← Chapters

ဒေဝါလီ ခံပြီးသွားရင် မင်း ပိုပြီးတော့ ချမ်းသာလာမယ်

Vol. 15 Ch. 150

ဒေဝါလီ ခံပြီးသွားရင် မင်း ပိုပြီးတော့ ချမ်းသာလာမယ်

Vol. 15 Ch. 150

“ မင်း မိဘတွေက ဒီလောက်ကြီးတဲ့ ကုမ္ပဏီကို သုညကနေ စခဲ့တာ ဘယ်လိုလုပ်ပြီး သာမန်ဖြစ်နိုင်မှာလဲ …”

“ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုပိုင်းမှာ ရှိတဲ့လူတွေ အားလုံးက မင်း မိဘတွေရဲ့ လူရင်းတွေချည်းပဲ …”

“ မင်း ဝမ်းကွဲရဲ့ လှည့်ကွက် သေးသေးလေးတွေက တခြားလူတွေကိုသာ အရူးလုပ်နိုင်ရင် လုပ်နိုင်မယ် … ဒါပေမယ့် သူတို့ကိုတော့ မရဘူး …”

ချန်ယွီ့က အလျင်မလိုဘဲ မနှေးမမြန် လေသံဖြင့် ပြောသည်။

“ ငါက သူတို့ရဲ့ သားအရင်းခေါက်ခေါက်ကြီးလေ … ဒါကို ငါ ကုမ္ပဏီမှာ နေ့တိုင်းနေ့ အနိုင်ကျင့်ခံရတာကို ဘယ်လိုဖြစ်ပြီး မမြင်ချင်ယောင် ဆောင်နိုင်ရက်ကြရတာလဲ …”

“ သူတို့က ငါ့ကို စိတ်ကျ …..”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]၏ အမူအရာမှာ ပြောရင်းဖြင့် တစထက်တစ ဒေါသကြီးလာခဲ့သည်။

ကလေးတွေကပဲ မိဘအပေါ် အမြဲတမ်း လိမ်ညာခဲ့ကြတာဖြစ်သည်။

သို့သော် သူ့တွင်တော့ ပြောင်းပြန် လာဖြစ်နေသည်။

“ မင်း ဝမ်းကွဲရဲ့ မင်းအပေါ် လုပ်ရပ်တွေကို တွေ့သွားတော့ မင်း အဖေက မင်းကိုယ်စား လက်စားချေပေးဖို့ဆိုပြီး သူ့ကို ချက်ချင်း အလုပ်ထုတ်ပစ်ချင်တယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် မင်း အမေက သူ့ကို တားလိုက်တယ် …”

“ မင်း ဝမ်းကွဲက လွန်ကြူးလာတယ်ဆိုပေမယ့် နောက်ဆုံးစည်းကိုတော့ မကျော်လာသေးဘူး …”

“ ပြီးတော့ မင်းကို ရင့်ကျက်အောင် ပျိုးထောင်ပေးတဲ့ နေရာမှာတောင် အကူအညီ ဖြစ်သေးတယ် …”

“ အရာအားလုံးကို ဘေးချိတ်ထားလိုက်ရင်တောင် စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးရာ ရောက်တယ် ..”

“ အောင်မြင်တဲ့ စီးပွားရေး သမားတစ်ယောက် ဖြစ်လာဖို့ဆိုရင် နေ့တိုင်းနေ့ ဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ် …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]မှာ ကြက်သေသေသွားခဲ့၏။

သို့သော် စကားပြောခန်းထဲရှိ ကြည့်ရှုသူများမှာတော့ စိတ်လှုပ်ရှား တက်ကြွလာလေသည်။

ဇာတ်လမ်း၏ အလှည့်အပြောင်းမျိုးစုံနှင့် ရှော့ခ်ရစရာများကို ကြုံတွေ့ရပါသော်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တွေ နှစ်သက်ကြသည်။

“ ချမ်းသာတာ မချမ်းသာတာ အရေးမကြီးဘူး … အရေးကြီးတာက မိဘတွေ ဖြစ်တဲ့သူက သူတို့ ကလေးတွေအတွက် လမ်းကြောင်းပြသပေးဖို့ပဲ …”

“ တစ်ချို့တစ်လေက နွမ်းပါးလို့ဆိုပြီး ငိုကြတယ် … ပြီးရင် မင်းကိုလည်း ကျွဲလိုနွားလို အလုပ်ကြိုးစားဖို့ ပြောမယ် …”

“ ငါ နေလာခဲ့တာ နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပြီ … ဒါပေမယ့် ငါ့မိဘတွေ သူတို့ကတ်ကို စားပွဲပေါ် ပြလာတာ တစ်ခါမှ မမြင်ဖူးသေးဘူး ….”

“ သားယောက်ျားလေးကို ဆင်းဆင်းရဲရဲနဲ့ မွေးပြီး သမီးကို ချမ်းသာအောင် ထားတဲ့ လောဂျစ်က ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အကြီးအကျယ် ထိခိုက်စေတယ် …”

“ သင့်ရဲ့ ဆင်းရဲတဲ့ သားလေးကို ရည်မှန်းချက်ရှိလာအောင် ပျိုးထောင်ပေးပါ … သမီးကို ချမ်းသာအောင်ထားပြီး ကိုယ်ကျင့်သိက္ခာ တန်ဖိုးထားတတ်အောင် ပျိုးထောင်ပေးပါ … လူတော်တော်များများက စာကြောင်းကို သေချာ ဂဃဏန မသိကြဘူးဆိုတာ ငါ လောင်းရဲတယ် …”

“ သားကို နွမ်းပါးအောင် ထားရင်း စိတ်လွတ်လက်လွတ် သုံးစွဲနိုင်ဖို့အတွက် ကြိုးစားချင်စိတ်တွေ ဖြစ်ရင်ဖြစ်လာမယ် … မဟုတ်လည်း စိတ်ဓာတ်ကျပြီး ဘာမှမလုပ်ဘဲ နေရင် နေလိမ့်မယ် …”

“ ငါ့အိမ်ကတော့ နွမ်းပါးတယ် … ဒီလောက်ပဲ… ဘာဇာတ်လမ်းတွေမှ ရှုပ်မနေဘူး ….”

စစချင်းတုန်းကတော့ ကြည့်ရှုသူများမှာ [ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် သူ့မိဘများက သူ့ကို လမ်းမှန်ရောက်အောင် ပို့နိုင်ဖို့အတွက် နွမ်းပါးချင်ယောင် ဆောင်ခဲ့သည်ကို ကြားမိတော့ စိတ်ထဲ ခံစားသွားကြရသည်။

သို့သော်လည်းပဲ ချန်ယွီ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် သူတို့တွေ မသက်မသာ ဖြစ်လာသည်။

[ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]လည်း မသက်မသာ ခံစားနေရပြီး မေးမြန်းလာခဲ့၏။ “ ဒေါက်တာချန် … အခုချိန် ငါ ဒီအကြောင်းတွေ ငါ့မိဘတွေကို သွားပြောရင် သူတို့တွေ ဝမ်းကွဲကို အလုပ်ထုတ်လောက်ပါ့မလား …”

“ အင်း ..”

“ အဲ့တာတင် မကဘူး …” ချန်ယွီ့ ခေါင်းညိတ်ပြီး “ မင်းကို လျော်ကြေးပေးဖို့အတွက် သူတို့က မင်းကို ကုမ္ပဏီရဲ့ ဒုဥက္ကဌ ရာထူးအထိ တိုးပေးလိမ့်မယ် …”

“ မင်းအဖေကိုယ်တိုင် မင်းကို စီးပွားရေး လုပ်ငန်းတွေ ဘယ်လို ဦးစီးဦးဆောင် လုပ်ရလဲဆိုတာကို သင်ပေးမယ် …”

“ တကယ်တော့ မင်း ငါ့ဆီ ရောက်မလာခဲ့ရင်တောင် မင်း ဒီအမှန်တရားကို ရှာတွေ့သွားမှာက အနှေးနဲ့အမြန်ပဲ …”

“ မင်း ဝမ်းကွဲ လုပ်တဲ့အရာက မင်းမိဘတွေရဲ့ အောက်ဆုံးစည်းကို ကျော်သွားခဲ့ပြီလေ …”

“ သူတို့တွေ မင်းဝမ်းကွဲရဲ့ အပြုအမူတွေကို သည်းခံခဲ့တယ်ဆိုတာ မင်းကို ဖိအားတွေကနေ တစ်ဆင့် စိတ်ခွန်အား ရလာစေဖို့ပဲ … မင်းကို နှိပ်စက်ဖို့ မဟုတ်ဘူး …”

“ ဟင်း….”

ဤသည်ကိုကြားတော့ [ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]က သက်ပြင်းချလိုက်သည်။

သူ့မိဘများက သူကောင်းဖို့ အတွက်လုပ်သည်။ သို့သော် သူတို့ လုပ်ရပ်များက ရယ်ချင်စရာ ကောင်းနေခဲ့၏။

ကံကောင်းစွာဖြင့် သူတို့က ဘယ်အချိန်မှာ ရပ်တန့်ရမလဲ ဆိုတာကို သိနေကြ၍ပင်။

“ ငါ့ကို ဒီအကြောင်းတွေ ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”

“ ငါ လိုင်းမဆင်းခင် နောက်ထပ် မေးခွန်းတစ်ခုလောက် မေးချင်သေးတယ် … ငါ့မိဘတွေက ဘာလို့ ငါ့အသက် ၃၀ ရောက်တဲ့အချိန်မှ ဒီအကြောင်းတွေ ပြောပြဖို့ ရည်ရွယ်ခဲ့တာလဲ …”

အမှန်အတိုင်း ဝန်ခံရမည်ဆိုပါက[ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် သူ့မိဘများ၏ လုပ်ရပ်ကို သိပ်တော့ သဘောမကျပေ။

သို့သော်လည်းပဲ သူတို့၏ ကောင်းသော ရည်ရွယ်ချက်ကို စဉ်းစားမိတော့ လုံးလုံးလျားလျား မှားယွင်းသည်ဟုလည်း မဆိုနိုင်ပေ။ မည်သို့ပင်ဆိုစေ အရာအားလုံးက သူကောင်းဖို့ အတွက်ချည်းပဲ ဖြစ်၏။

အကယ်၍ သူတို့၏ ကြားဝင်မှုကြောင့်သာ မဟုတ်ဘူးဆိုပါက သူ၏ ယခင် အကျင့်စရိုက်ဖြင့် [ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် ယခု အချိန်လောက်ဆို ထောင်ထမင်းဟင်း စားနေရလောက်ချေပြီ။

“ မင်း အသက် ၃၀ ရောက်တဲ့အချိန်ထိ စောင့်ဆိုင်းခဲ့တယ်ဆိုတာက မင်းအတွက် ဘလိုင်းဒိတ် တစ်ခု လုပ်ပေးပြီး တစ်ခါတည်း အိမ်ထောင်ချပေးချင်လို့ပဲ …”

“ မင်းမှာ ဇနီးနဲ့ ကလေးတွေ ရှိလာရင် တာဝန်ဝတ္တရားဆိုတဲ့ အဓိပ္ပာယ်ကို အလိုအလျောက် မင်းနားလည်လာမယ် …”

“ မိဘတစ်ယောက် ဖြစ်ရတာက ဘယ်လောက်တောင် ခဲယဉ်းလဲဆိုတာကို မင်း နားလည်လာလိမ့်မယ် …”

“ အဲ့ဒီအချိန်က မင်းကို အမှန်တရားတွေ ပြောပြဖို့ အချိန်ကောင်းပဲ …”

ထိုစကားကို ကြားပြီးသည့်နောက် [ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် တိတ်ဆိတ်သွားခဲ့၏။

“ ကံဆိုးချင်တော့လည်း လောကကြီးထဲ ပြီးပြည့်စုံတဲ့ အစီအစဉ်ဆိုတာ ဘယ်နားက ရှိနိုင်မှာ …”

ဟမ် …

ချန်ယွီ့၏ နောက်စကားတစ်ခွန်းက [ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]ကို နိုးနိုးကြားကြား ဖြစ်သွားစေသည်။

“ ဘယ်အရာကမှ မပြီးပြည့်စုံဘူးဟုတ်လား … အခုကရော ဘာဖြစ်ရပြန်တာလဲ ဒေါက်တာချန်ရာ …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် သူ့ အကျင့်စရိုက်က ယခင် ဆန်ကုန်မြေလေး သူဌေးသား ဘဝသို့ ပြောင်းလဲသွားခဲ့သောကြောင့်လားဟု တွေးတောမိသွားခဲ့၏။

စိတ်ပူနေသည့် သကောင့်သားမျက်နှာကို ကြည့်ရင်း ချန်ယွီ့ သူ့ကို စိတ်ချလက်ချ နေဖို့ ပြောလိုက်၏။ “ မင်းမှာ ပိုက်ဆံ ရှိရှိ ၊ မရှိရှိ ၊ မင်းရဲ့ အကျင့်စရိုက်က ထွေထူး မပြောင်းလဲသွားဘူး …”

“ မင်းက ခင်ပွန်းကောင်း ဖြစ်လာမယ် … ဖခင်ကောင်းတစ်ယောက် ဖြစ်လာမယ် … ကလေးတွေ အပေါ် ကောင်းတဲ့ မိဘကောင်း တစ်ယောက် ဖြစ်လာမယ် ….”

“ အင်း … ဒါပေမယ့် စီးပွားရေး သမားကောင်း တစ်ယောက်တော့ မဟုတ်ဘူး …”

“ အာ……”

ချန်ယွီ့ စကားကို ကြားသည့်အချိန်၌ [ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]မှာ စကား ထစ်အ ထစ်အ ဖြစ်သွားခဲ့၏။ “ ငါ့ … ငါ့မိသားစုရဲ့ စီးပွားရေးက ငါ့လက်ထဲရောက်မှ ပျက်စီးသွားမှာလား ဟုတ်လား …”

ချန်ယွီ့ ထပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ လခွမ်း … ဒါ ဘယ်လို အချိုးအကွေ့ကြီးလဲဟ ….”

“ ငါတောင် အငိုက်မိသွားတယ် … ငါ အခု မျက်နှာဖြတ်ရိုက်ခံလိုက်ရလို့ လည်ပင်းတစ်ခြမ်းစောင်းသွားပြီ …”

“ ဒီ ညီကိုရဲ့ ကံကြမ္မာက တကယ့်ကို အတက်အကျ အပြည့်နဲ့ပါလား …”

“ နောက်ဆုံးကျတော့လည်း ကိုယ့်ကောင်က ပြန် ဆင်းရဲသွားတာပဲဟ …”

“ သူ ငယ်ငယ်တုန်းက သူ့မိဘတွေ လိမ်တာ ခံရပြီး စာတွေ ကြိုးစားရတယ် … သူ ကြီးလာတော့လည်း သူ့ကုမ္ပဏီမှာ အလုပ်ဝင်ပြီး သူများ အနိုင်ကျင့်တာ ခံရတယ် … နောက်ဆုံး ကုမ္ပဏီရဲ့ အမွေဆက်ခံသူ ဖြစ်လာတဲ့အခါကျတော့ စီးပွားရေးက သူ့လက်ထဲရောက်မှ ပျက်စီးသွားတယ် …”

“ သူ့လို ခန္တီပါရမီအားကောင်းတဲ့ကောင်က စီးပွားရေးလုပ်ငန်း တစ်ခုကို ကောင်းကောင်း မအုပ်ချုပ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

ကွန်းမန့်များကို ကြည့်ရင်း ချန်ယွီ့ ပြုံးလိုက်သည်။ “ မင်းမိသားစုရဲ့ စီးပွားရေး လုပ်ငန်း ပျက်စီးသွားရတာက မင်းရဲ့ အကျင့်စရိုက်နဲ့ တကယ်လည်း ဆက်စပ်နေတယ် …”

“ သတိကြီးကြီး ထားတတ်တဲ့ မင်းရဲ့ အကျင့်စရိုက်က ကုမ္ပဏီအုပ်စုရဲ့ တာဝန်ခံ ဖြစ်လာတဲ့အချိန်မှာ လုပ်တဲ့ အရာရာတိုင်းကို သူရဲဘောကြောင်နေတယ် … ဆုံးရှုံးမှာကို ကြောက်လို့ မစွန့်စားရဲဘူး …”

“ နောက်ဆုံး မင်းရဲ့ ကုမ္ပဏီလည်း အကြီးစား လုပ်ငန်းကနေ အလယ်အလတ် စီးပွားရေး လုပ်ငန်းဘ၀ ရောက်သွားတယ် …”

“ အဲ့လိုကနေ တစ်ဆင့် သေးလာလိုက်တာ နောက်ဆုံး အသေးစား ကုမ္ပဏီလေး ပြန်ဖြစ်သွားတဲ့အထိပဲ ….”

“ အင်း ... အဆုံးသတ်က အဲ့တာပဲ …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် ထိုစကားကို ကြားပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်များ ပေါက်ဖွားလာခဲ့သည်။

သူက ယွမ်ဘီလီယမ် ဆယ်ချီသည့် အမွေများကို ယခုလေးတင်မှ ဆက်ခံရသော်လည်း ထိုင်ခုံတွင် နွေးအောင် မထိုင်နိုင်မီ သူ့ နဂို အခြေအနေသို့ ပြန်ရောက်သွားခဲ့ရ၏။

ဒါကြီးက ဘာလားဟ …

ဒီလောက် နှစ်တွေ အကြာကြီး ခါးသီးမှုတွေ ခံစားလာခဲ့ပြီးမှ နေက်ဆုံး … ဘီလီယမ်နာ တစ်ယောက်ရဲ့ ဘဝအတွေ့အကြုံကို ခံစားရဖို့ အကြောင်းဖန်လာခဲ့တာလေ …

ဒါပေမယ့် …. အဲ့ဒီ အတွေ့အကြုံလေးကလည်း နှစ်နည်းနည်းလေးပဲ ခံတယ်တဲ့လား …

[ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]၏ ကူကယ်ရာမဲ့နေသည့် အမူအရာကို ကြည့်ရင်း ကြည့်ရှုသူများမှာ နှစ်သိမ့်သည့် ကွန်းမန့်တို့ ပေးပို့လာခဲ့သည်။

ကုမ္ပဏီ ဒေဝါလီခံရမည့် အဖြစ်က နောင်အနာဂတ်တွင်မှ ဖြစ်ပျက်လာမည့် အရာဖြစ်၏။

ယခု ချန်ယွီ့က သူ့ အနာဂတ်ကို မီးမောင်းထိုးပြလာပြီ ဖြစ်သဖြင့် [ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည်လည်း သူ၏ ဝမ်းနည်းဖွယ် အဆုံးအသတ်ကို ပြောင်းလဲဖို့အတွက် တစ်စုံတစ်ရာ ပြုလုပ်နိုင်လောက်လေသည်။

အဆိုပါ ကွန်းမန့်များကို ဖတ်ရှုရင်း [ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် ချက်ချင်းပဲ စိတ်အားတက်ကြွသွားခဲ့သည်။

သူတို့ ပြောတာ မှန်သည်။

သူ့ ကုမ္ပဏီက သူ နှစ်အနည်းငယ်အကြာ လက်လွှဲယူပြီးသည့် အချိန်ကျမှ ဒေဝါလီခံရမှာ ဖြစ်သည်။

အရာအားလုံးကို ပြောင်းလဲဖို့အတွက် အချိန် ရှိသေးသည်။

သူ့ မိဘများထံကတစ်ဆင့် ကုမ္ပဏီ စီမံခန့်ခွဲမှုအကြောင်း သေချာ သင်ယူပြီး သူ၏ သတိထားတတ်သည့် စိတ်ဓာတ်အကျင့်ကိုလည်း ပြောင်းလဲ၍ ရသည်။

ထိုသို့ဖြင့် ကုမ္ပဏီလည်း ဒေဝါလီခံရတော့မှာ မဟုတ်ပေ။

“ ဒေါက်တာချန် … ငါ မင်းလိုက်စထွင်းတွေ အများကြီး ကြည့်ဖူးတယ် … မင်းက တခြားလူတွေကို အနာဂတ်က ပြောင်းလဲနိုင်တယ်လို့ ပြောဖူးတယ်မလား …”

ချန်ယွီ့ တစ်ကြိမ်တစ်ခါ ပြောခဲ့ဖူးသည့် စကားကို ပြန် အမှတ်ရရင်း [ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြန်ရှိလာခဲ့သည်။

“ သူများရဲ့ အနာဂတ်က ပြောင်းလဲလို့ရတယ် … ဒါပေမယ့် မင်းရဲ့ အနာဂတ်ကတော့ နည်းနည်းခက်တယ် ..” ချန်ယွီ့ ခါးသီးစွာ ပြုံးလိုက်၏။

[ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် ချမ်းသာစွာ နေထိုင်နိုင်ဖို့ ကံကြမ္မာဖန်လာခဲ့သူ ဖြစ်သည်။

သို့ပေမယ့်လည်း သူ့ ကံကြမ္မာက ချန်ယွီ့ တွေ့ခဲ့ဖူးသည့် လူများထဲ အထူးခြားဆုံး ဖြစ်နေရုံမျှပင်။

“ ငါ့ကုမ္ပဏီ ဒေဝါလီ ခံလိုက်ရမယ့် အရာက ပြောင်းလဲလို့ မရတဲ့ အရာမို့လို့လား … ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိဘူးလား …”

[ငါဂုဏ်ယူတယ်၊ အဲ့တော့ ဘာဖြစ်လဲ]သည် အရှုံးမပေးလိုဘဲ ထပ်ပြီး မေးမြန်းလာခဲ့၏။

“ ရှုထောင့် တစ်ခုကနေ ကြည့်မယ်ဆိုရင် တကယ်ကို ပြောင်းလဲလို့ မရတဲ့ အခြေအနေပဲ …” ချန်ယွီ့ ပြောလိုက်ပြီး “ မင်း ဘယ်လောက်ပဲ ကြိုးစားပါစေ၊ မင်းမိဘတွေ ဘယ်လောက်ပဲ ကူညီပါစေ ၊ ကုမ္ပဏီရဲ့ ဒေဝါလီခံရမယ့် အခြေအနေကို နည်းနည်းလောက်ပဲ အချိန်ဆွဲနိုင်မယ် … အခြေအနေ တစ်ရပ်လုံးကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး …”

“ ဒါပေမယ့် ….”

“ မင်း မိသားစုရဲ့ စီးပွားရေး လုပ်ငန်းက မရှိတော့ဘူးဆိုပေမယ့် …” ချန်ယွီ့က စကားကို ခေတ္တရပ်နားပြီး ဆက်ပြောသည်။ “ မင်းက နောင်မှာ ကြွယ်ဝပြီး အပူပင်ကြောင့်ကြမဲ့တဲ့ ဘဝကို နေနိုင်ဦးမှာပဲ …”

“ အဲ့အချိန် မင်းရဲ့ ကြွယ်ဝမှုက အခု မင်းမိသားစု ကြွယ်ဝတာထက်ကို ဆယ်ဆမက သာတယ် …”

စာစဉ် (၁၅)ပြီး၏။

All Chapters