အခန်း (၁၇)
Vol. 2 Ch. 17
~တတိယ အကြီးအကဲ စုချန် ၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်နေပြီး၊ အံကို ခဲကာ ကျိန်းဝါးလိုက်၏။
"ကောချူတုန်း... မင်းသာ လင်းမိသားစုနဲ့ ပေါင်းပြီး စုမိသားစုကို လုပ်ကြံရဲတယ် ဆိုရင်... ငါ စုချန် ကိုယ်တိုင် မင်းကို သေအောင် သတ်မယ်"
စုရို့ဆု ကတော့ အိမ်တော် ပတ်လည်ကို စောင့်ကြည့်နေပြီး၊ တဖြည်းဖြည်း နီးကပ်လာသော ကြွက်သားရဲ အုပ်စုကြီး၏ အရှိန်အဝါကို အာရုံခံမိနေ၏။ သူမက အလျင်စလို ပြောလိုက်၏။
"အဲဒါတွေ နောက်မှ ပြောပါရှင်... အခု ဒီကြွက်အုပ်ကြီးကို အရင် ဖြေရှင်းမှ ဖြစ်မယ်"
ဝိညာဉ် သွေးကြော အောက်ခြေမှ ထွက်ပေါ်လာသော ကြွက်သားရဲ အဓိကရုဏ်းကြီးသည် ဒီရေလှိုင်းကြီး တစ်ခုအလား အိမ်တော်ကြီးဆီသို့ ဦးတည် ဝင်ရောက်လာနေပြီ။
အိမ်တော် အတွင်းရှိ စုမိသားစု ကျင့်ကြံသူ အားလုံး အိပ်ရာမှ လန့်နိုးလာကြပြီး၊ မြင်ကွင်းကို တွေ့လိုက်ရသောအခါ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြ၏။
"ဟင်... ကြွက်သားရဲတွေ ဒီလောက် အများကြီး ဘယ်က ထွက်လာတာလဲ"
"ဒုက္ခပဲ... အိမ်တော် အခင်းအကျင်းတွေ ပျက်ကုန်ပြီ"
"မြန်မြန်... အားလုံးပဲ ခုခံဖို့ ပြင်ဆင်ကြ"
စုချန် နှင့် စုရို့ဆု တို့က ဒေါသတကြီး အော်ဟစ် အမိန့်ပေးလိုက်သောအခါမှ၊ ကျင့်ကြံသူများ အားလုံး သတိဝင်လာကြပြီး အိမ်တော်၏ အရပ်မျက်နှာ အသီးသီးတွင် နေရာယူကာ ကာကွယ်ရန် ပြင်ဆင်လိုက်ကြ၏။
စုချန် နှင့် စုရို့ဆု တို့၏ မျက်နှာထားများ တင်းမာနေပြီး၊ သူတို့၏ အကြည့်များက နေရာ (၃) ခုဆီသို့ အထူးတလည် ရောက်ရှိနေ၏။
"ပထမအဆင့် (နှောင်းပိုင်း) ကြွက်သားရဲကြီး (၃) ကောင်..."
ထိုအထဲက တစ်ကောင်၏ အရှိန်အဝါ ဆိုရင်... "ချီစွမ်းအင် စုစည်းခြင်း အဋ္ဌမအဆင့်" နှင့်တောင် ယှဉ်နိုင်လောက်သည်။
စုချန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
"အသန်မာဆုံး ကောင်ကို ငါ ယူမယ်... နောက်တစ်ကောင်ကို မင်း ယူလိုက်... ကျန်တဲ့ တစ်ကောင်ကိုတော့..."
သူ့စကား မဆုံးသေးခင်မှာပင်...
စုချန် ရော၊ စုရို့ဆု ပါ ရုတ်တရက် ကြောင်သွားကြ၏။
အိမ်တော်ဆီသို့ ဒရောသောပါး ပြေးဝင်လာနေသော ကြွက်သားရဲ အုပ်စုကြီး၏ နောက်ဘက်ပိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသောကြောင့်ပင်။ ရှေ့ဆုံးမှ ဦးဆောင်လာသော (နှောင်းပိုင်း) အဆင့် ကြွက်သားရဲကြီး (၃) ကောင်သည် ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားကြ၏။ ထို့နောက် နောက်သို့ လှည့်ကာ စူးဝါးစွာ အော်ဟစ်လိုက်ပြီး၊ သူတို့ နောက်မှ အတင်း တိုးဝင်လာနေသော ကြွက်အုပ်ကြီးကို မောင်းထုတ်လိုက်ကြ၏။
ထို ကြွက်သားရဲကြီး (၃) ကောင်၏ အနောက် မလှမ်းမကမ်း နေရာတွင်... စုယွီ ပစ်ချလိုက်သော "အပြင်းစား သားရဲမျှားဆေးမှုန့်" ရောစပ်ထားသည့် ဝိညာဉ်ဆန် (၃) ပုံ ကျရောက်နေလေသည်။
ဒေါသ အမျက်ချောင်းချောင်း ထွက်နေသော ကြွက်သားရဲကြီးများ ဖြစ်လင့်ကစား... သားရဲမျှားဆေးမှုန့်၏ ဆွဲဆောင်မှုကို သူတို့ မလွန်ဆန်နိုင်ကြပေ။
ကြောင်လေးတွေ "ကက်နစ် (Catnip)" ကို တွေ့လိုက်ရသလိုမျိုး... သူတို့ (၃) ကောင်လုံး၏ မျက်လုံးတွေ အရောင်တောက်လာကြ၏။
[Catnip (ကက်နစ်) (ကြောင်ဆေးပင်) ဆိုတာ ကြောင်လေးတွေကို စိတ်ကြွရူးသွပ်စေပြီး အလွန်အမင်း ပျော်ရွှင်စေတဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။ ကြောင်လေးတွေက ဒီအပင်ကို တွေ့ရင်၊ အနံ့ရရင် သာမန်အချိန်နဲ့ မတူဘဲ မျက်လုံးတွေ အရောင်တောက်လာပြီး အငမ်းမရ လိုချင်တပ်မက် ဖြစ်သွားတတ်ပါတယ်။]
ဝိညာဉ်ဆန်ကို လုစားချင်နေသော အခြား ကြွက်သားရဲ ငယ်လေးများကို မောင်းထုတ်ပြီးနောက်...
ကြွက်သားရဲကြီး (၃) ကောင်သည် အလုအယက် ပြေးဝင်သွားပြီး၊ ဝိညာဉ်ဆန်များကို တစ်လုပ်တည်းဖြင့် မျိုချလိုက်ကြတော့သည်။
ကောင်းကင်ဘုံသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသော အရသာ... သူတို့ ဘဝတစ်လျှောက်လုံး တစ်ခါမှ မကြုံဖူးသော အထွတ်အထိပ် အရသာထူးပင်။
ထိုအရသာတွင် မိန်းမော မျောပါနေစဉ်မှာပင်... ကြွက်သားရဲကြီး (၃) ကောင်၏ ခန္ဓာကိုယ်များ ယိုင်နဲ့လာပြီး တုန်ရီလာကြ၏။
မကြာမီမှာပင်...
"ဘုန်း... ဘုန်း... ဘုန်း..."
ကြွက်သားရဲကြီး (၃) ကောင်လုံး မြေကြီးပေါ်သို့ လဲကျသွားပြီး၊ နှစ်ခြိုက်စွာ အိပ်ပျော်သွားကြလေတော့သည်။
ပတ်ဝန်းကျင်ရှိ ကြွက်သားရဲ အုပ်စုကြီးမှာတော့ မျက်လုံးများ ပြူးကျယ်လျက် ကြောင်အမ်းနေကြ၏။ သူတို့၏ ဉာဏ်ရည်က မမြင့်မားလှပေ။
သားရဲမျိုးနွယ်ဟု ခေါ်ဖို့တောင် မတန်သည့် အကောင်တွေလေ။
၎င်းတို့က ခေါင်းဆောင်ကြီး (၃) ကောင် လဲကျသွားတာ မြင်တော့... ဘာဆက်လုပ်ရမှန်း မသိတော့ဘဲ ရပ်တန့်နေကြ၏။
ထိုအချိန်တွင်... နောက်ထပ် သားရဲမျှားဆေးမှုန့် ရောထားသော ဝိညာဉ်ဆန် (၁၁) ပုံသည် လေထဲမှ ကျရောက်လာသည်။ စုယွီ၏ တိကျသော ဝိဉာဉ်စွမ်းအင် ထိန်းချုပ်မှု အောက်တွင်... ထိုဝိညာဉ်ဆန်များသည် အုပ်စုထဲတွင် ပါဝင်နေသော "ပထမအဆင့် (အလယ်အလတ်)" ကြွက်သားရဲများ၏ အနီးအနားသို့ တိကျစွာ ကျရောက်သွားလေသည်။
"ကျွီ... ကျွီ... ကျွီ..."
ကြွက်သားရဲ အုပ်စုများ ရူးသွပ်သွားသကဲ့သို့ ဝိညာဉ်ဆန်များကို အလုအယက် ပြေးဝင် စားသောက်ကြလေတော့သည်။
မကြာမီမှာပင်...
ရှားရှားပါးပါး ပါဝင်လာသော (အလယ်အလတ်) အဆင့် ကြွက်သားရဲ အများစုလည်း လဲကျသွားကြ၏။
ခေါင်းဆောင်များ မရှိတော့သည့်နောက်... တတိယ အကြီးအကဲ စုချန် နှင့် စတုတ္ထ အကြီးအကဲ စုရို့ဆု တို့ ဦးဆောင်သော စုမိသားစု ကျင့်ကြံသူများသည် ကြွက်သားရဲ အုပ်စုကို အလွယ်တကူပင် ချေမှုန်းနိုင်ခဲ့ကြ၏။
အများစုကို သတ်ဖြတ်နိုင်ခဲ့ပြီး၊ အနည်းငယ်သာ မြေကြီးထဲသို့ ပြန်လည် ထွက်ပြေး လွတ်မြောက်သွားကြ၏။
အဓိကရုဏ်း စတင် ဖြစ်ပွားချိန်မှ ပြီးဆုံးသွားချိန် အထိ... အချိန် တိုတောင်းလွန်းလှသည်။
စုချန် သည် မှော်လက်နက်ကို အသုံးပြုပြီး အိပ်ပျော်နေသော (နှောင်းပိုင်း) အဆင့် ကြွက်သားရဲကြီး (၃) ကောင်ကို ခေါင်းဖြတ် သတ်လိုက်၏။ သေချာအောင် လုပ်ရမည်ကိုး။
ထို့နောက် စုယွီ ဘက်သို့ လှည့်ကြည့်လိုက်ပြီး အံ့သြတကြီး မေးလိုက်၏။
"ယွီလေး... မင်း ဘယ်လိုလုပ်ပြီး ဒီ (နှောင်းပိုင်း) နဲ့ (အလယ်အလတ်) အကောင်ကြီးတွေကို ဖြေရှင်းလိုက်တာလဲ"
စုယွီ ခဏ တုံ့ဆိုင်းနေပြီးမှ ဖြေလိုက်၏။
"ကျွန်တော် ရှေးဟောင်း စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးတဲ့ နည်းလမ်း တစ်ခု ရှိတယ်... ကြွက်သားရဲတွေ အတွက် သီးသန့် ဖော်စပ်ထားတဲ့ ဆေးနည်းပါ"
"ဒီဆေးကို စားပြီးရင် ကြွက်တွေ မေ့လဲသွားလိမ့်မယ်... အဲဒီကျရင် ကြိုက်သလို သတ်လို့ ရပြီပေါ့"
စုချန် ဘာမှ ပြန်မပြောနိုင်ခင်မှာပင်၊ စုယွီ က ဆက်ပြောသည်။
"မူလကတော့ ကျွန်တော် စဉ်းစားထားတာ... ဒီဆေးနည်းကို သုံးပြီး ဆေးဉယျာဉ်ထဲက ကြွက်သားရဲတွေကို မျိုးသုဉ်းတဲ့ အထိ ဖြည်းဖြည်းချင်း ဖမ်းသွားမလို့... ပြီးမှ မိသားစုဆီကို ဆေးနည်း အပ်မလို့ပါ"
"ဒါပေမဲ့ ဒီည ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး"
ကြွက်သေ အလောင်းများကို ကြည့်ရင်း စုယွီ သက်ပြင်းချလိုက်မိသည်။
ဆေးဉယျာဉ်ထဲက ကြွက်သားရဲတွေတော့ "မျိုးသုဉ်း" သွားပါပြီလေ။
သူ လျှို့ဝှက်ထားသော ဆေးနည်းကလည်း အသုံးမဝင်တော့ပါ။
ယခုပဲ မိသားစုကို ပေးလိုက်တာ ပိုကောင်းပါသည်။
"ဒီဆေးနည်းကို 'သားရဲမျှားဆေးမှုန့်' လို့ ခေါ်ပါတယ်... ကြွက်သားရဲတွေ အတွက် မေ့ဆေးပါပဲ... အခုကစပြီး ဒီဆေးနည်းကို မိသားစုကို လှူဒါန်းလိုက်ပါပြီ"
ထိုစကားကို ကြားသောအခါ စုချန် သဘောပေါက်သွားပြီး စုယွီ ကို ပိုမို သဘောကျသွားသည်။
သူ စုယွီ ကို အာရုံစိုက်နေတာ ကြာပါပြီ။ ဝိညာဉ်အမြစ် ပါရမီ မကောင်းသော်ငြား၊ ဒီကလေးက ကိုယ်ခန္ဓာ ကျင့်စဉ် ဘက်မှာ ထူးချွန်ပုံ ရသည်။
ထို့ပြင် ကြွက်သားရဲ ဖမ်းဆီးရာတွင်လည်း လွန်စွာ ကျွမ်းကျင်လှသည်။ ထို့ကြောင့် ဤလူငယ်လေးကို သူ သဘောကျနေခြင်း ဖြစ်၏။
သူ့အား မြေတောင်မြှောက်ပေးရန်ပင် စဉ်းစားနေခဲ့သည်။
သို့မဟုတ်ပါက... လွန်ခဲ့သော တစ်နှစ်အတွင်း စုယွီ တစ်ယောက်တည်းဖြင့် ကြွက်သားရဲများစွာကို ဖမ်းဆီးနိုင်ပြီး၊ မိသားစု ဆုကြေးငွေများစွာ ရရှိသွားစရာ အကြောင်း မရှိပေ။
ယခုလည်း... ဆေးဥယျာဉ်ကြီး ပျက်စီးတော့မည့် အချိန်တွင် စုယွီက ရှေ့ထွက်လာပြီး ကယ်တင်လိုက်ပြန်လေပြီ။
အခက်ခဲဆုံး ဖြစ်သော (နှောင်းပိုင်း) အဆင့် သားရဲကြီး (၃) ကောင်ကို လွယ်ကူစွာ ဖြေရှင်းပေးလိုက်၏။
ထို့ပြင် အခြား ကြွက်သားရဲအုပ်စုကိုပါ နှိမ်နင်းရာ၌ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လေသည်။
ဤသည်ကို စုချန် မအံ့သြဘဲ၊ မဝမ်းသာဘဲ နေပါမည်လော။
"ကောင်းတယ်... ကောင်းတယ်... အရမ်း ကောင်းတယ်"
စုချန်က "ကောင်းတယ်" ဆိုသော စကားကို (၃) ခါ ဆက်တိုက် ပြောလိုက်ပြီး၊ စိတ်သက်သာရာ ရသွားသည်။
"စိတ်မပူပါနဲ့... ဒီည မင်း လုပ်ခဲ့တဲ့ ကြီးမားတဲ့ စွမ်းဆောင်မှုကို မိသားစုက မေ့မှာ မဟုတ်ပါဘူး... ပြီးတော့ မင်း လှူဒါန်းလိုက်တဲ့ ဆေးနည်း အတွက်လည်း... တန်ဖိုး ဖြတ်ပြီး ထိုက်တန်တဲ့ ဆုလာဘ် ပြန်ပေးမှာပါ... မင်း မနစ်နာစေရဘူး၊ ကောင်လေး.."
ကြွက်သားရဲ အလောင်းများကို ရှင်းလင်းနေကြသော မိသားစု ကျင့်ကြံသူများကို ကြည့်ပြီး စုချန် ထပ်ပြောသည်။
"ဒီည…ရလာတဲ့ ပစ္စည်းတွေ အားလုံးကိုလည်း.ဒီ..အကြီးအကဲက သေသေချာချာ တွက်ချက်ပြီး မင်းကို ပေးပါ့မယ်"
စုယွီ တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်၏။
"အဘိုး (၃)... ကျွန်တော် တခြားဟာ မလိုချင်ပါဘူး... ဟို (နှောင်းပိုင်း) အဆင့် ကြွက်သားရဲကြီး (၃) ကောင်ရဲ့ သွေးအဆီအနှစ်ကို လိုချင်ပါတယ်... ဖြစ်နိုင်မလားခင်ဗျာ"
(နှောင်းပိုင်း) အဆင့် သားရဲ တစ်ကောင်ဆီကနေ သွေးအဆီအနှစ် (၄၀)၊ (၅၀) စက်လောက် ရနိုင်လေ၏။
(၃) ကောင်ဖြစ်၍ အစက် (၁၀၀) ကျော်ခန့် ရရှိပေလိမ့်မည်။ ကိုယ်ခန္ဓာကျင့်စဉ်အတွက် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပေသည်။
ကံကောင်းပါက... "ကိုယ်ခန္ဓာကျင့်စဉ် သတ္တမအလွှာ" အထိပင် ရောက်ရှိသွားနိုင်လေ၏။
"အဘိုး (၃)..."
စုချန် ခဏ ကြောင်သွားပြီးမှ တဟားဟား ရယ်မောလိုက်၏။
"အဘိုး (၃) ..ခေါ်တာ ကောင်းတယ်ဟေ့... ရတာပေါ့... သေချာပေါက် ရတာပေါ့... အဲဒီ အကောင်ကြီး (၃) ကောင်ကို မင်း ဖမ်းပေးလိုက်တာပဲ... မင်း ကြိုက်သလို စီမံပိုင်ခွင့် ရှိပါတယ်ကွာ"
စတုတ္ထ အကြီးအကဲ စုရို့ဆု ကတော့ စုယွီ နှင့် သိပ်မရင်းနှီးသော်လည်း၊ ဒီည မြင်ကွင်းကို ကြည့်ပြီး ဒီလူငယ်လေးကို မှတ်မိသွားပြီ ဖြစ်၏။
သူမက "အလှထိန်းဆေး" တွေ သောက်ထား၍သာ ပျိုပျိုမြစ်မြစ် လှပနေခြင်းပါ... တကယ်တမ်းကျတော့ စုယွီ၏ အဘွား အရွယ် ရှိနေလေ၏။
ယခု အချိန်မှာတော့... စုရို့ဆုက စုယွီကို အံ့သြ လေးစားသော မျက်လုံးတွေနှင့် ကြည့်နေမိသည်။
ဆေးဥယျာဉ်ထဲမှာ ဒီလောက် စိတ်ဝင်စားဖို့ ကောင်းသော ကလေး တစ်ယောက် ရှိနေမှန်း ယခုမှ သိတော့သည်။
သို့သော်၊... စုရို့ဆု က လက်ရှိ အခြေအနေကို မမေ့ပါ။ သူမက တိုးတိုးလေး သတိပေးလိုက်၏။
"အစ်ကို (၃)... ဆေးဉယျာဉ် အခင်းအကျင်းတွေကို မြန်မြန် သွားစစ်ဆေးမှ ဖြစ်မယ်... ပြဿနာ ရှိမရှိ ကြည့်ရမယ်"
"ဟို ကောချူတုန်း ဆိုတဲ့ကောင် လင်းမိသားစုနဲ့ တကယ် ပေါင်းကြံတာ ဆိုရင်...ကျွန်မတို့ ပြဿနာ တက်ပြီ... အောင်ပွဲခံဖို့ စောသေးတယ်"
စုရို့ဆု သတိပေးမှ စုချန် သတိပြန်ဝင်လာသည်။ သူ့မျက်နှာ ပြန်လည် တင်းမာ ခက်ထန်သွားပြီး အံကြိတ်လိုက်၏။
"ငါတို့ စုမိသားစုကို သစ္စာဖောက်ရဲတယ်ပေါ့... သေချင်နေတာပဲ"
စုချန် ချက်ချင်းပင် အမိန့်ပေး စီစဉ်လိုက်တော့သည်။ လူအချို့ကို ချန်ထားပြီး ကြွက်သားရဲ အလောင်းများနှင့် ဆေးဉယျာဉ်ကို ရှင်းလင်းခိုင်းလိုက်၏။
သူနှင့် စုရို့ဆု ကတော့ ဆေးဉယျာဉ် အခင်းအကျင်းများကို သွားရောက် စစ်ဆေးကြ၏။
ကျန်လူများကတော့ လင်းမိသားစု၏ တိုက်ခိုက်မှု လာနိုင်ချေ အတွက် အသင့် ပြင်ဆင်ထားကြလေသည်။