ဘာလို့လဲဆိုတော့ သူတို့က ကျန်းမာရေးကို အလေးထားခဲ့ကြလို့
Vol. 43 Ch. 641
"ဒါက အစစ်ဟုတ်မဟုတ် ဘယ်သူအတည်ပြုနိုင်မှာလဲ"
"ဘော့စ်ကျန်းက ပြောပြီးပြီလေ။ သံသယဖြစ်တဲ့လူ သူ့အိမ်ကို အချိန်မရွေးလာပြီး အဲဒီဓားကို စစ်ဆေးနိုင်တယ်လို့ ကမ်းလှမ်းထားတာပဲ။ အဲဒီလောက်အထိ ပြောနေမှတော့ အတုဖြစ်နိုင်ပါဦးမလား"
"ယုတ္တိရှိရှိစဉ်းစားကြည့်လိုက်ရင် ဒီလိုပစ္စည်းမျိုးက နိုင်ငံတော်ကို အပ်ရမှာမဟုတ်ဘူးလား"
"အဲဒါက သူ့ဘိုးဘေးတွေဆီက အမွေဆက်ခံထားတာဆိုရင် တရားဝင်ပစ္စည်းတစ်ခုကို သူက ဘာလို့ နိုင်ငံတော်ကိုအပ်ရမှာလဲ"
"ဒါကြီးကတော့.. သေစမ်း.. ချီယောင်မိစ္ဆာဓားရှည်ဆိုတာ ရွှမ်းယွမ်ဓားနဲ့ အဆင့်အတန်းအတူတူပဲမဟုတ်လား။ ဒါက နိုင်ငံတော်ရတနာတစ်ခုလေ။ အဲဒီလိုရတနာမျိုးကို သူက အိမ်မှာ အဆောင်အယောင်တစ်ခုသက်သက် သိမ်းထားတာလား"
ထိုနေရာရှိ ပရိသတ်များရော တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်များပါ ထိုဓာတ်ပုံထဲရှိ အနီရင့်ရောင်ဓားကြီးကို မမှိတ်မသုန်စိုက်ကြည့်နေကြသည်။ အကယ်၍ ဤပစ္စည်းက လွန်ခဲ့သည့်နှစ်ပေါင်းလေးထောင်ကျော်က ချီယောင်ဆုံးရှုံးခဲ့ရသော ပစ္စည်းသာမှန်လျှင် ကမ္ဘာကျော်လောက်သည့် သတင်းတစ်ခုပင်။
တစ်ချိန်တုန်းက အင်အားကြီးမားခဲ့သော ချီယောင်က အဝါရောင်ဧကရာဇ်ကို ရှုံးခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။ သူ့မျိုးနွယ်စု၏စစ်သည်တော်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားသည်ကို မဆိုထားနှင့်။ သူ့ကြီးမြတ်မှုကို ကိုယ်စားပြုသည့် ရတနာဓားကြီးကို ဆုံးရှုံးလိုက်ရသည်ဖြစ်ရာ ယခုလိုအခြေအနေမျိုးတွင် အနိုင်ရသွားမှသာ ထူးဆန်းနေမည်ဖြစ်၏။
ကျန်းမုန့်လောင်၏ဘိုးဘေးက ဟွာရှားသမိုင်းကြောင်းတစ်ခုလုံးကို လုံးဝပြောင်းလဲပစ်ခဲ့သည်။
"ခင်ဗျားတို့အနေနဲ့ မယုံလို့လည်း ရတာပဲ။ ဒီချီယောင်မိစ္ဆာဓားရှည်ကို ကျုပ်မိသားစုက စစ်မြေပြင်မှာ ကံကောင်းထောက်မပြီး ကောက်ရခဲ့တာလို့လည်း ထင်နေလောက်တယ်။ ကျုပ်အနေနဲ့လည်း ချီယောင်ကို ခင်ဗျားတို့ရှေ့ကို ဆင့်ခေါ်ပြီး တွေ့ပေးလို့မှမရတာ"
"ဟားဟားဟား"
ထိုနေရာတွင် အားပါးတရရယ်သံများ ထွက်ပေါ်လာသည်။
"ကျုပ်ထပ်ပြောမယ်။ ခင်ဗျားတို့ဘာသာ ယုံချင်ယုံ မယုံချင်နေ..ကျုပ်အတွက်တော့ အရေးမပါဘူး။ ခင်ဗျားမယုံလို့လား ကျုပ်အသားတစ်စက်မှ ပဲ့မသွားဘူး"
"မစ္စတာကျန်း… ကျွန်မ ရှင့်စကားကို တကယ်ယုံချင်ပါတယ်"
ထိုအမျိုးသမီးသတင်းထောက်က ပြောလိုက်သည်။
"ရှင့်ဘိုးဘေးတွေ တည်ဆောက်ခဲ့တဲ့ ဒီမြို့ကို ကြည့်လိုက်တာနဲ့ ရှင့်ဘိုးဘေးတွေရဲ့ကြီးမြတ်မှုကို အတိုင်းသားမြင်နိုင်ပါတယ်။ ချီယောင်နဲ့အဝါရောင်ဧကရာဇ်ရဲ့မျိုးနွယ်စုတွေတောင် ရှင့်ဘိုးဘေးတွေရဲ့မြို့လောက် အင်အားမကြီးနိုင်ဘူးလို့ ကျွန်မယုံကြည်ပါတယ်"
ရှေးဟောင်းသုတေသနပညာရှင်များက ထိုခေတ်တုန်းက လက်နက်တချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ချီယောင်က လက်နက်သွန်းလုပ်ရာတွင် ကျွမ်းကျင်သည်မှာ မှန်ပါသော်ငြား ထိုလက်နက်များ၏အရည်အသွေးက အလွန်ထူးခြားလှသည်။
ထိုလက်နက်များမှာ တိုက်ခိုက်ရာတွင် မဆိုးလှသော်ငြား ကျန်းမုန့်လောင်၏ဘိုးဘွားပိုင်အိမ်ရှိ လက်နက်များကို သူတို့အားလုံး မြင်ပြီးသွားပြီဖြစ်၏။ ဤလက်နက်နှစ်မျိုးသာ ထပ်တိုက်တွေ့လျှင် ဘာဆက်ဖြစ်မလဲဆိုသည်ကို ဦးနှောက်နှင့်မစဉ်းစားလျှင်ပင် အဖြေကား ရှင်းနေလေပြီ။
ယုံရခက်သည်မှာ ဤမျှလေးလံလှသော လက်နက်များကို သူတို့ ဘယ်လိုသယ်ကြသလဲဆိုသည်ပင်။ ကျန်းမိသားစုထဲရှိ လူတိုင်းက မေါးကတည်းက အနှိုင်းမဲ့နတ်ဘုရားခွန်အားနှင့် ထူးခြားပါရမီတို့ ပါလာကြလေသလား။
အိုလံပစ်အလေးမချန်ပီယံပင် တန်ပေါင်းများစွာလေးလံသော အရာကို မမနိုင်ပေ။
သို့သော် အကယ်၍ သူတို့သာ ထိုလက်နက်များကို တကယ်သုံးနိုင်မည်ဆိုလျှင် ချီယောင်၏တပ်သားများကို အနိုင်ယူရန်မှာ ကလေးကစားသလောက် လွယ်ကူနေပေတော့မည်သာ။
သို့သော် ခေတ်သစ်လူသားများအတွက် ဒဏ္ဍာရီတစ်ခုအလား ထင်မှတ်ရစေသည့် ထိုခေတ်ကာလတွင် ဤအရာများက လုံးဝမဖြစ်နိုင်တာမျိုးတော့ မဟုတ်လောက်ပေ။
"တကယ်တော့ ဟွာရှားမှာတင်မကပါဘူး။ ကျုပ်မိသားစုဝင်တွေက တော်တော်အားလပ်နေကြတာ။ သူတို့မှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် တခြားကိစ္စတွေကို ဝင်ပါရတာ သိပ်ကြိုက်တာ။ အထူးသဖြင့် နိုင်ငံတကာကိစ္စတွေပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကျုပ်ဘိုးဘေးတွေကြောင့်သာမဟုတ်ရင် ခင်ဗျားတို့အများစုလည်း လက်ရှိနိုင်ငံရဲ့ နိုင်ငံသားတွေတောင် ဖြစ်ခွင့်ရမှာမဟုတ်ဘူး။ ဒါမှမဟုတ် ဒီကမ္ဘာပေါ်မှာတောင် ရှိနေမှာမဟုတ်ဘူး"
"မစ္စတာကျန်း.. အဲဒါက ဘာကိုဆိုလိုချင်တာလဲ"
လူငယ်ဥရောပသတင်းထောက်တစ်ယောက်က မေးလာလေသည်။
"လူကြီးမင်း.. ခင်ဗျားက ဘယ်နိုင်ငံကလဲ"
"ကျွန်တော်က ကွာတီမာလာနိုင်ငံကပါ"
ထိုသတင်းထောက်က ပြန်ဖြေချေသည်။
"အင်း… ကျုပ်မိသားစုက ကွာတီမာလာနိုင်ငံနဲ့လည်း ပတ်သက်မှုရှိတယ်"
ကျန်းမုန့်လောင်က ဆို၏။
"ကွာတီမာလာဆိုတာ သမိုင်းကြောင်းရှည်လျားတဲ့နိုင်ငံတစ်နိုင်ငံပေါ့။ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ခရစ်တော်မပေါ်ခင် နှစ်ပေါင်းခုနစ်ရာကျော်လောက်အထိ ရှိတယ်"
"မစ္စတာကျန်းက ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကြောင်းကို အဲဒီလောက်တောင်သိတာလား"
"ခင်ဗျားအတွက်တော့ သမိုင်းဆိုတာ စာအုပ်ထဲကအရာတွေလေ။ ဒါပေမဲ့ ကျုပ်တို့မိသားစုအတွက်တော့ ဘီစီနှစ်ထောင်ကတည်းက ကမ္ဘာအနှံ့မှာ ကျုပ်တို့ရဲ့မျက်လုံးတွေနဲ့နားတွေကို ဖြန့်ကြက်ထားပြီးသား။ ခင်ဗျားပြောတဲ့ သမိုင်းဆိုတာက ကျုပ်တို့အတွက် ဘေးပတ်ဝန်းကျင်မှာ နေ့တိုင်းဖြစ်ပျက်နေတဲ့ သာမန်ကိစ္စတွေပဲ။ ဒီသမိုင်းတွေကို ကျုပ်တို့ရဲ့လူကြီးမိဘတွေဆီက ပါးစပ်ရာဇဝင်အဖြစ် မျိုးဆက်တစ်ခုပြီးတစ်ခု သိခဲ့ကြတာ"
တကယ်တော့ ကျန်းမုန့်လောင် ပေါက်ကရများ ပြောနေခြင်းသာဖြစ်၏။ ပါးစပ်ရာဇဝင်တဲ့လား။ မည်မျှပင် သင်ယူလေ့လာနိုင်စွမ်းမြင့်မားပါစေ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော နိုင်ငံ့သမိုင်းများကိုသာု အကုန်လိုက်မှတ်နေပါက ဦးနှောက် ပေါက်ကွဲသွားမည်သာ။
သူတို့၏လေ့လာရေးနည်းလမ်းက ရိုးရှင်းပြီး အကြမ်းထည်ဆန်လှသည်။ သူတိုသည် ထူးရှယ်နတ်ဘုရားကျောင်းတော်မှတစ်ဆင့် မှတ်ဉာဏ်များကို တိုက်ရိုက်ဆက်ခံလိုက်ခြင်းပင်။ နောက်မျိုးဆက်ကလည်း သူတို့လိုချင်သည့် သတင်းအချက်အလက်များကို အသာလေးကူးယူလိုက်ရုံပင်။
ထို့ကြောင့် ကျန်းမုန့်လောင်၏မှတ်ဉာဏ်ထဲတွင် နိုင်ငံအားလုံးနီးပါး၏ သမိုင်းကြောင်းများသာမက မည်သူမှမသိသော လျှို့ဝှက်ချက်များနှင့် ကောလာဟလများအားလုံးလည်း ရှိနေပေသည်။
"ခင်ဗျားတို့သမိုင်းမှာ ခင်ဗျားတို့ရဲ့အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်ပေးခဲ့တဲ့ နိုင်ငံရေးပြောင်းလဲမှုအကြီးစားတစ်ခု ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ခင်ဗျားတို့နိုင်ငံကို ကွာတီမာလာလို့ မခေါ်သေးဘူး။ ကွာတီမာလာပြည်ထောင်စုလို့ပဲ သိကြတာ။ အဲဒီအချိန်တုန်းက ဧကရာဇ်ကလည်း လဲ့ပိုင်တာ့ထင်တယ်။ နောက်တော့ ဝူတာ့ဝေ့ဆိုတဲ့လူက သူ့ကို အပြတ်ရှင်းလိုက်ပြီး ကွာတီမာလာအင်ပါယာရဲ့ ပထမဆုံးဧကရာဇ်အဖြစ် တရားဝင်နန်းတက်ခဲ့တယ်"
"ဟုတ်ပါတယ် မစ္စတာကျန်း.. အဲဒါက ၃၀ဘီစီကနေ ၄၀ဘီစီဝန်းကျင်မှာပါ။ သူက ခိုင်မာတဲ့ အင်ပါယာစနစ်ကို တည်ထောင်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်မြစ်ချပေးခဲ့တာပါ"
"ဒါပေမဲ့ ခင်ဗျားမသိတာတစ်ခုက အဲဒီအချိန်တုန်းက အန်တိုနီနဲ့ လဲ့ပိုင်တာ့ဆိုတဲ့ အင်အားကြီးပုဂ္ဂိုလ်နှစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတာမို့ ဝူတာ့ဝေ့ရဲ့အောင်ပွဲက သိပ်မလွယ်ကူခဲ့ဘူးဆိုတာပဲ"
လူငယ်သတင်းထောက်လေးက ပြောလိုက်၏။
ထိုစဉ်က ကွာတီမာလာနအင်ပါယာသည် အချင်းချင်းတိုက်ခိုက်နေကြသော အစိုးရအဖွဲ့အစည်းသုံးခုကြား အာဏာလုနေရပြီး အင်အားချင်းကလည်း သူမသာကိုယ်မသာဖြစ်နေခဲ့သည်။
"ခင်ဗျားတို့ရဲ့သမိုင်းစာအုပ်ထဲမှာ ဝူတာ့ဝေ့အနိုင်ရခဲ့တာက တက်ကြွတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့လို့.. ပြည်သူတွေရဲ့နေထိုင်မှုကိုတည်ငြိမ်အောင်လုပ်ပေးခဲ့လို့.. ပြည်သူ့မေတ္တာကို ရရှိခဲ့လို့ဆိုပြီး အမျိုးမျိုးရေးထားကြမှာပေါ့"
ထိုသတင်းထောက်က ခေါင်းညိတ်ပြလေသည်။ သူဖတ်ခဲ့ရသည့် စာအုပ်များထဲတွင် ထိုအတိုင်းသာ ဖော်ပြထားသည်။
ကျန်းမုန့်လောင်ပြောပုံအရ ဤဇာတ်လမ်းများ နောက်ဆက်တွဲများ ကျန်နေသေးသလား။
"တကယ်တော့ ဝူတာ့ဝေ့က ရွှေတွေ စိန်တွေ အစားအသောက်တွေနဲ့ အဝတ်အထည်တွေကို ထောက်ပံ့မှုအများကြီးရခဲ့တာ။ အဲဒါတွေနဲ့ သူ့ပြည်သူတွေကို ကောင်းကောင်းနေထိုင်နိုင်အောင် လုပ်ပေးနိုင်ခဲ့လို့ လူထုထောက်ခံမှုကို ရရှိခဲ့တာ။ နောက်ဆုံးကျတော့ အင်ပါယာတစ်ခုလုံးကို စုစည်းနိုင်ခဲ့တာပေါ့"
"ထောက်ပံ့မှုလား"
ထိုသတင်းထောက်လေးခမျာ ကြောင်အသွားသည်။ ဤအပိုင်းက သူတို့၏သမိုင်းမှတ်တမ်းထဲတွင် မပါချေ။
"အမှန်ပဲ။ ကျုပ်တို့နိုင်ငံရဲ့ ဒဏ္ဍာရီမှတ်တမ်းတစ်ခုကို သတိရပြီ"
ကွာတီမာလာနိုင်ငံရှိ သမိုင်းပညာရှင်တစ်ယောက်က ရုတ်တရက်ထရပ်လိုက်သည်။
"အဲဒီတုန်းက ဝူတာ့ဝေ့က နတ်ဘုရားတစ်ပါးကို ကိုးကွယ်ပြီး စစ်ပွဲမတိုင်ခင်မှာ အဲဒီနတ်ဘုရားကို သုံးရက်သုံးညတိတိ ဆုတောင်းခဲ့တယ်တဲ့။ နတ်ဘုရားကလည်း သူ့လုပ်ရပ်ကြောင့် စိတ်လှုပ်ရှားသွားပြီး တစ်နိုင်ငံလုံးစာအစားအသောက်တွေကို ထောက်ပံ့ပေးပြီး နိုင်ငံ့အင်အားကို စုစည်းနိုင်အောင် ကူညီပေးခဲ့တယ်"
"ဟုတ်တယ်.. ခင်ဗျားတို့ဒဏ္ဍာရီထဲက နတ်ဘုရားဆိုတာက တကယ်တော့ ကျုပ်ဘိုးဘေးပဲ မစ္စတာကျန်းပိုင်ထင်"
ကျန်းမုန့်လောင်က ဆို၏။
"ဒါကတော့ ပိုလွန်းသွားပြီ"
သမိုင်းပညာရှင်တစ်ယောက်က ဆိုလာချေသည်။
"ဒဏ္ဍာရီတွေအရ အဲဒီစည်းစိမ်ဥစ္စာတွေက နိုင်ငံဘဏ္ဌာတိုက်ကို သုံးခါလောက် ပြန်ဖြည့်နိုင်လောက်အောင် များပြားခဲ့တာတဲ့။ အခုခေတ်တန်ဖိုးနဲ့တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာငါးရာဘီလီယံတောင် ကျော်နိုင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ခင်ဗျားရဲ့ဘိုးဘေးက ဝူတာ့ဝေ့ကို ကူညီဖို့အတွက် အမေရိကန်ဒေါ်လာငါးရာဘီလီယံတန်ဖိုးရှိတဲ့ စည်းစိမ်တွေကို ဒီအတိုင်းပေးပစ်လိုက်မယ်လို့ ကျုပ်မယုံဘူး"
"အကြောင်းမရှိဘဲနဲ့တော့ ဘယ်ပေးပါ့မလဲ"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"အဲဒီတုန်းက ကျုပ်ဘိုးဘေးက ကွာတီမာလာအင်ပါယာကို ခရီးထွက်နေခဲ့တာ။ ဘာလို့လဲဆိုတော့ သူက အနှိပ်ခံရတာကို အရမ်းသဘောကျတာလေ။ ဒီတော့ အနှိပ်ခန်းတွေကို ခဏခဏသွားတတ်တယ်။ တခြားခေါင်းဆောင်နှစ်ယောက်ရဲ့နယ်မြေတွေနဲ့ ယှဉ်လိုက်ရင် ဝူတာ့ဝေ့ရဲ့နယ်မြေထဲက အနှိပ်ခန်းတစ်ခုရဲ့ အနှိပ်ပညာကြောင့် သူ အရမ်းကျေနပ်သွားတာ"
"ခင်ဗျားတို့နိုင်ငံက အမြဲစစ်ဖြစ်နေတာမလား။ ပြီးတော့ စစ်ဖြစ်ပြီဆိုရင်လည်း လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်တာလေ။ ကျုပ်ဘိုးဘေးကလည်း ဝူတာ့ဝေ့သာ ရှုံးသွားရင် ဒီလိုအနှိပ်ပညာမျိုးနဲ့ ထပ်အနှိပ်မခံရတော့မှာစိုးလို့ ဝူတာ့ဝေ့နိုင်အောင် ကူညီပေးခဲ့တာ"
"ဪ.. နောက်ထပ်အကြောင်းအရင်းတစ်ခုလည်း ရှိသေးတယ်"
ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သည်။
"ဝူတာ့ဝေ့ရဲ့နယ်မြေထဲမှာ ဒိန်ချဉ်ဆိုင်တစ်ဆိုင်ရှိတယ်။ အရသာကလည်း အရမ်းကောင်းတာတဲ့"
ကျန်းမုန့်လောင်၏စကားကြောင့် ထိုနေရာရှိ လူတိုင်းလည်း သစ်သားကြက်ရုပ်လေးများအလား ကြောင်အသွားကြသည်။
မင်းရဲ့ဘိုးဘေးက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ.. ဒီအတိုင်းပတ်သွားရင်း သူများနိုင်ငံရဲ့စစ်ပွဲထဲမှာတောင် ဝင်ပါလိုက်သေးတယ်ပေါ့.. ရူးနေတာလား.. ဘာလား..
ဝူတာ့ဝေ့၏နယ်မြေထဲရှိ အနှိပ်ဆိုင်က ပညာပိုကျွမ်းပြီး ဒိန်ချဉ်ဆိုင်ရှိ စားစရာက ပိုအရသာရှိသည်ဟူသော အကြောင်းပြချက်လေးဖြင့် ဤစစ်ပွဲတွင် အနိုင်ရစေရန်အတွက် အမေရိကန်ဒေါ်လာငါးရာဘီလီယံကို ရင်းနှီးမြှုပ်နှံလိုက်သတဲ့လား။
ဤသည်မှာ လူချမ်းသာများ၏ ကြံကြံဖန်ဖန်စိတ်ကူးဟု ခေါ်လေသလား။