← Chapters

အစစ်အမှန်သိုင်းခန်းမဆောင် ပေါ်ထွက်လာခြင်း (အပိုင်း ၂)

Vol. 23 Ch. 338

အစစ်အမှန်သိုင်းခန်းမဆောင် ပေါ်ထွက်လာခြင်း (အပိုင်း ၂)

Vol. 23 Ch. 338

~တာအိုဆရာ လုံရှန်းက ရှေ့ကနေ ဦးဆောင်ပြီး လျှောက်လာသည်။

သူ့နောက်ကပ်လျက်တွင်တော့ ခါးကုန်းကုန်းနှင့် ချင်ယွင် ပါလာလေသည်။ အစပိုင်းတွင် လူအားလုံး ရုတ်တရက် အံ့အားသင့်သွားကြသော်လည်း၊ တာအိုဆရာ လုံရှန်း၏ မျက်နှာကို မြင်လိုက်ရသောအခါ တဖြည်းဖြည်း စိတ်အေးသွားကြ၏။ ချင်ယွင်သည် သူ့ရှေ့မှ ရင်းနှီးနေသော၊ သို့သော် စိမ်းနေသော ပုံရိပ်များကို လှမ်းကြည့်လိုက်သည်။ မျက်ရည်များကြောင့် သူ့အမြင်အာရုံများ ချက်ချင်း ဝေဝါးသွား၏။ သူ့စီနီယာ အစ်ကို၊ အစ်မများ၏ နာမည်များကို လှမ်းခေါ်ချင်သော်လည်း လည်ချောင်းထဲတွင် တစ်ခုခု ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။

ရုတ်တရက်...

ရိပ်ခနဲ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်သွားပြီးနောက် ချင်ယွင်၏ နားရွက် အဆွဲခံလိုက်ရတော့၏။

“နင်... ကောင်စုတ်လေး။ ရှစ်လေး... နင့်မှာ အတောင်ပံတွေ ပေါက်နေပြီလား... ဘာသံမှမပေး ညာသံမှမပေးဘဲ နှစ်တွေအကြာကြီး ခိုးထွက်သွားရတယ်လို့... နင့်စီနီယာအစ်မ သုံးဆိုတာ မရှိတော့ဘူးလို့ ထင်နေတာလား”

ယဲ့ချင်းဟယ်က ဒေါသတကြီး နှာမှုတ်လိုက်သည်။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေသော်လည်း လက်ကတော့ လုံးဝ သက်ညှာခြင်း မရှိ။ အားကုန်သုံးပြီး ဆွဲလိမ်ထားလိုက်ရာ ချင်ယွင်တစ်ယောက် မျက်နှာရှုံ့မဲ့သွားရသည်။

“အား... ဖြည်းဖြည်း... ဖြည်းဖြည်းပါ အစ်မရဲ့... ကျွန်တော် မှားပါတယ်... မှားပါတယ်ဗျာ... နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး”

လူတိုင်း၏ ရင်ထဲမှ အောင့်သက်သက် ခံစားချက်များ ချက်ချင်း ပျောက်ကွယ်သွားပြီး အားလုံး ဝိုင်းရယ်လိုက်ကြ၏။

စုန့်ချွန်က ဘေးနားမှနေ၍ အားရပါးရ ရယ်မောကာ ဝင်ပြောလေသည်။

“အဟားဟား၊ အစ်မသုံး... နည်းနည်းလောက် ထပ်နာအောင် လုပ်လိုက်ပါဦးဗျ... မဟုတ်ရင် ဒီကောင် မှတ်မှာ မဟုတ်ဘူး”

ချင်ယွင် အသည်းအသန် တောင်းပန်လိုက်မှ ယဲ့ချင်းဟယ်က လွှတ်ပေးလိုက်သည်။ သူမသည် ခါးထောက်လျက် မထီမဲ့မြင် ပုံစံဖြင့် ပြောလိုက်၏။

“ဟွန်း၊ နောက်တစ်ခါဆိုရင် နင့်ကို နားရွက် ပြတ်ထွက်သွားအောင် ဆွဲပစ်မယ်”

သူမသည် ချင်ယွင်ကို အထက်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ပြန်၏။

“နောက်တစ်ခါ နင်ပြန်လာရင် နင့်ရုပ်ရည် တိုးတက်လာအောင် ထူးဆန်းတဲ့ သစ်သီးတချို့ ရှာတိုက်ဦးမှပါ... အသက်က ငယ်ငယ်လေးနဲ့ ရုပ်က အိုစာလိုက်တာ... အတူတူ လျှောက်သွားရင် လူတွေက နင့်ကို ငါ့အဘိုးလို့ ထင်ကုန်တော့မယ်”

သူမစကားကြောင့်၊ အားလုံးက ဝါးခနဲ ရယ်မောလိုက်ကြ၏။

ချင်ယွင်လည်း ခါးသီးစွာ ပြုံးလိုက်မိ၏။

သို့သော်... သူ့ရင်ထဲ၌မူ နွေးထွေးသော ခံစားမှုလေး တစ်ခု ဖြတ်သန်း စီးဆင်းသွားခဲ့လေသည်။

သူ့ ဂိုဏ်းတူအစ်မ၏ စိုးရိမ်ပူပန်မှုများကို ခံစားလိုက်ရသည် ဖြစ်ရာ... မူလက ရှိနေခဲ့သော စိုးရိမ်စိတ်များစွာ လျော့ပါး သက်သာသွားခဲ့ရပြီ ဖြစ်ပေသည်။

လေထုက တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွား၏။

ချင်ယွင် အသက်ကို ဝဝရှူသွင်းလိုက်ပြီး လက်သီးဆုပ်ကာ သူ့စီနီယာ အစ်ကို၊ အစ်မများကို အရိုအသေ ပြုလိုက်သည်။

“အားလုံးက ကျွန်တော့်အပြစ်ပါ... ဘယ်လို အပြစ်ပေးတာ၊ ဆူပူတာကိုမဆို ကျွန်တော် ခံယူဖို့ အသင့်ပါပဲ”

လော့ဝမ်ထျန်းက တဟားဟား ရယ်မောလိုက်ပြီး သူ့ပခုံးကို ပုတ်ပေးလိုက်သည်။

“မင်း ပြန်ရောက်လာတာ ဝမ်းသာပါတယ်ကွာ”

အားလုံးက ရှေ့ကို တိုးလာကြ၏။ တချို့က သူ့ပခုံးကို ပုတ်၊ တချို့က သူ့ခေါင်းကို ကိုင်၊ တချို့က သူ့ရင်ဘတ်ကို ထုနှင့်။ ကျန်းပိုင်ရှန်း ဆိုလျှင် မျက်လုံးအနည်းငယ် နီရဲလျက် သူ့ကို အားရပါးရ ဖက်ထားလိုက်သေးသည်။

ကျွမ်းချန်နှင့် လီလင်တို့ကတော့ ချင်ယွင် တောင်ပေါ်က ဆင်းသွားပြီးမှ ရောက်လာသူတွေမို့ ရပ်ကြည့်နေကြ၏။ သို့သော်၊ သူတို့လည်း အရမ်း ဝမ်းသာနေကြ၏။ ဒါက အစစ်အမှန်သိုင်းဂိုဏ်း အတွက် ပျော်စရာ အခါသမယပဲလေ။

နောက်ဆုံးတော့...

အားလုံး၏ မျက်လုံးများက နင်ချီ့အပေါ်သို့ ကျရောက်သွားကြ၏။

ချင်ယွင် ဘယ်အချိန်ကတည်းက စိတ်လှုပ်ရှားနေမိမှန်းတောင် မသိတော့ပါ။

နင်ချီ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွှတ်သွားပြီး နူးညံ့သိမ်မွေ့သော အပြုံးလေး တစ်ခု ပေါ်လာသည်။

“အစ်ကိုရှစ်... အိမ်ပြန်ရောက်တာ ကြိုဆိုပါတယ်ဗျ”

ချင်ယွင် ချက်ချင်း မျက်ရည်ဝဲသွားရသည်။

သူသည် ဝတ်ရုံလက်စဖြင့် မျက်လုံးများကို အလျင်အမြန် သုတ်ဖယ်လိုက်သော်ငြားလည်း၊ စီးကျလာသော မျက်ရည်များကိုမူ တားဆီး၍ မရနိုင်တော့ချေ။

တောင်အောက်သို့ ရောက်ရှိနေခဲ့သည့် နှစ်ကာလများ အတွင်း၌၊ အစစ်အမှန် သိုင်းတောင်ကို သတိရမိတိုင်း သူ့ရင်ထဲတွင် နက်ရှိုင်းသော နောင်တတရားတို့ ဖြစ်ပေါ်လာရစမြဲပင်။ တာအိုဆရာ လုံရှန်းနှင့် နင်ချီတို့အပေါ် အပြစ်ရှိသည်ဟု ခံစားမိခြင်းကြောင့် ဖြစ်လေသည်။

ဂိုဏ်းတူ အစ်ကိုကြီး တစ်ဦး အနေဖြင့် သူသည် တာဝန်မကျေပွန်ခဲ့ဟု ခံစားခဲ့ရလေ၏။

ဂိုဏ်းတူ အစ်ကိုကြီး တစ်ဦး အနေဖြင့် ညီငယ်များကို ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်သော်လည်း၊ သူသည် မိမိစိတ်ထဲသို့ မနာလိုဝန်တိုစိတ်များ ဝင်ရောက်လာခွင့် ပြုခဲ့မိသည်။ ဒါက အလွန် ကြီးမားသော အမှားအယွင်းကြီးပင် ဖြစ်ခဲ့လေသည်။

မြင်တွေ့ရသူ အားလုံးသည်လည်း စိတ်နှလုံး ထိခိုက် ခံစားလိုက်ကြရလေ၏။

တစ်ခါတစ်ရံတွင်မူ... တစ်ခဏတာ စိတ်အပြောင်းအလဲ တစ်ခုသည်ပင်လျှင် လူတစ်ဦး၏ ဘဝလမ်းကြောင်း တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သည် မဟုတ်ပါလော။

ချင်ယွင်က တိုးတိုးလေး ပြောလိုက်သည်။

“ကိုးလေး... မင်းကို ငါ ပြောစရာ စကားတချို့ ရှိတယ်”

နင်ချီ ခေါင်းညိတ်လိုက်သည်။

သူတို့ နှစ်ယောက် ယှဉ်တွဲလျက် ကျမ်းစာဆောင်ဘက်သို့ လျှောက်သွားလိုက်ကြ၏။

အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ တပည့်များက သူတို့ကို လှမ်းကြည့်နေကြသည်ကို မြင်သောအခါ၊ တာအိုဆရာ လုံရှန်းက လက်ကို ယမ်းပြလိုက်သည်။

“ကိစ္စမရှိပါဘူး... အစ်ကိုနဲ့ ညီ စကားပြောပါစေ”

နင်ချီနှင့် ချင်ယွင်တို့၏ ကျောပြင်ကို ကြည့်ရင်း သူ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ကိစ္စတချို့က သူတို့နှစ်ယောက်တည်း ရှင်းမှ ရမည်။ မဟုတ်လျှင် ရင်ထဲမှာ အဖုအထစ် ဖြစ် ကျန်ရစ်နေလိမ့်မည်။

နင်ချီနှင့် ချင်ယွင်တို့ ဘေးချင်းယှဉ် လျှောက်သွားကြ၏။

ဤလမ်းမကြီးအတိုင်း သူတို့ ဘယ်နှစ်ခေါက်များ လျှောက်လှမ်းခဲ့ဖူးလေသနည်း။

သို့သော် ယခင် အတိတ်ကာလကမူ နင်ချီသည် ချင်ယွင်၏ ပခုံးထက်တွင် ထိုင်လျက် လိုက်ပါသွားခဲ့ခြင်းသာ ဖြစ်၏။

ယခုအချိန်တွင်မူ နင်ချီသည် ခန့်ညားထည်ဝါသော လူငယ်လေး တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်ကာ၊ ချင်ယွင်မှာမူ အိုစာသွားခဲ့လေပြီ။

“မသိလိုက်မသိဘာသာနဲ့ မင်း အရမ်းကြီးလာပြီပဲ ကိုးလေးရာ... ငါ တောင်ပေါ်က ဆင်းသွားတုန်းက မင်းက (၆) နှစ်သားလေးပဲ ရှိသေးတာ”

ချင်ယွင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

နင်ချီ သက်ပြင်းချလိုက်သည်။

“ဟုတ်ပါရဲ့... အချိန်တွေ ကုန်တာ မြန်လိုက်တာ... (၅) နှစ်တောင် ရှိသွားပြီပဲ”

(၅) နှစ် ဟူသည် တိုတောင်းသယောင် ထင်ရသော်လည်း၊ ရှည်ကြာသော အချိန်ကာလ တစ်ခု ဖြစ်လေသည်။

တစ်ခါတစ်ရံတွင် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်တစ်ဦး အနေဖြင့် တံခါးပိတ် ကျင့်ကြံမည် ဆိုပါက (၅) နှစ်မက ကြာမြင့်တတ်သော်ငြား၊ နင်ချီအတွက်မူ အမှန်တကယ်ပင် ရှည်ကြာလွန်းခဲ့လေ၏။

ထိုအချိန်ကာလတုန်းက သူသည် အတွင်းပိုင်း အနှစ်သာရ အဆင့်၌သာ ရှိနေသေးခြင်း ဖြစ်၏။ ယခုအချိန်တွင်မူ သိုင်းသူတော်စင် တစ်ပါးကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတော့၏။

အမှန်တကယ်ပင် မယုံကြည်နိုင်လောက်စရာ ကွာဟချက်ကြီး ဖြစ်ပေတော့၏။

သတိမထားမိလိုက်ခင်မှာပင် သူတို့နှစ်ယောက် ကျမ်းစာဆောင် အနီးသို့ ရောက်ရှိလာကြ၏။

အခု ချဲ့ထွင်ထားတဲ့ ကျမ်းစာဆောင်က အရင်တုန်းကနဲ့ မတူတော့ပါဘူး။

ချင်ယွင် မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရှုပ်ထွေးနေ၏။

“ကိုးလေး... အဲ့ဒီညတုန်းက ငါ့ကို တားခဲ့တဲ့သူက မင်း မဟုတ်လား”

လွန်ခဲ့သော (၅) နှစ်က သူ့စိတ်ထဲမှာ မိစ္ဆာစိတ် ဝင်လာပြီး 'တာအိုရှာဖွေခြင်း ကျောင်းတော်' ထဲကို ခိုးဝင်ဖို့ ပြင်ခဲ့စဥ်က အကြောင်းကို ပြောခြင်းပါ။ ထိုအချိန်တုန်းက နင်ချီ၏ ပါးရိုက်ချက်ကြောင့် သူ သတိပြန်ဝင်လာခဲ့ရသည်လေ။

အစဦးပိုင်းကမူ... ထိုပုဂ္ဂိုလ်သည် အစစ်အမှန် သိုင်းဂိုဏ်း၏ မည်သူမျှ မသိရှိရသေးသော လျှို့ဝှက် အင်အားစု တစ်ခုဟုသာ သူ ထင်မှတ်ထားခဲ့မိသည်။

သို့သော် နောက်ပိုင်းတွင် 'စစ်မှန်သူ ကောင်းကင်ဓားသခင်' ရုတ်တရက် ပေါ်ထွက်လာခြင်းနှင့်၊ နင်ချီ၏ လုပ်ဆောင်ချက်များကို ချိတ်ဆက် တွေးတောကြည့်လိုက်သောအခါမှ... နောက်ဆုံးတွင် အဖြေမှန် ပေါ်ထွက်လာခဲ့ရလေသည်။

နင်ချီသည် ငြင်းဆိုခြင်း အလျဉ်းမရှိခဲ့ပေ။

ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်ပြီးနောက်... တောင်းပန်လိုသော လေသံဖြင့် ပြောကြားလိုက်၏။

“အဲ့ဒီညတုန်းက အစ်ကို့ကို ကျွန်တော် ချက်ချင်း မမှတ်မိလိုက်ဘူး... အဲ့ဒါကြောင့် အစ်ကို့ကို မတော်တဆ ဒဏ်ရာရစေခဲ့မိတယ်... ခွင့်လွှတ်ပါ အစ်ကိုရှစ်”

ချင်ယွင်က ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။

“အဓိကက ငါ့အပြစ်ပါကွာ... ငါသာ ယုတ်ညံ့တဲ့ အတွေးတွေ ဝင်မလာခဲ့ရင် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး”

သူက လေးနက်စွာ တောင်းပန်လိုက်ပြီး ခါးကို ကိုင်းညွှတ်လိုက်သည်။

နင်ချီက သက်ပြင်းချလိုက်ပြီး သူ့ကို တွဲထူလိုက်၏။

“အစ်ကိုရှစ်... အဲ့ဒါတွေက ပြီးခဲ့ပါပြီဗျာ... အတိတ်မှာ လမ်းလျှောက်နေလို့လည်း ဘာမှ အဓိပ္ပာယ် မရှိတော့ပါဘူး... သေချာ ပြန်တွေးကြည့်ရင် ကျွန်တော့်မှာလည်း အမှားတွေ ရှိတာပါပဲ... ရှေ့ဆက် လျှောက်ကြရအောင်... အစစ်အမှန်သိုင်းဂိုဏ်းကို ဒီထက်ပိုပြီး မြင့်မားတဲ့ နေရာရောက်အောင် ဝိုင်းဝန်း ကြိုးစားကြတာပေါ့”

ချင်ယွင် အားတက်သရော ခေါင်းညိတ်လိုက်သည်။

မသိလိုက်မသိဘာသာဖြင့် လျှောက်လှမ်းလာကြရင်း... သူတို့သည် 'တာအိုရှာဖွေခြင်း ကျောင်းတော်' ၏ အပြင်ဘက်သို့ ရောက်ရှိလာကြလေသည်။

ယခင် အတိတ်ကာလကမူ ဤနေရာသည် ချင်ယွင်တစ်ယောက် ခြံဝင်းအတွင်းသို့ ခြေတစ်လှမ်းမျှပင် ချခွင့်မရလိုက်ဘဲ မောင်းထုတ်ခံခဲ့ရသည့် နေရာပင် ဖြစ်ခဲ့ဖူး၏။ သို့သော် ယခုအချိန်တွင်မူ... ကျောင်းတော်၏ မြင်ကွင်းသည် သူ မှတ်မိနေသကဲ့သို့ မဟုတ်တော့ပါချေ။

ပတ်ပတ်လည် တစ်ခွင်လုံး၌ နုနယ်သော အပွင့်လေးများ ဝေဆာနေသည့် 'အစစ်အမှန် သိုင်းမက်မွန်ပင်' များက ဝန်းရံထားလေသည်။ အိပ်မက်တစ်ခုပမာ လှပနေတော့၏။

ဆောင်းဦးပေါက် ရာသီသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ သာမန်မဟုတ်တော့သည့် ဤမက်မွန်ပင်များသည် လန်းဆန်းနေဆဲပင် ဖြစ်လေ၏။

All Chapters