← Chapters

ရှစ်ထပ်မြောက်

Vol. 6 Ch. 59

ရှစ်ထပ်မြောက်

Vol. 6 Ch. 59

ဇီယွဲ့၏ အကြည့်အောက်တွင် ဝူယွမ်နှင့် လင်းတုန်တို့သည် ခုနှစ်ထပ်မြောက်သို့ ခြေလှမ်းများ ဖြည်းဖြည်းချင်း လှမ်းလိုက်ကြသည်။

ဇီယွဲ့အတွက် ပြင်းထန်လွန်းသော ဝိညာဉ်စွမ်းအင်အတားအဆီးသည် သူတို့နှစ်ဦးအတွက်တော့ သိပ်ဖိအားမရှိ‌ခဲ့ပေ။

တိတ်ဆိတ်နေသော ခုနှစ်ထပ်မြောက်၌။

ကျိုးထုန်သည် သူ့နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရတာကြောင့် ရုတ်တရက် ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

“လူနှစ်ယောက် တက်လာတာဘဲ”

သူ အတော်လေး အံ့အားသင့်သွားခဲ့သည်။ ထိုအရာသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

သူ ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်ရာတွင် ဝူယွမ်နှင့် လင်းတုန်တို့ ဖြစ်ကြောင်း သိလိုက်ရသည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူတို့က သာမန် မဟုတ်ဘူး”

မျှော်စင်အတွင်း မ၀င်ခင် ဟန်ယွန်းက ဝူယွမ်ကို စမ်းသပ်ရန် သူ့အား တောင်းဆိုခဲ့ဖူးသည်။

သို့သော် သူသည် ခုနှစ်ထပ်ထိ ရောက်လာခဲ့ပြီး ဝူယွမ်ကို ဂရုစိုက်ခြင်း မရှိခဲ့ပေ။

သူ့အမြင်တွင် ဝူယွမ်သာ ခုနှစ်ထပ်မြောက်သို့ မတင်နိုင်ပါက စမ်းသပ်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။

အခုတော့ ဝူယွမ်သာမက လင်းတုန်ပါ တက်လာခဲ့သည်။

သူ အခု သူတို့ကို စမ်းသပ်ရန် မလုပ်ရဲ‌တော့ပေ။

တစ်ဦးချင်းဆိုတိုက်ခိုက်ရန် ကြိုးစားကြည့်နိုင်သေးသည်။

နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရမည် ဆိုပါက သူ့တွင် အနိုင်ရရန်ယုံကြည်မှု မရှိပါ။

ခုနှစ်ထပ်အထိ ရောက်လာသူတိုင်းသည် သာမန်လူများ မဟုတ်ကြပေ။

“ငါ အခြားနေရာသွားပြီး သတ္တမထပ်မှာ ကြာကြာနေနိုင်ဖို့ ကြိုးစားရမယ် ”

ကျိုးထုန်သည် သူ့နေရာသူသိပြီး ရှေ့သို့ မြန်မြန် လျှောက်သွားခဲ့သည်။

သူသည် ကျင့်ကြံဖို့ရာ သင့်တော်သော နေရာတစ်ခုကို ရှာဖွေရန် စီစဉ်ထားသည်။

ရှစ်‌ထပ်မြောက်ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားရန်တော့ သူ မတွေးထားပေ။

ခုနှစ်ထပ်မြောက်သို့ ရောက်ရှိခြင်းသည်ပင် သူ့အတွက် ကန့်သတ်ချက် ဖြစ်နေခဲ့သည်။

သူ့အမြင်တွင် နောက်ထပ်ယှဉ်ပြိုင်မှုက သူတို့သုံးဦးအနက် ဘယ်သူက သတ္တမထပ်တွင် အကြာဆုံး နေနိုင်မည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။

“အရမ်းပြင်းတဲ့ ဝိညာဉ်စွမ်းအင်ဖိအား”

ဝူယွမ်က သက်ပြင်းချလိုက်သည်။ ခုနှစ်ထပ်မြောက်ရှိ ဝိညာဉ်စွမ်းအင်ဖိအားသည် ခြောက်ထပ်‌မှာတုန်းကထက် အ‌ေတာ်လေးပိုပြင်းထန်သည်။ ထိုနေရာရှိ ဝိညာဉ်စွမ်းအင်သည် အလွန် ပျစ်ချွဲနေပြီး လမ်းလျှောက်ရာတွင် ရွှံ့နွံထဲ လျှောက်နေရသကဲ့သို့ ခံစားနေရကာ အသက်ရှူရန် ပင် ခက်ခဲလှသည်။

သူ၏ခြေလှမ်းများ နှေးကွေးသွားပြီး ဝူယွမ်သည် နောက်ဆုံးတွင် ဖိအားကို ခံစားလာရသည်။

သူတောင် အခုလို ခံစားရပါက အဆောင်သခင် အဆင့်သုံး မရောက်သေးနဲ့ လင်းတုန်ဆို ဘယ်လောက်ခံစားနေရလောက်မလဲ။

သူသည် နောက်သို့ လှည့်ကြည့်လိုက်ရာ လင်းတုန်သည် ခိုင်မာသောအကြည့်များဖြင့် ရှေ့သို့ ကြည့်လျက် အလွန်နှေးကွေးစွာ ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ နွားအိုကြီးတစ်ကောင် လှည်းဆွဲနေသကဲ့သို့ ခြေလှမ်းများကို ဖြည်းဖြည်းချင်း လှမ်းနေသည်။

လင်းတုန်သည် လမ်းလျှောက်ရသည်မှာ အလွန်ပင် လေးလံနေသည်။ ကျောပေါ်တွင် တောင်တစ်တောင်ကို သယ်ထားရသကဲ့သို့ ခံစားနေရကာ သူ ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း ခန္ဓာကိုယ်မှ တစ်ဂျစ်ဂျစ် မြည်သံများ ထွက်လာပြီး ချွေးများ ရေလျှံကျသကဲ့သို့ ထွက်ကာ အဝတ်အစားများ စိုရွှဲနေခဲ့သည်။

“ငါခံနိုင်ရမယ် ဒီလောက် ဖိအားလေးကိုတောင် မခံနိုင်ရင် အကိုကြီး ဝူယွမ်ကို လိုက်မမှီနိုင်တော့ဘူး။ လင်းကျဲ့တျန်းကိုလည်း မနိုင်နိုင်တော့ဘူး!”

လင်းတုန်သည် သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ အားပေးကာ ပိုခိုင်မာသော စိတ်ဓာတ်ဖြင့် ရှေ့ဆက် လျှောက်လှမ်းလာခဲ့သည်။

ဝူယွမ်!

လင်းကျဲ့တျန်း!

ထိုနှစ်ယောက်က သူ၏စိတ်ထဲတွင် အဓိကလူများ ဖြစ်နေသည်ဟု ဆိုနိုင်သည်။

တစ်ယောက်သည် သူရှေ့သို့ ဦးတည်ရာလမ်းကြောင်းပေါ်ရှိ မီးပြတိုက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ၏စိတ်ထဲရှိ ကျော်ဖြတ်ရမည့် တောင်ကြီး ဖြစ်သည်။

သူသည် မီးပြတိုက်နားကို ကပ်ရန်၊ တောင်ကြီးကို ကျော်ဖြတ်ရန် အလွန်တောင့်တနေခဲ့သည်။

စိတ်ဓာတ်ခိုင်မာသော လင်းတုန်ကို ကြည့်ရင်း ဝူယွမ်သည်လည်း အားတက်လာသလို ခံစားရသည်။ လင်းတုန်ထံမှ သူ အမြဲတမ်း အရှုံးပေးခြင်း မရှိသော စွမ်းအင်တစ်မျိုးကို ခံစားရသည်။

ထို့ကြောင့် သူ သူ့ကို အားပေးလိုက်သည်။ “ကောင်းကောင်းကြီး ခံစားလိုက်၊ ကိုယ်ပိုင်ကန့်သတ်ချက်ကို ချိုးဖျက်နိုင်မှ ကိုယ့်ကိုကိုယ် ကျော်လွှားနိုင်မယ်။”

သူတို့နှစ်ယောက်စလုံး ခက်ခက်ခဲခဲ လျှောက်လာကြပြီး ဝူယွမ်သည် သူ၏အရှိန် တမင်တကာ နှေးကွေးစေကာ လင်းတုန်၏ ရှေ့တွင် ခြေလှမ်းခုနစ်လှမ်းခန့် အကွာတွင် အမြဲတမ်းရှိနေခဲ့သည်။

ဝေးလွန်းခြင်း မရှိ၊ နီးလွန်းခြင်း မရှိ။

သူတို့သည် တည်ငြိမ်သော ခြေလှမ်းများဖြင့် ရှေ့သို့ တက်လာကြပြီး ကျိုးထုန်ကို လိုက်မှီသွားကြသည်။

ဝူယွမ်သည် ကျိုးထုန်ကို လျစ်လျှူရှုထားခဲ့ပြီး ရှစ်ထပ်မြောက်သို့ သွားရန် အလယ်ဗဟိုရှိ ဝိညာဉ်စွမ်းအင်အတားအဆီးဆီသို့ လျှောက်သွားခဲ့သည်။

သူ၏ ရည်မှန်းချက်က ခုနှစ်ထပ်မြောက်မှာ မဟုတ်ချေ။

“မဖြစ်နိုင်ဘူး၊ ရှစ်ထပ်မြောက်ကို အဆောင်သခင် အဆင့်သုံးနဲ့ ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားနေတာက လုံး၀မဖြစ်နိုင်ဘူး”

ကျိုးထုန်သည် သူတို့နှစ်ဦးကို မယုံကြည်နိုင်စွာ ကြည့်ရင်း ပြောဆိုနေခဲ့သည်။

သို့သော် ဝူယွမ်နှင့် လင်းတုန်တို့သည် ဝိညာဉ်စွမ်းအင် အတားအဆီးရှေ့သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

“မင်း အရင်သွား”

“အင်း”

လင်းတုန် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အကိုကြီးသည် သူ့အတွက် ပြောကြောင်း သူသိသည်။

သူ၏အကိုကြီးက ရှစ်ထပ်မြောက်တွင်လည်း ဖိအားရှိမည်မဟုတ်ပေ။

“ငါ တက်နိုင်ရမယ်၊ အကိုကြီးကို စိတ်မကောင်းဖြစ်အောင် လုပ်မိလို့မဖြစ်ဘူး” လင်းတုန်သည် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိသည်။

သူသည် ဝိညာဉ်စွမ်းအင်အတားအဆီးဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားခဲ့သည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအင်ဖိအားသည် သူ့အရေပြားပေါ်ရှိ သွေးကြောများမှ သွေးများထွက်လာစေခဲ့သည်။

သူ့ကိုကြည့်ရုံဖြင့် သူခံစားနေရသော ဖိအား မည်မျှ များပြားလှသည်ကို မှန်းဆလို့ရနိုင်သည်။

ဝူယွမ်က သတိပေးသည်။ “မင်းရဲ့ သဘာ၀ဝိညာဉ်အဆောင် ကို သုံးဖို့ပြင်ထား၊ မင်းကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးနေရင် ရှစ်ထပ်‌မြောက်ကို ရောက်ဖို့မလွယ်ဘူး”

လင်းတုန် ခေါင်းညိတ်ပြပြီး ရှေ့ဆက် လှမ်းလိုက်သည်။

ကျိုးထုန်သည် တံတွေးမျိုချလိုက်ပြီး သူတို့နားချဉ်းကပ်သွားကာ သူတို့နှစ်ဦး၏ ဖျော်ဖြေမှုကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက် ရှစ်ထပ်မြောက်ကို ဝင်ရောက်နိုင်မည်ဟု သူမထင်ပေ။

လင်းတုန်၏ အရေအပြားများ ကွဲအက်လာပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအင်သည် သူ့ကို တွန်းထုတ်တော့မလို ဖြစ်နေကာ အရေပြားမှ သွေးများ မရပ်မနား ယိုစိမ့်ထွက်လာနေသည်။

“သူ ရူးသွားတာလား၊ ဒီလို အတင်းအကျပ်လုပ်တာက အခက်မသင့်ရင် သေနိုင်တယ်”

ကျိုးထုန်သည် မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။

“သူသေသည်ဖြစ်စေ မသေသည်ဖြစ်စေ မင်းနဲ့ မဆိုင်ဘူး။ ထွက်သွား၊ မဆိုင်ရင် ကြည့်မနေနဲ့။ ပြီးမှ ဒဏ်ရာရရင် ငါတို့ကို အပြစ်မတင်နဲ့!”

ဝူယွမ်က စိတ်တိုကာ ပြောလိုက်သည်။ ကျိုးထုန်သည် ထန်းဟော်မြို့မှ ဖြစ်တာကြောင့် သူ့ကို ယဉ်ကျေးစွာ ပြောဆိုရန် မလိုအပ်ပေ။ သူ့ဆီမှ မလုယက်ခြင်းကပင် သူ့အား အလေးပေးရာရောက်သည်။

လင်းတုန်နှင့် ပတ်သက်ရင်တော့ သူက ဘယ်လိုလုပ်သေနိုင်မှာလဲ၊ သူ လင်းတုန်ကို အပြည့်အ၀ ယုံကြည်ထားသည်။

ထိုအချိန်တွင် လင်းတုန်၏ နီဝမ်နယ်ပယ်အတွင်းကနေ သဘာ၀ဝိညာဉ်အဆောင် နှစ်ခု ထွက်လာပြီး ဝိညာဉ်စွမ်းအင်အတားအဆီးကို ကပ်သွားကာ အတားအဆီးမှ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်စုပ်ယူရင်း လင်းတုန်အတွက် ဖိအားကို လျှော့ချပေးလိုက်သည်။

ချက်ချင်းဆိုသလို လင်းတုန်၏ ခန္ဓာကိုယ်သည် ရှစ်ထပ်‌မြောက်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားခဲ့သည်။

“ဗုံး!”

လင်းတုန် ၀င်သွားသည်နှင့် အလွန်ပြင်းထန်သော ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလှိုင်းသည် ခုနှစ်ထပ်တစ်ခုလုံးသို့ တိုက်ရိုက်ပျံ့နှံ့သွားပြီး အနီးအနားရှိ ဝူယွမ်နှင့် ကျိုးထုန်တို့သည်လည်း သက်ရောက်မှုခံလိုက်ရသည်။

ဝူယွမ်ကတော့ ရပ်မြဲရပ်နေဆဲပင်။

ကျိုးထုန်မှာမူ လေထဲသို့ ပျံတက်သွားပြီး ပါးစပ်မှ သွေးတစ်လုပ် အန်လိုက်ရသည်။

ဝူယွမ်က နောက်သို့လှည့်ပြီး

“မင်းကို မကြည့်နဲ့လို့ ပြောခဲ့သားဘဲ”

ကျိုးထုန်၏ အပြစ်မဲ့ပြီး မကျေမနပ်ဖြစ်နေသော အကြည့်အောက်တွင် ဝူယွမ်ရှေ့သို့ ခုန်တက်လိုက်ပြီး အတားအဆီးထဲ ဝင်ရောက်ကာ ရှစ်ထပ်မြောင်ကို အောင်မြင်စွာ တက်နိုင်ခဲ့သည်။

နောက်ထပ် လှိုင်းတစ်ခု သတ္တမထပ်တစ်ခွင်သို့ ပျံ့နှံ့သွားပြန်သည်။ ကျိုးထုန် လဲနေရာမှ ပြန်ထရပ်နေတုန်း လှိုင်းလုံးကြီးတစ်ခု ထပ်ဝင်ရောက်လာပြီး သွေးများအန်ကာ ကြမ်းပြင်ပေါ်သို့ ပြန်လဲကျသွားခဲ့သည်။

သွေးသုံးလုပ်!

ကျိုးထုန် ငိုကျွေးလေတော့သည်။

သူသည် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်!

သူ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး “ဝူယွမ်နဲ့ လင်းတုန်က လူမဟုတ်လောက်ဘူး မကောင်းဆိုးဝါး တွေဘဲနေမှာ”

အပြင်ဘက်ရှိလူများသည် ခုနှစ်ထပ်မြောက်က အလင်းစက်သုံးစက်ကို ကြည့်နေရင်း၊ နှစ်စက်သည် ပျောက်ကွယ်သွားပြီး ရှစ်ထပ်မြောက်မှာ ပေါ်လာကိုတွေ့လိုက်ရသည်။

နှစ်ဖက်စလုံး အေးဆေးတည်ငြိမ်နေခြင်း မရှိတော့ပေ။

“အဲဒီနှစ်ယောက်က ဘယ်သူတွေလဲ။”

“ကျိုးထုန်၊ ဝူယွမ် သူတို့နှစ်ယောက်ပဲ ဖြစ်ရမယ်။ အနည်းဆုံး အဆောင်သခင် အဆင့်သုံးရှိမှသာ ရှစ်ထပ်မြောက်ကို ရောက်နိုင်တာ။”

“ဒီတစ်နှစ်ပြိုင်ပွဲက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းနေပြီ။ အခုဆို သူတို့ထဲကဘယ်သူက ပိုကြာကြာနေနိုင်မလဲဆိုတာကို စောင့်ကြည့်ရတော့မယ်။”

“စီနီယာအစ်ကိုကြီး ကျိုးထုန် ရှုံးမှာမဟုတ်ဘူး! ငါတို့ သေချာပေါက် နိုင်မှာ!”

“ဟက်ဟက်... စီနီယာအစ်ကိုကြီး ဝူယွမ်က ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် မှာရှိတဲ့ ယွဲ့ရှန်းကိုတောင် သတ်နိုင်တယ်၊ ကျိုးထုန်လို ကောင်လေးက ဘယ်လို ယှဉ်နိုင်မှာလဲ”

နှစ်ဖက်စလုံးမှ အဆောင်သခင်များ စကားစစ်ထိုးပွဲ စတင်ကြလေတော့သည်။

ဟန်းယွမ်နှင့် ယန်ရွှမ်တို့သာလျှင် နားလည်ရန် ခက်ခဲသော မျက်နှာထားများဖြင့် ရှိနေကြသည်။ အခုအချိန်တွင် သူတို့သည် ရှုံးနိမ့်မှုကို ခံစားလိုက်ရသည်။

ရှစ်ထပ်မြောက်!

လင်းတုန် တက်လာပြီးနောက် သူက ပတ်ဝန်းကျင်ကို မကြည့်ဘဲ ချက်ချင်းပင် ဝိညာဉ်စွမ်းအင် အတားအဆီးဘက်သို့ နောက်ပြန်လှည့်ကာ စိုက်ကြည့်နေခဲ့သည်။

အကိုကြီး မတက်လာမချင်း သူအေးအေးချမ်းချမ်း နေနိုင်မည်မဟုတ်ပေ။

ပွတ်!

လှိုင်းတစ်ခုထလာပြီး ဝူယွမ် ရောက်လာခဲ့သည်။

ထိုအချိန်မှ နှစ်ယောက်သား အဋ္ဌမထပ်ကို လှည့်ပတ်ကြည့်လိုက်ကြသည်။

ဝူယွမ်- “ဆရာက အဋ္ဌမထပ်မှာ ချီအဆင့် ဝိညာဉ်စွမ်းအင် လျှို့ဝှက်ပညာရပ် ရှိကြောင်း ပြောခဲ့တယ်။ မြန်မြန်ရှာကြရအောင်။”

“အင်း”

အဋ္ဌမထပ်သည် အလွန်ကျယ်ဝန်းခြင်း မရှိသလို အတွင်းတွင် နေရာလွတ် များများပြားပြားမရှိပေ။ မြန်မြန်ဆန်ဆန် စစ်ဆေးကြည့်ပြီးနောက် သူတို့၏ အကြည့်များသည် ကျောက်တိုင်ကြီးတစ်ခုပေါ်တွင် ရပ်တန့်သွားခဲ့သည်။

ကျောက်တိုင်သည် ဆယ်ပေလောက်မြင့်ပြီး ထူးခြားသော လက္ခဏာများ မရှိသော်လည်း ဝူယွမ်သည် ကျောက်တိုင်၏မျက်နှာပြင်ပေါ်တွင် ဝိညာဉ်စွမ်းအင်လှိုင်း အနည်းငယ် ရှိနေသည်ကို သတိထားမိခဲ့သည်။

နှစ်ယောက်လုံး တိုင်နာူချဉ်းကပ်သွားကြပြီး ဝူယွမ်သည် ကျောက်တိုင်ပေါ်သို့ လက်ချောင်း တင်ကြည့်လိုက်သည်။

ကျောက်တိုင်ပေါ်ရှိ ဝိညာဉ်စွမ်းအင်အလွှာသည် ချက်ချင်း ပြန့်နှံ့သွားပြီး သူတို့ရှေ့ရှိ လေထဲသတွင် လမ်းကြောင်းများစွာပါဝင်သည့် နက်ရှိုင်းသော ဧရိယာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုလမ်းကြောင်းများအတွင်း လွင့်ပျံနေသော ဝိညာဉ်စွမ်းအင်အက္ခရာများကိုလည်း တွေ့လိုက်ရသည်။ ထိုအက္ခရာများ၏ ပုံစံကတစ်ခုနှင့် တစ်ခု တူညီနေခဲ့သည်။

ပထမဆုံး အက္ခရာမှာ၊

“အသွင်ပြောင်းသင်္ကေတပုံစံ”

All Chapters