သိုင်းသူတော်စင် လိပ်ပညာ
Vol. 23 Ch. 344
~နီးကပ်လာလေလေ...
ရှေ့ရှိ 'အစစ်အမှန်သိုင်း ခန်းမဆောင်' ကြီးမှာ ကြီးကျယ်ခမ်းနားလွန်းပြီး၊ အဆုံးအစမရှိ မြင့်မားနေသကဲ့သို့ လူတိုင်း ခံစားလိုက်ကြရသည်။ ကိုယ့်ကိုယ်ကိုယ် သေးငယ်သော ပုရွက်ဆိတ်လေးများအလား ခံစားလိုက်ရပြီး၊ ကြောက်ရွံ့လေးစားသော စိတ်များ အလိုလို ဝင်ရောက်လာကြလေသည်။
သူတို့၏ ခံစားချက်ကို တုံ့ပြန်လိုက်သကဲ့သို့၊ မူလက တင်းကျပ်စွာ ပိတ်ထားသော ခန်းမတံခါးကြီးသည် တဂျိဂျိ မြည်သံနှင့်အတူ ပွင့်သွားလေတော့၏။
နူးညံ့သော အလင်းတန်းများ ဖြာကျလာပြီး လူတိုင်းကို လွှမ်းခြုံသွား၏။ နင်ချီ၏ နှလုံးသားပင် အလိုလို တုန်ခါသွားပြီး၊ ယွီဘုရင်ပုလဲကလည်း အသင့်အနေအထားဖြင့် လည်ပတ်နေပြီ ဖြစ်၏။
လူအုပ်ကြီး ဖြည်းဖြည်းချင်း ဝင်ရောက်သွားကြ၏။
အလင်းတန်းများ လုံးဝ ပျောက်ကွယ်သွားသောအခါ၊ မျက်စိရှေ့မှ မြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေခဲ့သည်။ ကြီးမားကျယ်ပြန့်သော ခန်းမကြီးထဲတွင် ဘာမှမရှိဘဲ၊ ကွဲပြားခြားနားသော အရောင်အဝါများနှင့် အရှိန်အဝါများ ထုတ်လွှတ်နေသည့် တံခါးပေါက်ကြီး (၃) ခုသာ တည်ရှိနေလေ၏။
လူတိုင်း ချက်ချင်းဆိုသလို တုံ့ပြန်လိုက်ကြ၏။
“ဒီ ကြေးနီရောင် တံခါးက ကောင်းကင်ဘုံလူသားအဆင့် အောက် ကျင့်ကြံသူတွေအတွက်... ဒီ ငွေရောင် တံခါးက ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူတွေအတွက်... ဒါဆိုရင် ဒီ ရွှေရောင် တံခါးက...”
အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်သွားကြပြီး အသက်ရှူပင် ကြပ်သွားကြ၏။
အပြင်လောကတွင် ကောလာဟလများအရ အစစ်အမှန်သိုင်း ခန်းမဆောင်တွင် သိုင်းသူတော်စင် အမွေအနှစ် ရှိသည်ဟု ဆိုကြသော်လည်း၊ ယခု ကိုယ်တိုင် မြင်တွေ့လိုက်ရမှသာ ဤနေရာ၏ ကြီးကျယ်မှုကို အမှန်တကယ် နားလည်လိုက်ကြရသည်။
“သိုင်းသူတော်စင်တွေတောင် ဒီမှာ စမ်းသပ်ခံရမယ်ဆိုတော့... ဒီ အစစ်အမှန်သိုင်း ခန်းမဆောင်က ဘယ်က ရောက်လာတာလဲ”
နင်ချီ ခံစားမိလိုက်သည်။
‘ ဒီ အစစ်အမှန်သိုင်း အမွေအနှစ်က သာမန် မဟုတ်တော့ဘူး။’
မူလက တာအိုဆရာ ပိုင်ရှန်း ပြောစကားအရ၊ ထိုအမွေအနှစ်ကို စွမ်းအားကြီး ရှေးဟောင်း သူတော်စင် တစ်ပါးပါးက တည်ထောင်ခဲ့တာ ဖြစ်မည်ဟု သူ ထင်ခဲ့သော်ငြား၊ ယခု မြင်တွေ့ရသမျှ အရဆိုလျှင်တော့ ထိုသို့ မဟုတ်လောက်ပေ။
လူအုပ်ကြီး တံခါးသုံးပေါက်ရှေ့တွင် ရပ်တန့်လိုက်ကြ၏။
ယဲ့ချင်းဟယ်က ရှေ့ထွက်လာသည်။
“ဆရာ... ကျွန်မ အရင် စမ်းကြည့်ရမလား”
တာအိုဆရာ လုံရှန်း..ပြီးလျှင် ဂိုဏ်းတွင် ရာထူးအကြီးဆုံး ဖြစ်သည့်အတွက်၊ ရှေ့က လမ်းကို စမ်းသပ်ကြည့်ဖို့က သူမ၏ တာဝန်သာ ဖြစ်၏။
တာအိုဆရာ လုံရှန်း ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
လူတိုင်း၏ မျှော်လင့်တကြီး ကြည့်ရှုနေမှုအောက်တွင် ယဲ့ချင်းဟယ်သည် ကြေးနီရောင် တံခါးဆီသို့ လျှောက်သွားလိုက်သည်။
ရုတ်တရက်...
စူးရှသော အလင်းတန်းတစ်ခု ဝေဝါးသွားပြီး၊ ယဲ့ချင်းဟယ်ကို တံခါးအတွင်းသို့ စုပ်ယူသွားလေတော့၏။ သူမ လုံးဝ ပျောက်ကွယ်သွား၏။
တာအိုဆရာ လုံရှန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“မြန်မြန်... အတူတူ ဝင်ကြ... တစ်ခုခု ဖြစ်ရင် အချင်းချင်း ကူညီလို့ ရအောင်”
ဟယ်ယန်နှင့် အခြားသူများ ချက်ချင်း တုံ့ပြန်လိုက်ကြပြီး၊ တပည့်တစ်ယောက်ချင်းစီ တုံ့ဆိုင်းမနေဘဲ ကြေးနီရောင် တံခါးအတွင်းသို့ ဝင်ရောက်သွားကြလေသည်။
ခဏအတွင်းမှာပင် ခန်းမထဲ၌ နင်ချီနှင့် တာအိုဆရာ လုံရှန်း နှစ်ယောက်တည်း ကျန်ရစ်ခဲ့တော့၏။
“ဆရာ... အတူတူ သွားကြစို့”
နင်ချီ ပြုံးလိုက်သည်။
တာအိုဆရာ လုံရှန်း၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။ သူတို့နှစ်ဦး ယှဉ်တွဲလျက် ငွေရောင် တံခါးအတွင်းသို့ စုပ်ယူခံလိုက်ရလေတော့၏။
စောစောက စည်ကားနေသော အစစ်အမှန်သိုင်း ခန်းမဆောင်ကြီးမှာ ပြန်လည် တိတ်ဆိတ်သွားပြန်၏။ တံခါးသုံးပေါက်သာ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ပြီး၊ သဲ့သဲ့မျှ ကြားလိုက်ရသော သက်ပြင်းချသံလေး တစ်ခု ပဲ့တင်ထပ်သွားပြီးမှ ပျောက်ကွယ်သွားလေတော့၏။
...
တာအိုဆရာ လုံရှန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ နင်ချီ သူ့ဘေးတွင် မရှိတော့။
“ကြည့်ရတာ ဝင်လာပြီးတာနဲ့ လူချင်း ခွဲပစ်လိုက်ပုံပဲ”
သူ အနည်းငယ် စိတ်ပျက်သွားသော်လည်း၊ ဒါက အမွေအနှစ်နေရာ ဖြစ်သည့်အတွက် အန္တရာယ်တော့ မရှိလောက်ဘူးဟု တွေးလိုက်မိသည်။ အထူးသဖြင့် အစစ်အမှန်သိုင်းဂိုဏ်းနှင့် အစစ်အမှန်သိုင်း ခန်းမဆောင်ကြားတွင် ဆက်နွှယ်မှု ရှိနေသည် မဟုတ်ပါလော။ အနည်းဆုံးတော့ တပည့်များ၏ လုံခြုံရေးအတွက် သိပ်စိုးရိမ်စရာ မလိုလောက်ပေ။
စိုးရိမ်စိတ်များကို ဘေးဖယ်လိုက်ပြီး သူ ပတ်ဝန်းကျင်ကို စတင် လေ့လာလိုက်သည်။
ဒါက တိတ်ဆိတ်နေသော အခန်းငယ်လေး တစ်ခု။
ဘာမှ မရှိ။ စာအုပ်စင် တစ်ခုသာ ရှိသည်။ စာအုပ်စင်ပေါ်တွင် ပစ္စည်းနှစ်ခုသာ ရှိသည်။ စာအုပ်တစ်အုပ်နှင့် သဲနာရီ တစ်ခု။ သဲနာရီထဲမှ သဲများ အားလုံးက အောက်ပိုင်းတွင် စုပုံနေ၏။
သူ့မျက်နှာချင်းဆိုင်တွင်တော့...
နောက်ထပ် တံခါးတစ်ပေါက် ရှိနေ၏။
တာအိုဆရာ လုံရှန်း တွန်းဖွင့်ရန် ကြိုးစားကြည့်သော်လည်း ရွေ့ပင် မရွေ့ပေ။ ကောင်းကင်နှင့်မြေကြီး စွမ်းအားကို အသုံးပြုပြီး တွန်းကြည့်သော်လည်း တံခါးက တောင်ကြီးတစ်လုံးပမာ ကြံ့ကြံ့ခံနေဆဲ။ ထိုအခါမှ သူ သဘောပေါက်လိုက်သည်။
“ကြည့်ရတာ... ဒီက စမ်းသပ်မှုကို အောင်မြင်မှ ထွက်သွားလို့ ရမယ့်ပုံပဲ”
တာအိုဆရာ လုံရှန်း အသက်ကို ဝဝရှူသွင်းလိုက်ပြီး စာအုပ်စင်နားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
စာအုပ်ပေါ်ရှိ 'ယင်ယန် လက်သီး' ဟူသော စာလုံးသုံးလုံးက သူ့အာရုံကို ချက်ချင်း ဖမ်းစားသွား၏။ စာအုပ်ကို လှန်ကြည့်လိုက်ရာ သူ့မျက်လုံးများ အံ့သြမှုဖြင့် ပြူးကျယ်သွားရသည်။
‘ ဒါက 'ကောင်းကင်အဆင့် သိုင်းပညာ' တစ်ခုပဲ။ သိုင်းလောကထဲ ရောက်သွားရင် လူပေါင်းများစွာ အသေအကြေ လုယူကြမယ့် အရာမျိုး။’
တချိန်တည်းမှာပင်...
သဲနာရီက စတင် လှုပ်ရှားလာသည်။ တာအိုဆရာ လုံရှန်းက လက်သီးသိုင်း စာအုပ်ကို ကောက်ကိုင်လိုက်သည်နှင့် တပြိုင်နက်၊ အောက်တွင် စုပုံနေသော သဲများသည် အပေါ်ဘက်သို့ ပြောင်းပြန် စီးဆင်းသွားလေတော့၏။
တာအိုဆရာ လုံရှန်း ချက်ချင်း နားလည်လိုက်သည်။
“စမ်းသပ်မှုကို အောင်မြင်ဖို့ဆိုရင်... သဲနာရီ မကုန်ခင် ဒီ ယင်ယန် လက်သီးသိုင်းကို အတိုင်းအတာ တစ်ခုအထိ နားလည်သဘောပေါက်အောင် လုပ်ရမယ်... ဒါမှ တံခါးပွင့်မှာ”
သူ့စိတ်များ တက်ကြွလာသည်။
အစစ်အမှန်သိုင်း အမွေအနှစ်ကို ရရှိခဲ့ဖူးပြီး အစစ်အမှန်သိုင်းဂိုဏ်းကို တည်ထောင်ခဲ့သူ ပီပီ၊ တာအိုဆရာ လုံရှန်းတွင် ပါရမီနှင့် ဉာဏ်ရည်ဉာဏ်သွေး မခေါင်းပါးပေ။
သူသည် လက်သီးသိုင်း စာအုပ်ကို စေ့စေ့စပ်စပ် လေ့လာဖတ်ရှုပြီး၊ ရံဖန်ရံခါ လက်သီးကွက် တစ်ကွက်နှစ်ကွက်လောက် စမ်းသပ်ကြည့်လိုက်သည်။ သူ့မျက်လုံးများ တဖြည်းဖြည်း လေးနက်လာ၏။
“ယင်ယန် လက်သီးသိုင်းက ယင်နဲ့ ယန် လမ်းစဉ် ပါဝင်နေတယ်... နက်နဲတဲ့ ကောင်းကင်အဆင့် သိုင်းပညာပဲ... အချိန်သာ အလုံအလောက် ရမယ်ဆိုရင်တော့ ငါ သေချာပေါက် တတ်မြောက်နိုင်ပါတယ်... ဒါပေမဲ့ အခုက အများဆုံးရှိမှ (၂) နာရီလောက်ပဲ ရမှာ... တော်တော် ခက်ခဲတာပဲ”
သူ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ စိန်ခေါ်ချင်စိတ်များ ဖြစ်ပေါ်လာပြီး၊ ပထမအဆင့်လောက်ကိုတော့ မအောင်မြင်ဘဲ မနေနိုင်ဘူးဟု ယုံကြည်ထားလိုက်သည်။
အစွမ်းကုန် အာရုံစိုက်ပြီး နားလည်သဘောပေါက်ရန် ကြိုးစားလိုက်သည်။
သူ မျှော်လင့်ချက် ရှိနေ၏။
တချိန်တည်းမှာပင်...
အခြား အခန်းငယ်လေး တစ်ခုတွင်...
နင်ချီလည်း ယင်ယန် လက်သီးသိုင်း စာအုပ်ကို ဖွင့်လိုက်သည်။
သူ မျက်ခုံးပင့်လိုက်ပြီး၊ လည်ပတ်နေသော သဲနာရီကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် စာအုပ်ကို တရှဲရှဲ လှန်လိုက်သည်။ ဝင်သက်ထွက်သက် (၁၀) ကြိမ်လောက် အကြာမှာတော့ သူ တံခါးရှေ့ ရောက်နေပြီ။
လက်သီးကို ဆုပ်လိုက်ပြီး ထိုးချလိုက်သည်။
ချောမွေ့ပြေပြစ်သော လှုပ်ရှားမှုတစ်ခု။
ကောင်းကင်နှင့်မြေကြီး စွမ်းအားများ စုစည်းလာပြီး ယင်နှင့် ယန် စွမ်းအင်များအဖြစ် ပြောင်းလဲသွား၏။
လက်သီးတံဆိပ်နှစ်ခု၊
တစ်ခုက ယင်၊ တစ်ခုက ယန်။
တစ်ခုစီတိုင်းတွင် နက်နဲမှုများ ပါဝင်နေပြီး၊ ထို့နောက် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ စွမ်းအားများ မိုးထိအောင် မြင့်တက်သွားလေတော့၏။
“ဝုန်း...”
တဝုန်းဝုန်း မြည်သံနှင့်အတူ မူလက မဖြိုဖျက်နိုင်ဟု ထင်ရသော တံခါးကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားလေတော့၏။
ပါရမီရှင်ပေါင်းများစွာကို ခေါင်းစားစေမည့် ကောင်းကင်အဆင့် သိုင်းပညာသည် နင်ချီအတွက်တော့ အံ့သြစရာကောင်းလောက်အောင် ရိုးရှင်းလွန်းနေ၏။ သူ့၏ ထူးခြားသော ဉာဏ်ရည်ဉာဏ်သွေးက တစ်ကြောင်း၊ သူ့၏ နက်ရှိုင်းလှသော အုတ်မြစ်က တစ်ကြောင်းကြောင့် ဖြစ်၏။ လမ်းစဉ်ပေါင်းစုံကို လေ့လာထားသူ ဖြစ်ရာ ယင်နှင့် ယန် လမ်းစဉ်လည်း ပါဝင်ပြီးသား ဖြစ်သလို၊ သူ့ကျွမ်းကျင်မှုကလည်း မနိမ့်ပါပေ။ ယခု ဤ ယင်ယန် လက်သီးသိုင်းကို နားလည်သဘောပေါက်ခြင်းက သူ့အတွက်တော့ အဆင့်မြင့် ကျောင်းသားတစ်ယောက် မူကြိုသင်္ချာ တွက်သလိုမျိုး လွယ်ကူလွန်းနေ၏။