← Chapters

ညတွင်းချင်း သောင်းနှင့်ချီသည့် မိဘများ ရလာခြင်း

Vol. 15 Ch. 144

ညတွင်းချင်း သောင်းနှင့်ချီသည့် မိဘများ ရလာခြင်း

Vol. 15 Ch. 144

ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် ငှက်အပေါင်းတို့သည် သူ့ထက်ငါ အလျင်အမြန် ပျံပြေးကြသကဲ့သို့ ဝန်ရှင်းဟွေ့ ဒုက္ခရောက်နေပြီကို မြင်သည်တွင် မာစတာလျို့ကဲ့သို့သော ဖိနပ်လျက် သမားမှာ အခြားသူများထက် ပို၍ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

“ ဒီတောင်ကို ငါကျော်ပြီးရင် မင်းလည်း ငါနဲ့ မပြီးသေးဘူးမှတ် ….”

ယခုတော့ သူသာ ဤကပ်ဘေးကို ကျော်လွှားလိုသည်ဆိုပါက ချန်ယွီ့နှင့် စကားပြောဖို့သာ ကျန်ရှိတော့သည်။

သူ့ကိုယ်သူ အချိန်အနည်းငယ်ပေး၍ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိုက်၏။ ထို့နောက် အသက်ကို ပြင်းပြင်းရှူသွင်းရင်း ချန်ယွီ့၏ နံပါတ်ကို နှိပ်လိုက်သည်။

ဖုန်းချိတ်ဆက်သွား‌တော့ ဝန်ရှင်းဟွေ့က လိုရင်းကို တန်းသွားလိုက်၏။ “ ချန်ယွီ့ … အရင် တစ်ခေါက်က ငါ့ဘက်က နည်းနည်းလွန်သွားတယ် … အခု မင်းဖြစ်ချင်တာကို ပြော …”

“ ငါ ဘာလုပ်ပေးရင် မင်းငါ့ကို ခွင့်လွှတ်ပေးနိုင်မလဲ …”

“ လူကြီးမင်းဝန် … ခင်များ ပြောနေတာတွေ ကျုပ် နားမလည်ဘူးဖြစ်နေတယ် … ခင်များက ဘာမှားခဲ့လို့လဲ …”

“ ဥဩငှက်လို သူများရဲ့ အသိုက်ကို ခိုးတာလား …” ချန်ယွီ့က ထေ့ငေါ့လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်ပြီး “ ဒါမှမဟုတ် သူများရဲ့ ဖုန်းရွှေ ရတနာ ကောင်းချီးကို ရက်ရက်စက်စက်နဲ့ စုပ်ယူပြီး ကိုယ့်ရဲ့ ကံကောင်းမှုကို တိုးမြင့်ခဲ့တာကြောင့်လား ….”

ချန်ယွီ့ စကားလုံးအနည်းငယ်ဖြင့် ဝန်ရှင်းဟွေ့မှာ ခေါင်းထဲက မီးခိုးငွေ့တွေ ထွက်လာပြီး သွေးရူးသွေးတမ်း ဖြစ်တော့မတတ် ဖြစ်လာသည်။

နှလုံးသားထဲရှိ ဒေါသမီးကို အတင်းအကြပ် ဖိနှိပ်ထားရင်း ဝန်ရှင်းဟွေ့ အသံဩရှရှဖြင့် ပြောလိုက်သည်။ “ အတိတ်က ကိစ္စတွေက ဖြစ်ခဲ့ပြီးတဲ့ အရာတွေပဲ … ငါတို့ ဒီအကြောင်းတွေ မပြောကြစို့ …”

“ ဘာလို့ …”

ချန်ယွီ့ အေးအေးလူလူ မေးမြန်းလိုက်ပြီး “ ခင်များကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ရွာသားတွေဆို ခင်များထက် အဆပေါင်းများစွာကို ဘေးဒုက္ခရောက်ခဲ့ရတယ် …”

“ သူတို့ တစ်သက်လုံး ပုံမှန် ဝင်ငွေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး…”

“ တကယ်လို့ ကျုပ်မှာသာ အစွမ်းအစ နည်းနည်းလောက်လေး မရှိခဲ့ဘူးဆိုရင် ကျုပ်ဆေးခန်းလေးလည်း ပြာကျတဲ့အထိ မီးရှို့ခံလိုက်ရမယ် … အနီးနားက ဆိုင်ခန်းတွေတောင် ဒီမီးထဲ ပါရင်ပါသွားလိမ့်ဦးမယ် … ကျုပ်လည်း အခုလောက်ဆို ဆေးရုံတက်နေရလောက်ပြီ …”

“ မင်း စိတ်ကျေနပ်လောက်မယ့် ပမာဏအထိ ငါ လျော်ကြေးပေးနိုင်တယ် …”

“ မင်း ငါ့ကို လွှတ်ပေးမယ်ဆို ဘယ်လိုလျော်ကြေးမျိုးပဲ ဖြစ်ဖြစ် ငါပေးနိုင်တယ် …” ဝန်ရှင်းဟွေ့က ယုံကြည်ချက်အပြည့်ဖြင့် ဆိုလာသည်။

“ မင်း လိုချင်တာဘာလဲ … ပိုက်ဆံလား … မိန်းမလှလေးတွေလား … ကြိုက်တာပြောလိုက် …”

“ ခင်များသာ မနေ့က ဒီလို သဘောထားမျိုးနဲ့ ကျုပ်ကို စကားပြောမယ်ဆိုရင် ခင်များလည်း ကိုယ့်ခြေထောက်ပေါ် ဂဲ(ကျောက်တုံး)ပြုတ်ကျမှာ မဟုတ်ဘူး …”

ချန်ယွီ့ အေးစက်စက်လေသံဖြင့် ခွန်းတုံ့ပြန်လိုက်၏။

“ ကျုပ် ခင်များကို ရပ်တန်းက ရပ်ဖို့ သတိပေးခဲ့တယ် … ဒါပေမယ့် ခင်များကတော့ နံရံနဲ့ ခေါင်းနဲ့ မဆောင့်မိခင်အထိ ပြန်မလှည့်ချင်ဘူး …”

“ ဘယ်လိုလဲ … ခေါင်းတွေပေါက်ပြီး သွေးတွေ ထွက်နေပြီမလား ….”

“ ကောင်းကင်က ခင်များရဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေတယ် … ခင်များရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို တခြားလူတွေရဲ့ မျက်လုံးအောက်မှာပဲ ဖုံးကွယ်ထားရင် ဖုံးကွယ်ထားလို့ရမယ် … ဒါပေမယ့် ကောင်းကင်ရဲ့ မျက်လုံးကိုတော့ ခင်များ ဘာနဲ့မှ ဖုံးကွယ်ထားလို့မရဘူး …”

“ ပြစ်ဒဏ်စီရင်ခံရပြီဆိုတာနဲ့ ခင်များနဲ့ ခင်များကုမ္ပဏီတင် မကဘူး … ခင်များရဲ့ တစ်မိသားစုလုံးပါ တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မယ် ….”

“ တကယ်လို့ ခင်များရဲ့ အကုသိုလ်တွေကို ပြန်ပေးဆပ်ချင်တယ်ဆိုရင် နာရီဝက်အတွင်း ကျုပ်ဆေးခန်းကို လာခဲ့ …”

“ ငါ အခုချက်ချင်း လာခဲ့မယ် …”

ဖုန်းချပြီးနောက် ဝန်ရှင်းဟွေ့က သူ့လူများကို ကားအဆင်သင့် ပြင်ထားဖို့ ပြောလိုက်သည်။

ထို့နောက် နာရီဝက်အတွင်းမှာပဲ ဝန်ရှင်းဟွေ့သည် ချန်ယွီ့၏ စိတ်ကျန်းမာရေးဆေးခန်းထဲသို့ ရောက်လို့လာသည်။

ချန်ယွီ့က လက်ပိုက်လျက် ဝင်လာသည့် ဝန်ရှင်းကို ညင်သာစွာပြုံးလျက် ကြည့်လိုက်သည်။

ချန်ယွီ့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း ဝန်ရှင်းဟွေ့က တည့်တိုးပဲ ပြောလိုက်၏။ “ မာစတာချန် … ငါ ….”

“ ခဏ….”

ချန်ယွီ့ စကားဖြတ်ပြောလိုက်ပြီး “ ကျုပ်ကို ဒေါက်တာချန်လို့ ခေါ်ပါ …”

ဝန်ရှင်းဟွေ့မှာ ချန်ယွီ့ကို လည်ပင်း ညှစ်သတ်ချင်နေမိတော့သည်။

ယခုကဲ့သို့ အချိန်၌မှာပင် ချန်ယွီ့က ခေါ်တွင်သည့် နာမည်လေးအပေါ် ရေးကြီးခွင်ကျယ် လာလုပ်နေသည်။

ရတယ်လေ … သူကလည်း ဒီကို ငြိမ်းချမ်းရေးယူဖို့ ရောက်လာတယ်ဆိုတော့လည်း တစ်ဖက်လူ ပြောတဲ့အတိုင်းပဲပေါ့ …

“ ဒေါက်တာချန် … ငါ့ဘက်က မေတ္တာလက်ဆောင်အနေနဲ့ ယွမ်ဆယ်သန်း ချက်ခ်လက်မှတ်ကို ပြင်ဆင်လာခဲ့ပါတယ် …”

“ မင်းငါ့ကို ခွင့်လွှတ်ပေးအောင် ငါ ဘာများလုပ်ပေးရမလဲ … ကျေးဇူးပြုပြီး မြန်မြန် ပြောပေးစမ်းပါ ဒေါက်တာချန်ရာ … မင်း ကျေနပ်စေရမယ်လို့ ငါ အာမခံတယ် ….”

“ ခင်များနဲ့ ကျုပ်ကြားက ကိစ္စကို သင်ပုန်းချေပေးလိုက်လို့ရတယ် …” ချန်ယွီ့ တည့်မတ်စွာ ထိုင်လိုက်ပြီး “ ဒါပေမယ့် ရွာသားတွေကိုတော့ ခင်များ လျော်ကြေးပေးရမယ် …”

ထိုသို့ပြောပြီးနောက် ချန်ယွီ့က ခြောက်ဂဏန်း အက္ခရာ လက်ဟန်ကို ပြုလုပ်လိုက်သည်။

“ အနီးနားမှာ ရွာသား ၁၂,၀၀၀ လောက်နေတဲ့ ရတနာမြေခြောက်ခုကို ခင်များ ယူခဲ့တယ် …”

“ ခင်များက သူတို့တန်ဖိုးထား ချစ်မြတ်နိုးတဲ့ မွေးရပ်မြေကို မရဏမြေ ဖြစ်အောင် လုပ်ခဲ့တယ် ..”

“ အဲ့ဒီကနေ အကျိုးခံစားထားရတဲ့ ခင်များက တစ်ခုခု ပြန်လုပ်ပေးသင့်တယ်လို့ မထင်ဘူးလား …”

“ ဘယ်လိုမျိုးလဲ …”

ဝန်ရှင်းဟွေ့ မေးလိုက်၏။

“ စက်ရုံတွေဆောက် ၊ ရိပ်သာတွေဆောက် ၊ မူကြိုကျောင်းတွေ ဆောက် ၊ ပြီးတော့ အဲ့ဒီနေရာတွေမှာ ကျေးလက်ကန်တင်းတွေလည်း ဆောက်ပေးရမယ် …”

“ အဲ့ဒီနေရာတွေမှာ ခင်များကြောင့် နစ်နာခဲ့ရတဲ့ ရွာသားတွေကို နေရာချပေးရမယ် …”

“ စက်ရုံက ဘာစက်ရုံဖြစ်ဖြစ် ကိစ္စမရှိဘူး … ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် တစ်နေ့ အလုပ်လုပ်ချိန်က ရှစ်နာရီ မကျော်ရဘူး … “

“ လစာကလည်း တခြား ပုံမှန် ဒေသတွေထက် နည်းနည်းပိုမြင့်ပေးရမယ် …”

“ လီမိသားစုကျေးရွာမှာ ကလေးတွေ အများကြီး ရှိတယ် .. အဲ့မှာ ခင်များ ရွာဆေးခန်း ဆောက်ပေးလို့ရတယ် …”

ချန်ယွီ့၏ တောင်းဆိုမှုများကို ကြားတော့ ဝန်ရှင်းဟွေ့မှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

သို့ပေမယ့်လည်း ချန်ယွီ့က သူ့ အနာဂတ်နှင့် ကံကြမ္မာကို လက်ထဲ ဆုပ်ကိုင်ထားသူ ဖြစ်နေတာကို ပြန်တွေးမိတော့ ဒေါသများကို အတင်းအကြပ် ဖိနှိပ်ထားလိုက်သည်။

“ မင်း ပြောချင်တဲ့သဘောက အဲ့လူတွေရဲ့ လစာ၊ အာမခံချက်နဲ့ ရန်ပုံငွေတွေကို လတိုင်းလ ပေးရမယ်လို့ ပြောနေတာလား ဟုတ်လား … ငါက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကိုတောင် စောင့်ရှောက်ပေးရမယ်ပေါ့ …”

“ ဒီလူတွေ တစ်ခုခု ဖျားတာ ၊ နာတာ ရှိလာခဲ့ရင် တာဝန်ယူရမယ့်လူကလည်း ငါပဲပေါ့ ဟုတ်လား ..”

“ အဲ့တော့ ခင်များ ပြဿနာ ရှိလား ….”

ချန်ယွီ့ ပြုံးပြီး မေးလိုက်၏။

“ ငါက သူတို့ မိဘမှ မဟုတ်တာကွ ..” ဝန်ရှင်းဟွေ့မှာ တံတွေးများ စင်အောင် မာန်ပါပါနှင့် ပြောလာခဲ့ပြီး “ သူတို့ စားတာ ၊သောက်တာ၊ မွေးတာ၊ အိုတာ ၊ သေတာတွေကို ဘာကိစ္စ ငါက တစ်ခုချင်းစီ လိုက်ဂရုစိုက်ပေးနေရမှာလဲ ….”

“ မမေ့လိုက်နဲ့ …” ချန်ယွီ့ နှာမှုတ်လိုက်ပြီး “ သူတို့သာ မရှိဘူးဆိုရင် ခင်များကိုယ်တိုင်လည်း ဒီနေ့လို နေရာမျိုး ရောက်လာခဲ့မှာ မဟုတ်ဘူး …”

“ ခင်များ သူတို့ရဲ့ ကံကောင်းမှုတွေကို မစုပ်ယူခင် ခင်များဆိုတာ ရုပ်ရှင် ကုမ္ပဏီအသေးစားလေးရဲ့ သူဌေးတစ်ယောက်ထက် မပိုဘူး ….”

“ ခင်များ သူတို့ကို မျက်စိကျပြီး အစီအရင်နဲ့ သူတို့ရဲ့ ကံကောင်းမှုနဲ့ ကောင်းချီးတွေကို စုပ်ယူပြီးတဲ့အခါကျမှ ခင်များရဲ့ ကံကောင်းမှုကလည်း ပန်းပေါင်းစုံ ဖူးပွင့်သလို ဝေဆာလာခဲ့တာပဲ …”

“ နှစ်တွေ ဘယ်လောက်မှတောင် မကြာသေးဘူး … ခင်များ စုဆောင်းမိတဲ့ ပိုက်ဆံတွေက ဒေါ်လာ ဘီလီယမ်နဲ့ချီတယ် …”

“ ခင်များရဲ့ ကံကောင်းမှုနဲ့ ကြွယ်ဝမှုတွေက သူတို့ဆီက လာတာ … ဒါပေမယ့် သူတို့ကတော့ ခင်များလှည့်စားတာ ခံလိုက်ရပြီး တစ်သက်လုံး ကံဆိုးမှုတွေနဲ့ပဲ ရင်ဆိုင်လိုက်ရတယ် …”

ချန်ယွီ့က နှစ်ဖက် မြင်သာအောင် ပမာပေးပြီး ပြောသည်။

ရွာသားများက မိဘများ ဖြစ်ပြီး ဝန်ရှင်းဟွေ့က သူတို့၏ သားပင်။

သူက မိဘများ၏ ပိုက်ဆံကို ယူပြီး သူတို့ကျွေးသည့်အစားအသောက်ကို စားသည်။

မိဘများ အိုမင်းချိနဲ့လာချိန်တွင် သားဖြစ်သူက သူတို့ကို ပြန်ထောက်ပံ့ပေးရမည့် အချိန် ဖြစ်၏။

ဤစကားကြားတော့ ဝန်ရှင်းဟွေ့ မျက်နှာကြီး စိမ်းပုပ်သွားသည်။

ချန်ယွီ့ ပြောသည့်အတိုင်းဆိုပါက သူသည် လူ ၁၂,၀၀၀ ကို ကျွေးမွေးစောင့်ရှောက်ထားဖို့ လိုလေသည်။

သူတို့ထဲ တစ်ဝက်ကျော်လောက်က လူကြီးများ ဖြစ်ပြီး တစ်ဦးကို လခ ယွမ် ငါးထောင်ပေးမည်ဆိုပါက ဝန်ရှင်းဟွေ့သည် ၎င်းတို့၏ လစဉ် လခအတွက် ငွေယွမ် သန်း ၃၀ ကို လတိုင်း အိတ်ထောင်ထဲက ထုတ်ရမည်။

ထိုမျှနှင့် မပြီးသေး။ အာမခံချက်နှင့် အခြားသော သောင်းပြောင်းထွေလာ အသေးလေးများလည်း ကျန်နေသေးသည်။

အကုန်လုံး စုပေါင်းတွက်ချက်ကြည့်လိုက်မည်ဆိုပါက တစ်လကို ယွမ်သန်း ၅၀ ပင်။

ထို့ပြင် ချန်ယွီ့က သူ့ကို ရိပ်သာများ၊ မူကြိုကျောင်းများနှင့် ဆေးရုံများလည်း တည်ဆောက်ခိုင်းသေးသည်။

ထိုအရာများအားလုံးကလည်း ငွေကုန်ပေါက်များ ဖြစ်၏။

ရွာသားများက သူ့ဖခင်၏ အရိုးကို မီးရှို့ပြာချပစ်လိုက်သဖြင့် ယခု သူ့ဖခင်၏ အရိုးကို မှီခိုပြီး အစီအရင်ဖြင့် ငွေရှာဖို့ ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

သူ့ကုမ္ပဏီ ဤကပ်ဘေးကြီးတွင် ရှင်သန်ကျန်ရစ်နိုင်ဦးပါ့မလားဆိုတာလည်း မသေချာသေးပေ။

ရုပ်ရှင်နှင့် ဒရာမာ ထုတ်လုပ်ရေးနယ်ပယ်၌ နေရာတစ်ရာ ရယူနိုင်သေးလျှင်ပင် ယခင်ကလောက် အလုံးစုံ ချောမွေ့ အဆင်ပြေနေမှာမဟုတ်တော့။ ယခင်ကလို ကြုံရာ ဇာတ်ကားတစ်ကားတွင် ရင်းနှီးမြုပ်နှံလိုက်ပြီး အဆ - လေး ငါး ဆယ်ဆ အမြတ်ရဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။

ဝန်ရှင်းဟွေ့ တွေးကြည့်လေလေ၊ သူ ပိုပြီး မုန်းတီးမိလာလေလေ ဖြစ်၏။

သူ့မှာ ညတွင်းချင်း သောင်းနှင့်ချီသည့် ‘မိဘများ’ ရရှိလာသည်။

သူ ဘာအကုသိုလ်တွေများ လုပ်မိလို့ ဒီလိုတွေ လာကြုံနေရတာလဲတဲ့ …

ဝန်ရှင်းဟွေ့ အသံထွက်မလာတာကို မြင်တော့ ချန်ယွီ့ ညင်သာစွာ ပြုံးပြီး မေးလိုက်၏။ “ ခင်များရဲ့ ကံကောင်းမှုတွေ ဘာလို့ ထိုးဆင်းကုန်လဲ သိချင်လား ….”

“ ဘာလို့လဲ …”

ဝန်ရှင်းဟွေ့ ပြန်မေးသည်။

“ လူပြောစကား တစ်ခွန်း ရှိတယ်လေ … နိုင်ရင်လည်း ရှောင်းဟော်ကြောင့် … ရှုံးရင်လည်း ရှောင်းဟော်ကြောင့် … ခင်များက ကိုယ့်အဖေရဲ့ အရိုးကို အသုံးချပြီး ခင်များအတွက် ကောင်းကံတွေကို စုပ်ယူတယ် ..”

“ အခု သူ့အရိုးတွေကို လီမိသားစု ရွာသားတွေက မီးရှို့ပြာချပစ်လိုက်ပြီ … ပြီးတော့ အရိုးပြာတစ်ဝက်ကတောင် ခင်များ ဝန်ထမ်းရဲ့ အိမ်သာထဲ လွှင့်ပစ်တာကို ခံလိုက်ရတယ် …”

“ သူ့ ဒေါသကို ဘယ်သူ့အပေါ် ပုံချလိမ့်မယ်လို့ ထင်လဲ ….” ချန်ယွီ့ မေးလိုက်သည်။

“ ဒါပေါ့ … အဲ့ဒီ လီမိသားစုကျေးရွာက ခွေးသူတောင်း … အဟမ်း အဲ့ဒီ ရွာသားတွေကိုပေါ့ …”

ဝန်ရှင်းဟွေ့က တုံ့ဆိုင်းချင်း မရှိ ပြန်ဖြေသည်။

“ တကယ်လို့ တစ်စုံတစ်ယောက်က လီမိသားစု ရွာသားတွေကို ကာကွယ်ပေးထားတယ် …” ချန်ယွီ့ စကားဆက်၍ “ အဲ့ဒါဆိုရင် ခင်များအဖေက သူ့ဒေါသတွေကို သူတို့အပေါ် ပုံချလို့ မရတော့ဘူး … ဒါဆို ဘယ်သူ့ကို ရှာမယ်ထင်လဲ …”

“ ငါ့ … ငါ့ကိုလား …”

ဝန်ရှင်းဟွေ့ ကြက်သေသေသွားခဲ့သည်။

သူ့ကံတွေ ဆက်တိုက် မိုးမှောင်ကျနေတာ မထူးဆန်းတော့ပါဘူး ...

ချန်ယွီ့ မင်းက တကယ့်ကို မျိုးမစစ်ပဲ …

All Chapters