အစစ်အမှန်သိုင်း ခန်းမဆောင် ပေါ်ထွက်လာခြင်း
Vol. 23 Ch. 337
~တောက်ပအလင်း သိုင်းခန်းမဆောင်။
သတင်းကြားကြားချင်းမှာပင် ဂိုဏ်းသူဂိုဏ်းသားများ၊ စီနီယာ ညီအစ်ကို မောင်နှမများ အားလုံး အပြေးအလွှား ရောက်ရှိလာကြ၏။ သူတို့ မျက်နှာများထက်တွင် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းနေ၏။
လန်ရီရီ တောင်ပေါ်မှ ဆင်းသွားခဲ့သည်မှာ လအတန်ကြာခဲ့ပြီ ဖြစ်သော်လည်း၊ ချင်ယွင်ကား နိုးထမလာခဲ့သေးပေ။ စိတ်မပူဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သို့သော် နင်ချီက သေချာ စစ်ဆေးပြီး ပြဿနာမရှိကြောင်း အာမခံထားသဖြင့်သာ သူတို့ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။
ယခုတော့... သူ နောက်ဆုံးမှာ နိုးထလာခဲ့၏။
နင်ချီ ရောက်လာသောအခါ၊ လော့ဝမ်ထျန်း၊ ရှုံးရှီနှင့် အခြားသူများ အားလုံး တံခါးဝတွင် စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုကြီး... အစ်ကိုရှစ် အခြေအနေ ဘယ်လိုလဲ”
နင်ချီ တိုးတိုးလေး မေးလိုက်သည်။
လော့ဝမ်ထျန်းကလည်း အသံနှိမ့်၍ ပြန်ဖြေလေသည်။
“အခုလေးတင် နိုးလာတာ... အထဲမှာ ဆရာတစ်ယောက်တည်း ရှိနေတယ်”
နင်ချီ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
သူ့အတွေးများက လွန်ခဲ့သော နှစ်များဆီသို့ အလိုလို ပြန်ရောက်သွား၏။ သူ တောင်ပေါ် စရောက်ခါစ အချိန်များ။ အရာရာက ရှုပ်ထွေးနေခဲ့သော အချိန်များ။ လက်ရှိ အခြေအနေကို ရင်ဆိုင်ဖို့ ဆိုတာက ချင်ယွင်အတွက်လည်း လွယ်ကူလှမည့် ကိစ္စတော့ မဟုတ်ပေ။
ဘေးနားတွင် ဂနာမငြိမ် ဖြစ်နေသော ကျန်းပိုင်ရှန်းကို မြင်သောအခါ၊ နင်ချီက သူ့ပခုံးကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
ခန်းမဆောင် အတွင်းထဲတွင်တော့...
ဆံပင်ဖြူများဖြင့် အဘိုးအိုတစ်ဦးသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး၊ မျက်ရည်များက ပါးပြင်ပေါ်သို့ တသွင်သွင် စီးကျနေလေ၏။
“ဆရာ... ဒီတပည့်မိုက်က ကျေးဇူးကန်းခဲ့ပါတယ်... ကျွန်တော့်ကို အပြစ်ပေးပါ ဆရာ”
တာအိုဆရာ လုံရှန်းသည် သူ့ရှေ့မှ ချင်ယွင်ကို ငေးကြည့်ရင်း မျက်လုံးများ ဝေဝါးသွားရသည်။ တချိန်က ခန့်ညားပြီး သန်မာထွားကျိုင်းခဲ့သော လူငယ်လေးက သူ့ကို ပြုံးပြနေသကဲ့သို့ ဝိုးတဝါး မြင်ယောင်လာ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုပုံရိပ်လေးက ရှေ့မှ ဆံပင်ဖြူ အဘိုးအိုနှင့် ထပ်တူကျသွားပြီးနောက်၊ သူ့မျက်လုံးများထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသများ ရောထွေးသွားလေတော့၏။
“မင်း... ဘာအမှား လုပ်ခဲ့လို့လဲ”
သူ လက်နောက်ပစ်လျက် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
ချင်ယွင်၏ ခန္ဓာကိုယ် တုန်ခါသွားရှာ၏။
“ဒီတပည့်က ငယ်ရွယ်ပြီး မိုက်မဲခဲ့လို့... လမ်းမှားကို ရောက်ပြီး အမှားကြီးတွေ ကျူးလွန်ခဲ့မိပါတယ်... ဒီနေ့ ဆရာ့ကို တစ်ခေါက်လောက် ပြန်တွေ့ခွင့်ရတာကတင် သုံးဘဝ အတွက် ကုသိုလ်ထူးပါပြီ... ဆရာ ကျန်းမာပါစေလို့ပဲ ဆုတောင်းပါတယ်... ဒီကိစ္စပြီးရင် တပည့် တောင်အောက်ကို ဆင်းသွားတော့ပါ့မယ်”
ပြောရင်းဆိုရင်း သူက ကြမ်းပြင်နှင့် ခေါင်းကို ဆောင့်ကာ ဦးခိုက်နေတော့၏။
တာအိုဆရာ လုံရှန်း ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“မင်းက တောင်အောက်ကို ဆင်းချင်နေသေးတယ်ပေါ့... မင်းက အစစ်အမှန်သိုင်းဂိုဏ်းကို အဲ့ဒီလောက်တောင် မုန်းတီးနေသလား”
သူ ချင်ယွင်ကို စိုက်ကြည့်လိုက်ရာ လက်ချောင်းများပင် တုန်ယင်နေ၏။
ချင်ယွင် မော့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အထင်းသား။ ခေါင်းကို အတွင်တွင် ခါယမ်းလိုက်သည်။
“ဟင့်အင်း... ဟင့်အင်း... တပည့်မှာ အဲ့ဒီလို စိတ်ဆန္ဒ လုံးဝ မရှိရပါဘူး... တောင်အောက် ရောက်သွားကတည်းက အစစ်အမှန်သိုင်းတောင်ကို ပြန်မလာချင်တဲ့ နေ့ရက်ရယ်လို့ တစ်ရက်မှ မရှိခဲ့ပါဘူး... ဒါပေမဲ့... ဒါပေမဲ့... တပည့်က ဆရာ့ကို မျက်နှာချင်းဆိုင်ဖို့ အရမ်း ရှက်လွန်းလို့ပါ... စီနီယာ အစ်ကိုတွေကို ရင်ဆိုင်ဖို့ အရမ်း ရှက်လွန်းလို့ပါ ဆရာရယ်”
သူ့မျက်နှာပေါ်တွင် ခါးသီးမှုများ ပြည့်နှက်နေ၏။
ဒီအတောအတွင်း သူ အိပ်ပျော်နေခဲ့သော်လည်း၊ ပြင်ပလောကကို ဝိုးတဝါး အာရုံခံစားနေခဲ့ရသည်။ တခါတရံ ပြင်းထန်ပြီး၊ တခါတရံ အားနည်းနေတတ်သည်။
သူ့ရဲ့ ဂိုဏ်းတူ အစ်ကိုကြီးများ၏ ဂရုစိုက် စောင့်ရှောက်မှုများကိုလည်း သူ ကောင်းစွာ သိရှိနေခဲ့လေ၏။
သို့သော် ထိုသို့ ဖြစ်လာလေလေ... ချင်ယွင် ပိုမို၍ နေရခက်လေ ဖြစ်ကာ၊ အပြစ်ရှိသူ တစ်ဦးကဲ့သို့ ခံစားရလေပင် ဖြစ်၏။
ဖြစ်နိုင်ချေ ရှိသည်မှာမူ... ထို အကြောင်းပြချက်ကြောင့်ပင်လျှင် သူ ယခုအချိန်မှသာ အပြည့်အဝ နိုးထလာနိုင်ခဲ့ခြင်း ဖြစ်တန်ရာ၏။
တာအိုဆရာ လုံရှန်း၏ မျက်နှာထား အနည်းငယ် လျော့ကျသွားပြီးနောက် ၊ အေးစက်စွာ နှာမှုတ်လိုက်၏။
“မိစ္ဆာဂိုဏ်းမှာ မင်း လုပ်ခဲ့သမျှ ကိစ္စတွေကို ငါ အကုန် သိပြီးသား... မင်းရဲ့ အစ်ကိုငါးကို ကယ်ဖို့အတွက် အသက်စွန့်ခဲ့တာကို ထောက်ထားပြီး၊ မင်းမှာ သံယောဇဉ် လက်ကျန်လေး ရှိသေးတယ်လို့ မှတ်ယူရမယ်... ဒါကြောင့် အပြစ်ဒဏ် အနေနဲ့ သိုင်းကျမ်းဆောင်ကို (၃) နှစ်တိတိ စောင့်ကြပ်ရမယ်”
ချင်ယွင်၏ အိုမင်းနေသော မျက်နှာကို ကြည့်ရင်း တာအိုဆရာ လုံရှန်း၏
စိတ်နှလုံးများ ပျော်ကျသွားရသည်။ သူ တိုးတိုးလေး ခေါ်လိုက်၏။
“ရှစ်လေး... အိမ်ပြန်လာခဲ့တော့”
ချင်ယွင် ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းသွား၏။ ထို့နောက် အီး8ခနဲ ငိုချလိုက်ပြီး တာအိုဆရာ လုံရှန်း၏ ခြေထောက်ကို ဖက်တွယ်လိုက်လေတော့၏။ မျက်ရည်များက စမ်းချောင်းပမာ စီးကျလာပြီး၊ ကြာရှည်စွာ မြိုသိပ်ထားခဲ့ရသော ခံစားချက်များ ပေါက်ကွဲထွက်လာတော့၏။
“ကျွန်တော် မှားပါတယ်... ဆရာ... ကျွန်တော် မှားမှန်း သိပါပြီ”
*(ကျွန်တော် တကယ် မှားခဲ့တာပါ... သွေးမိစ္ဆာကန်မှာ သေမင်းနဲ့ စစ်ခင်းခဲ့ရကတည်းက အရာအားလုံးကို သဘောပေါက်ခဲ့ပါပြီ... နောင်တတွေက ရင်ထဲမှာ အမြဲ လောင်ကျွမ်းနေခဲ့တာ... ဆရာ့ဆီ ပြန်လာပြီး အပြစ်ဝန်ခံချင်ခဲ့တဲ့ အကြိမ်ပေါင်းက မရေမတွက်နိုင်ပါဘူး... ဒါပေမဲ့ သတ္တိမရှိခဲ့ဘူး... အစစ်အမှန်သိုင်းတောင် နားကို ဖြတ်သွားရင်တောင် အဝေးကနေပဲ လှမ်းမျှော်ကြည့်ရဲခဲ့တာ)*
အခုတော့... သူ နောက်ဆုံးမှာ အိမ်ပြန်လာခွင့် ရခဲ့၏။
ချင်ယွင် အော်ဟစ် ငိုကြွေးလိုက်သည်။ အပြင်ဘက်တွင် ရှိနေသူများပင် ထိုငိုသံကို သဲ့သဲ့ကြားလိုက်ရပြီး၊ အားလုံး ဝမ်းနည်းကြေကွဲကာ တိတ်တဆိတ် ကျောခိုင်းလိုက်မိကြ၏။
ချင်ယွင်၏ ပုံစံကို ကြည့်ပြီး တာအိုဆရာ လုံရှန်း ရင်ထဲတွင် စူးအောင့်သွားရသည်။ မျက်ရည်များ ဝဲတက်လာ၏။
သူ ဒူးထောက်ထိုင်ချလိုက်ပြီး ချင်ယွင်၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
“မှားမှန်း သိရင် ပြီးတာပါပဲ... နောက်နောင်... ဒီလို ထပ်မလုပ်နဲ့တော့”
ချင်ယွင် ခေါင်းကို အတွင်တွင် ခါယမ်းလိုက်သည်။
“နောက်တစ်ခါ... ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး”
သူ့ရင်ထဲတွင် မုန်တိုင်းထန်နေ၏။ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရမှသာ ထိုအရာသည် မည်မျှ တန်ဖိုးရှိကြောင်း အမှန်တကယ် နားလည်လာတတ်သည် မဟုတ်ပါလော။
တာအိုဆရာ လုံရှန်း ရင်ထဲတွင် အများကြီး သက်သာရာ ရသွား၏။
အချိန်အတန်ကြာပြီးနောက်...
ချင်ယွင်၏ စိတ်ခံစားမှုများ တဖြည်းဖြည်း တည်ငြိမ်သွားသောအခါ တာအိုဆရာ လုံရှန်းက မေးလိုက်သည်။
“ရှစ်လေး... အခု ခန္ဓာကိုယ် အခြေအနေ ဘယ်လို နေသေးလဲ”
ချင်ယွင် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
“ဆရာ စိတ်မပူပါနဲ့... အားလုံး အဆင်ပြေပါတယ်... မိန်းကလေး ရီရီရဲ့ 'ကံကြမ္မာ မျှဝေခံစားခြင်း ကူ' ကြောင့်ပါ... သူမရဲ့ ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး”
ပြောရင်းဆိုရင်း သူ့မျက်နှာထားက ရှုပ်ထွေးသွား၏။
တာအိုဆရာ လုံရှန်း အံ့သြသွား၏။
“မင်း... မင်း သိပြီးသားလား”
မူလက လန်ရီရီကို ကတိပေးထားသဖြင့် မပြောဘဲ နေရန် ဆုံးဖြတ်ထားပြီး၊ ဆင်ခြေတစ်ခုခု ပေးရန် စဉ်းစားထားခဲ့သော်လည်း၊ ချင်ယွင်က အရာအားလုံးကို သိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။
“အိပ်ပျော်သွားပြီးတဲ့နောက်... တခါတလေ ပြန်နိုးလာသလို ဖြစ်တတ်တယ်... ဝေဝါးနေပေမဲ့ မိန်းကလေး ရီရီက ကံကြမ္မာ မျှဝေခံစားခြင်း ကူ ကို သုံးလိုက်တယ် ဆိုတာတော့ အကြမ်းဖျင်း သိလိုက်ပါတယ်”
သူ့လက်က ရင်ဘတ်ပေါ်သို့ ရောက်သွား၏။
ကူကောင်လေး ရှိနေသော နေရာကို သူ အာရုံမခံနိုင်သော်လည်း မှတ်ဉာဏ်သဲ့သဲ့လေး အရတော့ ဒီနေရာမှာ ရှိနေတယ်ဆိုတာ သိနေ၏။
တာအိုဆရာ လုံရှန်း သက်ပြင်းချလိုက်၏။
“ကောင်းပြီလေ... မင်းဘာသာမင်း သိသွားတာဆိုတော့ ငါက မိန်းကလေး လန်အပေါ် ကတိဖျက်ရာ မရောက်တော့ဘူးပေါ့... နောက်ပိုင်း ကျေးဇူး ဘယ်လိုပြန်ဆပ်မလဲ ဆိုတာတော့ မင်းဘာသာ စဉ်းစားပေတော့”
သူက ချင်ယွင်၏ မျက်နှာကို တဖန်ပြန်ကြည့်လိုက်ပြီး စိတ်မကောင်းစွာဖြင့် မေးလိုက်သည်။
“ရှစ်လေး... မင်းရဲ့ သက်တမ်းက ပြန်ရပြီ ဆိုပေမဲ့... ရုပ်ရည်ကတော့ ပြန်မရနိုင်တော့ဘူးလား”
ချင်ယွင်က ပြုံးလိုက်ရုံသာ။
“ရုပ်ရည်ဆိုတာ အရေးမကြီးပါဘူး ဆရာ... အစစ်အမှန်သိုင်းတောင်ကို ပြန်ရောက်လာတာကတင် ကောင်းကင်ဘုံရဲ့ ဆုလာဘ်ပါပဲ... ဒီထက်ပိုပြီး မတောင်းဆိုရဲတော့ပါဘူး”
သူက လက်ရှိ ရုပ်သွင်ကို သူ့ကိုယ်သူ သတိပေးဖို့အတွက် ဒီအတိုင်း ထားလိုက်ချင်သည်။
တာအိုဆရာ လုံရှန်းက သက်ပြင်းချလိုက်သည်။
“ထားလိုက်ပါတော့... မင်း ကျင့်ကြံခြင်းအဆင့် တက်လာရင်တော့ ပြန်ကောင်းသွားမှာပါ... မဟုတ်ရင် အသက်က ငယ်ငယ်လေးနဲ့ ငါ့ထက်တောင် ရုပ်က အိုနေတော့၊ ဘယ်သူက ဆရာ၊ ဘယ်သူက တပည့်မှန်း လူတွေ ခွဲတတ်တော့မှာ မဟုတ်ဘူး”
ပြောရင်းနှင့်၊ သူတို့နှစ်ယောက် ရယ်မောလိုက်ကြ၏။
“ကဲ... မင်းရဲ့ အစ်ကိုတွေကို သွားတွေ့ကြမလား”
ချင်ယွင်၏ မျက်လုံးများ လှုပ်ရှားသွား၏။ မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှား ကြောက်ရွံ့ခြင်းတို့ ရောထွေးနေ၏။ နောက်ဆုံးတွင် သူ အသက်ကို ဝဝရှူသွင်းလိုက်ပြီး ပြောလိုက်သည်။
“သွားကြတာပေါ့ ဆရာ”
တောက်ပအလင်း သိုင်းခန်းမဆောင်၏ တံခါးကြီး ဖြည်းညှင်းစွာ ပွင့်သွားလေတော့၏။
အပြင်ဘက်တွင် ရှိနေသူများအားလုံး ချက်ချင်း လှည့်ကြည့်လိုက်ကြ၏။