← Chapters

ဖြစ်နိုင်တာ သူ ငါ့ကို သဘောကျနေလို့လား

Vol. 15 Ch. 145

ဖြစ်နိုင်တာ သူ ငါ့ကို သဘောကျနေလို့လား

Vol. 15 Ch. 145

ချန်ယွီ့ကို မနိုင်မှန်း သူ့ကိုယ်သူသာ မသိဘူးဆိုပါက ဝန်ရှင်းဟွေ့သည် ချက်ချင်းပဲ သူ့လက်အောက်ငယ်သားများကို ခေါ်၍ အားပါးတရ လက်သီး စတုဒီသာ ကျွေးလိုက်ချင်သည်။

ထိုအချိန်အခိုက်အတန့်မှာပဲ ဝန်ရှင်းဟွေ့ စိတ်ထဲ သံသယ မီးပွားက စတင်လောင်ကျွမ်းလာခဲ့သည်။

လီမိသားစု ကျေးရွာသားများ သူ့အဖေ၏ အလောင်းကို မီးရှို့ပြာချခဲ့သည့် ကိစ္စနောက်ကွယ်တွင် ထိုသို့ ပြုလုပ်ဖို့ ကြိုးကိုင်နေခဲ့သူက ချန်ယွီ့ ဖြစ်ရမည်။

သူက ယွမ် ၁၀ ဘီလီယမ်နီးပါး ချမ်းသာကြွယ်ဝသည့် သူဌေးကြီး ဖြစ်သည့်တိုင် ယခု ချန်ယွီ့က သူ့ကို အနှီ ကျေးတောသား တစ်အုပ်စုအတွက် ကျွန်လုပ်ခိုင်းနေသည်။

စဉ်းစားကြည့်ရုံမျှနှင့်ပင် သူ့သွေးတို့ ပွက်ပွက်ဆူလာခဲ့ရသည်။

ဝန်ရှင်းဟွေ့ ရင်ထဲရှိ မလိုလားမှုကို မြင်တော့ ချန်ယွီ့ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ခုကို ဖော်ထုတ်မိလိုက်သည်။

အမှန်တကယ်ဆို ယခုလို ရက်စက်အောက်တန်းကျသည့် လုပ်ရပ်မျိုး မလုပ်မီ လုပ်ရပ်၏ အကျိုးဆက်များကို ကြိုပြီး တွေးတောမိခဲ့သင့်၏။

ဒါပေမယ့် တစ်ကြိမ်တစ်ခါလေးမှ မတွေးတောခဲ့ဖူးဘူးလား …

ကိစ္စမရှိဘူး ...

ချန်ယွီ့က သူ့ကို အမြော်အမြင်ကြီးတတ်လာအောင် သင်ပေးနိုင်တယ် …

“ ကျုပ် ခင်များကို ထွက်လမ်းပြပေးထားပြီးပြီ … ခင်များက မလုပ်ချင်ဘူးဆိုလည်း သဘောပါ …”

သူ့ ကိုယ်နေဟန်ထားကို ပြောင်းလဲရင်း အမှုမထားသည့် အမူအရာဖြင့် ချန်ယွီ့ ပြောလိုက်သည်။ “ ကျုပ်က လူနာတွေကို ကုသတဲ့အချိန် ပထမဦးစားပေးက သူတို့ရဲ့ လိုလားမှုက … ကျုပ် လူနာတွေကိုလည်း တစ်ခါမှ မလိမ်ညာခဲ့ဖူးဘူး …”

ဝန်ရှင်းဟွေ့၏ မျက်နှာကြွက်သားတို့ လိမ်တွန့် ရှုံ့မဲ့သွားသည်။

မင်း ခွေးသူတောင်းစား … မင်း စောက်ရမ်း လွန်သွားပြီ …

ဘယ်တော့မှ မညာဘူး ဟုတ်လား …

မင်းက လူကို ပေါ်တင်ကြီး ကျိန်ဆဲနေတာကွ …

“ ဒေါက်တာချန် … ငါ ရွာသားတွေကို ကျွေးမွေးဖို့အတွက် စက်ရုံ တစ်ရုံ ဆောက်လို့ရတယ် … ဒါပေမယ့် တခြား လူနေမှု အခြေခံ အဆောက်အဦးတွေအတွက်ကတော့ ဆွေးနွေးညှိနှိုင်းလို့ ရမလား …”

ဝန်ရှင်းဟွေ့မှာ အခြား ရွေးချယ်စရာ မရှိပါဘဲ သူ့ရင်ထဲရှိ ပေါက်ကွဲခါနီး ခံစားချက်များကို မျိုသိပ်ကာ ခေါင်းငုံ့လိုက်ရသည်။

သူ ချန်ယွီ့နှင့် စပြီးတော့ ညှိနှိုင်းဆွေးနွေးကြည့်၏။

စက်ရုံတည်ဆောက်ပြီး ရွာသားများကို‌ ခေါ်ယူ၍ အလုပ်ခန့်အပ်ဖို့က ပြဿနာ မရှိပေ။ မည်သို့ပင်ဆိုစေ စက်ရုံက ရသည့် အမြတ်ငွေနှင့် ဘဲစားဘဲကြေ ချေလိုက်၍ ရသည်။

သို့သော်လည်းပဲ ရိပ်သာများ၊ မူကြိုကျောင်းများ ၊ ဆေးရုံများ တည်ဆောက်ဖို့အတွက်ကတော့ …

ယင်းက အရှုံးပေါ်မည့် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်နေသည်။

မဟုတ်သေး။ စီးပွားရေး လုပ်ငန်းဟုပင် မခေါ်ထိုက်။ ယင်းက ပရဟိတ ဖြစ်သွားပြီ ဖြစ်၏။

ဝန်ရှင်းဟွေ့ စကားကို ကြားတော့ ချန်ယွီ့ အခြား ဘာမျှ မဆိုပေ။

သူ ထပြီး တံခါးပေါက်ဝသို့ သွားကာ တံခါးပေါက် ဆွဲဖွင့်၍ ကြွပါဆိုသည့် လက်ဟန်ပြုလုပ်လိုက်သည်။

“ ကျေးဇူးပြုပြီး …”

ချန်ယွီ့က သူ့ကို ဆေးခန်းထဲက ထွက်သွားခိုင်းနေတာကို မြင်တော့ ဝန်ရှင်းဟွေ့၏ အမူအရာတို့ ဆက်တိုက် ပြောင်းလဲသွားခဲ့သည်။

“ ကောင်းပြီလေ …” ဝန်ရှင်းဟွေ့ အံတင်းတင်းကြိတ်၍ ပြောလိုက်ပြီး “ ငါကတိပေးတယ် …”

“ ငါ ပြန်သွားရင် ရွာသားတွေနဲ့ စကားပြောပြီး စက်ရုံတည်ဆောက်ဖို့နဲ့ တခြား အဆောက်အဦးတွေ ဆောက်လုပ်ဖို့အတွက် လူလွှတ်လိုက်မယ် …”

“ ဟားဟားဟား ….”

“ တကယ်တော့လေ … “ ချန်ယွီ့ အေးစက်သည့် အပြုံးဖြင့် “ မညာတမ်း ဝန်ခံရရင် ခင်များရဲ့ မောက်မာပြီး ထင်ရာစိုင်းတဲ့ ပုံစံကို မြင်ရတာ ကျုပ်တကယ် သဘောကျမိတာ ...”

“ ဒေါက်တာချန်ကတော့ ငါ့ကို ဟာသလုပ်နေပါပြီ … ငါ့မှာ အတော်လေးကို သနားဖို့ ကောင်းနေပါပြီ …”

ဝန်ရှင်းဟွေ့မှာ ကူကယ်ရာမဲ့နေသည့် မျက်နှာအမူအရာလေးဖြင့် ဖြစ်နေခဲ့၏။ သို့ပေမယ့်လည်း စိတ်ထဲတွင်တော့ ချန်ယွီ့ကို အပီအပြင် ထုထောင်းထိုးနှက် သင်ခန်းစာတွေ ပေးနေပြီး ဖြစ်၏။

မာစတာလျို့ကလည်း နေမကောင်းဖြစ်ပြီး ဆေးရုံတက်နေရသည်ဟုဆိုကာ ဤကိစ္စမှ လက်ရှောင်သွားခဲ့သည်။

တစ်ချိန်တည်းတွင် သူ့ကုမ္ပဏီ၌လည်း ပြဿနာပေါင်း သောင်းခြောက်ထောင်က တစ်ခုပြီးတစ်ခု ရောက်ချလာနေသည်။

ဤသည်ကပင် ချန်ယွီ့ကို အပြစ်ပြုပြီးနောက် မည်မျှ ကြောက်မက်ဖွယ် ကောင်းသလဲဆိုတာကို သက်သေပြပြီး ဖြစ်သည်။

ထို့ကြောင့် ချန်ယွီ့ကို ကိုင်တွယ်နိုင်မည့် နောက်ထပ် မာစတာတစ်ယောက် မတွေ့ခင် အချိန်အထိ မာန်လျှော့ထားဖို့လိုသည်။

“ ဒေါက်တာချန် .. မင်း ပြောတဲ့အတိုင်း လိုက်လုပ်ရင် ငါ့ကံတွေ ပြန်တက်လာမှာလား …”

“ ငါ့အဖေကလည်း ငါ့ကို ထပ်လာမရှာတော့ဘူးမလား …” ဝန်ရှင်းဟွေ့ မေးလိုက်၏။

“ ဒါပေါ့ …” ချန်ယွီ့ ခေါင်းညိတ်ပြီး ပြုံးလိုက်၏။ “ ခင်များ ကောင်းတဲ့ အလုပ်တွေလုပ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်သွားတာကို မြင်တော့ ခင်များအဖေလည်း ဝမ်းသာသွားမယ် …”

“ သူ စိတ်ကောင်းဝင်တာနဲ့ ခင်များကိုလည်း ပြဿနာ ရှာတော့မှာ မဟုတ်ဘူး …”

ဤစကားကြားတော့ သရဲဖြစ်နေသည့် သူ့အဖေက လက်စားချေဖို့ သူ့ထံ ရောက်လာခဲ့တာ မဟုတ်ကြောင်းကို ဝန်ရှင်းဟွေ့ ၁၀၀ ရာခိုင်နှုန်း သေချာသွားခဲ့သည်။

အကုန်လုံးက ချန်ယွီ့ ပြုလုပ်နေသည့် အရာများသာ ဖြစ်၏။

“ ခဏလေး နေဦး …”

ဝန်ရှင်းဟွေ့ ထွက်သွားတော့မှာကို မြင်တော့ ချန်ယွီ့က စားပွဲပေါ်ရှိ သူ့ ကျူအာပေးကို ကောက်ယူလိုက်သည်။

“ တိုင်ပင်ဆွေးနွေးခ ယွမ် တစ်သောင်း မလွှဲပေးရသေးဘူး …”

ဝန်ရှင်းဟွေ့၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့သည်။ သူ စားပွဲသို့ ပြန်ရောက်လာခဲ့ပြီး မည်းသည်းနေသည့် မျက်နှာအမူအရာကြီးဖြင့် ယွမ် တစ်သောင်း လွှဲလိုက်၏။

ဝန်ရှင်းဟွေ့၏ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် နောက်ကျောကို ကြည့်ရင်း ချန်ယွီ့ လက်ချောင်းအနည်းငယ်ချိုးကာ တွက်ချက်ကြည့်လိုက်သည်။

“ မင်းက အကုသိုလ်တွေ လုပ်ပြီး ဇိမ်ကျကျ နေနိုင်တယ် … ဒါပေမယ့် ကိုယ့်အကုသိုလ်နဲ့ကိုယ်ကျတော့ ဇိမ်ကျကျ မနေနိုင်ဘူးပဲ …”

ထိုသို့ပြောပြီးနောက် ချန်ယွီ့ ပခုံးဆန့်ရင်း တံခါးပိတ်ကာ လိုက်စထွင်း လွှင့်ဖို့ ဟန်ပြင်လိုက်သည်။

ကွန်ပျူတာကို ဖွင့်ပြီးနောက် ချန်ယွီ့ ဟူယွီ ပလတ်ဖောင်းထဲ ဝင်တော့မည့် အချိန်မှာပဲ ရုတ်တရက်ဆိုသလို အခြားအရာတစ်ခုကို သွားပြီး အမှတ်ရမိသည်။

အချိန်ကို တွက်ချက်ကြည့်လိုက်တော့ ထိုလူက မနက်ဖြန် မွန်းလွဲပိုင်းလောက် ရောက်လာလောက်လေသည်။

“ အသက်၊ ကံကောင်းမှု ၊ ဖုန်းရွှေ၊ ကုသိုလ်စုဆောင်း၊ ပညာဆည်းပူးလေ့လာ …”

“ ပထမသုံးခုကိုတော့ လူတိုင်းက မှတ်မိကြတယ် … ဒါပေမယ့် နောက်က နှစ်ခုကိုတော့ လူ ဘယ်နှယောက်ကများ မှတ်မိကြလို့လဲ …”

“ သူကတော့ သူ့ကိုယ်သူ ဘိုးဘေးတွေရဲ့ အုတ်ဂူကို ပြောင်းလိုက်တာနဲ့ သူ့ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး ကြီးပွားချမ်းသာ ၊ အပူအပင်ကင်းမဲ့တဲ့ ဘဝမှာ နေနိုင်မယ်လို့ ထင်နေတယ် …”

“ ဒါပေမယ့် လောကကြီးမှာ အဲ့လောက် လွယ်ကူရိုးစင်းတဲ့ အရာမျိုးဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ …”

ခေါင်းခါယမ်းရင်း ချန်ယွီ့ ပလတ်ဖောင်းထဲသို့ ဝင်လိုက်သည်။

သူ လိုက်စထွင်း စလွှင့်သည်နှင့် လိုက်စထွင်းအခန်း၏ ရေပန်းစားမှုကလည်း ဟုန်းခနဲ မြင့်တက်လာသည်။

များပြားလှသည့် ချမ်းသာပြီး အလုပ်အကိုင်မရှိသည့် ကြည့်ရှုသူများမှာ ချန်ယွီ့ လိုက်စထွင်းထဲသို့ သာမန်လျှံကာ ဝင်ကြည့်မိရင်း အမာခံဖန်များပင် ဖြစ်လာလို့နေကြသည်။

လိုက်စထွင်း စတင်သည်နှင့် ကြည့်ရှုသူများမှာ သူတို့နှင့် နီးစပ်ရာ သူငယ်ချင်းများကို လိုက်ပြီး လက်တို့၏။ အခြား စထွင်မာ အခန်းများထဲ ရောက်ရှိနေသည့် ချန်ယွီ့ ပရိသတ်များအားလုံးလည်း သတင်းကြားသည်နှင့် ချက်ချင်းဆိုသလို ချန်ယွီ့ အခန်းထဲသို့ အပြေးအလွှား ရောက်လို့လာလေသည်။

မိနစ် အနည်းငယ် အတွင်းမှာပဲ လိုက်စထွင်း ကြည့်ရှုသူ အရေအတွက်က တစ်သန်းဂဏန်းသို့ နီးကပ်လာခဲ့၏။

“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းက ငါ့အတွက်တော့ မြိန်တဲ့ ဟင်းကောင်းပဲ … ငါသာ နေ့တိုင်း ကြည့်ခွင့်ရမယ်ဆိုလို့ကလည်း ထမင်းချည်းသပ်သပ် စားရရင်တောင် အဆင်ပြေတယ် …”

“ ငါ ဒေါက်တာချန်ကို စာပို့ပြီး တိကျတဲ့ အချိန်ဇယားလေးနဲ့ လွှင့်ပါလို့ ပြောထားတယ် …”

“ ဒီနေ့ ဒေါက်တာချန် ဘာတွေ ဖော်ထုတ်ဦးမလဲဆိုတာ ကြည့်ကြတာပေါ့ …”

သူ့ ကြည့်ရှုသူများက သူတို့ရဲ့ ပုံမှန်အတိုင်း လုပ်လေ့လုပ်ထရှိသည့် အပြုအမူများ ပြောဆိုလာတာကို မြင်တော့ ချန်ယွီ့ ပြုံးလိုက်သည်။ ထို့နောက် မောက်စ်ကို ထိန်းချုပ်ပြီး ယွမ် တစ်ရာတန် ဟုန်ပေါင်း သုံးခုကို တစ်မိနစ်စီခြားပြီး လွှတ်ခိုင်းလိုက်၏။

သုံးမိနစ်ကြာပြီးနောက် ကံကောင်းသည့် ‘လူနာ’ သုံးဦး၏ အမည်စာရင်းက ထွက်ပေါ်လို့လာသည်။

“ ကဲ အားလုံးပဲ … ငါတို့ရဲ့ ပထမဆုံး လူနာကို ဖိတ်ခေါ်လိုက်ကြရအောင် ..”

သူ့စကားဆုံးသည်နှင့် အသားဖြူဖြူ ၊ သပ်သပ်ရပ်ရပ်ရှိသည့် လူငယ်လေး တစ်ယောက်က စခရင်ထက်တွင် ထွက်ပေါ်လာသည်။

သူ့ အွန်လိုင်းနာမည်က [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ ] ပင်။

သူ့ နာမည်ကို မြင်တော့ ကြည့်ရှုသူများမှာ အော်ရယ်လုနီးပါး ဖြစ်သွားခဲ့ကြ၏။

အကယ်၍ သူက ရွှေချိန်းကြိုး အကြီးကြီးများ ၊ ရွှေရောင် လက်ပတ်နာရီများ ၊ တက်တူများ ၊ ဒါမှမဟုတ် မြင်းမြီးဆံပင်များနှင့်သာ ဖြစ်ခဲ့မည်ဆိုပါက ဤနာမည်နှင့် သိပ်ကို လိုက်ဖက်လိမ့်မည်။

သူ့နာမည်က မောက်မာပြီး ကြီးစိုးနိုင်လွန်းလှ၏။ သို့ပေမယ့်လည်း သူ့ အသွင်သဏ္ဌာန်က မိန်းမငယ်လေး ရုပ် ဖြစ်နေသည်။

နာမည်ကြည့်တော့ ဗလထွားထွား ၊ အာနိုးကဲ့သို့ အကောင်မျိုးဟု ထင်ရပြီး တကယ့်လက်တွေ့မှာတော့ အရိုးခြောက်လို ခန္ဓာကိုယ်မျိုးနှင့် ဖြစ်နေသကဲ့သို့ပင်။

ကွာဟမှုကြီးက သိပ်ကို ကြီးမားလွန်းလှ၏။

“ ဟယ်လို ဒေါက်တာချန် … ငါ မင်းရဲ့ လိုက်စထွင်းကို ဆက်တိုက် ကြည့်နေတာ တစ်ပတ်တောင် ရှိပြီ … ဒီနေ့မှပဲ အခွင့်အရေးရတော့တယ် …”

စခရင်ပေါ်ရှိ ကွန်းမန့်များကို ကြည့်ရင်း [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ ]မှာ ခပ်ရှက်ရှက်နှင့် စပြီး ရှင်းပြ၏။

“ ငါ ဒီနာမည် သုံးထားတာက ငါ ငယ်ငယ်တုန်းက မှားခဲ့မိတဲ့ လုပ်ရပ်တွေကို ပြန်မလုပ်မိအောင် ကိုယ့်ကိုယ်ကို သတိပေးတဲ့ သဘောပါ …”

သူ့ နာမည်၏ အဓိပ္ပာယ်ကို ရှင်းပြပြီးနောက် [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ ]က ချန်ယွီ့ကို ပြောလိုက်၏။ “ ဒေါက်တာချန် … ငါ အခုတလော တော်တော် စိတ်ဓာတ်ကျနေတယ် …”

“ ငါ့မှာ အခု မရှိသေးဘူးဆိုရင်တောင် သိပ်မကြာခင် ရှိလာတော့မှာ … “

“ ကျေးဇူးပြုပြီး ငါ့ကို ဉာဏ်အလင်းဖွင့်ပေးပြီး လမ်းညွှန်ပြသပေးပါလား ဒေါက်တာချန် ..”

“ ဒါပေါ့ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ မင်းရဲ့ အခြေအနေကို ပြောပါ လူနာ …”

“ ဟင်း …. “

[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ ]သည် သက်ပြင်းချပြီး ရှင်းပြလာခဲ့၏။ “ ငါ့ကိုယ်ငါလည်း ဘာဖြစ်မှန်း မသိတော့ပါဘူး ဒေါက်တာချန်ရာ … လူတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် မနေနိုင်ဘူး ဖြစ်နေတယ် …”

“ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အိမ်ခြံမြေကုမ္ပဏီ အကြီးစားတစ်ခု ငါတို့ ကျောင်းကို ရောက်လာပြီး ကျောင်းသားတွေကို အလုပ်ခေါ်တယ် …”

“ သုံးနှစ်လုံးလုံးပဲ … အသင်း ခေါင်းဆောင်ကနေ ဌာနမန်နေဂျာ၊ ဒါရိုက်တာပါမကျန် ….”

“ သူတို့ အကုန်လုံး ငါ့ကို မြင်တာနဲ့ အမြဲ အေးတိအေးစက် ပြုမူလျက်ချည်းပဲ …”

“ ငါ တစ်ခုခု အမှားလုပ်မိပြီဆိုလည်း ရှင်းပြတာလေးတောင် နားမထောင်ဘဲနဲ့ ငါ့ကို ဆူငေါက်တယ် …”

[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ ]သည် ခါးသီးသည့် အမူအရာဖြင့် ဆက်ရှင်းပြ၏။ “ လုပ်ငန်းခွင်မှာ အလုပ်ဝင်ရတာက မလွယ်ကူဘူးဆိုတာ ငါလည်း နားလည်တာပေါ့ … ဒါကြောင့်မို့ ပရော်ဖက်ရှင်နယ် ဝက်ဘ်ဆိုဒ်တွေကို မကြာမကြာ သွားပြီး လေ့လာတယ် ….”

“ အလုပ်ခွင်ဝင်နေတဲ့ ငါ့သူငယ်ချင်းတွေဆီကနေလည်း အကြံဉာဏ်တွေတောင်းတယ် …”

“ ဒါပေမယ့် ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါ့ အထက်လူကြီးက ငါ့ကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံပေးဘူး ….”

“ ငါ့အသင်းရဲ့ ဖယ်ကြဉ်တာကို နေ့တိုင်းခံရတဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေကလည်း ငါ့ကိုဆို လှောင်ရယ်ကြတယ် … ကြာလာရင် ငါ စိတ်ကျရောဂါ ရလာတော့မယ်ဆိုတာ ကျိန်းသေတယ် ….”

ထိုအချိန်၌ [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ ]သည် အတော်လေး ကူကယ်ရာမဲ့နေပုံပေါ်သည်။

လူမှုဆက်ဆံရေးပြဿနာများ အပြင် နောက်ထပ် [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ ]ကို နောက်ထပ် ခေါင်းရှုပ်စေသည့် ကိစ္စ တစ်ခုလည်း ရှိနေသေးသည်။

ယင်းကတော့ ကုမ္ပဏီသို့ ရောက်လာတာ မကြာသေးသည့် မိန်းမလှလေးတစ်ဦးက သူမ၏ အိမ်ကို ဆက်တိုက်ဆိုသလို ထမင်းစားဖိတ်နေသည်။

“ ဒေါက်တာချန် … သူက ဘာအထာတွေ ပေးနေတာလဲတဲ့ … ငါ့ကို သဘောကျနေတာများလား မသိဘူးနော်…”

All Chapters