← Chapters

သိုင်းသူတော်စင် ပေါ်ထွက်လာခြင်း (အပိုင်း ၂)

Vol. 23 Ch. 332

သိုင်းသူတော်စင် ပေါ်ထွက်လာခြင်း (အပိုင်း ၂)

Vol. 23 Ch. 332

နင်ချီ၏ အကူအညီဖြင့်...

ဓားမမိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သော ဝိညာဉ်စွမ်းအား အမျှင်တန်းလေးမှာ ချက်ချင်းဆိုသလို ပြန်ကန်ထွက်သွားလေသည်။

ထိုအချိန်မှာပင် နင်ချီ အာရုံခံလိုက်မိသည်မှာ စောစောက သူတွေ့လိုက်ရသော ထူးဆန်းသည့် စွမ်းအားဆိုးကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားခြင်းပင်။ အစကတည်းက မရှိခဲ့ဖူးသည့်အလား ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခြင်း ဖြစ်၏။ တချိန်တည်းမှာပင် ဓားမမိစ္ဆာ၏ အခြေအနေမှာလည်း သိသိသာသာ ပြန်ကောင်းမွန်လာပြီး၊ မျက်လုံးအိမ်များက မူလအတိုင်း ပြန်လည်နက်မှောင်လာကာ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်များလည်း ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာတော့၏။

အစစ်အမှန်သိုင်းတောင်၏ နောက်ဘက်တောင်ကြောတစ်ခုလုံး...

တိတ်ဆိတ်ခြင်းက ကြီးစိုးထားပြန်၏။

ကြားနေရသည်မှာ သေမင်းခံတွင်းဝမှ သီသီလေး လွတ်မြောက်လာသော ဓားမမိစ္ဆာ၏ "ဟောဟဲ" လိုက်နေသည့် အသက်ရှူသံပြင်းပြင်းများသာ။

သူ့မျက်လုံးနက်နက်များထဲတွင် အကြောက်တရားတို့ အထင်းသား စွဲထင်ကျန်ရစ်နေ၏။ သေရမည်ကို စိတ်ဒုန်းဒုန်းချ ပြင်ဆင်ထားသည် ဆိုသော်ငြား၊ တကယ့်လက်တွေ့တွင် မသိနားမလည်နိုင်သော ကြောက်မက်ဖွယ်ရာ အရာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အခါ အသက်ရှူကြပ်မတတ် ခံစားလိုက်ရသည် မဟုတ်လား။

အကယ်၍သာ နင်ချီက ကြိုတင်ပြင်ဆင်မှုများစွာ မလုပ်ထားခဲ့လျှင်၊ သူ့ကံကြမ္မာက တွေးရဲစရာပင် မရှိတော့။

“အဲ့ဒါ... အဲ့ဒါက တကယ်တမ်း ဘာကြီးလဲဟင်... ဝိညာဉ်စွမ်းအင်ထဲမှာ... ဘာတွေ ရှိနေတာလဲ”

ဓားမမိစ္ဆာ၏ အသံက အနည်းငယ် တုန်ယင်အက်ကွဲနေ၏။ သူက နင်ချီကို မော့ကြည့်ရင်း အဖြေတစ်ခုကို ဆာလောင်မွတ်သိပ်စွာ တောင်းဆိုနေ၏။

သို့သော် နင်ချီ၏ မျက်ဝန်းများကလည်း လေးနက်တည်ငြိမ်လွန်းနေ၏။

သူ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်၏။

“အရာအားလုံးက မရေရာသေးဘူး...”

ယခုအချိန်ထိ သေချာသည့် တစ်ခုတည်းသော အချက်မှာ ဝိညာဉ်စွမ်းအင်ထဲတွင် အန္တရာယ်ရှိသော 'အရာ' တစ်ခု ပါဝင်နေခြင်းပင်။ သူ့အာရုံခံနိုင်စွမ်းက ဘယ်တော့မှ မမှားနိုင်။ ဒါက အရာအားလုံး၏ အဓိက တရားခံပင်။ နင်ချီ အသက်ကို ဝဝရှူသွင်းလိုက်ပြီး မေးလိုက်သည်။

“အခု ခင်ဗျား ဘယ်လိုနေသေးလဲ”

ဓားမမိစ္ဆာက သူ့ကိုယ်သူ အတွင်းပိုင်းထိ အာရုံခံ စစ်ဆေးလိုက်ပြီးနောက် တည်ငြိမ်လေးနက်စွာ ပြန်ဖြေလေသည်။

“ငါ့ သက်တမ်းတွေ နည်းနည်း လျော့သွားသလိုပဲ... ပြီးတော့ ကျုပ်ခန္ဓာကိုယ်ထဲက အသက်စွမ်းအင်တွေလည်း တော်တော်လေး အားနည်းသွားတယ်”

(သူ့ထက် အသက်အများကြီး ငယ်တာမှန်း သိလို့ ‘မင်းနဲ့ ငါ’ လို့ နာမ်စား သုံးနှုန်း သွားတော့မှာ ဖြစ်ပါတယ်။)

ပြောရင်းနှင့်ပင် ကျောချမ်းသွားမိသည်။ တော်သေးသည်က နောက်ဆုံးအချိန်တွင် နင်ချီ၏ အကူအညီဖြင့် လျှို့ဝှက်နည်းလမ်းကို ပြောင်းပြန်လှန်နိုင်လိုက်လို့သာ။ သို့မဟုတ်ပါက သူ အသက်ပါ ပါသွားလောက်သည်။

နင်ချီ အနည်းငယ် ခေါင်းညိတ်လိုက်၏။

“ကြည့်ရတာ... ဝိညာဉ်စွမ်းအင်ထဲမှာ ပါနေတဲ့ အဆိပ်အတောက်က လူတစ်ယောက်ရဲ့ သက်တမ်းကို အကြီးအကျယ် လျော့ကျသွားစေတဲ့ပုံပဲ... အဲ့ဒါကိုသာ ခန္ဓာကိုယ်ထဲ စုပ်ယူမိရင် သက်တမ်းကုန်ပြီး သေသွားနိုင်တယ်”

ဓားမမိစ္ဆာ ခေတ္တမျှ နှုတ်ဆိတ်သွားပြီးနောက် အသံအက်အက်ဖြင့် ပြောလာသည်။

“ဒါဆိုရင်... သိုင်းသူတော်စင် ဖြစ်ဖို့ လမ်းစက ချောက်ကမ်းပါး ဖြစ်နေတာပေါ့... ဝိညာဉ်စွမ်းအင်ကို မစုပ်ယူရင်လည်း သိုင်းသူတော်စင် အဆင့်ကို မရောက်နိုင်... စုပ်ယူပြန်ရင်လည်း သက်တမ်းကုန်ပြီး သေရမယ်... ဘာမှ လုပ်လို့ မရတော့ဘူးပေါ့”

သူ့လေသံတွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ ပါဝင်နေ၏။ သို့သော် ရုတ်တရက် သူ့မျက်လုံးများ ပြန်လည် တောက်ပလာ၏။

“နေပါဦး... ဒီလိုဆိုရင် ရှေးဟောင်း သူတော်စင်တွေကျတော့ ဘယ်လိုလုပ် အဆင့်တက်သွားကြတာလဲ... တစ်နည်းနည်းတော့ ရှိရမှာပေါ့”

နင်ချီ တွေးတောဆင်ခြင်ခန်း ဝင်သွား၏။ သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံက ဂျွမ်းထိုးမှောက်ခုံ ဖြစ်နေ၏။

ခဏအကြာတွင် သူ ပြောလိုက်သည်။

“ဖြစ်နိုင်ချေ အနည်းငယ်တော့ ရှိတယ်... ရှေးဟောင်း သူတော်စင်တွေက ဒီအဆိပ်အတောက်ကို ဖယ်ရှားပစ်မယ့် နည်းလမ်းကို ရှာတွေ့ပြီးသား ဖြစ်နိုင်တယ်... ဝိညာဉ်စွမ်းအင်ကို မစုပ်ယူခင် စစ်ထုတ်လိုက်ရင် ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ဘူးလေ”

“ဒါမှမဟုတ်ရင်လည်း... သိုင်းသူတော်စင်တွေက ဒီအဆိပ်အတောက်ရဲ့ တုံ့ပြန်မှုကို ခေတ္တဖိနှိပ်ထားပြီး၊ သိုင်းသူတော်စင်အဆင့်ကို ရောက်သွားတဲ့အခါမှ တိုးလာတဲ့ သက်တမ်းနဲ့ ဒီအဆိပ်အတောက်ကို ပြန်ခုခံတာမျိုးလည်း ဖြစ်နိုင်တယ်”

“ကျွန်တော်ကတော့ ဒုတိယအချက်ကို ပိုဖြစ်နိုင်မယ် ထင်တယ်”

နင်ချီ၏ မျက်လုံးထဲတွင် လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

တာအိုဆရာ ပိုင်ရှန်းနှင့် စကားပြောခဲ့စဉ်က အကြောင်းအရာအချို့ကို သူ သဘောပေါက်ခဲ့ပြီးပြီ ဖြစ်ပါ၏။ ယခု တွေ့ရှိချက်က သူ့ထင်မြင်ယူဆချက်အတွက် သက်သေပင်။

အကယ်၍သာ ရှေးဟောင်း သူတော်စင်တွေက ဖြေရှင်းနည်းကို ရှာတွေ့ခဲ့လျှင်၊ ကမ္ဘာကြီးက အးယခုလို အခြေအနေမျိုး ဖြစ်နေမှာ မဟုတ်ပါ။

ဓားမမိစ္ဆာ ငြိမ်ကျသွား၏။

သို့ဆိုလျှင် ရှေးဟောင်း သူတော်စင်တွေက အောင့်အီးသည်းခံပြီး ကျင့်ကြံခဲ့ကြသည်ပေါ့လေ။

ထိုအခါ၊ နင်ချီက ပြုံးလိုက်ပြီး နှစ်သိမ့်လိုက်၏။

“မိတ်ဆွေ... စိတ်ဓာတ်ကျစရာ မလိုပါဘူးဗျာ... ဒီတစ်ခါ စမ်းသပ်တာက လုံးဝ အရှုံးပေါ်သွားတာမှ မဟုတ်တာ... အနည်းဆုံးတော့ ကျွန်တော်တို့က ဒီအဆိပ်အတောက် ရှိနေတယ်ဆိုတာကို သိလိုက်ရပြီလေ... ရှေးဟောင်း သူတော်စင်တွေ မလုပ်နိုင်တာနဲ့ပဲ ကျွန်တော် မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး”

သူ့စကားသံက တည်ငြိမ်သော်လည်း ပြင်းထန်သော ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေ၏။

*(ဒီတစ်ခါက အရာမထင်တာ မဟုတ်ဘူး... အမြတ်ကြီးကြီး ထွက်လိုက်တာ)*

နင်ချီ့အတွက်တော့...

အခက်အခဲက ပြဿနာ မဟုတ်။ ပစ်မှတ် မရှိတာကသာ ပြဿနာပင်။

ယခုအခါ၌ ဤ အဆိပ်အတောက်၏ ရွေ့လျားမှု လမ်းကြောင်းကို ခြေရာခံနိုင်ခဲ့လေ၏။ နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံ စမ်းသပ်လိုက်ရုံဖြင့် ဖယ်ရှားပစ်နိုင်မည့် နည်းလမ်းကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာမည်မှာ သေချာနေပြီ ဖြစ်၏။

ဤကိစ္စနှင့် ပတ်သက်၍ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အဝ ရှိနေလေ၏။

နောက်ထပ် စမ်းသပ်မှု အကြိမ်အနည်းငယ် ပြုလုပ်လိုက်သည်နှင့် ဤ အဆိပ်အတောက်၏ အနှစ်သာရနှင့် ပုံသဏ္ဍာန်ကို သဘောပေါက် နားလည်သွားပေလိမ့်မည်။

ထိုအခါကျလျှင် ၎င်းကို စစ်ထုတ် ဖယ်ရှားပစ်မည့် လျှို့ဝှက် နည်းလမ်းတစ်ခုကို နင်ချီ သေချာပေါက် ဖန်တီးနိုင်တော့မည် ဖြစ်ပေသည်။

ဓားမမိစ္ဆာ မှင်သက်သွားပြီးနောက် ရယ်မောလိုက်လေသည်။

*(ငါ့ရှေ့မှာ ရပ်နေတဲ့ လူက ဘယ်လို ပါရမီရှင်မျိုးလဲ ဆိုတာ ငါ ခဏခဏ မေ့သွားတတ်တယ်... ရှေးဟောင်း သူတော်စင်တွေ ဘယ်လောက်ပဲ စွမ်းပါစေ၊ သူတို့က နှစ်တွေအကြာကြီး ကျင့်ကြံခဲ့ရတာလေ... ပါရမီနဲ့ ဉာဏ်ရည်ပိုင်းမှာ ယှဉ်လိုက်ရင်တော့ ငါ့ရှေ့က သောက်ကျိုးနည်း ကြောက်စရာကောင်းတဲ့ ကလေးကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး)*

“ကောင်းပြီလေ... မင်းမှာ ဘယ်လိုအကြံအစည်ပဲ ရှိရှိ၊ ငါ အပြည့်အဝ ပူးပေါင်းမယ်ကွာ”

ဓားမမိစ္ဆာက ခါးကို မတ်လိုက်ပြီး သူ့ညာဘက်လက်မောင်းကို ဓားတစ်လက်အလား မြှောက်ပြလိုက်သည်။

နင်ချီက လက်ကာပြလိုက်ပြီး ပြုံးလေသည်။

“အခု လောလောဆယ် ခင်ဗျားအတွက် အရေးကြီးတာက ခန္ဓာကိုယ်ကို အရင်ဆုံး ပြန်ကုစားဖို့ပဲ... ဒီအဆိပ်အတောက်က သက်တမ်းနဲ့ အသက်စွမ်းအင်ကို စားသုံးသွားတာဆိုတော့၊ သက်တမ်းရှည်စေတဲ့ ရတနာတချို့နဲ့ လျှို့ဝှက်နည်းလမ်းတချို့ ကျွန်တော် ပြင်ဆင်ပေးရလိမ့်မယ်”

ကံကောင်းချင်တော့...

ချင်ယွင်၏ ကိစ္စကြောင့် အစစ်အမှန်သိုင်းဂိုဏ်းတွင် သက်တမ်းရှည်စေမည့် ရတနာများကို အသည်းအသန် စုဆောင်းထားခဲ့ရာ အတော်လေး ရလဒ်ကောင်းများ ရရှိထားပြီး ဖြစ်၏။ အားလပ်ချိန်များတွင် နင်ချီသည် သက်တမ်းရှည်စေမည့် လျှို့ဝှက်နည်းလမ်းများကို ဖန်တီးရန် စဉ်းစားခဲ့ဖူးရာ ယခုအခါ အုတ်မြစ်ချပြီးသား ဖြစ်နေတော့၏။

ဓားမမိစ္ဆာလည်း ခေါင်းညိတ်လိုက်၏။

အရင်တုန်းကတော့ သူသည် ကောင်းကင်ဘုံလူသား အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်၍ ရှေ့ဆက်တက်မည့်လမ်း မမြင်ရသရွေ့ သက်တမ်းရှည်ဖို့က အရေးမကြီးဘူးဟု တွေးကာ သက်တမ်းရှည် ရတနာများကို လှောင်ပြောင်ခဲ့ဖူးသည်။ သို့သော် ယခုတော့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာပြီ ဖြစ်ရာ သူ ငြင်းပယ်နေမည် မဟုတ်ပေ။

ညဉ့်ကောင်းကင်ယံအောက်တွင် လူနှစ်ဦး ယှဉ်တွဲရပ်နေကြပြီး ဝိညာဉ်စွမ်းအင် သန့်စင်ခြင်းဆိုင်ရာ အသိပညာများကို ဖလှယ်နေကြလေသည်။

နင်ချီ၏ ခေါင်းထဲတွင်တော့ ဉာဏ်အလင်းရောင်များ ပို၍ ပို၍ တောက်ပလာ၏။

အတွေးအခေါ်သစ်များစွာ မွေးဖွားလာခဲ့သည်။

အချိန်များ ကုန်ဆုံးသွားပြီး...

ဓားမမိစ္ဆာ၏ အခြေအနေ အထွတ်အထိပ်သို့ ပြန်ရောက်သွားသောအခါ၊ သူနှင့် နင်ချီတို့သည် နောက်ထပ် စမ်းသပ်မှုတစ်ခု ထပ်လုပ်ကြပြန်၏။ ဒီတစ်ကြိမ်တွင်တော့ နင်ချီက ကြိုတင်ပြင်ဆင်မှုများ ရှိထားပြီဖြစ်၍ ဝိညာဉ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအားထဲတွင် ကပ်ငြိနေသော အဆိပ်အတောက်များကို ပိုမို ရှင်းလင်းစွာ အာရုံခံမိလာသည်။ ထို့အပြင် ကြိုတင်ကာကွယ်မှုများကြောင့် ဓားမမိစ္ဆာ ခံစားရသည့် ဒဏ်မှာလည်း သိသိသာသာ လျော့နည်းသွားလေသည်။

ဒါက သူ့ကို စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားစေသည်။

လမ်းကြောင်းက မှန်နေပြီ။ အခုက မဆုတ်မနစ် ကြိုးစားဖို့သာ လိုတော့၏။

ထိုမျှ၊ မကသေး...

နောက်ထပ် အကျိုးကျေးဇူးတစ်ခုလည်း ရှိသေးသည်။

ထိုအရာကတော့... နင်ချီ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမှာ မျက်မြင်ကိုယ်တွေ့ တိုးတက်လာခြင်းပင်။ သူ့စွမ်းအားများက မသိမသာဖြင့် ပိုမို မြင့်မားလာနေ၏။ ဒီနှုန်းအတိုင်းသာဆိုလျှင် မကြာခင်မှာ တာအိုဆရာ ပိုင်ရှန်းတောင်မှ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်။

ဒီပုံစံအတိုင်းဆိုလျှင်... အနည်းဆုံးတော့ 'ဝိညာဉ်နိုးထခြင်း' မစတင်မီအထိ၊ နင်ချီသည် အသန်မာဆုံး စာရင်းဝင်အဖြစ် ဆက်လက် ရပ်တည်နေနိုင်ပေလိမ့်မည်။

All Chapters