← Chapters

ရှန့်ကွမ်းချင်းယန်

Vol. 9 Ch. 114

ရှန့်ကွမ်းချင်းယန်

Vol. 9 Ch. 114

'လင်းယွင်ဂိုဏ်းဆိုရော ဘာတတ်နိုင်မှာလဲ၊ ကျန်းယီမင်ဆိုရော ဘာတတ်နိုင်မှာလဲ... သူတို့က တကယ့် ပါရမီရှင်တွေဖြစ်နေရင်တောင် နောက်ဆုံးကျရင်ငါ့အမိန့်ကို နာခံရတာပဲကွ...'ရှန့်ကွမ်းလီ ကိုယ့်ဘာသာ တွေးနေမိသည်။

ရှန့်ကွမ်းချင်းယန် ဒီဘက်ကိုရောက်လာတာနဲ့ ကျန်းယီမင်ကို ဆုတ်သွားအောင်ဖိအားပေးဖို့ သူ့ကို အသုံးချရသည်။ ရှန့်ကွမ်းချင်းယန်ရဲ့ တွန့်ဆုတ်နေတဲ့အမူအရာကို မြင်လိုက်ရသဖြင့် ရှန့်ကွမ်းလီသည် အင်္ကျီလက်ထဲတွင် လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။

'ကောင်းတယ်... အရမ်းကောင်းတယ်... သူ့စီနီယာနဲ့ ဂျူနီယာညီအစ်ကိုတွေအပြင် သူ့အချစ်ဆုံးဆရာ ကို မြန်မြန် နှုတ်ဆက်လိုက်တာ ပိုကောင်းမယ်... ဒီနေ့ကစပြီး သူနေရောင်ခြည်ကိုတောင် မမြင်ရတော့မယ့်နေရာမှာ အကျဉ်းချခံထားရတော့မှာပဲကွ... ရှန့်ကွမ်းချင်းယန်ကို စိတ်ဆင်းရဲပြီးနေရစေမယ်... သူရှန့်ကွမ်းလီတစ်ယောက်တည်းသာ မိသားစုခေါင်းဆောင်ဖြစ်ဖို့ အမှန်တကယ်အရည်အချင်းပြည့်မီတဲ့သူပဲ...'

ရင်ပြင်ကြီးအလယ်တွင် လွန်ခဲ့သောခဏလေးကအထိ ပြင်းထန်စွာတိုက်ခိုက်နေကြသူများသည် ယခုအခါ အားလုံးတိတ်ဆိတ်သွားကြသည်။ လေ့ကျင့်ရေးကွင်းပြင်ကိုဖြတ်ပြီး နေရာလဲလှယ်နေကြတဲ့ ရင်ပြင်အလယ်ကလူအနည်းငယ်ကို မျက်လုံးပေါင်းများစွာက စိုက်ကြည့်နေကြသည်။ လင်းယွင်ဂိုဏ်းမှလူများသည် ရှန့်ကွမ်းချင်းယန်ထွက်သွားတာကို ကြည့်ရင်း အားလုံးဒေါသထွက်နေကြသည်။

"ဆရာ... ဂျူနီယာညီလေးကို ဒီအတိုင်းသွားခွင့်ပြုလိုက်တော့မှာလား..."

ဂူလင်းဖေးသည် ပုံမှန်အားဖြင့် ဘာကိုမှအလေးအနက်ထားလေ့မရှိတဲ့သူတစ်ယောက် ဖြစ်သော်လည်း အခုအချိန်တွင် သူ့မျက်လုံးများထဲမှာ မျက်ရည်များဝဲနေသည်။ သို့သော်အခုအချိန်တွင် ကျန်းယီမင်မျက်နှာအမူအရာသည် ရှုပ်ထွေးနေသည်။ သူသည် ဂူလင်းဖေးမေးခွန်းကို ပြန်မဖြေဘဲ ခေါင်းကိုသာအနည်းငယ် ညိတ်ပြလိုက်သည်။ သူ့မျက်လုံးများထဲတွင် စိုးရိမ်စိတ်တချို့ရှိနေသေးသည်။

ဟွမ်းချောင်ယုနှင့် ယန်ရှန်ချင်းတို့ရဲ့ အာရုံခံစားမှုငါးပါးကို ပိတ်ဆို့ထားသဖြင့် အခုအချိန်တွင်သူတို့ခြေထောက်များသာ လှုပ်ရှားနိုင်သည်။ သူတို့လည်ပင်းရှေ့တွင် ဓားမြှောင်တစ်ချောင်းရှိနေသေးကြောင်း သူတို့သိထားသဖြင့် သူတို့လည်း မဆင်မခြင်မလုပ်ရဲကြပေ။ ထို့အပြင် သူတို့ကျင့်ကြံခြင်းစွမ်းအားကိုလည်း ပိတ်ဆို့ထားသဖြင့် ရှန့်ကွမ်းချင်းယန်ဘေးမှ ဖြတ်သွားချိန်တွင် ရင်းနှီးကျွမ်းဝင်တဲ့အရှိန်အဝါကိုပင် အာရုံမခံမိလိုက်ကြပေ။ နှစ်ဖက်စလုံးသည် သက်ဆိုင်ရာနေရာများသို့ ရောက်သွားကြသည်။

ကျန်းယီမင်သည် သူ့တပည့်များလည်ပင်းပေါ်ရှိ ဓားမြှောင်ကို အလျင်အမြန်ရိုက်ထုတ်လိုက်ပြီး "မြန်မြန်... သူတို့ကို မြန်မြန်စစ်ဆေးကြည့်..." ဟု ပြောလိုက်သည်။

တုန်းယွင်က ခေါင်းညိတ်လိုက်ပြီး သူ့လူများကို အလျင်အမြန်ခေါ်လိုက်သည်။ သူက သူတို့ကို ဆေးလုံးများတိုက်ပြီး ခန္ဓာကိုယ်များကိုစစ်ဆေးပေးလိုက်သည်။ သူတို့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကို မြင်လိုက်ရသောအခါ ကျန်းယီမင်က သူ့ရင်ထဲမှ ဒေါသကို ဘယ်လိုမှမဖုံးကွယ်ထားနိုင်တော့ပေ။

"ဆရာ... ကျွန်တော့်အသက်က တန်ဖိုးမရှိပါဘူး၊ သေရမှာလည်း နောင်တမရပါဘူး..." ရှန့်ကွမ်းချင်းယန်က ဟိုဘက်ခြမ်းမှ လှမ်းအော်လိုက်သည်။

"ဒီဘဝမှာ ဆရာ့ရဲ့ ဆုံးမစကားတွေကို ကြားနာခွင့်ရခဲ့တာနဲ့တင် ကျွန်တော်ကျေနပ်ပါပြီ..."

ရှန့်ကွမ်းလီက သူ့ကိုပါးစပ်ပိတ်ထားရန် အချက်ပြလိုက်သည်။

"မင်းက လင်းယွင်ဂိုဏ်းအဖွဲ့ဝင် မဟုတ်တော့ဘူးကွ... မင်းအခြေအနေကို မင်းအမြန်ဆုံးနားလည်သဘောပေါက်ဖို့ ငါအကြံပေးချင်တယ်..." ရှန့်ကွမ်းလီက လှောင်ပြောင်ရယ်မောလိုက်သည်။

"မင်းဆရာက ဒီလောက်တော်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ မင်းရဲ့သွေးကြောတွေကို ပြန်ဆက်ပေးနိုင်ရုံတင်မကဘူး၊ သူ့ကိုကူညီဖို့ ကျင့်ကြံသူအများကြီးကိုပါ စုဆောင်းနိုင်သေးတာပဲ... မင်းက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်မှာပဲ ရှိသေးတာလော လင်းယွင်ဂိုဏ်းကို ဝင်လိုက်တာက ငါတို့ကို အရှက်ခွဲရာမရောက်ဘူးလား..."

ကျန်းယီမင်မတ်တတ်ရပ်လိုက်ပြီး ထိန်းချုပ်ခံထားရပြီဖြစ်တဲ့ ရှန့်ကွမ်းချင်းယန် ကို ကြည့်လိုက်သည်။

"ဟားဟားဟားဟား... လင်းယွင်ဂိုဏ်းချုပ်၊ အခုရှန့်ကွမ်းချင်းယန် အိမ်ပြန်ရောက်ပြီ... သူကအစကတည်းက မိသားစုခေါင်းဆောင်ရာထူးကို ဆက်ခံမယ့်သူပဲလေ... ဒီကလေးကကစားရတာ ကြိုက်တဲ့ သဘာဝရှိလို့ ခင်ဗျားတို့ဂိုဏ်းကိုအဆင်မပြေမှုတွေ အများကြီးဖြစ်စေခဲ့တယ်၊ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ..." ရှန့်ကွမ်းလီ မတ်တတ်ရပ်ပြီး ပြောလိုက်သည်။

"ဒါဆိုရင် လောလောဆယ်ပြန်ကြပါဦး။ ဒီရက်ပိုင်း ရှန့်ကွမ်းချင်းယန်ကို ကျွန်တော့်အစားစောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ နောက်ရက်အနည်းငယ်အတွင်း ကျေးဇူးတင်စကားဆိုဖို့ ကျွန်တော်ကိုယ်တိုင်လူတွေခေါ်ပြီး လာခဲ့ပါ့မယ်..."

ကျန်းယီမင်မျက်နှာအမူအရာက မပြောင်းလဲသော်လည်း ပါးစပ်အနည်းငယ်လှုပ်ရှားသွားသည်။

သို့သော် သူပြောစရာစကား ပျောက်ဆုံးနေဆဲဖြစ်သည်။

"ဆရာ..."

ရှန့်ကွမ်းမိသားစုအစေခံတစ်ဦးသည် လက်ထဲမှ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ရှန့်ကွမ်းချင်းယန်ရှေ့တွင် အလျားလိုက်ကိုင်ထားလိုက်သည်။

"ဒီလိုမျိုးပါးစပ်ပိတ်ခိုင်းတာ တကယ်မကောင်းဘူးကွာ... မင်းငြိမ်ငြိမ်လေးနေလိုက်ပါလား... ဒါဆိုရင် မင်း ဒီလောက်ခံစားနေစရာ မလိုတော့ဘူးလေ..."

အစေခံမျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာ ရှိနေသည်။ ရှန့်ကွမ်းမိသားစုရဲ့စစ်မှန်တဲ့ မိသားစုခေါင်းဆောင်သည် လမ်းဘေးခွေးတစ်ကောင်လို သူတို့ထိန်းချုပ်မှုအောက်ရောက်နေလိမ့်မယ်လို့ သူထင်မထားခဲ့ပေ။ အနည်းဆုံးတော့ အခုလောလောဆယ် သူတို့ကြိုက်သလိုလုပ်လို့ရသည်။

"ဟဲဟဲ... ငါပြောမယ်၊ ရှန့်ကွမ်းချင်းယန်၊ မင်းဝင်ခဲ့တဲ့ဂိုဏ်းက ပုံမှန်မဟုတ်တဲ့အင်အားရှိတဲ့ပုံပဲနော်... ဒီလောက်အစွမ်းထက်တဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာရပ်တွေရှိနေမှတော့ တခြားအရာတွေလည်း မဆိုးလောက်ဘူး ဟုတ်တယ်မလား... မင်းလက်နက်တချို့ပြန်ခိုးလာသေးလား... ငါ့ရဲ့ဒီသံချေးတက်နေတဲ့ဓားကို လဲလှယ်သင့်ပြီလို့ ထင်တယ်..."

အစေခံနှစ်ဦးသည် ရှန့်ကွမ်းချင်းယန်ကို မျက်လုံးထဲပင် မထည့်ပေ။

"ဆရာ... ကျွန်တော်ကတပည့်ဆိုးပါ၊ အဲ့တာကြောင့် ကျွန်တော့်ကို အရင်ဆုံးထွက်သွားခွင့်ပြုပါ..." ရှန့်ကွမ်းချင်းယန်က အော်ဟစ်လိုက်သည်။

ထို့နောက် သူကရှေ့သို့ ခုန်တက်လိုက်ရာ အစေခံလက်ထဲမှဓားရှည်သည် သူ့ခန္ဓာကိုယ်ကိုထိုးဖောက်သွားသည်။ ရင်ဘတ်မှဝင်ပြီး နောက်ကျောဘက်မှ ဖောက်ထွက်သွားသည်။ ရောက်နေတဲ့ လူတိုင်းမျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

'ဘာတွေဖြစ်ကုန်တာလဲ... ရှန့်ကွမ်းချင်းယန်က သူ့ရည်ရွယ်ချက်အတွက် တကယ်ပဲ အသက်ပေးလိုက်တာလား....'

ရှန့်ကွမ်းလီလည်း အံ့အားသင့်သွားသည်။ ရှန့်ကွမ်းချင်းယန်က ဒီနေရာမှာ ကိုယ့်ကိုယ်ကိုသတ်သေလိမ့်မယ်လို့ သူထင်မထားခဲ့မိပေ။ ရှန့်ကွမ်းချင်းယန် သေဆုံးသွားသည်နှင့်တပြိုင်နက် သူတာဝန်ယူထားတဲ့ ရှန့်ကွမ်းမိသားစုတွင် ဘယွအားသာချက်မှ ရှိတော့မည် မဟုတ်ပေ။ ရှန့်ကွမ်းချင်းယန်ရဲ့ လဲကျသွားသောခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ ကျန်းယီမင် သည်းမခံနိုင်တော့ပေ။

"လုပ်လိုက်တော့...."

"ဝုန်း...."

သူ့နောက်မှ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများသည် တပြိုင်နက်တည်းတိုက်ခိုက်လိုက်ကြသည်။ သူတို့က ရှန့်ကွမ်းမိသားစုအဆောက်အအုံများရဲ့ ထက်ဝက်ကျော်ကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။ ရှန့်ကွမ်းမိသားစုဖွဲ့စည်းထားသော အစီအရင် သည် လင်းယွင်ဂိုဏ်းထိန်းချုပ်မှုအောက် ရောက်သွားသည်။ ရှန့်ကွမ်းမိသားစုက ဘာမှမတတ်နိုင်တော့ပေ။

တုန်းယွင်က သူ့လူများနှင့်ရောက်လာပြီး ကျန်းယီမင်အခြေအနေကို ပြန်ကောင်းအောင် ကုသပေးလိုက်သည်။

"သူတို့အားလုံးကို သတ်ပစ်..."

တုန်းယွင်က ခေါင်းညိတ်လိုက်သည်။ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် အဖွဲ့နှစ်ဖွဲ့သည် တိုက်ပွဲကြီးတစ်ခုကို ထပ်မံစတင်လိုက်ကြသည်။ သို့သော် ရှန့်ကွမ်းမိသားစုသည် ရှုံးနိမ့်လုနီးပါးဖြစ်နေသည်။ ရှန့်ကွမ်းမိသားစုက ဘယ်ပြိုင်ဘက်ကို ပြန်တိုက်ထုတ်နိုင်ခြင်း မရှိပေ။ ရှန့်ကွမ်းလီကိုယ်တိုင်ပင် တိုက်ပွဲဝင်ရန် ဖိအားပေးခံနေရသည်။

အမွှေးတိုင်တစ်တိုင်တစ်ဝက်ခန့် လောင်ကျွမ်းချိန်မပြည့်မီမှာပင် ရှန့်ကွမ်းမိသားစုမှ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ အများအပြားကျဆုံးသွားခဲ့ကြသည်။ ရှန့်ကွမ်းယွမ်အပါအဝင် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများသည် ယခုအခါဝိုင်းရံပိတ်ဆို့ ခံထားရသည့် အခြေအနေသို့ရောက်နေကြသည်။ တုန်းယွင်တစ်ယောက်တည်းကို ရင်ဆိုင်ရတာကပင် ရှန့်ကွမ်းယွမ်ကို ခေါင်းကိုက်စေရန် လုံလောက်နေသည်။ ယခုခါ မွေးဖွားခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်တဲ့ သူ့ကိုသတ်ရန် လူတွေပိုရောက်လာကြသဖြင့် သူသည်းမခံနိုင်တော့ပေ။

"စီမာကျန်း... အဲ့ဒီမှာရပ်မနေနဲ့... ဒီနေရာမှာမင်းရဲ့ အရှိန်အဝါက အသန်မာဆုံးပဲ... မြန်မြန်လုပ်..."

ရှန့်ကွမ်းယွမ်အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းသည်၊ စီမာကျန်းကို သူ့မူလဝိညာဉ်များအမြန်ခွဲထုတ်ပြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲစေချင်နေခြင်းဖြစ်သည်။

အခြေတည်စိတ်ဝိညာဥ်အဆင့်ရှိသူများသည် သူတို့ခန္ဓာကိုယ်ထဲတွင် မူလဝိညာဉ်တစ်ခုဖန်တီးနိုင်သည်။

မူလဝိညာဉ်မသေသရွေ့ သူတို့လည်းသေဆုံးမည် မဟုတ်ပေ။ မွေးဖွားခြင်းအဆင့်သို့ ရောက်ပြီးနောက် ခန္ဓာကိုယ်ထဲတွင် မူလဝိညာဉ်တစ်ခုထက်ပိုပြီး ခွဲထုတ်နိုင်သည်။ မူလဝိညာဉ်ခွဲထုတ်ပြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းသည် ထိုနည်းလမ်းကို အသုံးပြုလိုက်တဲ့ ကျင့်ကြံသူရဲ့ကျင့်ကြံခြင်းအဆင့်ကို နက်နက်ရှိုင်းရှိုင်းထိခိုက်စေရုံသာမက ရှုံးနိမ့်နေတဲ့ အခြေအနေမျိုးတွင် တခြားမိသားစုဝင်များကိုပါ တွဲဖက်ထိခိုက်စေနိုင်သော်လည်း ယခုအခါသူတို့တွင် စဉ်းစားရန်အချိန်မရှိတော့ပေ။

ဒါက နောက်ဆုံးနည်းလမ်းဖြစ်ပေမယ့် အရေးကြီးတာအတွက် အရေးမကြီးတာကို စွန့်လွှတ်ရမယ့် နည်းလမ်းကိုအသုံးပြုရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။ အမိန့်ကို ကြားလိုက်လိုက်ရသောအခါ စီမာကျန်းက အံကြိတ်ပြီး မူလဝိညာဉ်တစ်ခုခွဲထုတ်လိုက်သည်။

"ပေါက်ကွဲစမ်း...."

"သတိထား..."

စီမာကျန်းသည် ခန္ဓာကိုယ်မှမူလဝိညာဉ်ကို ခွဲထုတ်လိုက်တာကို မြင်လိုက်ရသောအခါ ဒီအဘိုးကြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲချင်နေပြီဖြစ်ကြောင်း ကျန်းယီမင်သိလိုက်သည်။ စီမာကျန်းသည် အရိုးစားဓားကိုသုံးပြီးနောက် သူ့စိတ်ဝိညာဉ်စွမ်းအားများက မသန့်ရှင်းတော့ပေ။ ထို့ကြောင့် သူ့ရဲ့ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုစွမ်းအင်သည်လည်း အရင်ကနဲ့မတူ ကွဲပြားခြားနားလိမ့်မည်။

All Chapters