ဒီလောက်လေးနဲ့ ကြောက်သွားတာလား
Vol. 43 Ch. 633
"ဟားဟား"
မျက်နှာပျက်သွားသည့် မွန်ဂိုမာရီကိုကြည့်ရင်း ဒါရိုက်တာကျူးလည်း စိတ်ထဲက ခပ်ကျိတ်ကျိတ်ရယ်လိုက်မိသည်။
ဤလူများက ကျယ်ပြန့်လှသော သူတို့၏အတွေ့အကြုံနှင့် သာလွန်သော ဗဟုသုတများကို အားကိုးပြီး သူတို့ကို အမြဲ အထက်စီးဆန်ဆန် ဆက်ဆံခဲ့ကြသည်။ ဤရှေးဟောင်းအမွေအနှစ် တူးဖော်ရေးတွင် သူတို့ လာရောက်ပါဝင်ပေးခြင်းကပင် ဟွာရှားနိုင်ငံအတွက် ဂုဏ်ယူစရာကိစ္စကြီးတစ်ခုအလားပင်။
သူတို့၏အကူအညီမပါပါက ဤရှေးဟောင်းအမွေအနှစ်တွင် စစ်တမ်းကောက်ယူရေးနှင့် သုတေသနလုပ်ငန်းများကို လုပ်နိုင်မည်မဟုတ်သည့်အလားပင်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဒါရိုက်တာကျူးလည်း အစတုန်းက ဘာမျှော်လင့်ချက်မှမထားခဲ့ပေ။ ကျန်းမုန့်လောင်၏ဘိုးဘေးများက ဤအမွေအနှစ်ကို တည်ဆောက်ခဲ့ခြင်းဟုတ်မဟုတ် သူ သေချာမသိချေ။ နှစ်ပေါင်းငါးထောင်သက်တမ်းရှိသော မိသားစုတစ်ခုဆိုသည်မှာ ရုပ်ရှင် သို့မဟုတ် ဝတ္ထုဆန်နေပေသည်။
ထို့ပြင် ဤအဆောက်အအုံက နှစ်ထောင်ပေါင်းများစွာကြာအောင် မြေအောက်ထဲတွင် နစ်မြုပ်နေခဲ့သည်။ သူ့ဘိုးဘေးများ တည်ထောင်ထားခဲ့ခြင်းဆိုလျှင်ပင် ဤမြို့၏အတွင်းပိုင်းဖွဲ့စည်းပုံ သို့မဟုတ် မြို့၏ဖွဲ့စည်းပုံကို ကျန်းမုန့်လောင်အနေနှင့် သိချင်မှသိပေလိမ့်မည်။
ဥပမာအနေနှင့် ယနေ့ခေတ် တားမြစ်မြို့တော်ပင်။ ဧကရာဇ်ချန်ကျူးအပါအဝင် ဤတားမြစ်မြို့တော်ကို တည်ထောင်ခဲ့သည့် တော်ဝင်မျိုးနွယ်အများအပြားရှိသည်။
သို့သော် ဤနန်းတော်ကို တစ်ခါမှမရောက်ဖူးသည့် မျိုးဆက်များကို နန်းတော်ပုံစံ သိုမဟုတ် နေရာအသီးသီး၏လုပ်ဆောင်မှုအကြောင်း မေးမြန်းကြည့်ပါက ဆယ်ယောက်မှာ ရှစ်ယောက်ကိုးယောက်လောက်က ဘာမှသိမည်မဟုတ်။
သို့သော် ဤမြို့တော်နှင့်ပတ်သက်ပြီး ကျန်းမုန့်လောင်က ဤမျှအတိုင်းအတာအထိ သိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ အမြဲလိုလိုယုံကြည်မှုပြည့်ဝနေတတ်သော မွန်ဂိုမာရီကိုယ်တိုင်ပင် အပြစ်ရှာစရာမရှိတော့ပေ။ သူ ဂုဏ်ယူဝင့်ကြွားနေသည့် စကိုဒိုအမွေအနှစ်က ကျန်းမုန့်လောင်၏မိသားစုထဲရှိ ကျွန်များ တည်ဆောက်ထားခဲ့သည့် အရာတစ်ခုဖြစ်နေချေသည်။
ရယ်စရာကောင်းသည့်အချက်မှာ သူတို့က သာမန်ကျွန်များပင် မဟုတ်ပါဘဲ ကျန်းမိသားစု၏ မျိုးနွယ်စုအမှတ်တံဆိပ်ကို သုံးခွင့်ပင်မရှိသည့် အဆင့်နိမ့်ကျွန်များ ဖြစ်နေသေးသည်။ ဤသည်မှာ ချင်းချိုးနိုင်ငံတွင် တူးဖော်တွေ့ရှိခဲ့သည့် အမွေအနှစ်ထက်ပင် ပိုအဆင့်နိမ့်နေသေးသည်။
ဤအခြေအနေက ခွေးရူးတစ်ကောင်က လူတစ်ယောက်ကို အသည်းအသန်ထိုးဟောင်နေပါသော်ငြား တကယ်တမ်းတွင် ထိုလူမှာ သူ့သခင်ဖြစ်နေသလိုပင်။ လုံးဝရယ်ချင်စရာကောင်းလှသည်။
ကျန်းမုန့်လောင်၏စကားများက မှန်သလားမှားသလားဆိုသည်ကို ဒါရိုက်တာကျူးမသိပေ။ သို့သော် အမြဲကြီးကျယ်ပြနေခဲ့သော မွန်ဂိုမာရီကို လှောင်ပြောင်ရခြင်းမှာမူ အလွန်စိတ်ကျေနပ်ဖို့ကောင်းလှသည်။
"ကျန်းမုန့်လောင်.. မင်း ငါတို့ယဉ်ကျေးမှုအမွေအနှစ်ကို တောင်းပန်ရမယ်"
မွန်ဂိုမာရီက ဒေါသကြောင့် နီမြန်းလာသော မျက်နှာထားဖြင့် တောင်းဆိုလိုက်သည်။
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်သုတေသနအဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌအနေနှင့် သူသည် ပုဂ္ဂိုလ်ရေးအရည်အချင်း၊ ပညာရေးနှင့် ဇာတိပိုင်းတွင် ကြီးမြတ်သာလွန်သူဖြစ်၏။ သူတို့နိုင်ငံကို ကျွန်များက တည်ဆောက်ထားခြင်းဖြစ်ကြောင်း လူသိရှင်ကြားဖြစ်သွားပါက အဖွဲ့အစည်းထဲတွင် ပြက်ရယ်ပြုခံရပေတော့မည်။
ထို့ပြင် သူ့မျက်လုံးထဲ၌ သူတို့၏ယဉ်ကျေးမှုအမွေအနှစ်က ကြီးကျယ်ခမ်းနားပေသည်။ ထို့ကြောင့် ဤအချက်ကို သူ လက်မခံနိုင်ပေ။
"ကျုပ်က အရှိအတိုင်းပြောနေတာပါ မစ္စတာမွန်ဂိုမာရီ… ခင်ဗျားက ဘာလို့ ဒီလောက်တောင်ဒေါသထွက်နေတာလဲ။ သူတို့က ကျွန်တွေဆိုရင်တောင် အဲဒါက အရင်တုန်းက ကိစ္စတွေလေ။ ဒီနေ့ခေတ်မှာ လူတိုင်းက တန်းတူပါပဲ"
"ကျန်းမုန့်လောင်.. ဒါက ကျုပ်တို့တစ်နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ဆိုင်တဲ့ကိစ္စ"
မွန်ဂိုမာရီက ခပ်မာမာပြောလိုက်၏။
"ဗိသုကာဒီဇိုင်းလေး တူရုံနဲ့ ကျုပ်တို့ရဲ့ကြီးမြတ်တဲ့အမွေအနှစ်ကို ခင်ဗျား အသရေဖျက်နေတာ လွန်သွားပြီလို့မထင်ဘူးလား။ ကျုပ်တို့ဘိုးဘေးတွေက ဒီမြို့က ကျွန်တွေဆိုတာ ဘာအထောက်အထားရှိလို့လဲ"
"သက်သေပြစေချင်တာ သေချာလား"
ကျန်းမုန့်လောင်က မူပိုလေဟန် အမူအရာဖြင့် မေးလိုက်သည်။
"ဒါက ကျုပ်ရှက်ရမဲ့ကိစ္စမဟုတ်ဘူးလေ။ နောက်ဆုံးကျရင် ခင်ဗျားပဲ မျက်နှာပျက်ရမှာ"
"ဒီမြို့က မင်းတို့မိသားစု တည်ဆောက်ထားကြောင်းနဲ့ ကျုပ်တို့ဘိုးဘေးတွေက ဒီမြို့ရဲ့ကျွန်တွေဆိုတာ တကယ်မှန်ကြောင်း သက်သေပြနိုင်ရင် ကျုပ်တို့ရဲ့ဘိုးဘေးတွေက မင်းတို့ဘိုးဘေးတွေရဲ့ ကျွန်တွေဆိုတာကို ကျုပ် ဝန်ခံမယ်"
မွန်ဂိုမာရီကလည်း ထိုသို့ပြန်ပြောရင်း မျက်နှာတစ်ခုလုံးနီမြန်းနေချေသည်။
"ဒါပေမဲ့ သက်သေမပြနိုင်ဘူးဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းက မီဒီယာတွေရှေ့မှာ မင်းက လူလိမ်တစ်ယောက်ဆိုတာကို ဝန်ခံပြီး ကျုပ်တို့ရဲ့ ကြီးမြတ်တဲ့အမွေအနှစ်ကို ပြန်တောင်းပန်ရမယ်"
"ကောင်းပြီလေ"
ကျန်းမုန့်လောင်က ပြုံးလိုက်၏။
"ဒါပေမဲ့ ကျုပ် သက်သေပြနိုင်ခဲ့ရင် ခင်ဗျား ကျုပ်ကို 'သခင်'လို့ ခေါ်မှာလား"
"လက်ခံတယ်"
"သိပ်ကောင်းတယ်"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။
"ဒါဆို အားလုံး ကျုပ်နောက်ကို လိုက်ခဲ့ပေးပါဦး။ ပြီးတော့ သတင်းထောက်တွေကိုလည်း မျက်မြင်သက်သေအဖြစ် နေပေးစေချင်တယ်။ နောက်မှ သူ့ဘက်က ငြင်းနေမှာစိုးရတယ်"
မီဒီယာများမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။ ယခုလိုစိတ်လှုပ်ရှားဖို့ကောင်းသော သတင်းမျိုးကို သူတို့အနေနှင့် လက်ဦးမှုရယူနိုင်ပါက အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်နိုင်လိမ့်မည်သာ။
"ဟမ့်.. မင်းသာ တကယ်သက်သေပြနိုင်ခဲ့ရင် ငါလည်း အရှုံးကို လက်ခံနိုင်တယ်"
"ကဲ.. အခု ကျုပ်ဘိုးဘေးတွေရဲ့ ရဲတိုက်ထဲကို လိုက်ခဲ့ပေးပါ"
ကျန်းမုန့်လောင်က အလယ်တည့်တည့်ရှိ ပိရမစ်ပုံစံရှိသော ခံတပ်ကြီးတစ်ခုဆီသို့ ဦးဆောင်သွားလေသည်။
ဤအမွေအနှစ်ကို မည်သည့်နိုင်ငံက ပိုင်ဆိုင်သည်ဖြစ်စေ လူတိုင်း၏မျက်လုံးထဲဝယ် အံ့ဩမှုနှင့် တောင့်တမှုတို့ဖြင့် ပြည့်နှက်သွားသည်။ ဤမျှခမ်းနားထည်ဝါလှသော သမိုင်းကြောင်းက လူတိုင်း၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။
"ဒီရဲတိုက်က အမြင့်ပေပေါင်း၆၆.၆၆မီတာရှိပြီး အထပ်ကတော့ ရှစ်ထပ်ရှိတယ်။ အောက်ဆုံးကနေ ထိပ်ဆုံးအထပ်အထိ စက်မှု၊ ဖျော်ဖြေရေး၊ သိုလှောင်ရေးနဲ့ နေထိုင်ရေးဧရိယာတွေဆိုပြီး အဆင့်လိုက်ရှိတယ်။ ဒါတွေအားလုံးက ကျုပ်တို့ကျန်းမိသားစုရဲ့ အမွေအနှစ်နဲ့ ဉာဏ်ပညာကို ဖော်ညွှန်းနေတာပါပဲ"
"ဒီနေရာက ဘာကြီးလဲ"
ပညာရှင်တစ်ယောက်က ဘောလုံးကွင်းတစ်ခုနီးနီး ကြီးမားလှသော အခန်းတစ်ခန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။
အခန်းထဲတွင် ကြီးမားလှသော ကိရိယာများစွာ ရှိသော်ငြား ပုံသဏ္ဌာန်ထူးဆန်းလှသော ထိုအရာများက ဘာတွေလဲဆိုသည်ကို မည်သူမှမသိကြချေ။
"လက်နက်..သတ္တု..ဖန်တီးမှု…"
မွန်ဂိုမာရီက အခန်းအပြင်ဘက်ရှိ ကျောက်ပြားများပေါ်မှ ကမ္ပည်းစာများကိုဖတ်ပြီး စကားလုံးတချို့၏အဓိပ္ပာယ်ကို ချက်ချင်းဖော်ထုတ်လိုက်၏။
"ကြည့်ရတာ ဒီနေရာက လက်နက်ဖန်တီးတဲ့နေရာထင်တယ်"
"မှန်တယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်လေသည်။
"မစ္စတာမွန်ဂိုမာရီက ကျုပ်ဘိုးဘေးတွေတည်ထောင်ခဲ့တဲ့ အမွေအနှစ်တွေကို ထဲထဲဝင်ဝင်နားလည်နေပုံပဲ"
မွန်ဂိုမာရီလည်း အလွန်အံ့ဩသွားရသည်။ စကိုဒါအမွေအနှစ်မှ ရရှိခဲ့သော စာသားများမှာ ဤမြို့နှင့် အနည်းငယ်ကွဲလွဲမှုရှိသော်လည်း ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ဆင်တူနေသည်။
သမိုင်းကြောင်းအရကြည့်လျှင် ဘယ်လိုကြည့်ကြည့် သူတို့၏စကိုဒါအမွေအနှစ်က ဤမြို့နှင့် ရှုပ်ထွေးပွေလီစွာ ဆက်နွှယ်နေသည်။ ဤမြို့က ခွဲထွက်သွားခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။
ရုတ်ခြည်းပင် သူ နည်းနည်းစိတ်ဓာတ်ကျသွားသလို ခံစားရသည်။
"ကျုပ်တို့ ဝင်ကြည့်လို့ရမလား"
"မစ္စတာကျန်း ဓာတ်ပုံရောရိုက်လို့ရလား"
"ရတာပေါ့"
ကျန်းမုန့်လောင်ကလည်း ခေါင်းညိတ်ပြသည်။ ဤပစ္စည်းများက သူ့အတွက်တော့ တန်ဖိုးမရှိပေ။ ဓာတ်ပုံရိုက်ခြင်းက အဆောက်အအုံကို ထိခိုက်စေလျှင်ပင် ဂရုစိုက်မည်မဟုတ်။ ဤပစ္စည်းများကို သူ့ဘိုးဘေးများ ချန်ထားရစ်ခဲ့သည်မှာ မှန်သော်ငြား သူဆက်ခံထားသော အမွေများက များပြားလွန်းလှသောကြောင့် တစ်ခုနှစ်ခုလျော့သွားလည်း ပြဿနာမရှိချေ။
"မစ္စတာကျန်း ဒါက.."
ဒါရိုက်တာကျိုး စိုးရိမ်သွားသည်။
ဒါကို မင်းရဲ့ပိုင်ဆိုင်မှုလို့များ တကယ်ကြီးမှတ်ယူထားတာလား…
ဤအရာကို နိုင်ငံတော်က တူးဖော်တွေ့ရှိထားသည်ဖြစ်ရာ ယခုအချိန်တွင် နိုင်ငံတော်က ပိုင်ဆိုင်သွားပြီဖြစ်၏။ သူ့အနေနှင့် ဆုံးဖြတ်ချက်ချ၍မရပေ။ တစ်ခုခုပျက်စီးသွားခဲ့ပါက မည်သူက တာဝန်ယူမည်နည်း။
"ဟူး..ထားလိုက်ပါတော့…ထားလိုက်ပါတော့"
ကျန်းမုန့်လောင်ကလည်း ရယ်သည်။
"အားလုံးပဲ.. ဓာတ်ပုံမရိုက်ပါနဲ့တော့။ အခုလောလောဆယ်တော့ ဒါက ကျုပ်တို့ဟွာရှားနိုင်ငံပိုင်ပဲ။ ဒါက ကျုပ်တို့မိသားစုရဲ့ပိုင်ဆိုင်မှုဆိုတာကို သက်သေမပြနိုင်သေးဘဲနဲ့တော့ ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူးလေ။ ပတ်ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်"
"အလင်းရောင်ရှိလား။ ဒီထဲမှာ တော်တော်မှောင်တာပဲ"
"ငတုံး.. လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်တုန်းက မြို့တစ်မြို့ပါဆိုမှ.. ဒါမျိုးတွေ လာမေးနေသေးတာလား။ ဦးနှောက်ပျက်နေတာလား"
"ဟားဟားဟား..ခေတ်မီမြို့ပြကြီးတွေမှာ နေလာတာကြာသွားတော့ ရှေးဟောင်းမြို့တော်ထဲကို ရောက်နေတယ်ဆိုတာတောင်မေ့သွားတယ်"
"လမ်းဖယ်ပေး.. ကျုပ် မီးဖွင့်ပေးမယ်"
ထိုအချိန်မှာပင် ကျန်းမုန့်လောင်က အခန်း၏ဘေးနားသို့လျှောက်သွားပြီး ဖောင်းကြွနေသော ကျောက်တုံးတစ်တုံးကို ဖိချလိုက်၏။
ကျောက်တုံးများ ရွေ့လျားသွားသည့် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် လူတိုင်း အံ့ဩနေသည့်ကြားဝယ် အလင်းရောင်တစ်ခုက အခန်း၏ထိပ်နားမှ ထွက်ပေါ်လာပြီး တဖြည်းဖြည်းလင်းလက်လာကာ တစ်ခန်းလုံး လင်းထိန်သွားလေတော့သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်တုန်းက မြို့တစ်ခုထဲမှာ မီးအလင်းရောင်ရှိတယ်ပေါ့"
"မိုက်လိုက်တာ"
"ဘုရားရေ"
"ဘာလဲဟ"
"သောက်ကျိုးနည်း"
"အမလေးလေး"
ပညာရှင်များအားလုံး တအံ့တဩရေရွတ်လိုက်ကြသည်။ အက်ဒီဆင်က လျှပ်စစ်မီးသီးကို ဘယ်အချိန်တုန်းက တီထွင်ခဲ့သလဲ။ ထိုအချိန်မှာ ၁၉ရာစုဖြစ်၏။ သို့တိုင် လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်က မီးအလင်းရောင်ရှိသတဲ့လား။
လက်ရှိအချိန်တွင်မူ ကျန်းမုန့်လောင်၏မိသားစုက ဂြိုလ်သားများ ဖြစ်နေမလား သို့မဟုတ် ခေတ်သစ်မှ အချိန်ခရီးသွားများ ဖြစ်နေမလားဟုပင် သံသယဝင်မိကြလေပြီ။
ကျန်းမုန့်လောင်က သူ့လက်ထဲရှိ ဖုန်မှုန့်များကို ခါချလိုက်သည်။
"အဲဒါက လေထဲက အောက်စီဂျင်နဲ့ထိတွေ့လိုက်တာနဲ့ အလင်းရောင်ကိုထုတ်လွှတ်ပေးနိုင်တဲ့ ဓာတ်ပစ္စည်းကို လှုံ့ဆော်ပေးနိုင်တဲ့ ရှားပါးကျောက်မျက်တစ်ခုလေ"
"လာနောက်နေတာလား။ ဒီလောက်နဲ့တင် လန့်သွားတယ်လို့တော့ လာမပြောနဲ့နော်"