← Chapters

သားကောင်

Vol. 2 Ch. 18

သားကောင်

Vol. 2 Ch. 18

~ဆေးဥယျာဉ်မှ (၁၀) မိုင်ခန့် အကွာအဝေးရှိ တောအုပ် တစ်ခုအတွင်း...

စုမိသားစုက ငွေကြေး အမြောက်အမြား သုံးစွဲပြီး ငှားရမ်းထားသော မြေဆရာ "ကောချူတုန်း" နှင့် သူ့တပည့်များသည် လူတစ်စုနှင့် သွားရောက် ပူးပေါင်းလိုက်ကြ၏။

ကောချူတုန်း ရောက်လာသည်ကို မြင်သောအခါ၊ စောင့်ဆိုင်းနေသော လင်းမိသားစု အကြီးအကဲ နှစ်ဦး အလွန် ဝမ်းသာသွားကြ၏။

စတုတ္ထ အကြီးအကဲ လင်းဟိုင် က ရှေ့ထွက်လာပြီး အလျင်စလို မေးလိုက်၏။

"ရောင်းရင်းကော... အခြေအနေ ဘယ်လိုလဲ"

ကောချူတုန်း သည် အရပ်ပုပု၊ ခန္ဓာကိုယ် သေးသေးသွယ်သွယ် ရှိပြီး၊ ဆံပင်ဖြူနှင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော အဘိုးအို တစ်ဦး ဖြစ်၏။ ကြည့်ရတာ လင်းဟိုင် ထက် အသက်ကြီးပုံ ပေါက်သော်လည်း၊ တကယ်တမ်းကျတော့ သူက လင်းဟိုင် ထက် (၁၀) နှစ်ခန့် ငယ်ပြီး၊ အသက် (၅၀) ကျော် အရွယ်သာ ရှိသေးသည်။

မြေဆရာတစ်ဦး အနေဖြင့် ကောချူတုန်း လက်လှမ်းမီနိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များသည် သာမန် လေလွင့်ကျင့်ကြံသူများထက် များစွာ ပိုမိုများပြားလှ၏။

သူ၏ ကျင့်ကြံမှုအဆင့်မှာ "ချီစွမ်းအင် စုစည်းခြင်း ကိုးဆင့်မြောက်" အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ယခုတစ်ကြိမ် စုမိသားစုထံ လာရောက်ရခြင်းမှာလည်း "အခြေခံ တည်ဆောက်ခြင်း" အဆင့်သို့ တက်လှမ်းရန် လိုအပ်သော အရင်းအမြစ်များကို ရှာဖွေစုဆောင်းလို၍သာ ဖြစ်ပေသည်။

ကောချူတုန်း က တည်ငြိမ်စွာ ပြောလိုက်၏။

"ဝိညာဉ် သွေးကြော စောင့်ရှောက်တဲ့ သားရဲတွေ အကုန်လုံး သူပုန်ထကုန်ပြီ... အရေအတွက်က ငါ ခန့်မှန်းထားတာထက် နည်းနေပေမယ့်၊ အနည်းဆုံး အကောင် (၂၀၀)၊ (၃၀၀) လောက်တော့ ရှိတယ်"

"ပြီးတော့ (နှောင်းပိုင်း) အဆင့် သားရဲကြီး (၃) ကောင်လည်း ပါသေးတယ်... သူပုန်ထတာနဲ့ အမျှ၊ ကြွက်သားရဲတွေက သွေးဆာပြီး ပိုကြမ်းတမ်းလာကြလိမ့်မယ်... စွမ်းအားလည်း ပိုကြီးလာမယ်"

"ဆေးဉယျာဉ်ထဲမှာ ရှိတဲ့ စုမိသားစု ကျင့်ကြံသူ အင်အားလောက်နဲ့တော့... အကုန် မသေရင်တောင်မှ အထိနာကြမှာ သေချာတယ်"

"နောက်ထပ် တစ်နာရီလောက် စောင့်ပြီးမှ ဝင်ကြမယ်... အဲဒီအချိန်ကျရင် ကြွက်သားရဲတွေ ပြန်ဆုတ်သွားလောက်ပြီ"

ထိုစကား ကြားသောအခါ လင်းဟိုင် နှင့် ပထမ အကြီးအကဲ လင်းခွေ တို့ ဝမ်းသာအားရ ဖြစ်သွားကြ၏။

လင်းခွေ ရှေ့ထွက်လာပြီး ပြောသည်။

"ရောင်းရင်းကောသာ ကူညီပေးမယ် ဆိုရင်... ဒီတစ်ခေါက် စုမိသားစုဝင်တွေ မသေရင်တောင် မြစ်ရေစီး မြို့တော်ကနေ ထွက်ပြေးရတော့မှာပါ"

"စိတ်ချပါ... ကတိပေးထားတဲ့ ဆုကြေးငွေကို လင်းမိသားစုက မပျက်မကွက် ပေးအပ်ပါ့မယ်"

ထိုအခါ ၊ ကောချူတုန်း ပြုံးလိုက်ပြီး ပြောသည်။

"စောင့်ကြည့်ကြတာပေါ့"

စုမိသားစုထံမှ ရရှိထားသည်မှာ "စရန်ငွေ" မျှသာ ရှိသေး၏။

စုမိသားစုက သူ့အား ငှားရမ်းပြီးနောက် မကြာမီမှာပင်၊ လင်းမိသားစုကလည်း သူ့ထံ လာရောက် ကမ်းလှမ်းခဲ့သည်။

ကောချူတုန်းအတွက်မူ စုမိသားစုရော၊ လင်းမိသားစုပါ သူ့ရည်မှန်းချက်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်သော အရာများသာ ဖြစ်ချေ၏။

အဓိကအချက်မှာ စုမိသားစုကို ရှုံးနိမ့်အောင် လုပ်ဆောင်ပေးပြီး ပထမအဆင့် ဝိညာဉ်သွေးကြောကို သိမ်းပိုက်ပေးနိုင်ပါက၊ လင်းမိသားစုက "နှစ်ဆ" ပေးမည်ဟု ကတိပြုထားခြင်းပင် ဖြစ်သည်။

ဤဆုကြေးငွေသာ ရရှိလျှင် "အခြေခံ တည်ဆောက်ခြင်း ဆေးလုံး" ဝယ်ယူရန် ငွေကြေး လုံလောက်သွားပေလိမ့်မည်။

အခြေခံ တည်ဆောက်ခြင်း...

ကောချူတုန်း အံကိုခဲလိုက်မိ၏။

မြေဆရာတစ်ဦးအနေဖြင့် အခြေခံ တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန်မှာ သာမန်လူများထက် (၁၀) ဆမက ပိုမိုခက်ခဲလှသည်။

ယခင်က (၂) ကြိမ်တိုင် ကြိုးစားဖူးသော်လည်း ကျရှုံးခဲ့ရလေ၏။

ဤတစ်ကြိမ် ထပ်မံရှုံးနိမ့်လျှင်မူ...

သူ၏သက်တမ်း မည်မျှ ကျန်ရှိတော့သည်ကို တွေးမိလိုက်တိုင်း ကောချူတုန်း နှုတ်ဆိတ်သွားမိလေသည်။

မြေဆရာ ပညာရပ်သည် သူ့ဘဝကို ကယ်တင်ပေးခဲ့သကဲ့သို့၊ သူ့ဘဝကို ပြန်လည်ဖျက်ဆီးနေသည်မှာလည်း ဤပညာရပ်ပင် ဖြစ်၏။

ငယ်စဉ်က ရှေးဟောင်း ကျောက်စိမ်းသေတ္တာတစ်လုံးထဲမှ မပြည့်မစုံ မြေဆရာ သိုင်းကျမ်းအုပ်တစ်အုပ် ရရှိခဲ့စဉ်ကမူ ဝမ်းသာအားရဖြင့် လေ့ကျင့်ခဲ့မိသည်။

ယခုအခါတွင်မူ... ဤပညာရပ်သည် သူ့လည်ပင်း၌ စွပ်ထားသော ကြိုးကွင်းတစ်ခုသဖွယ် ဖြစ်လာခဲ့ပြီ ဖြစ်၏။ အခြေခံ တည်ဆောက်ခြင်း လမ်းကြောင်းကို ပိတ်ဆို့ထားရုံမျှမက၊ သူ၏ သက်တမ်းများကိုပါ ဝါးမြိုစားသောက်နေပေတော့သည်။

တစ်နာရီ ကြာပြီးနောက်...

ကောချူတုန်း တွက်ဆထားသည့် အတိုင်း၊ ကြွက်သားရဲများ ငြိမ်သက်သွားလောက်ပြီ ဖြစ်သဖြင့်၊ အန္တရာယ် ကင်းလောက်ပြီ။

အခုအချိန် ဝင်တိုက်ရင်... စုမိသားစုကို အလွယ်တကူ အနိုင်ယူပြီး သိမ်းပိုက်နိုင်တော့မည်။

"သွားကြစို့"

ကောချူတုန်း ၏ ဦးဆောင်မှုဖြင့်၊ လင်းမိသားစု ကျင့်ကြံသူ (၁၀၀) ကျော်သည် ဆေးဥယျာဉ်ဆီသို့ ချီတက်သွားကြ၏။

ဆေးဉယျာဉ် အစွန်အဖျားသို့ ရောက်သောအခါ၊ ကောချူတုန်း ဂုဏ်ယူစွာ ပြောလိုက်၏။

"ဝိညာဉ် သွေးကြော ရှာဖွေပေးမယ် ဆိုပြီး ရောက်နေတုန်းက... ဆေးဉယျာဉ်ရဲ့ အကာအကွယ် အခင်းအကျင်း တွေကို ကျုပ် ကောင်းကောင်း လေ့လာထားပြီးပြီ... အဓိက နေရာတချို့ကိုလည်း ပြုပြင်ထားတယ်"

"ဒါကြောင့် ကျုပ်တို့ တန်းဝင်သွားလို့ ရတယ်"

ပြောပြီးသည်နှင့် သူက အလံတံ အချို့ကို ထုတ်ယူကာ၊ အခင်းအကျင်း အတွင်းသို့ ပစ်ထည့်လိုက်ပြီး ထိန်းချုပ်လိုက်၏။

ခဏကြာတော့...

"ရပြီ"

"ဝုန်း..."

သူ့စိတ်ဆန္ဒအတိုင်း အကာအကွယ် အခင်းအကျင်း ပွင့်သွားပြီး ဝင်ပေါက် တစ်ခု ပေါ်လာသည်။

သို့နှင့်၊ ကောချူတုန်း က သူ့တပည့်များနှင့် လင်းဟိုင်တို့ကို ဦးဆောင်ပြီး အရင် ဝင်သွားသည်။ လင်းခွေ က ကျန်ရှိသော လင်းမိသားစု ကျင့်ကြံသူ အုပ်စုကြီးကို ဦးဆောင်ပြီး နောက်ကလိုက်ရန် ပြင်နေစဉ်... ပွင့်နေသော ဝင်ပေါက်သည် ရုတ်တရက် ပြန်ပိတ်သွားလေသည်။

လင်းခွေ ကြောင်သွားသည်။

"ဘာဖြစ်တာလဲ...?"

"မိတ်ဆွေကော... မိတ်ဆွေကော..."

လင်းခွေ အော်ခေါ်သော်လည်း ပြန်ထူးသံ မကြားရပေ။

ထိုစဉ်မှာပင်... သူ့ရှေ့ရှိ အကာအကွယ် အခင်းအကျင်းမှ ပြင်းထန်သော အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။ လင်းခွေ မျက်နှာပျက်သွားသည်။

"ဒုက္ခပဲ..."

အခင်းအကျင်း အတွင်းဘက်တွင်...

ဝင်ရောက်သွားပြီးသော ကောချူတုန်း၊ လင်းဟိုင် နှင့် အခြားသူများသည်လည်း နောက်ကျောဘက်မှ ဝင်ပေါက် ပိတ်သွားသည်ကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားကြ၏။

ကောချူတုန်း သတိထားမိလိုက်သည်မှာ... သူ ထည့်သွင်းလိုက်သော အလံတံများ ပျက်စီးသွားပြီ ဖြစ်ကြောင်းပင်။

ဆေးဉယျာဉ် အခင်းအကျင်းကို သူ မထိန်းချုပ်နိုင်တော့ပေ။

ဒီအချက်ကို သိလိုက်ရတာနဲ့ ကောချူတုန်း ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"သွားပြီ..."

နောက်တစ်စက္ကန့်တွင်... တတိယ အကြီးအကဲ စုချန် ၏ အေးစက်ပြီး လူသတ်ချင်စိတ် ပြည့်နှက်နေသော အသံ ထွက်ပေါ်လာသည်။

"ကောချူတုန်း... စုမိသားစုက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပါ... မင်းကို ပေးထားတဲ့ ဆုကြေးငွေက 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' တစ်လုံးစာတောင် ရှိတယ်"

"ဒါကို မင်းက လင်းမိသားစုနဲ့ ပေါင်းပြီး... ငါတို့ ဆေးဉယျာဉ်ကို သိမ်းပိုက်ဖို့ ကြံစည်တယ်... သားရဲကောင်တွေနဲ့ ငါတို့ မိသားစုကို သတ်ဖို့ လုပ်တယ်ပေါ့"

"မင်း သတ္တိ တော်တော် ကောင်းတာပဲ"

ဒေါသတကြီး အော်ဟစ်ပြီးနောက်၊ စုချန် က လင်းဟိုင် ဘက်သို့ လှည့်ပြောလိုက်၏။

"လင်းဟိုင်... မင်းတို့ လင်းမိသားစုက ငါတို့ကို ခဏခဏ လာရန်စနေတာ... စုမိသားစုကို အနိုင်ကျင့်လို့ လွယ်မယ်များ ထင်နေလား"

"အခု ဒီထဲ ရောက်လာမှတော့... ပြန်ထွက်သွားဖို့ စိတ်မကူးနဲ့တော့"

"ဝုန်း..."

စကားဆုံးသည်နှင့် တစ်ပြိုင်နက်... ဆေးဉယျာဉ် အတွင်းရှိ အကာအကွယ် အခင်းအကျင်း အလွှာပေါင်းစုံကို စုချန် က တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်၏။ ဒါတွေက စုမိသားစု ငွေအမြောက်အမြား သုံးပြီး တပ်ဆင်ထားသော "ထိပ်တန်း ပထမအဆင့် အခင်းအကျင်း" တွေပင် ဖြစ်၏။

ကာကွယ်ရေး သက်သက်သာ မကပေ... "သတ်ဖြတ်ခြင်း အခင်းအကျင်း" နှင့် "ဖမ်းဆီးချုပ်နှောင်ခြင်း အခင်းအကျင်း" များပါ ပါဝင်ဖွဲ့စည်းထားလေသည်။

အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများကိုမူ အနိုင်ယူနိုင်ချင်မှ ယူနိုင်မည် ဖြစ်သော်လည်း... ချီစွမ်းအင် စုစည်းခြင်း အဆင့်လောက်ကိုမူ ကလေးကစားစရာသဖွယ် ကိုင်တွယ်နိုင်ပေသည်။

အခင်းအကျင်း၏ အရှိန်အဝါကို ခံစားလိုက်ရသောအခါ ကောချူတုန်း မျက်နှာပျက်သွားသည်။ သူ ချက်ချင်းပင် သူ့ကိုယ်ပိုင် အလံတံများကို ထုတ်ယူလိုက်၏။

သို့သော် အကာအကွယ် အခင်းအကျင်းကို မဖျက်ဆီးနိုင်သေးခင်မှာပင်... ပြင်းထန်သော လေပြင်းမုန်တိုင်းကြီး တစ်ခု ကောင်းကင်နှင့် မြေကြီးကြား ဖြတ်သန်း တိုက်ခိုက်လာသည်။

“ဝရော..ဝရော”

လေပြင်း၏ ထက်မြက်သော အရှိန်အဝါကြောင့်... ချီစွမ်းအင် ကိုးဆင့်မြောက် ရှိသော ကောချူတုန်း ပင်လျှင် ကျောချမ်းသွားသည်။ အရေးပေါ် အနေဖြင့် သူ့ကိုယ်ပိုင် ကာကွယ်ရေး အခင်းအကျင်းကိုသာ သုံးပြီး ကာကွယ်လိုက်ရ၏။

"ဝုန်း..."

လေပြင်း တိုက်ခိုက်မှုအောက်တွင်... ခံနိုင်ရည် မရှိသော တပည့်များနှင့် လင်းဟိုင် တို့သည် ချက်ချင်းပင် သွေးမြူမှုန်များ အဖြစ် ပြောင်းလဲသွားကြ၏။ အခင်းအကျင်းကြီး၏ လက်ချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားကြခြင်း ဖြစ်၏။

နာကျင်စွာ အော်ဟစ်သံများ ကောချူတုန်း၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။

အိမ်တော် အတွင်းတွင်...

ကောချူတုန်း က လေပြင်း တိုက်ခိုက်မှုကို ကိုယ်ပိုင် အခင်းအကျင်းဖြင့် ခုခံကာကွယ်ထားနိုင်သည်ကို မြင်သောအခါ၊ စုချန် ၏ မျက်လုံးများ လေးနက်သွားသည်။

‘ဒီလူက တကယ် မရိုးရှင်းဘူး’

နှစ်ဖက် တင်းမာနေစဉ်... ကောချူတုန်း ၏ အသံ ထွက်ပေါ်လာသည်။

"မိတ်ဆွေစု...ကျွန်တော်တို့ ဆွေးနွေးကြမလား"

"ခင်ဗျားရဲ့ အခင်းအကျင်းက ကျွန်တော့်ကို မဖမ်းနိုင်သေးဘူး... ပြီးတော့ ကျွန်တော်က ဝိညာဉ် သွေးကြော ထဲမှာ ထောင်ချောက်အသေးလေး တစ်ခု ဆင်ထားခဲ့တယ်"

"တကယ်လို့ ကျွန်တော့်ကို အသေအကြေ တိုက်မယ် ဆိုရင်... ဝိညာဉ် သွေးကြောကို ဖျက်ဆီးမပစ်နိုင်ရင်တောင်မှ... ပြင်းပြင်းထန်ထန် ထိခိုက်သွားအောင်တော့ ကျွန်တော် လုပ်နိုင်တယ်နော်"

ထိုစကား ကြားသောအခါ စုချန် မျက်နှာပျက်သွားသည်။

စောစောက လင်းမိသားစုဝင် အားလုံးကို အတွင်းသို့ ဝင်ခွင့်မပြုခဲ့ခြင်းမှာ သူတို့၌ အခြား လှည့်ကွက်များ ရှိနေမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

ထို့ပြင် ခေါင်းဆောင် လင်းခွေမှာလည်း "ချီစွမ်းအင် ကိုးဆင့်မြောက်" အဆင့်ရှိသူ ဖြစ်ပေသည်။

လူအင်အား များပြားစွာဖြင့် ပေါင်းစပ်တိုက်ခိုက်လာလျှင် မမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပေါ်လာနိုင်လေ၏။

ထို့ကြောင့် တစ်သုတ်ကိုသာ ဦးစွာ ဝင်ရောက်စေခဲ့ခြင်း ဖြစ်သည်။

သို့သော် ကောချူတုန်း တစ်ဦးတည်းကို ကိုင်တွယ်ရသည်မှာ ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

ထိုအချိန်တွင်... ဘေးနားမှ စုယွီ က တိုးတိုးလေး ဝင်ပြောလိုက်၏။

"အဘိုး (၃)... မိသားစု ခေါင်းဆောင် မရောက်လာခင်... သူ့ကို ဒီအတိုင်းလေး ပိတ်လှောင်ထားလိုက်ရင် မကောင်းဘူးလား"

"ဖမ်းမိထားပြီ ဆိုမှတော့... သူက သားသတ်ရုံ ရောက်နေတဲ့ သိုးတစ်ကောင် ဖြစ်သွားပြီလေ... အရှင်ထားမလား၊ အသေသတ်မလား ဆိုတာ ကျွန်တော်တို့ စုမိသားစု သဘောပါပဲ"

ထိုစကား ကြားသောအခါ စုချန် ၏ မျက်လုံးများ အရောင် တောက်သွားသည်။

မြေဆရာ တစ်ယောက်ကို အရှင်ဖမ်းမိတယ် ဆိုတာ... စုမိသားစု အတွက် အကျိုးရှိလွန်းသည့် ကိစ္စပင် ဖြစ်လေ၏။

All Chapters