ဆရာက တပည့်၊တပည့်က ဆရာ
Vol. 6 Ch. 52
ဆရာယန်သည် ရင်ဘက်ထဲမှ သိုလှောင်အိတ်ကို ယူလိုက်သည်။
အလင်းတစ်ချက်လက် သွားပြီးနောက် ရှေးဟောင်းမှတ်တမ်းတစ်ခုပေါ်လာသည်။
“ချီအဆင့် ဝိညာဉ်စွမ်းအင်လျှို့ဝှက်ပညာရပ်က ဒီအဖိုးကြီး အပြင်ဘက်မှာ စွန့်စားခန်းထွက်တုန်းက ပျက်စီးနေတဲ့ နေရာတစ်ခုကနေ တွေ့ခဲ့တဲ့ အရာဘဲ။ ဒီပညာရပ်အတွက် ဆရာ့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ သုံးဦး သေဆုံးခဲ့ရတယ်။”
ထိုအရာကို မြင်ပြီး ဆရာယန်သည် အတိတ်က ဝမ်းနည်းဖွယ်ရာများကို ပြန်လည်သတိရလာသည်။
သူသည် မှတ်တမ်းကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
“ချီ�-အဆင့် ဝိညာဉ်စွမ်းအင် လျှို့ဝှက်ပညာရပ် - မြွေနဂါးအသွင်ပြောင်း တံဆိပ်”
“ဒီ ပညာရပ်မှာ မြွေအသွင်ပြောင်းတံဆိပ်၊ ရေမြွေအသွင်ပြောင်းတံဆိပ်၊ မိကျောင်းအသွင်ပြောင်းတံဆိပ်နဲ့ နဂါးအသွင်ပြောင်းတံဆိပ် ဆိုပြီး ပုံစံလေးမျိုးရှိတယ်။”
“ဒီ ပညာရပ်အစုံလိုက်က စွမ်းအားကြီးလွန်းပေမြဲ ကျင့်ကြံဖို့ရာက အလွန်ခက်ခဲတယ်။ ပြောရမယ်ဆို အခုအချိန်ထိ ဒီအဘိုးကြီးက ပထမဆုံး တံဆိပ်နှစ်ခုကိုဘဲ တတ်မြောက်သေးတယ်၊ ရှက်စရာဘဲ”
“ဟူးးး...!”
ဝူယွမ်နှင့် အခြားနှစ်ဦး လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူတို့၏ မျက်နှာများ လေးနက်သွားကြသည်။
ဆရာယန် နှစ်ပေါင်းများစွာ လေ့လာခဲ့သည့်တိုင် အဆုံးထိမတတ်မြောက်သေးသောကြောင့် ဒီပညာရပ်ရဲ့ ခက်ခဲမှုက သိသာသည်။
“ဒါက အမွေအနှစ် မှတ်တမ်းတစ်ခုဘဲ။ ဒီထဲမှာ စွမ်းအင်များများစားစား မကျန်တော့ဘူး။ အမွေဆက်ခံဖို့အတွက် အခွင့်အရေးက တစ်ကြိမ်ဘဲရှိတယ်။ တန်ဖိုးထားကြပါ မင်းတို့ရဲ့၀ိညာဥ်စွမ်းအင်ကို မှတ်တမ်းထဲ ထည့်လိုက်တာနဲ့ မှတ်တမ်းအတွင်းက ရူန်းတွေကို မြင်နိုင်လိမ့်မယ်။ ဘယ်သူဘယ်လောက် မှတ်မိတာကတော့ မင်းတို့အပေါ်ဘဲ မူတည်မယ်၊ စကြတော့။”
ဆရာယန်သည် မှတ်တမ်းကို လေထဲသို့ ဖြန့်ကျတ်လိုက်သည်။
ပြန့်ပြူးနေသော မှတ်တမ်းပေါ်တွင် ၀ိညာဥ်စွမ်းအင်အတက်အကျများ ရေလှိုင်းကလေးများကဲ့သို့ ပေါ်လာသည်။
ဝူယွမ်သည် မတွန့်ဆုတ်ဘဲ ဝိညာဉ်စွမ်းအင်တစ်မျှင်ကို ထုတ်လွှတ်လိုက်ပြီး မှတ်တမ်းထဲသို့ ၀င်ရောက်လေ့လာလိုက်သည်။
လင်းတုန်နှင့် ဇီယွဲ့တို့သည်လည်း ချက်ချင်းဝူယွမ်အတိုင်းလုပ်လိုက်ကြသည်။
“ဘယ်သူအရင်ထွက်လာမလဲ၊ ဘယ်လောက်ကြာမလဲ ကြည့်ရအောင်” ဆရာယန်သည် သူ၏လက်ဖက်ရည်ခွက်ကို ကောက်ယူသောက်သုံးရင်း ထိုသုံးယောက်ကို တိတ်တဆိတ် စောင့်မျှော်နေသည်။
ဝိညာဉ်လျှို့၀ှက်ပညာရပ် စာစောင်အတွင်း ဝူယွမ်ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားသော စိတ်စွမ်းအင်ဖိအားကို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလို...
“နဂါးမြွေအသွင်ပြောင်း တံဆိပ်၊ နဂါးနှင့်မြွေပုံစံများကို ဖော်ပြရန် စိတ်စွမ်းအင်ကိုအသုံးပြုခြင်း...”
စာသားများသည် တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။
အရင်ဆုံး မြွေအသွင်ပြောင်းတံဆိပ်ကို သရုပ်ပြနေသော ဝါးတားတား ပုံရိပ်တစ်ခု ပေါ်လာသည်။
ဝူယွမ်သည် မြန်မြန်ဆန်ဆန် အာရုံစိုက် မှတ်သားထားလိုက်သည်။
တစ်နာရီကြာပြီးနောက်...
လင်းတုန်က ပထမဆုံး မျက်လုံးဖွင့်လိုက်သည်။
သူက ကျောက်လက်ဖွဲ့ကို ပိုင်ဆိုင်ထားသဖြင့် ကျောက်လက်ဖွဲ့အတွင်းရှိ အရိပ်များက ပညာရပ်များကို လေ့လာမှတ်သားရန် ကူညီနိုင်သည်။
“အို... မင်း ပထမဆုံး နိုးလာလိမ့်မည်လို့ မထင်ထားဘူး အားလုံးကို မှတ်နိုင်ခဲ့လား။”
“မှတ်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်၊ ဆရာယန်” လင်းတုန်က ခေါင်းညိတ်ပြလိုက်သည်။
ဆရာယန်က အနည်းငယ် အံ့အားသင့်သွားပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
သူ၏တပည့်နှစ်ဦးက လင်းတုန်ထက် စွမ်းရည်နိမ့်ကျမည်ဟု သူမထင်ထားခဲ့ပေ။
သုံးနာရီကြာပြီးနောက် ဇီယွဲ့သည်လည်း မျက်လုံးပွင့်လာသည်။ ထိုအချိန်တွင် သူမသည် ချွေးများရွှဲနေပြီး အချိန်အတော်ကြာ အာရုံစိုက်ခဲ့ရခြင်ကြောင့် အလွန်ပင်ပန်းနေသည်။ သူမ၏၀ိညာဥ်စွမ်းအင်သည် ဒီလောက်ဘဲ တောင့်ခံနိုင်လေသည်။
“ဘယ်လိုနေလဲ၊ အားလုံးကို မှတ်နိုင်ခဲ့လား” ဆရာယန်က စိုးရိမ်စွာမေးလိုက်သည်။
“တောင်းပန်ပါတယ် ဆရာ၊ ပထမဆုံးပုံစံသုံးမျိုးကိုပဲ မှတ်နိုင်ခဲ့ပါတယ်” ဇီယွဲ့က စိတ်ဓာတ်ကြနေသည့် လေသံဖြင့်ပြောလိုက်သည်။
“ပြဿနာမရှိဘူး၊ ဒါကိုက အတော်ကောင်းနေပါပြီ”
သူကိုယ်တိုင်လည်း ထိုစဉ်က ပထမဆုံးပုံစံကိုသာ မှတ်နိုင်ခဲ့သည်။
“မောင်လေး၊ သူဘာကြောင့် မထွက်လာသေးတာလဲ” ဇီယွဲ့က စိုးရိမ်သွားသည်။
သုံးယောက်စလုံး ဝူယွမ်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးစွာဖြင့် စောင့်ဆိုင်းနေကြသည်။ ပြောရမည်ဆို သူတို့သုံးယောက်ထဲတွင် ဝူယွမ်၏၀ိညာဥ်စွမ်းအင်ပါရမီက အကောင်းဆုံးဖြစ်သဖြင့် သူက အရင်ဆုံး ထွက်လာသင့်သည်။
လင်းတုန်သည် ဖိအားဒဏ်ခံကာ အဆုံးထိ မှတ်မိပြီးနောက် ထွက်လာခဲ့သည်။
ဇီယွဲ့သည် သူမ မခံနိုင်တော့တာကြောင့် ထွက်လာခဲ့ရသည်။
ဝူယွမ်ရဲ့၀ိညာဥ်စွမ်းအင်က အပြင်းထန်ဆုံးဖြစ်ပြီး အချိန်အကြာကြီး ခံနိုင်ပေမဲ့ သူဉာဏ်မကောင်းတာကြောင့် မှတ်မိနိုင်ခြင်းမရှိသေးတာလည်း မဖြစ်နိုင်ပေ။
“မှတ်တမ်းရဲ့ အလင်းက ပိုပိုပြီးမှိန်လာတယ်၊ အစွမ်းကုန်တော့မယ်။ သူလည်း မကြာခင်ထွက်လာလိမ့်မယ်” ဟု ဆရာယန်က ပြောလိုက်သည်။
သူသည် သူ၏ဘဝတစ်ဝက်လောက်အထိ ထိုမှတ်တမ်း၏ နောက်ဆုံးအခွင့်အရေးတစ်ကြိမ်ကို သိမ်းထားခဲ့သည်။ ဒီနေ့မှသာ သူကြိုက်နှစ်သက်သော ပါရမီရှင် လူငယ်သုံးယောက်အတွက် ထုတ်ယူခဲ့ဖြစ်သည်။ အခုနောက်ဆုံးတစ်ကြိမ်ကို အသုံးပြုပြီးသွားပြီဖြစ်ရာ ဝိညာဉ်မှတ်တမ်းသည် သာမန်စာရွက်တစ်ခု ဖြစ်သွားတော့မည်ဖြစ်သည်။
သူ၏စိတ်ထဲတွင် ဗလာကျင်းနေသကဲ့သို့ ခံစားလိုက်ရသည်။
“ဟမ်... စာစောင်ရဲ့ အလင်းက ဘာလို့ ပြန်တောက်ပလာတာလဲ” ဇီယွဲ့က အံ့အားသင့်စွာအော်လိုက်သည်။
ထိုအချိန်တွင် ဝိညာဉ်စွမ်းအင်လှိုင်းများ လုံးဝပျောက်ကွယ်သွားခဲ့သော ဝိညာဉ်မှတ်တမ်းသည် ရုတ်တရက် အရင်အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။
ထို့အပြင် ဝိညာဉ်စွမ်းအင်အတက်အကျများက အရင်ကထက်တောင် ပိုမိုပြင်းထန်နေသေးသည်။
သုံးဦးစလုံး ကြောင်တောင်တောင်ဖြစ်သွားကြသည်။
ဤသည်မှာ မှတ်တမ်းက ပြန်လည်ရှင်သန်လာခြင်းပင်ဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ။”
သုံးဦးစလုံး လန့်ဖျပ်သွားသည်။
အထူးသဖြင့် ဆရာယန်။
သူသည် ဝမ်းနည်းပူဆွေးမှုနှင့် ဆုံးရှုံးမှုကို စတင်ခံစားနေရပြီဆိုပေမဲ့ မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ဝူယွမ် နောက်ဆုံးတော့ မျက်လုံးပွင့်လာသည်။
“ဟူးးး...”
ဝူယွမ် လေမှုထုတ်လိုက်ပြီး။
“ရူန်းတွေက တစ်ကယ့်ကို အံဩစရာဘဲ”
“ရှောင်ယွမ်... ဘာတွေဖြစ်နေတာလဲ။ မင်းက မှတ်တမ်းကို ပြင်လိုက်တာလား” ဆရာယန်၏မျက်လုံးများ ပြူးကျယ်လာသည်။
“ဟုတ်ကဲ့” ဝူယွမ်က ခေါင်းညိတ်လိုက်သည်။
သူ၀ိညာဥ်စွမ်းအင်သည် စာစောင်ထဲသို့ ဝင်ရောက်သောအခါ ထိုပညာရပ် သင်ကြားခြင်း နည်းလမ်းကို အံ့အားသင့် စိတ်၀င်စားသွားခဲ့သည်။ ထို့ကြောင့် ပညာရပ်ကို သင်ယူမှတ်သားပြီးနောက် သူသည် မှတ်တမ်းစာစောင်တစ်ခုလုံးကို စတင်လေ့လာတော့သည်။
နောက်ဆုံး ဝူယွမ်သည် ထိုပညာရပ်မှတ်တမ်း၏ လျှို့ဝှက်ချက်ကို တကယ်ရှာဖွေတွေ့ရှိခဲ့သည်။ ဝိညာဉ်ပညာရပ်ကို အချိန်အတော်ကြာ ထိန်းသိမ်းထားနိုင်ခြင်း၏ အကြောင်းရင်းမှာ စာစောင်အတွင်း၌ ပုံရိပ်ယောင်ရူန်းတစ်ခု ရှိသောကြောင့်ဖြစ်သည်။
ဝူယွမ်သည် သူ၏စိတ်ထဲရှိ မူလရူန်း လျှို့ဝှက်ချက်ထဲ ရှာဖွေကြည့်လိုက်သောအခါ သက်ဆိုင်ရာ မူလ “ပုံရိပ်ယောင်ရူန်း” ကို တွေ့ရှိခဲ့သည်။
【မူလပုံရိပ်ယောင်ရူန်း - ကောင်းကင်နှင့်မြေကြီးကြားက မွေးဖွားလာသော မူလရူန်းတွေထဲက တစ်ခုဖြစ်ပြီး ရောင်ပြန်ဟပ်ပြီးမြင်ကွင်းများကို ပြန်လည်ပြသနိုင်စွမ်းရှိသည်။ ထိုပုံရိပ်ယောင်ရူန်း ထွက်ပေါ်ရာနေရာတိုင်းတွင် သံလိုက်စက်ကွင်းအတက်အကျများ မကြာခဏဆိုသလို ဖြစ်လေ့ရှိပြီး သဘာဝပုံရိပ်ယောင်တွေကို ဖန်တီးနိုင်စွမ်းရှိသည်။ ၎င်းကို အမွေအနှစ်မှတ်တမ်းများ၊ ပညာရပ်များ ကျင့်စဉ်နည်းစနစ်များ မှတ်သားရန် အသုံးပြုနိုင်သည်...】
အမွေအနှစ်မှတ်တမ်းအတွင်းရှိ ပုံရိပ်ယောင်ရူန်း၏ စွမ်းအင်က လုံးဝကုန်ဆုံးသွားခဲ့သည်။ ဝူယွမ်သည် ပုံရိပ်ယောင်ရူန်းကို တွေ့ရှိပြီးနောက် မှတ်တမ်းပေါ်တွင် စိတ်စွမ်းအင်ဖြင့် မူလပုံရိပ်ယောင်ရူန်းကို ပြန်လည်ရေးဆွဲရန် ကြိုးစားခဲ့သဖြင့် မှတ်တမ်းက စွမ်းအင်ပြန်လည် ပြည့်ဖြိုးလာကာ ဒုတိယမြောက် ပြန်လည်ရှင်သန်ခြင်းကို ကြုံတွေ့စေခဲ့သည်။
“ဒါဆို ဒီမှတ်တမ်းကို ဆက်သုံးလို့ရသေးတယ်လို့ ဆိုလိုတာလား” ဆရာယန်က စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“ဟုတ်ကဲ့ ဆရာ” ဝူယွမ်က ဆရာယန်၏ အတွေးများကို အတည်ပြုပေးလိုက်သည်။
ထို့နောက် သူသည် စုတ်တံနှင့် စက္ကူတို့ကို ထုတ်ယူကာ ပုံရိပ်ယောင်ရူန်းကို စတင်ရေးဆွဲခဲ့သည်။
သူသည် မှတ်တမ်းထဲမှ ပုံရိပ်ယောင်ရူန်းကို ရေးဆွဲပြီး ဆရာယန်အား ပြသခဲ့သည်။
“ဒါကတော့ ဝိညာဉ်မှတ်တမ်းရဲ့ လျှို့ဝှက်ချက်ပါ။ မှတ်တမ်းရဲ့စွမ်းအင်က ကုန်ခန်းတော့မယ်ဆိုရင် ဆရာ့အနေနဲ့ မှတ်တမ်းထဲမှာ ပုံရိပ်ယောင်ရူန်းတစ်ခုကို စိတ်စွမ်းအင်နဲ့ ပြန်လည်ရေးဆွဲလိုက်ရုံဘဲ၊ ပြီးရင် ဆက်သုံးလို့ရပီ။”
ဆရာယန်သည် ဝူယွမ် ရေးဆွဲခဲ့သော ပုံရိပ်ယောင်ရူန်းစက္ကူလေးကို ကိုင်ထားသည်။ ထိုပုံရိပ်ယောင်ရူန်းသည် သူပုံမှန်အသုံးပြုနေကြ အခြေခံ ပုံရိပ်ယောင်ရူန်းများထက် ပိုမိုရှုပ်ထွေးသည်။ သူ အံ့အားသင့်ငေးမောသွားပြီးနောက် “ငါ့ကို ဆရာလို့ မခေါ်နဲ့တော့၊ ငါက မင်းကို ဆရာလို့ခေါ်သင့်တာ”
လက်ရှိ ဝူယွမ်သည် သူ့ဆရာကို လုံးဝကျော်လွန်သွားပြီဖြစ်သည်။
ဆရာယန်တွင် သူ့အား သင်ကြားပြသရန် ဘာမျှမကျန်တော့သည့်အပြင် ဝူယွမ်ထံမှ ပြန်လည် သင်ယူရန်ပင် လိုအပ်နေပီဖြစ်သည်။
“ဆရာ ဘာတွေပြောနေတာလဲ။ ဆရာသာ လမ်းညွှန်မပေးခဲ့ရင် ကျွန်တော်က သာမန်လူအဖြစ်ဘဲ ရှိနေခဲ့မှာပါ” ဝူယွမ်က ရိုးသားစွာပြောလိုက်သည်။
သူသည် ဆရာယန်အား အလွန်ကျေးဇူးတင်နေသည်။ သူ့ဆရာသည် ပါရမီနည်းနည်းသာပါသော်လည်း သူ့ကိုတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။
ဇီယွဲ့ - “မောင်လေး... မင်းကတကယ်ကို အံ့ဩစရာကောင်းလွန်းတယ်”
လင်းတုန် - “အစ်ကိုကြီး... မင်းက မှတ်တမ်းရဲ့ ရူန်းတွေကိုပါ လေ့လာနေလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး”
အရင်က လင်းတုန်သည် ပညာရပ်များကိုသာ မှတ်သားရန် တွေးမိပြီး ၀ူယွမ်ကဲ့သို့ မှတ်တမ်းရဲ့သင်ကြားရေးနည်းလမ်း အကြောင်းကို တစ်ခါမှ မစဉ်းစားမိခဲ့ပေ။
အလွန်သေးငယ်သည်။
အစ်ကိုကြီးနှင့် နှိုင်းယှဉ်လျှင်။
သူ၏အတွေးများက အလွန်သေးငယ်သည်။
“ဒီပုံရိပ်ယောင်ရူန်းက တကယ်စွမ်းအားကြီးတာဘဲ။ ဆိုလိုတာက အခု ဒီပုံရိပ်ယောင်ရူန်းကို တတ်မြောက်ပြီးတာနဲ့ ဒီလိုအမွေအနှစ်မှတ်တမ်းတွေကို ငါတို့က ဖန်တီးနိုင်တယ်လို့ဆိုတာလား” ဇီယွဲ့က စိတ်လှုပ်ရှားစွာမေးလိုက်သည်။
ဝူယွမ် - “သီအိုရီအရဆို ဟုတ်တယ်၊ ဒါပေမယ့် ကျွန်တော်တို့က ပုံရိပ်တွေကို ဖန်တီးနိုင်မှာမဟုတ်ဘူး။ လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ ဝိညာဉ်စွမ်းအင်ပြင်းထန်မှုက အသံထုတ်လွှင့်မှုကိုဘဲ လုပ်ဆောင်နိုင်သေးတယ်၊ ဝိညာဉ်စွမ်းအင်အလင်းနှင့် အရိပ်တွေကို ပုံမဖော်နိုင်သေးဘူး၊ အသံကိုတော့ မှတ်တမ်းထဲထည့်ပြီး အမွေအနှစ်အဖြစ် ထိန်းသိမ်းထားလို့ရတယ်။”
ဆရာယန် - “၀ိညာဥ်စွမ်းအင်အလင်းနှင့် အရိပ်တွေက အနည်းဆုံး အဆင့်မြင့်အဆောင်သခင်နဲ့ အဲ့အထက်အဆင့်တွေဘဲ လုပ်နိုင်တယ်။ ငါတို့အတွက်လက်လှမ်းမမှီနိုင်တဲ့အရာဘဲ၊ ဒါ့အပြင် ငါတို့မှာ အမွေအနှစ်အတွက် လိုအပ်တဲ့ အဖိုးတန်ကိုယ်ခန္ဓာပညာရပ်တွေ ဒါမှဟုတ် ဝိညာဉ်စွမ်းအင်လျှို့ဝှက်ပညာရပ်တွေ မရှိဘူး။ ဒီ မြွေနဂါးအသွင်းပြောင်းတံဆိပ်ကို ဆက်လက်ထိန်းသိမ်းနိုင်တာကကို အတော်လေးကောင်းနေပါပီ။”
ကျောက်လက်ဖွဲ့အတွင်း၌...
ရှောင်ဒေါင် - “ပြန်လည်၀င်စားသူဆိုတဲ့အတိုင်းဘဲ၊ ဒီလိုမျိုးအရာကိုတောင် သူတတ်မြောက်နိုင်သေးတယ်”
ရှောင်ဒေါင်က ရူန်းကျွမ်းကျင်မှုတွင် ဝူယွမ်က သူ့ထက် များစွာသာလွန်နေသည်ကို အသိအမှတ်ပြုလိုက်သည်။
အခုအချိန်တွင် ပုံရိပ်ယောင်ရူန်းများက သူ့အတွက် လက်တွေ့အသုံးဝင်မှု မရှိသေးပေ။
သို့သော် ဝူယွမ်၏ လေ့လာမှုကို မတားဆီးနိုင်ပေ။ နောင်တစ်ချိန်ကြ အသုံးဝင်လာလိမ့်မည်။
ပုံရိပ်ယောင်ရူန်း နည်းစနစ်အသုံးဝင်မှုကပင် သူ့အား ဆွဲဆောင်ရန် လုံလောက်သည်။