ဝဋ်လည်ပြီ ၊ အတင်းအဖျင်းများ ဖော်ထုတ်ခံရခြင်း
Vol. 15 Ch. 143
နောက်တစ်နေ့ ၊ အချိန်က နေ့လည်စာ စားသောက်ချိန်ပင်။
သို့ပေမယ့်လည်း ကြယ်အလင်း ဖျော်ဖြေရေးကုမ္ပဏီဝန်ထမ်းများအားလုံး စားသောက်ချင်စိတ်တို့ ကင်းမဲ့နေကြသည်။
ဥက္ကဌ ရုံးခန်းထဲတွင်။
ဝန်ရှန်းဟွေ့မှာ နှင်းရိုက်ခံထားရသည့် ခရမ်းသီးနှယ် သူ့ရှေ့ရှိ စာရွက်စာတမ်းများကို ငူငိုင်စွာ ကြည့်နေမိသည်။
“ ဥက္ကဌ … မကောင်းတော့ဘူး …”
တံခါးခေါက်သံ မမြည်လာဘဲ တံခါးက တွန်းပွင့်လာခဲ့ပြီး သူ့ အတွင်းရေးမှူး အထဲသို့ ဝင်လာသည်။
အကယ်၍ တစ်နေ့ကသာ ဖြစ်ခဲ့မည်ဆိုပါက ဝန်ရှင်းဟွေ့သည် သူ့အတွင်းရေးမှူးကို တံခါးမခေါက်ဘဲ အထဲဝင်လာရကောင်းလားဟု ကျိန်းသေပေါက် ဆူပူအော်ငေါက်လိမ့်မည်။
ယခုတွင်တော့ သူ့မှာ ထိုအကြောင်းကို ဂရုစိုက်လိုစိတ် မရှိတော့။
သူ့ရှေ့ရှိ စာရွက်စာတမ်းများက ဥပဒေ ငြိမ်ဝပ်ပိပြားရေး ဌာနက အကြောင်းကြားစာများပင်။
ဤမနက်ခင်း အစောပိုင်းတွင် ဌာနပေါင်းစုံက အစိုးရ အရာရှိကြီးများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြ၍ သူတို့ ကုမ္ပဏီသို့ စစ်ဆေးရေးဝင်သည်။
အကြောင်းအရင်းကတော့ သူတို့ ကြယ်အလင်း ဖျော်ဖြေရေးက ကုမ္ပဏီက အနုပညာရှင်များနှင့် မမျှမတ ၊ အနိုင်ကျင့်သည့် စာချုပ်များ ချုပ်ဆိုပြီး ၊ အင်တာနက် မှင်စာများကို လာဘ်ထိုး၍ ဖရီးမားကတ်တွင် ကြားဝင်နှောင့်ယှက်သည်ဟု ဆိုသည်။
(internet troll ကို အင်တာနက် မှင်စာလို့ပဲ ပြန်လိုက်ပါတယ်။ မှင်စာတွေလိုပဲ အဲ့ ထရိုးတွေက စိတ်ဒုက္ခပေးလွန်းလို့လေ)
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနကပင် သူတို့ တံခါးကို လာခေါက်ပြီး သူတို့ ရုပ်ရှင်နှင့် ဒရာမာများ ရိုက်ကူးနေစဉ်တွင် ရုပ်ရှင် ရိုက်ကူးရေးအသင်းက သဘာဝပတ်ဝန်းကျင်များကို ဖျက်စီးသည်ဟု ဆိုလာခဲ့သည်။
တစ်ချို့ဆို သစ်တောတစ်ဝက်လောက်ကိုပင် ဘူဒိုဇာဖြင့် ဖျက်စီးခဲ့ကြောင်း ပြောဆိုလာကြ၏။
စုံစမ်းစစ်ဆေးပြီးနောက်တွင် သူတို့ဖုံးကွယ်ထားသည့် ကိစ္စများလည်း ဘူးပေါ်သလို ပေါ်လာခဲ့ကာ အစိုးရ ဌာနများက ဝန်ရှင်းဟွေ့နှင့် တွေ့ဆုံလိုကြောင်း အကြောင်းကြားစာများ ချန်ထားခဲ့ကြသည်။
“ ဘာဖြစ်ပြန်ပြီတုန်း …”
ဝန်ရှင်းဟွေ့ အားအင်ချိနဲ့နေသည့် လေသံဖြင့် မေးလိုက်သည်။
“ ဥက္ကဌ … ကျုပ်တို့ ခေါင်းဆောင်မင်းသမီးကို အစိုးရက ခေါ်သွားပြီ … ကြည့်ရတာတော့ သူ အခွန်ရှောင်ထားတာနဲ့ တူတယ် …”
“ ဘာ ….”
ဝန်ရှင်းဟွေ့ မတ်တပ်ထရပ်မိသွားခဲ့၏။
သူတို့ကုမ္ပဏီရဲ့ ထိပ်တန်း မင်းသမီးကို အလုပ်ခန့်နိုင်ဖို့အတွက် များစွာ ကြိုးပမ်းခဲ့ရပြီး အရင်းအမြစ် အမြောက်အများလည်း သူမ အပေါ်တွင် သုံးထားခဲ့ရသည်။
သူမကလည်း ဝန်ရှင်းဟွေ့ကို စိတ်မပျက်စေဘဲ ကုမ္ပဏီ၏ အကျိုးအမြတ်အများဆုံး ငွေရှာပေးသည့် နွားမကြီး ဖြစ်လာသည်။
ဒင်းကရော ဘယ်လိုဖြစ်ပြီး ဒီကံဆိုးမှုကြီးထဲ ကပ်ပါသွားရပြန်တာလဲ …
“ ကြည့်ရတာတော့ အခွန်ဌာနက သူ အခွန်ရှောင်ထားတဲ့ သက်သေအချက်အလက်တွေကို လက်ပူးလက်ကြပ် မိထားတဲ့ပုံပဲ .. “ အတွင်းရေးမှူးက မသက်သာသည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ ပြောကြတာတော့ သူ ရှောင်ထားတဲ့ အခွန်တွေက ယွမ်သန်းရာနဲ့ချီတယ် ဆိုလားပဲ မသိဘူး …”
“ ဥက္ကဌ .. ကျုပ်တို့ သူ့ကို ကာကွယ်ပေးကြမလား …”
“ ငါ့ဖျင်ကြီးကို ကာကွယ်မှာလား … ငါ့ကိုယ်ငါတောင် မကာကွယ်နိုင်တာ လခွမ်းမို့လို့ သူများ သွားကာကွယ်ပေးနိုင်မှာလား …”
အော်ဟစ်ပြောဆိုပြီးနောက် ဝန်ရှင်းဟွေ့ အားနည်းစွာဖြင့် ထိုင်ခုံသို့ ပြန် ပြုတ်ကျသွားခဲ့သည်။
ကိစ္စ အများအပြားက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်နေရာ တစ်စုံတစ်ယောက်က နောက်ကွယ်၌ ရှိနေသည်မှာ ကျိန်းသေသည်။
အကယ်၍ သူသာ ဤတစ်ကြိမ် သူမကို ကာကွယ်ရန် ရှေ့သို့ ထွက်လာခဲ့မည်ဆိုပါက သူ့ကိုယ်သူ မီးတွင်းထဲ ခုန်ချလိုက်သည်နှင့် ခြားမှာ မဟုတ်ပေ။
ကလင် ကလင် ကလင် …
နောက်တစ်စက္ကန့်၌ အတွင်းရေးမှူး၏ ဖုန်းသံမြည်လာသည်။
ဖုန်းကောကို နားထောင်ပြီးနောက် အတွင်းရေးမှူးက ဝမ်းနည်းညှိုးငယ်နေသည့် မျက်နှာအမူအရာဖြင့် ပြောသည်။ “ ဥက္ကဌ … ကျုပ်တို့ရဲ့ ဘီလီယမ်ချီတဲ့ ရုပ်ရှင် ရိုက်ကူးရေးလည်း ရပ်နားခံလိုက်ရပြီ …”
ဤတစ်ကြိမ်တွင်တော့ အတွင်းရေးမှူးမှာ သင်ခန်းစာရထားပြီး ဖြစ်၏။ ဝန်ရှင်းဟွေ့ မမေးမြန်းလာခင်မှာပဲ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။
တတိယ ဇာတ်လိုက်မင်းသားက ပန်းသီးပုပ်တစ်လုံး ဖြစ်နေခဲ့လေသည်။
ထိုသူက အတိတ်နှစ်များတွင် ဆိုးရွားလှသည့် အရာများစွာကို ပြုလုပ်ခဲ့ဖူးပြီး ယခု လူတော်တော်များများ၏ ဝေဖန်ကြိမ်းမောင်းခြင်းကို ခံနေရ၏။
ကြယ်အလင်း ဖျော်ဖြေရေးကုမ္ပဏီက အနှီ တတိယဇာတ်လိုက်မင်းသားကို သူတို့ ဇာတ်ကားထဲတွင် ထည့်သုံးထားသဖြင့် လူအများ၏ မကောင်းမြင်ခြင်းကို ခံရသည်မှာ မထူးဆန်းပေ။
ရုပ်ရှင် ရပ်ဆိုင်းခံလိုက်ရသည်က ဘန်းခံလိုက်ရသည်နှင့် မခြားပေ။
ရုပ်ရှင်ရုံပိတ်ကားထက်၌ နောက်တစ်ကြိမ် ပြန်ပေါ်ပေါက်လာနိုင်မည့် အခွင့်အရေးမှာ အင်မတန် နည်းပါးသွားပြီ ဖြစ်၏။
“ မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ …” ဝန်ရှင်းဟွေ့ ဟိန်းဟောက်လိုက်ပြီး “ ရုပ်ရှင်မရိုက်ခင် သူ့ နောက်ကြောင်းကို မစုံစမ်းဘူးလားကွ …”
“ ဥက္ကဌ … ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ … ကျုပ်တို့လည်း စုံစမ်းခဲ့တာပဲ … ဒါပေမယ့် သူက နာမည်ပြောင်းထားလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာ ….”
အတွင်းရေးမှူးက အလျင်စလို ရှင်းပြလာခဲ့သည်။
“ သူ့ကို နယ်ပယ်ထဲမှာ ရှိတဲ့ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးတာ … နောက်ခံစစ်ဆေးတဲ့လူကလည်း သူ့နောက်ခံကို စစ်ဆေးကြည့်တော့ ဘာဥပဒေမှ ကျူးလွန်ချိုးဖောက်ထားတာကို မတွေ့ရဘူး … ဒါကြောင့်မို့ သူ့ကို တတိယဇာတ်လိုက်မင်းသား အနေနဲ့ ငှားရမ်းလိုက်တာ …”
ဘက်ပေါင်းစုံက တိုက်ခိုက်ခံနေရမှုအောက်တွင် သံမဏိဖြင့် လုပ်ထားသည့် ဝန်ရှင်းဟွေ့သည်ပင် ထိုးနှက်ချက်များကို တောင့်မခံနိုင်ပေ။
ထို့ပြင် ဖြစ်ပျက်နေသည့် မည်သည့် တစ်ခုချင်းစီကမဆို ၊ ကြယ်အလင်း ဖျော်ဖြေရေးကုမ္ပဏီကို ကြီးမားသည့် အကျိုးသက်ရောက်မှုတို့ ဖြစ်ပေါ်စေလေသည်။
ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည်လည်း သိသိသာသာကို ကျဆင်းသွားခဲ့ပြီး ရင်းနှီးမြုပ်နှံသူများနှင့် မိတ်ဖက်ပါတနာများလည်း ထွက်ပြေးကုန်ကြသည်။
သူ့ရဲ့ ဘယ် ပြိုင်ဘက် ရန်သူကများ သူ့အကြောင်း ဒီလောက် မကောင်းကြောင်းတွေကို စုစည်းထားပြီး တစ်နေ့တည်းနဲ့ ဖော်ထုတ်လိုက်ရတာပါလိမ့် …
“ စုံစမ်း … ခုချက်ချင်း သွားစုံစမ်း…”
ဝန်ရှင်းဟွေ့ အံတင်းတင်းကြိတ်၍ ဆိုလိုက်ပြီး “ ပိုက်ဆံ ဘယ်လောက်ပဲ သုံးရသုံးရ ၊ ဘယ်လို အဆက်အသွယ်မျိုးပဲ သုံးရသုံးရ၊ မင်း ဒီ မအလ မျိုးမစစ်ကို တွေ့အောင် ရှာလာခဲ့ ….”
“ ဒင်းက ငါ့ကို ကောင်းကောင်း မနေစေချင်ဘူးဆိုတော့ ငါလည်း ဒင်းကို ကောင်းကောင်းမနေနိုင်စေရဘူး …”
ထိုအချိန်၌ ဝန်ရှင်းဟွေ့၏ မျက်နှာအမူအရာသည် နတ်ဆိုးတစ်ကောင်ထက်ပင် ပို၍ ထိတ်လန့်ဖို့ ကောင်းနေခဲ့သည်။
ဝန်ရှင်းဟွေ့ ဤမျှ စိတ်တိုဒေါသထွက်နေတာကို မမြင်ဖူးသည့် အတွင်းရေးမှူးမှာ ရှော့ခ်ရနေမိ၏။
“ မင်းက ဒီမှာ ဘာရပ်လုပ်နေသေးလဲ … ငါ ပြောသွားတာ မကြားဘူးလား … မင်း စောက်နားက ကန်းနေတာလား …”
ဝန်ရှင်းဟွေ့ ဒေါသတကြီးနှင့် စားပွဲကို ရိုက်လိုက်သည်။
“ ကုမ္ပဏီက ပြဿနာတက်နေတော့ ငါ့အမိန့်တွေကလည်း အသုံးမဝင်တော့ဘူးလို့ ထင်နေတယ်ပေါ့ ဟုတ်လား …”
“ မဟုတ် … မဟုတ်ပါဘူး ဥက္ကဌကြီးရယ် … ခင်များ စိတ်ငြိမ်ငြိမ်ထားပါ … ကျုပ် အဲ့လိုသဘောမျိုး ဖြစ်သွားဖို့ မရည်ရွယ်ပါဘူး …”
“ ဒီတိုင်း ဒီကိစ္စတွေက နည်းနည်းထူးဆန်းတယ် ခံစားရလို့ပါ …”
“ တကယ်လို့ ကျုပ်တို့ရဲ့ မကောင်းသတင်းတွေကို စုဆောင်းနေတဲ့ ပြိုင်ဘက်တွေ ရှိနေတယ်ဆိုရင်တောင် သူတို့တွေ အရင်က ဘာလို့ သက်ဆိုင်ရာလက်ထဲ မအပ်လဲ … ပြီးတော့ ဘာကြောင့်မို့ တစ်နေ့တည်းမှာ အကုန်လုံးကို ဖော်ထုတ်ဖို့ ရွေးချယ်လိုက်တာလဲ …”
“ ဒေသတွင်း ရုပ်ရှင်နဲ့ ဒရာမာ ကုမ္ပဏီတွေ အကုန်လုံးက ကျုပ်တို့ကို မျှော်ကြည့်နေရတဲ့လူတွေ …”
“ ကျုပ်တို့နောက်ကျောကို ဒီလို ဓားနဲ့ထိုးစရာ အကြောင်း မရှိဘူး …”
အတွင်းရေးမှူးမှာ ဇဝေဇဝါ ဖြစ်နေမိသည်။ တစ်နေ့တည်းနှင့် ဤမျှ များပြားလှသည့် မကောင်းသတင်းတို့ ဖော်ထုတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် အရာဖြစ်သည်။
ကုမ္ပဏီရှိ မည်သူကမျှလည်း သတိမပြုမိကြသဖြင့် ထိုသတင်းများကို စုဆောင်းနေသူသည် ကျိန်းသေပေါက် သာမန်တော့ မဖြစ်နိုင်။ ယင်းကလည်း သူတို့အပေါ် တိုက်ခိုက်နေသူသည် ထိခိုက်စေမည့် သတင်းများကို လျင်မြန်စွာ ပျံ့နှံ့စေ၍ လူအများ၏ အာရုံကို ဆွဲဆောင်နိုင်လောက်သည်အထိ လွှမ်းမိုးမှု ရှိသောကြောင့် ၊ ဒါမှမဟုတ်လည်း ၎င်းတို့က တိုက်ဆိုင်မှု တစ်ခုသပ်သပ်သာလျှင် ဖြစ်နိုင်သည်။
သူ့အတွင်းရေးမှူး၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ဝန်ရှင်းဟွေ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ ဒီလူက ဘယ်သူ ဖြစ်မလဲ … ဒီလောက်ထိ လွှမ်းမိုးမှု ရှိတဲ့လူက ဘယ်သူ ဖြစ်မလဲ …”
“ လွှမ်းမိုးမှု …”
ဝန်ရှင်းဟွေ့၏ မျက်လုံးသူငယ်အိမ်တို့ တင်းကျုံ့သွားခဲ့ပြီး ပုံရိပ်တစ်ခုက သူ့စိတ်ထဲ ထွက်ပေါ်လာခဲ့သည်။
ချန်ယွီ့ …
မနေ့တုန်းက ဝန်ရှင်းဟွေ့နှင့် ချန်ယွီ့တို့ ဖုန်းထဲ စကားပြောပြီးနောက်တွင် အချေအတင် ဖြစ်ခဲ့ကြပြီး ဝန်ရှင်းဟွေ့က သူ့ လက်အောက်ငယ်သားများကို လူမိုက်တစ်ချို့အား ဆက်သွယ်ပြီး ချန်ယွီ့၏ ဆေးခန်းကို မီးရှို့ခိုင်းခဲ့သည်။
ဤသည်ကို ချန်ယွီ့အား သူ့ စီးပွားရေး လာမနှောင့်ယှက်ဖို့ သတိပေးချက် တစ်ခုအနေနှင့် သုံးချင်သည်။
သို့သော်လည်းပဲ သူ့ လက်အောက်ငယ်သားက မနက်ခင်း နှစ်နာရီတွင် သူ့ထံ ဖုန်းဆက်လာခဲ့ပြီး လူမိုက်များ အားလုံး တစ်ဖက် နယ်စပ် နိုင်ငံသို့ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း တင်ပြလာသည်။
ထိုလူမိုက်များထံသို့ ကိစ္စတစ်ခုခုတော့ ဖြစ်ပျက်သွားကြောင်းကို ဝန်ရှင်းဟွေ့ ခန့်မှန်းမိသည်။ ထို့ကြောင့်လည်း သူ့လက်အောက်ငယ်သားက ညတွင်းချင်း ထွက်ပြေးနိုင်ဖို့အတွက် စီစဉ်ပေးလိုက်ခြင်း ဖြစ်၏။
နေ့ခင်း ရောက်လာသည့်အချိန်၌ သက်ဆိုင်ရာ ဌာန အေဂျင်စီများက ပြဿနာမျိုးစုံနှင့် တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။
အရာအားလုံးက တိုက်ဆိုင်လွန်းနေသည်။
ချန်ယွီ့၏ အစွမ်းအစနှင့် သူ ပြောခဲ့ဖူးသည့် ၀ဋ်လိုက်မည်ဆိုသည့် အကြောင်းကို စဉ်းစားမိတော့ ဝန်ရှင်းဟွေ့ ကြက်သေသေသွားခဲ့သည်။
သူ ဘယ်လိုမှ မနေနိုင်ဘဲ နောက်ကျောတစ်ပြင်လုံး ချွေးအေးများ စို့လာသည်။
ဆန်းကြယ်ဂိုဏ်းများ၏ စိတ်တန်ခိုးပညာရပ်တို့က အမြဲတစေ နားလည်ရခက်ပြီး ဆန်းကြယ်လွန်းလှ၏။
သာမန်လူတို့ မပြုလုပ်နိုင်သည့် အရာများမှာ သူတို့အတွက် ဘယ်လောက်မျှ အားထုတ်စရာ မလိုအပ်သည့် ကိစ္စရပ်များ ဖြစ်နေတတ်သည်။
“ မင်း အရင်ထွက်သွားနှင့်လိုက် …”
အတွင်းရေးမှူး ထွက်သွားသည်နှင့် ဝန်ရှင်းဟွေ့ သူ့ဖုန်းကို ထုတ်ပြီး မာစတာလျို့၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။
စက္ကန့်အနည်းငယ် အတွင်းမှာပဲ မာစတာလျို့ကို လွန်ခဲ့သော နှစ်ရက်က ဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောင်းပြောပြလိုက်သည်။
“ ဥက္ကဌဝန် … မင်း ခေါင်းကို မြည်းကန်သွားတာလား ဟမ် … မင်းတော့ ဒီတစ်ခေါက် အကြီးကြီး မွှေမိတာပဲ ….”
မာစတာလျို့က ရှုပ်ထွေးနေသည့် လေသံဖြင့် စောဒကတက်လာခဲ့သည်။
“ တကယ်လို့ သူက ငါ့ရဲ့ အစီအရင်ကို ချိုးဖျက်ပြီး ငါတို့ရဲ့ အစီအစဉ်တွေကို ဖောက်မြင်နေနိုင်တာ တကယ်ပဲ ဆိုရင် သာမန် ကျင့်ကြံသူ မဟုတ်တာတော့ ကျိန်းသေတယ် …”
“ မင်း သူ့ကို ပြန်လုပ်ချင်ရင်တောင်မှ ငါ လာတဲ့အထိ စောင့်သင့်တယ် …”
“ သူစွမ်းမှန်း ကျုပ်သိတယ် … ဒါပေမယ့် ဒီလောက်ထိ စွမ်းလိမ့်မယ်လို့တော့ ဘယ်ထင်ထားမှာလဲ … အခုအချိန်ကျမှ ဒါတွေပြောနေလို့လည်း နောက်ကျကုန်ပြီ … ကျေးဇူးပြုပြီး အမြန်ပြန်လာပေးပါ မာစတာလျို့ရယ် …”
“ ဒီ ဒုက္ခကြီးထဲကနေ ခင်များပဲ ကယ်တင်နိုင်မှာမို့လို့ပါ …”
“ ဥက္ကဌဝန် … ငါ ဒီလို ပြောရမှာ စိတ်တော့မကောင်းဘူး … မနေ့တုန်းက မင်းဖို့ ဖုန်းရွှေ ရတနာမြေ လိုက်ရှာပေးနေတုန်း ခြေကျင်းဝတ် ခေါက်သွားခဲ့လို့ အခု ဆေးရုံတက်နေရတယ် …”
မာစတာလျို့က အားတောင့်အားနာလေသံဖြင့် ပြောလာခဲ့သည်။
“ ခြေကျင်းဝတ် ခေါက်သွားတယ် ဟုတ်လား….”
စစချင်းတုန်းကတော့ ဝန်ရှင်းဟွေ့မှာ ကြက်သေသေသွားခဲ့သည်။ ထို့နောက် အလျင်အမြန် ပြောဆိုလိုက်၏။ “ ဒါဆို ကျုပ် မာစတာလျို့ကို ကြိုဖို့ လူလွှတ်ပေးလိုက်မယ်လေ … ပြန်ပို့ဖို့လည်း လေယာဉ်လက်မှတ် ဖြတ်ပေးလိုက်မယ် …”
“ ခြေကျင်းဝတ်လည်သွားတာ အပြင် ငါ့မှာ နှလုံးရောဂါလည်း ရှိသေးတယ် … ဆရာဝန်ပြောတာတော့ အခုချိန်မှာ လမ်းတောင်မလျှောက်နဲ့တဲ့ … ဆေးရုံကုတင်ပေါ်မှာပဲ နေခိုင်းထားတယ် … ငါ့မှာ အပေါ့တောင် သွားစွန့်လို့မရဘူး …”
မာစတာလျို့ ပြောလိုက်သည်။
ဝန်ရှင်းဟွေ့ မျက်မှောင်ကြုတ်သွားခဲ့၏။ “ မာစတာလျို့ … ခင်များ ကျုပ်ကို ဒုက္ခရောက်နေတဲ့အချိန် ပစ်ထားဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား …”
“ ဟဲလို ဟဲလို … ဒီသောက်လိုင်းနဲ့တော့ကွာ ... ငါ အခု ဆေးစစ်ရတော့မှာမို့ ဒါပဲ ဥက္ကဌဝန်ရေ …”
ဖုန်းကျသွားခဲ့သည်။
ဝန်ရှင်းဟွေ့ နောက်တစ်ကြိမ် ပြန်ခေါ်ဖို့ ကြိုးစားသော်လည်း မာစတာလျို့က ဖုန်းပိတ်သွားခဲ့လေသည်။