သူတို့က အဆင့်နိမ့်ကျွန်တွေ
Vol. 43 Ch. 632
"မစ္စတာကျန်း.. ကျွန်တော်တို့ ခင်ဗျားကိုစောင့်နေတာကြာပြီ။ နောက်ဆုံးတော့ ရောက်လာပြီပေါ့"
ရွှေရောင်ဆံပင်ပိုင်ရှင် နိုင်ငံခြားသားတစ်ယောက်က ကျန်းမုန့်လောင်ကို အင်္ဂလိပ်စကားဖြင့် နှုတ်ဆက်လိုက်သည်။ သူက အသက်သုံးဆယ်ဝန်းကျင်ရှိကာ အလွန်ငယ်ရွယ်သဖြင့် သူ့ကိုဝိုင်းထားသည့် သက်ကြီးရွယ်အိုများနှင့်ယှဉ်လိုက်လျှင် သူမတူသောရောင်ဝါတစ်ခုကို ပိုင်ဆိုင်ထားသည်။
ကျန်းမုန့်လောင်လည်း သူ့ကို တစ်ချက်ကြည့်လိုက်၏။
အမည် : မွန်ဂိုမာရီဒိုးလ်
မျိုးနွယ်စု : လူသား
အဆင့်အတန်း : ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုသုတေသနအသင်း၏ဥက္ကဋ္ဌ
အလားအလာညွှန်ကိန်း : ၉
ပါရမီ : ဘာသာစကားများ၊ ရှေးဟောင်းဘာသာစကားများ
ကျွမ်းကျင်သူ : ဘာသာစကားကျွမ်းကျင်သူ၊ ရှေးဟောင်းသုတေသနကျွမ်းကျင်သူ
အကဲဖြတ်ချက် : အရည်အသွေးမြင့်လူသားအဖြစ် အရည်အချင်းပြည့်မီရုံမျှသာ
"ရယ်ရတယ်"
ကျန်းမုန့်လောင်က အကျယ်ကြီးအော်ရယ်လိုက်သည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အကဲဖြတ်နိုင်စွမ်းမှာ ခါတိုင်းလို ထိထိမိမိရှိလှသည်။
သို့သော် မွန်ဂိုမာရီထံတွင် ထူးခြားလှသော အရာတစ်ခု ရှိပေသည်။ ရှေးဟောင်းယဉ်ကျေးမှုများကို လေ့လာခြင်းမှာ အသိပညာစုဆောင်းခြင်းအပေါ် မူတည်နေသည်။ ပုံမှန်ဆိုလျှင် နာမည်ကျော်ပညာရှင်များမှာ အသက်အရွယ်တော်တော်ရနေပြီဖြစ်ပြီး ရှေးဟောင်းသုတေသနပိုင်ရှင်အများအပြားမှာ အသက်ခုနစ်ဆယ်ရှစ်ဆယ်ထိတိုင် တူးဖော်လေ့လာမှုများ ပြုလုပ်နေကြဆဲပင်။
ဤမျှငယ်ရွယ်လှသော အမျိုးသားတစ်ယောက်က ကမ္ဘာ့ရှေးဟောင်းသုတေသနအသင်း၏ ဥက္ကဋ္ဌဖြစ်နေခြင်းမှာ ဤလူသည် အမှန်တကယ်ကျွမ်းကျင်ပြီး အသိပညာကြွယ်ဝသူဖြစ်ကြောင်း ပြသနေသည်။
"မစ္စတာကျန်း.. ဒီလူက ကမ္ဘာ့ရှေးဟောင်းသုတေသနအသင်းရဲ့ဥက္ကဋ္ဌ မွန်ဂိုမာရီဒိုးလ်ပါ"
ဒါရိုက်တာကျူးက မိတ်ဆက်ပေးလိုက်သည်။
"အဲဒါက ဘယ်လိုအဖွဲ့အစည်းမျိုးလဲ။ ပိုက်ဆံပေးပြီး ဝင်လို့ရတဲ့ နေရာမျိုးတော့ မဟုတ်ဘူးမလား"
ကျန်းမုန့်လောင်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
"မစ္စတာကျန်း.. ရှေးဟောင်းသုတေသနအသင်းက အခုလက်ရှိ ကမ္ဘာပေါ်မှာ ဩဇာအာဏာအကြီးဆုံး ရှေးဟောင်းသုတေသနအဖွဲ့အစည်းတစ်ခုပါ။ ဒီအဖွဲ့အစည်းကို ၁၉ရာစုအစောပိုင်းတုန်းက တည်ထောင်ခဲ့ပြီး နှစ်ပေါင်းနှစ်ရာကျော် သမိုင်းကြောင်းရှိပါတယ်။ ဒီကာလအတွင်းမှာ သူတို့က ရှေးဟောင်းလူသားအမွေအနှစ်တွေအများကြီးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်"
"မွန်ဂိုမာရီက… စကိုဒါလို့ခေါ်တဲ့ ရှေးဟောင်းယဉ်ကျေးမှုကို လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက သူ့ဦးဆောင်မှုအောက်မှာ ရှာဖွေဖော်ထုတ်ခဲ့တာပါ။ သူ့ရဲ့ဘာသာစကားစွမ်းရည်က အရမ်းကောင်းပါတယ်။ ရှေးဟောင်းမျိုးနွယ်စုရှစ်ခုရဲ့ဘာသာစကားတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါက လူသားမျိုးနွယ်အတွက် ရှေးဟောင်းသမိုင်းကြောင်းတွေကို လေ့လာရာမှာ အရမ်းအထောက်အကူဖြစ်တာပါ"
"ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဥက္ကဋ္ဌဖြစ်လာတာကိုး"
ကျန်းမုန့်လောင် ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။
ရှေးဟောင်းယဉ်ကျေးမှုများကို ရှာဖွေတွေ့ရှိခြင်းမှာ အထင်ကြီးစရာကိစ္စတော့မဟုတ်ပေ။ ကံကောင်းပါက တစ်ခုတလေကို တူးဖော်တွေ့ရှိနိုင်သည်။
သို့သော် ဤမျှဖြင့် မလုံလောက်ပေ။ မိမိတွေ့ရှိထားသည့် အရာများကိုလည်း ထုတ်ဖော်ရှင်းလင်းနိုင်ရမည်။ ဤပစ္စည်းများမှာ ရှေးဟောင်းပစ္စည်းများဖြစ်လေရာ ထုတ်ဖော်ရှင်းလင်းမှုမရှိပါက သူတို့၏အရေးပါမှုကို ဆုံးရှုံးသွားနိုင်သည်။ ဤရှေးဟောင်းစာများကို နားလည်ခြင်းကသာ လူသားမျိုးနွယ်အတွက် အမှန်တကယ်အရေးကြီးသည်။
"တွေ့ရတာဝမ်းသာပါတယ် မစ္စတာမွန်ဂိုမာရီ"
ကျန်းမုန့်လောင်က ဝတ်ကျေတမ်းကျေလက်ဆွဲနှုတ်ဆက်လိုက်၏။
"မစ္စတာကျန်း… တစ်ခါတုန်းက ကျွန်တော် ဒီမြို့နဲ့ဆင်တူတဲ့ ရှေးဟောင်းဥရောပယဉ်ကျေးမှုအမွေအနှစ်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ဘာသာစကားကို နားလည်နိုင်ဖို့အတွက်လည်း ငါးနှစ်လောက် အချိန်ယူခဲ့ရတယ်။ ဒီတော့ ဒီမျိုးနွယ်စုတွေအကြောင်း ကောင်းကောင်းနားလည်ပါတယ်"
"ဪ ဒါဆို မစ္စတာမွန်ဂိုမာရီက အရမ်းအထင်ကြီးဖို့ကောင်းတာပဲ"
"မစ္စတာကျန်းရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်မယူရဲပါဘူးဗျာ"
မွန်ဂိုမာရီက ကျိုးနွံစွာ ပြောလိုက်သော်လည်း သူ့မျက်နှာကတော့ နည်းနည်းလေးသော်မှ ရှက်ဟန်မပြပေ။
"ဒီအမွေအနှစ်ကို ခင်ဗျားရဲ့ဘိုးဘေးတွေက ထားရစ်ခဲ့တာလို့ကြားတယ်။ ဒီတော့ ခင်ဗျားအနေနဲ့ ဒီရှေးဟောင်းမြို့အကြောင်း ကောင်းကောင်းသိမှာ သေချာတယ်။ ခင်ဗျားဆီကတစ်ဆင့် ဒီအမွေအနှစ်အကြောင်းကို ပိုနားလည်ခွင့်ရပြီး အရင်က ကျွန်တော်ရှာတွေ့ထားတဲ့ အမွေအနှစ်အကို စစ်ဆေးအတည်ပြုချင်ပါတယ်"
မွန်ဂိုမာရီ၏စကားများက ယဉ်ကျေးပြီး လေးစားမှုရှိသော်ငြား ထိုစကားများ၏နောက်ကွယ်တွင် ကျန်းမုန့်လောင်က ဤအမွေအနှစ်အကြောင်း နှံ့နှံ့စပ်စပ်သိထားသူဖြစ်ကြောင်း အသိအမှတ်ပြုထားလေသည်။
ဤအမွေအနှစ်က သူ့ဘိုးဘေးများ ဖန်တီးခဲ့သည်ဆိုပါက အတွင်းပိုင်းဖွဲ့စည်းပုံ၊ ယဉ်ကျေးမှုနှင့် စာအရေးအသားများကိုလည်း ကောင်းကောင်းသိရမည်ဟု ဆိုလိုခြင်းပင်။
သို့သော် ဤအရာများကိုသာ ရှင်းမပြနိုင်ပါက နှစ်ပေါင်းငါးထောင်သမိုင်းကြောင်းဟူသည့် စကားများမှာ လေလုံးထွားရုံသက်သက်သာဖြစ်ပြီး ဟွာရှားလူမျိုးများက သူတို့ကိုယ်သူတို့ အတင်းအကျပ်ကြီးကျယ်ပြနေသလို ဖြစ်သွားပေလိမ့်မည်။ ဤသည်မှာ မျက်နှာပျက်စရာပင်။
သို့သော် တကယ်တမ်းတွင်မူ ဤအရာများကို သူ့ဘိုးဘေးများက ဤအမွေအနှစ်များကို ဖန်တီးထားသည့်တိုင် စစ်ဆေးအတည်ပြုချက်များအရ ဤမြို့ကို လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာတုန်းက မြေအောက်ထဲတွင် မြုပ်နှံထားခဲ့ခြင်းဖြစ်လေရာ ကျန်းမုန့်လောင်မဆိုထားနှင့်။ သူ့ဘိုးဘေးများ အသက်ရှင်နေသေးလျှင်ပင် ဤမြို့အကြောင်း အချက်အလက်များကို မှတ်မိနိုင်မည်မဟုတ်။
ထို့ပြင် ငါးနှစ်ကြာသုတေသနလုပ်ပြီးနောက် မွန်ဂိုမာရီသည် အဆောက်အအုံများနှင့် ရှေးဟောင်းလက်နက်များအကြောင်း ကျွမ်းကျင်ပိုင်နိုင်ခြင်းမရှိသော်ငြား ကျန်းမုန့်လောင်ထက်တော့ ပိုနားလည်ထားသည်ဟု သူကိုယ်သူယုံကြည်ထားသည်။
...
"ဒီနေရာက ဆင်းရဲသားရပ်ကွက်တစ်ခုပဲ"
ကျန်းမုန့်လောင်က လမ်းလျှောက်ရင်း သူ့စိတ်အာရုံထဲရှိ အချက်အလက်များကို အခြေခံ၍ ပြောပြလိုက်သည်။
"ဒီမြို့ကြီး အထွတ်အထိပ်ရောက်နေတုန်းက လူပေါင်းနှစ်သိန်းကျော်ရဲ့ နေအိမ်ဖြစ်ခဲ့တယ်။ သာမန်နေထိုင်သူတွေအတွက် အိမ်ခြေပေါင်းခုနစ်ထောင်ရှစ်ထောင်လောက် ဆောက်လုပ်ခဲ့ကြတယ်"
"ဒီနေရာကတော့ မွေးမြူရေးခြံပေါ့။ ကျုပ်ရဲ့ဘိုးဘေးတွေက ဒီနေရာမှာ အသုံးပြုလို့ရနိုင်တဲ့ တောရိုင်းတိရစ္ဆာန်၁၂မျိုးကို မွေးမြူခဲ့တယ်"
"ဪ.. ဒီဘက်မှာတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကထားပြီး စိုက်ပျိုးတဲ့ စိုက်ခင်းကြီးတစ်ခုရှိတယ်"
...
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် တော်တော်များများက မူလပုံစံကိုပင် မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားသည်။ အထူးသဖြင့် ဤမွေးမြူရေးနှင့် စိုက်ပျိုးရေးနယ်မြေများမှာ အပေါ်ယံကြည့်လျှင် မြေအလွတ်များဟုသာ ထင်ရသည်။
သို့သော် အစွန်းနားရှိ အမှတ်အသားများနှင့် ရှေးဟောင်းစာလုံးများကို အခြေခံကြည့်ပါက ကျန်းမုန့်လောင်ပြောသမျှ အရာတိုင်းက မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ ဤမြို့ကို လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာတုန်းက မြေအောက်တွင် ချိတ်ပိတ်ထားခဲ့ခြင်းပင်။ ဤမြို့က သူ့မိသားစုအပိုင်မှန်လျှင်ပင် ဒီဇိုင်းပုံကြမ်းကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခြင်းလေလား။
ကျန်းမုန့်လောင်၏မိတ်ဆက်စကားကြောင့် ရှေးဟောင်းသုတေသနပညာရှင်များမှာ စိတ်ဝင်တစားဖြစ်သွားကြသည်။ တချို့လူများခမျာ ယနေ့လာရောက်ရသည့် ရည်ရွယ်ချက်မှာ ကျန်းမုန့်လောင်ကို မျက်နှာပျက်အောင်လုပ်ဖို့ဆိုသည်ကိုပင် မေ့လျော့သွားကြသည်။ ထိုအစား သူတို့က ဤဇာတ်လမ်းများနှင့် ဖော်ပြချက်များထဲဝယ် အာရုံနစ်မြောသွားချေသည်။
"တကယ်တော့ ခင်ဗျားတို့လည်း သတိထားမိမှာပါ။ ရှေးခေတ်အီဂျစ်နဲ့ ဘေဘီလုံအမွေအနှစ်တွေရဲ့ ဗိသုကာပုံစံအများစုက ဒီမြို့နဲ့ နည်းနည်းဆင်တူနေတယ်"
"အမှန်ပဲ"
ပညာရှင်များက ခေါင်းတညိတ်ညိတ်လုပ်လိုက်ကြသည်။ ထိုအဆောက်အအုံများတွင် ဤမြို့၏အရိပ်အယောင်များကို တွေ့ရသည်မှာ အမှန်ပင်။ လူသားကမ္ဘာ၏ အံ့ဖွယ်တစ်ခုဟု နာမည်ကြီးသော ပိရမစ်များပင် ဤနေရာရှိ ဗဟိုနန်းတော်ကို ရည်ညွှန်း၍ ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။
"တကယ်တော့ အဲဒီအမွေအနှစ်တွေက ကျုပ်တို့မြို့တော်ကနေ ခွဲထွက်သွားတဲ့ ကျွန်တွေနဲ့ လက်အောက်ခံမျိုးနွယ်စုတွေက တည်ထောင်ခဲ့တာပါ"
ကျန်းမုန့်လောင်က ထိတ်လန့်တုန်လှုပ်ဖွယ်စကားတစ်ခွန်းကို ဆိုလိုက်လေသည်။
"မစ္စတာကျန်း… ခင်ဗျား ဒီလိုလက်လွတ်စပယ်ပြောလို့မရဘူးလေ။ ကျွန်တော်တို့အနေနဲ့ ဟွာရှားအမွေအနှစ်ကို လေးစားပါတယ်။ ဒါပေမဲ့ အဲဒီအမွေအနှစ်တွေကို ဟွာရှားနိုင်ငံရဲ့ကျွန်တွေနဲ့ လက်အောက်ခံမျိုးနွယ်စုတွေက တိုးတက်ပြောင်းလဲထားတာလို့ ပြောနေတာကတော့ နည်းနည်းမသင့်တော်ဘူးမလား"
"ကျုပ်က အရှိကိုအရှိအတိုင်းပြောနေတာပါ"
ကျန်းမုန့်လောင်ကမူ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
"ခင်ဗျားတို့နိုင်ငံရဲ့ စကိုဒါအမွေအနှစ်ကလည်း ကျုပ်တို့ရဲ့ကျွန်မိသားစုတစ်စုက တည်ထောင်ခဲ့တာ"
ထိုလူ၏မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားသည်။
စကိုဒါအမွေအနှစ်ကို သူတို့နိုင်ငံထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူ ဂုဏ်အယူရဆုံးအောင်မြင်မှုများထဲမှ တစ်ခုလည်းဖြစ်၏။ ထိုအမွေအနှစ်က ဥရောပမျိုးနွယ်စုအားလုံး၏ အနှစ်သာရဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်းသုံးထောင်အထိ ခြေရာခံနိုင်သည်ဟုပင် ဆိုထားသည်။
သို့သော် ယခုမူ ထိုအမွေအနှစ်က သူတို့၏ကျွန်များ ဖန်တီးခဲ့သော အမွေအနှစ်များဟု ကျန်းမုန့်လောင်က ဆိုလာပေသည်။ သူတို့က ကျွန်မျိုးဆက်တွေတဲ့လား။ မည်သူကများ ထိုစကားကို လက်ခံနိုင်မည်နည်း။
"မစ္စတာကျန်း.. ခင်ဗျား ခုနတုန်းကပြောခဲ့တာနဲ့ ရှေ့နောက်မညီဘူးနော်"
မွန်ဂိုမာရီက ပြောလိုက်လေသည်။
"ခင်ဗျားရဲ့ကျွန်မျိုးရိုးတွေမှာ သင်္ကေတအဖြစ် ရွှေရောင်အမှတ်တံဆိပ်ကို သုံးကြတယ်ဆို။ ဒါပေမဲ့ ကျွန်တော်တို့စကိုဒါအမွေအနှစ်ထဲမှာ ဒီလိုအမှတ်တံဆိပ်မျိုးကို လုံးဝမတွေ့မိပါဘူး"
"ဟုတ်တယ်။ ကျုပ်လည်း ဒီအကြောင်းသက်သေခံနိုင်တယ်"
"ကျုပ်တို့တွေအားလုံး အဲဒီနေရာကိုရောက်ဖူးတယ်။ အဲဒီမှာ ဘာရွှေရောင်အမှတ်အသားမှမရှိဘူး"
မွန်ဂိုမာရီက တစ်ဖက်လူ၏ အလိမ်အညာများကို ဖော်ထုတ်လိုက်နိုင်သည့်အလား ပြုံးလိုက်ရင်း ဤအဖြစ်မှ ကျန်းမုန့်လောင် မည်သို့ရုန်းထွက်မလဲဆိုသည်ကို သိချင်နေမိသည်။
သို့သော် ကျန်းမုန့်လောင်ကတော့ သရော်ပြုံးပြုံးလေသည်။
"ခင်ဗျားတို့တွေ မသိသေးတဲ့အချက်တစ်ခု ရှိလောက်တယ်။ အစေခံတွေအားလုံးက ကျုပ်တို့ကျန်းမိသားစုရဲ့ အစေခံဖြစ်ဖို့ အရည်အချင်းရှိတာမဟုတ်သလို ကျုပ်မိသားစုရဲ့အမှတ်တံဆိပ်ကို လူတိုင်းသုံးလို့ရတာမဟုတ်ဘူး"
"ဒီမြို့ထဲမှာ ကျွန်တွေကိုတောင် အဆင့်အတန်းခွဲခြားထားတယ်။ ကျန်းမိသားစုရဲ့ကျွန်ဖြစ်ပြီး မျိုးနွယ်စုအမှတ်တံဆိပ်ကို သုံးခွင့်ရတာက အပြင်လောကထဲက အထက်တန်းလွှာတွေထက်တောင် အဆင့်အတန်း ပိုမြင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။
"ဒီတော့ နားလည်အောင်ပြောရရင် ခင်ဗျားတို့ရဲ့အမွေအနှစ်ကို တည်ထောင်ခဲ့တဲ့လူတွေက ဒီမြို့ထဲက အဆင့်နိမ့်ကျွန်တစ်စုမို့လို့ ကျုပ်တို့မျိုးနွယ်စုအမှတ်တံဆိပ်ကို သုံးခွင့်လည်းမရှိသလို ကိုးကွယ်ခွင့်လည်းမရှိဘူး"