ကျုပ် ထပ်ပြီးသက်သေပြဖို့လိုသေးလား
Vol. 43 Ch. 636
"ဟားဟားဟား"
"ကျုပ်သိသားပဲ။ မစ္စတာကျန်းက နာမည်ကြီးဖို့အတွက်နဲ့ ဒီလိုနည်းလမ်းမျိုးကို သုံးစရာမှမလိုတာ"
"ဟုတ်ပါ့။ ဒါက ကျုပ်တို့ဟွာရှားယဉ်ကျေးမှုရဲ့ အခြေခံလုပ်ဆောင်ချက်လေးတစ်ခုပဲ"
"သာမန်အမဲလိုက်လှံတံလေးတစ်ချောင်းက အနောက်တိုင်းဒဏ္ဍာရီထဲကို ရောက်သွားတော့ ဘယ်လိုလုပ်ပြီး ထာဝရလှံတံဆိုပြီး ဖြစ်သွားတာလဲ"
"အစုလိုက်အပြုံလိုက်ထုတ်လုပ်တဲ့ သာမန်ပစ္စည်းတစ်ခုကိုတောင် ဒဏ္ဍာရီလာရတနာတစ်ပါးလိုမျိုး သဘောထားနေကြတာ။ ဟားဟားဟား… ကျုပ်ကတော့ အစွမ်းထက်လက်နက်တစ်ခုခုများလားလို့"
"ရယ်စရာအကောင်းဆုံးကတော့ သူတို့က အဲဒါကို သူတို့ရဲ့နိုင်ငံ့ရတနာလို့ ထင်နေတဲ့အရာက ကျုပ်တို့ဟွာရှားဘိုးဘေးတွေ ဖန်တီးထားတာတဲ့။ ရယ်စရာကောင်းလိုက်တာ"
အစောတုန်းက လှောင်ပြောင်ရယ်မောခံခဲ့ရသော ဟွာရှားပညာရှင်များနှင့် သတင်းထောက်များမှာ ချက်ချင်းပင် ပြန်တိုက်ခိုက်ကြတော့သည်။
အချက်အလက်ခွဲခြမ်းစိတ်ဖြာချက်က မျက်စိရှေ့မှာတင် ရှိနေလေပြီ။ ခေတ်မီလက်မှုပညာဖြင့် ပြုလုပ်ထားသည့် ပစ္စည်းအတုတဲ့လား။ လုပ်နိုင်စွမ်းရှိသည်ဆိုပါက ကိုယ့်ဘာသာသတ္တုကိုအရည်ကျိုပြီး ပုံသွန်းကြည့်ရုံသာ။
"ကျုပ်သိရသလောက်ဆိုရင် ဒီသတ္တုကို ကျုပ်ရဲ့ဘိုးဘေးတွေက အရင်တုန်းက ဥက္ကာခဲကျခဲ့တဲ့နေရာတစ်ခုကနေ တူးဖော်တွေ့ရှိခဲ့တာတဲ့။ ကမ္ဘာပေါ်မှာ ဒါမျိုးနောက်တစ်ခုကို ရှာတွေ့နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ကျုပ်ဘိုးဘေးတွေရဲ့နည်းပညာကလွဲရင် ကမ္ဘာပေါ်က တခြားဘယ်နည်းပညာကမှ ဒါကို အရည်ကျိုပြီး ပုံပြန်သွင်းနိုင်မှာမဟုတ်ဘူး"
ဤသည်မှာ လိမ်ညာနေခြင်းမဟုတ်ပေ။ ယခုအခါတွင် လူသားများက ဒီဂရီထရီလီယံအတိုင်းအတာတစ်ခုရှိသော အပူချိန်ကို ထုတ်လုပ်နိုင်ပြီဖြစ်သော်ငြား ဤမျှမြင့်မားလှသောအပူချိန်ကို အချိန်အကြာကြီး ထိန်းသိမ်းနိုင်ခြင်းမရှိချေ။ ခဏမျှထိန်းသိမ်းထားနိုင်လျှင်ပင် သိသာထင်ရှားလှသော တိုးတက်မှုတစ်ခု ဖြစ်နေလေပြီ။
ထိန်းသိမ်းထားနိုင်ခဲ့လျှင်ပင် တစ်စက္ကန့်လျှင် ကုန်ဆုံးသောစွမ်းအင်ပမာဏက ကြောက်စရာကောင်းလှအောင် များပြားသည်ဖြစ်ရာ လူသားများ ခံနိုင်ရည်ရှိသောအရာမျိုး မဟုတ်ချေ။
သို့သော် အရေးမပါပုံပေါ်သော ဤပစ္စည်းများကို အသုံးပြုပြီး အပူချိန်မြင့်မားလှသော သတ္ထုကို အရည်ကျိုနိုင်လောက်အောင်အထိ ထိုခေတ်တုန်းက လူသားများမှာ မည်မျှအထိဉာဏ်ပညာမြင့်မားခဲ့လေသလဲ။
"ဪ.. စကားမစပ်..ဒီထာဝရလှံတံတစ်ခုတည်းတင် ရှိတာမဟုတ်ဘူး"
ကျန်းမုန့်လောင်က သတ္တုအရည်ကျိုခန်းထဲတွင် လှန်လှောရှာဖွေပြီးနောက် ပစ္စည်းတစ်ခုပြီးတစ်ခု ထုတ်ယူလာသည်။
"ဒါက ခင်ဗျားတို့တွေ 'သေမင်းအနူဘစ်ရဲ့သားမွေး'လို့ခေါ်တဲ့ဟာလေ"
"ပြီးတော့ ဒါက မဟာရောင်ခြည်လှံတံ"
"ဒါက ဟိုးရပ်စ်ရဲ့မျက်လုံး… တကယ်တော့ ဒါကို အဲဒီအချိန်တုန်းက မင်းမျိုးမင်းနွယ်တွေ မျက်နှာဖုံးဖို့သုံးတဲ့ မျက်နှာဖုံးတစ်ခုပဲ။ ခင်ဗျားတို့ပြောသလောက်လည်း ထူးခြားဆန်းကြယ်နေတာမဟုတ်ဘူး"
"ပိုဆိုက်ဒွန်ရဲ့သုံးခွချွန်ခက်ရင်း… ဒါက ပိုဆိုက်ဒွန်နတ်ဘုရားပိုင်တာပါလို့ ပြောဦးမလို့လား"
ကျန်းမုန့်လောင်က လက်နက်တစ်ခုပြီးတစ်ခုကို ကြမ်းပြင်ပေါ်သို့ ချပြလိုက်သည်။ အနောက်တိုင်းဒဏ္ဍာရီထဲတွင် ဖော်ပြထားသော နတ်ဘုရားလက်နက်များအားလုံးကို ဤနေရာမှာ တွေ့နိုင်ပြီး တစ်ခုချင်းစီကလည်း အရေအတွက်တစ်ခုမကပေ။
ထို့ပြင် အမှန်တကယ်စိတ်ပျက်အားငယ်စေသောအရာမှာ ထိုပစ္စည်းများတွင် အမှတ်အသားတစ်ခုစီ ပါနေခြင်းပင်။
"ဟွာရှားတွင် ပြုလုပ်သည်"
သူတို့ ခေါင်းစားသွားရလေပြီ။
ထိုအခိုက်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက သူတို့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ဤရှေးဟောင်းအမွေအနှစ်များက နှစ်ပေါင်းခြောက်ထောင်နီးပါး သက်တမ်းရှိပြီး "ဟွာရှားတွင် ပြုလုပ်သည်"ဟူသော ကမ္ပည်းစာကလည်း လွန်ခဲ့သည့်နှစ်ပေါင်းခြောက်ထောင်ခန့်ကပင်။ သို့သော် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်နှစ်ထောင်ခန့်က ထွက်ပေါ်လာခဲ့သော စကားများမှာ အချိန်စီးကြောင်းထဲဝယ် အလွယ်တကူပျောက်ကွယ်သွားခဲ့သည်။
ဟွာရှားနိုင်ငံတွင် မရေမတွက်နိုင်သော မင်းဆက်များစွာရှိခဲ့ပြီး ယနေ့လက်ရှိ ဟွာရှားနိုင်ငံအဖြစ် တိုးတက်လာခဲ့သည်။ နောက်ကွယ်တွင် မမြင်ရသော လက်တစ်ဖက်က ဤသမိုင်းကြောင်းကို ကြိုးကိုင်နေခြင်းမျိုးများ ဖြစ်နေလေမလား။
ရှင်းရှင်းလင်းလင်းပြောရလျှင် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ဟွာရှားနိုင်ငံကို ယနေ့ထိတိုင် တည်ရှိနေစေရန်နှင့် ကမ္ဘာ့ထိပ်တန်းသို့ တက်လှမ်းနိုင်စေရန် သမိုင်းကြောင်းကို သိမ်သိမ်မွေ့မွေ့လေး ဩဇာလွှမ်းမိုးခဲ့သလား။ ဤအရာအားလုံးက လွန်ခဲ့သည့်နှစ်ပေါင်းခြောက်ထောင်တုန်းက တစ်စုံတစ်ယောက် ကြိုတင်ဟောကိန်းထုတ်ထားသည့်အလား အနာဂတ်ကို ကြိုမြင်ခဲ့ခြင်းလေလား။
အကယ်၍ ထိုသို့ဆိုပါက ကျန်းမိသားစုက စင်စစ်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သူသည် လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ခန့်က စကားတစ်ခွန်းကို ယနေ့ထိတိုင် တည်တံ့နေအောင် ထိန်းသိမ်းနိုင်ပြီး ကမ္ဘာအနှံ့ကိုပါ ပဲ့တင်ထပ်အောင် လုပ်နိုင်ခဲ့သည်။ ဤအဓိပ္ပာယ်ကား နှစ်ပေါင်းထောင်ချီကာလအတွင်း သူပျောက်ကွယ်စေချင်သောအရာများကို အသာလေးပျောက်ကွယ်သွားအောင် လုပ်နိုင်သည်ဟု ဆိုလိုခြင်းလား။
"ကျုပ်က ဒီပစ္စည်းတွေကို ဂရုမစိုက်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်သာ ဆန္ဒရှိရင် လိုသလောက်ရနိုင်တယ်။ ဒါပေမဲ့ ဒါတွေက ဟွာရှားနိုင်ငံရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့အတွက် ခင်ဗျားတို့ အိမ်ပြန်ရောက်တဲ့အခါ ကြည်ညိုဖို့အတွက် ဓာတ်ပုံလောက်ပဲ ရိုက်သွားကြပေါ့"
ကျန်းမုန့်လောင်က ဆို၏။
"ဪ ဒါနဲ့.. ခင်ဗျားတို့ရဲ့ အနောက်တိုင်းဒဏ္ဍာရီတွေကိုလည်း ပြန်ပြင်လိုက်ဦး။ ဒီလက်နက်တွေကို ကျုပ်တို့ဟွာရှားနိုင်ငံက ဖန်တီးထားတာ။ ကောက်နုတ်ဖော်ပြခြင်းက တီထွင်ဖန်တီးမှုမဟုတ်ဘူးနော်။ ဇာတ်ကြောင်းပြောတယ်ဆိုတာ ပေါက်ကရတွေထည့်ပြောဖို့မဟုတ်ဘူး။ ခင်ဗျားတို့ကို တစ်လအချိန်ပေးမယ်။ အဲဒီဒဏ္ဍာရီတွေကို ပြင်ထားတာမတွေ့ရရင် ပျက်ကိန်းဆိုက်မှာပဲ"
"ပျက်ကိန်းဆိုက်မယ်ဆိုတာက ဘာကိုပြောချင်တာလဲ"
သတင်းထောက်များနှင့် ပညာရှင်များမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ရင်း နားမလည်နိုင်ဖြစ်သွားချေသည်။
သူတို့အားလုံး သဘောပေါက်လိုက်သည့် အရာတစ်ခုကတော့ ဤယဉ်ကျေးမှုအမွေအနှစ်က အမှန်စင်စစ်ကြီးကျယ်ခမ်းနားလှသည်။ သူတို့က ခေတ်သစ်လူသားများပင် အံ့အားသင့်သွားစေမည့် နည်းပညာများကို တတ်ကျွမ်းခဲ့ကြသည်။ ဤအချက်က သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အလားပင်။
"အားလုံးပဲ။. အထဲကိုကြွပါဦး"
ကျန်းမုန့်လောင်က အရှေ့မှ ဦးဆောင်ခေါ်ယူသွားပြန်သည်။
သူသည် အလွန်သန့်ရှင်းမွန်မြတ်သော နေရာတစ်ခုနှင့် အလားသဏ္ဌာန်တူသည့် ရှေးဟောင်းတံခါးတစ်ချပ်ရှေ့တွင် ရပ်တန့်လိုက်သည်။ ကျောက်တံခါးနှစ်ချပ်မှာ လမ်းတစ်လျှောက် သူတို့မြင်ခဲ့ရသော တံခါးများထက် ပိုကြီးမားပြီး ထိုတံခါးပေါ်တွင်လည်း ရှေးဟောင်းမြို့တော်၏ဘာသာစကားဖြင့် ကမ္ပည်းထိုးထားပြီး ဘေးဘက်နံရံများတွင်လည်း နံရံဆေးရေးပန်းချီများနှင့် မှတ်စာများပါ ရှိနေချေသည်။
"အဲဒါတွေက မျိုးနွယ်စုအမှတ်တံဆိပ်သုံးခုပဲ"
နံရံပေါ်တွင် အမှတ်တံဆိပ်သုံးမျိုးကို ခရမ်းရောင်၊ အနီရောင်နှင့် ရွှေရောင်ဟူ၍ အဆင့်အလိုက်တန်းစီထားသည်။
"ဒီခရမ်းရောင်က အမြင့်မြတ်ဆုံးနတ်ဘုရားတွေကို ကိုယ်စားပြုတယ်။ အနီရောင်က နတ်ဘုရားရဲ့သံတမန်တွေကို ကိုယ်စားပြုပြီး ရွှေရောင်ကတော့ နတ်ဘုရားတွေရဲ့အစေခံတွေကို ကိုယ်စားပြုတယ်"
မွန်ဂိုမာရီက မနာလိုမစ္ဆရိယစိတ်များ ရှိသော်ငြား နံရံပေါ်ရှိ စာသားများကို ဘာသာပြန်လိုက်သည်။
"ဒီသုံးမျိုးအပြင် ဒီအမှတ်တံဆိပ်တွေက ဆင်းသက်လာတဲ့ တခြားမျိုးနွယ်စုအမှတ်တံဆိပ်တွေလည်း အများကြီးရှိသေးတယ်"
ပညာရှင်များက စတုတ္ထအဆင့်အဖြစ် သတ်မှတ်ထားသော ထိုအမှတ်တံဆိပ်များကို အနီးကပ်လေ့လာစစ်ဆေးကြည့်လိုက်ကြသည်။
"ဒါတွေက ကျွန်တွေကိုကိုယ်စားပြုတဲ့အမှတ်တံဆိပ်ပဲ"
မွန်ဂိုမာရီက ပြောလိုက်သည်။ ဤသည်မှာ အစေခံအမှတ်တံဆိပ်ထက်ပင် ပိုအဆင့်နိမ့်သော အမှတ်တံဆိပ်များပင်။
"ကြည့်လိုက်.. ဒါက စကိုဒါမျိုးနွယ်စုရဲ့ အမှတ်တံဆိပ်ပဲ"
လေ့လာစူးစမ်းနိုင်စွမ်းရှိသော ပညာရှင်တစ်ဦးက ရာနှင့်ချီသော အမှတ်တံဆိပ်များအကြားရှိ ရင်းနှီးကျွမ်းဝင်နေသော အမှတ်တံဆိပ်တစ်ခုကို ရှာတွေ့လိုက်သည်။ သူသည် စကိုဒါမျိုးနွယ်စုအကြောင်း လေ့လာဖူးသဖြင့် သူတို၏ယဇ်ပလ္လင်ပေါ်တွင် တွေ့ရှိခဲ့သည့် အမှတ်တံဆိပ်ကို မှတ်မိပေသည်။
မွန်ဂိုမာရီ၏မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ ဤအမှတ်တံဆိပ်များမှာ အစေခံထက် ပိုအဆင့်နိမ့်သော ကျွန်များကို ကိုယ်စားပြုသည့်အမှတ်တံဆိပ်များဖြစ်ကြောင်း သူ ပြောလိုက်သေးသည်။ ယခုမူ သူလေးစားရပါသော အမွေအနှစ်၏အမှတ်တံဆိပ်ကို ဤမျှအဆင့်နိမ့်လှသောအရာများထဲတွင် တွေ့လိုက်ရလေပြီ။
ဤမျိုးနွယ်စုကို ကျန်းမုန့်လောင်၏ဘိုးဘေးများ တည်ထောင်ခဲ့သည်မှာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အချက်တစ်ချက်ကတော့ ရှင်းလင်းသွားပြီဖြစ်၏။ စကိုဒါယဉ်ကျေးမှုက ဤမြို့အရှင်၏ ကျွန်များထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်ပေသည်။
ယခုမူ မွန်ဂိုမာရီလည်း လုံးဝပြိုလဲရလေပြီ။ သူ့လက်များမှာ ပျော့ခွေကျသွားပြီး မျက်လုံးများကလည်း ဝိညာဉ်ပျောက်ဆုံးသွားသလို အသက်မဲ့နေချေသည်။
"အထဲဝင်ကြည့်ရအောင်"
ကျန်းမုန့်လောင်က တံခါးဘေးရှိ ဖောင်းကြွတစ်ခုကို ရိုက်ချပြီး အကြံပြုလိုက်သည်။ တံခါးနှစ်ချပ်ကလည်း တုန်ခါမှုတစ်ခုပြုပြီးနောက် လူအယောက်သောင်းဂဏန်းလောက် ဝင်ဆံ့လောက်အောင် ကျယ်ဝန်းလှသည့် နေရာလွတ်တစ်ခုကို လှစ်ဟလိုက်လေသည်။
ထိုနေရာတွင် ထိုင်ခုံအများအပြားကို ခင်းကျင်းထားပြီး အလယ်တည့်တည့်တွင် ထိုအနက်ရောင်သတ္တုနှင့် ပြုလုပ်ထားဟန်တူသော ဧရာမရုပ်တုကြီးတစ်ခု တည်ရှိနေသည်။
"အဲဒါက မြို့အရှင်ရဲ့ရုပ်တုလား"
"ဟုတ်လောက်တယ်။ အပြင်ဘက်က ကမ္ပည်းစာအရ သူတို့က မြို့အရှင်ကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြတာ။ သူ့ကိုပဲ ရုပ်တုအဖြစ် ထုဆစ်ပြီး ကိုးကွယ်ထားမှာပေါ့"
မီးမောင်းများက မီတာငါးဆယ်မြင့်မားသော ရုပ်တုကြီးကို အလင်းပေးထားသည်။ ထိုရုပ်တုကြီးမှာ ရဲတိုက်၏အောက်ခြေမှ အထက်ထိတိုင် မြင့်သွန်းလှသည်။ အယ်လ်ထရာမန်းပင် ဤမျှသာ မြင့်လောက်သည်။
ထိုရုပ်တုကြီးကို မြင်လိုက်ရသည့်အချိန်မှာပင် သူတို့ပတ်ပတ်လည်ရှိ လေထုကား တောင့်ခဲသွားလေဟန်ပင်။
လူတိုင်း၏မျက်လုံးကလည်း ကျန်းမုန့်လောင်ထံသို့ ရောက်သွားလေသည်။ သူ့မျက်နှာက ရုပ်တုသခင်နှင့် လုံးဝနီးပါး ထပ်တူညီနေသည်။
"သူလက်က လက်စွပ်ကိုကြည့်လိုက်"
တစ်စုံတစ်ယောက်က ရုပ်တု၏လက်ချောင်းထက်ရှိ လက်စွပ်ကို လက်ညှိုးထိုးပြလိုက်၏။
ကျန်းမုန့်လောင်၏လက်ချောင်းပေါ်ရှိ လက်စွပ်က ထိုရုပ်တုပေါ်ရှိ လက်စွပ်နှင့် တစ်ပုံစံတည်းပင်။ ဤသည်မှာ ကျန်းမိသားစု၏ မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းလာသော လက်စွပ်ဖြစ်ပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အမြင့်ဆုံးအဆင့်အတန်းကို ဖော်ညွှန်းနေခြင်းပင်။
"ဆောရီးပဲ.. ကျုပ်တို့ကျန်းမိသားစုရဲ့ မျိုးရိုးဗီဇက အရမ်းအားကောင်းတာနော်။ ကျုပ်က ကျုပ်ဘိုးဘေးတွေနဲ့ တော်တော်တူတယ်မလား"
ဤသည်မှာ ဆင်တူရုံမျှသာမဟုတ်။ ပုံတူကူးထားသလိုပင်။
ဤသက်သေများက ကျန်းမုန့်လောင်သည် မြို့အရှင်၏မျိုးဆက်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပြီမဟုတ်လား။
ကျန်းမုန့်လောင်က ရုပ်တု၏ကိုယ်နေဟန်ထားအတိုင်း လုပ်ပြလိုက်သည်.
"မိတ်ဆွေတို့.. ကျုပ်ရဲ့မျိုးဆက်ကို သက်သေပြဖို့ တခြားဘာများတင်ပြရဦးမလဲ"