← Chapters

ကျရောက်လာမည့်မုန်တိုင်း

Vol. 43 Ch. 645

ကျရောက်လာမည့်မုန်တိုင်း

Vol. 43 Ch. 645

အချိန်ကား သာမန်ခရစ္စမတ်နေ့တစ်နေ့ပင်။ လမ်းမများထက်တွင် ခရစ္စမတ်အငွေ့အသက်များဖြင့် စည်ကားသိုက်မြိုက်နေပြီး မီးရောင်စုံများ လင်းထိန်နေသည်။ သို့သော် မကြာသေးမီနှစ်များအတွင်း ကျင့်သုံးခဲ့သည့် ယဉ်ကျေးမှုတားမြစ်ပိတ်ပင်ရေးမူဝါဒများကြောင့် သူတို့၏ ခရစ္စမတ်အပေါ် စိတ်အားထက်သန်မှုမှာ လျော့နည်းသွားခဲ့လေပြီ။

တကယ်တော့ ခရစ္စမတ်ကို သူတို့ နှစ်သက်ကြသည်မှာ ထိုပွဲတော်ကြောင့်ဆိုတာထက် ပျော်ပွဲရွှင်ပွဲမှန်သမျှကို နှစ်သက်ကြခြင်းကြောင့်သာ။ ခရစ္စမတ်သည် ကဗျာဆန်သော ပွဲတော်တစ်ခုဖြစ်သည့်အတွက်ကြောင့်သာ ချစ်သူစုံတွဲများ၏ နှစ်သက်မှုကို ပိုရရှိခဲ့ခြင်းပင်။

"အားလုံးပဲ..ပန်းသီးတစ်လုံးစီ လာယူကြဦးနော်!"

ဟွာရှားနိုင်ငံရှိ နိုင်ငံခြားငွေလဲလှယ်ရေးဌာန၏ အထွေထွေမန်နေဂျာက ဝန်ထမ်းတချို့နှင့်အတူ လက်တွန်းလှည်းတစ်စီးကို တွန်းလာရင်း ပြောလိုက်သည်။

"တစ်ယောက်တစ်လုံးစီနော်။ ဒီနေ့က ခရစ္စမတ်နေ့ဆိုတော့ နိုင်ငံခြားသားတွေလည်း အလုပ်ပိတ်ကြတယ်။ ငါတို့လည်း ဒီနေ့ အလုပ်သိပ်များမှာမဟုတ်ဘူး။ ညနေလေးနာရီလောက် အလုပ်ဆင်းနိုင်အောင် ကြိုးစားကြတာပေါ့!"

ဝန်ထမ်းအားလုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန် အမူအရာများ ချက်ချင်းပေါ်ပေါက်လာသည်။

ဤသည်မှာ နိုင်ငံတော်က စီမံခန့်ခွဲသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း အဆင့်မြင့်ဘဏ္ဍာရေးကဏ္ဍတွင် အလုပ်လုပ်ရခြင်းမှာ မလွယ်ကူလှပေ။ သူတို့အနေနှင့် အလဲအလှယ်ပမာဏကို ထိန်းညှိနေရပြီး ငွေကြေးဈေးကွက် တည်ငြိမ်နေစေရန် အမြဲမပြတ်စောင့်ကြည့်နေရသည်။

နိုင်ငံတစ်နိုင်ငံအတွက် ငွေကြေးဈေးကွက်၏ အရေးပါပုံမှာ မေးခွန်းထုတ်စရာမလိုလောက်အောင်ပင် ထင်ရှားလှသည်။ အကြောင်းမှာ ၎င်းကပင် မိမိနိုင်ငံ၏ငွေကြေးနှင့် နိုင်ငံတကာငွေကြေးတို့၏ လဲလှယ်နှုန်းကို သတ်မှတ်ပေးသောကြောင့်ပင်။ အကယ်၍ ငွေလဲနှုန်းက သိသိသာသာအတက်အကျဖြစ်လာပါက နိုင်ငံအပေါ် ကြီးမားသောသက်ရောက်မှုများ ဖြစ်လာနိုင်သည်။

ဥပမာအားဖြင့် ဟွာရှားငွေလဲလှယ်နှုန်းမှာ ကာလတစ်ခုအထိ ကျဆင်းသွားမည်ဆိုပါက ဟွာရှားငွေတန်ဖိုးကျဆင်းမှုကို ဖြစ်ပေါ်စေမည်သာ။ ထိုအခါ သွင်းကုန်စရိတ်များ မြင့်တက်လာပြီး အထွေထွေကုန်ဈေးနှုန်းများပါ တက်လာကာ နိုင်ငံတကာဝယ်ယူနိုင်စွမ်းကို လျော့ကျသွားစေလိမ့်မည်။

ထို့နောက် ပြင်းထန်လှသော ငွေကြေးဖောင်းပွမှုများပါ လိုက်ပါလာမည်ဖြစ်၏။ ငွေကြေးဖောင်းပွမှုသာ အရှိန်အဟုန်လွန်ကဲလာပါက မည်သို့သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာမလဲဆိုသည်ကို စီးပွားရေးဗဟုသုတအနည်းငယ်ရှိသူတိုင်း နားလည်ကြပေလိမ့်မည်။

သို့သော်လည်း ငွေလဲနှုန်းမှာ သိသိသာသာမြင့်တက်သွားလျှင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်မားလာမည်။ ထိုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ဟွာရှားနိုင်ငံထဲက အလုံးအရင်းနှင့် ပြန်ထွက်ခွာသွားကြလိမ့်မည်။ အခြေခံအုတ်မြစ်မလုံလောက်သေးသော ဟွာရှားနိုင်ငံအတွက် ဤသည်မှာ ကောင်းသောလက္ခဏာတစ်ခု မဟုတ်ပေ။

ထို့ကြောင့် ငွေလဲလှယ်ရေးဈေးကွက်တွင် ငွေလဲနှုန်းကို တည်ငြိမ်သော အတိုင်းအတာတစ်ခုအတွင်း ထိန်းသိမ်းထားရန်မှာ အလွန်အရေးကြီးလှသည်။ အကယ်၍ ဈေးကွက်ထဲတွင် အကြီးအကျယ်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာပါက နိုင်ငံတော်အနေနှင့် ငွေကြေးပမာဏအမြောက်အမြားကို အသုံးပြု၍ ဈေးကွက်တည်ငြိမ်အောင် မဖြစ်မနေ လုပ်ဆောင်ရပေလိမ့်မည်။

ကျန်းမုန့်လောင်၏ ဘိုးဘေးများမှာ တစ်ချိန်တုန်းက အခြားနိုင်ငံများ၏ ငွေကြေးဈေးကွက်ကို တိုက်ခိုက်ပြီး ဘဏ္ဍာရေးအကျပ်အတည်းဖြစ်အောင် ဖန်တီးခဲ့ကြသူများပင်။

အထင်ရှားဆုံး သာဓကများမှာ ၁၉၂၃ခုနှစ်က ဂျာမနီနိုင်ငံနှင့် ၂၀၁၈ခုနှစ်က ဗင်နီဇွဲလားနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော အခြေအနေများပင်။

၂၀၁၈ခုနှစ်အစောပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ဗင်နီဇွဲလားဘိုလီဗာ ၁၀.၃ခန့်သာ ရှိခဲ့သော်လည်း ၁၁လအကြာတွင်မူ ၁ဒေါ်လာလျှင် ဘိုလီဗာ၂၄၈၅၂၀အထိ ဖြစ်သွားခဲ့သည်။ တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် ငွေကြေးတန်ဖိုးမှာ အဆပေါင်းသောင်းဂဏန်းလောက် ကျဆင်းသွားခဲ့ခြင်းပင်။

ထိုသမိုင်းကြောင်းကို နားလည်သူများက ထိုဘဏ္ဍာရေးကပ်ဘေး၏ နောက်ကွယ်တွင် အမေရိကန်နိုင်ငံရှိနေကြောင်း ကောင်းကောင်းသိကြသည်။

ဗင်နီဇွဲလားနိုင်ငံ၏ သီးသန့်အရန်နိုင်ငံခြားငွေအများစုမှာ အမေရိကန်ဒေါ်လာဖြစ်ပြီး သူတို့၏စီးပွားရေးမှာ ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာဖြင့် ဈေးနှုန်းသတ်မှတ်ထားသည့် ရေနံအပေါ် အခြေပြုထားသည်။

အကြောင်းပြချက်တချို့ကြောင့် အမေရိကန်ကို သွားရောက်ထိပါးခဲ့မိရာမှ စီးပွားရေးပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရသည်။ စီးပွားရေးပိတ်ဆို့ခံရချိန်တွင် မိမိကိုယ်ကိုယ်ကာကွယ်နိုင်သည့် နည်းလမ်းများစွာရှိသော ဟွာရှားနိုင်ငံနှင့်မတူဘဲ ဗင်နီဇွဲလားကဲ့သို့ နိုင်ငံငယ်လေးမှာမူ နိုင်ငံခြားငွေအနည်းငယ်သာ ရှိသဖြင့် သူတို့ဆီမှာရှိသည့် ဒေါ်လာများကို ထုတ်သုံးလိုက်ရသည်။

အဆုံးမှာတော့ ဗင်နီဇွဲလားနိုင်ငံရှိ အမေရိကန်ဒေါ်လာများမှာ မကြာမီမှာပင် ပြတ်လပ်သွားတော့သည်။ နိုင်ငံအတွင်းရှိ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများမှာ လူထု၏လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့သလို ကုန်ပစ္စည်းများ တင်သွင်းရန်အတွက်လည်း နိုင်ငံခြားငွေ မရှိတော့ပေ။

ထို့နောက် လူထု၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဗင်နီဇွဲလားနိုင်ငံက ငွေစက္ကူများကို အဆမတန်ရိုက်နှိပ်ထုတ်လုပ်သည့် နည်းလမ်းကို အသုံးပြုခဲ့ရသည်။ ၎င်းမှာ ပြဿနာကို ယာယီဖြေရှင်းပေးနိုင်ခဲ့သော်လည်း ရိုက်နှိပ်ထုတ်လုပ်ရမည့်ပမာဏက များလွန်းလှသဖြင့် ဥရောပနိုင်ငံများနှင့် တရားမဝင်ထုတ်လုပ်သည့် အချို့နေရာများကိုပါ အကူအညီတောင်းခဲ့ရသည်။

သို့သော် ဈေးကွက်ဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ထိန်းညှိနိုင်သည့်အစွမ်းရှိကြောင်း သတိပြုရပေမည်။ ငွေစက္ကူရိုက်နှိပ်ခြင်းက နိုင်ငံကို ကာလတိုအတွင်း ကယ်တင်နိုင်သော်လည်း ဈေးကွက်၏ ပြန်လည်ထိန်းညှိမှုနှင့် ကြုံရချိန်တွင်မူ ကုန်ဈေးနှုန်းများက အဆပေါင်းများစွာ မြင့်တက်လာပြီး ‘အရှိန်အဟုန်ပြင်းသော ငွေကြေးဖောင်းပွမှု’ကို မလွဲမသွေရင်ဆိုင်ရတော့သည်။ ထိုအခြေအနေမျိုးတွင် ကမ္ဘာပေါ်ရှိ မည်သည့်ငွေကမှ အသုံးမဝင်တော့ပေ။

နောက်ဆုံးတွင် သူတို့ရိုက်နှိပ်ထားသော ငွေစက္ကူများကို သယ်ယူရန်အတွက် သယ်ယူပို့ဆောင်ခပင် မတတ်နိုင်တော့ဘဲ သူတို့ငွေကြေး၏ နိုင်ငံတကာယုံကြည်စိတ်ချရမှုလည်း ဆုံးရှုံးသွားခဲ့ရသည်။ ငွေစက္ကူများမှာ စက္ကူစုတ်များ ဖြစ်သွားခဲ့ပြီး ပြည်တွင်းဈေးကွက်နှင့် စီးပွားရေးတစ်ခုလုံးကို အမေရိကန်ဒေါ်လာနှင့် ယူရိုကဲ့သို့သော နိုင်ငံခြားငွေများက လုံးဝစိုးမိုးသွားတော့သည်။

ထိုအချိန်တွင် ရွှေ၊ ရတနာ၊ ရှေးဟောင်းပစ္စည်းများ၊ အနုပညာလက်ရာများနှင့် အိမ်ခြံမြေများလည်း တန်ဖိုးမရှိတော့ဘဲ ငွေအထုပ်လိုက် လမ်းဘေးတွင်ပုံနေသော်ငြား ကောက်ယူမည့်လူ တစ်ယောက်မှမရှိခဲ့ပေ။

ထိုအခြေအနေမျိုးတွင် တစ်ခုတည်းသော တန်ဖိုးရှိသည့်အရာမှာ ‘အစားအသောက်’ပင်။ အကြောင်းမှာ ငွေကြေးက အမှိုက်ဖြစ်သွားသဖြင့် သူတို့ခမျာ အစားအသောက်တောင် မဝယ်နိုင်တော့သောကြောင့်ပင်။

ဤသမိုင်းဝင်သင်ခန်းစာများကို အခြေခံ၍ နိုင်ငံအသီးသီးက ထိုသို့သောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အထူးပြုအဖွဲ့အစည်းများကို တည်ထောင်ခဲ့ကြပြီး ငွေကြေးဈေးကွက် တည်ငြိမ်နေစေရန်အတွက် နိုင်ငံခြားငွေအထောက်အပံ့များကိုလည်း အမြောက်အမြား ပြင်ဆင်ထားကြသည်။

စည်ကားလှသော ငွေလဲလှယ်ရေးဈေးကွက်အတွင်း၌ ငွေကြေးကစားသမားရာဂဏန်းခန့် စုဝေးနေကြသည်။ သူတို့၏အလုပ်မှာ ငွေကြေးဈေးကွက်ကို နေ့စဉ်စောင့်ကြည့်ရန်နှင့် ရုတ်တရက်ပေါ်ပေါက်လာသော အခြေအနေများကို တုံ့ပြန်ရန်ပင်။

ယခုအချိန်အထိ အကြီးမားဆုံးသော ဘဏ္ဍာရေးဗုံးများနှင့် ရင်ဆိုင်ရချိန်မှာပင် ဤအဖွဲ့က ငွေလဲနှုန်းအတက်အကျကို သင့်တင့်သော အတိုင်းအတာအတွင်း ထိန်းသိမ်းထားနိုင်ခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း သူတို့ ကြုံတွေ့ခဲ့ရသမျှထဲတွင် အကြီးမားဆုံးသောရိုက်ခတ်မှုမှာ တစ်ရက်တာအတက်အကျ ပွိုင့်တစ်ထောင်မကျော်သလို ဆယ်ရာခိုင်နှုန်းလည်း မကျော်ချေ။ နောက်ပိုင်းတွင်လည်း ထိုအတက်အကျကို အမြန်ဆုံး ပြန်လည်ထိန်းညှိနိုင်ခဲ့ကြသည်။

နိုင်ငံတော်၏ ယှဉ်ပြိုင်လိုစိတ်တို့ တည်ငြိမ်နေခြင်းမှာ ဤပညာရှင်များကြောင့်ပင်။ ထို့ကြောင့်လည်း သူတို့၏ဝင်ငွေမှာ အလွန်မြင့်မားလှသည်။ အငယ်တန်းဝန်ထမ်းတစ်ဦးပင်လျှင် တစ်နှစ်လျှင် ဒေါ်လာငါးသိန်းမှ ရှစ်သိန်းအထိ ရကြသည်။ ထို့အတူ ဤအလုပ်ထဲသို့ ဝင်ရောက်နိုင်မည့် သတ်မှတ်ချက်များကလည်း အလွန်မြင့်မားလှသည်။

"ကဲ... အားလုံးပဲ။ နိုးနိုးကြားကြားနေကြပါ။ ဒီနေ့က ထူးခြားတဲ့နေ့မို့လို့ဆိုပြီး ပေါ့ပေါ့ဆဆနေလို့မဖြစ်ဘူး။ ပြီးခဲ့တဲ့ခရစ္စမတ်တုန်းက နိုင်ငံတကာငွေကြေးကစားသမားတွေက စည်းမရှိကမ်းမရှိ ငါတို့ကို ဝင်တိုက်ခိုက်ခဲ့ကြသေးတယ်။ အစပိုင်းမှာတင် ငွေလဲနှုန်းက ပွိုင့်ငါရာလောက် ထိုးကျသွားခဲ့တာ။ တကယ်လို့ ငါတို့သာ ချက်ချင်းမတုံ့ပြန်နိုင်ခဲ့ရင် အငိုက်မိသွားနိုင်တယ်"

"ဟားဟား ခေါင်းဆောင်ကလည်း... ‘Honor of Kingsကို လျှော့ဆော့ရင် အဲဒီလိုအသုံးအနှုန်းတွေကို သုံးမိမှာမဟုတ်ဘူး"

"စိတ်မပူပါနဲ့။ ကျွန်တော်တို့ စားရင်းသောက်ရင်း မျက်စိဒေါက်ထောက်ကြည့်နေပါ့မယ်။ ဘာပြဿနာမှ မရှိစေရဘူး"

"ဟုတ်တယ်။ အဲဒီလိုဖြစ်ခဲ့တာက လွန်ခဲ့တဲ့ရှစ်နှစ်ကိုးနှစ်လောက်ကလေ။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ စီးပွားရေးအင်အားက တော်တော်တောင့်တင်းနေပြီ။ အရန်နိုင်ငံခြားငွေကလည်း ဒေါ်လာ၃.၂ထရီလီယံကျော်တောင် ရှိနေတာပဲ။ ဘယ်နိုင်ငံတကာငွေကြေးကစားသမားကများ ကျွန်တော်တို့ကို လာကစားရဲမှာလဲ"

"သူတို့ရဲ့ရန်ပုံငွေက ကျွန်တော်တို့ထက် နှစ်ဆလောက်ပိုများရင်တောင် ကျွန်တော်တို့ကို လှုပ်ခတ်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဟားဟား... ဟုတ်တာပေါ့။ သူတို့သာ တကယ်လာရဲရင် ကျွန်တော်တို့ကလည်း သူတို့ဆီကနေ အပြတ်ခြွေယူပစ်လိုက်ရုံပဲ"

"ဒါပေမဲ့ တစ်ခုတော့သတိပေးထားမယ်။ မပေါ့ဆမိစေနဲ့"

"နားလည်ပါပြီ"

ငွေကြေးကစားသမားများက မနက်စာစားရင်း သူတို့၏ကုန်သွယ်ရေးစနစ်များကို ဖွင့်လိုက်ကြသည်။ နောက်ထပ်ငါးမိနစ်အကြာတွင် ဈေးကွက်စတင်တော့မည် ဖြစ်၏။

"တီ... တီ..."

အချက်ပေးသံအကျယ်ကြီး ထွက်ပေါ်လာသောအခါ အစောတုန်းက ပျင်းရိနေခဲ့သော ဝန်ထမ်းများအားလုံး၏ အမူအရာကား ပြောင်းလဲသွားပြီး အလုပ်ထဲသို့ အာရုံအပြည့်အဝစိုက်ထားလိုက်ကြတော့သည်။

...

သမုဒ္ဒရာတစ်ဖက်ခြမ်းတွင်မူ အခြားအဖွဲ့တစ်ဖွဲ့ကလည်း အသင့်အနေအထားတွင် ရှိနေကြသည်။

ဤတစ်ကြိမ်တွင်မူ သူတို့က ဥရောပနှင့် အမေရိကရှိ ငွေကြေးကစားသမားအားလုံးနီးပါးထံမှ အရင်းအမြစ်များကို စုဆောင်းထားကြသည်။ အင်အားထောင်နှင့်ချီသော ပညာရှင်အဖွဲ့ကြီးမှာ အထူးအိုင်ပီလိပ်စာကွန်ရက်တစ်ခုမှတစ်ဆင့် ချိတ်ဆက်ထားသည်။

"ရန်ပုံငွေတွေ အကုန်ရောက်ပြီလား"

"စိတ်ချ။ အရင်ရက်တွေကတည်းက အဆင်သင့်ဖြစ်နေပြီ။ ငါတို့ဘက်က ဘဏ်အကောင့်ထောင်ပေါင်းများစွာ ပြင်ဆင်ထားပြီးသား။ ရန်ပုံငွေတွေကလည်း အပြည့်ပဲ"

"သိပ်ကောင်းတယ်။ ဒီတစ်ခါတော့ ငါတို့ အများကြီးပြင်ဆင်ထားတဲ့အတွက် သူတို့ကို ဖြည်းဖြည်းချင်းကစားသွားလို့ရတယ်။ နှုတ်ဆက်တဲ့အနေနဲ့ စလိုက်ရအောင်။ သူတို့ကိုလည်း တုံ့ပြန်ဖို့ အချိန်နည်းနည်းပေးလိုက်ကြတာပေါ့။ တကယ်လို့ ငါတို့ရှုံးခဲ့ရင်တောင် သူတို့ဘက်ကိုလည်း အထိနာသွားစေရမယ်"

"ဟွာရှားနိုင်ငံရဲ့ အရန်နိုင်ငံခြားငွေက ၃.၂ထရီလီယံရှိတယ်ဆိုပေမဲ့ ဒီတစ်ခါ ငါတို့ပြင်ထားတာက သူတို့ထက် ဆယ်ဆကျော်ပိုများတယ်လေ။ ငါတို့ဘက်က အကြွေးစနစ်တောင် သုံးစရာမလိုဘူး၊ ပိုက်ဆံနဲ့ပစ်ပေါက်ရုံနဲ့တင် သူတို့ကို ချေမှုန်းနိုင်တယ်"

"ဟားဟားဟား... ဒါဆိုရင် ငါတို့ရဲ့ဥရောပဌာနကပဲ အရင်စလိုက်မယ်"

"ဘယ်သူပဲဖြစ်ဖြစ် ငါတို့ရဲ့သဘောတူညီချက်အရ ဒီစစ်ဆင်ရေးပြီးသွားရင် ရလာတဲ့အမြတ်တွေကို စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ခွဲယူကြမှာနော်"

"ကိစ္စမရှိဘူး"

ဥရောပဌာန၏ခေါင်းဆောင်က တိုက်ခိုက်မှုစတင်ရန်အတွက် ပြင်ဆင်လိုက်တော့သည်။

"ကဲ... သူတို့ရဲ့ငွေလဲနှုန်း ထိုးကျသွားအောင် ‘အကြီးစား ရှယ်ယာရောင်းချမှု'နဲ့ စလိုက်ကြရအောင်"

All Chapters