ဖိတ်ခေါ်မှု (အပိုင်း ၂)
Vol. 23 Ch. 341
~နင်ချီ၏ တုံ့ပြန်စကားက သူတို့နှစ်ဦးလုံးကို ဝမ်းသာပီတိ ဖြစ်သွားစေခဲ့သည်။
လော့ဝမ်ထျန်းက မတ်တတ်ထရပ်လိုက်ပြီး ပြောသည်။
“အချိန်မရှိတော့ဘူး... အစစ်အမှန်သိုင်းတောင်က အဝေးကြီးဆိုတော့ အခုချက်ချင်း ခရီးထွက်မှ ဖြစ်မယ်”
လော့ဝမ်ထျန်းသည် လျင်မြန် ဖြတ်လတ်စွာပင် စီစဉ်စရာရှိသည်များကို ချက်ချင်း သွားရောက် စီစဉ်လေတော့၏။
နောက်ဆုံးတွင်တော့...
နင်ချီနှင့် တာအိုဆရာ လုံရှန်းတို့က ဦးဆောင်ပြီး၊ ယဲ့ချင်းဟယ်နှင့်အတူ တတိယမျိုးဆက် တပည့်များထဲမှ ထူးချွန်သူအချို့ကိုပါ ဗဟုသုတရစေရန်နှင့် အတွေ့အကြုံယူစေရန် ခေါ်ဆောင်သွားကြ၏။ အစစ်အမှန်သိုင်းတောင်တွင်မူ ဓားမမိစ္ဆာ၊ ချင်ယွင်နှင့် လော့ဝမ်ထျန်းတို့ ကျန်ရစ်ခဲ့ကြသဖြင့် စိုးရိမ်စရာ မရှိပေ။
နင်ချီက သူ့ရုပ်သွင်ကို ဖုံးကွယ်မထားခဲ့။ ယခုအချိန်တွင် ရှေးဟောင်း သူတော်စင်များ ပြန်လည် ပေါ်ထွက်လာကြပြီ ဖြစ်ရာ၊ သူ ကိုယ်တိုင် ထုတ်မပြောသရွေ့ လူတွေက သူ့ကိုလည်း ပြန်လည် နိုးထလာသော ရှေးဟောင်း သူတော်စင် တစ်ပါးဟုသာ ထင်ကြပေလိမ့်မည်။
အရင်တုန်းက အစစ်အမှန်နက်ရှိုင်းတောင်ပေါ်တွင် တာအိုဆရာ ပိုင်ရှန်းက သူ့ကို ရိပ်မိသွားခဲ့သည်မှာ ရှေးဟောင်း သူတော်စင်အချင်းချင်းသာ ရရှိထားသော ထူးခြားသည့် အရှိန်အဝါနှင့် အမှတ်အသား တစ်ခုကြောင့် ဖြစ်၏။ နင်ချီက ၎င်းကို အာရုံခံမိပြီးနောက် ရုပ်ဖျက်နည်းပညာ တစ်ခုကို ဖန်တီးခဲ့သည်။ ယခုအခါ အခြား ရှေးဟောင်း သူတော်စင်များ သူ့ကို တွေ့လျှင်ပင် သာမန် ကျင့်ကြံသူတစ်ဦး အဖြစ်သာ မြင်ကြပေတော့မည်။
ကောင်းကင်ယံ အထက်ဆီတွင်...
နင်ချီသည် ကောင်းကင်နှင့်မြေကြီး စွမ်းအားများကို ထိန်းချုပ်လိုက်သည်။
သူတို့အားလုံး လေကိုခွင်း၍ လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြရာ တပည့်များမှာ စိတ်လှုပ်ရှား အံ့သြနေကြလေ၏။
...
သဲမည်းပင်လယ်။
မျှော်စင်သင်္ဘောကြီးများ ပါဝင်သော ရေတပ်ဖွဲ့ကြီး တစ်ခုသည် မြူခိုးဖုံးလွှမ်းနေသော ကျွန်းကို ဗဟိုပြုလျက် အရပ်မျက်နှာ အသီးသီးတွင် ဖြန့်ကြက်ထားကြ၏။ အချို့သော သူများမှာ ရေရှည်တိုက်ပွဲ ဆင်နွှဲရန် ပြင်ဆင်ထားကြပြီး၊ မြူခိုးကျွန်းပေါ်သို့ ဝင်ရောက်နိုင်မည့် အခြေအနေများကို စူးစမ်းရှာဖွေနေကြ၏။ ယခုအချိန်ထိ မဟာသမုဒ္ဒရာ ဓားဂိုဏ်းမှလွဲ၍ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူ လူနည်းစုသာလျှင် အတွင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ကြသေး၏။
ထိုသူများ ပြန်ထွက်လာသည်နှင့် တပြိုင်နက်၊ ကြိုတင် ရောက်ရှိနှင့်နေသော အင်အားကြီး ဂိုဏ်းများက ချက်ချင်းပင် ‘ဖိတ်ခေါ်’ သွားကြလေသည်။
ကံဆိုးသည်မှာ ထိုသူများသည် သူတို့ ဘာကြောင့် ဝင်လို့ရခဲ့သလဲ ဆိုသည်ကို ရှင်းပြနိုင်ခြင်း မရှိကြပေ။ အတွင်းထဲ၌ ကြုံတွေ့ခဲ့ရသည်များနှင့် ရရှိခဲ့သော အကျိုးအမြတ် အနည်းငယ်ကိုသာ ပြန်ပြောပြနိုင်ကြ၏။ သို့သော် ထိုအချက်ကပင် အင်အားကြီး ဂိုဏ်းများ၏ မျက်လုံးများကို အရောင်တောက်သွားစေခဲ့ပြီး၊ ကံကောင်းသော ထိုလူများကို ဂိုဏ်းသားအဖြစ် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြ၏။ ၎င်းကို မရေရာသော ‘အပြန်အလှန် အကျိုးရှိသည့် အခြေအနေ’ ဟု ခေါ်ရပေမည်။
အမှန်စင်စစ်တော့...
လူတိုင်းက အညံ့ခံချင်ကြသည် မဟုတ်။ ပြန်လည် ခုခံသူများ၏ အဆုံးသတ်ကတော့ လှပလေ့ မရှိပေ။
စွမ်းအားကြီး ပုဂ္ဂိုလ်များ ပိုမို ရောက်ရှိလာကြ၏။
အစပိုင်းတွင် ‘ချီစွမ်းအင်’ အဆင့်လောက်နှင့်ပင် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် 'ကောင်းကင်ဘုံလူသား' အဆင့်၊ ထိုမှတဆင့် 'ကောင်းကင်ဘုံလူသား စာရင်းဝင်' အဆင့် ကျွမ်းကျင်သူများပါ လိုအပ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ဘုံလူသား အများစု၏ အာရုံက ဤနေရာသို့ ရောက်ရှိလာကြတော့၏။
ထိုအချိန်တွင်...
မြူခိုးများကြားမှ လူရိပ်တစ်ခု ယိုင်နဲ့နဲ့ဖြင့် ထွက်ပေါ်လာသည်။ အစပိုင်းတွင် သူသည် ဘေးဘီဝဲယာကို ကြောင်တောင်တောင် ကြည့်လိုက်ပြီး၊ မျက်လုံးထဲတွင် မယုံနိုင်မှုများနှင့် အတူ အတိုင်းအဆမရှိသော ပျော်ရွှင်မှုများ ဖြစ်ပေါ်လာသည်။ သို့သော် သူ အလျင်အမြန်ပင် အသိပြန်ဝင်လာပြီး၊ မျက်ဝန်းများ ပြန်လည် ဝေဝါးသွားကာ သက်ပြင်းချလျက် လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်ရန် ကြိုးစားလိုက်သည်။
ဒီလို မြင်ကွင်းမျိုးက ဖြစ်လေ့ဖြစ်ထ ရှိပါသည်။
မြူခိုးကျွန်းပေါ်သို့ ဝင်ရောက်ခြင်းက အသက်အန္တရာယ် မရှိသဖြင့် လူအများအပြား စွန့်စားဝင်ရောက် ကြည့်ချင်ကြသည်လေ။
သို့သော် ထို လူလတ်ပိုင်းအရွယ် အမျိုးသား တားဆီးခံလိုက်ရသည်။
လူတစ်စု ပြုံးရွှင်စွာဖြင့် လျှောက်လာကြ၏။ သူတို့ မျက်လုံးများထဲတွင်တော့ လောဘမီးများ တောက်လောင်နေ၏။
“ညီအစ်ကို ကျင်းတာ... တခြားသူတွေ မသိရင်နေမယ်၊ ကျုပ်တို့ကတော့ သိတယ်ဗျ... ခင်ဗျား အထဲမှာ (၁) နာရီကျော်လောက် ကြာခဲ့တယ်... အဲ့ဒီလောက် ကြာကြာနေနိုင်သူ မှန်သမျှ 'အစစ်အမှန်သိုင်း ခန်းမဆောင်' ထဲကို ရောက်ခဲ့ဖူးသူချည်းပဲ... ဘယ်လိုလဲ... ကျုပ်တို့ 'တိမ်ဖြူဂိုဏ်း' နဲ့ ပူးပေါင်းမလား”
လျိုကျင်းတာ၏ မျက်နှာ ပျက်ယွင်းသွားသော်လည်း အတင်း ပြုံးလိုက်သည်။
“ခင်ဗျားတို့ မှားနေပြီထင်တယ်... ကျွန်တော် ဝင်သွားတာ နာရီဝက်လောက်ပဲ ရှိပါသေးတယ်... ဟိုလူကသာ အကြာကြီး ဝင်သွားတာပါ”
သူ့မျက်လုံးများ ဂနာမငြိမ် ဖြစ်နေပြီး၊ မြူခိုးထဲမှ ထွက်လာသော အခြား သိုင်းပညာရှင် တစ်ဦးကို လက်ညှိုးထိုးပြကာ လမ်းလွှဲရန် ကြိုးစားလိုက်သည်။ သို့သော် တိမ်ဖြူဂိုဏ်းသားများက အဖြစ်အပျက် အားလုံးကို တိတ်တဆိတ် စောင့်ကြည့် မှတ်တမ်းတင်ထားခဲ့ကြရာ အမှန်ကို သိနေကြ၏။ ခေါင်းဆောင်လုပ်သူက ပြုံးလိုက်ပြီး လျိုကျင်းတာကို ဝိုင်းရံပိတ်ဆို့ရန် ပြင်လိုက်သည်။ အခြားသူများ အာရုံမစိုက်မိခင် သူ့ကို တိတ်တဆိတ် ဖမ်းခေါ်သွားရန် ရည်ရွယ်ထားပုံရသည်။
လျိုကျင်းတာ တိုးတိုးလေး ကျိန်ဆဲလိုက်ပြီး ရုတ်တရက် စူးရှစွာ လေချွန်လိုက်သည်။ သားရဲငှက်ကြီးတစ်ကောင် ချက်ချင်း ပျံသန်းလာ၏။ သူသည် ခြေဖျားဖြင့် မြေကြီးကို တို့ထိကာ ငှက်ကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“တိမ်ဖြူဂိုဏ်းက ကောင်တွေ... သွားသေလိုက်ကြ”
တခြားဂိုဏ်းဆိုလျှင် တော်သေးသည်။ တိမ်ဖြူဂိုဏ်း ဆိုသည်မှာ ဘုရားဒကာ ကျောင်းအမ ပုံစံဖမ်းထားသလောက် အတွင်းစိတ်ပုပ်သူများအဖြစ် နာမည်ကြီးသည်။ သူတို့လက်ထဲ ရောက်သွားလျှင် ကောင်းသော အဆုံးသတ် ရှိမည် မဟုတ်..။
တိမ်ဖြူဂိုဏ်းသားများ ဒေါသထွက်သွားကြ၏။
သူတို့အားလုံး လိုက်ဖမ်းကြလေတော့၏။
ခဏအတွင်းမှာပင်...
ပင်လယ်ပြင်ထက် ကောင်းကင်ယံတွင် 'ဂန်ချီ' စွမ်းအင်များ ဖုံးလွှမ်းသွား၏။ လျိုကျင်းတာသည် သာမန်မဟုတ်သော သားရဲငှက်တစ်ကောင် ပိုင်ဆိုင်ထားရုံသာမက၊ ထူးခြားသော ကိုယ်ဖော့ပညာလည်း ရှိကြောင်း သက်သေပြလိုက်သည်။ သူသည် ပင်လယ်ပြင်ပေါ်တွင် မြေကြီးပေါ် လမ်းလျှောက်သကဲ့သို့ ပြေးလွှားနေပြီး တိမ်ဖြူဂိုဏ်း၏ ဖမ်းဆီးမှုကို ကနဦး ရှောင်တိမ်းနိုင်လိုက်သည်။
သို့သော် ထို ဆူညံသံများက အခြားသူများ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်သွားခဲ့သည်။
ပင်လယ်ပြင် တခွင်လုံး တုန်ခါသွားပြန်၏။
လျိုကျင်းတာသည် ချက်ချင်းဆိုသလို အားလုံး လိုချင်တပ်မက်သော 'အသားတုံး' ဖြစ်သွားလေတော့၏။
အဖွဲ့အစည်း အသီးသီးက နည်းလမ်းပေါင်းစုံ သုံးကာ လျိုကျင်းတာကို လုယူကြ၏။ ကောင်းကင်ဘုံလူသား အဆင့် တိုက်ပွဲများ ဖြစ်ပွားလာပြီး လှိုင်းလုံးများ ထန်လာသည်။ ကောင်းကင်ဘုံလူသား စာရင်းဝင် ပညာရှင်တစ်ဦးပါ ဝင်ရောက်စွက်ဖက်လာသဖြင့် အခြေအနေမှာ လုံးဝ ပရမ်းပတာ ဖြစ်သွားတော့၏။
အစစ်အမှန်သိုင်းဂိုဏ်း ရောက်ရှိလာချိန်တွင် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
ပင်လယ်ပြင်ကြီးမှာ သွေးရောင် လွှမ်းနေပြီး အလောင်းများ ပေါလောပေါ်လိုက်၊ မြုပ်သွားလိုက် ဖြစ်နေ၏။
ကောင်းကင်ဘုံလူသား စာရင်းဝင် ပညာရှင်နှစ်ဦးသည် အညှာအတာမဲ့စွာ တိုက်ခိုက်နေကြပြီး 'အစစ်အမှန် မီးလျှံ' များ ပစ်လွှတ်နေကြ၏။ လျိုကျင်းတာ၏ ငှက်ကြီးမှာ လေထဲတွင်ပင် အပိုင်းပိုင်းအစစ ဆွဲဆုတ်ခံလိုက်ရပြီး၊ မျှော်လင့်ချက်မဲ့နေသော လျိုကျင်းတာ ကိုယ်တိုင်လည်း သွေးမြူမှုန်များအဖြစ် ဖြိုခွင်းခံလိုက်ရကာ လေထဲတွင် ပျောက်ကွယ်သွားရလေတော့၏။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား၏။
လူတိုင်းက ရှေ့မှ မြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး ယခင်က တက်ကြွလှုပ်ရှားမှုများ ပျောက်ကွယ်သွား၏။ လျိုကျင်းတာ သေဆုံးသွားပြီ ဖြစ်ရာ ဆက်လက် တိုက်ခိုက်နေရန် အကြောင်းမရှိတော့။
ဤ သွေးစွန်းသော မြင်ကွင်းကြောင့် အစစ်အမှန်သိုင်းဂိုဏ်းမှ တတိယမျိုးဆက် တပည့်များ၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြ၏။ ပြင်ပကမ္ဘာကြီးသည် သူတို့ ထင်ထားသလောက် ကြင်နာမှု မရှိကြောင်း သဘောပေါက်သွားကြ၏။ အစစ်အမှန်သိုင်းဂိုဏ်း၏ အကာအကွယ်သာ မရှိပါက၊ သူတို့သည် ဓားအောက်မှ သားကောင်များသာ ဖြစ်သွားကြပေလိမ့်မည်။
တပည့်အချို့၏ မျက်လုံးများတွင် ခိုင်မာပြတ်သားမှုများ တဖြည်းဖြည်း ကြီးထွားလာသည်။ ဂိုဏ်းအတွက် ဤကဲ့သို့သော ကံကြမ္မာဆိုးမျိုး မကြုံရစေရန် ကြိုးစား ကျင့်ကြံအားထုတ်မည်ဟု တိတ်တဆိတ် သစ္စာဆိုလိုက်ကြ၏။
တာအိုဆရာ လုံရှန်းက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ တပည့်များကို အတွေ့အကြုံယူရန် ခေါ်လာရခြင်း၏ ရည်ရွယ်ချက်မှာ ဒါပင်ဖြစ်၏။
သူတို့၏ အမြင်အာရုံကို ကျယ်ပြန့်စေပြီး၊ သိုင်းလမ်းစဉ် စိတ်ဓာတ်ကို ခိုင်မာစေခြင်းဖြင့် လူတစ်ယောက်၏ အလားအလာကို တဖြည်းဖြည်း မြှင့်တင်ပေးနိုင်သည်။ မွေးရာပါ ပါရမီက အရေးပါသော်လည်း၊ နောက်ပိုင်း ပြုစုပျိုးထောင်မှုက ပို၍ အရေးကြီးပေသည်။
ခဏမျှ ကြန့်ကြာနေပြီးနောက်၊ သူသည် တပည့်များကို ဦးဆောင်ကာ မြူခိုးကျွန်းဆီသို့ သွားရန် ပြင်လိုက်သည်။
သူတို့ မလာခင် အိမ်စာ လုပ်ခဲ့ကြပြီးသား ဖြစ်၏။
အတွင်းပိုင်း အခြေအနေကို ယေဘုယျ နားလည်ထားကြ၏။
သို့သော် သူတို့ ရောက်ရှိလာခြင်းက လူအချို့၏ အာရုံကို ချက်ချင်း ဖမ်းစားသွားပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားစေသည်။
“အစစ်အမှန်သိုင်းဂိုဏ်း...”
လူတိုင်း အတွေ့ချင်ဆုံး ဂိုဏ်းတစ်ခု ရှိသည်ဆိုလျှင်...
ထိုဂိုဏ်းမှာ သေချာပေါက် 'အစစ်အမှန်သိုင်းဂိုဏ်း' ပင် ဖြစ်လိမ့်မည်။
အစစ်အမှန်သိုင်းဂိုဏ်းက အစွမ်းထက်လွန်းနေ၍ မဟုတ်။ ပြန်လည် ပေါ်ထွက်လာသော အစစ်အမှန်သိုင်း ခန်းမဆောင်နှင့် ပတ်သက်လျှင် အစစ်အမှန်သိုင်းဂိုဏ်းသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ 'တရားဝင် အမွေဆက်ခံသူ' နေရာတွင် ရှိနေသောကြောင့်ပင်။ အစစ်အမှန်သိုင်းဂိုဏ်းသာ ဝင်ရောက်သွားပါက အတွင်းရှိ အရာအားလုံးကို ပိုင်ဆိုင်သွားမည်လော ဆိုသည်ကို မည်သူမျှ အာမခံနိုင်ခြင်း မရှိကြ။ ထိုအခါ သူတို့၏ ကြိုးပမ်းမှု အားလုံးသည် သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
မျက်လုံးပေါင်းများစွာက တာအိုဆရာ လုံရှန်းအပေါ်သို့ ကျရောက်လာသည်။
လေထုက တင်းမာလာ၏။
မမြင်ရသော မဟာမိတ် ဖွဲ့စည်းမှုတစ်ခုသည် အုပ်စုနှစ်စုကြားတွင် ဖြစ်ပေါ်လာသည်။
တစ်ဖက်တွင် အစစ်အမှန်သိုင်းဂိုဏ်းမှ လူများ ရှိနေပြီး၊ အခြားတစ်ဖက်တွင် တခြားဂိုဏ်းပေါင်းစုံမှ လူများ ရှိနေ၏။ အစက အချင်းချင်း တိုက်ခိုက်နေကြသူများသည် အစစ်အမှန်သိုင်းဂိုဏ်း ရောက်လာသည်နှင့် တပြိုင်နက် လက်တွဲသွားကြသကဲ့သို့ပင်။
နင်ချီက အကြည့်ကို အနည်းငယ် မြှင့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မဆို။
“ကျုပ် ထင်တာမမှားရင် ခင်ဗျားက တာအိုဆရာ လုံရှန်း ဖြစ်ရမယ်... ခင်ဗျားအကြောင်း ကြားနေရတာ ကြာပါပြီ”
“အစစ်အမှန်သိုင်းဂိုဏ်းက ကမ္ဘာကျော်ပဲ... ဒီနေ့ မြင်တွေ့ရတာ တကယ်ကို ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ”
တာအိုဆရာ လုံရှန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူတို့ လမ်းကို ပိတ်ရပ်ထားသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့သည် စောစောက လျိုကျင်းတာကို လုယူတိုက်ခိုက်ခဲ့ကြသော ကောင်းကင်ဘုံလူသား စာရင်းဝင် ပညာရှင်များပင်။ နှစ်ယောက်စလုံးသည် အဆင့် (၂၀) နှင့် (၃၀) ကြားတွင် ရှိကြပြီး၊ တစ်ယောက်က ဓားသမား ဖြစ်ကာ၊ နောက်တစ်ယောက်က လက်သီးသိုင်း ကျွမ်းကျင်သူ ဖြစ်၏။
သူတို့ကို ရင်ဆိုင်ရင်း တာအိုဆရာ လုံရှန်းက အေးချမ်းစွာ ပြုံးလိုက်သည်။
“မြှောက်ပြောလွန်းပါပြီဗျာ... သာမန်လူတွေက ပိုပိုသာသာ ပြောကြတာပါ... ကျုပ်တို့က အဲ့ဒီလောက် ချီးကျူးခံရဖို့ မထိုက်တန်ပါဘူး”
ဝတ်ရုံနက်ဝတ် ဓားသမားက ရယ်မောလိုက်သည်။
“စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်ရဲ့ ဂုဏ်သတင်းက နည်းနည်းလေးမှ မှားစရာ အကြောင်းမရှိပါဘူး... ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ဒီတစ်ခါ စီနီယာကြီးနဲ့ လူချင်း မတွေ့လိုက်ရတာပါပဲ”
ထိုစကားကြောင့်...
လေထုက ပို၍ ထူးဆန်းလာသည်။
'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' သာ မပါလာလျှင်၊ တာအိုဆရာ လုံရှန်း တစ်ယောက်တည်း ရှိနေသော အခြေအနေက လုံးဝ ကွာခြားသွားပေလိမ့်မည်။ ဒီနေရာမှာ ကောင်းကင်ဘုံလူသား စာရင်းဝင် ပညာရှင် အများအပြား ရှိနေပြီး၊ စူးရှသော အကဲခတ်သမားများက ကမ္ဘာ့နံပါတ်တစ် ဓားသမား၏ အရိပ်အယောင်ကို မတွေ့ရကြောင်း သတိထားမိနေကြ၏။
အခြားတစ်ယောက် ဖြစ်သော မျက်ခုံးဖြူ အဘိုးအိုက ရွှင်မြူးစွာ ဖိတ်ခေါ်လိုက်သည်။
“ဒီနေ့ တွေ့ရတာ တာအိုဆရာနဲ့ ထူးခြားတဲ့ ရေစက် ပါလာသလို ခံစားရတယ်ဗျာ... ကျုပ်ရဲ့ စစ်သင်္ဘောပေါ်ကို လိုက်ခဲ့ပြီး လည်ပတ်ပါဦးလား... မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ပုံပြင်တွေ၊ အတွေ့အကြုံတွေကို ဖလှယ်ကြရင်း၊ ကျွန်းပေါ်ကို ထပ်မတက်ခင် အားမွေးကြတာပေါ့... ဒါမှ ပိုထိရောက်မှာလေ”
ဝတ်ရုံနက် ဓားသမားကလည်း ထပ်ဆင့် ဖိတ်ခေါ်လိုက်သည်။
“ဟုတ်တယ်... ကြွပါဗျာ”
သူတို့နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးများ ရှိနေ၏။
သို့သော် တာအိုဆရာ လုံရှန်း၏ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ ငယ်ရွယ်သော တပည့်များပင်လျှင် ဤ လူယုတ်မာအဘိုးကြီး နှစ်ယောက်၌ ကောက်ကျစ်သော ရည်ရွယ်ချက်များ ရှိနေကြောင်း ရိပ်မိလာကြသဖြင့် ဒေါသက မျက်လုံးများထဲတွင် ပြည့်နှက်လာသည်။
သူတို့သည် မျက်လုံးများကို မှေးစင်းလျက် တာအိုဆရာ လုံရှန်း၏ တုံ့ပြန်မှုကို စောင့်မျှော်နေကြလေသည်။