အခန်း (၁၆)
Vol. 2 Ch. 16
~တစ်မနက်ခင်းတွင်...
စုမိသားစု ခေါင်းဆောင် စုဖုန် ၏ ဦးဆောင်မှုဖြင့်၊ မိသားစုဝင် အချို့သည် အဘိုးအို တစ်ဦး၏ နောက်သို့ လိုက်ပါကာ ဆေးဥယျာဉ်ထဲသို့ ဝင်ရောက်လာကြ၏။ အဝေးမှ ကြည့်လျှင် ထိုအဘိုးအိုသည် ဆံပင် ဖြူဖွေးနေပြီး၊ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော်လည်း နက်နဲသော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေလေသည်။
ဝိညာဉ် သွေးကြော ရှာဖွေခြင်းနှင့် ကောင်းချီးပေးခံရသော မြေ တည်ဆောက်ရန် အခင်းအကျင်း ခင်းကျင်းခြင်းတို့သည် အချိန်များစွာ ပေးရမည့် ပင်ပန်းသော လုပ်ငန်းစဉ်များ ဖြစ်၏။
ထို့ကြောင့် မိသားစု ခေါင်းဆောင် စုဖုန် သည် ဆေးဥယျာဉ်တွင် နေ့ဝက်ခန့်သာ နေပြီး၊ မြစ်ရေစီး မြို့တော်သို့ ပြန်လည် ထွက်ခွာသွားလေသည်။
စုယွီ သည် အဘိုးအို ရောက်လာစဉ်က အဝေးမှ တစ်ချက် လှမ်းကြည့်ရုံသာ ကြည့်ပြီး၊ သူ့နေ့စဉ် အလုပ်များနှင့် ကျင့်ကြံခြင်းကိုသာ ဆက်လက် လုပ်ဆောင်နေခဲ့သည်။
ချီစွမ်းအင် ဆေးလုံးသာ ရှိလျှင်မူ ပိုမို မြန်ဆန်မည်မှာ သေချာသည်။ သို့သော် ဆေး (၁၀) လုံး ပါဝင်သော ပုလင်း တစ်လုံးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးရသည်။ တစ်လုံးလျှင် တစ်တုံးနှုန်း ကျသင့်နေခြင်း ဖြစ်သည်။
ချီစွမ်းအင် အစောပိုင်းအဆင့်တွင် ရှိသောသူတစ်ဦးအတွက် ဆေးတစ်လုံးသည် (၂) နာရီ၊ (၃) နာရီခန့်သာ အာနိသင် ခံ၏။
တွက်ခြေကိုက်မှုချင်း ယှဉ်ကြည့်ပါက ဝိညာဉ်ကျောက်တုံး အသုံးပြု၍ ကျင့်ကြံခြင်းက ပိုမိုသက်သာပေသည်။
နှမြောဖွယ် ကောင်းလှသည်။
စုယွီ ခေါင်းခါလိုက်မိ၏။ ဆေးလုံး ဝယ်ယူ သောက်သုံးရန်မှာ ထားဦး၊ ဝိညာဉ်ကျောက်တုံးကိုပင် နေ့စဉ် မသုံးစွဲနိုင်သေးပေ။ ရံဖန်ရံခါမျှသာ သုံးစွဲနိုင်ခြင်း ဖြစ်သည်။
အလွန်အကျွံ သုံးစွဲမိလျှင် မွဲသွားပေလိမ့်မည်။
မြေဆရာ ရောက်လာသည့် အတွက်၊ မိသားစု၏ တစ်ဦးတည်းသော အမျိုးသမီး အကြီးအကဲ "စတုတ္ထ အကြီးအကဲ စုရို့ဆု" သည်လည်း ဆေးဥယျာဉ်သို့ ရောက်ရှိလာပြီး၊ တတိယ အကြီးအကဲ နှင့်အတူ ပူးတွဲ စောင့်ကြပ်လေသည်။
ဝိညာဉ် သွေးကြော ကိစ္စသည် လာမည့် ကာလများ အတွက် စုမိသားစု၏ အရေးအကြီးဆုံး ကိစ္စရပ် ဖြစ်သဖြင့်၊ ပေါ့ဆ၍ မဖြစ်ပေ။
မြေဆရာ ရောက်ပြီး လဝက်ခန့် အကြာတွင်...၊
စုယွီ ၏ အိမ်တွင်း၌...
စုယွီ သည် သားရဲမျှားဆေးမှုန့် အချို့ကို ဖော်စပ်နေ၏။ ဒီကာလ အတွင်း သူသည် သက်တမ်းရင့် ကုန်ကြမ်းပစ္စည်း အချို့ကို စုဆောင်းထားပြီး ဖြစ်သဖြင့်၊ "ပထမအဆင့် (နှောင်းပိုင်း) ကြွက်သားရဲ" တစ်ကောင်လောက် ဖမ်းနိုင်မလားဟု စဉ်းစားနေခြင်း ဖြစ်၏။
အရင်တုန်းက ကြိုးစားဖူးသော်လည်း (နှောင်းပိုင်း) အကောင်တွေက လည်လွန်း၍ အပြင်ထွက်မလာကြပါ။
"ဒီည ထပ်စမ်းကြည့်တာပေါ့"
စုယွီ ဆေးအရှိန်ကို မြှင့်လိုက်၏။
ယခု မိသားစုက ဝိညာဉ် သွေးကြော အရင်းအမြစ်ကို စတင် ရှာဖွေနေပြီ ဆိုတော့... ဒီကြွက်သားရဲတွေကို အမြစ်ပြတ် ရှင်းထုတ်ပစ်ဖို့ လိုအပ်နေချေပြီ။
စုယွီ၏ ကိုယ်ခန္ဓာ ကျင့်စဉ် အဆင့်မြင့်လာသည်နှင့် အမျှ... ကြွက်သားရဲတွေက သူ့အတွက် သိပ်အသုံးမဝင်တော့ပါ။
အများဆုံး လုပ်ပေးနိုင်သည်မှာ မိသားစုထံမှ ဝိညာဉ်ကျောက်တုံး လဲလှယ်ယူရန်မျှသာ ဖြစ်သည်။
ထို့ပြင် နောက်ထပ် တစ်နှစ်ကျော်ခန့် အကြာတွင် သူသည် ဆေးဥယျာဉ်မှ ထွက်ခွာပြီး "ဆေးလုံး ဖော်စပ်အလုပ်သင်" သွားရောက်လုပ်ကိုင်တော့မည် ဖြစ်သည်။
ထို့ကြောင့် ဤကြွက်သားရဲများကို သိမ်းဆည်းထားရန် အကြောင်း မရှိတော့ပေ။
စုစုပေါင်း သားရဲမျှားဆေးမှုန့် (၂၀) ပုံ ဖော်စပ်လိုက်၏။ ထိုအထဲမှ (၅) ပုံသည် "ပထမအဆင့် (နှောင်းပိုင်း)" အကောင်ကြီးများကိုပင် ဆွဲဆောင်နိုင်သည်အထိ ပြင်းထန်သည်။
ညဉ့်နက် သန်းခေါင်ယံ အချိန်တွင်...
စုယွီ သည် အိမ်မှ တိတ်ဆိတ်စွာ ထွက်ခွာလာပြီး၊ လူသူကင်းမဲ့သော ဆေးဉယျာဉ် တစ်နေရာသို့ ရောက်ရှိလာသည်။
ဆေးရောထားသော ဝိညာဉ်ဆန် (၂၀) ပုံကို နေရာအနှံ့ ဖြန့်ခင်းထားလိုက်၏။
အခန်းပြန်ပြီး စောင့်နေရင် ကောင်းမလား တွေးနေစဉ်မှာပင်... လေထုထဲတွင် ဖျော့တော့သော အနံ့တစ်မျိုးကို ရုတ်တရက် ရလိုက်၏။
‘ဒီအနံ့က ရင်းနှီးနေသလိုလိုပဲ။ သားရဲမျှားဆေးမှုန့် အနံ့နဲ့ တူသလိုလို ရှိပေမယ့်၊ နည်းနည်းတော့ ကွဲပြားတယ်။
ဒါ ဘာအနံ့လဲ..’
စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး စဉ်းစားခန်း ဝင်သွားသည်။
"ဒေါင်..."
"ဝုန်း..."
စုယွီ လမ်းတစ်ဝက်လောက်သာ လျှောက်ရသေး၏... စူးရှသော ခေါင်းလောင်းသံ တစ်ခု ဆေးဥယျာဉ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ခေါင်းလောင်းသံ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက်၊ စိုက်ခင်း အောက်ခြေမှ မြေကြီးများ သိမ့်ခနဲ တုန်ခါသွားလေသည်။
ဘာဖြစ်နေမှန်း သေချာ မသိရသေးသော်လည်း... စုယွီ သိလိုက်တာ တစ်ခုကတော့...
ဆေးဥယျာဉ်ထဲမှာ ပြဿနာကြီး တစ်ခု တက်တော့ည်။
စုယွီ မျက်နှာပျက်သွားသည်။ တတိယ အကြီးအကဲနှင့် စတုတ္ထ အကြီးအကဲတို့ ရှိနေသော အိမ်တော်ကြီးဆီ အမြန် ပြေးသွားချင်စိတ် ပေါက်သွားသည်။ စုမိသားစု ကျင့်ကြံသူ အကုန်လုံး အဲဒီမှာ ရှိနေကြတာ.. ထိုနေရာက အလုံခြုံဆုံး ဖြစ်၏။
ထိုနေရာက မလုံခြုံလျှင်... ကျန်သည့် နေရာတွေက ပိုတောင် ဆိုးဦးမည်။
သို့သော်၊ စုယွီ အဝေးကြီး မရောက်နိုင်သေးခင်မှာပင်... ဆေးဉယျာဉ် နေရာအနှံ့မှ ကြွက်အော်သံများ ဆူညံစွာ ထွက်ပေါ်လာလေတော့သည်။
"ကျွီ... ကျွီ..."
စုယွီ၏ အနီးအနားတွင် မြေကြီးများ ကွဲအက်သွားပြီး၊ ကြွက်သားရဲ နှစ်ကောင် ရုတ်တရက် ခုန်ထွက်လာသည်။
တစ်ကောင်က တစ်ပေကျော် (အစောပိုင်း အဆင့်)၊ နောက်တစ်ကောင်က နှစ်ပေနီးပါး (အလယ်အလတ် အဆင့်)။
လရောင်ဖျော့ဖျော့ အောက်တွင်... ထွက်ပေါ်လာသော ကြွက်သားရဲ နှစ်ကောင်သည် ဒေါသတကြီး ဖြစ်နေကြပြီး၊ မျက်လုံးများက သွေးရောင် လွှမ်းနေကာ၊ အရှိန်အဝါများက အလွန်အမင်း ကြမ်းတမ်း ခက်ထန်နေကြ၏။
"ကျွီ... ကျွီ... ကျွီ..."
ထွက်လာသည်နှင့် တစ်ပြိုင်နက်...
လူသား တစ်ယောက် ဖြစ်တဲ့ စုယွီရဲ့ အငွေ့အသက်ကို အာရုံခံမိပြီး၊ ချက်ချင်းပင် သူ့ဆီသို့ ပြေးဝင် တိုက်ခိုက်ကြတော့သည်။
အမွှေးနက်နက်တွေက ညမှောင်မိုက်ထဲမှာ လုံးဝ ပျောက်ကွယ်နေ၏။ သူတို့၏ အရှိန်က အရမ်း မြန်လွန်း၍ မျက်တောင် တစ်ခတ် အတွင်းမှာတင် စုယွီ အနား ရောက်လာကြပြီ။
သို့သော် နောက်တစ်စက္ကန့်တွင်...
ကြွက်သားရဲ နှစ်ကောင်၏ မျက်လုံးများ ပြူးကျယ်သွားကြ၏။
ကြောက်မက်ဖွယ်ရာ ကောင်းသော သားရဲကြီး တစ်ကောင်နှင့် ရင်ဆိုင်လိုက်ရသကဲ့သို့... ကြီးမားသော ကြောက်ရွံ့မှုကြီး တစ်ခုက သူတို့ကို လွှမ်းခြုံသွားပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသွားကြလေသည်။
"ဝုန်း..."
စုယွီ၏ ခန္ဓာကိုယ် အတွင်း နက်ရှိုင်းစွာ ကိန်းအောင်းနေသော "ကိုယ်ခန္ဓာ ကျင့်စဉ်" စွမ်းအားများ ရုတ်ချည်း ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူ့လက်သီး နှစ်ဖက်လုံး သွေးရောင် အလင်းတန်းများဖြင့် တောက်ပလာသည်။
ဝေဝါးသော သွေးရောင် မြူခိုးများက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး... ညဉ့်ကောင်းကင်ယံ အောက်တွင် "ဧရာမ မိကျောင်း သားရဲ" ကြီး တစ်ကောင် လက်သည်း ဝှေ့ယမ်းလိုက်သကဲ့သို့ ထင်မှတ်ရလေသည်။
"ဘုန်း..."
"ဘုန်း..."
လက်သီးချက် နှစ်ချက်သည် ကြွက်သားရဲ နှစ်ကောင်ပေါ်သို့ တိကျစွာ ကျရောက်သွားသည်။
စုယွီ၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ကြောင်အမ်းနေသော ကြွက်သားရဲများသည် ရှောင်တိမ်းရန်ပင် သတိမရတော့ဘဲ၊ တုန်တုန်ရီရီဖြင့် လက်သီးချက်များကို တည့်တည့်ကြီး ခံယူလိုက်ရလေသည်။
သွေးများက မြူခိုးသဖွယ် ပန်းထွက်သွားပြီး၊ အရိုးကျိုးသံများ "ဂျွတ်... ဂျွတ်..." ဟူ၍ ထွက်ပေါ်လာသည်။ ကြွက်သားရဲ နှစ်ကောင်သည် အမှောင်ထုထဲသို့ ကိုက် (၁၀) ကျော်ခန့် လွင့်စင်သွားပြီး၊ အခြား ဆေးဉယျာဉ် တစ်ကွက်ထဲသို့ "ဘုန်း" ခနဲ ပြုတ်ကျကာ မြေချိုင့်ခွက်ကြီး နှစ်ခု ဖြစ်ပေါ်သွားစေသည်။
(အလယ်အလတ်) အဆင့် အကောင်ကြီး အပါအဝင်... နှစ်ကောင်စလုံး လက်သီး တစ်ချက်တည်းနှင့် ပွဲချင်းပြီး သေဆုံးသွားကြလေ၏။
သူတို့ကို သတ်ဖြတ်ပြီးနောက်... စုယွီ သည် ဆေးဉယျာဉ် တစ်ခုလုံးကို လှမ်းကြည့်လိုက်ရာ... ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားရ၏။
"ကျွီ... ကျွီ..."
အရပ်မျက်နှာ အနှံ့အပြားမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်နေ၏။
ဝိညာဉ် သွေးကြော အောက်က ကြွက်သားရဲ အုပ်စု တစ်ခုလုံး နိုးထလာပြီး၊ တစ်စုံတစ်ယောက်က ဆွပေးလိုက်သလိုပင်။ အခုချိန်မှာ မရေမတွက်နိုင်သော သားရဲကောင်များသည် အိမ်တော်ကြီးဆီသို့ ဦးတည် ပြေးလွှားနေကြ၏။
လွန်ခဲ့သော တစ်နှစ် အတွင်း စုယွီ ပုံမှန် နှိမ်နင်းပေးခဲ့သော်လည်း... ယခု မြင်တွေ့နေရသည်က အနည်းဆုံး အကောင် (၂၀၀) ကျော်လောက် မြေကြီးထဲက ထွက်လာနေ၏။
ထိုအထဲမှာ... "ပထမအဆင့် (နှောင်းပိုင်း)" အရှိန်အဝါ ထုတ်လွှတ်နေသော ကြောက်စရာ အကောင်ကြီး အချို့တောင် ပါနေသေးသည်။
ထိုအကောင်ကြီးတွေ အိမ်တော်ကြီးဆီ ပြေးသွားနေတာ မြင်တော့... စုယွီ မျက်လုံး ပြူးသွားပြီး ဒေါသတကြီး တွေးလိုက်မိသည်။
‘ဘယ်သူက ဒီ ကြွက်သားရဲ အုပ်စုကို ဆွပေးလိုက်တာလဲဟ’
သံသယရှိသူ တချို့ စုယွီ့ ခေါင်းထဲ ပေါ်လာသည်။
ပထမဆုံး... မကြာသေးခင်ကမှ ရောက်လာသည့် "မြေဆရာ" နှင့် သူ့တပည့်တွေ။
ဒုတိယက... "လင်းမိသားစု"။
နောက်ဆုံးက.. စုမိသားစု အတွင်းက "သစ္စာဖောက်" တစ်ယောက်ယောက်။
သို့သော် ဤအတွေးများသည် ခဏတာမျှသာ ဝင်ရောက်လာခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော ကြွက်သားရဲများ အိမ်တော်ကြီးဆီသို့ ပြေးလွှားသွားသည်ကို မြင်လိုက်ရသဖြင့် စုယွီ မျက်နှာပျက်သွားကာ အံကိုခဲ၍ သူ ယခင်က ဆေးချထားခဲ့သည့် နေရာဆီသို့ ပြန်လည်ပြေးသွားလိုက်၏။
ဆေး (၂၀) ပုံထဲမှ (၆) ပုံကို ကြွက်များ စားသောက်ပြီးပြီ ဖြစ်သည်။
အမျက်ထွက်နေသော ကြွက်များသည် ဆေးအာနိသင်ကြောင့် မူးဝေကာ ယိုင်တိုင်တိုင် ဖြစ်နေကြသည်။
စုယွီသည် တစ်ကောင်လျှင် လက်သီးတစ်ချက်စီ ထိုးနှက်ကာ အားလုံးကို သတ်ဖြတ်လိုက်၏။
ကျန်ရှိနေသေးသော ဆေး (၁၄) ပုံ (ထိုအထဲတွင် အပြင်းစား ၄ ပုံ ပါဝင်သည်) ကို ပြန်လည်သိမ်းဆည်းလိုက်၏။
"ဝှစ်..."
သူ၏ အရှိန်အဝါကို အတတ်နိုင်ဆုံး ဖိနှိပ်လျှော့ချလိုက်ပြီး စုယွီသည် အိမ်တော်ကြီးဘက်သို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွားလိုက်၏။
ကံကောင်းသည်မှာ "အစိမ်းရောင် သစ်သား နှစ်ပတ်လည်ကွင်း ကျင့်စဉ်" ၏ အားသာချက်က "ပုန်းကွယ်ခြင်း" တွင် အလွန် ထူးချွန်နေခြင်း ဖြစ်သည်။ အရှိန်အဝါကို ဖျောက်ဖျက်လိုက်သည်နှင့် စုယွီသည် သာမန်သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်သွားပြီး မည်သူမျှ သတိမထားမိတော့ပေ။
ဘေးမှ ဖြတ်သန်းပြေးလွှားသွားသော ကြွက်သားရဲများပင်လျှင် သူ့ကို သတိမပြုမိကြပေ။
အိမ်တော်ကြီး တည်ရှိရာနေရာတွင်...
"ဝုန်း..."
အကာအကွယ် အခင်းအကျင်းများ အလွှာလိုက် ပွင့်လာကြသည်။ သို့သော် မကြာမီမှာပင် အခင်းအကျင်းတစ်ခု၏ အဓိက အချက်အချာနေရာတစ်ခုက "ဘုန်း" ခနဲ ပေါက်ကွဲသွားပြီး အခင်းအကျင်း အလံ ပျက်စီးသွားလေသည်။
အခင်းအကျင်းအချို့က ချက်ချင်း ပျက်စီးသွားကြသည်။ အချို့မှာမူ စွမ်းအားများ လျော့ကျသွားပြီး မငြိမ်မသက်ဖြစ်ကာ အသုံးမဝင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။
အခင်းအကျင်းများကို တာဝန်ယူထားသော တတိယအကြီးအကဲ စုချန် မျက်နှာပျက်သွား၏။ သူ့မျက်လုံးထဲတွင် လူသတ်လိုစိတ်များ ပြည့်နှက်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"မြေဆရာ 'ကော' ဘယ်ရောက်သွားလဲ..."
"ရွှစ်..."
လှပသော စတုတ္ထအကြီးအကဲ စုရို့ဆု ရောက်ရှိလာသည်။ သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေ၏။
"မြေဆရာ ကော နဲ့ သူ့တပည့်တွေ ပျောက်သွားပါပြီ... အိမ်တော် အခင်းအကျင်းတွေ ပျက်စီးကုန်တာ သူတို့ လက်ချက် ဖြစ်လောက်တယ်"
ထိုစကားကို ကြားလိုက်ရပြီးနောက် အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာနေသော ကြွက်သားရဲအုပ်စုကြီးကို မြင်လိုက်ရသောအခါ စုချန်၏ မျက်နှာအမူအရာ ပိုမိုဆိုးရွားသွားပြီး ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိလိုက်၏။
"လင်းမိသားစု..."
“ဒုက္ခတော့ ရောက်ပြီ…”