ငယ်တုန်းက ပြုခဲ့မိတဲ့ အမှားတစ်ခု
Vol. 15 Ch. 146
“ ညီကို … မင်း ငါတို့ကို မနာလိုဖြစ်ရအောင်လို့ တမင် ဒီလာခဲ့တာတော့ မဟုတ်ဘူးမလား …”
“ သူများ မိန်းကလေးက မင်းကို အိမ် ထမင်းစားဖိတ်တယ်ဆိုမှတော့ မင်းကို သဘောကျလို့ပေါ့ကွ … ငါ့ကောင်ရ ….”
“ ဘဝရဲ့ အကြီးဆုံး အထင်လွဲမှုတွေထဲက တစ်ထုက သူ ငါ့ကို သဘောကျနေတာလား ဆိုတဲ့ အတွေးပဲ …”
“ ဟေ့ကောင်… မင်း ဒါမျိုး လာကြွားနေတာကတော့ နည်းနည်းများသွားပြီ ….”
“ ဟီးဟီး... ငါတော့ သိနေပြီ ….”
“ မင်းတို့နှစ်ယောက် အိမ်မှာ ထမင်းစားပြီးတာနဲ့ ချက်ချင်း ‘ လုပ်ငန်းစ’ကြတော့မယ်ဆိုတာ ငါ သေချာပေါက် ပြောရဲတယ် ….”
စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုရင်း [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ ]သည် ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့ရသည်။
“ ဒါပေါ့ … ငါလည်း သူ ငါ့ကို သဘောကျနေတယ်လို့ ထင်မိတာပေါ့ … ဒါပေမယ့် သေချာ တွေးကြည့်လိုက်တော့ အဲ့တာက မဖြစ်နိုင်ဘူးလို့ထင်တယ် …”
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]က ခေါင်းကို ခါယမ်းလိုက်ပြီး ရှင်းပြ၏။ “ ငါ့ မိသားစုရဲ့ အခြေအနေက အတော်ကြီးကို ဆိုးတာ … ပြီးတော့ ကုမ္ပဏီမှာရှိတဲ့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ငါ့အခြေအနေကို သိကြတယ် …”
“ ငါ့ လစာ တစ်ဝက်ကျော်လောက်ကို ငါ့မိဘတွေ ယူထားတဲ့ အကြွေးတွေ အတွက် အမြဲတမ်း ဖယ်ထားရတယ် …”
“ ငါ့ မိသားစုအခြေအနေအကြောင်း သိတဲ့ ဘယ်မိန်းကလေးမဆို ငါနဲ့ နီးစပ်ချင်ကြမှာ မဟုတ်ဘူး ….”
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ] ဘွဲ့ရပြီးသည်မှာ သုံးနှစ်ကျော်ကြာခဲ့ပြီး မြင်မြင်ချင်း အချစ်ဆိုသည့် အရာများအပေါ် ယုံကြည်ခြင်း မရှိတော့ပေ။
သူ့ဘက်က အကြောင်းပြချက်တွေ မျိုးစုံ ပေးပြီး ငြင်းသည်။
သို့ပေမယ့်လည်း ထိုမိန်းကလေးက သူ့ကို ခေါင်းမာမာနှင့် မရမက ဖိတ်ခေါ်နေခဲ့ဆဲပင်။
“ သူက ဘာဖြစ်ချင်နေတာလဲ ဒေါက်တာချန် … ဘာကြောင့် ငါ့ကို ထမင်းစားဖိတ်ဖို့ ဒီလောက်ထိ ခေါင်းမာနေတာလဲတဲ့ …”
“ သူ ငါ့ကို တကယ်ပဲ သဘောကျနေတာများလား ….”
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် ဦးနှောက် မကြည်မလင် ဖြစ်ရင်း ချန်ယွီ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်မိ၏။
“ သူ မင်းကို သဘောမကျဘူး …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြောလိုက်ပြီး “ ဒါပေမယ့် မင်းကို လက်ထပ်ချင်နေတယ် ….”
“ ဟင် ….”
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် ဤသို့သော အဖြေမျိုးကို မျှော်လင့်မထားခဲ့ချေ။
“ ဟားဟား … ငါ အခု နားလည်သွားပြီ … မင်းပုံစံကြည့်လိုက်တာနဲ့ ရိုးရိုးအအ ဂျင်းထည့်လို့ကောင်းတဲ့ဆိုတာ အသိသာကြီးပဲ … သူက သူ့ကလေးအတွက် အဖေ တစ်ယောက် ရှာချင်နေတာနေမှာ …”
ပိုက်ဆံပေးထားသည့် ကွန်းမန့်က ထွက်ပေါ်လာခဲ့သည်။
ကြည့်ရှုသူများလည်း ထိုသို့ ဖြစ်ရမည်လို့ စဉ်းစားနေမိကြ၏။
အကယ်၍ အမျိုးသမီးတစ်ယောက်က အကြောင်းပြချက် ရေရေရာရာ မရှိဘဲ သူစိမ်းတစ်ယောက်ကို သူမအိမ်သို့ ညဘက် ထမင်းစား ဖိတ်နေသည်က …
သူမတွင် ရည်ရွယ်ချက် တစ်ခုခုတော့ ရှိရမည်မှာ ကျိန်းသေသည်။
“ ညီကိုရာ … မင်း ကုမ္ပဏီမှာ မပျော်ဘူးဆိုလည်း ဒီတိုင်း အလုပ်ထွက်လိုက်ပေါ့ …”
“ မင်းရဲ့ အသင်းခေါင်းဆောင်က မင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး … ပြီးတော့ အမျိုးသမီး တစ်ယောက်ကလည်း မင်းကို သူ့ကလေးအတွက် အဖေရှာပေးချင်နေတယ် .. အဲ့လောက် စုတ်ပဲ့နေတဲ့ ကုမ္ပဏီကြီးမှာ ဆက်လုပ်မနေနဲ့တော့ …”
“ သုံးနှစ်အချိန်က ပြည့်သွားပြီ … ထွက်ပြီး အလုပ်အသစ် ရှာလို့လည်း ရပြီ …”
“ ငါလည်း အခု အလုပ်က နှုတ်ထွက်တော့မှာ … ငါ့အလုပ်ခွင်မှာ လူတွေက ငါ့ကို အနိုင်ကျင့်ကြတယ် … ပြီးတော့ အလုပ်ကလည်း ပင်ပန်းသေး … မကောင်းတဲ့ စိတ်ခံစားချက်တွေက လူကို မွှန်းကြပ်စေတယ် …”
“ ငါလည်း အလုပ်ထွက်တော့မှာ … ဘာလို့ဆို အစိုးရ ကျောင်းဆရာရာထူးကို လက်ခံထားပြီးပြီလေ …”
“ မင်း နှုတ်ထွက်လိုက်ရင် မင်းမိဘတွေ မင်းကို ကျိန်းသေပေါက် အပြစ်တင်မှာပဲ … မင်း တကယ်ကြီး အလုပ်ထွက်ဖို့ စဉ်းစားထားတယ်ဆိုရင် နောက်အလုပ်တစ်ခုသာ အဆင်သင့် ရှာထားပေတော့ …”
“ ဒါတော့ ငါလည်း ထောက်ခံတယ် … ငါ အလုပ်ထွက်ပြီး အိမ်မှာ တစ်လလောက်နေလိုက်တာ ငါ့အမေ ငါ့ကို ဆက်ဆံပုံက ရန်သူနဲ့ နင်လားငါလားပဲ …”
သူတို့ မိဘများ၏ ဆက်ဆံပုံကို ရင်ဖွင့်နေကြသည့် ကွန်းမန့်များကို မြင်တော့ [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် စိတ်တူကိုယ်တူ သူငယ်ချင်းကို တွေ့ရှိသွားသည့်နှယ် စိတ်လှုပ်ရှားသွားခဲ့တော့သည်။
“ မင်းတို့ပြောတာ မှန်တယ် … ငါလည်း ရှေ့တစ်နှစ်တုန်းက အလုပ်ထွက်ချင်ခဲ့တာ …”
“ ဒါပေမယ့် ငါ့ မိဘတွေကို ပြောပြတော့ ချက်ချင်း ကန့်ကွက်တော့တာပဲ …”
“ ငါ့ အဖေပြောတာ ဘဝဆိုတာ အစကတည်းက လွယ်ကူတာ အရာမဟုတ်ဘူးတဲ့ … အလုပ်လေး တစ်ခု ရှိတာနဲ့တင် တင်းတိမ် ကျေနပ်နေသင့်ပြီဆိုပဲ …”
“ သူပြောတာ ငါ့ကို အရမ်းမြင့်မြင့်ကြီး မမှန်းနဲ့ … ကလေးလို ဝုန်းဒိုင်းကျဲတာတွေလည်း မလုပ်သင့်တော့ဘူးတဲ့…”
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]က နေရာတစ်ဝိုက်တွင် အကောင်းမွန်ဆုံးသော အကျိုးခံစားခွင့်များနှင့် အကြီးမားဆုံးသော ကုမ္ပဏီများထဲက တစ်ခု ဖြစ်သည်။
သူ ဘာပဲ ပြောပါစေ၊ သူ့မိဘများက သူ အလုပ်ထွက်မှာကို သဘောမတူကြပေ။
“ ငါ့မိသားစုရဲ့ တခြား အကြွေးတွေ နဲ့ သူတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တာကို ပြန်တွေးမိတော့ အံတင်းတင်းကြိတ်ပြီး အလုပ်ဆက်လုပ်ရတော့တာပဲ …”
“ အဲ့ကတည်းကစပြီး နောက်တစ်နှစ် ငါ သည်းခံလာခဲ့တယ် … ဒါပေမယ့် အခုတော့ ငါ လုံးဝ ဆက် သည်းမခံနိုင်တော့ဘူး …”
“ သိပ်မကြာသေးခင်တုန်းကပဲ …” [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ] ခါးသက်သည့် အမူအရာဖြင့် “ ကုမ္ပဏီမှာ ငါနဲ့ ဆက်ဆံရေးကောင်းတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က သူနဲ့ အတူကုမ္ပဏီက ထွက်ပြီး တခြားမြို့မှာ ကိုယ်ပိုင် လုပ်ငန်း အတူလုပ်ဖို့ ပြောလာတယ် …”
“ ငါကလည်း ကုမ္ပဏီကနေ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်ထွက်ဖို့ ဆုံးဖြတ်ပြီးသား ….”
“ တခြားနေရာမှာ ခွေးဖြစ်ရင်တောင် ဒီကုမ္ပဏီကြီးမှာ အလုပ်လုပ်နေရတာထက် စာရင်တော့ သာသေးတယ် …”
“ ဒါပေမယ့် ငါ့အိမ်အခြေအနေကို ပြန်စဉ်းစားမိတော့ … ငါ ….”
ထို အခိန်၌ [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]၏ မျက်နှာထက်တွင် ကူကယ်ရာမဲ့မှုနှင့် အားမလို အားမရ ဖြစ်မှုတို့ကို မြင်တွေ့နေရသည်။
“ ဟင်း … ငါလည်း အဲ့ဒီ သံသယရာထဲက ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူးဆိုတာ ငါ့ကိုယ်ငါ သိတယ် …”
“ တစ်ဖက်ခြမ်းမှာရှိတဲ့ မြက်ကပိုပြီး စိမ်းတယ် ထင်ရပေမယ့်…”
“ ငါ ဒီသံသရာထဲကနေ ထွက်ပြီး နောက်သံသရာ တစ်ခုထဲ ကူးပြောင်းနေရုံပဲ ဆိုတာ ငါ့ကိုယ်ငါသိတယ် …”
“ တူညီတဲ့ အခြေအနေနဲ့ ကိုယ်နေရာလေးကို စွန့်ခွာပြီး တခြားမြို့ကို သွားဖို့က ငါလည်း နည်းနည်းတော့ ဝမ်းနည်းမိတယ် …”
“ ငါ့ အခြေအနေက ငါနဲ့ ရွယ်တူတွေကြားမှာ ကောင်းလှပြီလို့ထင်နေတာ တစ်တောင်ထက် တစ်တောင်က အမြဲတမ်း ပိုမြင့်လျက်ချည်းပဲလေ …”
“ ငါထွက်သွားတော့ ဘာဖြစ်မလဲ … အပြင်မှာ ငါတို့ကို စောင့်နေတဲ့ မနက်ကိုး ၊ ညကိုး၊ တစ်ပတ်ခြောက်ရက် အလုပ်…. မဟုတ်လည်း တစ်ပတ် ခုနစ်ရက် အချိန်ပြည့် လုပ်ရမယ့် နောက်ထပ် အလုပ်တစ်ခုပဲ ရှိတယ် …”
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ] ကြုံတွေ့နေရသည့် အရာများကို အခြားသော ကြည့်ရှုသူများကလည်း ထပ်တူ ကြုံတွေ့ဖူးကြသည်။
နောက်ထပ် ကြည့်ရှုသူတစ်ဦးက ပိုက်ဆံသုံးထားသည့် ကွန်းမန့်တစ်ခုကို ပေးပို့လာသည်။
“ ညီကို … ငါကတော့ မင်းကို ထွက်သွားပြီး ကြိုးစားကြည့်ဖို့ အကြံပေးချင်တယ် … မင်းက မကြိုးစားကြည့်ဘဲနဲ့တော့ ခွေးဖြစ်မယ် မဖြစ်ဘူးဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာ …”
“ မင်းမိဘတွေ သဘောမတူမှာကို စိုးရိမ်နေတယ်ဆိုရင် အရင်ဆုံး လုပ်စရာရှိတာ အရင်လုပ်ပြီးမှ မင်း မိဘတွေကို ပြောပြလိုက်ပေါ့ …”
“ မင်း မြို့ပြင်ရောက်သွားရင် သူတို့ကို ပြီးခဲ့တာတွေက ပြီးပြီလို့ ပြောလိုက် … သူတို့ ကန့်ကွက်ရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး ..”
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]က ကျေးဇူးတင်မှု အပြည့်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “ နှစ်သိမ့်ပေးလို့ ကျေးဇူးပါပဲ … ဒါပေမယ့် ငါ အဲ့လို လုပ်လို့ မရဘူး …”
“ ငါ ငယ်ငယ်တုန်းက မှားယွင်းတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့မိတယ် … ငါ့မိဘတွေကို စိတ်ပူအောင်လို့လည်း ဒုက္ခတွေ အကြီးကြီး ပေးခဲ့မိတယ် …”
“ ငါ့ အပြစ်ကြွေးတွေကို ပြန်ပေးဆပ်ဖို့အတွက် ငါ့မိဘတွေက သူတို့ရဲ့ အိမ်နဲ့ ကားနဲ့ စီးပွားရေးလုပ်ငန်းကိုပါ ရောင်းချလိုက်ရတယ် …”
“ သူတို့ စိတ်ပူပန်အောင် လုပ်တာက အဲ့လောက်နဲ့တင် လုံလောက်ပြီ …”
“ မဟုတ်ရင် သားဖြစ်တဲ့ငါက မိုက်မဲရာ ကျသွားလိမ့်မယ် …”
သူ့စကားကိုကြားတော့ ကြည့်ရှုသူ အများအပြားမှာ စိတ်အားတက်ကြွကုန်ကြသည်။
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]ဆိုသည့် အွန်လိုင်းနာမည်က သူ အရင်က ပြုလုပ်ခဲ့သည့် အမှားများကို သတိပေးရန်အတွက် အသုံးပြုထားသည့် နာမည်ဆိုပင်။
သူ့မိဘတွေကို ရှိသမျှ အကုန်ထုတ်ရောင်းရလောက်အောင် သူက ဘာအမှားတွေများ လုပ်ခဲ့မိလို့လဲတဲ့…
စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုရင်း [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]က ချန်ယွီ့ကို တစ်ချက်ကြည့်လိုက်သည်။
“ ပြောတာ မပြောတာက မင်းရဲ့ စိတ်ဆန္ဒပဲ …” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် ပြောဆိုလိုက်ပြီး “ ငါ့အမြင်ကို မေးနေဖို့ မလိုဘူး….”
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]က ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူ ပြောလာခဲ့၏။ “ ငါ ငယ်ငယ်တုန်းက လူတစ်ယောက် သတ်ခဲ့ဖူးတယ် …”
ဘုန်း …
သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ သူတို့ကိုယ်သူတို့ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် ခံစားသွားကြရသည်။
စောက်ကျိုးနည်း …
ဒါဆို ဒီ ကလေးက လူသတ်သမားပေါ့ …
ဒါ ရိုးသားတဲ့ ပုံစံနဲ့ လူတစ်ယောက် ပြောသင့်တဲ့ စကားလား ….
“ လူတိုင်းပဲ .. ကျေးဇူးပြုပြီး အထင်မလွဲကြပါနဲ့ … ငါ သတ်တယ်ဆိုတာက မင်းတို့ ထင်နေသလို မဟုတ်ပါဘူး… ငါ … ငါ … မတော်တဆ သတ်မိသွားခဲ့တာ …”
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]က အရေးတကြီး ရှင်းပြလိုက်၏။
သူ့မိသားစုက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ပိုင်ရှင်များပင်။
သူ အသက် ငယ်ငယ်လေးကတည်းကပင် သူ့မိသားစု၏ ငွေကြေးအခြေအနေက ဇိမ်ခံကားတစ်စင်း ဝယ်ပေးဖို့ တတ်နိုင်နေလေပြီ။
သူ့ မိသားစု၏ ကြွယ်ဝမှုကြောင့် [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် အမြဲတစေ မကောင်းသည့်လူတစ်အုပ်စုနှင့်သာ တွဲသွားတွဲလာ ပြုလေ့ ရှိသည်။
ထိုသို့သော လူများနှင့် နှစ်ပေါင်းများစွာကြာ ပေါင်းသင်းလာခဲ့သည့်အတွက်ကြောင့် မသိစိတ်၏ ဦးနှောက်ဆေးခံရမှုအောက်တွင် [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် မောက်မာပြီး ဆိုးတေလာခဲ့သည်။
သူ့မျက်လုံးထဲ ဒေါင်လိုက်ကြီး ဖြစ်နေသည့် လူတိုင်းကို သူငယ်ချင်း အပေါင်းအသင်း များစွာနှင့်အတူ အကြောင်းပြချက် ရေရေရာရာ မရှိ သင်ခန်းစာပေးခဲ့သည်။
သူ တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာအောင် လုပ်ပြီးသည့်အခါတိုင်း [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]၏ မိဘများက နောက်ဆက်တွဲ တာဝန်များကို ရှင်းပေးရ၏။
သူ့မိဘများ သူ့ကို ဘယ်လောက်ပဲ ရိုက်နှက်ကြိမ်းမောင်းပါစေ၊ သူကတော့ ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ရာ လုံး၀ စိတ်ကူးမရှိ။ သူလုပ်ချင်သည့်အရာကိုပဲ လုပ်သည်။
ဤသို့ဖြင့် အသက် ၁၇ နှစ် အရွယ် ရောက်သည့် တစ်နေ့တွင် [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် သူ့ ကိုယ်ကျင့်စရိုက်ကို လုံးလုံးလျားလျား ပြောင်းလဲသွားစေခဲ့သည့် အဖြစ်ဆိုးကြီး တစ်ခုနှင့် ကြုံတွေ့ခဲ့ရ၏။
သူ အရာရာအပေါ် သတိကြီးကြီး ထားတတ်လာပြီး ရိုးသားလာသည်။
ဖြစ်ပုံကတော့ ကျောင်းဆင်းပြီး တစ်ညနေခင်း၌ [ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် အိမ်သို့ တစ်ဦးတည်း ပြန်လာခဲ့သည်။
လမ်းတစ်ဝက်တွင် လမ်းကြားတစ်ခုထဲသို့ အကြမ်းပတမ်း ခေါ်ဆောင်သွားခံခဲ့ရပြီး ကျောင်းသားများကို မုန့်ဖိုးများ ဓားပြတိုက်လေ့ရှိသည့် လူဆိုးတစ်ဦးနှင့် ကြုံတွေ့ခဲ့ရ၏။
[ငါ ဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]ကလည်း တစ်ဖက်လူ တစ်ယောက်တည်း ဆိုတာကို မြင်တော့ သူ့ပိုက်ဆံကို အသာတကြည် ပေးဖို့ရာ စိတ်ကူးမရှိ။ နှစ်ယောက်မှာ အချင်းချင်း ရိုက်ပုတ်ထိုးနှက်ကြတော့၏။
နှစ်ယောက်သား ပရမ်းပတာ တိုက်ခိုက်နေစဉ်တွင် တစ်ဖက်လူက ရုတ်ချည်း မြေပြင်သို့ လဲကျသွားခဲ့ကာ မလှုပ်မယှက် ရှိနေသည်။
သူ တစ်ခုခု ပြောတော့မည့် အချိန်မှာပဲ တိုက်ဆိုင်စွာဖြင့် လမ်းကြားဝက ဖြတ်သွားနေသည့် သူ့မိဘများကို မြင်တွေ့လိုက်ရ၏။
ဖြစ်ပျက်ခဲ့သည်များကို ပြောပြပြီးနောက် သူ့ မိဘများက တစ်ဖက်လူအနားသို့ အလျင်အမြန်ပြေးသွားပြီး စစ်ဆေးကြည့်လိုက်သည်။
ထိုအမျိုးသား၏ နှာခေါင်းနှင့် ပါးစပ်တွင် သွေးများ စီးကျနေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အသက်ရှူသံတို့ ရပ်တန့်သွားခဲ့၏။