သူတို့တွေအကုန်လုံးက ပိုက်ဆံလာပေးနေကြတာပဲ
Vol. 43 Ch. 644
ဥရောပထဲရှိ နိုင်ငံများ…
"အကြီးအကဲ.. ကျွန်တော်တို့နိုင်ငံမှာ အမေရိကန်ဒေါ်လာရှစ်ရာဘီလီယံ အကြွေးတင်နေပြီး နှစ်စဉ်အရင်းရော အတိုးပါပေါင်းပြီး ဒေါ်လာနှစ်ဆယ်ဘီလီယံလောက် ဆပ်နေရပါတယ်"
"အကြွေးရှင်က ဘယ်သူလဲ"
"သေချာမသိရသေးပါဘူး"
...
"သမ္မတကြီးခင်ဗျာ… ကျွန်တော် ပြန်စစ်ဆေးပြီးပါပြီ။ သမိုင်းမှတ်တမ်းတွေအရ ကျွန်တော်တို့နိုင်ငံမှာ အကြွေးမရှိခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံတည်ထောင်ခါစအချိန်မှာ အခြေခံအဆောက်အအုံအတွက် ရန်ပုံငွေဘီလီယံပေါင်းများစွာ ရဖို့အတွက် အမည်မသိလူတစ်ယောက်ဆီမှာ ရွှေတွင်းတစ်တွင်းနဲ့ စိန်တွင်းတစ်တွင်းကို ပေါင်ခဲ့ရပါတယ်"
"အဲဒီရွှေတွင်းနဲ့ စိန်တွင်းပိုင်ရှင်ကို စုံစမ်းလို့မရဘူးလား"
"ရပါတယ်။ ပိုင်ရှင်က လော်နယ်ကိုဒိုရယ်လာပါ။ သူက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်ကမှ အဲဒီတွင်းနှစ်တွင်းရဲ့ပိုင်ဆိုင်မှုကို မမျှော်လင့်ဘဲ ရရှိခဲ့တာပါ။ သူက နာမည်ခံသက်သက်ပဲလို့ သံသယဖြစ်မိပါတယ်"
"ဘာ? သူ့မျိုးရိုးနာမည်က ဒိုရယ်လာလို့ ပြောလိုက်တာလား"
...
"သမ္မတကြီး.. ကျွန်တော်တို့နိုင်ငံရဲ့ ဆောက်လုပ်ရေးရှယ်ယာ၅၆ရာခိုင်နှုန်းက တခြားလူတွေပိုင်တာပါ။ အမြတ်ဝေစု ယူရို၂၇ဘီလီယံကျော်ကို အဲဒီအကောင့်ထဲ နှစ်တိုင်း လွှဲပေးနေရပါတယ်"
"သမ္မတကြီး.. ကျွန်တော်တို့ရဲ့စွမ်းအင်ကဏ္ဍသုံးဆယ်ရာခိုင်နှုန်းကို ရော့စ်ချိုင်းမိသားစုက ထိန်းချုပ်ထားတာပါ"
...
အဆုံးတွင်မူ အစကတည်းက ခြေရာခံမရသော အရာအားလုံးက ဥရောပထဲရှိ ထိပ်တန်းမိသားစုကြီးများထံသို့ ဦးတည်သွားတော့သည်။ ထိုမိသားစုကြီးများကလည်း မကြာသေးခင်ကမှ ကျန်းမုန့်လောင်၏လက်အောက်ခံ သို့မဟုတ် အစေခံမိသားစုများအဖြစ် သူတို့ကိုယ်သူတို့ ကြေညာထားကြသူများပင်။
သူတို့ကိုယ်တိုင်က ဖြစ်တည်မှုကို ဝန်ခံထားပြီးဖြစ်ရာ ဤအရာအားလုံးမှာ ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုဟု အဓိပ္ပာယ်ရသည်။
ဤအချက်ကို သိလိုက်ရချိန်ဝယ် သူတို့ နေရာမှာတင် အတုံးအရုံးပြိုလဲရတော့သည်။ ဥရောပရှိ နိုင်ငံနှင့် ဒေသပေါင်းလေးဆယ်ကျော်တွင် နိုင်ငံပေါင်းလေးဆယ်နီးပါးမှာ ကျန်းမုန့်လောင်ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် အကြွေးတင်နေကြသည်။
တချို့က ငွေကြေးဖြစ်ပြီး တချို့က မြေယာဖြစ်၏။ အချို့ဆိုလျှင် နိုင်ငံ၏အဓိကလုပ်ငန်းစုကြီးများကို သူ့လက်ထဲသို့ အပ်ထားရသည်။ အချို့သမ္မတအိမ်တော်များမှာ ကျန်းမုန့်လောင်၏လက်အောက်ခံအင်အားစုများ ပိုင်ဆိုင်သည့် မြေကွက်ပေါ်တွင် ဆောက်ထားခြင်းဖြစ်၏။
"သူက အရမ်းအန္တရာယ်များလွန်းတယ်"
ဤသည်မှာ ထိုသတင်းကိုကြားလိုက်ရချိန်တွင် ဖြစ်ပေါ်လာသော နိုင်ငံ့ခေါင်းဆောင်များ၏ ပထမဆုံးတုံ့ပြန်မှုပင်။ အကြွေးဖြစ်စေ၊ မြေယာဖြစ်စေ၊ ပင်မဆောက်လုပ်ရေးများပင်ဖြစ်စေ သူတို့ဟာ ကျန်းမုန့်လောင်၏ လက်ခုပ်ထဲကရေအလားပင်။
တစ်နေ့မှာ ကျန်းမုန့်လောင်က ဤအရာများကို အသုံးချပြီး သူတို့ကိုခြိမ်းခြောက်လာခဲ့လျှင် သူတို့အနေနှင့် ပြန်ခုခံနိုင်မည်မဟုတ်ချေ။
"ငါတို့ စည်းလုံးမှဖြစ်မယ်"
လူတိုင်းက သူတို့၏အယုံကြည်ရဆုံးလက်ထောက်များနှင့် သံတမန်များကို အခြားနိုင်ငံများဆီသို့ စေလွှတ်ကြလေတော့သည်။ သို့သော် ထင်မှတ်မထားပါဘဲ သူတို့အားလုံး၏ရည်ရွယ်ချက်က တူညီနေကြကြောင်း သိလိုက်ရသည့်အခါ ချက်ချင်းဆိုသလိုပင် မဟာမိတ်တပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။
သူတို့၏ပန်းတိုင်က ရိုးရှင်းလှသည်။ စုပေါင်းထားသော အင်အားဖြင့် ဘဏ္ဍာရေးနည်းလမ်းကို အသုံးပြု၍ ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုများကို ပျောက်ပျက်သွားအောင် လုပ်ရန်ပင်။ သို့မှသာ သူ့ခြယ်လှယ်မှုအောက်က လွတ်မြောက်နိုင်မည်သာ။
ကျန်းမုန့်လောင်၏အစွမ်းက ငွေကို ရေလိုသုံးနိုင်ခြင်းပင်။ အကယ်၍ ပိုက်ဆံသာထုတ်မသုံးနိုင်တော့ပါက သူသည် အတန်ငယ်ဉာဏ်ကောင်းသော တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သွားပြီး ဘယ်နိုင်ငံကိုမှ ကိုင်လှုပ်နိုင်မည်မဟုတ်ချေ။
ထိုအချိန်ကျလျှင် အကြွေးများကို ပြန်မဆပ်ဘဲနေလျှင်ပင် ကျန်းမုန့်လောင်က ဘာများလုပ်နိုင်ဦးမည်နည်း။
ထိုသတင်းက ဥရောပမှ အာရှ၊ အာရှမှ အာဖရိက၊ အာဖရိကမှ အမေရိကနှင့် အိုရှန်းနီးယားအထိ ပျံ့နှံ့သွားပြီး ကျန်းမုန့်လောင်ဆန့်ကျင်ရေးမဟာမိတ်အဖွဲ့ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
စုစုပေါင်း၉၇နိုင်ငံရှိလေရာ ကမ္ဘာ့နိုင်ငံတစ်ဝက်ခန့်ဖြစ်ပြီး လူဦးရေခုနစ်ဆယ်ရာခိုင်နှုန်းနှင့် စည်းစိမ်ဥစ္စာ၇၅ရာခိုင်နှုန်း စုစည်ထားသည့် ဤအင်အားစုကြီးမှာ ဘယ်နိုင်ငံကိုမဆို လှုပ်ခါနိုင်စွမ်းရှိ၏။ ယခင်ကသာဆိုလျှင် ယခုလိုမဟာမိတ်မျိုး ဖွဲ့စည်းရန် မဖြစ်နိုင်သော်ငြား ယခုမူ သူတို့သည် သမိုင်းကြောင်းနှင့် အစွဲအလမ်းများကို ဘေးဖယ်ကာ ပေါင်းစည်းလိုက်ကြလေပြီ။
...
"မိုက်လိုက်တာ.. ငါတို့ဟွာရှားနိုင်ငံရဲ့ ရေငုပ်အသင်းလို့ ခေါ်ထိုက်ပါပေတယ်။ ရေထဲခုန်ချသွားတာတောင် ဖက်ထုပ်ကို ရေထဲပစ်ချသလောက်တောင် ရေမစင်ဘူးတဲ့"
"စားပွဲတင်တင်းနစ်ကလည်း ပြိုင်ဘက်ကင်းပဲဟေ့။ ဆာဆာ့ကလေးရဲ့လက်ချက်နဲ့ အီတိုဆိုတဲ့ကောင်တော့ အပြတ်အသတ်ရှုံးသွားပြီ။ ဟွာရှားလူမျိုးတွေကို အနိုင်ယူပြမယ်ဆိုပြီး လေလုံးထွားနေတာလေ။ ကြည့်ရတာတော့ သက်သက်လှည့်စားထားကြတာထင်တယ်"
"ဪ.. ဘာလို့ငိုနေတာလဲ။ အာအိဖူကူဟာရငိုမှပဲ ချော့ရကျိုးနပ်တာ။ အီတိုုကတော့ ငိုရင်းအသက်ထွက်လည်း ထွက်ပါစေ"
"မိုက်တယ်ဟေ့..နတ်ဘုရားစုက ဒီနှစ် ပိုသန်မာနေတာပဲ။ ၉.၈၃စက္ကန့်တဲ့။ ငါ့မှတ်တမ်းက မီတာတစ်ရာကို ၉.၅၃စက္ကန့်လေ.. မှတ်မိတယ်မလား"
"ဒီသားပိုက်ကောင်တွေရဲ့အကွက်က တော်တော်ထူးခြားတာပဲ။ Gen Zကလေးတွေက တော်တော်မိုက်တယ်။ နွေရာသီကျောင်းပိတ်ရက်မှာ အိုလံပစ်လာပြိုင်တာတောင် ရွှေတံဆိပ်ဆုတွေကို အရယူပြီး အိမ်ပြန်သွားတာ"
"၁၄နှစ်အရွယ် ရေငုပ်ချန်ပီယံတဲ့လား။ ဒီနှုန်းအတိုင်းသာဆိုရင် နောက်အနှစ်နှစ်ဆယ်နေရင် ဒီအားကစားကို သူတို့ပဲ စိုးမိုးထားတော့မှာမဟုတ်ဘူးလား"
"ဒါက ဘယ်လိုဒိုင်လူကြီးလဲ။ ခြေထောက်က ငါ့မျက်နှာနားတောင်ရောက်နေပြီဟာကို ၁၄.၇မှတ် ပေးတယ်ပေါ့"
"ဒီဒိုင်လူကြီးတွေကိုတော့ တကယ်ချီးကျူးတယ်။ မျက်မမြင်နားမကြားဖြစ်နေတာတောင် ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်ထမ်းဆောင်နေကြသေးတယ်။ သေလိုက်ပါတော့…"
"ဒိုင်တွေကို အရိုအသေမပေးလို့ အမှတ်လျှော့တယ်ပေါ့လေ။ တကယ်ကြီးလား။ မရှက်ဘူးလား။ မင်းတို့ရဲ့ပုပ်စော်နံနေတဲ့ အရှင်မင်းကြီးကို သွားအရိုအသေပေးလိုက်မယ်"
မိုင်ပေါင်းများစွာကွာဝေးသော ဟွာရှားနိုင်ငံတွင် ကျန်းမုန့်လောင်က ယခုနှစ်အတွက် အိုလံပစ်တိုက်ရိုက်ထုတ်လွှင့်မှုကို ဝမ်လင်နှင့်အတူ ကြည့်ရှုနေသည်။ ယခုနှစ် အိုလံပစ်ပွဲတော်မှာ ယခင်ကထက် ပိုအာရုံစိုက်ခံနေရသည်။
ဟွာရှားကစားသမားများက အိုလံပစ်ကို ကလေးအားကစားပွဲတစ်ခုနှယ် ပြောင်းလဲပစ်လိုက်ကြသည်။ အသက်ငယ်လေ ပိုကြမ်းလေလေပင်။ Gen Zကတော့ စင်စစ်မယုံနိုင်စရာကောင်းလှသည်။
တချို့Gen Zများက အိုလံပစ်ရွှေတံဆိပ်များ ဆွတ်ခူးနေချိန်တွင် အခြားGen Zများကတော့ 'Gen Zတချို့ အိုလံပစ်ရွှေတံဆိပ်ဆုတွေ ရနေပြီဟ'ဟုသာ ပြောနေရသည်။
သို့သော် မျက်စိကန်းနေသည့် ဒိုင်လူကြီးများနှင့် မသမာသောလုပ်ရပ်များကြောင့် ကျန်းမုန့်လောင်တို့ ဒေါသထွက်ခဲ့ရသည်။ သို့သော် ဟွာရှားလူမျိုးများက သဘောထားကြီးကြသည်။ မသမာနည်းကို သုံးချင်သလား။ ကိစ္စမရှိပေ။ သူတို့အနေနှင့် တစ်ဖက်လူ လိုက်မမီနိုင်လောက်သော အနေအထားသို့ ရောက်သွားပါက ဘယ်လောက်လိမ်လိမ် အလုပ်ဖြစ်မည်မဟုတ်။
ရေငုပ်ပြိုင်ပွဲတွင် ပထမနေရာနှင့် ကျန်နေရာများက အမှတ်ခြောက်ဆယ်ခုနစ်ဆယ်ခန့် ကွာနေချေသည်။
ကဲ အမှတ်တွေ ပေးချင်သလောက်ပေးဦးလေ…
အလေးမပြိုင်ပွဲတွင်လည်း ဟွာရှားနိုင်ငံက ငွေတံဆိပ်ဆုရှင်၏နောက်ဆုံရမှတ်ကို ပထမဆုံးအကြိမ်ကြိုးစားမှုဖြင့် ကျော်တက်နိုင်ခဲ့သည်။
စားပွဲတင်တင်းနစ်တွင်လည်း ၃:၀နှင့်ဖြစ်စေ ၄:၀ဖြစ်စေ အပြတ်အသပ်အနိုင်ယူခဲ့ကြသည်။
ရက်ဂ်ဘီကတော့လား။ ၂၉:၀ဟူသော ရလဒ်မျိုးကို ထွက်လာသည်ဖြစ်ရာ ကိုင်ဘွန်အသင်းအနေနှင့် ခေါင်းတုံးတုံးပစ်ဖို့လောက်သာ တန်ဖိုးရှိတော့သည်။ ဤအမှိုက်ကား အမှိုက်စိုလား။ အမှိုက်ခြောက်လား။
ဤပွဲစဉ်များကိုကြည့်ပြီးနောက် ကျန်းမုန့်လောင်၏ရင်ထဲတွင် အိုလံပစ်စိတ်ဓာတ်များ နိုးကြားမလာဘဲ အချိန်အတော်ကြာရှိနေခဲ့သော ဂျပန်တော်လှန်ရေးစိတ်ဓာတ်များသာ နိုးကြားလာခဲ့သည်။
"မိုက်လိုက်တာ"
ပိတ်ပွဲအခမ်းအနားပြီးဆုံးချိန်တွင် သူတို့သည် ရွှေတံဆိပ်စာရင်းဇယား၏ထိပ်ဆုံးမှာ ရပ်တည်ရင်း အိုလံပစ်ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။
"မစ္စတာကျန်း"
ထိုအချိန်မှာပင် ဟုန်းရီက အနားသို့ရောက်လာပြီး ကိုယ်ကိုငုံ့ကိုင်းကာ ကျန်းမုန့်လောင်၏နားထဲသို့ တိုးတိုးလေးကပ်ပြောလိုက်၏။
ကျန်းမုန့်လောင်၏မျက်နှာထက်တွင် ခပ်ညစ်ညစ်အပြုံးတစ်ခု ပေါ်လာလေတော့သည်။
"ဪ သူတို့က ပုန်ကန်ဖို့ ကြံစည်နေတာလား။ ဘယ်နှနိုင်ငံလဲ။ ပြီးတော့ ပိုက်ဆံဘယ်လောက်ပြင်ဆင်ထားလဲ"
"စုစုပေါင်း၉၇နိုင်ငံပါ။ အခုလောလောဆယ်တော့ အမေရိကန်ဒေါ်လာ ငါးရာထရီလီယံစုထားပါတယ်။ ပြီးတော့ ကမ္ဘာ့ငွေကြေးဈေးကွက်ထဲက ထိပ်တန်းပညာရှင်တွေနဲ့ ဘဏ္ဍာရေးမုန်တိုင်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ဖူးတဲ့ လက်ရွေးစင်တွေကိုပါ ခေါ်ထားပါတယ်။ ဒီတစ်ခေါက်တော့ သူတို့ အပီအပြင်လုပ်ကြတော့မှာပါ"
"ပြင်ဆင်ဖို့ အချိန်လောက်ပါ့မလား"
"ကိစ္စမရှိပါဘူး"
"သူတို့က နောက်လသုံးရက်နေ့မှာ လှုပ်ရှားဖို့ စီစဉ်ထားတာဆိုတော့ ကျွန်မတို့မှာ လဝက်လောက် အချိန်ရပါသေးတယ်။ ဒီအချိန်က ရန်ပုံငွေပြင်ဆင်ဖို့ လုံလောက်တာထက်တောင် ပိုပါတယ်"
"လဝက်အတွင်း ငါတို့ဘက်က ဘယ်လောက်ရှာနိုင်လဲ"
"သူတို့ထက်တော့ ပိုများမယ်ဆိုတာ သေချာပါတယ်"
ဟုန်းရီက အာမခံလိုက်သည်။
"စနစ်တကျကိုင်တွယ်မယ်ဆိုရင် သူတို့ရဲ့ငါးရာထရီလီယံကိုတောင် သိမ်းယူလိုက်လို့ရပါတယ်။ တကယ်လို့ ပွဲလန့်တုန်း ဖျာဝင်ခင်းချင်တဲ့ နိုင်ငံတကာငွေဈေးကစားတဲ့လူတွေပါ ဝင်ပါလာမယ်ဆိုရင်တော့ ဒီထက်တောင်ပိုရဦးမှာပါ"
"ဟားဟားဟား ကောင်းတယ်ဟေ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အစပိုင်းမှာ အားနည်းချင်ယောင်ဆောင်ပြီး ပိုက်ဆံပြတ်တော့မလိုလိုနဲ့ ဈေးကစားမဲ့လူတွေကို ဖြည်းဖြည်းချင်းမျှားခေါ်မယ်။ သူတို့တွေ ကြီးပွားပြီလို့ ထင်နေတဲ့အချိန်ကျမှ ငါတို့ဘက်က အပြတ်ရိတ်ကြတာပေါ့"
"ကျွန်မတို့ ဒီအကြောင်း အကြီးအကဲကျိုးကို အကြောင်းကြားလိုက်ရမလား"
ဟုန်းရီက မေးလာလေသည်။
"နာမည်မဖော်ဘဲ ထားလိုက်ပါ"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"သူသာသိသွားရင် စိုးရိမ်နေလိမ့်မယ်။ ဒါပေမဲ့ ဟွာရှားနိုင်ငံရဲ့ငွေကြေးဈေးကွက်ကိုတော့ ပြင်ဆင်ချိန်နည်းနည်းပေးလိုက်ပေါ့"
"ဟုတ်ကဲ့ပါ။ ကျွန်မ ချက်ချင်းစီစဉ်လိုက်ပါ့မယ်"
...
"မုန့်လောင် ဘာတွေဖြစ်နေတာလဲ"
ဝမ်လင်က မေးလိုက်၏။
"ကိစ္စတစ်ခုခုရှိလို့လား"
"ဘာရယ်မဟုတ်ပါဘူး"
ကျန်းမုန့်လောင် တဟားဟားရယ်လိုက်မိသည်။
"ပါ့မွှားလေးပါ။ လူတစ်ယောက်က ငါ့ကို ပိုက်ဆံလာပေးချင်နေလို့လေ"
"အဲဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား"
ချင်ဖုန်းက တအံ့တဩရေရွတ်လိုက်သည်။
"မင်းကို ပိုက်ဆံလာပေးချင်တဲ့လူလည်း ရှိသေးတာလား။ မင်းမှာရှိတာတွေနဲ့ မလုံလောက်သေးလို့လား"
"ငါလည်းမတတ်နိုင်ဘူးလေ။ သူတို့က အတင်းပေးချင်နေမှတော့ ငါလည်း အင်တင်တင်နဲ့ လက်ခံရတာပေါ့။ ငါက မလိုချင်ပါဘူးဆိုတာကို သူတို့က ငါ့အိတ်ကပ်ထဲ အတင်းထိုးထည့်ချင်နေကြတာ။ ခေါင်းစားလိုက်တာ"