နိုးထခြင်း (အပိုင်း ၃)
Vol. 23 Ch. 336
~“ကောင်းပြီလေ”
ထိုစကားတစ်ခွန်းတည်း ပြောပြီးသည်နှင့် လူရိုင်းဧကရာဇ်သည် ချက်ချင်းပင် ထွက်ခွာသွားလေတော့၏။
သူ့ရင်ထဲတွင် ကျန်ရစ်မည့် လူရိုင်းစစ်သည် သန်းပေါင်းများစွာအတွက် သနားစိတ် ဝင်သွား၍တော့ မဟုတ်ပေ။ သူ့ဂုဏ်သိက္ခာများ ဒီနေ့ ဒီနေရာမှာတင် ရေစုန်မျောသွားခဲ့ပြီ ဖြစ်သောကြောင့် ရှက်လွန်း၍ ဆက်မနေချင်တော့ခြင်းသာ ဖြစ်၏။
ဗုဒ္ဓပေါင်ရှုမှာ ရင်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။
သူ နိုးထလာပြီးကတည်းက ရှုံးပွဲတွေချည်း ဆက်တိုက်ကြုံတွေ့နေရသည်။ ဒီနေ့မှာတော့ အစစ်အမှန်နက်ရှိုင်းတောင်ပေါ်ကလို ဝိညာဉ်သွေးစက်တွေ မဆုံးရှုံးလိုက်ရတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေတော့၏။
သူသည် လက်သီးများ အုပ်မိုးကာ အရိုအသေပြုလိုက်ပြီးနောက် လူရိုင်းဧကရာဇ်၏ နောက်သို့ ကပ်လိုက်ပါသွားလေသည်။
လေနားထောင် အဘိုးအိုသည် လီယန်ဝူကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွား၏။
ကျန်ရစ်ခဲ့သည်မှာ... ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသော လူရိုင်းစစ်သည် သန်းပေါင်းများစွာသာ။
လီယန်ဝူသည် ကြောက်ရွံ့နေသော မျက်လုံးပေါင်းများစွာကို အေးစက်စွာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ အမိန့်ပေးလိုက်လေသည်။
“သတ်လိုက်..”
...
လျန်ပြည်နယ် စစ်ပွဲသတင်းသည် တောမီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
မီးလျှံသိုင်း စစ်သူကြီးချုပ် လီယန်ဝူ၊ တစ်နည်းအားဖြင့် မဟာယန်၏ သိုင်းသူတော်စင်ကြီး ပြန်လည် နိုးထလာခဲ့၏။ လူရိုင်းဧကရာဇ် ဆုတ်ခွာသွားရပြီး လူရိုင်းစစ်သည် တစ်သန်းကျော် အသတ်ခံလိုက်ရသည်။
ကမ္ဘာလောကကြီး တစ်ခုလုံး နောက်ထပ်တစ်ကြိမ် တုန်လှုပ်သွားပြန်၏။
တောက်ပအလင်း သိုင်းခန်းမဆောင် အတွင်းတွင်...
နင်ချီသည် လော့ဝမ်ထျန်း ပြန်ပြောပြသော သတင်းများကို နားထောင်ရင်း အနည်းငယ် အံ့သြသွားမိသည်။
“လီယန်ဝူ... အဲ့ဒါ မီးလျှံသိုင်း စစ်သူကြီးချုပ်ရဲ့ နာမည် မဟုတ်လား... လျန်ပြည်နယ် စစ်မြေပြင်မှာ ပေါ်လာတဲ့ မဟာယန် သိုင်းသူတော်စင်ကြီးက မီးလျှံသိုင်း စစ်သူကြီးချုပ်နဲ့ ပုံစံချင်း တစ်ထပ်တည်း တူနေတယ်တဲ့... လူရိုင်းဧကရာဇ်တို့က သူ့ကို မီးလျှံ သိုင်းသူတော်စင် လို့.. ခေါ်ကြတယ်ဆိုပဲ”
သူ ဒီအကြောင်းအရာတွေကို တွေးတောဆင်ခြင်ကြည့်လိုက်သည်။ တာအိုဆရာ ပိုင်ရှန်း ပြောပြဖူးသော 'သွေးမျိုးဆက်မှတဆင့် လက်ရှိကမ္ဘာတွင် ရှင်သန်နေထိုင်နည်း' ဆိုသည်ကို ပြန်သတိရလိုက်မိပြီး အနည်းငယ် သဘောပေါက်သွား၏။
*(သွေးမျိုးဆက် အမွေခံတွေကနေတဆင့် ဆက်နွှယ်နေတာပေါ့လေ... ကြည့်ရတာ မီးလျှံ သိုင်းသူတော်စင်နဲ့ လေနားထောင် အဘိုးအိုတို့ရဲ့ နည်းလမ်းတွေက ကွာခြားချက် ရှိပုံရတယ်)*
နင်ချီ တိတ်တဆိတ် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
“မီးလျှံ သိုင်းသူတော်စင်ကြီးက အရေးကြီးတဲ့ အချိန်မှာ အားကောင်းမောင်းသန် ပြန်ရောက်လာပြီး လူရိုင်းဧကရာဇ်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်နိုင်တယ်... အနည်းဆုံးတော့ ကာလတိုအတွင်းမှာ မဟာယန် ပြိုကွဲမယ့် အန္တရာယ် မရှိတော့ဘူးပေါ့... ဒါပေမဲ့ သူက ပြန်ရောက်လာကြတဲ့ ရှေးဟောင်း သူတော်စင်တွေကိုလည်း သတိထားပုံရတယ်... နယ်မြေတချို့ ခွဲပေးမယ်လို့ ကတိပေးလိုက်တယ်မလား”
လော့ဝမ်ထျန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်...ယန် မင်းဆက်က သူတို့ပိုင်နက် နယ်မြေကို စည်းလုံးညီညွတ်စွာ ထားရှိဖို့ အရမ်း အစွဲအလမ်းကြီးတာ... အခုလို လိုက်လျောမှုတွေ ပြုလုပ်လာတယ် ဆိုကတည်းက အခြေအနေက သာမန် မဟုတ်တော့ဘူး”
ထိုအခိုက်အတန့်၌၊ တာအိုဆရာ လုံရှန်းက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဝင်ပြောလေ၏။
“တော်ပါပြီကွာ... သိပ်ပြီး လိုက်တွေးနေလို့လည်း အပိုပါပဲ... အနည်းဆုံးတော့ ဒီကိစ္စက ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းနဲ့ မဆိုင်ပါဘူး... မီးလျှံ သိုင်းသူတော်စင်ကြီး ပေါ်လာမှတော့ ဟိုသိုင်းဂိုဏ်းတွေလည်း နည်းနည်း ငြိမ်ကုပ်သွားကြမှာပါ... ဒါနဲ့... မြို့စောင့် မြောက်ပိုင်းဘုရင်ရဲ့ အခြေအနေ ဘယ်လို ရှိလဲ”
လော့ဝမ်ထျန်းက ပြန်ဖြေလိုက်၏။
“သူ ဒဏ်ရာတွေ ကုသနေတုန်းပဲခင်ဗျာ... ကံကောင်းတယ်လို့ ပြောရမလားပဲ..ဆရာရယ်၊ လူရိုင်းဧကရာဇ်ရဲ့ ဒေါသနဲ့ လွတ်သွားခဲ့တယ်လေ... မဟုတ်ရင် လူရိုင်းဧကရာဇ်က သူ့ကို နမူနာပြအနေနဲ့ သတ်ပြလိုက်လောက်တယ်”
တာအိုဆရာ လုံရှန်း သက်ပြင်းချလိုက်မိသည်။
“ကောင်းပါတယ်... ဒါဆို ဆယ့်တစ်လေးလည်း သိပ်စိတ်ပူစရာ မလိုတော့ဘူးပေါ့”
လော့ဝမ်ထျန်းက ဆက်ပြောပြန်၏။
“နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ် ဆရာ”
“မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန်တွေ လုံးဝ ပျောက်ချင်းမလှ ပျောက်သွားကြပါပြီ”
သူ့မျက်နှာထားက အနည်းငယ် လေးနက်နေ၏။
နင်ချီ၏ မျက်လုံးများ အရောင်တောက်သွား၏။
လော့ဝမ်ထျန်းက ဆက်ပြောပြလေသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကတော့ မိစ္ဆာဂိုဏ်းက မသိရတဲ့ အင်အားစုတချို့ရဲ့ ကျောထောက်နောက်ခံနဲ့ အရှိန်အဟုန် ရနေခဲ့တာ... ဒါပေမဲ့ အစစ်အမှန်နက်ရှိုင်းတောင်က ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲမှာ ရှေးဟောင်း သူတော်စင်တွေ ပြန်ရောက်လာကြတာရယ်၊ လျန်ပြည်နယ် စစ်ပွဲရယ် ဖြစ်ပြီးကတည်းက မိစ္ဆာဂိုဏ်း အကြွင်းအကျန်တွေ လုံးဝ ငြိမ်ကျသွားတော့တာပဲ”
“သူတို့ဂိုဏ်းချုပ် ထွက်လာလို့လား၊ ရှေးဟောင်း သူတော်စင် တစ်ပါးပါးက ကူညီနေလို့လား၊ ဒါမှမဟုတ် တခြား လျှို့ဝှက်လက်သည် တစ်ခုခု ရှိနေလား ဆိုတာတော့ မသေချာဘူး၊ ဆရာ”
တာအိုဆရာ လုံရှန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
“ကမ္ဘာကြီးရဲ့ အခြေအနေက သိသိသာသာ ပြောင်းလဲသွားပြီကိုး... မိစ္ဆာဂိုဏ်းရဲ့ အန္တရာယ်က အရင်လောက် မကြီးမားတော့ပေမဲ့ သတိတော့ လျှော့လို့မရသေးဘူး... တခြား ရှေးဟောင်း သူတော်စင်တွေရဲ့ သတင်း မကြားရသေးပေမဲ့ တချို့က အရိပ်ထဲမှာ ပုန်းအောင်းနေတာမျိုး ဖြစ်နိုင်တယ်... သတိထားပြီး ဒီအဘိုးကြီးတွေကို မစမိအောင် နေတာ အကောင်းဆုံးပဲ”
နင်ချီက မေးလိုက်သည်။
“တောင်ပိုင်းနယ်စပ်ကရော ဘာသတင်း ထူးသေးလဲဗျ”
ရှေးဟောင်း သူတော်စင်တွေ ပြန်နိုးထလာသည့် ဒီခေတ်ကြီးမှာ တောင်ပိုင်းနယ်စပ်၏ အန္တရာယ်က သိပ်မကြီးမားတော့သလိုပါပင်။ သူ မေးလိုက်ရတာကလည်း 'သွေးဧကရာဇ်ကူ' အကြောင်းကို သတိရသွားသောကြောင့် ဖြစ်ပါသည်။
မကြာသေးမီက...
သူနှင့် ဓားမမိစ္ဆာတို့ ဝိညာဉ်စွမ်းအင် သန့်စင်ခြင်း စမ်းသပ်မှုတွေ ထပ်လုပ်ခဲ့ကြရာ သိသာထင်ရှားသော တိုးတက်မှုတွေ ရရှိခဲ့လေ၏။
ဤတိုးတက်မှု အရှိန်အဟုန်နှင့် ဆိုပါက... အဆိပ်အတောက်များကို စစ်ထုတ် ဖယ်ရှားပေးမည့် လျှို့ဝှက် နည်းလမ်းတစ်ခု ဖန်တီးရန်မှာ များစွာ ခက်ခဲတော့မည် မဟုတ်ချေ။ အနည်းဆုံးတော့ အကြမ်းထည် အဆင့်လောက်အထိ ရရှိနိုင်ပြီ ဖြစ်၏။
သို့သော် ပြဿနာ တစ်ရပ် ရှိနေသည်မှာ... ယွီဘုရင် ပုလဲအတွင်းမှ ဝိညာဉ် ပမာဏသည် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိရန်အတွက် လုံလောက်မှု မရှိခြင်းပင် ဖြစ်၏။
ထို့ကြောင့် နောက်ထပ် သုတေသနပြုမှုများ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေရလေသည်။
နင်ချီ အနေဖြင့် အခြားသော ပြင်ပ အရင်းအမြစ်များကို ရှာဖွေရပေတော့မည်။ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားမှသာလျှင် ဖြစ်ပေလိမ့်မည်။
'သွေးဧကရာဇ် ကူ' သည် သူ၏ အာရုံကို ဖမ်းစားထားခဲ့သည်မှာ ကြာမြင့်ခဲ့တော့၏။
လော့ဝမ်ထျန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“အရင်ရတဲ့ သတင်းတွေအရတော့ တောင်ပိုင်းနယ်စပ်က မြောက်ပိုင်းသားတွေဆီမှာ သွေးဘုရင်ကူ ကို မွေးမြူနေကြတယ်လို့ သိရတယ်... ဒါပေမဲ့ အခု လူရိုင်းဧကရာဇ် ပြန်ရောက်လာတော့ သူတို့ကြားမှာ ပဋိပက္ခတွေ ဖြစ်နိုင်တယ်... ဒါကြောင့် တောင်ပိုင်းနယ်စပ်က နောက်ဆုတ်သွားလောက်ပြီ”
နင်ချီ ခေါင်းညိတ်လိုက်သည်။
“အစ်ကိုကြီး... ဒီကိစ္စကို ပိုပြီး အာရုံစိုက်ထားပေးပါခင်ဗျာ... ကျွန်တော့်အတွက် အရမ်း အရေးကြီးလို့ပါ”
လော့ဝမ်ထျန်းက ချက်ချင်းပင် လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
...
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်လ ကုန်ဆုံးသွားလေသည်။
ကမ္ဘာလောကကြီးမှာတော့ ရှုပ်ထွေးပွေလီနေဆဲ။
လျန်ပြည်နယ် စစ်ပွဲ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများသည် နေရာအနှံ့အပြား၌ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်၏။
မဟာယန် သိုင်းသူတော်စင်ကြီး ပေါ်ထွက်လာမှုနှင့်အတူ မဟာယန်၏ ဂုဏ်သိက္ခာမှာ တစ်ဖန် ပြန်လည် မြင့်မားလာခဲ့လေပြီ။ နယ်နိမိတ် အတွင်းရှိ သိုင်းဂိုဏ်းများ အားလုံးမှာလည်း ငြိမ်ဝပ်ပိပြား သွားကြတော့၏။ မည်သူမျှ ဖောက်ပြန်မိုက်မဲရန် မစဉ်းစားရဲကြတော့ချေ။ ယခင်က ကြိတ်ပုန်း ခုတ်ကာ ကြံစည်ထားသမျှကို အကုန်အစင် ဘေးချိတ်ထားလိုက်ရတော့၏။
သို့သော် ခြွင်းချက် ဟူသည် အမြဲရှိစမြဲပင်...။
နောက်ထပ် ရှေးဟောင်း သူတော်စင် တစ်ပါး ထပ်မံ ပေါ်ထွက်လာခဲ့ပြန်၏။
တစ်ပါးတည်း မဟုတ်... နှစ်ပါး ဆက်တိုက်ပင် ဖြစ်၏။
တစ်ပါးမှာ 'နေနီ သိုင်းသူတော်စင်' ဖြစ်ပြီး၊ နောက်တစ်ပါးမှာမူ 'ဟေးဇီး သိုင်းသူတော်စင်' ဟူ၍ ဖြစ်လေသည်။ ပထမတစ်ပါးသည် ယွင်ပြည်နယ်၌ ပေါ်ထွက်လာခဲ့ပြီး၊ ဒုတိယတစ်ပါးမှာမူ ချန်ပြည်နယ်၌ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်၏။ ပထမတစ်ပါး၏ အမွေအနှစ်များသည် သမိုင်းကြောင်းထဲ၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်ငြား၊ ဒုတိယတစ်ပါးမှာမူ အကိုင်းအခက် တစ်ခု ချန်ရစ်ထားခဲ့သေး၏။ ထိုအရာကား တာအိုဆရာ လုံရှန်း၏ ဂုဏ်ပြုပွဲအခမ်းအနား၌ လက်ဆောင် လာရောက် ပေးအပ်ခဲ့သည့် 'မိုးရေမှုန် စံအိမ်' ပင် ဖြစ်ပေသည်။
သိုင်းသူတော်စင် နှစ်ပါး ပေါ်ထွက်လာချိန်၌ အစပိုင်းတွင် အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသေး၏။
သို့သော် လီယန်ဝူသည် ချက်ချင်းပင် ရောက်ရှိသွားခဲ့လေသည်။
ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးသည့်နောက်...
နောက်ဆုံးတွင်မူ ယွင်ပြည်နယ်နှင့် ချန်ပြည်နယ်မှ နယ်မြေအချို့ကို ဤသိုင်းသူတော်စင် နှစ်ပါးအတွက် ဖဲ့ပေးလိုက်ရလေတော့၏။ မြေဆီလွှာ ကောင်းမွန်ပြီး လူဦးရေ ထူထပ်သော နေရာများသာမက၊ နာမည်ကျော် တောင်တန်းကြီးများနှင့် ရေကန်ကြီးများပါ ပါသွားခဲ့ခြင်း ဖြစ်၏။
ကမ္ဘာလောကကြီး တစ်ခုလုံး မှင်သက်သွားကြရသည်။
ဤသည်မှာ နိုင်ငံထဲတွင် နိုင်ငံငယ်လေးများ ထပ်မံ တည်ထောင်ပေးလိုက်သကဲ့သို့ ဖြစ်နေပြီ မဟုတ်ပါလော။
ရှေးဟောင်း သူတော်စင်တို့၏ အဆင့်အတန်းမှာ မိုးကောင်းကင်ထက်သို့ တိုင်အောင် မြင့်တက်သွားခဲ့တော့၏။ ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်သည့် မဟာယန် သိုင်းသူတော်စင်ကြီး ပင်လျှင် ရှေးဟောင်း သူတော်စင်များကို မျက်နှာသာ ပေးရသည် ဆိုခြင်းကို လူများ သဘောပေါက် နားလည်သွားကြပြီ ဖြစ်၏။
ထို့ကြောင့် သိုင်းဂိုဏ်းအချို့သည် သူတို့လည်း ရှေးဟောင်း သူတော်စင် တစ်ပါးပါး၏ မျက်နှာသာ ပေးမှုကို ရရှိနိုင်မည်လော ဟူ၍ မျှော်လင့်လာကြလေသည်။
အဘယ်ကြောင့်ဆိုသော် နေနီ သိုင်းသူတော်စင်သည် ယွင်ပြည်နယ်မှ ဂိုဏ်း တစ်ခုကို ထောက်ပံ့ပေးလိုက်ပြီး 'နေနီဂိုဏ်း' ဟူ၍ အမည်ပြောင်းလဲ ပေးလိုက်သောကြောင့်ပင် ဖြစ်၏။ ထိုဂိုဏ်းသည် ချက်ချင်းဆိုသလို အရှိန်အဝါများ တက်လာကာ လူတိုင်း အားကျရသည့် အဖြစ်သို့ ရောက်ရှိသွားခဲ့လေ၏။
လူတိုင်း သိရှိ နားလည်ထားကြပါသည်။
ဤသည်မှာ နိဒါန်းပျိုးရုံ သက်သက်သာ ရှိသေးကြောင်းကိုပင်...။
ဤသိုင်းသူတော်စင် နှစ်ပါး ပြန်လည် ရောက်ရှိလာခြင်းနှင့် အတူ နောက်ထပ် သူတော်စင်များသည်လည်း တဖြည်းဖြည်းချင်း ဆက်လက် နိုးထလာကြဦးမည်သာ ဖြစ်၏။ ကမ္ဘာလောကကြီး၌ သူတို့၏ အခန်းကဏ္ဍမှာ ပိုမို ကြီးမားလာတော့မည် ဖြစ်ပေသည်။
နင်ချီ၏ ရင်ထဲတွင် အရေးတကြီး လိုအပ်ချက် တစ်ခု ကြီးထွားလာနေခဲ့သည်။
ဓားမမိစ္ဆာနှင့် စမ်းသပ်မှုသည်လည်း အရေးကြီးသော အချိုးအကွေ့သို့ ရောက်ရှိနေတော့၏။
ထိုအချိန်၌ပင်...
တောက်ပအလင်း သိုင်းခန်းမဆောင်ဆီမှ မမျှော်လင့်ထားသော ဝမ်းသာစရာ သတင်းစကား တစ်ခု ရောက်ရှိလာခဲ့လေသည်။
ချင်ယွင်... နောက်ဆုံးတော့ နိုးထလာခဲ့ပြီ ဖြစ်ပါ၏။