အစစ်အမှန်သိုင်းခန်းမဆောင် ပေါ်ထွက်လာခြင်း (အပိုင်း ၃)
Vol. 23 Ch. 339
~သို့သော် ပိုမို၍ အာရုံကို ဖမ်းစားထားသည်မှာကား... ဝေဆာသိုက်မြိုက်စွာ ပေါက်ရောက်နေသည့် 'ဉာဏ်အလင်း လက်ဖက်ပင်' ကြီးပင် ဖြစ်ပေသည်။
ထိုအပင်ကြီးသည် စိမ်းလန်းစိုပြေနေပြီး၊ ခြံဝင်းအတွင်းမှနေ၍ အပြင်ဘက်သို့ပင် လျှံကျလာမတတ် ဖြစ်ပေါ်နေလေ၏။
မိုးကောင်းကင်ထက်သို့ တိုင်အောင် ထိုးထွက် မြင့်မားနေကာ၊ လေပြေလေညှင်း တစ်ချက် ဝေ့ဖြတ် တိုက်ခတ်လိုက်တိုင်း ထူးခြားဆန်းပြားသော မွှေးရနံ့များ သင်းပျံ့လာတတ်ပေသည်။
ချင်ယွင် မျက်လုံးပြူးသွားမိသည်။
နင်ချီက ပြုံးလိုက်ပြီး ဖိတ်ခေါ်လိုက်၏။
“လာပါ အစ်ကို... အတွင်းထဲ ဝင်ကြည့်ရအောင်”
သူတို့နှစ်ယောက် ဖြည်းဖြည်းချင်း လျှောက်ဝင်သွားကြ၏။ ချင်ယွင် ဘာကြောင့်မှန်းမသိ စိတ်ထဲတွင် ပိုပြီး ငြိမ်းချမ်းလာသလို ခံစားလိုက်ရသည်။
တစ်ချိန်က သူသည် ဤနေရာသို့ မလိုလားအပ်ဘဲ ခြေချခဲ့ဖူးလေသည်။
ထိုစဉ်ကမူ စိတ်နှလုံးထဲ၌ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့ရသော်ငြားလည်း၊ ယခုအချိန်တွင်မူ ချင်ယွင်၏ စိတ်အစဉ်သည် ကြည်လင်အေးမြ သန့်စင်နေခဲ့တော့၏။
ရုတ်တရက်...
သူ မေးလိုက်သည်။
“ကိုးလေး... ငါ.. မင်းရဲ့ တကယ့် အစွမ်းအစကို မြင်ဖူးချင်တယ်ကွာ... ရမလား”
နင်ချီဟာ 'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ဆိုတာ သူ သိပြီးသား ဖြစ်သော်ငြား မျက်မြင်ကိုယ်တွေ့တော့ တစ်ခါမှ မကြုံဖူးသေးဘူးလေ။
နင်ချီ လှည့်ကြည့်လိုက်သည်။ ချင်ယွင်၏ မျက်လုံးများထဲတွင် မျှော်လင့်တောင့်တမှု တစ်ခုခု ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။
“ကောင်းပါပြီဗျာ”
ချင်ယွင် မျက်လုံးတွေ အရောင်တောက်သွား၏။
နောက်တစ်ခဏမှာပင်…
သူ၏ အရှိန်အဝါသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများသည် လှိုင်းထန်လာပြီး တစ်နေရာတည်းသို့ စုစည်းလာကြ၏။
သူသည် သေဘေးနှင့် ရင်ဆိုင်ရသည့် ကပ်ဘေးကို ကျော်ဖြတ်လွန်မြောက်ခဲ့ပြီးပြီ ဖြစ်၏။ ယခုအခါ 'ကံကြမ္မာ မျှဝေခံစားခြင်း ကူ' ၏ အကူအညီဖြင့် ပြန်လည် မွေးဖွားလာခဲ့ပြီ ဖြစ်ရာ... သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ကျဆင်းမသွားရုံမျှမက ပိုမို၍ပင် တိုးတက်မြင့်မားလာခဲ့သေးသည်။
'သရဲမျက်နှာဖုံး' နှင့် စတင် တိုက်ခိုက်ခဲ့စဉ်ကထက် ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းနေတော့၏။
အနက်ရောင် စွမ်းအင်များ လှိုင်းထန်နေသည်ကို ကြည့်ရှုရင်း... နင်ချီ၏ မျက်ဝန်းထဲ၌ အသိအမှတ်ပြုသည့် အရိပ်အယောင် တစ်ခု ပေါ်ထွက်လာခဲ့လေသည်။ ဤသည်မှာ ချင်ယွင် ကိုယ်တိုင် ဖောက်ထွင်းရှာဖွေခဲ့သည့် လမ်းကြောင်းပင် ဖြစ်၏။ အမှန်တကယ်ပင် ချီးကျူးဖွယ် ကောင်းလှပေသည်။
သို့သော်...၊
လက်ရှိ နင်ချီ၏ ရှေ့မှောက်တွင်မူ ဤအရာသည် သိပ်ပြီး ကြည့်ကောင်းလှသည်တော့ မဟုတ်သေးချေ။
နင်ချီသည် လက်နောက်ပစ်လျက် ရပ်တန့်နေလေ၏။ အနည်းငယ်မျှပင် မလှုပ်မယှက် ရှိနေ၏။ တောက်ပသော အဖြူရောင် ဝိညာဉ်စွမ်းအား တစ်ခုသည် ကောင်းကင်ယံထက်သို့ ထိုးတက်သွားပြီး... 'စစ်မှန်သော နဂါး' တစ်ကောင် အသွင်သို့ ပြောင်းလဲသွားတော့၏။
အစစ်အမှန် နဂါးကြီးသည် ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာခဲ့လေသည်။ ဟိန်းဟောက်ခြင်း အလျဉ်းမရှိ။ မလိုအပ်ဘဲ ဆူညံခြင်းလည်း မရှိချေ။ ခံ့ညားထည်ဝါမှုတို့ ပြည့်နှက်နေသည့် အကြည့်တစ်ချက်သာ ပါရှိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်...
ချင်ယွင်၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး စွမ်းအားများ ဝုန်းခနဲ ပြိုကျပျက်စီးသွားတော့၏။
ကွာခြားချက်က ကြီးမားလွန်းလှသည်။ လမင်းကြီး၏ ဘေးက ပိုးစုန်းကြူးလေး တစ်ကောင်နှင့် နှိုင်းယှဉ်လျှင်တောင် မလွန်ပါချေ။
ချင်ယွင် မှင်သက်သွားရ၏။ သူ့ကို ဝန်းရံထားသော ကောင်းကင်နှင့်မြေကြီး စွမ်းအား အမျှင်တန်းလေးများ ပြိုလဲကျသွားတာကိုတောင် သတိမထားမိတော့။
ကြာမြင့်စွာသော အချိန်တစ်ခု ကုန်ဆုံးပြီးနောက်...
နောက်ဆုံးတော့ သူ ခါးသီးစွာ ပြုံးလိုက်မိသည်။
“ကိုးလေး... မင်း ဒီလောက်ထိ သန်မာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး... ဒီစွမ်းအားက တကယ့်ကို မယုံကြည်နိုင်စရာပဲ”
သူ့မျက်လုံးထဲမှာ အံ့သြမှင်သက်မှုတွေကလွဲပြီး ဘာမှ မရှိတော့။ ကွာဟချက်က တကယ်ကြီးမားလွန်းလှသည်။
‘နင်ချီရဲ့ ရှေ့မှာ သူက ပုရွက်ဆိတ်လေး တစ်ကောင်လို ဖြစ်နေတာကိုး။’
နင်ချီ ပြုံးလိုက်သည်။
“ဒါက ဝိညာဉ်စွမ်းအား... တစ်နည်းအားဖြင့် သိုင်းသူတော်စင်ရဲ့ စွမ်းအားပါပဲ”
ချင်ယွင် ချက်ချင်း တုန်လှုပ်သွားရသည်။
ထို့နောက်၊ နင်ချီက အစစ်အမှန်နက်ရှိုင်းတောင်ပေါ်က အဖြစ်အပျက်တွေကို အတိုချုံး ရှင်းပြလိုက်သည်။ ချင်ယွင် ရင်ထဲမှာ စိတ်အားထက်သန်မှုတွေ ပြည့်နှက်လာတော့၏။
“ငါ အိပ်ပျော်နေတဲ့ အချိန်အတွင်းမှာ ဒီလောက် ကိစ္စကြီးတွေ ဖြစ်ပျက်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... ရှေးဟောင်း သူတော်စင်တွေ ပြန်ရောက်လာတာ... ဝိညာဉ်စွမ်းအင်တွေ ပြန်လည် နိုးထလာတာ... ငါ အမီလိုက်နိုင်ဖို့ ကြိုးစားရတော့မယ်... ဒီခေတ်ကြီးထဲမှာ ငါ့နာမည် တစ်လုံး တွင်ကျန်ရစ်စေရမယ်”
ပြောရင်းဆိုရင်း သူ ပိုပြီး စိတ်လှုပ်ရှားလာသည်။
“ကိုးလေး... မင်းက အခု ငါ့ထက် သန်မာနေပေမဲ့... အနာဂတ်မှာတော့ ပြောလို့မရဘူးနော်”
နင်ချီ အားရပါးရ ရယ်မောလိုက်သည်။
“ဟားဟား၊ ကောင်းတယ်... ကျွန်တော် စောင့်ကြည့်နေမယ်ဗျ”
ညီအစ်ကို နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိမ်းသက်နေမှုတွေ အားလုံး ပျောက်ကွယ်သွားလေတော့၏။
ချင်ယွင် တွေးလိုက်မိသည်။
‘ အကယ်၍ အဲ့ဒီတုန်းကသာ နင်ချီက အခုလို စိတ်ကူးလို့မရနိုင်လောက်အောင် စွမ်းအားကြီးနေတာကို ပြသခဲ့မယ်ဆိုရင်... သူ ယုတ်ညံ့တဲ့ အတွေးတွေ ဝင်ခဲ့မိပါဦးမလား။ ’
အဖြေကတော့ မရေရာပါချေ။ သို့သော်၊ ဖြစ်နိုင်ချေ များတာကတော့ သူ ဆက်ပြီး မနာလို ဖြစ်နေမိဦးမည်ပင်။
သူ ခေါင
ချင်ယွင် ခေါင်းခါလိုက်ပြီး ဆက်မတွေးတော့။ နင်ချီ ပြောသလိုပင် အတိတ်မှာ လမ်းလျှောက်နေ၍ ဘာမှအသုံးမဝင်ပေ။ သည်လို အတွေ့အကြုံမျိုး ရလိုက်ခြင်းက အနာဂတ်အတွက် ဆိုးချင်မှ ဆိုးလေမည်။
နင်ချီက 'ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး' တစ်လုံး ထုတ်လိုက်ပြီး ချင်ယွင်ကို လေးလေးနက်နက် ပေးအပ်လိုက်သည်။
အနာဂတ်မှာ ဝိညာဉ်စွမ်းအင်တွေ ပြန်လည် သက်ဝင်လာသောအခါ၊ ကောင်းကင်ဘုံလူသား အထွတ်အထိပ်အဆင့် ရောက်နိုင်မည့် နောက်တစ်ယောက် ထပ်ရှိလာမယ်ဆိုလျှင် အစစ်အမှန်သိုင်းဂိုဏ်းရဲ့ အုတ်မြစ်က ပိုခိုင်မာလာလေမည်။
ချင်ယွင် အကြာကြီး တိတ်ဆိတ်နေမိသည်။ ဆေးလုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း သူ့မျက်လုံးတွေက ပိုပြီး ပြတ်သားခိုင်မာလာတော့၏။
...
နိုးထလာပြီးနောက် ချင်ယွင်သည် ကျမ်းစာဆောင်သို့ ပြောင်းရွှေ့နေထိုင်လိုက်သည်။ အစစ်အမှန်သိုင်းဂိုဏ်းမှ အခြား တပည့်များအားလုံးက ကျမ်းစာဆောင်မှာ ဘယ်ကရောက်လာမှန်း မသိသော အဘိုးကြီးတစ်ယောက် အစောင့်အရှောက် လုပ်နေတာကို သိချင်စိတ်ပြင်းပြနေကြ၏။ သို့ရာတွင်၊ သူတို့အားလုံး ရိုသေလေးစားကြပါသည်။
နင်ချီကတော့ ဓားမမိစ္ဆာနှင့်အတူ ဝိညာဉ်စွမ်းအား စမ်းသပ်မှုများကို ဆက်လက် ပြုလုပ်နေပြီး အကြိမ်တိုင်း သိသာထင်ရှားသော အကျိုးအမြတ်များ ရရှိနေလေ၏။
သို့သော် နင်ချီကို စိတ်ဒုက္ခပေးနေသော အချက်တစ်ချက် ရှိနေ၏။
ထိုအရာကား... ဝိညာဉ်စွမ်းအင် အတွင်း၌ ပါဝင်ရောယှက်နေသော အဆိပ်အတောက်များသည် ဖမ်းဆုပ်ရ ခက်ခဲပြီး၊ ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်နေခြင်းပင် ဖြစ်ပေသည်။
ဤ အတားအဆီးကိုသာ မကျော်လွှားနိုင်ခဲ့ပါက... အဆိပ်အတောက်များကို စစ်ထုတ်ပေးမည့် လျှို့ဝှက် နည်းလမ်းတစ်ခုကို ဖန်တီးနိုင်ရန်မှာ အလွန်တရာ ခက်ခဲလိမ့်မည်ဟု သူ ဝိုးတဝါး ခံစားသိရှိနေမိလေ၏။
နေ့ရက်တွေ ကုန်ဆုံးသွား၏။
နင်ချီရဲ့ ထင်ကြေးက မှန်ကန်လာခဲ့သည်။
သူ ဖြေရှင်းနည်း ရှာဖွေဖို့ အသည်းအသန် စဉ်းစားနေသည့် အချိန်မှာပဲ၊ နောက်ထပ် လေးနက်သော သတင်းတစ်ခု ကမ္ဘာလောက အနှံ့ ပျံ့နှံ့သွားပြန်၏။
'အစစ်အမှန်သိုင်း ခန်းမဆောင်' ပေါ်ထွက်လာခဲ့သည် ဟူသတည်း။