သိုင်းသူတော်စင် ပေါ်ထွက်လာခြင်း (အပိုင်း ၃)
Vol. 23 Ch. 333
~ဝိညာဉ် နိုးထခြင်း ပြီးဆုံးသွားသည့် နောက်ပိုင်းတွင် နင်ချီ အနေဖြင့် လက်ရှိ ပိုင်ဆိုင်ထားသည့် အထွတ်အထိပ် တိုက်ခိုက်ရေး စွမ်းရည်ကို ဆက်လက် ထိန်းသိမ်းထားလိုသည် ဆိုပါက... ဤကာလ အတောအတွင်း၌ သူ၏ အုတ်မြစ်ကို သိသိသာသာ မြှင့်တင်ထားမှသာလျှင် ဖြစ်ပေလိမ့်မည်။
သို့မှသာလျှင် ဝိညာဉ် နိုးထလာသည့် အခါ၌ မိုးကောင်းကင်ထက်သို့ တိုင်အောင် ထိုးတက်သွားနိုင်မည် ဖြစ်ပေသည်။ ယခုအခါ သူသည် ထို ရည်မှန်းချက် ပန်းတိုင်အတွက် အသည်းအသန် ကြိုးပမ်းအားထုတ်နေခြင်း ဖြစ်လေ၏။
အစစ်အမှန် သိုင်းတောင်ပေါ်ရှိ လူတိုင်းသည်လည်း မိမိတို့ကိုယ်ကို တိတ်တဆိတ် အားပေးနေကြလေသည်။
သို့သော် ဤအချိန်၌...
ကမ္ဘာလောက အနှံ့အပြားမှ မျက်လုံးပေါင်း များစွာသည် လျန်ပြည်နယ်ဆီသို့ အာရုံရောက်ရှိနေကြလေ၏။
လူရိုင်းဧကရာဇ်သည် လူရိုင်း စစ်တပ်ကြီးကို ဦးဆောင်လျက် လျန်ပြည်နယ်ကို နင်းချေနေလေ၏။ ကြမ်းတမ်းရိုင်းစိုင်းလှသည့် စကားများကိုလည်း ဆိုထားသေး၏။
ဤမျှ ဖြစ်ပျက်နေသည်တိုင်အောင် မဟာယန် သိုင်းသူတော်စင်ကြီးကား ပေါ်ထွက်မလာသေးပါချေ။
လူတိုင်း တွေးတောနေကြလေသည်။ မဟာယန် သိုင်းသူတော်စင်ကြီး ပေါ်ထွက်လာနိုင်သေးသည် ဆိုသော မျှော်လင့်ချက် ရောင်ခြည်လေးသာ မရှိခဲ့ပါက၊ လျန်ပြည်နယ်သည် ယခုလောက်ဆိုလျှင် ပြာကျနေလောက်လေ၏။
သို့သော်လည်း လူရိုင်းဧကရာဇ်၏ သည်းခံနိုင်စွမ်းသည် တစ်ရက်ထက် တစ်ရက် လျော့နည်းလာနေခဲ့ပြီ ဖြစ်၏။ မကြာမီ အချိန်အတွင်း၌ မဟာယန်၏ နယ်မြေများသည် အပိုင်းပိုင်းအစစ ဆွဲဆုတ်ဖြဲခံလိုက်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေလေ၏။
လူပေါင်းများစွာ စောင့်ကြည့်နေကြလေ၏။
ဤသည်မှာ အချက်ပေးသံ တစ်ခုပင် ဖြစ်လေသည်။
မဟာယန် မင်းဆက်သည် အမှန်တကယ်ပင် အားနည်းချက်ကို ထုတ်ဖော်ပြသလိုက်ပြီ ဆိုသည်နှင့် တစ်ပြိုင်နက်၊ သားရဲများ ဝိုင်းအုံ ကိုက်ခဲခြင်းကို ခံရတော့မည်သာ ဖြစ်၏။
လူအများအပြားသည် ခေတ်ကြီးတစ်ခု ပြောင်းလဲတော့မည် ဆိုသည်ကို ကြိုတင် သိရှိနေကြပြီး၊ သူတစ်ပါးတို့ နင်းသွားမည့် ခြေနင်းစာ ကျောက်တုံး အဖြစ်မခံချင်ကြချေ။ ရောက်ရှိလာတော့မည့် ခေတ်သစ်ကြီးတွင် တစ်စုံတစ်ခု ကြီးကြီးမားမား လုပ်ပြလိုစိတ် ပြင်းပြနေကြခြင်း ဖြစ်ပေသည်။
...
ယန်ပြည်နယ်၊
နေပြည်တော် 'ထိုက်အန်း'၌၊
ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်နေသော ဤနေရာသို့လည်း စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ပျံ့နှံ့ရောက်ရှိနေလေ၏။ ချမ်းသာကြွယ်ဝကြသည့် မြို့သူမြို့သားများပင်လျှင် မြောက်ပိုင်းနယ်စပ်မှ အခြေအနေ ဆိုးရွားနေမှုကို သိရှိနေကြလေပြီ။
အရေးပေါ် လျှို့ဝှက် သတင်းလွှာများသည်လည်း ဆက်တိုက်ဆိုသလို ရောက်ရှိလာနေလေ၏။
မှူးမတ်တို့ခမျာမှာမူ စိုးရိမ်စိတ်များကြောင့် ချွေးသီးချွေးပေါက်များပင် ကျဆင်းလျက် ရှိကြ၏။
လက်ရှိ ဧကရာဇ်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်နေသော်လည်း၊ မည်သို့မျှ မတတ်နိုင်ဘဲ ဖြစ်နေရှာသည်။
အချို့ကမူ မီးလျှံသိုင်း စစ်သူကြီးချုပ်ကိုယ်တိုင် စစ်သည်များကို ဦးဆောင်ကာ မြောက်ပိုင်းသားများကို သွားရောက် တိုက်ခိုက်စေလိုကြ၏။ သို့သော် သဘောတူညီမှုတော့ မရရှိကြသေးပေ။ အများစုကမူ မီးလျှံသိုင်း စစ်သူကြီးချုပ်ပင်လျှင် ပြန်လည် နိုးထလာသော လူရိုင်းဧကရာဇ်ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်နေကြခြင်း ဖြစ်၏။ တစ်ခုတည်းသော မျှော်လင့်ချက်မှာကား မဟာယန် သိုင်းသူတော်စင်ကြီးထံ၌သာ ရှိနေတော့၏။
နန်းတော် အတွင်းပိုင်း၏ အနက်ရှိုင်းဆုံး နေရာ...။
သိုင်းသူတော်စင် ဘိုးဘေး ခန်းမဆောင်၊
လူရိပ်များသည် တန်းစီလျက် ဒူးထောက်နေကြ၏။ ပြင်ပလူများသာ မြင်တွေ့လိုက်ရပါက သေချာပေါက် ထိတ်လန့်တုန်လှုပ် သွားကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤလူများ အားလုံးသည် မဟာယန်၏ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများချည်း ဖြစ်နေသောကြောင့်ပင်။
ဧကရာဇ်၊ မီးလျှံသိုင်း စစ်သူကြီးချုပ်နှင့် တော်ဝင်မိသားစု၏ သက်တော်ရှည် အကြီးအကဲများ အားလုံး ဒူးထောက်နေကြခြင်း ဖြစ်ပေသည်။
“ဘိုးဘေး... မဟာယန် အန္တရာယ် ရောက်နေပါပြီ”
“ကျေးဇူးပြုပြီး... ဘိုးဘေး... ကျွန်တော်တို့ မဟာယန်ကို ကယ်တင်ပေးပါဦး”
ဝမ်းနည်းပက်လက် ငိုကြွေးသံတွေက ခန်းမဆောင်ထဲမှာ ပဲ့တင်ထပ်နေ၏။
ကြားသိရသူအပေါင်း မျက်ရည်ကျစေလောက်ပေသည်။ လူရိုင်းဧကရာဇ် ပေးစွမ်းသော ဖိအားများက လူတိုင်းကို မျှော်လင့်ချက် ကင်းမဲ့စေခဲ့လေ၏။
မဟာယန်၏ အုတ်မြစ်မှာ ခိုင်မာသည် ဆိုသော်ငြား၊ မည်သူတစ်ဦးတစ်ယောက်မျှ လူရိုင်းဧကရာဇ်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။ စစ်တပ်သည် နေ့စဉ်နှင့်အမျှ အကြီးအကျယ် အထိနာနေရပြီး၊ ဤအတိုင်းသာ ဆက်လက် ဖြစ်ပျက်နေပါက မြောက်ပိုင်းသားတို့၏ သံခွာဖိနပ်အောက်၌ ကြေမွပျက်စီးသွားရန်မှာ အချိန်မရွေးပင် ဖြစ်နေလေပြီ။
သူတို့သည် အစစ်အမှန် နက်ရှိုင်းတောင်သို့ လူစေလွှတ်၍ အကူအညီ တောင်းခံခဲ့ကြသော်လည်း၊ အစစ်အမှန် နက်ရှိုင်း စစ်မှန်သူ ဧကရာဇ်သည် ခရီးထွက်ခွာသွားပြီ ဖြစ်၍ ကူညီနိုင်မည် မဟုတ်ကြောင်း ပြန်ကြားလာခဲ့၏။
မဟာယန် သိုင်းသူတော်စင်ကြီးသာ အမြန်ဆုံး ထွက်ပေါ်မလာပါက...
မဟာယန် မင်းဆက် ကျဆုံးပျက်သုဉ်းရန်မှာ သေချာသလောက် ရှိနေလေ၏။
“ဘိုးဘေး... ဒီ သားမြေးမိုက်တွေရဲ့ အသနားခံသံကို ကြားရင်... ကျေးဇူးပြုပြီး ထွက်လာကာ မဟာယန်ကို ကယ်တင်ပေးပါ”
မဟာယန် ဧကရာဇ်က မြေကြီးပေါ် ဝပ်စင်းပြီး အော်ဟစ်လိုက်သည်။
အားလုံးက အလိုလို လိုက်အော်ကြ၏။
သို့သော် ရှေးဟောင်းဆန်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို မှင်သက်သွားစေသည်။
“လီယန်ဝူ... ဝင်ခဲ့”
ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အားလုံး စိတ်လှုပ်ရှား ဝမ်းသာသွားကြ၏။
“ဘိုးဘေးက တုံ့ပြန်လိုက်ပြီ”
ဒီအသံက မဟာယန် သိုင်းသူတော်စင်ကြီးဆီက လာခြင်း ဖြစ်လေ၏။
ထို့နောက် ခန်းမဆောင် အတွင်းပိုင်း နက်နက်ဆီမှ တင်းကျပ်စွာ ပိတ်ထားသော တံခါးကြီးသည် တဝုန်းဝုန်း မြည်ဟိန်းလျက် ပွင့်သွားလေတော့၏။ အရာအားလုံးကို ဝါးမြိုပစ်မည့် မသိရသော သားရဲကြီး တစ်ကောင်၏ ခံတွင်းဝအလား မည်းမှောင်နေ၏။
အားလုံး၏ မျက်လုံးများက မီးလျှံသိုင်း စစ်သူကြီးချုပ်ဆီ ရောက်သွားကြ၏။
မီးလျှံသိုင်း စစ်သူကြီးချုပ်က အသက်ကို ဝဝရှူသွင်းလိုက်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်၏။ သူ့ပုံရိပ် အမှောင်ထုထဲ ပျောက်ကွယ်သွားသည်နှင့် တံခါးကြီး ပြန်ပိတ်သွားလေသည်။ သစ်ကိုင်းခြောက်များ ကျိုးပဲ့သံကဲ့သို့ လေးလံသော အသံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ နှလုံးသားကို တုန်ခါသွားစေသည်။
လီယန်ဝူ အမှောင်ထုထဲ ဝင်ရောက်သွားပြီးနောက် သူ့ရှေ့တွင် အလင်းရောင် တဖြည်းဖြည်း ပေါ်လာသည်။
သူ့စိတ်ခံစားမှုများ ရှုပ်ထွေးနေလျက် ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
မကြာမီ...
သူ့ရှေ့မှ မြင်ကွင်းက ရှင်းလင်းသွား၏။
စိတ်ကူးထားသလို ဆန်းကြယ်နက်နဲမှုတွေ ဘာမှ မရှိပါပေ။ ရိုးရှင်းသော ကျောက်ကုတင် တစ်လုံးပေါ်မှာ သေခါနီး ဆဲဆဲ ဖြစ်နေသည့် အဘိုးအိုတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေတာပဲ ရှိတ
၏။ အဘိုးအိုက ခေါင်းကို အနည်းငယ် မော့လိုက်သည်။ သူ့အသံထဲမှာ ဘဝ၏ အနိမ့်အမြင့်တွေနှင့် တည်ငြိမ်မှုတွေ ပြည့်နှက်နေ၏။
“မင်း ရောက်လာပြီကိုး”
သူနှင့် ရုပ်ချင်းဆင်တူနေသော အဘိုးအိုကို ကြည့်ရင်း လီယန်ဝူ တုန်လှုပ်သွားမိသည်။ အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး...
“လီယန်ဝူ... ဘိုးဘေးကို ဂါရဝပြုပါတယ်”
အဘိုးအိုက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ သူ့မျက်လုံးများက အမှောင်ထုထဲတွင် မီးအိမ်များအလား တောက်ပနေပြီး၊ ပတ်ဝန်းကျင်မှ အလင်းရောင် အားလုံးက ထိုမျက်ဝန်းများဆီမှ ထွက်ပေါ်လာသည့်နှယ်။
သူ မေးလိုက်သည်။
“မင်း အဆင်သင့် ဖြစ်ပြီလား”
လီယန်ဝူ၏ ခန္ဓာကိုယ် တုန်ခါသွား၏။ နှုတ်ခမ်းများ တုန်ယင်နေ၏။ သူ့ခေါင်းထဲတွင် အတွေးပေါင်း တစ်ထောင်လောက် ဖြတ်စီးသွားသော်လည်း၊ နောက်ဆုံးတွင် သူ ခိုင်မာပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
“လီယန်ဝူက မဟာယန်အတွက် အရာအားလုံး ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်”
အဘိုးအို၏ မျက်ဝန်းအလင်းရောင် အနည်းငယ် မှေးမှိန်သွား၏။
“မင်းက ကလေးကောင်း တစ်ယောက်ပါ... မင်းအဖေ လိုပါပဲ”
“ငါ မင်းအဖေကို ကတိပေးခဲ့ဖူးတယ်... သူ့ခန္ဓာကိုယ်ကို သုံးပြီးသွားရင် မင်းကိုတော့ မလိုတော့ပါဘူးလို့... ဒါပေမဲ့ အခု ငါ့ခန္ဓာကိုယ်မှာ ပြဿနာ တစ်ခုခု ဖြစ်လာလို့ ကတိဖျက်ရတော့မယ်”
လီယန်ဝူ ရုတ်တရက် မော့ကြည့်လိုက်ပြီး ရင်းနှီးနေသော မျက်နှာကို သေချာ စိုက်ကြည့်လိုက်သည်။
ဤမျက်နှာကို အိပ်မက်ထဲ၌ မရေမတွက်နိုင်အောင် မြင်မက်ခဲ့ဖူးသော်ငြားလည်း... မည်သည့်အခါမျှ လက်လှမ်းမမီနိုင်ခဲ့ပါချေ။
သူ အသက်ကို ဝဝရှူသွင်းလိုက်သည်။
“ဘိုးဘေး... ကျွန်တော် နားလည်ပါတယ်... ဘိုးဘေးက ကျွန်တော့် ခန္ဓာကိုယ်ကို လိုအပ်တယ်ဆိုရင် ယူလိုက်ပါ”
အဘိုးအိုက တိုးတိုးလေး သက်ပြင်းချလိုက်ပြီး၊ ခြောက်သွေ့နေသော ညာဘက်လက်ကို ဆန့်ထုတ်ကာ လီယန်ဝူ၏ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။
“မင်း ဆန္ဒရှိတာ တစ်ခုခုများ ရှိရင် ပြောပါ”
လီယန်ဝူ၏ မျက်လုံးများ အရောင်တောက်သွား၏။
“ဘိုးဘေး... မဟာယန်ကို ထာဝရ တည်တံ့အောင် စောင့်ရှောက်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်”
အဘိုးအို ပြုံးလိုက်သည်။
“ကောင်းပြီလေ”
လီယန်ဝူ ဖြည်းဖြည်းချင်း တိုးကပ်သွား၏။ ခဏမျှ ရပ်တန့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဘိုးဘေး... နောက်ထပ် တောင်းဆိုစရာ သေးသေးလေး တစ်ခု ရှိပါသေးတယ်”
“ပြော”
“ကျွန်တော်... အဖေ့ကို ဖက်လို့ ရမလားဟင်”
သူ့အသံက မသိမသာလေး တုန်ယင်နေ၏။
အဘိုးအို တိုးတိုးလေး သက်ပြင်းချလိုက်သည်။ ဘာမှ ပြန်မပြောဘဲ လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်တန်းပေးလိုက်သည်။
လီယန်ဝူ မျက်လုံးများကို မှိတ်လိုက်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်လေသည်။
ငယ်ဘဝက အကြောင်းအရာ အားလုံးကို ပြန်သတိရလာသလိုပါပင်။ အဖေက ခြံဝင်းထဲမှာ သူ့ကို မြင်းစီးသင်ပေးခဲ့တာတွေ... သိုင်းပညာ သင်ပေးခဲ့တာတွေ...။
ထို့နောက် ထိုပုံရိပ်များ ကွဲကြေသွားပြီး၊ လက်တစ်ဖက် တိတ်တဆိတ် ထွက်ပေါ်လာသည်။
လီယန်ဝူ၏ အသိစိတ်များ အမှောင်ထုထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားပြီး တီးတိုးရေရွတ်သံ သဲ့သဲ့လေးသာ ကျန်ရစ်ခဲ့တော့၏။
“အဖေ... သား... သား အဖေ့ဆီ လိုက်ခဲ့ပြီနော်...”
အမှောင်ထုထဲတွင် လှုပ်ရှားသံများနှင့် စုတ်ပြဲသံများ ပဲ့တင်ထပ်သွား၏။
အချိန်ဘယ်လောက် ကြာသွားမှန်း မသိ။
နောက်ဆုံးတွင် အရာအားလုံး ငြိမ်သက်သွားတော့၏။
သိုင်းသူတော်စင် ဘိုးဘေးခန်းမဆောင် အပြင်ဘက်တွင်တော့ ထိပ်သီးပုဂ္ဂိုလ်များ အားလုံး ဂဏာမငြိမ် ဖြစ်နေကြ၏။ လီယန်ဝူကို ဘာကြောင့် ခေါ်သွားသလဲ ဆိုတာ ဝိုးတဝါး ရိပ်မိကြသော်လည်း၊ အောင်မြင်မလား ဆိုတာတော့ မသေချာကြပေ။
နောက်ဆုံးတော့...
လေးလံသော တံခါးပွင့်သံကြီး ထပ်မံ ထွက်ပေါ်လာပြန်၏။
အလိုလိုပင်... အားလုံး လှမ်းကြည့်လိုက်ကြရာ ရင်းနှီးနေသော ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
လီယန်ဝူ…။
သို့သော် လူတိုင်း၏ စိတ်ဝိညာဉ် အတွင်း၌မူ တုန်လှုပ်သွားခဲ့ကြလေ၏။
လီယန်ဝူနှင့် ရုပ်သွင်သဏ္ဌာန် တူညီနေသော်ငြားလည်း... ဤသူကား လီယန်ဝူ မဟုတ်တော့ကြောင်း သူတို့ သိရှိနားလည်လိုက်ကြလေ၏။
“ဘိုးဘေးကို ဂါရဝ ပြုပါတယ်”
အားလုံး မျက်လွှာချလိုက်ကြပြီး ဘယ်သူမှ တည့်တည့် မကြည့်ရဲကြတော့ပေ။
လောကကြီး တစ်ခုလုံးကို အပေါ်စီးကနေ ငုံ့ကြည့်နေသည့် အကြည့် တစ်ချက်က ပတ်ဝန်းကျင်ကို ဖြတ်သန်းသွားပြီး၊ အစွမ်းထက်သော အသံ တစ်ခုက ဖိနှိပ်မှုများနှင့်အတူ ပဲ့တင်ထပ်သွားလေတော့၏။
“ဒီနေ့ကစပြီး... ငါက မဟာယန် သိုင်းသူတော်စင်... လီယန်ဝူ ပဲ”
{လီယန်ဝူက မီးလျှံသိုင်း စစ်သူကြီးချုပ်ပါ။}