ဘယ်လောက်တောင် တိုက်ဆိုင်တဲ့ ရေစက်လဲ
Vol. 11 Ch. 108
“သေလိုက်ပါတော့။ ငါ တစ်ရေးလောက် အိပ်မိတာကို ဘယ်လိုဖြစ်ပြီး အဖွဲ့တစ်ခုလုံးကို အရှင်းခံရလုနီးပါး ဖြစ်သွားရတာလဲ...”
အိပ်ရာဘေးမှ နှိုးစက်က ဆက်လက် မြည်နေဆဲ ဖြစ်သော်လည်း ပိတ်ဖို့ အချိန်မရခဲ့။
ချန်ဟွိုက်အန်က ဂိမ်း မျက်နှာပြင်ကို စိုက်ကြည့်နေသည်။
သူ၏ နှလုံးက အခုထိ တဒုန်းဒုန်း ခုန်နေ၏။
သူ နိုးလာသည်နှင့် ပထမဆုံး လုပ်သည်မှာ ဂိမ်းထဲသို့ ဝင်ခြင်းပင်။
သို့သော် သွေးရောင် သတိပေးချက် ပေါ်လာသည်ကို ကြိုဆိုခြင်း ခံလိုက်ရ၏။
[ သတိပေးချက်... လီချင်းရန်က တာအိုကို ဆန့်ကျင်ခဲ့တယ်။ ကောင်းကင်ပြစ်ဒဏ်ဖြင့် ကွပ်မျက်ခံရပါတော့မယ်... ]
ဘာကြီးလဲဟ...
သူ စဉ်းစားဖို့ အချိန်ပင် မရခဲ့ပေ။
ချက်ချင်းပင် ဂိမ်း၏ အရေးပေါ် ကျော်လွှားမှု ရွေးချယ်စရာကို ရွေးချယ်လိုက်သည်။
လီချင်းရန် အဆုံးသတ်မခံရရန်ပင်။
သတိပေးချက် ပျောက်သွားသည်နှင့် သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။
“သောက်ကျိုးနည်း... ဒါက ဧရာမစပါးအုံးမြွေ လည်ပင်းညှစ်ခံရသလိုပဲ... ငါ အိပ်နေတုန်း ဘာတွေ ဖြစ်သွားတာလဲဟ...”
သူ အိပ်နေစဉ် မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း သူ မသိသော်လည်း လီချင်းရန်နှင့် ယွဲ့ချန်ချီ၏ အခြေအနေ မျက်နှာပြင်များမှ အကြမ်းဖျင်း သိနိုင်သည်။
[ အခြေအနေ - ပုံရိပ်ယောင်တွင် ပိတ်မိနေ၊ စိတ်ရှုပ်ထွေးနေ ]
[ ကျင့်ကြံခြင်း တိုးတက်မှု - ၁၂/၁၀၀၀ ( အခြေခံအုတ်မြစ် – အစောပိုင်းအဆင့်) ]
[ နှစ်သက်မှုအဆင့် - ၉၉ ]
၎င်းက လီချင်းရန်၏ အခြေအနေ ဖြစ်သည်။
ယွဲ့ချန်ချီအတွက် သူ နှစ်သက်မှုအဆင့် သို့မဟုတ် ကျင့်ကြံခြင်း တိုးတက်မှုကို မမြင်နိုင်သော်လည်း အပို အခြေအနေ အကျိုးသက်ရောက်မှု တစ်ခု ရှိသည် - [အိပ်မက်ဆိုး ဖျက်ဆီးမှု]ပင်...
မျက်နှာပြင်ပေါ်တွင် ယွဲ့ချန်ချီ အရူးမကဲ့သို့ ပြေးလွှားနေသည်။
သူ၏ မျက်နှာက ထိတ်လန့်မှုဖြင့် တွန့်လိမ်နေသည်။
မမြင်နိုင်သော အရာတစ်ခုမှ ထွက်ပြေးရန် ကြိုးစားနေသကဲ့သို့ပင်။
ချန်ဟွိုက်အန် အသံကို မြှင့်လိုက်သည်။
နောက်ဆုံးတွင် သူ အော်နေသော အရာကို ကြားလိုက်ရ၏။
“မီး... မီးတွေ အများကြီးပဲ... ထွက်သွား...”
“လောင်နေတယ်... တစ်ယောက်ယောက် ကူညီပါဦး... မီးငြိမ်းပေးကြပါ...”
သူ တစ်ခုခုပေါ် ခြေချော်ပြီး ရွှံ့ထဲသို့ လဲကျသွားသည်။
ထို့နောက် ထောင့်တစ်ခုထဲသို့ တွားသွားပြီး တင်းကျပ်စွာ ကွေးလိုက်သည်။
သူ၏ မေးစေ့ကို သူ၏ ဒူးများပေါ်သို့ ဖိပြီး မျက်နှာကို သူ၏ လက်မောင်းများထဲတွင် မြှုပ်သည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာတော့သည်။
သူ၏ လက်မောင်းများအောက်မှ တိုးဝင်သော ရှိုက်ကြီးတငင် ငိုသံ ထွက်ပေါ်လာ၏။
[ သင်၏ အသင်းဖော် ယွဲ့ချန်ချီသည် ပုံရိပ်ယောင်၏ အတွင်းမိစ္ဆာ စားသုံးခံနေရသည်... သူ လွတ်မြောက်အောင် ကူညီပါ.. .]
“ဟုတ်လား။ ဒါကို ငါ ဘယ်လို လုပ်ရမှာလဲ...”
ချန်ဟွိုက်အန် လုံးဝ ဘာလုပ်ရမှန်း မသိပေ။
သူ့ကို ခေါ်ရန် ခလုတ်ပင် မရှိပေ။
“နေပါဦး... ငါ့မှာ ဒီလိုအတွက် တပည့်မိုက် ရှိတယ် မဟုတ်ဘူးလား...”
သူက နဖူးကို ရိုက်လိုက်သည်။
ထို့နောက် လီချင်းရန်ထံ အသံ ထုတ်လွှင့်မှုကို လျင်မြန်စွာ ပို့သည်။
“ချင်းရန်၊ မင်းရဲ့ စီနီယာအစ်မ အသိစိတ် ပျောက်နေပြီ... သူကို နှစ်ချက် ရိုက်လိုက်။ ဒါမှမဟုတ် ရေအေး လောင်းချလိုက်။ သူ့ကို သတိပြန်ဝင်အောင် ဘာပဲ လုပ်ရလုပ်ရ လုပ်လိုက်...”
ထိုအချိန်တွင် လီချင်းရန်သည် ပုံရိပ်ယောင်၏ ထောင့်တစ်ခုတွင် ကြောင်နေခဲ့သည်။
ချန်ဟွိုက်အန်၏ အသံကို ကြားသည်နှင့် သူ ချက်ချင်းပင် လက်တွေ့သို့ ပြန်ရောက်လာသည်။
တစ်စက္ကန့်အတွင်း သူ တုန်လှုပ်သွား၏။
ထို့နောက် သူ၏ မျက်လုံးများ နီရဲသွားကာ မျက်ရည်များ စီးကျလာသည်။
သူ ငိုနေသော်လည်း နှုတ်ခမ်းများ ပြုံးနေသည်။
ပျော်ရွှင်မှုက အလွန် ကြီးမားပြီး အသက်ရှူရန် ခက်ခဲလုနီးပါး ဖြစ်နေခဲ့သည်။
“ဆရာ... ဆရာ အသက်ရှင်နေတယ်...”
“သေချာတာပေါ့ ငါ အသက်ရှင်နေတာပေါ့... ဒီသေရေးရှင်ရေး အဓိပ္ပါယ် မရှိတဲ့ အရာက ဘာလဲ။ ငါ မင်းကို ပြောခဲ့တယ်မလား။ ငါ မသေဘူး... အခု မင်းရဲ့ စီနီယာအစ်မကို မြန်မြန် ကူညီလိုက်...”
သူ၏ အသံကို ပြန်ကြားရသောအခါ လီချင်းရန် နောက်ဆုံးတွင် လုံးဝ သတိ ပြန်ဝင်လာသည်။
သူ ယွဲ့ချန်ချီ ကြောက်လန့်တကြား တုန်ယင်နေသည်ကို မြင်ပြီး ချက်ချင်း ပြေးသွားသည်။
သူ ပြေးနေစဉ် ခါးကို လိမ်ကြည့်သည်။
နာကျင်မှုက အမှန်တကယ် ဖြစ်၏။
၎င်းက အိပ်မက် မဟုတ်ပေ။
သူ၏ ဆရာသည် အမှန်တကယ် အသက်ရှင်နေသည်။
သူ ခုလေးတင် ကြုံတွေ့ခဲ့ရသော အရာအားလုံးမှာ ပုံရိပ်ယောင်သာ ဖြစ်သည်။
သူက အစွန်းရောက်သော ဝမ်းနည်းမှုသာ မွန်းကျပ်စေလိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် ပျော်ရွှင်မှုကလည်း အသက်ရှူရန် ခက်ခဲစေနိုင်သည်ကို လုံးဝ မမျှော်လင့်ခဲ့ပေ။
“စီနီယာအစ်မ။ ထပါတော့...”
သူက သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူပြီးနောက် ယွဲ့ချန်ချီ၏ မျက်နှာရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်သည်။
တစ်စက္ကန့်အကြာတွင် သူ၏ လက်ကို တွန်းထုတ်လိုက်၏။
“မီး... မီးတွေက နေရာတိုင်းပဲ...”
“ငြိမ်းလိုက်... ချင်းရန်၊ ငြိမ်းလိုက်... နင် မမြင်ဘူးလား...”
“စီနီယာအစ်မ။ ဘာမီးမှ မရှိပါဘူး။ ဒါက ပုံရိပ်ယောင်တွေပါ။”
လီချင်းရန်၏ နှလုံးသား နာကျင်နေပြီး သူ ယွဲ့ချန်ချီကို တင်းကျပ်စွာ ဖက်လိုက်သည်။
သူက စီနီယာအစ်မကို ထိုမျှ ကြောက်လန့်နေသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
၎င်းမှာ အောက်ခြေ မရှိသော ချောက်ကမ်းပါးထဲသို့ ပစ်ချခံရသကဲ့သို့ ခံစားရသော ကြောက်ရွံ့မှုမျိုး ဖြစ်သည်။
အမှောင်ထုက လမ်းတိုင်း အဆုံးမရှိ ဆန့်တန်းနေသည့် နေရာပင်။
အသက်ရှူတိုင်း မွန်းကျပ်သော အအေးဖြင့် ပြည့်နှက်နေသည့် နေရာ။
စိတ်ပျက်အားငယ်မှု အရာအားလုံးကို စားသုံးသည့် နေရာပင်။
“မီး... မီးတွေ ရှိနေတယ်။ ငါ့ကို လောင်နေတယ်...”
“ချင်းရန်။ မြန်မြန်လုပ်... အချိန် မရှိဘူး... ငါတို့ မငြိမ်းရင် လူတိုင်း သေလိမ့်မယ်...”
ယွဲ့ချန်ချီ၏ မျက်ရည်များ စီးနေသော မျက်နှာက စိတ်အားထက်သန်မှုဖြင့် ရှုပ်ထွေးနေသည်။
“ဆရာ၊ ကျွန်မ ဘာလုပ်ရမလဲ...”
လီချင်းရန် ကောင်းကင်သို့ ကြည့်လိုက်သည်။
ချန်ဟွိုက်အန်သည် သူ၏ မေးခွန်းကို သတိထားမထားမိနိုင်အောင် အလုပ်များနေခဲ့သည်။
သူက စွမ်းရည်သစ်ပင်ကို အပြင်းအထန် နှိပ်နေ၏။
သူ၏ သွေးကြောဖွင့် အပ်စိုက်ပညာကို အမြင့်ဆုံး မြှင့်တင်ဖို့ လုပ်နေသည်။
နောက်ထပ် အဆင့်မြှင့်တင်မှု တစ်ခုပြီးလျှင် ပြီးပြည့်စုံမှုသို့ ရောက်ပေလိမ့်မည်။
ထိုအချိန်တွင် သူ့ကိုယ်သူ မသန်စွမ်းဖြစ်စေမည့် အန္တရာယ်မရှိဘဲ သွေးကြောများအားလုံးကို လုံခြုံစွာ ဖွင့်နိုင်ပေမည်။
သို့သော် အခုအတွက် သူ ပို၍ အရေးကြီးသော အရာများ လုပ်စရာ ရှိနေသည်။
ရေခဲရေဖြင့် ပြည့်နေသော သစ်သား ဇလုံတစ်လုံး လီချင်းရန်၏ ရှေ့တွင် ပေါ်လာသည်။
၎င်း၏ ဘေးတွင်...
ကြိမ်လုံးတစ်ချောင်း ရှိနေ၏။
အေးစက်သောအသံက ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်သွားသည်။ “ဒီမှာ ကြိုက်တာရွေးပါ။”
“ဆရာ... ကျွန်မ တကယ်ပဲ စီနီယာအစ်မကို ဒီလို လုပ်ရမှာလား...”
လီချင်းရန် ရေခဲရေနှင့် ကြိမ်လုံးကို ကြည့်ရင်း တွန့်ဆုတ်နေသည်။
“ဒါက နည်းနည်း ရက်စက်လွန်းတယ် မဟုတ်လား...”
တိတ်ဆိတ်နေ၏။
ထိုအတောအတွင်း ယွဲ့ချန်ချီ၏ အခြေအနေ ပိုပြီး ဆိုးလာသည်။
လီချင်းရန် သူ၏ နှုတ်ခမ်းကို ကိုက်သည်။
နောက်ဆုံးတွင် သူ၏ ရွေးချယ်မှုကို ပြုလုပ်လိုက်သည်။
သူက ရေခဲရေ ဇလုံကို ဆွဲယူသည်။
ထို့နောက် ကြိမ်လုံးကို ရေထဲတွင် နှစ်သည်။
အသက်ပြင်းပြင်း ရှူပြီးနောက် ယွဲ့ချန်ချီဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။
“စီနီယာအစ်မ၊ ကျွန်မကို ခွင့်လွှတ်ပါ...”
ထို့နောက် သူက ယွဲ့ချန်ချီကို ဖမ်းပြီး လှန်လိုက်ကာ
ဖြောင်းခနဲ...
ကြိမ်လုံး တစ်ချက်က ယွဲ့ချန်ချီ၏ တင်ပါးပေါ်သို့ တည့်တည့် ကျလာသည်။
“ဟ... ဒီမိန်းကလေးက ပါရမီရှင်ပဲ...”
ချန်ဟွိုက်အန် အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။
ဟိုစကားပုံက ဘာပါလိမ့်။
သြော်...သိပြီ။
“ကလေးတွေက ရွေးတယ်။ လူကြီးတွေက နှစ်ခုလုံ ယူတယ်။”
လီချင်းရန် ခုလေးတင် ထိုစကားကို သက်သေပြခဲ့သည်။
ရေအေးနှင့် ကြိမ်လုံး...
နှစ်ခုလုံး ရွေးတာပေါ့...
ရေခဲတမျှ အေးစက်သော ပြစ်ဒဏ်။
ရက်စက်သော နှိုးထမှု။
လခွမ်း။ ဒါက ရိုင်းတယ်။
သို့သော် ၎င်းက အခုတွင် အကြီးဆုံး ကိစ္စပင် မဟုတ်ပေ။
ချန်ဟွိုက်အန်၏ အာရုံကို တကယ် ဖမ်းစားခဲ့သည်မှာ သူ့ရဲ့ မျက်နှာပြင်တွင် အခုလေးတင် ပေါ်လာသော ငွေပေး၍ အနိုင်ယူသော ရွေးချယ်စရာများပင်။
၆၉၉၈ယွမ်း သုံးစွဲ၍ ခရမ်းကောင်းကင် နတ်ဘုရားလျှပ်စီး အဆောင်ကို ဆင့်ခေါ်ပြီး ပုံရိပ်ယောင်အခင်းအကျင်းကို ပေါက်ကွဲစေပါ။
၁၉၉၉၈ယွမ် သုံးစွဲ၍ ကြေးခွံနက် ဓားပျံကို လွှတ်ပြီး ပုံရိပ်ယောင်အခင်းအကျင်းကို ဆုတ်ဖြဲပါ။
၄၄၄၄၄ယွမ် သုံးစွဲ၍ ယာယီ ပေါင်းစည်းခြင်းနယ်ပယ် – အစောပိုင်းအဆင့်သို့ တက်ပြီး ကြာစိမ်းဓား သိုင်းကျမ်းကို သုံးပါ၊ သိုင်းကွက်(၁၁)– ကောင်းကင်မြစ် ပိုင်းဖြတ်ခြင်း။
ရွေးချယ်စရာ သုံးခုလုံးက သူ့ကို ပုံရိပ်ယောင်အား ရှင်းလင်းစေလိမ့်မည်။
တစ်ခုတည်းသော ခြားနားချက်မှာ သူ ဘယ်လောက် ဆန်းပြားချင်လဲ ဆိုသည်ပင်။
ပုံမှန် ရှင်းလင်းမှု။
နှစ်ထပ် ရှင်းလင်းမှု။
သို့မဟုတ် အထူး အလွန့်အလွန် VIP ဒီလပ်စ် အမြင့်ဆုံး ရှင်းလင်းမှု။
ချန်ဟွိုက်အန် မျက်လုံးကို ကျဉ်းလိုက်သည်။
ထို့နောက် သူ၏ အကြည့်က သွေးကြောဖွင့် အပ်စိုက်ပညာကို အဆင့်မြှင့်တင်ခြင်း ပြီးစီးရန် လိုအပ်သော ပမာဏကို လှမ်းကြည့်သည်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်ပြီးနောက် သူက အသက် ခပ်ပြင်းပြင်း ရှူထုတ်လိုက်သည်။
ထို့နောက် တီးတိုးပြောလိုက်၏။
”အဆုံးမဲ့ ကောင်းကင်သခင်... ဒီလင်းရှီးတောင်ကြားက ငါနဲ့ တကယ်ပဲ ရေစက် ပါနေတယ်။”