ကျုပ် သာမန်လူတစ်ယောက်အဖြစ်ပဲ နေချင်သေးတယ်
Vol. 43 Ch. 642
"မစ္စတာကျန်း.. ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောတာကို စိတ်မရှိပါနဲ့။ ဒါပေမဲ့ ခင်ဗျားပြောတဲ့အကြောင်းအရာတွေက ကျွန်တော်တို့ရဲ့လောကအမြင်နဲ့ယှဉ်ရင် အရမ်းအစွန်းရောက်လွန်းနေပါတယ်။ တကယ်လို့ ဒါတွေကသာ အမှန်ဆိုရင် ခင်ဗျားမှာ သက်သေပြစရာတစ်ခုခုများရှိလား"
"အမှန်တဲ့လား…"
ကျန်းမုန့်လောင် တွေဝေသွားသည်။
"ကျုပ်ဘိုးဘေးတွေက ဝူတာ့ဝေ့ဆီက ပြေစာမယူခဲ့မိဘူး"
"ဟုတ်သားပဲ"
ကျန်းမုန့်လောင်မှာ သူ့ခေါင်းသူ ချက်ချင်းရိုက်လိုက်မိသည်။
"ကျုပ်ပြောနေတဲ့စကားက မှန်ကန်ကြောင်း သက်သေပြနိုင်မဲ့အရာတစ်ခုကို သတိရပြီ"
"ဘာများလဲ"
"ခဏလေး"
ကျန်းမုန့်လောင်က ဖုန်းထုတ်၍ လုရီယောင်ကို ဖုန်းခေါ်လိုက်၏။
"မုန့်လောင်.. ရုတ်တရက်ကြီး ဘာလို့ဖုန်းဆက်တာလဲ။ လွမ်းလို့လား"
ကျန်းမုန့်လောင်၏ဖုန်းက တိုက်ရိုက်ထုတ်လွှင့်နေသည့် မီဒီယာနှင့် ချိတ်ဆက်ထားဆဲဖြစ်လေရာ ထိုအသံကို လူတိုင်း ကြားလိုက်ရသည်။
"သေစမ်း.. သတိလက်လွတ်ဖြစ်သွားတယ်"
ကျန်းမုန့်လောင်၏မျက်နှာကား ရှက်ရွံ့မှုကြောင့် ရဲတက်သွားသည်။ ဤအကြောင်းအရာများမှာ လူတိုင်းကို အခမဲ့ပြသနိုင်သော အရာများမဟုတ်ပေ။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ၌ ပွက်လောရိုက်သွားလေတော့သည်။
"တော်တော်နေရခက်တာပဲ ဘော့စ်ကျန်းရေ.. မျက်နှာနာလိုက်တာ"
"ကျန်းမုန့်လောင်.. မင်းမှာလည်း ဒီလိုနေ့မျိုး ရှိသေးတာလား"
"ချစ်ပြနေကြတာလား"
"မုန့်လောင် ငါ့ကို ဘာလို့ရုတ်တရက်ကြီးဖုန်းဆက်တာလဲလို့"
"အဲ.. မင်းကိုလွမ်းလို့ပေါ့"
"ဟားဟားဟား… အများပြည်သူရှေ့မှာ အရှက်ကွဲတာပဲဟေ့"
လုရီယောင်ကလည်း ခန်းမထဲမှ ဆူညံသံများကို ကြားသွားဟန်ဖြင့် အသံကို ချက်ချင်းတိုးလိုက်လေသည်။
"မုန့်လောင်.. နင့်ဘေးမှာ လူတွေရှိတာလား။ ဘာလို့ တအားဆူညံနေတာလဲ"
"ငါက ဒီနေ့ အင်တာဗျူးနေတာလေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အခု တိုက်ရိုက်ထုတ်လွှင့်နေတာ"
"ဘာ တိုက်ရိုက်ထုတ်လွှင့်နေတာလား"
လုရီယောင်လည်း ချက်ချင်းဆိုသလို လန့်သွားချေသည်။
"ဘာလို့ စောစောက မပြောတာလဲ"
"ဒါက… ငါ.. မတော်တဆဖြစ်သွားတာ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဗီဒီယိုကောလေး ခဏလောက်ဖွင့်ပြီး ကူညီပေးဦး။ စာကြည့်တိုက်ထဲက ရှယ်ယာရှင်ပြခန်းထဲကိုသွားပြီး ဝူတာ့ဝေ့ရဲ့တောင်ဝှေးကို ရိုက်ပြပေးဦး"
"ခဏနော်"
လုရီယောင်က အကြောင်းအရင်းကိုမမေးဘဲ ပြန်ပြောလိုက်၏။ သူ(မ) က ကျန်းမုန့်လောင်၏တောင်းဆိုချက်များနှင့် ပတ်သက်လာလျှင် ဘယ်တော့မှအပိုမမေးတတ်ပေ။
"သူ ဘာပြောလိုက်တာလဲ။ ဝူတာ့ဝေ့ရဲ့တောင်ဝှေးတဲ့လား"
"အဲဒီပစ္စည်းက တကယ်ရှိလို့လား"
အီတလီမှ သမိုင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များမှာ စိတ်လှုပ်ရှားစွာ တီးတိုးပြောနေကြသည်။
ဒဏ္ဍာရီထဲတွင် ဝူတာ့ဝေ့က စစ်ပွဲတွင် အောင်နိုင်ပြီးနောက် သူကိုးကွယ်သည့် နတ်ဘုရားအတွက် ယဇ်ပလ္လင်တစ်ခု တည်ဆောက်ခဲ့သော်ငြား ထိုယဇ်ပလ္လင်၏တည်နေရာကို ယနေ့ထိတိုင် မည်သူမှရှာမတွေ့ကြပေ။
ထို့ပြင် ထိုနတ်ဘုရားကို ပူဇော်ရန်အတွက် ဝူတာ့ဝေ့က ၇၂၀ကာရတ်ရှိသော အနီရောင်စိန်တစ်လုံးကို ရှာဖွေရန် သူ့စည်းစိမ်အမြောက်အများကို အသုံးပြုခဲ့သည်ဟု ဆိုကြသည်။
ဤစိန်ပွင့်က အင်္ဂလန်ဘုရင်မကြီး၏ တောင်ဝှေးထက်ရှိ တောင်အာဖရိကကြယ်ပွင့်ဟု လူသိများသော စိန်ပွင့်ကြီးထက် ပိုကြီးပြီး ထိုအနီရောင်စိန်ပွင့်ကြီးက အလွန်ထူးခြားလှသည်။
ဝူတာ့ဝေ့က ရွှေစင်ဖြင့် ပြုလုပ်ထားသော လေးဆယ်စင်တီမီတာခန့် ရှည်လျားသည့် တောင်ဝှေးတစ်ခုကို သွန်းလုပ်ခဲ့ပြီး ထိုတောင်ဝှေးတစ်ခုလုံးကို အဖိုးတန်ကျောက်မျက်အမျိုးမျိုးဖြင့် စီခြယ်ထားကာ လက်ကိုင်တွင်မူ ထိုအနီရောင်စိန်ကြီးကို မြုပ်ထားသည်။
ယင်းကဲ့သို့သောအရာတစ်ခုမျိုးသာ ယနေ့ခေတ်တွင် အမှန်တကယ်ရှိမည်ဆိုပါက အဖိုးဖြတ်မရနိုင်သော ရတနာတစ်ခု ဖြစ်နေမည်မှာ သေချာပေါက်ပင်။
သို့သော် အီတလီရှေးဟောင်းသုတေသနပညာရှင်များနှင့် သမိုင်းပညာရှင်များမှာ ထိုတောင်ဝှေးနှင့်ပတ်သက်သည့် အချက်အလက်များနှင့် ဓာတ်ပုံများကို ရှေးဟောင်းစာပေများတွင်သာ တွေ့ရပြီး တကယ်တမ်းတွင်မူ ဘာပစ္စည်းကိုမှ ရှာမတွေ့ခဲ့ပေ။
ထိုတောင်ဝှေးမှာ လုပ်ပြီးပြီးချင်း သိပ်မကြာခင်မှာပင် ချက်ချင်းပျောက်ကွယ်သွားသောကြောင့် လုံးဝပြန်မရှာနိုင်တော့သည့်အလားပင်။
ထိုအချိန်တွင် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့၏ အသံခေါ်ဆိုမှုက ဗီဒီယိုကောအဖြစ် ပြောင်းလဲသွားပြီး နောက်ခံမြင်ကွင်းမှာမူ ခမ်းနားထည်ဝါလှသော ဧည့်ခန်းမှ အလင်းရောင်မှိန်ပျသော အခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအခန်းက စာကြည့်တိုက်တစ်ခုနှင့်တူပြီး စင်များကိုလည်း သေသေသပ်သပ်စီရီထားသည်။ တချို့စင်ပေါ်တွင် ပန်းအိုးများဖြင့် အလှဆင်ထားပြီး အချို့မှာမူ လက်နက်များရှိပြီး တချို့စင်ပေါ်တွင်မူ ပန်းချီကားများနှင့် ရှေးဟောင်းပစ္စည်းများ ရှိနေလေသည်။
စင်များအားလုံးကို အောက်ဆီဂျင်ကြောင့် ပစ္စည်းများ မပျက်စီးစေရန် လေဟာနယ်စနစ်ဖြင့် အထူးပြုလုပ်ထားသည့် စင်များအဖြစ် ဖန်တီးထားသည်။
"ဒါက မစ္စတာကျန်းရဲ့စာကြည့်တိုက်လား"
"ဒါက ပြတိုက်ထက်တောင် ကြီးနေဦးမယ်"
"ဘုရားရေ.. ဒါက လူချမ်းသာတစ်ယောက်ရဲ့စာကြည့်တိုက်လား"
"အသိဉာဏ်နည်းပါးမှုကို ခွင့်လွှတ်ပေးပါ။ စင်ပေါ်က ပစ္စည်းတွေက ဘာတွေလဲဆိုတာ သိတဲ့လူရှိလား"
"သောက်ကျိုးနည်း.. အုဲါက ထန်ယင်ရဲ့ ချယ်ရီပန်းပန်ချီကားမဟုတ်လား။ ဒါက ပျောက်ဆုံးနေတဲ့ သူ့လက်ရာလေ။ ငါတို့ဆရာပြောတာကို ကြားဖူးတယ်"
"ကိုယ့်လူရေ အမြင်စူးရှလိုက်တာ"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"အဲဒါက ထန်ယင်ရဲ့ချယ်ရီပန်းပန်းချီကားဆိုတာ အမှန်ပဲ။ အဲဒါကို ထန်ယင်က ဆွဲပြီးပြီးချင်းမှာတင် ကျုပ်ဘိုးဘေးတစ်ယောက်ကို လက်ဆောင်ပေးခဲ့တာ။ တိတိကျကျပြောရရင် အဲဒီအကြောင်းကို လူအများကြီးသိမှာမဟုတ်ဘူး"
"ကျွန်တော့်ဆရာက ထန်ယင်ရဲ့တပည့်မျိုးဆက်လေ။ သူလည်း သူ့လူကြီးတွေ ပြောပြတာကိုပဲ ကြားဖူးတာတဲ့။ ဒါက တကယ်ရှိနေလိမ့်မယ်လို့ ထင်မထားဘူး"
ထိုပညာရှင်က တအံ့တဩရေရွတ်လိုက်၏။
"မစ္စတာကျန်းဆီမှာ ဒီလိုအရာမျိုးတွေအထိ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး"
"ဒါက ထွေထွေထူးထူးမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ရယ်မောလိုက်လေသည်။
"တကယ်တော့ ကျုပ်မိသားစုမှာ ထန်ယင်ရဲ့ပန်းချီကားမှန်သမျှ အကုန်ရှိတယ်"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါဆို ပြတိုက်ထဲက ပစ္စည်းတွေကရော"
တစ်စုံတစ်ယောက်က ချက်ချင်းမေးလာလေသည်။
"ထန်ယင်က ပန်းချီတစ်ချပ်ဆွဲတိုင်း အမြဲတမ်း နှစ်ချပ်ဆွဲလေ့ရှိတယ်။ အကောင်းဆုံးလက်ရာတွေကိုမှ ကျုပ်ဘိုးဘေးတွေကို ပေးခဲ့တာ။ ဒီတော့ ပြတိုက်ထဲမှာရှိရင် ကျုပ်ဆီမှာလည်းရှိတယ်။ ပြတိုက်ထဲမှာ မရှိရင်လည်း ကျုပ်ဆီမှာရှိနေတုန်းပဲ"
"အဲဒါက အီဂျစ်ရှေးဟောင်းရွှေမျက်နှာဖုံးမဟုတ်လား"
"ဒါက.. ဒါက ဖာရိုဘုရင်ရဲ့တောင်ဝှေးမလား"
"အဲဒါက ကျုပ်တို့ကိုင်ဘွန်နိုင်ငံရဲ့ နိုင်ငံ့ရတနာဖြစ်တဲ့ ကောင်းကျီဓားပဲ"
"ဆောရီးပဲ မိတ်ဆွေတို့"
ကျန်းမုန့်လောင်က ကိုင်ဘွန်နိုင်ငံသားကို ပြောလိုက်လေသည်။
"ကျုပ်က တန်ဖိုးရှိတဲ့အရာကိုပဲ သိမ်းထားတာ။ ခင်ဗျားတို့ပြောနေတဲ့ ကောင်းကျီဓားဆိုတာ ကျုပ်ဘိုးဘေးတွေ သွန်းလုပ်ထားတဲ့လက်နက်ကို အတုခိုးထားတာ။ အဲဒါက ကျုပ်ရဲ့စာကြည့်တိုက်ထဲမှာ နေရာယူဖို့အထိ မတန်ဘူး။ အဲဒါက ကျုပ်ရဲ့ဘိုးဘွားပိုင်ပစ္စည်းပဲ"
"ခင်ဗျားကောင်းကျီဓားကတော့ တော်တော်ထက်ပါတယ်။ ဒါပေမဲ့ ကျုပ်မိသားစုကတော့ အမဲသားလှီးဖြတ်တဲ့နေရာမှာပဲ သုံးတာ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။ သူသည် ထိုလက်နက်ကို နင်ဂျာခေါင်းဆောင်ထံမှ သိမ်းယူပြီးကတည်းက ပြန်မပေးခဲ့ပေ။
"ဒါက တကယ်ကြီးကို… ကမ္ဘာပေါ်က ရတနာတွေအကုန်လုံး ဒီမှာရှိနေတာမဟုတ်ဘူးလား"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် လူများမှာ သူ့စုဆောင်းမှုများကို ကြည့်ရင်း ဆွံ့အကုန်သည်။ ပစ္စည်းတချို့မှာ ဖန်သားပြင်ထက်တွင် ခဏမျှသာ ပေါ်လာသော်လည်း ကြည့်ရှုသူများမှာ ဗဟုသုတပြည့်စုံသော ပညာရှင်များဖြစ်လေရာ တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိကြသည်။
သမိုင်းတစ်လျှောက် ပျောက်ဆုံးသွားခဲ့သော ပစ္စည်းတော်တော်များများက သူ့အိမ်တွင် ရှိနေပေသည်။
ရတနာများကိုကြည့်ချင်ပါက သမိုင်းပြတိုက်သို့ သွားနေစရာမလိုပေ။ ကျန်းမုန့်လောင်၏အိမ်သို့ သွားလိုက်ရုံပင်။
"တွေ့ပြီ"
အဆုံးမှာတော့ လုရီယောင်က ပြောလိုက်သည်။ သူ(မ)သည် အခြားစင်များထက် ပိုသေသပ်လှပပြီး ထောင့်တစ်ထောင့်စီတွင် မီးမောင်းများထိုးထားသည့် မှန်ဗီရိုတစ်ခုကို ရှာတွေ့လိုက်သည်။ ထိုနေရာတွင်မူ ဒဏ္ဍာရီထဲတွင်သာ ရှိသည်ဟု မှတ်ယူထားသော တောင်ဝှေးက နေရာယူထားချေသည်။
"ဒီဟာပဲ"
ကျန်းမုန့်လောင်က ဆိုလိုက်၏။
"ဝူတာ့ဝေ့က ဒီတောင်ဝှေးကိုလုပ်ပြီးတာနဲ့ ကျုပ်ဘိုးဘေးကို တန်းပေးခဲ့တာ။ ဒါကြောင့် ခင်ဗျားတို့တွေ ဒီပစ္စည်းအစစ်ကို တစ်ခါမှမမြင်ဖူးတာပေါ့။ ကျုပ်ဘိုးဘေးတွေက ဒါကို ပစ္စည်းသိုလှောင်ခန်းထဲမှာ ပစ်ထားခဲ့တာ။ လွန်ခဲ့တဲ့ဆယ်စုနှစ်နည်းနည်းလောက်ကမှ ကျုပ်အဖေနဲ့အဘိုးက စနစ်တကျပြန်စီထားတာ"
"ဒါက တကယ့်ကို.. အံ့ဩစရာပဲ"
"မစ္စတာကျန်းရဲ့မိသားစုအမွေအနှစ်တွေ နက်ရှိုင်းလိုက်ပုံများ ကျွန်တော်တို့ကို တကယ်အရှက်ရစေပါတယ်"
ဤပစ္စည်းများအားလုံးကို မြင်လိုက်ရပြီးနောက်တွင်မူ မည်သူမှ သံသယမဖြစ်ကြတော့ချေ။
ကျန်းမုန့်လောင်၏စုဆောင်းမှုထဲတွင် နှစ်ပေါင်းထောင်ချီတုန်းက ဒဏ္ဍာရီများနှင့် သမိုင်းမှတ်တမ်းများထဲတွင်သာ ဖော်ပြထားသော အရာများပင် ပါဝင်လေသည်။ ထိုအချက်များကပင် သမိုင်းတစ်လျှောက် သူတို့မိသားစု၏ဩဇာလွှမ်းမိုးမှုကို သက်သေပြရန် မလုံလောက်သေးပါက အခြားမည်သည့်အရာကများ သက်သေပြနိုင်ဦးမည်နည်း။
တစ်ခုတည်းသောအဖြေကတော့ သူတို့က အလွန်တရာသိုသိုသိပ်သိပ်နေထိုင်ခဲ့ခြင်းပင်။ သူတို့၏စည်းစိမ်များအကြောင်း အခြားလူများကို မသိစေဘဲ နောက်ကွယ်မှာသာ စည်းစိမ်နှင့် အာဏာကို တိတ်တဆိတ်စုဆောင်းခဲ့သည်။
"ဘယ်သူ သံသယရှိသေးလဲ"
ကျန်းမုန့်လောင်က သူတို့ကို ဝေ့ကြည့်လိုက်သော်ငြား ဤတစ်ခေါက်တွင်မူ သူ့အား ဘယ်သူကမှ မေးခွန်းမထုတ်ရဲကြတော့ပေ။
ကျန်းမုန့်လောင်လည်း ဗီဒီယိုကို ပိတ်ချလိုက်လေတော့သည်။
"တကယ်တော့ ကျုပ် ခင်ဗျားတို့ကို ဒါတွေပြတာက ကြွားချင်လို့မဟုတ်ဘူး။ ကျုပ်ရဲ့နာမည်ဂုဏ်သတင်းကို ရှင်းလင်းရုံသက်သက်ပဲ။ စိတ်ထဲမှာတော့ သာမန်လူတစ်ယောက်အဖြစ်နဲ့ပဲ နေချင်တာ"