အခန်း (၂၃၈၁-၂၃၈၅)
Vol. 122 Ch. 2381-2385
Chapter 2381
လုယွီ မည်သည့်ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာပါစေ ပြဿနာမရှိချေ။
မည်သည့်ကိစ္စဖြင့်မဆို သူ့အား သေလူဟု ယူဆနိုင်သည်။
"ထူးဆန်းတယ်...ငါက တံခါးရဲ့အပြင်မှာ အစောင့်တွေကို နေရာချထားပြီးသားပါ"
သတ္တမအကြီးအကဲသည် ကြီးလေးသောပြဿနာတစ်ရပ်ကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ယုဝမ်အိမ်တော်တစ်ခုလုံးတွင် အစောင့်အကြပ်များကို အလွန်ထူထပ်စွာ နေရာချထားပြီး မည်သူကိုမျှ ဝင်ထွက်သွားလာခွင့်မပြုထားချေ။
မည်သည့်နည်းဖြင့် လုယွီ အတွင်းသို့ ဝင်ရောက်လာသနည်း။
"မင်းက သူတို့ကို ရှာနေတာလား...ကံဆိုးချင်တော့ မင်း သူတို့ကို ထပ်ပြီးတွေ့ရတော့မှာမဟုတ်ဘူး"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ပြင်ပ၌စောင့်ကြပ်နေသော အစောင့်များအားလုံးသည် အစိမ်းရောင်ကြာနတ်ဘုရားကို သစ္စာခံထားသော နောက်လိုက်များဖြစ်သည်။
လုယွီသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထိုလူများအားလုံးကို သတ်ဖြတ်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် အကယ်၍ တစ်စုံတစ်ယောက်သည် ယုဝမ်အိမ်တော်၏တံခါးဝသို့ ရောက်လာပါက နေရာအနှံ့အပြား၌ အလောင်းများပြန့်ကျဲနေပြီး သွေးများက မြစ်ပြင်တမျှ စီးဆင်းနေသည်ကို မြင်တွေ့ရပေမည်။
"ဒီနေရာကို ရောက်လာပြီးတော့ ငါ့ကိုကယ်တင်မယ့်လူက မင်းလိုအပြင်လူတစ်ယောက်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
တံခါးဝ၌မတ်တတ်ရပ်နေသော လုယွီကိုကြည့်ပြီး ယုဝမ်လင်ခုန်းက ကူကယ်ရာမဲ့စွာဖြင့် အရှက်ရသွားသကဲ့သို့ ခံစားလိုက်ရ၏။
ယခင်က လုယွီသည် သတ္တမအကြီးအကဲကို မုန်းတီးသဖြင့် ချောက်တွန်းစကားများကို ပြောဆိုခဲ့သူဟုသာ သူ တွေးထင်ခဲ့သည်။
ယခုကဲ့သို့ သေရေးရှင်ရေးအခြေအနေမျိုးတွင် လုယွီက ရဲဝံ့စွာဖြင့် ရှေ့သို့ထွက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒါပေမယ့် ဒါက ရူးမိုက်မှုသက်သက်ပဲ...မင်း ဒီနေရာကို ရောက်မလာရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် မင်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကိုပြန်သွားပြီး စစ်ကူတောင်းတာပဲဖြစ်ဖြစ် လုပ်ခဲ့သင့်တယ်...ဒီနေရာမှာ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့နောက်လိုက်တွေ အများကြီးရှိနေတာကို မင်း သိနေမှတော့ အနည်းဆုံး တော်ဝင်မြို့စောင့်တပ်ကို အကူအညီတောင်းခံခဲ့သင့်တယ်...မင်း တစ်ယောက်တည်းလာတာက အသုံးမဝင်ဘူး"
ယုဝမ်လင်ခုန်းက ရုတ်တရက် ခါးသည်းစွာပြုံးလိုက်၏။
လုယွီတစ်ယောက်တည်းဖြင့် ယခုလက်ရှိအခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ချေ။
သတ္တမအကြီးအကဲ၏မျက်လုံးအတွင်း၌ အလေးအနက်ထားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"မင်းက အရည်အချင်းရှိတဲ့သူဆိုတာ ငါ သိထားတယ်...ပိုင်မင်ဟန်က ထန်အာကိုကာကွယ်ပြီး နဂါးဓားကိုယူဆောင်လာဖို့အတွက် ဘာမှမသိနားမလည်တဲ့ ကလေးတစ်ယောက်ကို ဘယ်လိုနည်းနဲ့လွှက်မှာလဲ"
"ဒါပေမယ့် ဒီလောက်ပါပဲ"
သတ္တမအကြီးအကဲက တိုက်ခိုက်ရန်အတွက် ရှေ့သို့တိုးလိုက်စဥ်မှာပင် တစ်စုံတစ်ယောက်က သူ့အား ဟန့်တားလိုက်သည်။
"အကြီးအကဲ...ကျွန်တော် ဒီကောင်လေးကို ရင်ဆိုင်ပါရစေ"
ဤသည်က ရှယီပိုင်ပင်။
သူသည် နတ်ဆိုးမှော်နည်းစနစ်ကို အသုံးပြုခဲ့သော်လည်း ယုဝမ်လင်ခုန်း၏စိတ်ဆန္ဒသည် ခိုင်မာသဖြင့် လွယ်လင့်တကူထိန်းချုပ်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် အစောပိုင်းက ယုဝမ်လင်ခုန်း၏ ခုခံနိုင်မှုစွမ်းအားများ ပျောက်ကွယ်သွားခဲ့သည်။သူ ယုဝမ်လင်ခုန်းကို ထိန်းချုပ်နိုင်ရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်ပေ၏။
ရှယီပိုင်သည် မူလက သူ၏နတ်ဆိုးမှော်နည်းစနစ်ကို ဆက်လက်၍အသုံးပြုရန် စီစဥ်ထားသော်လည်း လုယွီရောက်ရှိလာခြင်းကိုမြင်ချိန်တွင် သူ၏ပစ်မှတ်ကို ပြောင်းလဲလိုက်သည်။
"ဒါက နည်းနည်းတော့စိတ်ဝင်စားစရာပဲ...မင်းက ကျောင်းတော်ကိုပြန်ရမှာကိုမပြန်ဘဲနဲ့ ဒီနေရာကိုပြန်လာပြီး အသေခံတာလား"
ရှယီပိုင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်နေသည်။
သူ လုယွီနှင့် ပထမဆုံးတွေ့စဥ်အချိန်တွင် လုယွီအားအရှက်ရစေရန် သူ ကြံစည်ခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ သူ၏လက်မှအရိုးများသာ ကြေမွှပျက်စီးခဲ့ပေ၏။
သူ၏လက်ကို အသစ်ပြန်လည်ပေါက်ဖွားစေပြီးဖြစ်သော်လည်း ယခင်လက်နှင့်နှိုင်းယှဥ်ပါက အားကောင်းသန်မာမှုမရှိတော့ချေ။
သူသည် ထိုအပြစ်များအားလုံးကို လုယွီပေါ်သို့ ပုံချလိုက်သည်။
မူလက သူသည် ဤနေရာမှကိစ္စများအားလုံး အခြေတကျဖြစ်သွားပြီးမှသာ လုယွီကို သွားရောက်ရှာဖွေရန် တွေးတောထားခဲ့သည်။မမျှော်လင့်ဘဲ လုယွီသည် သူ၏သဘောဆန္ဒအလျောက် ဤနေရာသို့ ရောက်ရှိလာလေ၏။
ဤသည်က အခွင့်အရေးကောင်းတစ်ခုဖြစ်သဖြင့် သူ လက်လွတ်ခံနိုင်ခြင်းမရှိချေ။
"ငါ မင်းကို ထိန်းချုပ်ပြီးတဲ့အချိန်ကျရင် မင်းရဲ့လက်တွေကို မင်းကိုယ်တိုင်ပြန်ပြီး ခုတ်ဖြတ်ခိုင်းမယ်"
ရှယီပိုင်က အရုပ်ကိုထိန်းချုပ်လိုက်ရာ ထူးဆန်းသောရယ်မောသံကြီးက ထပ်မံ၍ထွက်ပေါ်လာသည်။
ထိုအသံသည် လေထုအတွင်း၌ရစ်ဝဲနေကာ သရဲတစ္ဆေတစ်ကောင်မြည်တမ်းနေသည့်အစား လူအများကို တုန်လှုပ်ချောက်ချားစေနိုင်စွမ်းရှိသည်။
သို့ရာတွင် လုယွီကမူ လှုပ်ရှားခြင်းမရှိချေ။
ထို့ပြင် လုယွီ၏မျက်နှာအမူအယာသည် အနည်းငယ်မျှပင် ပြောင်းလဲသွားမှုမရှိပေ။
"ဘယ်လိုလဲ...အခုချိန်မှာ မင်းရဲ့စိတ်ဖရိုဖရဲဖြစ်နေပြီမလား...တခြားအသံတွေအများကြီးကိုလည်း မင်း ကြားနေရတယ်မလား"
ရှယီပိုင်သည် လုယွီ၏အပြုအမူကိုမြင်တွေ့ချိန်တွင် သူ၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီဟု အခိုင်အမာယုံကြည်သွားသည်။
သူက လုယွီကိုလက်ညှိုးညွှန်၍ ပြောဆိုလိုက်၏။
"အခုချက်ချင်း ဓားတစ်ချောင်းယူပြီး မင်းရဲ့ဘယ်လက်ကို ဖြတ်ပစ်စမ်း"
Chapter 2382
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ကျိန်စာအရုပ်လား...ဒီလိုမျိုး ရှေးရိုးစွဲအရုပ်တွေကို နတ်ဆိုးကျင့်ကြံသူတွေက အခုထိသုံးနေကြတုန်းပဲလား"
လုယွီသည် အရုပ်ကိုမြင်လိုက်သော အချိန်အခိုက်အတန့်တွင် ရှယီပိုင် မည်သည့်နည်းစနစ်အားအသုံးပြုနေသည်ကို သိရှိသွားပေ၏။
ထိုကျိန်စာအရုပ်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာတွင် ထွက်ပေါ်လာခဲ့သည့် နတ်ဆိုးကျင့်ကြံသူတချို့မှ ဖန်တီးထားခြင်းဖြစ်သည်။
နောက်ပိုင်းတွင် နတ်ဆိုးကျင့်ကြံသူများသည် လေ့လာဆန်းစစ်မှုအမြောက်အများကိုပြုလုပ်ပြီးနောက် ပို၍နက်နဲသိမ်မွေ့သော မှော်မန္တန်များက အကန့်အသတ်မရှိ ထွက်ပေါ်လာခဲ့သည်။ထိုကျိန်စာအရုပ်မှော်နည်းစနစ်သည် တဖြည်းဖြည်းခေတ်နောက်ကျလာကာ မည်သူကမျှ အသုံးပြုခြင်းမရှိတော့ချေ။
ကျိန်စာအရုပ်၏အကျိုးသက်ရောက်မှုသည် မိုးကောင်းကင်ကိုပင်ဖီဆန်နိုင်သည်အထိ အစွမ်းထက်သော်လည်း အလွန်ဆိုးရွားသောအားနည်းချက်မှာ တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံစားရခြင်းပင်။
အကယ်၍ ထိုကျိန်စာအရုပ်ကိုထိန်းချုပ်သူသည် သူ့ထက်ပို၍ကျင့်ကြံဆင့်မြင့်မားသူကို ထိန်းချုပ်လိုပါက များသောအားဖြင့် တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံစားရသည်။
အကယ်၍ အပေါ့ပါးဆုံးဖြစ်ပါက ထိုသူ၏ကျင့်ကြံမှုတချို့ ပျောက်ကွယ်သွားရုံသာဖြစ်သော်လည်း ပြင်းထန်သောကိစ္စရပ်မျိုးဖြစ်ပါက သူ၏စိတ်ဝိညာဥ်ပင် ထိခိုက်ဒဏ်ရာရရှိသွားပေမည်။
ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူများသည် ကျိန်စာအရုပ်မှော်နည်းစနစ်ကို စွန့်လွှတ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သို့ရာတွင် နတ်ဆိုးကျင့်ကြံသူများ အမှိုက်ကဲ့သို့ စွန့်ပစ်ခဲ့သော အရာတစ်ခုကို ဤနေရာတွင် တစ်စုံတစ်ယောက်က အဖိုးတန်ရတနာတစ်ပါးကဲ့သို့ အသုံးပြုနေမည်ဟု လုယွီက မျှော်လင့်မထားမိချေ။
ကြည့်ရသည်မှာ အကယ်၍ တစ်စုံတစ်ယောက်သည် အမှိုက်တစ်စကို စွန့်ပစ်လိုက်လျှင်ပင် ဤနေရာတွင် ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားနေကြမည့်ပုံပင်။
မည်သို့ပင်ဆိုစေကာမူ ရှယီပိုင်သည် လုယွီတွေးတောနေသောအရာများကို အနည်းငယ်မျှပင်သိရှိခြင်းမရှိချေ။
လုယွီ မလှုပ်မယှက်ရှိနေသည်ကိုကြည့်ပြီး ရှယီပိုင်က သရော်တော်တော်ပြောဆိုလိုက်သည်။
"ဘာလဲ...မင်း အရင်တုန်းကလို မောက်မာပြီးမနိုင်တော့ဘူးမလား...အခု မင်း ထိန်းချုပ်ခံထားရတော့ ဘယ်လိုနေလဲ"
ယုဝမ်လင်ခုန်းကို ထိုကျိန်စာအရုပ်နှင့် ရင်ဆိုင်ခဲ့စဥ်က သူ အချိန်တခဏကြာခန့် ရုန်းကန်ခဲ့ရသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီကို ကျိန်စာအရုပ်ဖြင့် သူ တိုက်ရိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ကြည့်ရသည်မှာ သူ့ရှေ့ရှိလူငယ်၏စိတ်ဆန္ဒသည် အနည်းငယ်မျှပင် ခိုင်မာပုံမရချေ။
မသိစိတ်မှနေ၍ ရှယီပိုင်သည် လုယွီကို အထင်အမြင်သေးသွားလေ၏။
လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။
"မင်းရဲ့မှော်မန္တန်က ဒီလောက်ထိဆိုးရွားနေမယ်လို့ ငါ ထင်မထားမိဘူး...ကြည့်ရတာတော့ မင်း အမွေဆက်ခံထားတဲ့ နတ်ဆိုးကျင့်ကြံသူက ဂိုဏ်းကြီးတစ်ဂိုဏ်းက မဟုတ်တဲ့ပုံပဲ"
ထိုသို့ပြောဆိုပြီးသည်နှင့် လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။သူ၏အသံတွင် နဂါးဟိန်းသံ တစွန်းတစ ပါဝင်နေပေ၏။
ဝုန်း....
ရှယီပိုင်၏လက်အတွင်းရှိ ကျိန်စာအရုပ်သည် လုယွီ၏နဂါးဟိန်းသံကို တောင့်မခံနိုင်သဖြင့် အလယ်မှနေ၍ ပြတ်တောက်သွားသည်။
ထိုကျိန်စာအရုပ်ပျက်စီးသွားချိန်တွင် ကြေမွှနေသောဝါဂွမ်းစများမှနေ၍ ရုတ်တရက် အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ရှယီပိုင်သည် သတိလက်လွတ်နေနေသဖြင့် ထိုအနက်ရောင်အခိုးအငွေ့များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ရှုသွင်းမိသွားသည်။
"ဒါက ဘာလဲ...အား...အား...အား..."
ရှယီပိုင်သည် အနည်းငယ်ကြက်သေသေသွားပြီးနောက် ချက်ချင်းဆိုသလိုပင် နာကျင်မှုကြောင့် သူ၏ခေါင်းကိုဆုပ်ကိုင်ကာ အော်ဟစ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏ခေါင်းကို ထက်ရှသောမြှားငယ်လေးများစွာ ထိုးဖောက်နေသည့်အလား တောင့်မခံနိုင်သော ပြင်းထန်သည့်နာကျင်မှုကို ခံစားနေရသည်။
တစ်ချိန်တည်းမှာပင် မြောက်မြားစွာသောပုံရိပ်များက ရှယီပိုင်၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုလူရိပ်များအားလုံးသည် ဆိုးရွားသောသေခြင်းနှင့်သေဆုံးခဲ့ရသူများပင်။သူတို့သည် သွေးနီရောင်မျက်လုံးများဖြင့် ရှယီပိုင်ကိုစူးစိုက်ကြည့်ကာ မည်သည်ကြောင့် သူတို့အား သတ်ဖြတ်ခဲ့သည်ကို မေးမြန်းနေကြ၏။
ထိုလူများအားလုံးကို ယခင်က ရှယီပိုင်သည် ကျိန်စာအရုပ်ဖြင့်ထိန်းချုပ်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုကျိန်စာအရုပ်သည် တစ်ဖက်လူ၏စိတ်ဝိညာဥ်ကို ထိန်းချုပ်နိုင်သော်လည်း အကျိုးဆက်အနေဖြင့် နက်ရှိုင်းသောအမှတ်အသားတစ်ခုက မန္တန်ရွတ်ဆိုသူ၏ခန္ဓာကိုယ်ပေါ်၌ ကျန်ရစ်ခဲ့သည်။
သာမာန်အားဖြင့် မန္တန်ရွတ်ဆိုသူသည် ထိုအမှတ်အသားကို မြင်နိုင်မည်မဟုတ်သော်လည်း တန်ပြန်ဒဏ်ခံရချိန်တွင် အလွန်ဆိုးရွားသောအကျိုးဆက်များကို ခံစားရပေမည်။
ရှယီပိုင်သည် မူလက ထိုတန်ပြန်ဒဏ်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။ဤသည်က သူ့အားယှဥ်ပြိုင်နိုင်သောပြိုင်ဖက် မရှိခဲ့ခြင်းကြောင့်ပင်။သို့ရာတွင် သူသည် လုယွီကို ရန်စစော်ကားခဲ့လေ၏။
လုယွီသည် ကျိန်စာအရုပ်၏မှော်မန္တန်ကို ဖျက်ဆီးလိုက်သဖြင့် သူ့အား အငြိုးကြီးစိတ်ဝိညာဥ်များက ဝိုင်းအုံ၍ တိုက်ခိုက်ကြတော့သည်။သူသည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
ရှယီပိုင်သည် နာကျင်မှုကြောင့် မျက်လုံးစုံမှိတ်ထားကာ သွေးစီးကြောင်းနှစ်ကြောင်းက သူ၏မျက်လုံးတစ်စုံမှ ယိုစီးကျနေသည်။
"အကြီးအကဲ...ကယ်ပါအုံး...ကျွန်တော်ကို ကယ်ပါအုံး"
ရှယီပိုင်သည် သတ္တမအကြီးအကဲထံသို့ အကူအညီတောင်းခံလေ၏။
သို့ရာတွင် သတ္တမအကြီးအကဲသည် စိတ်မရှည်သောအမူအယာဖြင့် သူ့အား နံဘေးဘက်သို့ ကန်ထုတ်လိုက်သည်။
"အသုံးမဝင်တဲ့ အမှိုက်ကောင်"
ရှယီပိုင်သည် အစိမ်းရောင်ကြာနတ်ဘုရားကို သစ္စာခံထားသော နောက်လိုက်တစ်ယောက်ဖြစ်သော်လည်း သတ္တမအကြီးအကဲ၏အမြင်အရ သူသည် အချိန်မရွေး စွန့်ပစ်၍ရသော နယ်ရုပ်တစ်ရုပ်ပင်။
Chapter 2383
ယခုချိန်၌ ထိုနယ်ရုပ်သည် ထပ်မံ၍အသုံးမဝင်တော့သဖြင့် သတ္တမအကြီးအကဲသည် ရှယီပိုင်နှင့်ထပ်မံ၍ အပိုစကားများပြောဆိုလိုခြင်းမရှိတော့ချေ။
"အား...မင်းတို့အားလုံး သေသင့်တယ်....ငါ မင်းတို့ကိုသတ်မယ်"
သစ္စာဖောက်ခံရသည့်ခံစားချက်မျိုး ရရှိပြီးနောက် ရှယီပိုင်သည် ရူးသွပ်နေသူတစ်ယောက်အလား စတင်၍ သွေးရူးသွေးတန်းအော်ဟစ်လိုက်သည်။
သို့ရာတွင် ယခုချိန်၌ သူ့ထံတွင် ယခင်ကဲ့သို့တည်ငြိမ်သော ကိုယ်ဟန်အမူအယာမျိုး မရှိတော့ချေ။သူ၏ခန္ဓာကိုယ်ရှိ အရေပြားများမှနေ၍ ပြည်များယိုစီးကျလာသည်။
ဒဏ်ရာတချို့ကလည်း သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ ထွက်ပေါ်လာပေ၏။
ဤသည်က မြောက်မြားစွာသော အငြိုးကြီးစိတ်ဝိညာဥ်များသည် လေဟာနယ်အတွင်း၌ပုန်းအောင်းကာ ရှယီပိုင်၏အသွေးအသားများကို ဝါးမျိုနေကြခြင်းပင်။
အဆုံးသတ်၌ ရှယီပိုင်၏အသံ အလွန်အမင်းတိမ်ဝင်သွားသည်။သူသည် ရုန်းကန်၍ ခွင့်လွှတ်ရန်အတွက် အသနားခံတောင်းပန်နေလေ၏။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ရှယီပိုင်သည် မြေပြင်ပေါ်သို့လဲကျကာ ဆိုးရွားသောအခြေအနေမျိုးဖြင့် သေဆုံးသွားတော့သည်။
ဤကဲ့သို့ဖြစ်ရခြင်းမှာ သူ ဖန်တီးခဲ့သော အပြစ်များကြောင့်ပင်။
သူသည် နတ်ဆိုးနည်းစနစ်ကိုအသုံးပြု၍ မြောက်မြားစွာသောလူများကို သတ်ဖြတ်ခဲ့သည်။
ယခုချိန်၌ သူ၏အပြစ်ဒဏ်ကို ပြန်လည်ခံစားသွားရလေပြီ။
"ဟား ဟား ဟား....မိုးကောင်းကင်တာအိုရဲ့ တန်ပြန်ဒဏ်ခတ်မှုကိုမြင်ရတာ အရမ်းကောင်းတာပဲ"
ယုဝမ်လင်ခုန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ရှယီပိုင်ကဲ့သို့ပုန်ကန်သူတစ်ယောက် တန်ပြန်ဆိုးကျိုးဒဏ်ခံရသည်ကိုကြည့်ပြီး ယုဝမ်လင်ခုန်းက အနည်းငယ်စိတ်ကျေနပ်သွားလေ၏။
သတ္တမအကြီးအကဲက မျက်မှောင်ကြုတ်ကာ လုယွီကို ကြည့်လိုက်သည်။
"ကြည့်ရတာတော့ အရင်က ငါ မင်းကို လျှော့တွက်ခဲ့မိပုံပဲ...ဒါပေမယ့် မင်း လုပ်နိုင်တာ ဒီလောက်ပါပဲ"
ရှယီပိုင်၏ကျိန်စာအရုပ်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ လုယွီသည် နတ်ဆိုးနည်းစနစ်များကို အတော်အသင့်နားလည်သဘောပေါက်ထားခြင်းကြောင့်ဖြစ်ပေမည်။
ထိုသို့ဆိုလျှင်ပင် အရေးမပါချေ။အကြွင်းမဲ့ခွန်အားနှင့် ရင်ဆိုင်ရချိန်တွင် မည်သည့်လှည့်စားမှုမျိုးမျှ အသုံးမဝင်ပေ။
"သူ့ကို သွားသတ်ကြစမ်း"
သတ္တမအကြီးအကဲသည် သူ၏လက်ကိုဝှေ့ယမ်း၍ အကြီးအကဲသုံးယောက်အား လုယွီကို တပြိုင်နက်တည်းတိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။
ထိုအကြီးအကဲသုံးယောက်လုံးသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများပင်။
အစိမ်းရောင်ကြာနတ်ဘုရား၏ကူညီထောက်ပံမှုဖြင့် ထိုအကြီးအကဲသုံးယောက်၏ခန္ဓာကိုယ်ကို ထိန်းညှိပြင်ဆင်ပြီးသားဖြစ်လေရာ သူတို့၏ခွန်အားသည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ထက် များစွာပို၍ကျော်လွန်နေသည်။
ဝှစ်.. ဝှစ်...ဝှစ်...
လေထုကိုဖြတ်သန်းလာသောအသံများက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ထိုအကြီးအကဲသုံးယောက်၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီထံသို့ ရောက်ရှိလာကာ စတင်၍ တိုက်ခိုက်ကြတော့သည်။
"ဟူး...အခုတော့ အားလုံးအဆုံးသတ်သွားပြီ"
ယုဝမ်လင်ခုန်းက လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
သူသည် အစောပိုင်းကပင် ထိုအကြီးအကဲသုံးယောက်၏ခွန်အားကို ရင်ဆိုင်ထားပြီးလေပြီ။သူသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် ထိုအကြီးအကဲသုံးယောက်၏ဝိုင်းရံတိုက်ခိုက်မှုအောက်မှ ရုန်းထွက်နိုင်ခဲ့ခြင်းမရှိချေ။
လုယွီဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
နောက်ထပ်အချိန်တခဏအတွင်းမှာပင် လုယွီသည် အသားပြားဘဝသို့ ရောက်ရှိသွားမည်ကို သူ စိုးရိမ်နေမိ၏။
အကြီးအကဲသုံးယောက် လုယွီ၏အနီးသို့ ချဥ်းကပ်သွားသောအချိန်မှာပင် သူ၏နံဘေး၌ လူရိပ်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။
ဘုန်း....
ထိုအကြီးအကဲသုံးယောက်၏တိုက်ခိုက်မှုများအားလုံး ပိတ်ဆို့ဟန့်တားခြင်းခံရကာ နောက်သို့လွင့်ထွက်သွားကြသည်။
အကြီးအကဲသုံးယောက်သည် သူတို့၏ခန္ဓာကိုယ်များကို ထိန်းညှိပြီးနောက် ဂရုတစိုက်ကြည့်လိုက်ကြရာ လုယွီ၏နောက်၌ နတ်ဆိုးတစ်ကောင်ရှိနေခြင်းကို မြင်တွေ့မိကြသည်။ထိုနတ်ဆိုး၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုးရှိနေကာ သာမာန်လူထက် နှစ်ဆခန့်ပို၍ အရပ်မြင့်မားသည်။သူ၏လက်ရှစ်ဖက်ကို ဆန့်တန်းထားလေရာ တုန်လှုပ်ချောက်ချားဖွယ်အသွင်အပြင်မျိုး ရှိနေလေ၏။
ဤသည်က လုယွီ ရုပ်သေးအဖြစ်သို့ပြောင်းလဲထားသော ရှုရာဧကရာဇ်ရှစ်ဖန့်ပင်။
"ဒါက ဘယ်ငရဲကတက်လာတဲ့ကောင်လဲ"
သတ္တမအကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။
သူ အသိပြန်မဝင်သေးမီမှာပင် လုရှင်းက အကြီးအကဲသုံးယောက်ထံသို့ ဦးတည်၍ပြေးဝင်တိုက်ခိုက်လေသည်။
လုရှင်းသည် ယခင်က ရှဖုန်းနှင့်တိုက်ပွဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သော်လည်း ယင်ချီများဖြင့် ပြန်လည်အားဖြည့်တင်းပြီးဖြစ်သည်။ရှုရာဧကရာဇ်ရှစ်ဖန့်သည် ဆံဖြူဖုတ်ကောင်၏ခန္ဓာကိုယ်ကို သူ၏ရုပ်ခန္ဓာကိုယ်အဖြစ် အသုံးပြုထားသဖြင့် သူ၏ပြန်လည်ကုစားနိုင်မှုနှုန်းမှာ အလွန်လျှင်မြန်သည်။
အကြီးအကဲသုံးယောက်သည် ရှုရာနတ်ဘုရား၏ထောက်ပံကူညီမှုကို ရရှိထားသည့်တိုင် လုရှင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရ၏။
"အဋ္ဌဂံကောင်းကင်ဘုံ သူတော်စင်ပုဆိန်..."
"ကောင်းကင်ဘုံ နတ်ဘုရားဓား...."
"လွင့်မျောမီးခိုး ကြယ်ကြွေရိုက်ချက်...."
အကြီးအကဲသုံးယောက်သည် သူတို့၏အကောင်းဆုံးနည်းစနစ်များကို ထုတ်ဖော်အသုံးပြု၍ လုရှင်းကို တိုက်ခိုက်လိုက်ကြသည်။
သို့ရာတွင် လုရှင်းသည် အော်ဟစ်ကြုံးဝါး၍ သူ၏လက်ရှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။သူသည် အကြီးအကဲသုံးယောက်၏လှုပ်ရှားမှုများကို လျစ်လျှူရှု၍ အင်အားကုန်တိုက်ခိုက်လိုက်၏။
ထိုအကြီးအကဲသုံးယောက်လုံး နောက်သို့လွင့်စင်သွားကာ သူတို့၏အရိုးများ ကျိုးပဲ့သွားကြသည်။
"သူတို့ကိုသတ်လိုက်...တစ်ယောက်မှအသက်ရှင်ရက် ချန်မထားနဲ့"
လုယွီသည် တစ်ယောက်တစ်လေကိုမျှ အလွတ်ပေးမည်မဟုတ်ချေ။
Chapter 2384
ထိုအကြီးအကဲသုံးယောက်ကို အစိမ်းရောင်ကြာနတ်ဘုရား၏သစ္စာခံများအဖြစ် လေ့ကျင့်သင်ကြားပေးထားခြင်းဖြစ်သည်။
အကယ်၍ သူတို့အား ပြင်ပလောကသို့ စေလွှတ်လိုက်ပါက လောကကြီးတခွင်လုံး ဖရိုဖရဲဖြစ်သွားပေမည်။
အကောင်းဆုံးနည်းလမ်းမှာ သူတို့အားလုံးကို သတ်ဖြတ်ပစ်ရန်ပင်။
အတိတ်တွင် ကောင်းကင်ဘုံနယ်မြေ၌ မြေအောက်လောကတာအိုသခင်ဟုခေါ်သော သတ်ဖြတ်ခြင်းနတ်ဘုရားရှိခဲ့ဖူးသည်ကို သူတို့အားလုံး သိရှိမည်မဟုတ်ချေ။လုယွီသည် ဆိုးယုတ်သောလူများကို သတ်ဖြတ်သည့်အချိန်၌ အနည်းငယ်မျှပင် နောက်မတွန့်ဘူးပေ။ဤကဲ့သို့လူစားများအတွက် လုယွီသည် အမြစ်မှဖြတ်ပိုင်းကာ နောင်တစ်ချိန်တွင် စိုးရိမ်ပူပန်စရာမကျန်အောင် လုပ်ဆောင်ရမည်ဟုသာ တွေးတောထားပေ၏။
လုရှင်းသည် ထိုအကြီးအကဲသုံးယောက်ကို အလျှင်အမြန် သတ်ဖြတ်လိုက်သည်။
"အဲ့ဒီလိုလား...မင်းက ဒီနေရာကိုတစ်ယောက်တည်းလာဝံ့တာ အံ့အားသင့်စရာမရှိတော့ဘူး....မင်းရဲ့ဘေးမှာ ဒီလိုမျိုးအစွမ်းထက်တဲ့ရုပ်သေးတစ်ရုပ် ရှိနေတာကိုး"
သတ္တမအကြီးအကဲ၏မျက်နှာအမူအယာသည် တည်ငြိမ်အေးဆေးနေဆဲပင်။
သူက အပေါ်ဝတ်ရုံကိုဖြည်းညှင်းစွာချွတ်လိုက်ရာ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းရှိကြွက်သားများ ထွက်ပေါ်လာသည်။
သတ္တမအကြီးအကဲသည် အသက်အရွယ်အိုမင်းနေပြီဖြစ်သော်လည်း အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏ဘဝသက်တမ်းကို ဆယ်စုနှစ်အနည်းငယ်ခန့် မြှင့်တင်ပေးထားသဖြင့် သူ၏ရုပ်ခန္ဓာကိုယ်သည် ပို၍သန်မာအားကောင်းလာခဲ့သည်။
ယုဝမ်လင်ခုန်းကို သူ အနိုင်ယူနိုင်ခဲ့သည်မှာ ထိုအကြောင်းအရင်းကြောင့်ပင်။
"ကံဆိုးချင်တော့ ရုပ်သေးဆိုတာ သက်မဲ့အရာတစ်ခုပဲ...မင်းက ဒီနေရာမှာသေဆုံးဖို့ ကံကြမ္မာက ရှိနေတုန်းပဲ"
သတ္တမအကြီးအကဲ၏ခန္ဓာကိုယ်မှနေ၍ ရုတ်တရက် ပြင်းထန်သောအားလှိုင်းများ ပွင့်အံထွက်လာသည်။
တလိမ့်လိမ့်ထွက်ပေါ်လာသော မှော်စွမ်းအားလှိုင်းများကြောင့် မူလက ပြိုလဲလုဆဲဆဲဖြစ်နေသော စည်းဝေးခန်းမကြီး ချက်ချင်းဆိုသလို ပြိုလဲကျသွားလေ၏။
ယုဝမ်လင်ခုန်းသည် သူ၏ခေါင်းကိုအားယူမော့၍ သတ္တမအကြီးအကဲ၏မှော်စွမ်းအားလှိုင်းများကို ကြည့်လိုက်သည်။ထို့နောက် သူက အံ့အားတသင့် ရေရွတ်လေသည်။
"မင်းက ရွှယ်အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီလား"
ဤသည်က အမှန်ပင်။
ယခုချိန်တွင် သတ္တမအကြီးအကဲ ထုတ်ဖော်ပြသထားသောခွန်အားသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။
ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် တော်ဝင်နန်းတော်အတွင်း၌ပင် မဟာစစ်ဗိုလ်ချုပ် သို့မဟုတ် အဆင့်အတန်းမြင့်မားသော အရာရှိရာထူးကို ရရှိနိုင်သည်။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေကဲ့သို့ နေရာငယ်လေးတွင် ထျန်းပိုယန်ကဲ့သို့ ရွှယ်အင်မော်တယ်တစ်ယောက်ကို နယ်မြေတစ်ခုလုံးကိုအုပ်ချုပ်ရသော အရှင်သခင်ဟု ယူဆနိုင်သည်။
မူလက သတ္တမအကြီးအကဲသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်သာဖြစ်သည်။မြေကမ္ဘာအင်မော်တယ်နှင့်ရွှယ်အင်မော်တယ်ကြားတွင် အလွန်နက်နဲသိမ်မွေ့သော ကွာဟချက်ကြီးရှိနေသည်။
ကျင့်ကြံသူအများစုသည် သူတို့၏ဘဝသက်တမ်းတလျှောက်လုံး မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင်သာ ပိတ်မိနေကြကာ ထပ်မံ၍တက်လှမ်းနိုင်ခြင်းမရှိတော့ချေ။
"ဟား ဟား ဟား...ယုဝမ်လင်ခုန်း...မြင့်မြတ်တဲ့နတ်ဘုရား ဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာကို မင်းမသိပါဘူး...တကယ်လို့ သစ်ဆွေးတစ်တုံးဆိုရင်တောင် မြင့်မြတ်တဲ့နတ်ဘုရားရဲ့စွမ်းအားနဲ့ မှော်ရတနာအဖြစ်ကို ပြောင်းလဲပေးနိုင်တယ်...ငါ့ရဲ့ပါရမီအရည်အချင်းကို မြင့်မြတ်တဲ့နတ်ဘုရားက ပြောင်းလဲပေးလိုက်ပြီ...ငါက အခု ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ...ငါ့ရဲ့ရှေ့အလားအလာကို မင်း စိတ်ကူးယဥ်ကြည့်လို့တောင် ရမှာမဟုတ်ဘူး"
သတ္တမအကြီးအကဲက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
ယခုလက်ရှိချိန်တွင် သူ မည်သူကိုမျှ ကြောက်ရွံခြင်းမရှိချေ။
ရုပ်သေး၏ခွန်အားသည် ကောင်းမွန်သော်လည်း ဤသည်က သက်မဲ့အရာတစ်ခုပင်။
အကယ်၍ ထိုရုပ်သေးသည် သူ၏နောက်လိုက်အနည်းငယ်ကို သတ်ဖြတ်နိုင်လျှင်ပင် အရေးမပါချေ။
သူရှိနေပါက ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို ဖိနှိပ်ထားနိုင်ရန် လုံလောက်သည်။
"ကောင်းပြီလေ...ငါ မင်းနဲ့ အပိုစကားတွေမပြောတော့ဘူး...ငါ မင်းကိုသတ်ပြီးမှ ဒီရုပ်သေးကိုယူလိုက်မယ်"
သတ္တမအကြီးအကဲက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့်အတူ စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။
သို့သော် ထိုအချိန်မှာပင် အနက်ရောင်အရိပ်တစ်ရိပ်က ရုတ်တရက် သူ၏ရှေ့သို့ ရောက်ရှိလာသည်။
ဤသည်မှာ လုယွီက အရင်ဦးအောင်လှုပ်ရှား၍ တိုက်ခိုက်လိုက်ခြင်းပင်။
"မင်းရဲ့လှုပ်ရှားမှုက မြန်သားပဲ.. ဒါပေမယ့် ဒီလောက်ပါပဲ"
သတ္တမအကြီးအကဲသည် ဓားပျံကိုထိန်းချုပ်၍ပျံသန်းကာ သူ၏မှော်စွမ်းအားများကို စုစည်းလိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ရုတ်ချည်းဆိုသလိုပင် ထောင်သောင်းချီသောဓားပျံများသည် သတ္တမအကြီးအကဲ၏နံဘေးပတ်လည်၌ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းသွားသည်။
သူသည် လုယွီ၏တိုက်ခိုက်မှုဦးတည်ချက်ကို ခန့်မှန်းရန်ပင် ပျင်းရိနေသည်။
သူသည် အရပ်မျက်နှာအားလုံးကို ပိတ်ဆို့ဟန့်တားထားသဖြင့် လုယွီသည် မည်သည့်နည်းလမ်းကို အသုံးပြုနေပါစေ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် လုယွီက အနည်းငယ်မျှပင် ရှောင်တိမ်းခြင်းမပြုချေ။သူ၏လက်ယာဘက်လက်မှနေ၍ မှော်စွမ်းအားလှိုင်းများထွက်ပေါ်လာကာ သူ့ရှေ့၌ ဧရာမမှော်စွမ်းအင်လက်ဝါးကြီးအဖြစ် စုဝေးသွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်...
ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးသည် အောက်သို့ကျဆင်းလာကာ ဓားပျံများအားလုံးကို ဖမ်းဆုပ်လိုက်၏။
ထိုဓားပျံများအားလုံးသည် ပျံဝဲနိုင်ခြင်းမရှိသေးမီမှာပင် လုယွီ၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရတော့သည်။
Chapter 2385
ဘုန်း...
ကျယ်လောင်သောဆူညံသံတစ်သံနှင့်အတူ ဓားပျံများအားလုံး ကြေမွှပျက်စီးသွားသည်။
မူလက မောက်မာဝံ့ကြွားနေသော သတ္တမအကြီးအကဲ၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားပေ၏။
သူ၏ဓားပျံများသည် ရွှယ်အင်မော်တယ်နယ်ပယ်၏မှော်မန္တန်ပင်။
မည်သည်ကြောင့် လုယွီ၏ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိရသနည်း...
"ဒါဆိုရင် အဲ့ဒီလိုလား...အစိမ်းရောင်ကြာနတ်ဘုရားက သူ့ကိုကူညီပေးဖို့အတွက် မျိုးစေ့ကောင်းတွေကို ရွေးထုတ်ထားပုံပဲ...ကြည့်ရသလောက်တော့ ခင်ဗျားက သူယုံကြည်ရတဲ့ နောက်လိုက်တစ်ယောက်ဖြစ်ပုံရတယ်....ခင်ဗျားက ယုံကြည်သက်ဝင်မှုစွမ်းအားတွေကို မှီခိုပြီးတော့ ရွှယ်အင်မော်တယ်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တယ်...ဟုတ်တယ်မလား"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
သူသည် သတ္တမအကြီးအကဲ၏ခန္ဓာကိုယ်မှနေ၍ အလွန်ပြင်းထန်သော ယုံကြည်သက်ဝင်မှုစွမ်းအားများ ထွက်ပေါ်နေခြင်းကို ခံစားမိသည်။
သတ္တမအကြီးအကဲသည် နတ်ဘုရားတစ်ပါးမဟုတ်သဖြင့် ထိုယုံကြည်သက်ဝင်မှုစွမ်းအားများသည် အစိမ်းရောင်ကြာနတ်ဘုရားမှ ပေးအပ်ထားခြင်းသာဖြစ်ပေမည်။
ဤကဲ့သို့များပြားသော ယုံကြည်သက်ဝင်မှုစွမ်းအားများသည် ပါရမီရှင်တစ်ယောက်ကို ရွှယ်အင်မော်တယ်နယ်ပယ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားစေရန်လုံလောက်သည့်အပြင် နယ်မြေသခင်နယ်ပယ်၏အစွန်အဖျားကိုပင် ထိတွေ့နိုင်ပေလိမ့်မည်။
ကံဆိုးစွာဖြင့် သတ္တမအကြီးအကဲသည် ပါရမီအရည်အချင်းနိမ့်ပါးသူ ဖြစ်နေလေ၏။
သူသည် အစိမ်းရောင်ကြာနတ်ဘုရားအပေါ် သစ္စာရှိခြင်းကြောင့်သာ ဤကျင့်ကြံဆင့်နယ်ပယ်သို့ရောက်ရှိလာခြင်းဖြစ်သည်။
သို့ရာတွင် ဤကဲ့သို့ဖြတ်လမ်းနည်းဖြင့်တက်လှမ်းလာသော ရွှယ်အင်မော်တယ်တစ်ယောက်သည် သာမာန်ရွှယ်အင်မော်တယ်တစ်ယောက်ထက် ခွန်အားပို၍နိမ့်ပါးသည်။ထို့ကြောင့် သတ္တမအကြီးအကဲသည် မည်သည့်နည်းဖြင့် လုယွီကို ယှဥ်ပြိုင်နိုင်မည်နည်း။
"မင်းရဲ့ ကျင့်ကြံဆင့်နယ်ပယ်အစစ်အမှန်က ဘာလဲ...ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
သတ္တမအကြီးအကဲသည် ထိတ်လန့်ကြောက်ရွံနေသောငှက်တစ်ကောင်အလား ထွက်ပြေးရန်ဟန်ပြင်လိုက်၏။
သူသည် လုယွီအပေါ်၌ မှားယွင်း၍ အကဲဖြတ်ခဲ့မိသည်။
အတိအကျပြောဆိုရလျှင် သတ္တမအကြီးအကဲသည် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိချေ။
ထို့ကြောင့် သူ၏အတွေ့အကြုံကို အခြေခံ၍ လုယွီ၏အသက်အရွယ်ဖြင့် လောကီအင်မော်တယ်နယ်ပယ်ထက် ပို၍မြင့်မားမှုမရှိနိုင်ဟု ကောက်ချက်ချခဲ့သည်။
"ခင်ဗျား အခုထွက်သွားလို့မရသေးဘူး...ကျုပ်သိချင်တာတွေ အများကြီးရှိသေးတယ်"
လုယွီက သတ္တမအကြီးအကဲ၏နောက်သို့ လိုက်လံဖမ်းဆီးလေသည်။
လုယွီသည် သူ၏နောက်သို့ အရိပ်ပမာ ထပ်ချပ်မကွာလိုက်နေသည်ကိုကြည့်ပြီး သတ္တမအကြီးအကဲ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်လာသည်။
"ကောင်လေး...မင်း ဘယ်လိုမျိုး ထူးဆန်းတဲ့နည်းစနစ်တွေကို သုံးနေတယ်ဆိုတာကို ငါ မသိပေမယ့်...ဒီနေ့ ငါ မင်းကို သတ်မယ်"
သတ္တမအကြီးအကဲက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးကာ နောက်သို့ပြန်လှည့်လိုက်၏။
သူ၏ပါးစပ်မှနေ၍ ရှုပ်ထွေးသောမှော်မန္တန်တစ်ပုဒ်ကို စတင်၍ရွတ်ဆိုလိုက်သည်။ထိုမှော်မန္တန်သည် စုန်းများ ယဇ်ပူဇော်နေသည်နှင့်တူညီပြီး နတ်ဆိုးဆန်သောစာလုံးများဖြင့် ပြည့်နှက်နေသည်။
ထိုမှော်မန္တန်ကိုရွတ်ဆိုပြီးနောက် သတ္တမအကြီးအကဲ၏ခန္ဓာကိုယ်မှကြွက်သားများ ပို၍ဖောင်းကြွလာသည်။
သူ၏လက်ယာဘက်လက်မောင်းပေါ်ရှိ ကြာပန်းစိမ်းအမှတ်အသားမှနေ၍ အပြာရောင်အလင်းတန်းများ ဖြာထွက်လာပေ၏။
လုယွီ၏ချီစောင့်ကြည့်ခြင်းနည်းစနစ်အောက်တွင် ယုံကြည်သက်ဝင်မှုစွမ်းအားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ သတ္တမအကြီးအကဲ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေခြင်းကို တွေ့မြင်မိသည်။
"အခုထိ အစိမ်းရောင်ကြာနတ်ဘုရားကို ယုံကြည်ကိုးကွယ်တဲ့သူတွေ အများကြီးရှိနေသေးတာလား"
လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။
လတ်တလောနှစ်များအတွင်းတွင် အစိမ်းရောင်ကြာနတ်ဘုရားသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေကို ခြေကုပ်ယူကာ သူ၏နောက်လိုက် ယုံကြည်သက်ဝင်သူများ များပြားလာစေရန် ပြုလုပ်ခဲ့သည်။
အကယ်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သာ သက်ရှိထင်ရှားရှိနေပါက ဤကဲ့သို့များပြားသော ယုံကြည်သက်ဝင်သူများ ရှိလာမည်မဟုတ်ချေ။
"သူက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့အဓိကအဖွဲ့ဝင်တစ်ယောက်ပဲ....ငါ သူ့ကိုဖမ်းပြီးတော့ မေးခွန်းတွေမေးရမယ်"
လုယွီက တီးတိုးရေရွတ်လိုက်၏။
လုယွီ၏မျက်နှာပေါ်တွင် မည်သည့်ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်မျှ ရှိမနေခြင်းကိုကြည့်ပြီး သတ္တမအကြီးအကဲသည် သူ့အား လျှစ်လျှုရှုထားခံရသကဲ့သို့ ခံစားလိုက်ရသည်။
"မင်းက တော်တော်မောက်မာတဲ့ကောင်ပဲ...ငါ မင်းကို အရေခွံခွါတဲ့အချိန်ကျမှ နောင်တဆိုတာဘာလဲ မင်း သိစေရမယ်"
သတ္တမအကြီးအကဲက သရော်တော်တော် ပြောဆိုသည်။
သို့ရာတွင် သူ၏အသံ အဆုံးသတ်သွားသောအချိန်တွင် လူရိပ်တစ်ရိပ်က ရုတ်တရက် သူ၏ရှေ့သို့ ရောက်ရှိလာသည်ကို ခံစားမိပေ၏။
လုယွီသည် သူ၏ရှေ့သို့ အရိပ်တစ်ခုအလား ဖျတ်ခနဲ ရောက်ရှိလာခြင်းပင်။
ထို့နောက် လုယွီက သူ့အား ပါးဖြတ်ရိုက်လိုက်၏။
ထိုရိုက်ချက်တစ်ချက်ဖြင့် သတ္တမအကြီးအကဲ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုအတွင်း၌ နှစ်ပတ်ခန့်ကျွမ်းပြန်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာသည်။
သတ္တမအကြီးအကဲ၏ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါများ ထုတ်လွှတ်ထားသောခန္ဓာကိုယ်သည် လုယွီ၏ရိုက်ချက်တစ်ချက်ကိုပင် တောင့်ခံနိုင်ခြင်းမရှိချေ။
"ငါ မင်းကို မေးမယ်...အစိမ်းရောင်ကြာနတ်ဘုရား အခု ဘယ်နေရာမှာ ပုန်းအောင်းနေလဲ"
လုယွီက သတ္တမအကြီးအကဲ၏ခေါင်းကို ခြေဖြင့်ဆောင့်နင်းကာ အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ခွေးမသား...ငါ မင်းကိုသတ်မယ်"
သတ္တမအကြီးအကဲက ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ အင်အားကုန်ရုန်းကန်လိုက်၏။
Thank For Reading.