သူတို့က ပုန်ကန်ဖို့ကြံစည်နေတာလား
Vol. 43 Ch. 643
"ကျန်းမုန့်လောင်က သာမန်လူတစ်ယောက်ဖြစ်ချင်တယ်တဲ့။ ဒါက ငါ့တစ်သက်ကြားဖူးသမျှထဲမှ အဓိပ္ပာယ်မရှိဆုံးစကားပဲ"
"ဒီလောက်အထိမျက်နှာပြောင်တိုက်တဲ့လူမျိုး တစ်ခါမှမမြင်ဖူးဘူး"
"လူတိုင်းရဲ့မှတ်ဉာဏ်ကို ဖျက်ပစ်နိုင်ရင်တော့ တစ်မျိုးပေါ့။ ဘယ်သူကများ သူ့ကို သာမန်လူလို့ သတ်မှတ်မှာလဲ"
...
လူထုကြားတွင် တက်ကြွစွာ ဆွေးနွေးနေကြစဉ် ကျန်းမုန့်လောင်၏အင်တာဗျူးကလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ ထိုစဉ်တုန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ ရှေးဟောင်းသုတေသနပညာရှင်များနှင့် သမိုင်းပညာရှင်များသာ ဖြစ်သော်ငြား သတင်းပျံ့သွားသည်နှင့် ကျန်းမိသားစု၏ နက်နဲလှသောနောက်ခံသမိုင်းကြောင်းကို လူအများက ပိုပိုပြီးသတိထားမိလာကြသည်။
နှစ်ပေါင်းငါးထောင်ကျော်သက်တမ်းရှိသော မိသားစုအမွေအနှစ်ကို ဆက်ခံထားသည်ဖြစ်ရာ သူ့ဘိုးဘေးများက တန်ဖိုးမရှိသော အိုးခြမ်းပဲ့နှင့် ပန်းကန်အကွဲများကို စုဆောင်းထားခဲ့လျှင်ပင် ယခုခေတ်၌ နိုင်ငံတစ်နိုင်ငံနှင့် ရင်ပေါင်တန်းနိုင်သော ပမာဏမျိုးအထိ တန်ဖိုးရှိနိုင်လိမ့်မည်မှာ သေချာပေါက်ပင်။ ယခုမူ ကျန်းမုန့်လောင်ကြေညာထားသည့် အမေရိကန်ဒေါ်လာတစ်ဆယ်ထရီလီယံဆိုသည်မှာ ဖြစ်နိုင်ခြေရှိကြောင်း လူတိုင်း နားလည်သွားကြပြီဖြစ်၏။
သင့်မိသားစုတွင်လည်း နှစ်ငါးထောင်သမိုင်းကြောင်းမျိုးရှိပြီး သင့်ဘိုးဘေးများက အမြော်အမြင်ရှိရှိဖြင့် အနာဂတ်ကို ကြိုမြင်နိုင်ခဲ့ပါက သင်လည်း ကျန်းမုန့်လောင်လောက် မချမ်းသာလျှင်ပင် အနည်းဆုံးတော့ အလွန်ချမ်းသာကြွယ်ဝနေမည်မှာ မလွဲမသွေပင်။
သာမန်လူများအတွက်တော့ ကျန်းမုန့်လောင်နှင့် သူတို့ကြားတွင် ပတ်သက်မှုမရှိသလောက်ပင်။ အွန်လိုင်းပေါ်ရှိ လူများမှာ ပျော်ပျော်ပါးပါးစနောက်နေကြရုံသာ။ ချမ်းသာသည်ဖြစ်စေ အာဏာရှိသည်ဖြစ်စေ သူတို့နှင့်မဆိုင်ပေ။
သို့သော် အခြားနိုင်ငံများအတွက်မူ အန္တရာယ်အချက်ပေးသံတစ်ခုပင်တည်း။
ဤရှေးဟောင်းမြို့တော်ကို ရှာဖွေတွေ့ရှိမှုနှင့် ကျန်းမုန့်လောင် သက်သေပြခဲ့သည့် သမိုင်းကြောင်းများကြောင့် နိုင်ငံတကာက အလွန်အမင်းထိတ်လန့်သွားကြသည်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များက ကျန်းမိသားစုမှ ဆင်းသက်လာသည်ဟူသောအချက်ကို သံသယဖြစ်နေမည့်အစား ယုံကြည်လိုက်ခြင်းက ပိုဘေးကင်းလိမ့်မည်ဟု ယူဆခဲ့ကြသည်။
နိုင်ငံအသီးသီးက စုံစမ်းစစ်ဆေးမှုများကို ချက်ချင်းပြုလုပ်ခဲ့လေရာ သူတို့နိုင်ငံ၏သမိုင်းကြောင်းတွင် ရှင်းပြရခက်သော သမိုင်းကွက်လပ်များနှင့် အကြောင်းအရင်းမသိရသော အကြွေးများ ရှိနေကြောင်း အံ့အားသင့်ဖွယ်သိရှိလိုက်ရသည်။
ထို့ပြင် ထိုအကြွေးအများစုက မည်သူ့ထံမှ ချေးယူထားသလဲဆိုသည်ကိုပင် ရှာမရပေ။ သမိုင်းတစ်လျှောက်တွင် အကြွေးမဆပ်ဘဲနေခဲ့သည့် နိုင်ငံတော်တော်များများ ရှိသော်ငြား သူတို့၏အဆုံးသတ်မှာ အဖြစ်ဆိုးလှချေသည်။
ယခုမှသာ ထိုအကြွေးရှင်က ယနေ့ထိတိုင်ရှိနေဆဲဖြစ်ပြီး အလွန်အမင်းဩဇာညောင်းကြောင်း သူတို့ သိလိုက်ရသည်။
ထို့နောက် ဤအချက်အလက်များကို လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျလှသော ကျန်းမုန့်လောင်၏မိသားစုနှင့် ချိတ်ဆက်မိလိုက်ကြ၏။
ဥရောပနိုင်ငံတစ်ခုတွင် နိုင်ငံတော်အကြီးအကဲတစ်ယောက်က အစီရင်ခံစာတစ်ခုကိုကြည့်ရင်း အလွန်စိုးရိမ်ပူပန်နေချေသည်။ သူ့ရှေ့တွင်လည်း လက်ထောက်ဖြစ်သူက တိတ်တိတ်လေးမတ်တတ်ရပ်နေပြီး စကားတစ်ခွန်းမှ မပြောရဲပေ။
"ခေါင်းဆောင်.. နှစ်ပတ်တိတိစုံစမ်းပြီးတဲ့နောက်မှာ ကျွန်တော်တို့ အချက်အလက်တွေအများကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပထမအချက်အနေနဲ့ ကျွန်တော်တို့နိုင်ငံက လွတ်လပ်ရေးတိုက်ပွဲကာလကတည်းက အမေရိကန်ဒေါ်လာသုံးထရီလီယံလောက် အကြွေးတင်နေခဲ့တာပါ။ ဒါပေမဲ့ ဒီပိုက်ဆံတွေက ကိုလိုနီအင်ပါယာတွေကို ပေးရမှာမဟုတ်ဘဲ အဲဒီတုန်းက ကျွန်တော်တို့နိုင်ငံကို ကူညီပေးခဲ့တဲ့ လူတစ်ယောက်ကိုပေးရမှာပါ"
"အဲဒီလူက ဘယ်သူလဲဆိုတာ သိရပြီလား"
လက်ထောက်ကမူ ခေါင်းခါယမ်းပြသည်။
"ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက နှစ်စဉ်နိုင်ငံတော်အခွန်ငွေထဲက ဝေစုတစ်စုခွဲပြီး နိုင်ငံခြားက အမည်မသိအကောင့်တစ်ခုကို လွှဲပေးနေရတယ်ဆိုတာကလွဲပြီး ဘာသတင်းတစ်စမှ မသိရပါဘူး"
"အသုံးမကျလိုက်တာ"
ထိုခေါင်းဆောင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ငါတို့က အမေရိကန်ဒေါ်လာသုံးထရီလီယံတောင် အကြွေးတင်နေတာကို.. မင်းက ဘယ်သူ့ကို ဆပ်နေရမှန်းတောင်မသိဘူးလို့ လာပြောနေတာလား"
"ကျွန်တော်တောင်းပန်ပါတယ် ခေါင်းဆောင်"
ထိုလက်ထောက်က သက်ပြင်းချလိုက်သည်။
"ကျွန်တော်သိသလောက်ဆိုရင် ရှေ့ခေါင်းဆောင်တွေလည်း ဒီလူ့အကြောင်း စုံစမ်းခဲ့ပေမဲ့ ဘာမှမသိခဲ့ရဘူးတဲ့"
"ဒီလူက ကျန်းမုန့်လောင်ဖြစ်နိုင်တယ်လို့ထင်လား"
ခေါင်းဆောင်ဖြစ်သူက မေးလိုက်လေသည်။
"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
လက်ထောက်ကလည်း ပြန်ဖြေသည်။
"ကျန်းမုန့်လောင်ပြောပုံအရဆိုရင် သူ့ဘိုးဘေးတွေက ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့တယ်တဲ့။ သူတို့က ချီယောင်ကို အနိုင်ယူဖို့အတွက် အဝါရောင်ဧကရာဇ်ကို ကူညီပေးခဲ့ရုံတင်မကဘဲ ဝူတာ့ဝေ့ကိုပါ ကွာတီမာလာအင်ပါယာကို ပေါင်းစည်းနိုင်အောင် ကူညီပေးခဲ့သေးတယ်။ ဒီတော့ လွတ်လပ်ရေးတိုက်ပွဲအတွင်း ကျွန်တော်တို့နိုင်ငံကို ထောက်ပံ့ပေးဖို့ဆိုတာ ဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ"
"အာ... အမေရိကန်ဒေါ်လာသုံးထရီလီယံတဲ့။ ငါတို့ တစ်ဝက်တောင်ဆပ်ရဦးမှာ။ ငါတို့နိုင်ငံအတွက် အရမ်းများတဲ့နှစ်စဉ်အသုံးစရိတ်ပါလား"
"ခေါင်းဆောင်.. ကျွန်တော် ခေါင်းဆောင်ရဲ့အတွေးကို နားလည်ပါတယ်။ ဒါပေမဲ့ အဲဒီလိုအတွေးမျိုးကို မတွေးဖို့ အကြံပေးချင်ပါတယ်။ တခြားအကြွေးတွေကိုသာ နောက်ကျချင်နောက်ကျလို့ရမယ်။ ဒါပေမဲ့ ဒီအကြွေးကိုတော့ သွားထိလို့မဖြစ်ပါဘူး"
"အဲဒါက ဘာသဘောလဲ"
"အရင်ခေါင်းဆောင်ဟောင်းဘီဘာက တစ်ခါတုန်းက သူ့အကြွေးတွေကို ပြန်မဆပ်ဘဲ ရပ်ထားဖူးတယ်။ သူ ဘာဖြစ်သွားလဲဆိုတာ သိလား"
"ဘယ်လို.. ငါ ဒီအကြောင်းကို တစ်ခါမှမကြားဖူးပါဘူး"
"အမည်မသိဖုန်းခေါ်ဆိုမှုတစ်ခုကတစ်ဆင့် သတိပေးချက်တစ်ခုကို လက်ခံရရှိခဲ့တယ်။ သုံးရက်ကြာတော့ ကျွန်တော်တို့နိုင်ငံရဲ့ငွေကြေးဈေးကွက်လည်း အထိနာတော့တာပဲ။ အဲဒီနှစ်တုန်းက ကျွန်တော်တို့က အမေရိကန်ဒေါ်လာ၄၅ဘီလီယံအကြွေးဆပ်ရမှာ။ အဲဒီနေ့မှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံတဲ့ အဖွဲ့တစ်ဖွဲ့က ကျွန်တော်တို့ရဲ့ငွေကြေးဈေးကွက်ကို ဝင်စီးပြီး အမေရိကန်ဒေါ်လာ၄၅ဘီလီယံကို အရယူသွားတာ"
"အဲဒီလိုကိစ္စမျိုးလည်း ရှိတာပဲလား"
"ကျွန်တော်တို့အနေနဲ့ အမေရိကန်ဒေါ်လာ၄၅ဘီလီယံပဲ ဆုံးရှုံးလိုက်ရတယ်လို့ ထင်ရပေမဲ့ လုပ်ငန်းစုတော်တော်များများ ဒေဝါလီခံသွားရလို့ အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံကျော်လောက် ဆုံးရှုံးခဲ့ပါတယ်"
"သူတို့ဘက်က အဲဒီပိုက်ဆံကို သိမ်းယူသွားပြီးတဲ့နောက် ဘာသတိပေးစာမှ မရတော့ပါဘူး။ ဒါပေမဲ့ ဒီငွေကြေးရင်းနှီးမြှုပ်နှံရေးအဖွဲ့က အဲဒီအကြွေးရှင်နဲ့ ပတ်သက်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့အားလုံး သိလိုက်တယ်"
"ပြီးတော့ ဒီမြေကွက်ကရော.. ၁၂၅စတုရန်းကီလိုမီတာကျယ်တယ်ဆိုတော့ မြို့တစ်မြို့စာလောက်တောင်ရှိတာကို နိုင်ငံတော်ပိုင်မဟုတ်ဘူးတဲ့လား"
ထိုခေါင်းဆောင်က ဆက်မေးလိုက်သည်။
"ဒါက.. ဒီမြေကွက်က လွတ်လပ်ရေးတိုက်ပွဲကာလမှာ ဆုံးရှုံးလိုက်ရတာပါ"
လက်ထောက်ဖြစ်သူကလည်း သက်ပြင်းချလိုက်လေသည်။
"အစောပိုင်းနေ့တွေတုန်းက နိုင်ငံရဲ့စီးပွားရေးက နာလန်ထူခါစဆိုတော့ နိုင်ငံရဲ့နှစ်စဉ်ဝင်ငွေက အကြွေးဆပ်ဖို့အထိ မလုံလောက်ခဲ့ဘူး။ အဲဒါကြောင့် ခေါင်းဆောင်က ဒီမြေကွက်ရဲ့တစ်သက်တာအသုံးပြုခွင့်ကို အကြွေးနှစ်နှစ်ဆယ်စာအတိုးနှုန်းနဲ့ လဲလှယ်ခဲ့တာပါ"
"ငါတို့နိုင်ငံက ဒီလောက်တောင်သေးတာလား။ မြေကွက်၁၂၅စတုရန်းကီလိုမီတာဆိုတာက နိုင်ငံတော်အတွက် အရှက်ကွဲလောက်စရာပဲ"
"ခေါင်းဆောင်.. ဒီလောက်အထိ အရည်အချင်းရှိတဲ့လူဆိုရင်တော့ ကျန်းမုန့်လောင်ရဲ့ဘိုးဘေးတွေ ဖြစ်နိုင်ခြေများလောက်တယ်"
"မဟုတ်ဘူး။ ငါတို့နိုင်ငံရဲ့အသက်သွေးကြောကို တခြားလူတစ်ယောက်ရဲ့လက်ထဲကို ဒီလိုထည့်ပေးလို့မဖြစ်ဘူး"
ထိုခေါင်းဆောင်၏မျက်နှာထက်တွင် မကျေချမ်းလေဟန်အမူအရာတစ်ခုကို ဆင်မြန်းထားသည်။ အကြွေးတင်ခြင်းနှင့် မြေကွက်ဆုံးရှုံးခြင်းတို့မှာ ကိုလိုနီခေတ်တုန်းက ကျူးကျော်ခံရသည့်နိုင်ငံများသာ ခံစားရသော အရှက်ကွဲမှုမျိုးပင်။
"စိတ်လိုက်မာန်ပါလုပ်လို့မဖြစ်ပါဘူး ခေါင်းဆောင်"
လက်ထောက်လေးက သတိပေးလိုက်သည်။
"ကျန်းမုန့်လောင်နဲ့ ရင်ဆိုင်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာမသိဘူးလား။ ကိုင်ဘွန် အမေရိကနဲ့ ချင်းချိုးနိုင်ငံတွေတောင် သူ့ကိုရှုံးခဲ့တာ။ တခြားဟာတွေကိုအသာထား.. သူ့ဝင်ငွေတစ်ဆယ်ထရီလီယံနဲ့တင် အများဆုံးသုံးရက်အတွင်း ကျွန်တော်တို့နိုင်ငံရဲ့စီးပွာရေးကို အနှစ်နှစ်ဆယ်မက ဆုတ်ယုတ်သွားအောင် လုပ်နိုင်တယ်"
"မဟုတ်ဘူး။ သူ့ကို တစ်ယောက်တည်းရင်ဆိုင်မယ်လို့ ဘယ်သူကပြောလို့လဲ"
ခေါင်းဆောင်ဖြစ်သူက ခပ်ညစ်ညစ်ပြုံးလိုက်လေသည်။ သူတို့နိုင်ငံတွင် ယခုလိုဖြစ်နေသည့်အတွက် ဤဖြစ်ရပ်မျိုးကို ကြုံရသူမှာ သူတို့တင်မဟုတ်နိုင်ကြောင်း ယုံကြည်သည်။
"ကျန်းမုန့်လောင်က သူ့မှာ ပိုက်ဆံရှိတယ်ဆိုပြီး အရမ်းမာန်တက်ပြီး သောင်းကျန်းပြနေတာမလား။ ဒါပေမဲ့ သူ ဘယ်လောက်ချမ်းသာချမ်းသာ နိုင်ငံတစ်နိုင်ငံ တိုက်နယ်တစ်ခုကို အံတုနိုင်တယ်ဆိုရင်တောင် တစ်ကမ္ဘာလုံးကိုတော့ အံတုနိုင်မှာတဲ့လား"
သူက ထိုသို့ပြောလိုက်လေသည်။
"သဘောက..."
"ကမ္ဘာ့ဩဇာအာဏာတွေကို ပေါင်းစည်းပြီး ဟွာရှားနိုင်ငံရဲ့ ငွေကြေးဈေးကွက်ကို တိုက်ခိုက်ကြမယ်။ ဟွာရှားက အခုအချိန်မှာ အင်အားကြီးနေပြီဆိုပေမဲ့ ငွေကြေးနဲ့ပတ်သက်လာရင် ဥရောပနဲ့အမေရိကနိုင်ငံက အင်အားစုတွေက အင်အားတစ်ပိုင်းတစ်စလေးကို ထုတ်သုံးလိုက်ရုံနဲ့ သူတို့ကို အသာလေးဖျက်ဆီးလိုက်လို့ရတယ်။ ကျန်းမုန့်လောင်က သူ့နိုင်ငံရဲ့ငွေကြေးဈေးကွက် ပြိုလဲနေတာကို ဒီအတိုင်းထိုင်ကြည့်နေလိမ့်မယ်လို့မထင်ဘူး"
"ကျန်းမုန့်လောင်ဘက်က သူ့ရန်ပုံငွေတွေနဲ့ ပြိုင်ပွဲကွင်းထဲကို ဝင်လာပြီဆိုတာနဲ့ နိုင်ငံနည်းနည်းလောက်နဲ့ ရင်ဆိုင်ရတော့မယ်လို့ပဲထင်မှာ။ တစ်ကမ္ဘာလုံးနီးပါးက သူ့ကိုတိုက်ခိုက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ သူ နောက်ပြန်ဆုတ်လို့မရတော့ဘူးလေ"
"အဲဒီအချိန်ကျရင် ငါတို့က ဟွာရှားနိုင်ငံရဲ့ ငွေကြေးဈေးကွက်ကို ခွဲယူနိုင်ရုံတင်မကဘဲ ကျန်းမုန့်လောင်ရဲ့ရန်ပုံငွေတွေကိုပါ ရှင်းထုတ်ပစ်နိုင်လိမ့်မယ်။ တစ်ပြားတစ်ချပ်မှမရှိတော့တဲ့ ကျန်းမုန့်လောင်ကို ဘာများကြောက်စရာလိုဦးမှာလဲ"
"ဒါပေမဲ့ ခေါင်းဆောင်.. ခင်ဗျား သူတို့ကို နားချနိုင်မှာသေချာလို့လား"
လက်ထောက်ဖြစ်သူက စိုးရိမ်တကြီးမေးလိုက်လေသည်။
"ရာနှုန်းပြည့်သေချာတယ်"
ခေါင်းဆောင်ကတော့ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
"ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ တခြားနိုင်ငံက ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်ပြီး စိုးမိုးနေတာကို လက်ခံနိုင်မှာမဟုတ်ဘူး။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ ခေါင်းပေါ်ကိုတက်ပြီး မစင်စွန့်တာကို ဘယ်သူကမှ ခွင့်ပြုမှာမဟုတ်ဘူး။ အခုအချိန်အထို ဘယ်သူမှ ဘာမှမလုပ်ရတဲ့အကြောင်းအရင်းက အင်အားအလုံအလောက်မရှိလို့ပဲ။ ဒါပေမဲ့ အင်အားသာ အလုံအလောက်ရှိရင်..."
"နားလည်ပါပြီ ခေါင်းဆောင်.. ကျွန်တော် ဥရောပနိုင်ငံတွေကို ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်"