွားတာပဲလေ"
ထို့နောက် သူက မိုးကောင်းကင်ယံကိုတစ်ချက်မော့ကြည့်ကာ ဆက်လက်ပြောဆိုသည်။
"အခုက အချိန်တော်တော်လေး နောက်ကျနေပြီ...မင်းတို့ မြို့ထဲမှာ တစ်ညလောက်နေပြီးတော့ မနက်ကျမှ ကျောင်းတော်ကိုပြန်ကြပါလား"
ဝေ့ရှစ်မြို့၏ပြင်ပ၌ အမှောင်ထုကြီးက လွှမ်းခြုံနေလေပြီ။
ကျီးကန်းနက်တောင်တန်း၏ပတ်ဝန်းကျင်တွင် ယခင်ကတည်းက အလွန်အေးစိမ့်ပေရာ ညအချိန်တွင် အရိုးကွဲလုမတက် ပို၍အေးစိမ့်သည်။
ထန်အာသည် မှော်လက်နက်ကိုယူဆောင်ပြီးပြီဖြစ်သဖြင့် ကျောင်းတော်သို့ အလျှင်အမြန်ပြန်လိုနေရာ သူမက ပြောဆိုလိုက်၏။
"မနေတော့ပါဘူး ..ကျွန်မတို့ အခုချက်ချင်း ထွက်သွားတော့မယ်"
ဤနေရာတွင် သူမတို့ ဆက်လက်၍နေနေပါက မလိုလားအပ်သောပြဿနာများ မဖြစ်ပွါးနိုင်ဟု မပြောနိုင်ချေ။
Chapter 2373
ယုဝမ်လင်ခုန်းက ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုလိုက်၏။
"ကောင်းပြီလေ....မင်းတို့ လမ်းခရီးမှာ ဂရုစိုက်သွားကြပါ"
နဂါးဆူးတောင်ဓားကို ယူဆောင်သွားပြီဖြစ်သဖြင့် သူတို့၏ယုဝမ်အိမ်တော်သည် ယခင်ကဲ့သို့ ခုခံကာကွယ်နိုင်မှုစွမ်းအား ကောင်းမွန်တော့မည်မဟုတ်ချေ။
မိသားစုခေါင်းဆောင်တစ်ယောက်အနေဖြင့် ယခုလက်ရှိအချိန်၌ ယုဝမ်လင်ခုန်းတွင် လုပ်ဆောင်စရာကိစ္စ အမြောက်အများရှိနေသည်။
လုယွီက ရုတ်တရက် ပြောဆိုလေသည်။
"ယုဝမ်မိသားစုခေါင်းဆောင်...ကျွန်တော်တို့နှစ်ယောက်တည်း သီးသန့်စကားပြောလို့ရမလား"
အမ်...
ယုဝမ်လင်ခုန်းက အနည်းငယ်ကြက်သေသေသွားသော်လည်း သူက ခေါင်းညိတ်၍ သဘောတူညီလိုက်၏။
သူတို့နှစ်ယောက်သည် လျှို့ဝှက်ခန်းတစ်ခန်းအတွင်းသို့ ရောက်ရှိသွားကြသည်။ယုဝမ်လင်ခုန်းက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
"ဘာကိစ္စရှိလို့လဲ...ပြောပါအုံး"
လုယွီက ပြောဆိုလေ၏။
"ကျွန်တော်က စကားကိုတဲ့တိုးပဲပြောတက်တဲ့အတွက် ခွင့်လွှတ်ပေးပါ...အခုချိန်မှာ ယုဝမ်မိသားစုရဲ့အတွင်းရေးအခြေအနေက မလုံခြုံတော့ဘူး...လူတချို့က အစိမ်းရောင်ကြာနတ်ဘုရားနဲ့ ပူးပေါင်းထားကြပုံရတယ်"
အစိမ်းရောင်ကြာနတ်ဘုရားဟု ဆိုသလော....
ယုဝမ်လင်ခုန်းက ရုတ်တရက် တွေဝေမိန်းမောသွားသည်။သူတို့၏ယုဝမ်မိသားစုသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သဖြင့် အစိမ်းရောင်ကြာနတ်ဘုရားအကြောင်း ကောင်းစွာသိရှိထားသည်။
အစိမ်းရောင်ကြာနတ်ဘုရား၏နောက်လိုက်များသည် သူတို့၏လှုပ်ရှားမှုများကို မဆင်မခြင်ပြုလုပ်ရုံသာမက သူတို့၏ကိုယ်ပိုင်မိသားစုများကိုလည်း ဂရုမစိုက်ကြချေ။သူတို့၏မိသားစုများအတွင်း၌ မတော်မဆကိစ္စရပ်များနှင့် မကြာခဏကြုံတွေ့ရလေ့ရှိသည်။
ထို့ကြောင့် မည်သည့်မိသားစုတွင်မဆို အစိမ်းရောင်ကြာနတ်ဘုရား၏နောက်လိုက်ကို တွေ့ရှိသည်နှင့် ထိုလူကို အချိန်မဆိုင်းဘဲ ကွပ်မျက်ကြလေ၏။
"ဒါက တကယ်ပဲလား"
ယုဝမ်လင်ခုန်းက ပျာပျာသလဲ မေးမြန်းသည်။
လုယွီက ခေါင်းညိတ်ပြကာ ပြောဆိုသည်။
"အမှန်ပဲ...အခု သတ္တမအကြီးအကဲ ရှယီပိုင်နဲ့ တခြားလူတချို့က အစိမ်းရောင်ကြာနတ်ဘုရားရဲ့သစ္စာခံတွေ ဖြစ်နေပြီ....အစိမ်းရောင်ကြာနတ်ဘုရားက သူ့နောက်လိုက်တွေရဲ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ထည့်ထားတယ်...သူတို့ဘယ်လောက်ပဲ လုံခြုံအောင်ဖုံးကွယ်ထားပါစေ ဟာကွက်တွေရှိနေတုန်းပဲ"
လုယွီစကားကိုကြားချိန်တွင် ယုဝမ်လင်ခုန်း၏စိတ်နှလုံးသားသည် လေထုအတွင်း၌ ချိတ်ဆွဲခံရသကဲ့သို့ စိတ်သက်သာရာရသွားသည်။
"ဒါဆိုရင် အဲ့ဒီလိုလား...ငါ ဒါကို မှတ်ထားလိုက်မယ်"
ယုဝမ်လင်ခုန်းက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
သူ၏တွေးထင်မှုအရ သတ္တမအကြီးအကဲနှင့်ရှယီပိုင်သည် ဆိုးရွားသောစကားများ ပြောဆိုခဲ့မှုကြောင့် လုယွီသည် သူတို့အား မုန်းတီးနေပေမည်။ဤသည်ကြောင့် လုယွီသည် သူတို့အား တမင်သက်သက် ချောက်ချခဲ့ခြင်း ဖြစ်လိမ့်မည်။
သတ္တမအကြီးအကဲနှင့်ယုဝမ်လင်ခုန်းသည် မကြာခဏ အငြင်းပွါးလေ့ရှိသည်။သို့ရာတွင် သတ္တမအကြီးအကဲသည် ပြင်ပသို့ထွက်လေ့မရှိဘဲ အိမ်တော်အတွင်း၌သာ အစဥ်အမြဲကျင့်ကြံနေသူဖြစ်သဖြင့် အစိမ်းရောင်ကြာနတ်ဘုရားနှင့်ထိတွေ့ဆက်ဆံရန်မှာ မဖြစ်နိုင်ချေ။
ယုဝမ်မိသားစု၏ဧည့်အကြီးအကဲဖြစ်သော ရှယီပိုင်၏မိသားစုနောက်ခံကိုလည်း သူ စုံစမ်းစစ်ဆေးထားပြီးလေပြီ။ရှယီပိုင်သည် နောက်ကြောင်းရှင်းသော မိသားစုနောက်ခံရှိသူပင်။
ယုဝမ်လင်ခုန်း၏အမြင်အရ လုယွီ ထိုသို့ပြောဆိုရခြင်းမှာ မုန်းတီးခြင်းမှပေါ်ပေါက်လာသော အတင်းအဖျင်းစကားများပင်။
သူ၏ ထိုကဲ့သို့တုံ့ပြန်မှုသည် လုယွီ၏အမြင်အာရုံအောက်မှ ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ။
ယခုအချိန်တွင် သူ မည်သို့ပြောဆိုသည်ဖြစ်စေ အချည်းနှီးဖြစ်ကြောင်း လုယွီက သိရှိသွားသည်။ဆန့်ကျင်ဘက်အနေဖြင့် သူ ထပ်၍ပြောဆိုပါက ပြဿနာများပင်ဖြစ်ပွါးလာနိုင်သည်။ထို့ကြောင့် သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။
"နဂါးဓား မရှိတော့ဘူးဆိုတော့ တချို့လူတွေက အခွင့်ကောင်းရှာပြီး လှုပ်ရှားကြလိမ့်မယ်...မိသားစုခေါင်းဆောင်က အနီးအနားကလူတွေကို သတိထားတာ ပိုကောင်းမယ်"
"တော်သင့်ပြီ"
ယုဝမ်လင်ခုန်းက လုယွီ၏စကားကိုကြားဖြတ်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါ ဒီကိစ္စကို သေချာအောင်စုံစမ်းလိုက်မယ်...အခု အပြင်မှာမှောင်နေပြီ...မင်းတို့ မြန်မြန်သွားကြတော့"
ယုဝမ်လင်ခုန်းသည် ယုံကြည်မှုမရှိသည်ကိုကြည့်ပြီး လုယွီက ထပ်မံ၍ငြင်းခုန်ပြောဆိုခြင်းမပြုဘဲ ထွက်ခွါခဲ့တော့သည်။
လုယွီနှင့်ထန်အာသည် ဝေ့ရှစ်မြို့မှနေ၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဦးတည်၍ ထွက်ခွါခဲ့ကြသည်။
ကျီးကန်းနက်တောင်တန်း၏အနီးအနားရှိ ရာသီဥတုအခြေအနေသည် အလွန်ဆိုးရွားလှ၏။ညအချိန်တွင် မိုးကောင်းကင်ယံအတွင်း၌ မျောလွင့်နေသော နှင်းလွှာများဖြင့် ပြည့်နှက်နေသည်။
သူတို့၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သော်လည်း နှင်းမုန်တိုင်း၏သက်ရောက်မှုကြောင့် မြို့ငယ်လေးအတွင်း၌ အချိန်နှစ်ရက်ကြာ အနားယူခဲ့ရသည်။
လုယွီသည် သူသေဆုံးပြီးနောက် မည်သည့်ကိစ္စရပ်များဖြစ်ပျက်ခဲ့သည်ကို ပိုင်မင်ဘိုးဘေးအား မေးမြန်းခဲ့လေ၏။
သို့ရာတွင် ပိုင်မင်ဘိုးဘေးသည် နဂါးဆူးတောင်ဓားအတွင်း၌ ပိတ်မိနေသဖြင့် ပြင်ပရှိကိစ္စရပ်များအကြောင်းကို များစွာမသိရှိချေ။
မည်သို့ပင်ဆိုစေကာမူ ပိုင်မင်ဘိုးဘေးက သူ၏နေရာဟောင်းသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၌ရှိကြောင်း အမှတ်ရနေဆဲပင်။အကယ်၍ ဤဘုရားကျောင်းပျက် တည်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပါက သူ ရှာမတွေ့နိုင်သည်မှာ မဖြစ်နိုင်ချေ။
လုယွီက ဤကိစ္စရပ်များ ဖြစ်ပေါ်လာခြင်းမှာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကြောင့်ဟု ယူဆထားသည်။
အတိတ်ဘဝတွင် လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို စိန်ခေါ်ခဲ့သဖြင့် ကောင်းကင်ဘုံနယ်မြေ၏အရှင်သခင် ကြွေလွင့်ခဲ့ရသည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ ထိန်းချုပ်ဟန့်တားမှုမရှိတော့သဖြင့် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဆိုးသွမ်းသောသက်ရှိမျိုးနွယ်တချို့ ထကြွသောင်းကျမ်းစပြုလာပေ၏။
"ဒီတစ်ကြိမ်မှာ ငါက ဒီနေရာကို မတော်တဆတွေ့ခဲ့ရတယ်...ဒါပေမယ့် ကောင်းကင်ဘုံနယ်မြေရဲ့တခြားနေရာတွေမှာ ရှေးဟောင်းနတ်ဆိုးတွေရဲ့ ခြေရာလက်ရာတွေ ရှိမနေဘူးလို့ ငါ အတပ်မပြောနိုင်ဘူး...ကြည့်ရတာတော့ လောကကြီးတစ်ခုလုံးအတွက် ဘေးကပ်ဆိုးကြီးက ရောက်လာတော့မယ့်ပုံပဲ...ငါ့ရဲ့ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံးမြှင့်တင်တာ ပိုကောင်းလိမ့်မယ်"
လုယွီ၏စိတ်နှလုံးသားအတွင်းမှ မွန်းကြပ်နေမှုများ တစတစ ပို၍ပြင်းထန်လာခဲ့သည်။
Chapter 2374
"ဒီဓားက နင့်အနားကို အရမ်းကပ်တာပဲ"
ထန်အာက မနာလိုသောအကြည့်ဖြင့် လုယွီကိုကြည့်ကာ ပြောဆိုသည်။
ထန်အာသည် နဂါးဆူးတောင်ဓားကို ထိန်းသိမ်းရာ၌ ဦးဆောင်သူဖြစ်သော်လည်း ထိုဓားသည် လျှို့ဝှက်စွာဖြင့် လုယွီထံသို့ မကြာခဏ ပြေးထွက်သွားလေ၏။
လုယွီသည် နဂါးဆူးတောင်ဓား၏ယုံကြည်မှုကို မည်ကဲ့သို့ရရှိသွားသည်ကို သူမ မသိရှိသော်လည်း လုယွီနှင့်ဓားကို ခွဲခြားထား၍မရချေ။
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ဒီဓားကို မင်းရဲ့ဆရာသခင်ဆီ ပေးပြီးတဲ့အချိန်ကျရင်...ငါ ထပ်ပြီးမကြည့်တော့ဘူး"
အကယ်၍ ဤနဂါးဆူးတောင်ဓားအတွင်း၌ ပိုင်မင်ဘိုးဘေးရှိနေသည်ကို ထိုမိန်းကလေးအား သူ ပြောပြလိုက်ပါက သူမ ထိတ်လန့်တုန်လှုပ်သွားပေမည်။
ထန်အာသည် နဂါးဆူးတောင်ဓားကို နံဘေးဘက်သို့ ဂရုတစိုက်ချထားကာ ပြောဆိုလိုက်၏။
"ဒီတစ်ကြိမ်တော့ နင်က အများကြီးအကျိုးဆောင်နိုင်ခဲ့တာပဲ...ဒါပေမယ့် ငါ နင့်ကို အကြံတစ်ခုတော့ပေးချင်တယ်...နတ်ဘုရားကုန်းမြေ လျှို့ဝှက်နယ်မြေက မရိုးရှင်းဘူး...နောက်ဆုံးတစ်ကြိမ်တုန်းက အဲ့ဒီနယ်မြေထဲကိုဝင်သွားတဲ့ လူတွေရဲ့သုံးပုံတစ်ပုံလောက်ပဲ အပြင်ကိုပြန်ထွက်နိုင်တယ်...ဒါက အထဲမှာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို ပြသနေတယ်"
"အဲ့ဒီထဲမှာ ဘာရှိလဲဆိုတာ မင်း သိလား"
လုယွီက မေးမြန်းသည်။
ထန်အာက အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် ပြောဆိုလေသည်။
"ငါက အဲ့ဒီနယ်မြေထဲကို တစ်ခါမှမဝင်ဖူးဘူး...ဒါကြောင့် ငါက တခြားသူတွေရဲ့ပြောစကားကို ကြားရသလောက်ပဲသိတယ်...အဲ့ဒါက လူတစ်ယောက်ရဲ့ခွန်အားကို တားမြစ်ကန့်သတ်ထားတဲ့ အောက်ဘုံတစ်ခုနဲ့တူတယ်...နင့်ရဲ့ခွန်အားက အစကတည်းက မြင့်မားတာမဟုတ်ဘူး....တကယ်လို့ နင် အထဲမှာ မဆင်မခြင်လျှောက်သွားမနေရင်တော့ အဆင်ပြေမှာပါ"
"အဲ့ဒီထဲကို ဝင်နိုင်တဲ့သူတွေက လက်ရွေးစင်တပည့်တွေပဲ...ဆရာသခင်က တခြားတပည့်တွေကို ထောက်ခံပေးဖို့အတွက် တစ်ခါမှသဘောမတူဖူးဘူး...ဒီတစ်ကြိမ်တော့ နင် ပိုပြီးဂရုစိုက်သင့်တယ်"
ထန်အာ၏စကားများသည် ချိုသာမှုမရှိသော်လည်း သူမသည် စိတ်စေတနာကောင်းဖြင့် လုယွီကို သတိပေးနေခြင်းပင်။
လုယွီက ခေါင်းညိတ်ပြကာ သူရရှိထားသော သတင်းအချက်အလက်များကို မှတ်သားထားလိုက်၏။
သူတို့နှစ်ယောက်သည် တည်းခိုခန်းတစ်ခုအတွင်း၌ ရှိနေပြီး ဤနေရာသို့ လာရောက်သူအများစုမှာ ကျင့်ကြံသူများဖြစ်သည်။
ရုတ်တရက် လုယွီက တံခါး၏ပြင်ပတွင်ရှိနေသော လူရိပ်နှစ်ရိပ်ကို အာရုံခံမိချိန်တွင် သူ၏မျက်လုံးအကြည့် အေးစက်သွားသည်။
'မင်းတို့က တကယ့်ကိုပဲ ငါတို့နောက်ကို ဒီနေရာထိ လိုက်လာကြပါလား"
သူ၏နတ်ဘုရားစိတ်အာရုံအောက်တွင် ဆယ်ယောက်ထက်ကျော်သော ကျင့်ကြံသူများ တည်းခိုခန်း၏ပြင်ပ၌ရှိနေခြင်းကို အာရုံခံမိသည်။
ထိုလူများသည် လုယွီနှင့်ထန်အာကို အခွင့်အရေးရသည်နှင့်သတ်ဖြတ်ရန် လမ်းတလျှောက်လုံးနောက်ယောင်ခံလိုက်လာခြင်းဖြစ်သည်။
ထိုလူများ၏ဖုံးကွယ်ခြင်းနည်းစနစ်သည် အလွန်အဆင့်မြင့်သဖြင့် လမ်းတလျှောက်လုံး၌ ထန်အာသည် သူတို့ထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို အာရုံခံမိခြင်းမရှိချေ။
"ဘာလို့လဲ"
လုယွီ၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသည်ကိုကြည့်ပြီး ထန်အာက အံ့အားတသင့်မေးမြန်းလိုက်၏။
လုယွီသည် ထန်အာကို တုံ့ပြန်၍အဖြေပေးခြင်းမရှိချေ။ထိုအစား သူက တည်းခိုခန်းတံခါးထံဦးတည်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
တံခါး၏ပြင်ပ၌ ရပ်တန့်နေသောကျင့်ကြံသူများသည် လုယွီက ဦးစွာတိုက်ခိုက်မည်ဟု မျှော်လင့်မထားကြချေ။ရုတ်ချည်းဆိုသလိုပင် ထိုကျင့်ကြံသူများအနက်မှတချို့ သေဆုံးသွားလေ၏။
ဘုန်း....
တည်းခိုခန်းတစ်ခန်းလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ဧည့်သည်များသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကိုကြည့်ရှုရန် တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ထွက်လာကြသည်။
"နင် ရူးနေတာလား....ဘာလို့ ဒီနေရာမှာ တိုက်ခိုက်တာလဲ"
ထန်အာက ထိတ်လန့်တုန်လှုပ်သွားသည်။
သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....
အသက်ရှင်ကျန်ရစ်သောကျင့်ကြံသူများသည် သူတို့၏အပေါင်းအဖော်များ သေဆုံးသွားသည်ကို မြင်သည့်တိုင် ကြောက်ရွံပုံမရချေ။သူတို့သည် လုယွီနှင့်ထန်အာကို ဆက်လက်၍ တိုက်ခိုက်ကြ၏။
"ဒီနေရာမှာ လူတွေအများကြီးရှိနေတော့ မင်းတို့ကိုယ်မင်းတို့ ထိန်းချုပ်ထားမယ်လို့ ငါ ထင်ထားခဲ့တာ...မင်းတို့က မဆင်မခြင် လှုပ်ရှားဝံ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းတို့က ဒီနေရာကိုစေလွှတ်ခံထားရတဲ့ စတေးခံလူတွေမလား"
လုယွီ၏မျက်နှာက အေးစက်တင်းမာနေသည်။
လုယွီ၏စိတ်နှလုံးသားသည် တည်ငြိမ်အေးဆေးနေသော်လည်း ထန်အာကမူ ထိတ်လန့်တုန်လှုပ်နေခြင်းမှာ သိသာထင်ရှားသည်။
"နင်တို့က ဘယ်သူတွေလဲ...ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ဝံ့တယ်ပေါ့လေ"
ထန်အာက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။သူမ၏လက်အတွင်းရှိ နဂါးဆူးတောင်ဓားမှနေ၍ ချက်ချင်းဆိုသလိုပင် အလင်းတန်းများ ဖြာထွက်လာသည်။
ပိုင်မင်ဘိုးဘေးသည် သနားကြင်နာတက်သူတစ်ယောက်မဟုတ်ချေ။အမှန်အားဖြင့် ထန်အာပင်လျှင် တိုက်ခိုက်ရန်မလိုအပ်ချေ။အစွမ်းထက်သောဓားချီတစ်လှိုင်းက ပတ်ဝန်းကျင်နေရာတဝိုက်ကို ဖြတ်သန်းသွားခြင်းနှင့်အတူ စတေးခံလူများအားလုံးကို သတ်ဖြတ်လိုက်သည်။
"ငါ ဒီစတေးခံလူတွေကို ယုဝမ်အိမ်တော်မှာမြင်ဖူးတယ်...ပြီးတော့ သူတို့ဆီမှာ အစိမ်းရောင်ကြာနတ်ဘုရားရဲ့အငွေ့အသက်တွေရှိနေတယ်"
ပိုင်မင်ဘိုးဘေးက လုယွီထံ အသံပေးပို့လိုက်၏။
သူတို့နောက်ကို လိုက်လာသော စတေးခံလူများကို ယုဝမ်မိသားစုမှ စေလွှတ်လိုက်ခြင်းဖြစ်သည်။
ဤသည်က လုယွီ မျှော်လင့်ထားသကဲ့သို့ပင်။
လူအမြောက်အများ သေဆုံးသွားသည်ကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် ထိတ်လန့်တကြား နောက်ဆုတ်လိုက်ကြ၏။ပတ်ဝန်းကျင်နေရာတစ်ခုလုံး ဖရိုဖရဲဖြစ်သွားခဲ့သည်။
ထိုအချိန်မှာပင် မှုန်တေတေအသံတစ်သံက ထွက်ပေါ်လာသည်။
"ဒီနေရာမှာ ပြဿနာရှာတာ ဘယ်ကောင်တွေလဲ"
Chapter 2375
သံချပ်ကာဝတ်စုံဝတ်ဗိုလ်ချုပ်တစ်ယောက်သည် ရာနှင့်ချီသောစစ်သားများနှင့်အတူ တဟုန်ထိုးရောက်ရှိလာသည်။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအုပ်ချုပ်ရေးအဖွဲ့၏ တရားစီရင်မှုအောက်တွင်ရှိသော မြို့များ၌ အရာရှိများနှင့်စစ်သားများရှိနေသည်။
ထိုအရာရှိများနှင့်စစ်သားများသည် ဥပဒေစည်းမျဥ်းကိုထိန်းသိမ်းရန် စောင့်ကြပ်နေခြင်းဖြစ်သည်။ကျင့်ကြံခြင်းလောကတွင် တောရိုင်းဥပဒေသ တည်ရှိသော်လည်း မြို့များအတွင်း၌ တိုက်ခိုက်ခြင်းကိုမူ တားမြစ်ထားသည်။
"သူတို့က ငါတို့ကိုတိုက်ခိုက်ဖို့ရောက်လာတဲ့ စတေးခံလူတွေပဲ...သူတို့က အစိမ်းရောင်ကြာနတ်ဘုရားရဲ့နောက်လိုက်ကိုးကွယ်သူတွေ...မင်းတို့ သူတို့ကို စစ်ဆေးကြည့်နိုင်တယ်"
လုယွီက သူ၏တံဆိပ်ပြားကိုထုတ်၍ ပြသလိုက်၏။
ထိုတံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်၏စိတ်သဘောထား အနည်းငယ်ပျော့ပျောင်းသွားသည်။
အလောင်းများကို စစ်ဆေးကြည့်လိုက်ချိန်တွင် ထိုလူများ၏ခန္ဓာကိုယ်များပေါ်၌ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏အမှတ်အသားရှိနေခြင်းကို သူ မြင်တွေ့လိုက်ရသည်။
"ဒီအရူးတွေက တကယ့်ကို ကျူးကျော်ဝင်ရောက်လာကြတာလား"
သံချပ်ကာဝတ်စုံဝတ်စစ်ဗိုလ်ချုပ်၏နောက်ကျော၌ ချွေးစေးများ စိုရွှဲသွားသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသည် မည်သည့်နေရာ၌မဆို စစ်တပ်ကိုတိုက်ခိုက်သည့်အပြင် မြို့များအတွင်းသို့ဝင်၍ သတ်ဖြတ်မှုများကို ပြုလုပ်ကြ၏။
အကယ်၍ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသာ ဤမြို့ငယ်လေးအတွင်း၌ ပြဿနာရှာပါက သူ၏လက်အောက်မှ တပ်သားအနည်းငယ်မျှဖြင့် ထိုလူစုကို နှိမ်နင်းနိုင်မည်မဟုတ်ချေ။
"ဗိုလ်ချုပ်လုရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ဒီကောင်တွေက သေသင့်တယ်"
သံချပ်ကာဝတ်စုံဝတ်စစ်ဗိုလ်ချုပ်သည် သူ၏တပ်သားများနှင့်အတူ ရှုပ်ပွနေမှုများကို ရှင်းလင်းလိုက်တော့သည်။
လုယွီသည် တည်းခိုခန်းပိုင်ရှင်ကို နစ်နာကြေးအနေဖြင့် အင်မော်တယ်ကျောက်တုံးတချို့ပစ်ပေးကာ ထန်အာနှင့်အတူ တည်းခိုခန်းမှ ထွက်ခွါခဲ့တော့သည်။
"နင်က တော်ဝင်နန်းတွင်းက ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေတာကိုး...အဲ့ဒီလူတွေ ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ကြံစည်နေတာ နင် ဘယ်လိုလုပ်ပြီးသိတာလဲ"
ထန်အာက သိချင်စိတ်ပြင်းပြနေသောအကြည့်ဖြင့် လုယွီကိုကြည့်ကာ မေးမြန်းသည်။
လုယွီက ပြောဆိုသည်။
"မင်းရဲ့ဓားကို သိမ်းထားလိုက်တော့...ဒီဓားကို လူကြားထဲမှာထုတ်မပြတာ ပိုကောင်းလိမ့်မယ်"
မည်သို့ပင်ဆိုစေကာမူ နဂါးဆူးတောင်ဓားသည် ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုပင်။ထိုမှော်လက်နက်ထွက်ပေါ်လာခြင်းကို လူအမြောက်အများ မျက်စေ့ကျနေကြပေမည်။
ထန်အာက ထိုသို့တွေးတောပုံမရချေ။
"သူတိုက တေလေဂျပိုးတစ်စုပါပဲ...တကယ်လို့ သူတို့က ဒီဓားကိုလိုချင်နေရင်တောင် ငါ့ကို ထိဝံ့မှာမဟုတ်ဘူး"
ထန်အာသည် အလွန်ယုံကြည်ချက်ရှိနေသည်ကိုကြည့်ပြီး လုယွီက သက်ပြင်းတစ်ချက် မသိမသာရှိုက်လိုက်၏။
"ကောင်းပြီလေ...ငါ့မှာ ဖြေရှင်းစရာကိစ္စတချို့ရှိသေးတယ်...မင်း ဒီဓားနဲ့အတူပြန်နှင့်တော့"
လုယွီက သူမကို ထပ်မံ၍သတိမပေးတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ပိုင်မင်ဘိုးဘေးရှိနေသဖြင့် ထန်အာသည် အတွေ့အကြုံနည်းပြီး ပြင်ပလောက မည်မျှထိအန္တရာယ်များသည်ကို မသိရှိသည့်တိုင် သူမသည် မည်သည့်အန္တရာယ်မျိုးနှင့်မျှ ကြုံတွေ့ရမည်မဟုတ်ပေ။
ထန်အာက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။
"ဟွန့်...အစကတည်းက ငါ့နောက်ကို နင်လိုက်လာဖို့ မလိုပါဘူး...နင်လုပ်ချင်တာကို လုပ်လို့ရတယ်...နင် ငါ့အစား စစ်တုရင်ကစားပွဲနိုင်အောင် ကစားပေးခဲ့တဲ့မျက်နှာကိုထောက်ပြီး ငါ့ရဲ့ဆရာသခင်ရှေ့မှာ ငါ နင့်အတွက် စကားကောင်းပြောပေးမယ်"
ဤမိန်းကလေးသည် လျှာစောင်းထက်သူဖြစ်သော်လည်း စိတ်နှလုံးသားကောင်းမွန်သည်။
လုယွီသည် သူမအား အနည်းငယ်မျှပင် စိတ်ဆိုးဒေါသထွက်ခြင်းမရှိချေ။သူက ထန်အာကို နှုတ်ဆက်ပြီးနောက် ယုဝမ်အိမ်တော်သို့ ဦးတည်၍ပျံသန်းခဲ့သည်။
"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်တွေက အလောတကြီးလှုပ်ရှားလာတာကိုထောက်ရင် သူတို့ရဲ့နတ်ဘုရားဆီက အမိန့်ရထားလို့ပဲနေမှာ....အဲ့ဒီနေရာကို အစိမ်းရောင်ကြာနတ်ဘုရား သိမ်းပိုက်သွားလို့မဖြစ်ဘူး"
မူလက လုယွီသည် ယုဝမ်လင်ခုန်း၏အကူအညီကိုယူ၍ ယုဝမ်မိသားစုကိုသန့်စင်အောင်ပြုလုပ်ရန် စီစဥ်ထားခဲ့သည်။သို့ရာတွင် ကံအကြောင်းမလှစွာဖြင့် ယုဝမ်လင်ခုန်းသည် သူ၏စကားများကို ယုံကြည်ခြင်းမရှိချေ။
လုယွီသည် ထန်အာနှင့်အတူ သွားလာချိန်တွင် သူမ၏အရှိန်နှုန်းအတိုင်း ထိန်းသိမ်း၍သွားခဲ့ရသည်။
သို့ရာတွင် ယခုချိန်၌ သူတစ်ယောက်တည်းဖြစ်သဖြင့် မည်သည့်အရာကိုမျှ ဂရုစိုက်နေရန်မလိုတော့ချေ။
သူတို့နှစ်ယောက် နှစ်ရက်တာသွားလာခဲ့သော်လည်း အချိန်နှစ်နာရီမျှဖြင့် လုယွီသည် ဝေ့ရှစ်မြို့သို့ ပြန်လည်ရောက်ရှိသွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် ဝေ့ရှစ်မြို့တံခါးကို တင်းကြပ်စွာပိတ်ထားသည်။မြို့၏အကာအကွယ်ဝင်္ကပါကို အပြည့်အဝအသက်သွင်းထားကာ အလင်းလွှာတစ်လွှာက မြို့၏အထက်၌ လွှမ်းခြုံနေသည်။
လုယွီရောက်လာသည်ကိုမြင်ချိန်တွင် မြို့ရိုးပေါ်၌ အစောင့်အမြောက်အများ ထွက်ပေါ်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း...ဝေ့ရှစ်မြို့က စစ်တပ်အုပ်ချုပ်ရေးအောက်မှာ ရှိနေတယ်...ဘယ့်သူကိုမှ ဝင်ခွင့်မပြုဘူး"
သို့ရာတွင် လုယွီသည် ထိုစကားများကို မကြားသကဲ့သို့ ဆက်လက်၍ လျှောက်လှမ်းနေသည်။
လုယွီသည် ရပ်တန့်ခြင်းမရှိဘဲ မြို့၏အကာအကွယ်ဝင်္ကပါထံသို့ ဦးတည်၍ပျံသန်းလာသည်ကိုကြည့်ပြီး အစောင့်များက အေးစက်စက် နှာမှုတ်လိုက်သည်။
"ဟမ့်....မင်းက သေလမ်းကိုရှာနေတာပဲ"
ဝေ့ရှစ်မြို့၏အကာအကွယ်ဝင်္ကပါသည် အလွန်ပင်တောင့်တင်းခိုင်မာပေ၏။
အကယ်၍ အစွမ်းထက်မှော်သားရဲအမြောက်အများ မြို့ကိုဝိုင်းရံ၍ တိုက်ခိုက်လျှင်ပင် ထိုဝင်္ကပါကြီးကို ချိုးဖျက်နိုင်မည်မဟုတ်ချေ။
ကျင့်ကြံသူများဆိုလျှင် ဆိုဖွယ်ရာပင်မရှိပေ။
ကျင့်ကြံသူများ၏မှော်စွမ်းအားများသည် မြင့်မားသော်လည်း သူတို့၏ရုပ်ခန္ဓာကိုယ်များသည် မှော်သားရဲများထက် ပို၍နုနယ်ပေ၏။
အကယ်၍ သူတို့သည် ဝင်္ကပါကို အတင်းအကြပ်ချိုးဖျက်ရန် ကြိုးပမ်းပါက ဝင်္ကပါ၏တိုက်ရိုက်သတ်ဖြတ်ခြင်းကိုခံရမည့်အပြင် သူတို့၏အရိုးအစအနပင်ကျန်မည်မဟုတ်ချေ။