တကယ်ပဲ အဆုံးသတ်တော့မှာလား....
Vol. 9 Ch. 110
ပျက်သုဥ်းခြင်းနယ်ပယ်သည် ယခုအခါကျန်းယီမင်ရဲ့ ထိန်းချုပ်မှုအောက်တွင်မရှိတော့ပေ။ မွေးဖွားခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူရဲ့တိုက်ခိုက်ချက်အောက်တွင် "ဘုန်း..." ဆိုသောအသံနှင့်အတူ လေထဲတွင် ကြောက်မက်ဖွယ်ကောင်းတဲ့အရှိန်အဝါသည် ရုတ်တရက်ပျောက်ကွယ်သွားသည်။ ကျန်းယီမင် ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့သဖြင့် ပျက်သုဥ်းခြင်းချီဖြင့် တည်ဆောက်ထားတဲ့တံတိုင်းကြီးသည် "ဝုန်း..." ကနဲပြိုကျသွားပြီး အဆုံးမဲ့ဖျက်ဆီးခြင်းစွမ်းအားများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားသည်။
ရှန့်ကွမ်းမိသားစုဝင်များခေါင်းပေါ်တွင် ဖိနှိပ်နေတဲ့တောင်ကြီးတစ်လုံးသည် နောက်ဆုံးတွင်ဖယ်ရှားခံလိုက်ရသည်။ ကျန်းယီမင်သည် အခုအချိန်တွင် သတိပြန်လည်လာသည်။ သူ့ ပျက်သုဥ်းခြင်းနယ်ပယ် ပျက်စီးသွားပြီဖြစ်တာမလို့ အရင်ကကဲ့သို့ ကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်ခြင်း မရှိတော့ပေ။
ဟွမ်ယွမ်ဆေးလုံးအာနိသင်သည်လည်း အကန့်အသတ်က်ု ရောက်နေပြီဖြစ်သည်။ သူသည် သူ့စွမ်းအင်များကို တစ်ဖန်ပြန်လှည့်ပတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သို့သော် ရှန့်ကွမ်းယွမ်သည် သဘောထားပျော့ပျောင်းသူမဟုတ်ဘဲ သူ့ခြေဖျားဖြင့် ကျန်းယီမင်ဝမ်းဗိုက်အောက်ပိုင်းကို ကန်လိုက်သည်။ သူ့ပြိုင်ဘက်သည် အကူအညီမဲ့နေပြီး အခုအသက်ရှင်ရန် ရုန်းကန်နေရုံသာရှိတော့သည်။
ရှန့်ကွမ်းယွမ်ထံမှ နောက်ထပ်တိုက်ခိုက်ချက်တစ်ခုကို ခံလိုက်ရပြီးနောက် ကျန်းယီမင်သည် ရှန့်ကွမ်းမိသားစုလေ့ကျင့်ရေးကွင်းပြင်ထဲသို့ ပြုတ်ကျသွားသည်။
"လာကြ... လာကြ... အားလုံးလမ်းဖယ်ပေးလိုက်ကြ..."
ထိုအရာကို မြင်လိုက်ရသောအခါရှန့်ကွမ်းလီသည် အောင်ပွဲကို လက်လှမ်းမီလုနီးပါးဖြစ်နေပြီလို့ ခံစားလိုက်ရသည်။ ကျန်းယီမင်သည် မွေးဖွခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ အောက်ဆုံးအဆင့်က အဆင့် ၄ အင်အားစုတစ်ခုရဲ့ ဂိုဏ်းချုပ်သာဖြစ်သဖြင့် ဒါသည်သူ့ကံကြမ္မာပင်ဖြစ်သည်။
"လင်းယွင်ဂိုဏ်းက အမှိုက်တွေ၊ အထူးသဖြင့် ရှန့်ကွမ်းချင်းယန်ကို သူတို့ဂုဏ်ယူနေတဲ့ ဂိုဏ်းချုပ်ကို သေချာကြည့်ခိုင်းလိုက်စမ်းပါ..." ရှန့်ကွမ်းလီက ပိုမာန်မာနကြီးစွာနဲ့ အော်ပြောလိုက်သည်။
"သူတို့ရဲ့ချစ်လှစွာသော ဂိုဏ်းချုပ်က ငါတို့ရှန့်ကွမ်းမိသားစုမှာ ဘယ်လိုသေမလဲဆိုတာ သူတို့ကိုမြင်ခွင့်ပေးလိုက်... ငါ့အကြီးအကဲကသနားပြီး မင်းတို့ဂိုဏ်းချုပ်ကို အလောင်းအကောင်းအတိုင်း ချန်ထားခဲ့ရင်တောင် ရှန့်ကွမ်းမိသားစုကိုရန်စတဲ့အတွက် ဘာရမလဲဆိုတာလူတိုင်းသိအောင် မင်းတို့ခေါင်းတွေကို ငါကိုယ်တိုင်ချိတ်ဆွဲပြမယ်..."
ဒီတစ်ခေါက် အတူတူရောက်လာကြတဲ့ လင်းယွင်ဂိုဏ်းတပည့်များသည် မျက်ရည်မကျအောင် မနည်းထိန်းထားရသည်။
"မဟုတ်ဘူး... ဆရာ..." ဂူလင်းဖေးသည် သည်းမခံနိုင်တော့ပေ။ သူသည် သူ့အင်္ကျီလက်ထဲမှ ဟွမ်ယွမ်ဆေးလုံးတချို့ကိုထုတ်ယူပြီး တခြားသူများထံ ပစ်ပေးလိုက်သည်။
"ဂျူနီယာညီကိုမောင်နှမတို့... နန်းတွင်းအကြံပေးအမတ် ခင်ဗျားတို့က ဆရာဒီလိုသေသွားတာကို ဒီအတိုင်းကြည့်နေကြတော့မှာလား..." သူ့မျက်လုံးများက သွေးချင်းချင်းနီနေသည်။
တုန်းမီသည် မည်သည့်ခံစားချက်ကိုမှမပြဘဲ ဟွမ်ယွမ်ဆေးလုံးကို တွေဝေခြင်းမရှိဘဲ မျိုချလိုက်သည်။
"အမြုတေဖွဲ့စည်းခြင်းအဆင့်၊ အခြေတည်စိတ်ဝိညာဥ်အဆင့်၊ ဟားဟားဟားဟား.... မင်းတို့အိပ်မက်မက်နေကြတာလား...." စီမာကျန်း ဒါကိုမြင်သောအခါ သူ့အရိုးစားဓားကို ဆွဲထုတ်လိုက်သည်။
ထို့နောက် သူသည် ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အကြီးအကဲ... ကျွန်တော် အကြီးအကဲရဲ့အမိန့်ကို မနာခံချင်လို့ မဟုတ်ပါဘူး... ခုနကအကြီးအကဲပြောခဲ့တာက ဒီတပည့်တွေကို သူတို့ဆရာနဲ့အတူ ရှင်းပစ်ဖို့လေ... အခုသူတို့ဆရာရဲ့ သက်တမ်းက အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်တောင်ခံတော့မှာ မဟုတ်ဘူး။ တကယ်လို့ သူ့တပည့်တွေက သူသေအောင်အရိုက်ခံရတာကို ဒီအတိုင်းကြည့်နေရမယ်ဆိုရင် ရက်စက်လွန်းရာမကျဘူးလား..."
ထိုစကားကို ကြားလိုက်ရတဲ့အခါ ဂူလင်းဖေးနှင့် တုန်းမီတို့က သည်းမခံနိုင်တော့ပေ။.သူတို့ ဆရာနောက်ကို ဒီအထိလိုက်လာခဲ့ပြီးပြီဖြစ်လို့ သူတို့ ဆရာနဲ့အတူ သေဆုံးသည်အထိလိုက်သွားဖို့ သစ္စာဆိုလိုက်သည်။
"သူခိုးအဘိုးကြီး... အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့၊ ပါးစပ်ပိတ်ထားလိုက်...."
ဂူလင်းဖေးစိတ်ဝိညာဉ်စွမ်းအားသည် ရုတ်တရက်ထိုးတက်သွားပြီး သူ့ဘေးနားရှိ အစောင့်များကိုအလစ်ငိုက် တိုက်ခိုက်လိုက်သည်။ တုန်းမီအကူအညီဖြင့် ဂူလင်းဖေးသည် လမ်းပိတ်နေတဲ့ အစေခံများကိုတိုက်ခိုက်လိုက်ပြီး စီမာကျန်းဆီသို့ တည့်တည့်ဝင်သွားလိုက်သည်။
"အော်.... မင်းတို့က တကယ်သတ္တိရှိတာပဲ... မင်းတို့ဂိုဏ်းချုပ်က ဘယ်လိုဦးနှောက်ဆေးနည်းတွေ သုံးထားလို့ မင်းတို့အားလုံးက သေလမ်းကိုဒီလောက်တောင် သွားချင်နေရတာလဲ..." စီမာကျန်း ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
သူ့ဘေးနားကလူများကို မလှုပ်ရှားရန် အချက်ပြလိုက်သည်။ အရိုးစားဓားသည် သူ့အင်္ကျီလက်ထဲကနေ ပျံထွက်လာပြီး ဂူလင်းဖေးကို ခုတ်ပိုင်းလိုက်သည်။
"အဘိုးကြီး... ငါရှိသေးတယ်..." ရှန့်ကွမ်းချင်းယန်လည်း တစ်ချိန်တည်းမှာရောက်လာသည်။
"ဟွန့်... မင်းတို့ဂိုဏ်းချုပ်က မင်းလိုမသန်စွမ်းကို ကယ်တင်နိုင်ခဲ့တယ်ဆိုတော့လည်း ဘာဖြစ်လဲ..." စီမာကျန်းက ရှန့်ကွမ်းချင်းယန်ကို လက်ဝါးရိုက်ချက်ဖြင့် လွင့်ထွက်သွားစေသည်။
"အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူလေးက ငါ့ရှေ့မှာမသန်စွမ်းတစ်ယောက်ပါပဲကွ... ဟားဟားဟား..."
ရှန့်ကွမ်းချင်းယန်က ထိုလက်ဝါးရိုက်ချက်ကို မထိမှန်မီ တုန်းမီက လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ရှန့်ကွမ်းချင်းယန်ရင်ဘတ်ရှေ့တွင် နှလုံးကာကွယ်ရေးအတားအဆီးတစ်ခုကို သူ့စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးကာ သေစေနိုင်တဲ့တိုက်ခိုက်ချက်ကို ပိတ်ဆို့လိုက်သည်။ ကျန်းယီမင်က လေ့ကျင့်ရေးကွင်းပြင်ပေါ်မှာ လဲကျနေသည်။ သူ့ပတ်ပတ်လည်လည်က ကျောက်ပြားများသည် အက်ကွဲနေသည်။
တချိန်တည်းမှာပင် ရှန့်ကွမ်းယွမ်သည် အပြေးအလွှားရောက်လာပြီး ကျန်းယီမင်ရင်ဘတ်ကိုခြေထောက်ဖြင့် ပြင်းထန်စွာနင်းလိုက်သည်။ ထို့နောက် သူသည်စိတ်ဝိညာဉ်စွမ်းအားဖြင့် လက်သီးတစ်ချက်ဖန်တီးကာ ကျန်းယီမင်ခန္ဓာကိုယ်ပေါ်ကို ထပ်မံထိုးနှက်လိုက်သည်။
ကျန်းယီမင် အစပိုင်းတွင်သတိရှိနေသေးသည်။ သူ့ ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာကြောင့် ပြိုင်ဘက်ရဲ့ ဆက်တိုက်ထိုးနှက်မှုချက်အောက်တွင် သတိအနည်းငယ်လောက်သာ ထိန်းထားနိုင်ခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် ခုခံရန်ခွန်အားများ မကျန်တော့ပေ။ သူ့မျက်လုံးထဲတွင် ကမ္ဘာကြီးသည် ဝေဝါးနေသည်။ သူ့မြင်ကွင်းထောင့်တွင် ဂူလင်းဖေးရဲ့ခန္ဓာကိုယ်သည် လဲကျသွားပြီး ဟွမ်းထျန်ချီနှင့် တခြားသူများသည် တုန်းမီကို ဦးဆောင်ကာ နောက်ဆုံးခုခံနေကြသည်။
တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ နန်းတွင်းအကြံပေးအမတ်သည် သူနှင့်ဟွမ်းချောင်ယုရဲ့ အထောက်အထားကို ထုတ်ဖော်လိုက်သည်။ သို့သော် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသည် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှ မရှိသော အဆင့်သုံးအင်အားစုသာဖြစ်သဖြင့် ရှန့်ကွမ်းမိသားစုက သူတို့ကိုဘယ်လိုမှ အရေးမစိုက်ပေ။ ကျန်းယီမင်မျက်လုံးထဲတွင် ကမ္ဘာကြီးသည် ပိုမှေးမှိန်လာသည်။
ရှန့်ကွမ်းယွမ်သည် ခေါင်းခါရင်း ကျန်းယီမင်ခန္ဓာကိုယ်ပေါ်သို့ နောက်ထပ်ခြေတစ်ချက် ပြင်းပြင်းထန်ထန် နင်းကန်လိုက်သည်။ ဓားသည် ကျန်းယီမင်လက်ထဲမှ လွတ်ထွက်သွားသည်။
"ဟူး... မင်းအသက်အရွယ်နဲ့ မွေးဖွားခြင်းအဆင့်ကို ရောက်နိုင်တာ ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်..." ရှန့်ကွမ်းယွမ်မျက်လုံးများတွင် သနားစိတ်များနဲ့ ပြည့်နှက်နေသည်။
"ငါသိသလောက်တော့ ငါတို့ မင်းကိုအခွင့်အရေး ပေးခဲ့ပါတယ်။ ဒါပေမဲ့ မင်းကရှန့်ကွမ်းမိသားစုနဲ့ ရန်သူဖြစ်ဖို့ ဇွတ်အတင်းလုပ်နေမှတော့ ငါ့ကိုအပြစ်မတင်နဲ့"
ဓားသည်ကျဆင်းလာပြီး ကျန်းယီမင်ရဲ့လည်ပင်းဆီသို့ တည့်တည့်ဝင်ရောက်လာသည်။ တခြားတစ်ဖက်တွင် အများဆုံးအခြေတည်စိတ်ဝိညာဥ်အဆင့်သာ ရှိကြသောကျင့်ကြံသူများသည် မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်ချက်တွေကို ဘယ်လိုမှ မခုခံနိုင်ကြပေ။ တုန်းမီခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားများလည်း ကုန်ခမ်းသွားသည်။ သူက သူ့စီနီယာနှင့်ဂျူနီယာညီအစ်ကိုများကို ကူညီနိုင်စွမ်း မရှိတော့ပေ။
"နှုတ်ဆက်ပါတယ်...
လူတိုင်းက မျက်လုံးမှိတ်ပြီး ဓားကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
"ရပ်လိုက်..."
ထိုအရေးကြီးတဲ့အခိုက်အတန့်တွင် အလားတူ စွမ်းအားကြီးမားတဲ့ အရှိန်အဝါများက ကောင်းကင်ယံမှ ရောက်လာကြသည်။ သူတို့က ကျန်းယီမင်နှင့် တခြားသူများကို သူတို့နောက်ကျောတွင်ထားကာ ကာကွယ်လိုက်ကြသည်။ ရှန့်ကွမ်းလီက မျက်မှောင်ကြုတ်လိုက်သည်။
'အောင်ပွဲက မျက်စိရှေ့ရောက်နေပြီကို ဘာတွေ ထပ်ဖြစ်ပြန်တာလဲ... ဒီလူအုပ်စုက ဘယ်ကရောက်လာတာလဲဟ... ဒါမှမဟုတ် ဒီလူအုပ်စုက ကျန်းယီမင်လိုပဲ သူတို့အပေါ်နက်ရှိုင်းတဲ့ အမုန်းတရားတွေ ရှိနေပြီး ဝင်ရောက်စွက်ဖက်ချင်နေတာလား...'
ရှန့်ကွမ်းယွမ်သည် ကျန်းယီမင်ကို အဆုံးစီရင်ရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်တစ်ခုကသူ့ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး သူ့ကိုတွန်းထုတ်လိုက်သည်။ သူ သေချာကြည့်လိုက်မှသာ သူ့ရှေ့ကလူလတ်ပိုင်းအရွယ်အမျိုးသားသည် သူ့နှင့်မခြားနားတဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားကြောင်းတွေ့လိုက်ရသည်။
'ဒါက နောက်ထပ် မွေးဖွားခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးပဲ...'
နောက်ထပ် လျှို့ဝှက်ဆန်းကြယ်တဲ့ လူတချို့က အစီအရင်ထဲသို့ ဆင်းသက်လာကြသည်။ သူတို့က တုန်းမီနှင့် တခြားသူများကို ကာကွယ်လိုက်ကြသည်။ ထို့နောက် ဆေးလုံးတချို့ထုတ်ယူပြီး လင်းယွင်ဂိုဏ်းနှင့် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားသူများကို တိုက်လိုက်သည်။ ကျန်းယီမင်ကိုယ်တိုင်ဖော်စပ်ထားတဲ့ ဆေးလုံးများအဆင့်အတန်းသည် ဒီဆေးလုံးများနှင့် လုံးဝ နှိုင်းယှဉ်လို့မရနိုင်ပေ။
ဆေးလုံးသောက်ပြီးနောက် ကျန်းယီမင်သည် ခုနက တိုက်ခိုက်ချက်များကြောင့် ကျိုးပဲ့ကြေမွနေတဲ့ သူ့ခန္ဓာကိုယ်သည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်တဲ့အရှိန်အဟုန်ဖြင့် ပြန်လည်သက်သာလာတာကို ခံစားလိုက်ရသည်။ ဆေးလုံးရဲ့အံ့ဖွယ်စွမ်းအားကြောင့်လား၊ သို့မဟုတ် သူ့ရဲ့ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာတွင် အစတည်းက အလွန်စွမ်းအားကြီးမားတဲ့ ကိုယ်တိုင်ကုစားနိုင်စွမ်းရှိနေသောကြောင့်လားဆိုတာကို သူမသိပေ။
'ဒါကိုခဏထားလိုက်ဦး၊ သူ့ရှေ့က ဒီလူတွေကဘယ်သူတွေလဲ... သူတို့က စနစ်ကသူ့အသက်ကို ကယ်တင်ဖို့ စေလွှတ်လိုက်တဲ့လူတွေများလား...'
ရှန့်ကွမ်းမိသားစုဝင်များသည်လည်း အတော်လေးကို ကြောက်ရွံ့နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူအုပ်စုထဲတွင် တစ်ယောက်မှာ မွေးဖွားခြင်းနှောင်းပိုင်းအဆင့်၊ နှစ်ယောက်မှာ မွေးဖွားခြင်းအလယ်အလတ်အဆင့်၊ ကျန်ဆယ်ယောက်မှာ အခြေတည်စိတ်ဝိညာဥ်နှောင်းပိုင်းအဆင့်တွင် ရှိနေကြသောကြောင့်ဖြစ်သည်။