သူက မင်းထက်တောင် ပိုပြီး စိတ်ဒုက္ခများနေရသေးတယ်
Vol. 15 Ch. 149
“ ဒေါက်တာချန် .. မင်း ခုနက ပြောသွားတာ ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက သူယူတာ ခံလိုက်ရမယ်လို့နော်… အဲ့တာက ဘာကို ပြောချင်တာ …”
“ ဖြစ်နိုင်တာ ငါ့မိဘတွေက အပြင်မှာ နောက်ထပ် ကလေးတစ်ယောက် ရှိနေလို့များလား …”
“ သူတို့တွေ မိသားစု စီးပွားရေးလုပ်ငန်းကို သူ့ဆီ လွှဲပေးဖို့ စီစဉ်ထားတာကြောင့်လား …”
အသိစိတ် ပြန်ဝင်လာပြီးနောက် [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]သည် ချန်ယွီ့၏ နောက်ဆုံး စကားကိုပဲ ကြားလိုက်ရတော့သည်။
သူ ကြောက်လန့် တုန်လှုပ်သွားခဲ့၏။ သူ့ ရင်ဘက်လည်း ရူးသွပ်စွာ ခုန်ပေါက်နေသည်။
သူ့ ကုမ္ပဏီတွင် သုံးနှစ်တာမျှ သာမန် အဖြူရောင် ကော်လံ အလုပ်သမားအဖြစ် လုပ်ကိုင်ပြီးနောက်တွင် စီးပွားရေး ပရောဂျက် အများအပြားနှင့် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်ခဲ့ရသည်။
သူ့ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးက ယွမ်ဆယ်ဘီလီယမ် ကျော်သည်။
ဒေသတွင်း နာမည်အကြီးဆုံး အိမ်ခြံမြေ ကော်ပိုရေးရှင်းကြီးသာလျှင် မဟုတ်ဘဲ ၊ မြူနီစီပယ် ပရောဂျက် တော်တော်များများကိုလည်း လက်ခံရယူထားသည်။
သူက ကုမ္ပဏီ၏ တကယ့် စစ်မှန်သည့် အမွေဆက်ခံသူဖြစ်ပြီး ၊ သူ့မိဘများကလည်း မကောင်းသည့် သူ့ အကျင့်စရိုက်ကို တည့်မတ်ပေးချင်သည့်အတွက် နွမ်းပါးချင်ယောင် ဆောင်နေသူများ ဖြစ်သည်ကို ကြားသိလိုက်ရချိန်တွင် သူ့နှလုံးသားမှာ အေးစက်သွားခဲ့သည်။ သို့ပေမယ့်လည်း သူ ကြိတ်ပြီး ပျော်ရွှင်နေမိ၏။
သူ့မိသားစု၏ ပိုင်ဆိုင်မှုကို တစ်ပါးသူက ရရှိသွားတော့မှာကို ကြားသိလိုက်ရသည့်အခါ၌ သူ့ နှလုံးသားက ပြန်ပြီး အေးခဲသွားခဲ့ရသည်။
“ ငါ စောနက ပြောသွားတာတွေ မင်း တစ်လုံးမှ မကြားလိုက်ဘူးမလား …”
“ ထားတော့ … ငါ ထပ်ပြီး ပြန်ပြောပြမယ် …” ချန်ယွီ့ ခါးသက်စွာ ပြုံးလိုက်၏။
[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]၏ တုံ့ပြန်မှုကို သူ နားလည်ပေး၍ရသည်။
မည်သူမဆို ရှော့ခ်ရသွားမှာပဲ ဖြစ်၏။
“ ငါ အစပိုင်းတုန်းက မင်းကို ပြောပြသွားတာ မှတ်မိသေးလား …”
“ မင်းရဲ့ အထက်လူကြီးတွေ မင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံတာက မင်းရဲ့ အစွမ်းအစ ညံ့ဖျင်းနေလို့ မဟုတ်သလို မင်းက လူတွေနဲ့ ပေါင်းသင်းတာ ညံ့လို့လည်း မဟုတ်ဘူး …”
“ သူတို့မင်းကို ပစ်မှတ်ထားတယ်ဆိုတာ မင်းရဲ့ ဝမ်းကွဲက သူတို့ကို အဲ့လိုလုပ်ဖို့ ညွှန်ကြားထားလို့ပဲ ….”
“ မှတ်မိတယ် … ငါ မှတ်မိတယ် ...”
[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က ခေါင်းညိတ်လိုက်သည်။
“ ငါ့ကို အမှန်တရား ရှာမတွေ့သွားစေချင်လို့ ငါ့မိဘတွေက သွေးဝေးဆွေမျိုး တစ်ယောက်ကို ကုမ္ပဏီရဲ့ စီအီးအို ရာထူး ပေးထားတယ် …”
“ ငါ အခု နားလည်သွားပြီ …”
[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က ကျယ်လောင်စွာ မြည်တမ်းလိုက်ပြီး “ ဒေါက်တာချန် … မင်းပြောခဲ့တာ နောက် ၂ နှစ်နေရင် သူက အရာအားလုံးကို ဆုံးရှုံးသွားတော့မှာလို့ ပြောတယ်နော်…”
“ ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် နောက် ၂ နှစ်နေရင် ငါ့မိဘတွေက ငါ့ကို အမှန်တရား ပြောပြလာမယ်မလား …”
“ သူတို့က ကုမ္ပဏီကို ငါ့လက်ထဲ စီမံခန့်ခွဲခွင့် ပေးမှာဆိုတော့ သူ့ကိုလည်း မလိုအပ်တော့ဘူးလေ …”
ချန်ယွီ့က ခေါင်းညိတ်ပြီး [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]၏ ခန့်မှန်းမှုကို အတည်ပြုပေးလိုက်သည်။
“ တကယ်လည်း အဲ့လိုပဲ …”
ချန်ယွီ့၏ အတည်ပြုချက်ကို ရပြီးနေက် [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]၏ စိတ်ကူးတို့မှာ ရူးသွပ်သွားခဲ့သည်။
သူ့ ဘဝတွင် ကြည့်ခဲ့ဖူးသမျှ မိသားစုတွင်း ဒရာမာ ဇာတ်လမ်းများကို စိတ်ထဲ မြင်ယောင် သရုပ်ဖော်ကြည့်နေတော့၏။
“ ငါ့ဝမ်းကွဲက ငါ့နေရာကို ယာယီ ဝင်ယူထားတဲ့လူဆိုပေမယ့် သူ့လက်ထဲမှာ တကယ့် လက်ပိုင်ခွင့် အာဏာက ဘယ်လောက်မှ မရှိဘူး …”
“ ဒါပေမယ့် ဘာပဲဆိုဆို သူ့မှာကုမ္ပဏီရဲ့ စီအီးအိုဆိုတဲ့ ရာထူးက ရှိနေသေးတယ် …”
“ အခု သူ့ဘဝကြီးက တစ်ပါးသူရဲ့ လူရိုသေ ၊ ရှင်ရိုသေ ဘဝ ၊ ဒါမျိုး ဘဝမျိုးမှာ သူ ဘယ်တုန်းကမှ မနေခဲ့ဘူးဆိုတာ ကျိန်းသေတယ် …”
“ ဒါပေမယ့် ငါက အုပ်စုကို လွှဲပြောင်းတာဝန်ယူပြီ ဆိုတာနဲ့ သူလည်း ကောင်းကင်ကနေ ချက်ချင်းပဲ ခွေးကျဝက်ကျ ပြုတ်ကျလာမယ် …”
[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]သည် သူ့အခြေအနေကို သိရှိသွားခဲ့ပြီ ဖြစ်၏။
သူ့ သွေးဝေးတဲ့ ဝမ်းကွဲက သူ့ကို ပေါ်ပေါ်ထင်ထင် ပစ်မှတ်ထားမရသဖြင့် သူ့ အထက်အကြီးအကဲများကို သူ့အပေါ် အေးတိအေးစက် ဆက်ဆံဖို့သာ အရိပ်အမြွက် ပြနိုင်ခဲ့သည်။
ထိုနည်းလမ်းဖြင့် သူက [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]ကို ကုမ္ပဏီကနေ အတင်းအကြပ် ထွက်ခွာသွားစေမည်။
ဤသို့ဖြင့် သူ့ မိဘများကလည်း သူသည် တကယ့်ကို အသုံးမဝင်သည့်လူဟု စိတ်ထဲ ခံစားသွားကြရလိမ့်မည်။
“ တစ်ချက်တော့ ဝန်ခံရမယ် …” ချန်ယွီ့က ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်ပြီး “ မင်းမိဘတွေက မင်းကို အောင်အောင်မြင်မြင်နဲ့ ပျိုးထောင်နိုင်ခဲ့တာပဲ …”
“ ဆန်ကုန်မြေလေး အသုံးမကျတဲ့ မင်းရဲ့ အကျင့်ဆိုးကြီးကို ဖျောက်ဖျက်ပစ်နိုင်ခဲ့ရုံတင် မကဘူး … သတိကြီးပြီး လုံ့လဝီရိယ ရှိဖို့လည်း သင်ယူနိုင်ခဲ့တယ် …”
“ မင်းရဲ့ ပြဿနာကို ကြည့်ပြီး ဝေဖန်သုံးသပ်တဲ့ နည်းလမ်းက သာမန်လူတွေထက် အများကြီး ပိုကောင်းတယ် …”
“ မင်းပြောတာ မှန်တယ်…”
“ မင်းဝမ်းကွဲရဲ့ အကြံဉာဏ်က တကယ်လည်း အဲ့ဒီလိုပဲ …”
“ ဒါပေမယ့် အရင်တုန်းက စရိုက်ကြမ်းပြီး ဆန်ကုန်မြေလေး အလကားကောင် ဖြစ်ခဲ့တဲ့မင်းက ၊ ဒီနေ့လို ရိုးသားတဲ့ လူရိုးအေးလေး ဖြစ်လာလိမ့်မယ်လို့ သူလည်း မထင်ထားခဲ့ဘူး …” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းရဲ့ အလုပ်ခွင်မှာ လူတကာရဲ့ ဖယ်ကြဉ်တာကို ခံရတာတောင်မှ မင်းက လူတိုင်းကို လျစ်လျူရှုပြီး ခေါင်းမာမာနဲ့ ကုမ္ပဏီမှာ ဆက်ရှိနေတယ် …”
“ အရင်သုံးနှစ်ထဲမှာ နေ့ရက်တိုင်းက မင်းအတွက် တစ်နှစ်တာလောက် ကြာညောင်းနေတယ် ဆိုရင် မင်းဝမ်းကွဲက သေမင်းနဲ့ လက်တစ်ကမ်းအလိုလောက်ပဲ ဝေးတော့သလိုကို စိုးရိမ်နေရတယ် …”
၎င်းနောက် ချက်ချင်းပဲ ချန်ယွီ့က သူ့မိဘများ သူ့အတွက် ပြုလုပ်ပေးခဲ့သည်များကို စပြီးပြောပြသည်။
တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် သူ့မိဘများက သူတို့သားအနာဂတ်အတွက် အသေးစိတ်ကျသည့် အစီအစဉ်များကို စီစဉ်ပေးခဲ့သည်။
သူတို့ ကုမ္ပဏီတွင် သားဖြစ်သူကို အလုပ်ခန့်အပ်နိုင်ရေးအတွက် သားဖြစ်သူ၏ ကျောင်းတွင် အလုပ်လာခေါ်သည်။
သူတို့သားကို အောက်ခြေကနေ စတင်စေချင်ပြီး ကုမ္ပဏီ၏ စီးပွားရေးကိစ္စ အဝဝကို ရှုထောင့်ပေါင်းစုံကနေ နားလည်စေချင်ခဲ့သည်။
[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ] အသက် ၃၀ ရောက်သည့်အချိန်တွင် သူ့မိဘများက သူတို့၏ ကတ်များကို စားပွဲပေါ် ချပြလာမည် ဖြစ်၏။
သူ့မိဘများ အပြင် ဤအစီအစဉ်ကို သိထားသည့် တစ်ယောက်တည်းသော လူကလည်း [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]၏ ဝမ်းကွဲပင်။
သူ့မိဘများက ဝမ်းကွဲကို [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]အား ဘာမျှ မပြုလုပ်ရန်နှင့် မည်သည့် သတင်းအချက်အလက်ကိုမျှလည်း မပေါက်ကြားဖို့ အမိန့်ပေးခဲ့သည်။
ဝမ်းကွဲကလည်း စကားအဖြစ်သာ သဘောတူပြီး နောက်ကွယ်တွင်တော့ သူ့အကြံနှင့်သူ ရှိနေသည်။
နောက်ပိုင်းတွင်တော့ [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]သည်လည်း အမျိုးမျိုးသော အခက်အခဲများနှင့် ရင်ဆိုင်ရတော့သည်။
ဝမ်းကွဲက သူ့တွင် ရှိနေသည့် အရာများကို ခံစားပြီးနောက်တွင် ဤအရာကို လက်က လွှတ်မပေးလိုပေ။
သူ၏ တင်းကြပ်သည့် တောင်းဆိုမှုများအောက်တွင် လက်အောက်ငယ်သားများကို [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]အား ဖယ်ကြဉ်ရမည်ဟူ၍ မသိမသာ အရိပ်အမြွက် ပေးခဲ့သည်။
သို့သော်လည်းပဲ သူ့မိဘများ တွေ့ရှိသွားမှာကို စိုးရိမ်သည့်အတွက် ၀မ်းကွဲဘက်ကလည်း လွန်ကြူးစွာ မပြုမူဝံ့ပေ။
သူ၏ နေ့ရက်ကများက သနားဖို့ကောင်းပြီး ပူလောင်နေရသည် ဆိုပါက သူ့ဝမ်းက သူ့ထက် ဆယ်ဆပိုပြီး ပူလောင်နေခဲ့ရသည်။
ထိုသို့သော ဖယ်ကြဉ်ခံရခြင်းနှင့် လူတိုင်း၏ အေးတိအေးစက် ဆက်ဆံမှုကို ခံရသည့်လူတိုင်း ထွက်ခွာသွားဖို့ကို ကျိန်းသေပေါက် ရွေးချယ်မည်မှာ သဘာဝပင်။
အကယ်၍ သူတို့ အလုပ်မထွက်သွားဘူးဆိုလျှင် စိတ်ဒဏ်ရာ ရသွားမည်မှာက ကျိန်းသေပေါက်ဖြစ်၏။ သို့ပါသော်လည်း [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က သူ့စိတ်ခံစားချက်များကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။
[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ] အသက်သုံးဆယ် ပြည့်ဖို့ နောက် ၂ နှစ်ကျော် လိုအပ်နေသေး၏။
ဝမ်းကွဲ ဖြစ်သူ၏ စိုးရိမ်ပူပန်မှုတို့ကလည်း နေ့စဉ်နှင့်အမျှ ပြင်းထန်လာသည်။ ညဘက် ကောင်းစွာ အိပ်မပျော် ၊ စားမဝင်နိုင်သည်အထိ ဖြစ်ပျက်လာခဲ့သောကြောင့် အိပ်ဆေးများပင် လက်တစ်ကုပ်စာခန့် သောက်ရသည်အထိ ဖြစ်လာခဲ့သည်။
တစ်နေ့ထက်တစ်နေ့လည်း ခေါင်းထိပ်ရှိ ဆံပင်တို့က ပြောင်သည်ထက် ဝင်းပြောင်လာသည်။
ချန်ယွီ့၏ စကားများကို နားထောင်ပြီးနောက် [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]က နှာမှုတ်ပြီး ပြောသည်။ “ သူနဲ့ တန်တယ် … ငါသာ ကုမ္ပဏီရဲ့ တာဝန်ခံ ဖြစ်လာခဲ့လို့ကတော့ သူ့ကို ဖနှောင့်နဲ့နင်းပေါက်ပြီးကို အလုပ်ထုတ်ပစ်မယ် …”
“ ခဏနေကျရင် ငါ့မိဘတွေဆီ သွားပြီး ဒီအကြောင်း သူတို့ကို ပြောပြလိုက်မယ် …”
“ စကားမစပ် ဒေါက်တာချန် … တကယ်လို့ သူ ငါ့ကို အေးတိအေးစက် ဆက်ဆံ ရုံနဲ့ အလုပ် ထွက်အောင် မလုပ်နိုင်ဘူးဆိုရင် သူက ငါ့မိဘတွေရဲ့ အမွေဆက်ခံသူ ဖြစ်အောင် ဘယ်လိုလုပ်မှာလဲ …”
“ မင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတဲ့ မိန်းကလေးက တကယ်တော့ မင်း ဝမ်းကွဲရဲ့ လက်အောက်ငယ်သားပဲ …” ချန်ယွီ့ ရှင်းပြလိုက်သည်။ “ မင်းကို အလုပ်ထွက်ပြီး အပြင်မှာ စီးပွားရေးလုပ်ဖို့ သွေးဆောင်တဲ့ လုပ်ဖော်ကိုင်ဖက်ကလည်း မင်း ဝမ်းကွဲ လွှတ်လိုက်တဲ့လူပဲ …”
“ အေးစက်စက် နည်းလမ်းနဲ့ မင်းကို ကုမ္ပဏီက မောင်းထုတ်နိုင်မယ့် ဖြစ်နိုင်ချေက နည်းတာကို သိတော့ သူ့ရဲ့ နည်းဗျူဟာကို ပြောင်းလဲလိုက်တယ် …”
“ မင်း အဲ့ကောင်မလေးရဲ့ အိမ်ကို ထမင်းစားဖို့ သွားတာနဲ့ မင်း ဆေးခတ်ခံရပြီး မှောက်သွားလိမ့်မယ် … နောက်ဆက်တွဲ ဖြစ်ပျက်မှာတွေကိုတော့ ပြောစရာ မလိုဘူးမလား …”
“ မင်း နိုးလာတဲ့ အချိန်ကျရင် မင်းကိုယ်မင်း ရဲစခန်းထဲ ရောက်နေတာကို တွေ့လိုက်ရလိမ့်မယ် …”
“ ဒါပေမယ့် မင်းက အဲ့လို လှပတဲ့ မိန်းကလေး တစ်ဦးရဲ့ အိမ်မှာ ညစာစားဖို့ ဖိတ်တာကိုတောင် ထပ်ခါတလဲလဲ ငြင်းဆန်နေတဲ့ နလပိန်းတုန်း မင်းကို တွေ့တော့ ရူးလောက်အောင်ကို ဒေါသထွက်သွားခဲ့တယ် …”
“ သူ့ရဲ့ အစီအစဉ်က မအောင်မြင်တော့ နောက်အစီအစဉ်တစ်ခု ထပ်ဆွဲလာတယ် …”
“ အလုပ်သမားတစ်ဦးကို မင်းနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ခိုင်းပြီး မြို့ထဲကနေ ထွက်သွားအောင် လုပ်ခိုင်းမယ် … ပြီးရင် မင်းရဲ့ အရင် အကျင့်ဆိုးကြီးတွေ ပြန်ပေါ်လာအောင် စီစဉ်မယ် …”
“ တကယ်လို့ မင်းသာ ဒီနေ့ ငါ့ဆီ ရောက်မလာခဲ့ဘူးဆိုရင် မင်း ဝမ်းကွဲက သူ့ရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေနဲ့ မင်းကို ဆက်တိုက် နှောင့်ယှက်ပြီး မင်းရဲ့ ဂုဏ်သိက္ခာကိုလည်း ဖျက်စီးပစ်လိမ့်မယ် …”
“ မင်းရဲ့ ဂုဏ်သိက္ခာပျက်စီးသွားတာနဲ့ မင်းမိဘတွေလည်း မင်းကို အကြီးအကျယ် စိတ်ပျက်သွားပြီး အဲ့အခါကျရင် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကလည်း သူ့အပိုင် ဖြစ်သွားလိမ့်မယ် …”
“ မင်းမှာ ဘာမှ ကျန်မှာ မဟုတ်ဘူး … ပိုက်ဆံရော ၊ ဘဝရော ….”
“ အဲ့ ခွေးမသား …”
[ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]၏ မျက်နှာမှာ စိမ်းပုပ်သွားခဲ့၏။
မတွေ့ဆုံရသေးသည့် ထို ဝမ်းကွဲကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ်တို့ တဖွားဖွား ဖြစ်လာသည်။
ရိုးသားသည် ဆိုတိုင်းလည်း လူက တုံးအ နေတာ မဟုတ်ပေ။
“ ဒေါက်တာချန် …ငါ့ကို ဒါတွေ ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် … ငါ့မိဘတွေနဲ့ ချက်ချင်းသွားတွေ့ပြီး သူ့ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ထုတ်ဖော်တော့မယ် …”
“ မင်း သူ့ကို ဖော်ထုတ်စရာမလိုဘူး … မင်း မိဘတွေက ဒီအကြောင်း သိထားပြီးပြီ …”
“ ဘယ်လို …”
သူ့ရဲ့ တိုင်ပင်ဆွေးနွေးခ အတွက် ငွေချေတော့မည့် [ငါဂုဏ်ယူတယ်၊ အဲ့တော့ဘာဖြစ်လဲ]သည် ရုတ်ချည်း ကြက်သေသေသွားခဲ့၏။
ဘာတွေ ဖြစ်နေတာလဲ …
သူ့ မိဘတွေက ဒီအကြောင်း သိနေတာတောင် သူ့ဝမ်းကွဲ သူ့အပေါ် အနိုင်ကျင့်နေတာတွေကို ခွင့်ပြုထားတယ်ပေါ့ ….