ဖျက်စီးခြင်းကျင့်စဥ်ရဲ့ စတုတ္ထမြောက်တိုက်ကွက်၊ ပျက်သုဥ်းခြင်းနယ်ပယ်
Vol. 9 Ch. 105
'လင်းယွင်ဂိုဏ်းက မရေမတွက်နိုင်တဲ့ ကပ်ဘေးတွေကို ကျော်ဖြတ်ခဲ့ပြီးပြီပဲ... ဒီလိုနေရာမျိုးမှာ သူတို့ ဘယ်လိုလုပ်ကျဆုံးနိုင်မှာလဲ...'
.........
ထိုအချိန်မှာ လင်းယွင်ဂိုဏ်းက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေကနေ ထွက်သွားပြီး အဆင့်မနိမ့်ကျလှတဲ့ အဆင့် ၃ အင်အားစုတစ်ခုကို သွားရောက်စိန်ခေါ်နေပြီဆိုတဲ့သတင်းက ပျံ့နှံ့နေသည်။
"လင်းယွင်ဂိုဏ်းရဲ့ ရည်မှန်းချက်က ဘယ်လောက်တောင်ကြီးမားနေတာလဲ...." ဟု လူတိုင်းက ဆွေးနွေးနေကြသည်။
'အရင်တုန်းက သူတို့ကိုလာရောက်စိန်ခေါ်တဲ့ အဆင့် ၄ အင်အားစုဖြစ်တဲ့ ဟောက်ယွင်ဂိုဏ်းက အဖွဲ့ဝင်တိုင်းကို သူတို့သတ်ပစ်ခဲ့ကြသည်။ အခုသူတို့က အဆင့် ၄ အင်အားစုအဖြစ် အဆင့်တက်ခါစပဲရှိသေးတယ်၊ ဘာလို့တစ်ဖက်လူရဲ့ အိမ်တံခါးဝအထိသွားပြီး အဆင့် ၃ အင်အားစုကို သွားစိန်ခေါ်ရတာလဲ...'
........
ပိတ်မိနေတဲ့ လင်းယွင်ဂိုဏ်းသားတွေ တဖြည်းဖြည်း အားနည်းလာချိန်မှာပဲ ကောင်းကင်နဲ့မြေကြီးကြားက အရှိန်အဝါပြောင်းလဲသွားတာကို ရုတ်တရက်ခံစားလိုက်ရသည်။ ကောင်းကင်ပေါ်ကနေ ဖိအားကြီးတစ်ခု ကျဆင်းလာသည်။
"ဒါက...."
လူတိုင်း ထိတ်လန့်သွားကြသည်။
'ဒီမှာရှိနေတဲ့ လူတိုင်းကို တုန်လှုပ်သွားစေနိုင်တဲ့သိုင်းပညာရပ်က ဘယ်လိုအဆင့်မျိုးမို့လို့လဲ....'
သူတို့က ကောင်းကင်ကိုမော့ကြည့်လိုက်ကြရာ ကြောက်မက်ဖွယ်ကောင်းတဲ့အရှိန်အဝါရဲ့ ဇစ်မြစ်ကို နောက်ဆုံးမှာ တွေ့ရှိသွားကြသည်။
'ကျန်းယီမင်....'
ရှန့်ကွမ်းမိသားစုဝင်အားလုံးက တုန်လှုပ်သွားကြသည်။ တစ်ဖက်မှာတော့ လင်းယွင်ဂိုဏ်းသားတွေက သူတို့ရဲ့ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုမျိုး စိတ်သက်သာရာ ရသွားကြသည်။ ကျန်းယီမင်သည် ဖျက်စီးခြင်းကျင့်စဉ်ရဲ့ ပုံစံသစ်တစ်ခုဖြစ်သော ပျက်သုဥ်းခြင်းနယ်ပယ်ကို နားလည်သဘောပေါက်သွားသည်။ ဒါက အဆုံးမဲ့ဒေါသတွေ သယ်ဆောင်လာတဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေဖြစ်တဲ့ အရင်တိုက်ကွက်တွေဖြစ်တဲ့ ဖျက်စီးခြင်းလက်ချောင်း၊ ပျက်သုဥ်းခြင်းလက်ဝါးနဲ့ ပျက်သုဥ်းခြင်းဗုဒ္ဓ တို့နဲ့ မတူပေ။ ပျက်သုဥ်းခြင်းနယ်ပယ်က တိုက်ခိုက်ဖို့ သက်သက်သာ မဟုတ်ပေ။
ထိုအစား ၎င်းကခန္ဓာကိုယ်ကို နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ လျှို့ဝှက်နယ်ပယ်စွမ်းရည်တစ်ခု ဖြစ်သည်။ အရပ်မျက်နှာအနှံ့ကောင်းကင်နဲ့ မြေကြီးဆီကနေ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ အဆုံးမဲ့ပျက်သုဉ်းခြင်းစွမ်းအင်တွေ လှိမ့်ဝင်စီးဆင်းလာသည်။ စိတ်ဝိညာဥ်စွမ်းအင်တွေကို သမုဒ္ဒရာတွေနဲ့ တောင်တန်းတွေထဲကနေ အဆက်မပြတ်စုပ်ယူနေသည်။ ခဏတာအတွင်းမှာ ကောင်းကင်နဲ့မြေကြီးရဲ့အရောင်တွေတောင် ပြောင်းလဲသွားခဲ့သည်။
သူတို့မျက်စိရှေ့က မြင်ကွင်းကိုကြည့်ရင်း ရှိနေတဲ့လူတိုင်းနီးပါးက သူတို့လုပ်လက်စတွေကို ပြိုင်တူ ရပ်တန့်လိုက်ကြသည်။ ဒီလိုလွှမ်းမိုးထားနိုင်ပြီး ကြမ်းတမ်းတဲ့အရှိန်အဝါမျိုးကို သူတို့တစ်ခါမှမမြင်ဖူးကြပေ။ ကောင်းကင်နဲ့မြေကြီးကြားကနေ ထွက်ပေါ်လာတဲ့အရှိန်အဝါတွေရဲ့ တစ်ခုတည်းသော ပန်းတိုင်ကတော့ ကန်းလန်နယ်မြေရှိ ရှန့်ကွမ်းမိသားစုပင်ဖြစ်သည်။ လေထဲရှိ မွေးဖွားခြင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက်တောင် အနည်းငယ်မှင်သက်သွားကြသည်။
ကိုယ့်ခွန်အားတစ်ခုတည်းကို အားကိုးပြီး လျှို့ဝှက်နယ်ပယ်တစ်ခု ဖန်တီးနိုင်တဲ့စွမ်းရည်မျိုးက နတ်ဘုရားမဖြစ်ခင် မဟာယာနအဆင့်သို့မဟုတ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်မှသာ လုပ်နိုင်တဲ့အရာဖြစ်သည်။ အနည်းဆုံးတော့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ထိန်းချုပ်နိုင်တဲ့စွမ်းရည်မျိုး မဟုတ်ပေ။
"ဒီမှာလာပြီး အစွမ်းထက်ချင်ယောင် လာဟန်မဆောင်နဲ့.... သေလိုက်စမ်း..." စီမာကျန်းက ဆက်မစောင့်နိုင်တော့ပေ။
လေထဲမှာ တီးတိုးရေရွတ်ရင်း လက်သင်္ကေတတွေပုံဖော်နေတဲ့ ကျန်းယီမင်နဲ့ သူ့ရှေ့မှာစုဝေးနေတဲ့ စွမ်းအင်တွေကိုကြည့်ရင်း စီမာကျန်းရဲ့ပုံရိပ်က လျင်မြန်စွာ ရှေ့ကိုတိုးလာသည်။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲက အရိုးစားဓားက သူ့ခန္ဓာကိုယ်ထဲကို ဖြည်းညှင်းစွာပေါင်းစပ်ဝင်ရောက်သွားသည်။
အရိုးစားဓားက သေဆုံးသွားတဲ့ကျင့်ကြံသူတစ်ဦးရဲ့ အလောင်းကနေ ရရှိခဲ့တာဖြစ်သည်။ ဓားကို ထိုကျင့်ကြံရှင်ရဲ့ကျောရိုးနဲ့ ပြုလုပ်ထားခြင်းဖြစ်သည်။ ဒီလို မိစ္ဆာပစ္စည်းမျိုးကို အသုံးပြုတဲ့အထွတ်အထိပ်နည်းလမ်းက ဓားနဲ့လူတစ်သားတည်း ဖြစ်သွားခြင်းပင်ဖြစ်သည်။ စီမာကျန်းက အရိုးစားဓားကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်လိုက်တဲ့အခါ သူ့ကျောရိုးကို တခြားစွမ်းအားတစ်ခုခုက ဝါးမျိုလိုက်သလိုမျိုး သူခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တောင် သူ့အပိုင်မဟုတ်တော့သလိုဖြစ်လာသည်။
ဓားကိုဖန်တီးခဲ့တဲ့ ကျင့်ကြံရှင်က သေဆုံးတာကြာပြီဖြစ်သည်။ ထိုကျင့်ကြံရှင်က သူ့ကို အခုလိုဝင်ပူးဖို့ဆိုတာ မဖြစ်နိုင်ပေ။ သို့သော် အရိုးစားဓားပေါ်က သွေးညှီနံ့က အရမ်းပြင်းထန်လွန်းလှသည်။ ဒီအချိန်မှာ သူ့ရဲ့ကံကြမ္မာကို လက်မခံချင်ခဲ့တဲ့ ထိုကျင့်ကြံရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုဖြစ်သွားသည်။
"လာစမ်း..."
စီမာကျန်းမျက်လုံးဖွင့်လိုက်တဲ့အခါ သူ့မျက်လုံးတွေက သွေးရောင်လွှမ်းနေသည်။ သူ့ခန္ဓာကိုယ်ကလည်း လျင်မြန်စွာဖြင့် ကြီးထွားလာသည်။ အရင်က သူက သာမန်ပိန်လှီတဲ့ အဘိုးကြီးတစ်ယောက်သာဖြစ်ခဲ့သာ်။ သို့သော် အခုတော့အသားနဲ့သွေးအမြောက်အမြားကို စုပ်ယူပြီး သူ့ခန္ဓာကိုယ်ကို ဖြည့်တင်းလိုက်သလို ဖြစ်သွားသည်။ ရှန့်ကွမ်းမိသားစုကလူတိုင်းက ကောင်းကင်ပေါ်က စီမာကျန်းရဲ့ ပြောင်းလဲမှုတွေကို ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်နေကြသည်။
စီမာကျန်းရဲ့လက်က ကြီးမားတဲ့ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားတာကို သူတို့မြင်လိုက်ရသည်။ ထိုဓားရဲ့ပုံစံက အရင်ကအရိုးစားဓားနဲ့ မခြားနားပေမယ့် အရွယ်အစားကတော့ အဆပေါင်းများစွာ ကြီးမားလာခဲ့သည်္။
"ဟားဟားဟားဟား... ကောင်စုတ်လေး... လာစမ်း... ငါ့ဓားကို လက်ခံလိုက်..."
ဓားကြီးက ကျန်းယီမင်ရဲ့ မျက်နှာတည့်တည့်ဆီကို ဝင်ဆောင့်တော့မလို ဖြစ်သွားသည်။ သို့သော်ထိုအချိန်မှာပဲ ကျန်းယီမင်က မျက်လုံးတွေပွင့်လာပြီး သူ့အကြည့်က ဒေါသတွေနဲ့ ပြည့်နှက်နေသည်။ သူစုပ်ယူထားတဲ့ အဆုံးမဲ့ ပျက်သုဥ်းခြင်းချီစွမ်းအင်တွေက ထိုအချိန်မှာပေါက်ကွဲထွက်လာပြီး ပြန့်ကားသွားသည်။ ထိုချီတွေက စီမာကျန်းနဲ့သူ့လက်ထဲက ဓားကြီးကို တွန်းထုတ်လိုက်သည်။
မြေပြင်ပေါ်က ရှန့်ကွမ်းမိသားစုဝင်တွေဟာ တိုက်ခိုက်ဖို့ရော ရပ်ကြည့်ဖို့ပါ စိတ်မပါကြတော့ပေ။ ထိုအစား သူတို့ကစိတ်ဝိညာဉ်စွမ်းအား အကာအကွယ်အတားအဆီးတစ်ခုကို အလျင်အမြန် စုပေါင်းဖန်တီးလိုက်ကြသည်။ သူတို့သာ အခုလိုမြန်မြန်မလုပ်ရင် လူအများကြီးအားစိုက်ထုတ်ပြီး တည်ဆောက်ထားရတဲ့ သူတို့မိသားစုက အဆောက်အအုံတွေအားလုံး ဒီအချိန်မှာ လုံးဝ ပျက်စီးသွားလိမ့်မည်။
"ဆရာ..."
ဂူလင်းဖေးက ဒီလိုမျိုးကိုတစ်ခါမှ မမြင်ဖူးပေမယ့် ရှေးဟောင်းစာအုပ်တွေထဲမှာတော့ ဒီလိုအခြေအနေမျိုးကို သူဖတ်ဖူးသည်။ ဆရာက စိတ်ဝိညာဥ်စွမ်းအင်တွေ အများကြီးစုပ်ယူပြီး ပေါက်ကွဲသေဆုံးတော့မှာလားဆိုပြီး သူစိတ်ပူသွားသည်။ တိုက်ခိုက်ချက်ကို စိတ်ဝိညာဉ်စွမ်းအားနဲ့ကာကွယ်နေတဲ့ ဟွမ်းထျန်းချီတစ်ယောက်တည်းသာ ရေရွတ်လိုက်သည်။
"ဒီ... ဒီအဆင့်ရှိတဲ့ကျင့်စဥ်က... မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲကနေထွက်လာနိုင်တယ်တဲ့လား။ လင်းယွင်ဂိုဏ်းချုပ်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ..."
"နန်းတွင်းအကြံပေးအမတ်... ကျေးဇူးပြုပြီး တစ်ကိုယ်ထဲရေရွတ်မနေပါနဲ့တော့... ကျွန်တော့်ဆရာ ဘာလုပ်နေတာလဲ..." ရှန့်ကွမ်းချင်းယန်လည်း စိုးရိမ်နေသည်။
ရှန့်ကွမ်းမိသားစုဝင်ဖြစ်တဲ့အတွက် ရှန့်ကွမ်းမိသားစုအကြီးအကဲတွေရဲ့ ခွန်အားကဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သူသိသည်။ သူ့ ဆရာက မွေးဖွားခြင်းအဆင့်ကို အခုလေးတင် ရောက်ပြီး ရှန့်ကွမ်းမိသားစုကို တိုက်ရိုက်ရင်ဆိုင်ဖို့ ချက်ချင်း ရောက်လာခဲ့တာဖြစ်သည်။ သူ့မှာ တကယ်ရောအနိုင်ရဖို့ အခွင့်အရေးရှိပါ့မလားဆိုတာ သူမသေချာဖြစ်လာသည်။
"အို.... စီမာကျန်း.... အဲ့ဒီနေ့ကသဲကန္တာရထဲမှာ မင်းအသက်ကို ချမ်းသာမပေးခဲ့သင့်ဘူးထင်တယ်..."
ကြောက်မက်ဖွယ်အရှိန်အဝါတွေက ကျန်းယီမင်ကို ဗဟိုပြုပြီး ပြန့်နှံ့သွားသည်။
'ပျက်သုဥ်းခြင်းနယ်ပယ်....'
ဒီနယ်ပယ်က လုံးဝတိုက်ခိုက်ရေးစွမ်းရည် မဟုတ်ပေမယ့် သူ့ရဲ့အကျိုးသက်ရောက်မှုတွေက ဖျက်စီးခြင်းကျင့်စဉ်ရဲ့ အရင်ပုံစံတွေထက် ပိုကြောက်စရာကောင်းသည်။ ဒီစွမ်းရည်ကိုသုံးပြီး သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ သူ့ကျင့်ကြံခြင်းကိုအခြေခံပြီး သူ့ပိုင်ဆိုင်တဲ့နယ်ပယ်တစ်ခုကို တိုက်ရိုက်တည်ဆောက်လိုက်တာဖြစ်သည်။
သူ့ပိုင်ဆိုင်တဲ့ ဒီနယ်ပယ်ထဲမှာ သူသာအရှင်သခင်ဖြစ်သည်။ သူက နယ်ပယ်အတွင်းထဲက စွမ်းအင်တွေကို စိတ်ကြိုက်အသုံးပြုနိုင်ပြီး လုံလောက်အောင် အစွမ်းထက်မယ်ဆိုရင် နယ်ပယ်ထဲက သတ္တဝါတွေရဲ့ အသက်နဲ့သေခြင်းကိုတောင် တိုက်ရိုက် ထိန်းချုပ်နိုင်သည်။
"လာစမ်းပါ..."
ကျန်းယီမင် အော်ဟစ်လိုက်ရာ သူ့ပုံရိပ်လည်း နေရာကနေ တိုက်ရိုက်ပျောက်ကွယ်သွားသည်။ နေရာမှာ ကျန်ရစ်ခဲ့တာကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဧရာမ ဗုဒ္ဓရုပ်တုကြီးသာဖြစ်သည်။
'ပျက်သုဥ်းခြင်းဗုဒ္ဓ.... ဟုတ်တယ်... ဒါကသူ့နယ်မြေပဲ၊ သူ့မှာအသုံးပြုဖို့ လုံလောက်တဲ့စွမ်းအားရှိနေသရွေ့ သူဒီနေရာမှာပျက်သုဥ်းခြင်းဗုဒ္ဓ အများအပြားကို ဖန်တီးနိုင်တယ်...'
ဖျက်စီးခြင်းလက်ချောင်းနဲ့ ပျက်သုဥ်းခြင်းလက်ဝါး တွေက ဗုဒ္ဓရဲ့လက်ထဲမှာ အလွယ်တကူလှုပ်ရှားမှုလေးတွေလောက်သာ ဖြစ်သွားသည်။ အခုချိန် ကျန်းယီမင်က မွေးဖွားခြင်းအဆင့်ကို ရောက်ခါစဖြစ်လို့ သူထုတ်လိုက်တဲ့ ပျက်သုဥ်းခြင်းနယ်ပယ်က ရှန့်ကွမ်းမိသားစုတစ်ခုလုံးနဲ့ ပတ်ဝန်းကျင်ဧရိယာတချို့ကိုသာ လွှမ်းခြုံနိုင်သေးသည်။ သို့သော် ဒီနေ့တိုက်ပွဲအတွက်တော့ ထိုအရာက လုံလောက်နေသည်။
"ဟားဟားဟားဟား..."
သူ့ရှေ့က ဧရာမဗုဒ္ဓကြီးကိုမြင်တော့ စီမာကျန်းက ကြောက်ရွံ့ခြင်းမရှိဘဲ ရယ်မောလိုက်သည်။ အရင်တုန်းက ကျန်းယီမင်နဲ့ တိုက်ခိုက်တုန်းက ဒီတိုက်ကွက်ကို သူမြင်ဖူးပြီးသားဖြစ်သည်။
"မင်း မေ့နေပြီလား... အရင်တုန်းကသဲကန္တာရထဲမှာ ငါတို့တိုက်ခိုက်တုန်းက မင်းဖန်တီးခဲ့တဲ့ အနက်ရောင်ဗုဒ္ဓရုပ်တုလေးက ငါ့လက်ထဲက အရိုးစားဓားလက်ချက်နဲ့ ရှုံးသွားခဲ့တာလေ...." စီမာကျန်းက သူ့ရှေ့မှ အနက်ရောင်ဗုဒ္ဓရုပ်တုကို ကြည့်ရင်းပြောလိုက်သည်။