အခန်း (၂၃၇၆-၂၃၈၀)
Vol. 122 Ch. 2376-2380
Chapter 2376
မြို့ရိုးပေါ်မှစစ်သားများသည် လှုပ်ရှားခြင်းမပြုဘဲ မဟာဝင်္ကပါကြီးထံသို့ လုယွီ ဦးတည်၍ပျံသန်းလာသည်ကို စောင့်ကြည့်နေကြ၏။
"အဲ့ဒီကောင်လေးရဲ့အလောင်း အပြည့်အစုံတောင်မကျန်မှာကို ငါ စိုးရိမ်မိတယ်"
လုယွီကိုစိုက်ကြည့်နေသော အစောင့်များ၏မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးမျိုး ထင်ဟပ်နေသည်။
သူတို့သည် ဆက်လက်၍သရော်တော်တော်ပြောဆိုရန် ဟန်ပြင်နေစဥ်မှာပင် လုယွီက ကောင်းကင်ယံမှ ဆင်းသက်လာပြီး အကာအကွယ်ဝင်္ကပါကြီးနှင့် ရိုက်ခတ်မိသွားသည်။
ဘုန်း...
ကျယ်လောင်သောပေါက်ကွဲသံကြီးက အကာအကွယ်ဝင်္ကပါတစ်ခုလုံးထံမှနေ၍ မြည်ဟီးလာသည်။
ဤအချိန်အခိုက်အတန့်တွင် မြို့ရိုးပေါ်၌ မတ်တတ်ရပ်နေသောအစောင့်များသည် သူတို့၏ခြေထောက်များ ထုံကျင်သွားသည်ကိုခံစားရကာ တည်ငြိမ်စွာမတ်တတ်ရပ်နိုင်ခြင်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျလာကြ၏။
ဤသည်က မည်ကဲ့သို့စွမ်းအားမျိုးဖြစ်သနည်း။
လုယွီကို လျှော့တွက်လဲ့ကြသော အစောင့်စစ်သားများ၏မျက်လုံးများ ပြူးကျယ်နေကာ မယုံကြည်နိုင်သောအကြည့်များဖြင့် လုယွီရှိနေသောနေရာသို့ စူးစိုက်၍ကြည့်နေကြသည်။
မှော်သားရဲများ၏တိုက်ခိုက်မှုကို ခုခံနိုင်ရန်အတွက် မြို့ရိုးကို အလွန်အမင်းထူထပ်ခိုင်မာသောပစ္စည်းများဖြင့် တည်ဆောက်ထားသည်။မြို့၏အောက်ခြေတွင် အထောက်အပံဝင်္ကပါများကိုလည်း ထူထပ်သိပ်သည်းစွာ ခင်းကျင်းထားလေ၏။
ဤဝင်္ကပါများရှိနေမှုကြောင့် မြို့၏အကာအကွယ်သည် ဖျက်ဆီး၍မရနိုင်လုနီးပါး ခိုင်မာအားကောင်းသည်။
သို့ရာတွင် ယခုချိန်၌ လုယွီသည် မြို့အကာအကွယ်ဝင်္ကပါတစ်ခုလုံးကို အမြစ်မှလှန်လိုက်ပုံရသည်။
"ဒါက ပြဿနာမရှိဘူး...သူက တစ်ယောက်တည်းလေ...ဘယ်လိုပဲဖြစ်ဖြစ် သူက ခွန်အားနည်းနည်းပိုကောင်းတာပဲရှိတာ"
အစောင့်တစ်ယောက်က သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။
သို့ရာတွင် သူ၏စကားသံ အဆုံးသတ်သွားသောအချိန်မှာပင်....
လေထုအတွင်းရှိ ဝင်္ကပါအလင်းလွှာကြီး ကြေမွှပျက်စီးသွားသည်။
လုယွီသည် ကန်ချက်တစ်ချက်ဖြင့် ဝင်္ကပါကိုဖျက်ဆီးပြီး မြို့အတွင်းသို့ ကျူးကျော်၍ဝင်ရောက်လာခဲ့သည်။
"မင်း....."
လုယွီ သူတို့ရှေ့သို့ ပျံသန်းလာသည်ကိုကြည့်ပြီး အစောင့်များအားလုံးသည် အသက်ရှုမွန်းကြပ်သကဲ့သို့ ခံစားလိုက်ရ၏။
ဝင်္ကပါကြီးကို ခြေကန်ချက်တစ်ချက်ဖြင့် ဖျက်ဆီးနိုင်သည်မှာ မည်သို့သောလူစားမျိုး လုပ်ဆောင်နိုင်သောအရာဖြစ်သနည်း....
ဤသည်က လူသားအသွင်ယူထားသော မှော်သားရဲတစ်ကောင်ဖြစ်ပေမည်။
"မင်းတို့ရဲ့မိသားစုခေါင်းဆောင် ဘယ်မှာလဲ"
လုယွီက အသံနက်ကြီးဖြင့် မေးမြန်းသည်။
သူသည် ထိုအစောင့်များထံမှနေ၍ အစိမ်းရောင်ကြာနတ်ဘုရား၏အငွေ့အသက်ကို အာရုံခံ၍မရချေ။
ထိုအစောင့်များသည် မြို့အတွင်း၌ဖြစ်ပျက်နေသော ကိစ္စရပ်များကိုမသိဘဲ မြို့ရိုး၌စောင့်ကြပ်နေကြခြင်းသာဖြစ်ပေမည်။
ထိုအစောင့်များသည် လုယွီတစ်ယောက်တည်းဖြစ်သည်ကိုမြင်ချိန်တွင် ချက်ချင်းဆိုသလိုပင် သူ့အား ဝိုင်းရံလိုက်ကြ၏။
"ကောင်လေး...မင်း ဘယ်သူလဲဆိုတာ ငါတို့ ဂရုမစိုက်ဘူး...မင်းက ငါတို့ယုဝမ်မိသားစုရဲ့ပိုင်နက်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတယ်...မင်း သေဖို့သာစောင့်နေတော့"
အစောင့်တစ်ယောက်က ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိ အစောင့်များအားလုံးသည် သူတို့၏မှော်လက်နက်များကို ထုတ်ယူလိုက်ကြ၏။
သူ့အား အစောင့်များဝိုင်းရံထားသည်ကိုမြင်သော်လည်း လုယွီ၏မျက်နှာသည် တည်ငြိမ်အေးဆေးနေဆဲပင်။
"မင်းတို့ရဲ့မိသားစုခေါင်းဆောင် အန္တရာယ်ထဲကို ကျရောက်တော့မယ်...တကယ်လို့ ငါသာ မင်းတို့ရဲ့နေရာမှာဆိုရင် ဒီနေရာမှာ ဘာမှအရေးမပါဘဲနဲ့ စောင့်ကြပ်နေမှာမဟုတ်ဘူး...အခုချိန် ယုဝမ်အိမ်တော်မှာ ဖရိုဖရဲဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
"ခြောက်လုံးလှန့်လုံးတွေ...သူ့ရဲ့စကားတွေကို မယုံကြနဲ့...သူ့ကိုသတ်ကြစမ်း"
အစောင့်တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
ထိုအစောင့်များသည် သူ၏အကြံပေးစကားကို နားမထောင်ကြသည်ကိုကြည့်ပြီး လုယွီက ထပ်မံ၍ရှင်းပြရန် ရည်ရွယ်မထားတော့ချေ။
ဝှစ်...
လုယွီက ခြေတစ်လှမ်းရှေ့တက်ကာ အစောင့်များ၏မြင်ကွင်းအောက်မှ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။
"မကောင်းတော့ဘူး...အဲ့ဒီကောင်လေးက မြို့ထဲကို တကယ်ကြီးဝင်သွားပြီ"
"ငါတို့ သူ့ကို လိုက်ဖမ်းသင့်သလား"
အစောင့်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။
နောက်ဆုံး၌ အစောင့်တစ်ယောက်က အကြံပြုလိုက်၏။
"ငါတို့က ဒီကိစ္စကို အိမ်တော်ဆီသတင်းပြန်ပို့ပြီးတော့...သူတို့ ရင်ဆိုင်ဖြေရှင်းတာကို စောင့်ဆိုင်းတာ ပိုကောင်းလိမ့်မယ်"
သူတို့သည် မိသားစုအတွင်း၌ မည်သည့်ကိစ္စရပ်များဖြစ်ပျက်နေသည်ကို အနည်းငယ်မျှပင် မသိရှိချေ။ယခုလက်ရှိအချိန်တွင် သူတို့၏တစ်ခုတည်းသောတာဝန်မှာ မြို့ရိုးပေါ်၌ စောင့်ကြပ်နေရန်ပင်။
သူတို့သည် နေ့ရောညပါ မြို့အားကာကွယ်စောင့်ရှောက်ရန်ဟူသော အမိန့်ကိုရရှိထားသည်။အခွင့်အာဏာမရှိဘဲ သူတို့သည် အိမ်တော်သို့ပြန်ဝံ့ခြင်းမရှိချေ။
သာမာန်အားဖြင့် မှော်သားရဲများနှင့်လူရိုင်းများသည် အနီးပတ်ဝန်းကျင်ရှိမြို့များသို့ မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ထို့ကြောင့် အစောင့်များသည် မြို့ရိုးပေါ်၌ စောင့်ကြပ်ရန် စေလွှက်ခံရသည်နှင့်ပတ်သတ်၍ မည်သည့်သံသယမျိုးမျှမရှိပေ။
အစောင့်များအနက်မှ တစ်ယောက်က ပြောဆိုသည်။
"နည်းနည်းတော့ ထူးဆန်းနေတယ်...အိမ်တော်ကနေ ဘာတုံ့ပြန်မှုမျိုးမှ ငါ မရဘူး"
"ငါလည်း အတူတူပဲ...ဘာမှ တုံ့ပြန်မှုမရဘူး"
အစောင့်တချို့သည် ယုဝမ်အိမ်တော်ထံ ကြိုးစား၍ဆက်သွယ်ကြသော်လည်း မည်သည့်တုံ့ပြန်မှုမျိုးမျှမရချေ။
ဤအချိန်ကျမှသာ အစောင့်များသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို နားလည်သဘောပေါက်သွားကာ အိမ်တော်ရှိနေသောနေရာသို့ ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် လုယွီသည် ယုဝမ်အိမ်တော်၏အထက်ကောင်းကင်ယံအတွင်းသို့ ရောက်ရှိနေလေပြီ။
Chapter 2377
ယုဝမ်အိမ်တော်၏တံခါးမကြီးကို ပိတ်ထားလေ၏။
သို့ရာတွင် အိမ်တော်အတွင်း၌ ဗြောင်းဆန်စပြုနေလေပြီ။
လုယွီသည် ယုဝမ်အိမ်တော်၏ခြံဝန်းအတွင်းမှ ထွက်ပေါ်နေသော အားကောင်းသည့်အရှိန်အဝါကို ခံစားမိသည်။
ယခင်က သူ ယုဝမ်အိမ်တော်သို့ရောက်ရှိခဲ့ချိန်တွင် ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါများကို ခံစားမိခြင်းမရှိချေ။
ကြည့်ရသည်မှာ နဂါးဆူးတောင်ဓားမရှိတော့သဖြင့် ဧကရာဇ်အဆင့်မှော်လက်နက်၏ ဟန့်တားနိုင်စွမ်း ပျောက်ကွယ်သွားလေရာ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသည် လှုပ်ရှားရန် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပုံပင်။
ဤအချိန်အခိုက်အတန့်တွင်....
ယုဝမ်အိမ်တော်...စည်းဝေးခန်းမအတွင်း၌...
ယုဝမ်အိမ်တော်၏အထင်ကရနေရာတစ်ဝက်ခန့်သည် ပြိုလဲနေကာ ပြင်းပြင်းထန်ထန် ပျက်စီးသွားလေ၏။
ယုဝမ်လင်ခုန်းသည် အပျက်အစီးများကြား၌ လဲကျနေကာ သူ၏မာကျောသောရုပ်ခန္ဓာကိုယ်သည် တုန်ခါနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ ဒဏ်ရာအမြောက်အမြားနှင့် ပြည့်နှက်နေသည်။
ဓားရှည်တစ်လက်က သူ၏ဝမ်းဗိုက်၌စိုက်ဝင်နေကာ ထိုဒဏ်ရာမှနေ၍ သွေးများက ယိုစီးကျနေသည်။
ယုဝမ်လင်ခုန်း၏ရှေ့၌ အဖိုးအိုလေးယောက်ရှိနေကာ သူတို့အားလုံးက ရက်စက်ကြမ်းကြုတ်သောအကြည့်များဖြင့် သူ့ကို စူးစိုက်၍ကြည့်နေကြ၏။
ယုဝမ်လင်ခုန်း၏ရှေ့၌ မတ်တတ်ရပ်နေသူမှာ သတ္တမအကြီးအကဲပင်။
ဤအချိန်တွင် သတ္တမအကြီးအကဲ၏နံဘေးပတ်လည်၌ မြောက်မြားစွာသောဓားပျံများ မျောလွင့်နေသည်။ယုဝမ်လင်ခုန်း၏ခန္ဓာကိုယ်အတွင်း၌ စိုက်ဝင်နေသော ဓားပျံများသည် သတ္တမအကြီးအကဲ၏လက်ချက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"သတ္တမအကြီးအကဲ...ငါ ယုဝမ်လင်ခုန်းက မင်းကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်...ဘာလို့ မင်းက ရုတ်တရက်ကြီး တိုက်ခိုက်ပြီးတော့ အိမ်တော်ရဲ့စည်းမျဥ်းကို ဖီဆန်ရတာလဲ"
ယုဝမ်လင်ခုန်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
လုယွီသည် သူ့အား သတိပေးခဲ့သော်လည်း ယုဝမ်လင်ခုန်းသည် ထိုစကားများကို အနည်းငယ်မျှပင် အလေးအနက်ထားခြင်းမရှိချေ။
သူ၏အမြင်အရ မည်သည့်ကိစ္စရပ်များရှိနေပါစေ ထိုအကြီးအကဲများသည် မိသားစုအား သစ္စာဖောက်မည်မဟုတ်ပေ။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်သည် သူ့အတွက် ပြင်းထန်သောထိုးနှက်ချက်တစ်ခုပင်။
သတ္တမအကြီးအကဲသည် တခြားအကြီးအကဲတချို့နှင့်အတူ ပုန်ကန်ခဲ့လေ၏။
ပုန်ကန်မှုအတွင်း၌မပါဝင်သော တခြားအကြီးအကဲများသည်လည်း သတ္တမအကြီးအကဲတို့အဖွဲ့၏ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။ထိုအကြီးအကဲအများစုသည် သတိမပြုမိသေးမီမှာပင် ပုန်ကန်သူများ၏သတ်ဖြတ်ခြင်းကို ခံကြရ၏။
ယုဝမ်လင်ခုန်းသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံရာ၌ အားကောင်းသူဖြစ်သည့်အပြင် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည်လည်း အားနည်းခြင်းမရှိချေ။
သို့ရာတွင် ယုဝမ်လင်ခုန်းသည် မနက်စာစားသောက်ပြီးချိန်မှစ၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားကာ မည်သည့်ခွန်အားကိုမျှ ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိတော့ချေ။
မကြာမီမှာပင် သူ အဆိပ်မိသွားခဲ့ရခြင်းကို သိနားလည်သွားခဲ့သည်။
ယုဝမ်လင်ခုန်းသည် သူ အဆိပ်မိသွားခြင်းကို သိရှိရသည်နှင့် ချက်ချင်းဆိုသလိုပင် လှုပ်ရှားကာ ပုန်ကန်မှုကိုနှိမ်နင်းရန် ပြင်ဆင်လိုက်၏။
သို့ရာတွင် မမျှော်လင့်ဘဲ ပုန်ကန်သူများ၏အရေအတွက်သည် သူ တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
အဆိပ်၏သက်ရောက်မှုကြောင့် ယုဝမ်လင်ခုန်း၏ခွန်အားများ အကြီးအကျယ်ယုတ်လျော့သွားကာ သတ္တမအကြီးအကဲကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။
ယုဝမ်လင်ခုန်းသည် အဆိပ်ဖြေနိုင်ရန်အတွက် သူ၏မှော်စွမ်းအားများကို လှည့်ပတ်နေသည်ကိုကြည့်ပြီး သတ္တမအကြီးအကဲက သရော်တော်တော်ပြောဆိုသည်။
"အဓိပ္ပါယ်မရှိတဲ့ရုန်းကန်မှုတွေမလုပ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်...ငါ သုံးထားတဲ့အဆိပ်က လူရိုင်းမျိုးနွယ်တွေရဲ့မျိုးရိုးစဥ်ဆက် ဆင်းသက်လာတဲ့ လျှို့ဝှက်အဆိပ်ပဲ...အဲ့ဒီလူရိုင်းမျိုးနွယ်ကလူ အဆိပ်ဖြေမပေးသရွေ့ မင်း ဘယ်လောက်ပဲကြိုးစားနေပါစေ ဒီအဆိပ်ကိုဖြေနိုင်မှာမဟုတ်ဘူး"
"မင်း ဘာလိုချင်တာလဲ...တကယ်လို့ မင်းက မိသားစုခေါင်းဆောင်နေရာကို လိုချင်တာဆိုရင် ငါ မင်းကို ပေးနိုင်တယ်...ဒီလိုမျိုး ကိုယ့်ရဲ့မိသားစုကို ကိုယ်ပြန်ဖျက်ဆီးဖို့ မလိုအပ်ဘူး"
ပြင်ပရှိ စူးရှနာကျင်စွာအော်ဟစ်နေသံများကို ကြားနေရသော ယုဝမ်လင်ခုန်းက ဖြူရော်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုလေ၏။
ဤသည်က သတ္တမအကြီးအကဲ၏ဘက်တော်သားများသည် သူတို့နှင့်သဘောထားကွဲလွဲသူများကို သတ်ဖြတ်နေကြခြင်းဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
သာမာန်နေ့ရက်များတွင် မည်မျှထိရင်းနှီးသူများ ဖြစ်နေပါစေ ထိုပုန်ကန်သူလူစုသည် အနည်းငယ်မျှပင် လက်တွန့်ခြင်းမရှိဘဲ ယုဝမ်မိသားစုဝင်များကို သတ်ဖြတ်နေကြသည်။
ဤသည်က ယုဝမ်မိသားစု၏ဘေးကပ်ဆိုးပင်။
သတ္တမအကြီးအကဲက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"မင်းက ငတုံးပဲ...ငါက ဒီလိုနေရာငယ်လေးတစ်ခုရဲ့ မိသားစုခေါင်းဆောင်နေရာကို လိုချင်နေတာလို့ မင်း ထင်နေတာလား...မင်းက တကယ့်ကို အမြင်ကျဥ်းလွန်းတယ်"
ဤသည်က မိသားစုခေါင်းဆောင်နေရာကို လိုချင်တပ်မက်၍ ပုန်ကန်ခြင်းမဟုတ်ဟု ဆိုလိုသလော....
ဤအချိန်အခိုက်အတန့်တွင် ယုဝမ်လင်ခုန်းသည် နားလည်သဘောပေါက်နိုင်ခြင်း မရှိတော့ချေ။
သို့ရာတွင် ပြင်ပ၌အဆက်မပြတ်ထွက်ပေါ်နေသော စူးရှနာကျင်သောအော်သံများက ယုဝမ်လင်ခုန်းကို တွန်းအားပေးနေသည်။
"အဖိုးကြီး...ကျုပ် ခင်ဗျားကိုသတ်မယ်"
ယုဝမ်မိသားစုဝင် ပါရမီရှင်လူငယ်တစ်ယောက်သည် ထိန်းချုပ်ခံထားရမှုမှ လွတ်မြောက်လာကာ သတ္တမအကြီးအကဲထံသို့ တရကြမ်းပြေးဝင်၍ တိုက်ခိုက်လေ၏။
သူသည် သေရမည်ကို စောင့်ဆိုင်းခြင်းမပြုနိုင်သဖြင့် အခွင့်ကောင်းရှာကာ ပုန်ကန်သူများ၏ခေါင်းဆောင်ကို တိုက်ခိုက်နိုင်ရန် ချောင်းမြောင်းနေခဲ့သည်။
သူ သတ္တမအကြီးအကဲကို သတ်ဖြတ်နိုင်သည်နှင့် ကိစ္စရပ်များအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။
Chapter 2378
ယုဝမ်မိသားစုဝင် ပါရမီရှင်လူငယ်၏အတွေးသည် မှားယွင်းခြင်းမရှိချေ။
သို့ရာတွင် သူ တိုက်ခိုက်လိုက်သည်နှင့် သတ္တမအကြီးအကဲ၏နောက်မှ အဖိုးအိုသုံးယောက်က လှုပ်ရှားလိုက်ကြ၏။
ထိုအဖိုးအိုသုံးယောက်သည် ယုဝမ်မိသားစု၏အကြီးအကဲများဖြစ်ပြီး သူတို့၏ခွန်အားများမှာလည်း မြင့်မားသည်။
"မင်းကိုယ်မင်း အထင်ကြီးမနေစမ်းနဲ့"
ထိုအကြီးအကဲများအနက်မှတစ်ယောက်သည် သရော်တော်တော်ပြုံး၍ ထိုလူငယ်ကိုဖမ်းဆီးရန်အတွက် သူ၏လက်ကိုဆန့်တန်းလိုက်သည်။
မမျှော်လင့်ဘဲ ထိုလူငယ်၏ဦးတည်ချက် ပြောင်းလဲသွားခဲ့သည်။လူငယ်သည် မူလက သတ္တမအကြီးအကဲကို တိုက်ခိုက်ရန် ဦးတည်နေသော်လည်း သူ၏အစစ်အမှန်ပစ်မှတ်မှာ အားအနည်းဆုံးအကြီးအကဲပင်။
"မိုးကောင်းကင်ဂိတ်တံခါးဓားချီ"
ထိုလူငယ်သည် သူ၏ဓားကိုအသုံးပြု၍ လေထုအတွင်း၌ ဓားပန်းပွင့်များကို ဖွဲ့စည်းလိုက်၏။ထိုဓားချီများသည် နေရာတစ်ခု၌ သိပ်သည်းသွားကာ ထိုအကြီးအကဲထံသို့ဦးတည်၍ ပျံသန်းသွားသည်။
ဤှသည်က ယုဝမ်မိသားစုအတွင်း၌ လက်ဆင့်ကမ်းဆင်းသက်လာသော ဓားနည်းစနစ်ပင်။
ယုဝမ်မိသားစုဝင်အားလုံးနီးပါး ထိုဓားနည်းစနစ်ကို အသုံးပြုကြ၏။
ထို့ပြင် လူငယ်သည် ထိုဓားနည်းစနစ်ကို အဆုံးစွန်ဆုံးအဆင့်ထိ ထုတ်ဖော်အသုံးပြုထားသည်။
ထိုဓားချီ၏အရှိန်သည် အလွန်အမင်းလျှင်မြန်ပြီး အကြီးအကဲ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့မည့်ပုံရသည်။
မမျှော်လင့်ဘဲ ထိုအကြီးအကဲသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ရုတ်တရက် သူ၏လက်ယာဘက်လက်မှ ပြင်းထန်သောအားလှိုင်းများထွက်ပေါ်လာပြီး လေထုအတွင်းရှိဓားချီကို ခြေမွှဖျက်ဆီးလိုက်၏။
ထို့နောက် အကြီးအကဲက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ထိုလက်သီးချက်တွင် အလွန်ပြင်းထန်သောအားလှိုင်းများ ပါဝင်နေကာ လူငယ်၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိသွားသည်။
ထိုလူငယ်သည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား သူ၏ပါးစပ်မှ သွေးများပန်းထွက်လာသည်။သူသည် ကြိုးပြတ်သွားသောစွန်တစ်ခုအလား ထောင့်တစ်နေရာသို့ လွင့်ထွက်သွားပေ၏။
ထိုအကြီးအကဲသည် အလွတ်ပေးရန် ရည်ရွယ်ချက်ရှိပုံမရဘဲ ထိုလူငယ်ထံသို့ဦးတည်၍ ပျံသန်းလိုက်သည်။
"ရပ်လိုက်စမ်း"
ထိုပုန်ကန်သူအကြီးအကဲသည် မိသားစုဝင်လူငယ်ပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်ရန်ဟန်ပြင်နေသည်ကိုကြည့်ပြီး ယုဝမ်လင်ခုန်းက ရုန်းကန်၍ မတ်တတ်ထရပ်ကာ လက်သီးတစ်ချက် ထိုးနှက်လေသည်။
ဘုန်း....
ယုဝမ်လင်ခုန်း၏လက်သီးချက်မှနေ၍ ပြင်းထန်သောအားလှိုင်းတစ်လှိုင်း ပွင့်အံထွက်လာကာ မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သူ့ရှေ့ရှိ အကြီးအကဲများထံသို့ တိုးဝင်သွားသည်။
သို့ရာတွင် သတ္တမအကြီးအကဲသည် သူ့ရှေ့ရှိလက်သီးအားလှိုင်းကို မမြင်သကဲ့သို့ပင်။သူ၏အင်္ကျီလက်ကို အသာအယာခါယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ထိုလက်သီးအားလှိုင်းကို ချေဖျက်ပြီးသားဖြစ်ပေ၏။
"ယုဝမ်လင်ခုန်း...ခုက မင်းအလှည့်မဟုတ်သေးဘူး"
သတ္တမအကြီးအကဲ၏မျက်နှာအမူအယာက သုန်မှုန်နေသည်။
တစ်ချိန်တည်းမှာပင် ရေခဲတမျှအေးစက်သောယင်ချီများကို သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ လှည့်ပတ်လိုက်သည်။
ယခုချိန်၌ ရာသီဥတုသည် ကြည်လင်နေသော်လည်း သတ္တမအကြီးအကဲနှင့်တခြားပုန်ကန်သူအကြီးအကဲများသည် လူသေများအလား သူတို့၏ခန္ဓာကိုယ်များမှနေ၍ သေဆုံးခြင်းအငွေ့အသက်များကို ထုတ်လွှက်နေသည်။
ဘုန်း...
ထိုအကြီးအကဲများအနက်မှတစ်ယောက်သည် အစောပိုင်းက တိုက်ခိုက်သော လူငယ်ပါရမီရှင်၏ခေါင်းကို ခြေမွှဖျက်ဆီးလိုက်၏။
ယုဝမ်လင်ခုန်းက နာကြင်ကြေကွဲစွာဖြင့် သူ၏မျက်လုံးကို စုံမှိတ်လိုက်သည်။
"မင်းတို့ကောင်တွေက ဘာကို လိုချင်နေတာလဲ"
သတ္တမအကြီးအကဲသည် တုံ့ပြန်၍အဖြေပေးခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
မကြာမီမှာပင် ယုဝမ်မိသားစုဝင်တစ်ယောက်က ပြေးဝင်လာကာ သတင်းပို့လေ၏။
"အကြီးအကဲ...ကျန်တဲ့လူတွေအားလုံးကို ဖြေရှင်းပြီးပါပြီ"
ထိုစကားကိုကြားချိန်တွင် သတ္တမအကြီးအကဲက ခေါင်းညိတ်ပြကာ သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"နောက်ဆုံးတော့ ပြဿနာဖြစ်လာနိုင်တဲ့ အရာတွေအားလုံးကို ဖြေရှင်းပြီးသွားပြီ....ယုဝမ်လင်ခုန်း...ငါ မင်းနဲ့ အပိုစကားတွေပြောပြီးတော့ အချိန်မဖြုန်းချင်ဘူး...ငါတို့က အစိမ်းရောင်ကြာနတ်ဘုရားကို သစ္စာခံထားကြတယ်...တကယ်လို့ မင်းက ငါတို့နဲ့အတူ အစိမ်းရောင်ကြာနတ်ဘုရားရဲ့နောက်လိုက်လုပ်မယ်လို့ ကျိန်ဆိုပေးမယ်ဆိုရင်....မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
သတ္တမအကြီးအကဲက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
အစိမ်းရောင်ကြာနတ်ဘုရားဟုဆိုသလော....
ထိုစကားကိုကြားသည်နှင့် ယုဝမ်လင်ခုန်းက မယုံကြည်နိုင်သောအကြည့်ဖြင့် သူ၏ခေါင်းကို မော့ကြည့်လိုက်၏။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က လုယွီ၏သတိပေးစကားများသည် သူ၏နားအတွင်း၌ ပဲ့တင်ထပ်နေဆဲပင်။
ထိုအချိန်တုန်းက သတ္တမအကြီးအကဲနှင့်တချို့မိသားစုဝင်များသည် အစိမ်းရောင်ကြာနတ်ဘုရား၏နောက်လိုက်များဖြစ်ကြောင်း လုယွီက သူ့ကို ပြောဆိုခဲ့သည်။
သို့ရာတွင် သူသည် ထိုစကားများကို လျစ်လျှူရှုကာ လုယွီကိုယုံကြည်ခဲ့ခြင်းမရှိချေ။
"တကယ်လို့ ငါသာ အဲ့ဒီအချိန်တုန်းက နည်းနည်းလောက်ဂရုစိုက်ခဲ့မယ်ဆိုရင်...ဒီနေ့လိုရလဒ်မျိုး ထွက်လာမှာမဟုတ်ဘူး"
ယုဝမ်လင်ခုန်း၏နှုတ်ခမ်းထောင့်တွင် ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဘယ်လိုသဘောရလဲ...မင်းက ပါရမီရှင်တစ်ယောက်ဖြစ်နေတာမို့ ငါတို့က မင်းကိုအသက်ရှင်ခွင့်ပေးတာ...အစိမ်းရောင်ကြာနတ်ဘုရားကပဲ ငါတို့ ထာဝရအသက်ကိုရဖို့ လမ်းညွှန်ပေးနိုင်မယ်...နတ်ဘုရားဆီမှာသစ္စာခံတာက မင်းအတွက် အကောင်းဆုံးရွေးချယ်မှုပဲ"
သတ္တမအကြီးအကဲ၏မျက်လုံးအတွင်းမှနေ၍ တယူသန်စိတ်စွဲနေသော အရိပ်အယောင်များ ယိုစိမ့်ထွက်နေသည်။
ယုဝမ်လင်ခုန်းသည် သူ့ရှေ့ရှိအကြီးအကဲများ၏မျက်နှာများပေါ်မှ ထူးဆန်းသောအရိပ်အယောင်များကိုကြည့်ပြီး သူ၏စိတ်နှလုံးသားအတွင်းမှ အေးစိမ့်လာသကဲ့သို့ ခံစားလိုက်ရ၏။
Chapter 2379
အကယ်၍ သူသည် အစိမ်းရောင်ကြာနတ်ဘုရားထံတွင် သစ္စာခံလိုက်ပါက မည်ကဲ့သို့ဖြစ်ပျက်သွားမည်ကို ယုဝမ်လင်ခုန်းက ကောင်းစွာသိရှိထားသည်။
သူ့အား တော်ဝင်နန်းတွင်းမှဝရမ်းထုတ်မည့်အချက်ကို ဘေးဖယ်ထားလျှင်ပင် သူ၏စိတ်ဝိညာဥ်ကို အစိမ်းရောင်ကြာနတ်ဘုရားထံ အပ်နှင်းထားရမည်ဖြစ်ကာ သူသည် တစ်ဖက်လူ၏ထိန်းချုပ်ထားခြင်းခံရသော ရုပ်သေးဖြစ်သွားပေမည်။
သူ့ထံတွင် ကိုယ်ပိုင်အတွေးအခေါ်များ ကျန်ရှိနေမည်ဖြစ်သော်လည်း သိမ်မွေ့ညင်သာသော လွှမ်းမိုးမှုအောက်တွင် သူသည် အစိမ်းရောင်ကြာနတ်ဘုရားကို သူ၏အရှင်သခင်အဖြစ် အရိုအသေပြုရပေလိမ့်မည်။
အစိမ်းရောင်ကြာနတ်ဘုရား မည်သည့်အရာကိုပြုလုပ်လိုသည်ဖြစ်စေ သူ၏နောက်လိုက်များသည် ချွင်းချက်မရှိ ဖြည့်ဆည်းရပေမည်။
သူ ထိန်းချုပ်ခံရုပ်သေးတစ်ရုပ်ဖြစ်သည်ထက် သေဆုံးရသည်က ပိုကောင်းပေလိမ့်မည်။
"ကောင်းပြီလေ...ငါ ကျိန်ဆိုပေးမယ်"
ယုဝမ်လင်ခုန်းသည် သဘောတူညီချင်ယောင်ဆောင်ကာ အခြေအနေကိုကြည့်၍လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။
ယုဝမ်လင်ခုန်း၏ဗြောင်ကျကျ တုံ့ပြန်ပြောဆိုမှုကိုကြည့်ပြီး သတ္တမအကြီးအကဲ၏မျက်နှာပေါ်၌ စိတ်ကျေနပ်မှုရသွားသောအပြုံးမျိုး ထင်ဟပ်လာသည်။
"ကောင်းတယ်...မင်းက မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်လိုက်တာပဲ"
သတ္တမအကြီးအကဲသည် ယုဝမ်လင်ခုန်းကို ကူညီ၍တွဲထူပေးရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ယုဝမ်လင်ခုန်းသည် သတ္တမအကြီးအကဲ၏ဟာကွက်ကို ရှာဖွေတွေ့ရှိသွားလေ၏။
သတ္တမအကြီးအကဲသည် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူ၏ဓားပျံများကို ထုတ်လွှက်ထားချိန်တွင် သူ၏အနားသို့ကပ်နိုင်ရန် လွန်စွာခက်ခဲသည်။
သို့ရာတွင် ယုဝမ်လင်ခုန်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် သတ္တမအကြီးအကဲကို အနီးသို့မျှားခေါ်ကာ သတ်ဖြတ်ရန် ကြံစည်ထားသည်။
"မင်း လှည့်စားခံရပြီ"
ယုဝမ်လင်ခုန်း၏မျက်နှာပေါ်၌ ဖုံးကွယ်ထားသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
သူက လက်ကိုဆန့်တန်းကာ သတ္တမအကြီးအကဲ၏ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
ဟူး...
ထိုလက်ဝါးရိုက်ချက်သည် လေထုအတွင်းသို့ ဖြတ်သန်းသွားရာ ပြင်းထန်သောပေါက်ကွဲသံများ မြည်ဟီးလာသည်။
ဖတ်....
သို့သော် ထိုအချိန်မှာပင် သူ၏လက်ကို သတ္တမအကြီးအကဲက လက်တစ်ဖက်ဆန့်တန်း၍ ဖမ်းဆုပ်လိုက်သည်။
ယုဝမ်လင်ခုန်း မည်မျှပင်အားစိုက်နေပါစေ သတ္တမအကြီးအကဲ၏ဖမ်းချုပ်ထားမှုမှ ရုန်းထွက်နိုင်ခြင်းမရှိချေ။
"မင်းရဲ့ခွန်အားက ဘာလို့ခုလောက်ထိ အားကောင်းနေတာလဲ"
ယုဝမ်လင်ခုန်းသည် ထိုကိစ္စကို မယုံကြည်နိုင်ချေ။
ယခင်က သူသည် သတ္တမအကြီးအကဲနှင့် တိုက်ခိုက်ခဲ့ဖူးသည်။သတ္တမအကြီးအကဲသည် ရုပ်ခန္ဓာကိုယ်ကို အလေးပေး၍ ကျင့်ကြံသူမဟုတ်သဖြင့် ဤကဲ့သို့ခွန်အားမျိုးရှိနေရန်မှာ မဖြစ်နိုင်ချေ။
"မင်း သိမှာမဟုတ်ဘူး...ပြီးတော့ မင်းမသိတဲ့ကိစ္စတွေ အများကြီးကျန်သေးတယ်"
သတ္တမအကြီးအကဲသည် အေးစက်စက်ပြုံး၍ ယုဝမ်လင်ခုန်းကို နံဘေးဘက်သို့ တွန်းထုတ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် သတ္တမအကြီးအကဲ၏အရှိန်အဝါ ပြောင်းလဲသွားသည်။သူသည် သားကောင်ကိုချောင်းမြောင်းနေသော ရက်စက်ကြမ်းကြုတ်သည့်ကျားတစ်ကောင်နှင့် တူညီသည်။သူသည် သားကောင်ကိုပစ်မှတ်ထား၍ တိုက်ခိုက်သည့်အလား ယုဝမ်လင်ခုန်းထံသို့ဦးတည်၍ လက်ဝါးရိုက်ချက်များ ထုတ်လွှက်လိုက်သည်။
ဘုန်း...ဘုန်း...ဘုန်း...
စည်းဝေးခန်းမအတွင်း၌ သူတို့နှစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြ၏။ယုဝမ်လင်ခုန်းသည် တဖြည်းဖြည်း အရေးမလှသောအနေအထားသို့ ရောက်ရှိလာသည်။
အကယ်၍ သူ ဒဏ်ရာရရှိထားလျှင်ပင် ရုပ်ခန္ဓာကိုယ်ခွန်အားအရ သတ္တမအကြီးအကဲသည် မည်သည့်နည်းနှင့်မျှ သူ့ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
သို့သော် ထိုအချိန်မှာပင် သတ္တမအကြီးအကဲ၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်ယင်ချီများ ဖြည်းညှင်းစွာမျောလွင့်လာသည်။
ထိုအနက်ရောင်ယင်ချီများ တစတစ ပို၍များပြားလာသည်နှင့်အမျှ နှုတ်ခမ်းမွှေးများနှင့်တူသော အနက်ရောင်သွေးကြောများသည် သတ္တမအကြီးအကဲ၏လက်၌ ထွက်ပေါ်လာပေ၏။ထိုသွေးကြောများကို ကြည့်ရသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။
ခရက်....ခရက်...ခရက်...
ယုဝမ်လင်ခုန်းသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သတ္တမအကြီးအကဲ၏ခွန်အားများ ရုတ်တရက်မြင့်တက်လာခြင်းကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် သူ၏လက်မှအရိုးများထံမှနေ၍ အက်ကွဲသံများ ထွက်ပေါ်လာသည်။
"အခု မင်းနဲငါကြားက ကွာခြားချက်ကို မင်း မြင်ပြီလား...မြင့်မြတ်တဲ့နတ်ဘုရားရဲ့အကူအညီနဲ့ ငါ့ရဲ့ခွန်အားတွေက အဆများစွာ ခုန်ပျံကျော်လွှားပြီး မြင့်တက်လာပြီ....မြင့်မြတ်တဲ့နတ်ဘုရား ဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာကို မင်း မသိပါဘူး"
သတ္တမအကြီးအကဲ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်နေသည်။
သူ၏ခွန်အားများ ရုတ်တရက်ပေါက်ကွဲထွက်လာမှု၏အောက်တွင် ယုဝမ်လင်ခုန်း လုံးလုံးလျားလျား ရှုံးနိမ့်သွားလေပြီ။
"မင်းကို အသုံးချစရာရှိသေးတယ်...အနောက်ဘက်ခြံဝန်းတံခါးကို မင်း သိတယ်မလား...အခုချက်ချင်း ငါ့အတွက် ဖွင့်ပေးစမ်း....ဒါဆိုရင် ငါ မင်းကို မြန်မြန်သေခွင့်ပေးမယ်"
သတ္တမအကြီးအကဲက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
နဂါးဆူးတောင်ဓားကိုကာကွယ်နိုင်ရန်အတွက် ယုဝမ်မိသားစုသည် အနောက်ဘက်ခြံဝန်းတံခါးတွင် အထူးသီးသန့်စက်ယန္တရားများကို တပ်ဆင်ထားလေ၏။
မိသားစုခေါင်းဆောင်တစ်ယောက်တည်းကသာ ထိုအနောက်ဘက်ခြံဝန်းတံခါးကိုဖွင့်ရန် အရည်အချင်းပြည့်မီသည်။
ဤအကြောင်းအရင်းကြောင့်သာ သတ္တမအကြီးအကဲသည် ယုဝမ်လင်ခုန်းကို အသက်ရှင်ရက်ချန်ထားခြင်းဖြစ်သည်။
"ဒါဆိုရင် မင်းတို့က အနောက်ဘက်ခြံဝန်းထဲကို သွားချင်နေတာပေါ့လေ...ဟား ဟား ဟား...မင်းတို့ဘာလုပ်မယ်ဆိုတာတော့ ငါ မသိဘူး...ဒါပေမယ့် လူအိုကြီး...မင်းသတ္တိရှိရင် ငါ့ကိုသတ်လိုက်...ငါ သေသွားရင်တောင် မင်းတို့အတွက် ဘာမှလုပ်မပေးနိုင်ဘူး"
ယုဝမ်လင်ခုန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
Chapter 2380
မည်သည်ကြောင့်ဟု သူ မသိရှိသော်လည်း ယုဝမ်လင်ခုန်းသည် နောက်ဆုံးအချိန်အခိုက်အတန့်တွင် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်၏။
သတ္တမအကြီးအကျယ်က မျက်မှောင်ကြုတ်ကာ စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
"ကောင်းပြီလေ...ကိစ္စက ဒီလိုဖြစ်လာမှတော့ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး"
ထိုစကားအဆုံးသတ်သွားသည်နှင့် သူက အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်သည်။
"ရှယီပိုင်...ဒီနေရာကို လာခဲ့တော့"
တံခါး၏ပြင်ပတွင် ရှယီပိုင်၏ပုံရိပ် အလျှင်အမြန်ထွက်ပေါ်လာသည်။
ရှယီပိုင်က အပြုံးနှင့် လျှောက်လှမ်းလာလေ၏။သူ၏မျက်နှာပေါ်တွင် အောင်နိုင်သူတစ်ယောက်အလား ဂုဏ်ယူဝံ့ကြွားသောအမူအယာမျိုး ထင်ဟပ်နေသည်။
ရှယီပိုင်၏ခန္ဓာကိုယ်ပေါ်တွင် သွေးစက်များ စွန်းထင်းနေဆဲပင်။မည်သူဆီမှသွေးစက်များ သူ့၏ခန္ဓာကိုယ်ပေါ်တွင် စွန်းထင်းနေသည်ကို မည်သူမျှမသိနိုင်ချေ။
"အကြီးအကဲ...ကျွန်တော်က တခြားဧည့်အကြီးအကဲတွေအားလုံးကို အဆိပ်ခတ်ပြီး သတ်လိုက်ပြီ"
ရှယီပိုင်က အပြုံးနှင့် ပြောဆိုလေ၏။
ရှယီပိုင်၏စကားကိုကြားချိန်တွင် ယုဝမ်လင်ခုန်း၏မျက်လုံးများ မှုန်မှိုင်းသွားသည်။
အရာအားလုံး အဆုံးသတ်သွားလေပြီ။
မိသားစုအတွင်းရှိ ကျင့်ကြံသူများသာမက ဧည့်အကြီးများအားလုံးလည်း အသတ်ခံလိုက်ရလေပြီ။
သူတို့၏ယုဝမ်မိသားစုသည် ရန်သူများ၏လက်အတွင်းသို့ လုံးလုံးလျားလျား ကျရောက်သွားခြင်း ဖြစ်နိုင်ပေ၏။
"မင်းတို့လိုယုတ်ညံတဲ့ကောင်တွေကို မိသားစုထဲမှာထားခဲ့မိတဲ့အတွက် ငါ နောင်တရမိတယ်"
ယုဝမ်လင်ခုန်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
ရှယီပိုင်က ယုဝမ်လင်ခုန်း၏ဒေါသထွက်နေခြင်းကို လျစ်လျှူရှုထားသည်။ထိုအစား သူက ဆိုးဆိုးရွားရွားအခြေအနေမျိုးသို့ ရောက်ရှိနေသော ယုဝမ်လင်ခုန်းကို စိတ်ဝင်စားသောအမူအယာဖြင့် စူးစိုက်၍ကြည့်လိုက်၏။
"ဟား ဟား...ဒါက အမြဲတမ်းမြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ မိသားစုခေါင်းဆောင်မဟုတ်လား...ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုး ဖြစ်နေတာလဲ"
ရှယီပိုင်က လှောင်ပြောင်သရော်လိုက်သည်။
ယုဝမ်လင်ခုန်းက အလွန်ဒေါသထွက်သွားသည်။သူသည် ရှယီပိုင်ကို ထပ်မံ၍ဆဲရေးတိုင်းထွာလိုက်သော်လည်း သတ္တမအကြီးအကဲ၏လက်ဝါးရိုက်ချက်ကြောင့် နောက်သို့လွင့်ထွက်သွားလေ၏။
"လာကြစမ်း...ဘာမှထပ်ပြောနေစရာမလိုတော့ဘူး...သူ့ရဲ့စိတ်ဝိညာဥ်ကို ထိန်းချုပ်လိုက်တော့...ငါတို့က အနောက်ဘက်ခြံဝန်းထဲကို အမြန်ဆုံးဝင်ရောက်နိုင်ဖို့လိုအပ်တယ်"
သတ္တမအကြီးအကဲက ပြောဆိုသည်။
"ငါ့ရဲ့စိတ်ဝိညာဥ်ကိုထိန်းချုပ်ဖို့ စဥ်းတောင်မစဥ်းစားကြနဲ့"
ယုဝမ်လင်ခုန်းက သူ့ထံသို့ အန္တရာယ်တစ်ခုချဥ်းကပ်လာပြီဖြစ်ကြောင်း ရုတ်တရက် ခံစားမိသည်။
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူက ပြင်ပသို့ ပြေးထွက်လိုက်၏။
ဝှစ်...ဝှစ်...ဝှစ်...
ယုဝမ်လင်ခုန်းသည် လှုပ်ရှားလိုသော်လည်း ပုန်ကန်သူအကြီးအကဲသုံးယောက်က ချက်ချင်းဆိုသလိုပင် ရှေ့သို့တက်ကာ သူ၏ရှေ့၌ ပိတ်ဆို့ဟန့်တားထားလေသည်။
"ထွက်သွားကြစမ်း"
ယုဝမ်လင်ခုန်းနှင့် အကြီးအကဲသုံးယောက်တို့ ပြင်းထန်စွာတိုက်ခိုက်ကြသည်။သို့ရာတွင် မမျှော်လင့်ဘဲ ထိုအကြီးအကဲသုံးယောက်၏ခွန်အားများသည် ယခင်ထက်များစွာပို၍ မြင့်တက်နေသည်။
ယုဝမ်လင်ခုန်းသည် တဖြည်းဖြည်းနှင့် တောင့်မခံနိုင်တော့ဘဲ ရှုံးနိမ့်စပြုလာသည်။
အဆုံးသတ်တွင် ယုဝမ်လင်ဖုန်းသည် ထောင့်တစ်နေရာသို့ တွန်းပို့ခံလိုက်ရ၏။သူ၏ခြေထောက်များတွင် နက်ရှိုင်းသောဓားဒဏ်ရာများရှိနေသဖြင့် မတ်တတ်ရပ်နိုင်ရန်ပင် အလွန်အမင်းခက်ခဲနေသည်။
"မိသားစုခေါင်းဆောင်...အခု ခင်ဗျားရဲ့လမ်းကိုသွားဖို့ အချိန်ကျပြီ"
ရှယီပိုင်၏မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောအပြုံးမျိုး ထင်ဟပ်လာကာ သူ၏အင်္ကျီလက်မောင်းကြားမှနေ၍ အရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်သည်။
ထိုအရုပ်၏ပုံသဏ္ဌာန်သည် အလွန်ထူးဆန်းပြီး လွန်စွာလျှို့ဝှက်ဆန်းကြယ်သောနည်းလမ်းဖြင့် ပြုလုပ်ထားပုံရသည်။ထိုအရာအားတစ်ချက်ကြည့်မိရုံဖြင့် လူအများအား စိတ်မသက်မသာဖြစ်မှုကို ခံစားရစေပေမည်။
ရှယီပိုင်က လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်း၍ အရုပ်ပေါ်သို့ ကျရောက်သွားစေသည်။
ထိုအရုပ်၏မျက်လုံး ထူးဆန်းစွာပွင့်လာကာ ယုဝမ်လင်ခုန်းကိုကြည့်ပြီးနောက် တုန်လှုပ်ချောက်ချားဖွယ်အသံကြီးနှင့် ရယ်မောလိုက်၏။
"မင်းက နတ်ဆိုးကျင့်ကြံသူပဲ"
ယုဝမ်လင်ခုန်း၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ သူ၏မျက်လုံးအတွင်း၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။
နတ်ဆိုးကျင့်ကြံသူများတွင် နည်းလမ်းပေါင်းများစွာရှိပြီး ထိုနည်းလမ်းများအနက်မှအများစုသည် ရူးသွပ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။
ကျင့်ကြံသူအများစုသည် တခြားသူ၏စိတ်ဝိညာဥ်ကို ထိန်းချုပ်နိုင်ခြင်းမရှိသော်လည်း နတ်ဆိုးကျင့်ကြံသူများ မလုပ်နိုင်ဟု ဆိုလိုခြင်းမဟုတ်ချေ။
အရုပ်ထံမှ ထူးဆန်းသောရယ်မောသံကြီးကို ကြားရပြီးနောက် ယုဝမ်လင်ခုန်းသည် ရုတ်တရက်မူးဝေလာသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ဦးနှောက်တစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲနေသကဲ့သို့ပင်။
ထိုအချိန်မှာပင် ခြံဝန်းအတွင်းမှ စူးရှနာကျင်စွာအော်ဟစ်နေသောအသံများ ရုတ်တရက်ရပ်တန့်သွားသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။မူလက အုတ်အော်သောင်းနင်းအသံများလွှမ်းခြုံနေသော ယုဝမ်အိမ်တော်အတွင်း၌ တဖြည်းဖြည်း တည်ငြိမ်အေးဆေးသွားလေ၏။
"ဘာတွေဖြစ်နေတာလဲ...ကိစ္စတွေအားလုံး ပြီးသွားတာလား"
သတ္တမအကြီးအကဲ၏အကြည့်က ပြင်ပသို့ ကျရောက်သွားသည်။
သူ၏ခန့်မှန်းတွက်ချက်ထားမှုအရ သူသည် ယုဝမ်အိမ်တော်၏ အရေးကြီးပုဂ္ဂိုလ်များကို အရင်ဆုံးရှင်းထုတ်နိုင်လျှင်ပင် မိသားစုဝင်အားလုံးကို သတ်ဖြတ်ရန်အတွက် အချိန်အတော်ကြာယူရပေမည်။
သို့သော် ထိုအချိန်မှာပင် သူသည် တံခါးဝအနီး၌ လုယွီ၏ပုံရိပ်ကို မြင်တွေ့မိလေ၏။
"ဘာလို့ မင်းဖြစ်နေတာလဲ...မင်း ဒီမြို့ထဲကနေ ထွက်သွားပြီးပြီမဟုတ်လား"
သတ္တမအကြီးက မနှစ်မျို့သောအကြည့်ဖြင့် လုယွီကိုကြည့်ကာပြောဆိုသည်။