နိုးထခြင်း (အပိုင်း ၂)
Vol. 23 Ch. 335
~နတ်ဘုရား ငှက်မွေး စစ်သူကြီးချုပ်က ကြောက်ရွံ့ထိတ်လန့်နေသောအချိန်...
ကောင်းကင်ယံ အမြင့်ကြီးဆီတွင်...
မီးလျှံအမျှင်တန်းလေးတစ်ခု ထိုးတက်လာလေသည်။ အစပိုင်းတွင် သေးငယ်ပြီး အရေးမပါသကဲ့သို့ ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့၏။
“ဘုန်း... ဝုန်း...”
လောင်ကျွမ်းသံက လေဟာနယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။ ကြောက်မက်ဖွယ် ကောင်းလှသော ဗုဒ္ဓလက်ဝါးကြီးမှာ တစ်ခဏအတွင်းမှာပင် ပြာမှုန့်အဖြစ် ပြောင်းလဲသွားလေတော့၏။ ဒါတင် မကသေးပေ။ မီးလျှံများက အရှိန်အဟုန်ပြင်းစွာဖြင့် ရောင်စုံဖန်သား ရတနာသစ်ပင်ဆီသို့ပါ ကူးစက်လောင်ကျွမ်းသွား၏။
ဗုဒ္ဓပေါင်ရှု၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားလေသည်။ သူသည် ထူးဆန်းသော အော်သံ တစ်ချက် ပြုလိုက်ပြီး ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ ဖြာထွက်စေကာ အသည်းအသန် ခုခံလေတော့၏။ လူရိုင်းဧကရာဇ်သည်လည်း မျက်နှာတည်သွားပြီး ဝိညာဉ်စွမ်းအင်များကို လှိုင်းလုံးကြီးများအလား ပစ်လွှတ်ကာ ဗုဒ္ဓပေါင်ရှုကို ကူညီပြီး မီးငြှိမ်းပေး
နေ၏။
ထိုမီးပင်လယ်ထဲမှ...
လက်နောက်ပစ်လျက် လမ်းလျှောက်ထွက်လာသော လူ တစ်ယောက်။
သူသည် လေဟာနယ်ထဲတွင် ရပ်တန့်နေပြီး ကမ္ဘာလောကကြီး တစ်ခုလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေသော အရှိန်အဝါမျိုး ပိုင်ဆိုင်ထားလေသည်။
မဟာယန်ဘက်မှ လူအပေါင်းတို့၏ မျက်နှာများတွင် ပျော်ရွှင်ဝမ်းမြောက်မှုနှင့် အံ့သြမှင်သက်မှုတို့ ရောထွေးသွားကြ၏။
“မီး... မီးလျှံသိုင်း စစ်သူကြီးချုပ်...”
နတ်ဘုရား ငှက်မွေး စစ်သူကြီးချုပ်က အလိုလို အော်ခေါ်လိုက်မိသော်လည်း အသံက လည်ချောင်းဝတွင် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှ လူသည် ရုပ်သွင်ချင်း တူညီနေသော်လည်း အမူအရာနှင့် အရှိန်အဝါကတော့ လုံးဝ ကွဲပြားခြားနားနေသောကြောင့်ပင်။
လူရိုင်းဧကရာဇ်နှင့် ဗုဒ္ဓပေါင်ရှုတို့သည် နောက်ဆုံးတွင် မီးများကို ငြှိမ်းသတ်နိုင်လိုက်ကြ၏။ သူတို့သည် ရှေ့မှ အဘိုးအိုကို လေးနက် တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်လိုက်ကြလေသည်။
“မီးလျှံ သိုင်းသူတော်စင်...”
လီယန်ဝူ(မီးလျှံ သိုင်းသူတော်စင်) သည် စစ်မြေပြင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“မဟာယန်ကနေ ထွက်သွားကြ... ဒါဆိုရင် ဒီနေ့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ငါ အရေးမယူတော့ဘူး”
သူ့စကားသံက တည်ငြိမ်သော်လည်း အမိန့်အာဏာတို့ဖြင့် ပြည့်နှက်နေ၏။
မဟာယန်ဘက်မှ လူအပေါင်းတို့မှာ ဝုန်းခနဲ ပွက်လောရိုက်သွားကြပြီး မြောက်ပိုင်းသား စစ်သည်တို့မှာမူ တုန်လှုပ်ချောက်ချားသွားကြလေသည်။ မဟာယန်၏ မီးလျှံသိုင်းသူတော်စင်ကြီးသည် နှစ်ပေါင်း (၂၀၀၀) တိုင်တိုင် ကမ္ဘာလောကကို ခြိမ်းခြောက်နိုင်ခဲ့သူ ဖြစ်ရာ၊ သူ့အရှိန်အဝါကို လျှော့တွက်၍ မရပေ။
လူရိုင်းဧကရာဇ်၏ မျက်နှာထားမှာ ကြည့်ရဆိုးနေ၏။ သူသည် ဗုဒ္ဓပေါင်ရှုနှင့် ယှဉ်တွဲရပ်လိုက်ပြီး လီယန်ဝူကို ရင်ဆိုင်လိုက်သည်။
“မီးလျှံ သိုင်းသူတော်စင်... ဒီနေ့က အတိတ်ကာလနဲ့ မတူတော့ဘူး... အရင်တုန်းက ငါတို့တွေ အိပ်စက်နေခဲ့ရလို့ ကမ္ဘာကြီးက မင်းလက်ထဲ ရောက်နေတာ ကိစ္စမရှိဘူး... အခု ငါတို့ ပြန်လာပြီဆိုတော့ အရာရာကို ပြန်ပြီး ခွဲဝေကြရတော့မယ်”
သူက ရှေ့ကို စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။
“ငါ လိုချင်တာ လျန်ပြည်နယ် တစ်ခုတည်းပါ”
အောက်ဘက်မှ စစ်မြေပြင်ကြီးမှာ တဖြည်းဖြည်း ငြိမ်သက်သွား၏။
လူအများအပြားက ရင်တမမဖြင့် စောင့်မျှော်နေကြ၏။
သို့သော် လီယန်ဝူက စကားတစ်လုံးတည်းသာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ထွက်သွား”
ရုတ်တရက်...
လေထုနှင့် တိမ်တိုက်များ ပြောင်းလဲသွားလေတော့၏။
သူ့နောက်ကျောဘက်မှ အကန့်အသတ် မရှိသော မီးလျှံများ ထိုးတက်လာပြီး ကမ္ဘာလောကကြီး တစ်ခုလုံးကို လင်းထိန်သွားစေသည်။ ကောင်းကင်ယံအမြင့်မှ တိမ်လွှာများပင် ပြောင်စင်အောင် လောင်ကျွမ်းသွားရ၏။ လူရိုင်းဧကရာဇ်နှင့် ဗုဒ္ဓပေါင်ရှုတို့၏ မျက်နှာများ ပြောင်းလဲသွားကြ၏။ မိုးထိအောင် မြင့်မားသော မီးလျှံတိုင်ကြီး နှစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး သူတို့ဆီသို့ ဖိနှိပ်ဝင်ရောက်လာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ရောင်စုံဖန်သား ရတနာသစ်ပင်က တောက်ပစွာ အရောင်ထွက်လာပြီး အပေါ်တွင် ဘုရားတစ်ပါး ထိုင်နေ၏။ လူရိုင်းဧကရာဇ်ဆီမှလည်း အမည်းရောင် စွမ်းအင်များ စုစည်းလာပြီး ခေါင်းသုံးလုံးပါ ကောင်းကင် ဝံပုလွေကြီး တစ်ကောင် ဟိန်းဟောက်ကာ ပြေးထွက်လာလေသည်။
သို့သော် အရာအားလုံးက အချည်းနှီးသာ။
မီးလျှံတိုင်ကြီးများ၏ အရှိန်အဟုန်မှာ ပြင်းထန်လွန်းလှပြီး ဘာကမှ တားဆီး၍ မရနိုင်ပေ။
ဘုရားရုပ်ပွားတော်မှာ မီးလျှံများဖြင့် ဆေးကြောခြင်း ခံလိုက်ရပြီး ချက်ချင်းပင် ပြာကျသွား၏။ ဗုဒ္ဓပေါင်ရှုလည်း မြေကြီးထဲသို့ ဖိနှိပ်ရိုက်ချခြင်း ခံလိုက်ရသည်။ ခေါင်းသုံးလုံးပါ ဝံပုလွေကြီးမှာလည်း တစ်ချက်မျှသာ ခုခံနိုင်လိုက်ပြီး ပျောက်ကွယ်သွားလေသည်။ လူရိုင်းဧကရာဇ်၏ မျက်နှာမှာ ပျက်ယွင်းသွား၏။ သူသည် ဤမျှ အရှက်ကွဲရသည်ကို မလိုလားသော်လည်း မီးလျှံတိုင်ကြီး၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စဉ်ထွက်သွားရလေတော့၏။
ထိုအခိုက်အတန့်တွင်...
ကမ္ဘာလောကကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။
လူတိုင်းက မဟာယန် သိုင်းသူတော်စင်ကြီးကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိကြ၏။
မူလက ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်လာမည်ဟု မျှော်လင့်ထားကြသော်လည်း၊ ဤမျှ ကွာခြားချက်ကြီးမားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
“သိုင်းသူတော်စင်ကြီး... သိုင်းသူတော်စင်ကြီး...”
မဟာယန်ဘက်မှ မိုးခြိမ်းသံပမာ ကြွေးကြော်သံများ ထွက်ပေါ်လာသည်။
လီယန်ဝူကမူ လက်နောက်ပစ်လျက်ပင် ရှေ့ကို ငေးကြည့်နေဆဲ။
စစ်မြေပြင်ပေါ်တွင် မျက်ကန်းအဘိုးအို တစ်ယောက် မည်သည့် အချိန်က ရောက်နေမှန်း မသိ။ လူအချို့က သူ့ကို မှတ်မိနေကြပြီ ဖြစ်လေသည်။
လေနားထောင် အဘိုးအို။
အစစ်အမှန် နက်ရှိုင်းတောင်၏ ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲ မတိုင်မီကသာ ဆိုလျှင်မူ... လေနားထောင်သူ အဘိုးအို ဆိုသည်မှာ ကောင်းကင်ဘုံလူသား စာရင်းဝင် ထိပ်သီးအဆင့်လောက်သာ ရှိပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ... ဤပုဂ္ဂိုလ်သည်လည်း ခန့်မှန်း၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းကြောင်းကို လူတိုင်း သိရှိနေကြပြီ ဖြစ်လေသည်။
ယခင်က အစစ်အမှန် နက်ရှိုင်းတောင်ပေါ်၌ ရှေးဟောင်း သူတော်စင် လေးဦးကို လွယ်ကူစွာပင် လူချင်းခွဲ၍ တားဆီးပေးလိုက်သည် မဟုတ်ပါလော။
လီယန်ဝူက အောက်သို့ ဆင်းသက်လာပြီး သူ့ကို ကြည့်လိုက်သည်။
လေနားထောင် အဘိုးအိုက သက်ပြင်းတစ်ချက်သာ ချလိုက်၏။
“တာအိုမိတ်ဆွေ... မတွေ့တာ ကြာပြီနော်... နေကောင်းပါရဲ့လား”
လီယန်ဝူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ခင်ဗျားရဲ့ သဘောထားကို ကျုပ် နားလည်ပါတယ်... မဟုတ်ရင် ဒီနေ့ရလဒ်က ဒီလို ဖြစ်လာမှာ မဟုတ်ဘူး”
လူရိုင်းဧကရာဇ်နှင့် ဗုဒ္ဓပေါင်ရှုတို့သည် ဒေါသတကြီးဖြင့် ပြန်ရောက်လာကြပြီး လေနားထောင် အဘိုးအို၏ နောက်တွင် နေရာယူလိုက်ကြ၏။ သူတို့ အားကိုးစရာ ရှာတွေ့သွားသလိုမျိုး အော်ဟစ်လိုက်ကြ၏။
“ကောင်းကင်သတ် တာအိုမိတ်ဆွေ... ခင်ဗျား ဆုံးဖြတ်ပေးပါဦး... ကျုပ်တို့က ပြန်လာပြီး နယ်မြေတစ်ခုလောက် ခွဲဝေယူတာများ လွန်သလားဗျာ”
လီယန်ဝူ၏ မျက်လုံးများ အေးစက်သွားလေသည်။
ဗုဒ္ဓပေါင်ရှုမှာ အလိုလို တုန်လှုပ်သွားမိသည်။ မူလက လီယန်ဝူ၏ ခန္ဓာကိုယ် အခြေအနေ မကောင်းဘူးဟု ထင်မှတ်ထားခဲ့သော်လည်း၊ သူက ဒီလောက်ထိ အစွမ်းထက်နေသေးမှန်း ဘယ်သူက သိမည်လဲ။ သို့သော် လူရိုင်းဧကရာဇ်က လေးနက်စွာ ပြောလိုက်၏။
“မီးလျှံ သိုင်းသူတော်စင်... အခုချိန်မှာ ငါတို့က မင်းရဲ့ ပြိုင်ဘက် မဟုတ်ကောင်း မဟုတ်နိုင်ဘူး... ဒါပေမဲ့ ဝိညာဉ်နိုးထခြင်း ပြီးသွားရင်ရော... ငါတို့နှစ်ယောက်ကို မင်း တားနိုင်ပါ့မလား... တခြား နိုးထလာမယ့် သူတော်စင်တွေ အများကြီးကိုရော မင်း ဘယ်လိုလုပ်မလဲ”
လီယန်ဝူက မထီမဲ့မြင် ပြုနေဆဲပင်။
“အဲ့ဒီအချိန်ကျရင် ကိုယ့်အရည်အချင်းနဲ့ ကိုယ်ပေါ့... အနည်းဆုံး အခု…လောလောဆယ်တော့... ထွက်သွားကြစမ်း”
ထို မညှာမတာ ပြောလိုက်သော စကားကြောင့် လူရိုင်းဧကရာဇ်၏ မျက်နှာမှာ ပို၍ ဆိုးရွားသွား၏။ သူ… တစ်ခုခု ထပ်ပြောချင်သေး၏။
လေနားထောင် အဘိုးအိုက လက်ကို ညင်သာစွာ ယမ်းပြလိုက်သည်။
“မင်းတို့ နှစ်ယောက်လည်း စိတ်လျော့ကြပါဦး”
လူရိုင်းဧကရာဇ်၏ မျက်နှာမှာ မည်းမှောင်သွားတော့၏။
လက်ရှိ အသန်မာဆုံး နှစ်ယောက်လုံးက ဟိုဘက်မှာ ရပ်နေမှတော့ သူတို့မှာ ဘာမှ ခုခံနိုင်စွမ်း မရှိတော့ပေ။
လေနားထောင် အဘိုးအိုက ဆက်ပြောလာသည်။
“လူရိုင်းဧကရာဇ်... မင်းတို့ရဲ့ လူရိုင်း မြက်ခင်းပြင်က ကျယ်ဝန်းလှပါတယ်... ဒီနေရာတွေကို လာလုနေစရာ မလိုပါဘူး... နောက်ပိုင်း တဖြည်းဖြည်း နိုးထလာကြမယ့် တာအိုမိတ်ဆွေတွေ အတွက်ကတော့ မီးလျှံသိုင်းသူတော်စင်ကြီးက သင့်တော်တဲ့ နယ်မြေတွေကို ခွဲပေးမှာပါ... ကျန်တာတွေကတော့ သူ့အပိုင်ဆိုတာ မှတ်ထားပေးကြပါ”
သူ့စကားဆုံးသွားသောအခါ...၊
လူရိုင်းဧကရာဇ်နှင့် ဗုဒ္ဓပေါင်ရှုတို့ နှစ်ဦးစလုံး တိတ်ဆိတ်သွားကြ၏။
လီယန်ဝူက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
“ဟုတ်တယ်... နောက်မှ နိုးထလာမယ့် သူတွေအတွက် နယ်မြေတချို့ ခွဲပေးလို့ ရပါတယ်... ဒါပေမဲ့ မဟာယန်ရဲ့ အဓိက အစိတ်အပိုင်းကိုတော့ လာထိဖို့ စိတ်မကူးနဲ့”
လူရိုင်းဧကရာဇ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရုံသာ။
ဒီနေ့ကိစ္စက မအောင်မြင်နိုင်တော့။ တစ်ချီလောက် တိုက်ခိုက်ပြီးတာတောင် ဘာမှ အကျိုးအမြတ် ‘မရခဲ့ဘူး။ ဆက်တိုက်နေလည်း အပိုပဲ။’
သူ ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
လီယန်ဝူ၏ အသံက သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။
“နေဦး”
လူရိုင်းဧကရာဇ် ဒေါသထွက်သွား၏။
“ဘာလဲ... မီးလျှံ သိုင်းသူတော်စင်က ဆက်တိုက်ချင်သေးလို့လား”
သူ ချက်ချင်း လှည့်ကြည့်လိုက်ရာ မျက်လုံးထဲတွင် လူသတ်လိုစိတ်များ စုစည်းနေလေ၏။
လီယန်ဝူက အေးစက်စွာ ပြောလိုက်သည်။
“လူက ပြန်သွားလို့ရတယ်... ဒါပေမဲ့ အကြွေးကတော့ ဖျက်လို့မရဘူး... ဒီတစ်ခါ မင်းတို့ သတ်သွားတဲ့ မဟာယန်စစ်သည်တွေ ဘယ်နှယောက်ရှိလဲ... အဲ့ဒီ အရေအတွက်အတိုင်း မင်းတို့လူတွေကို ဒီမှာ ထားခဲ့ရမယ်”
ထိုစကားသံကို ကြားလိုက်ရသောအခါ၊ လူရိုင်း ဧကရာဇ်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ အထင်းသား ပေါ်လာသည်။ တစ်ခုခုကို ထိန်းချုပ်ထားရသကဲ့သို့ပင်။
ဗုဒ္ဓပေါင်ရှုက သူ့ကို အသာအယာ ဆွဲလိုက်မှသာ လူရိုင်းဧကရာဇ်သည် ရင်ထဲမှ လူသတ်လိုစိတ်များကို တဖြည်းဖြည်းချင်း ပြန်လည် ဖိနှိပ်လိုက်နိုင်တော့၏။
သူသည် လီယန်ဝူကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။