ထွက်ခွာခြင်း
Vol. 2 Ch. 21
~စုယွီ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ အဘိုး (၅) စုပင်း နှင့် အတန်ကြာ ငြင်းခုံပြီးနောက်၊ အဘိုးကြီးက "တစ်လုံး (၁၀) တုံး၊ တစ်ပြားမှ မလျှော့နိုင်ဘူး" ဟုသာ တင်းခံနေတော့သည်။
မတတ်သာသည့် အဆုံး... စုယွီ သည် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို ပေးချေလိုက်ပြီး၊ အောက်ဆုံးတွင် မြှုပ်နေသော ကျောက်စိမ်းသေတ္တာ တစ်လုံးကို ရွေးချယ်လိုက်၏။
မျက်လုံးမှိတ်ပြီး သေချာ အာရုံခံကြည့်လိုက်သည်... ပြီးမှ ယူဆောင်သွားလိုက်၏။
စုယွီ ထွက်ခွာသွားပြီးနောက်... စုပင်း သည် လက်ထဲမှ ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်မိ၏။
"လောကကြီးမှာ အရာအားလုံးက ကံတရားနဲ့ သက်ဆိုင်တယ်... ကံကောင်းတဲ့သူ ရှိသလို၊ ကံဆိုးတဲ့သူလည်း ရှိတာ ငြင်းလို့မရဘူး"
"ရှေးဟောင်း ကျောက်စိမ်းသေတ္တာ ဆိုတာက... လူတစ်ယောက်ရဲ့ ကံတရားကို စမ်းသပ်တဲ့ နည်းလမ်း တစ်ခုပါပဲ... ဒါပေမဲ့ ဒီအရောင်းအဝယ်မှာတော့ ငါ အရှုံးမခံနိုင်ဘူး... အရင်းအနှီးက မနည်းဘူးလေ"
(၁၀) တုံးဆိုသည်မှာ နေရာအနှံ့ လိုက်လံစုဆောင်းရသည့် စရိတ်နှင့်ဆိုလျှင် ကာမိရုံမျှသာ ရှိပေသည်။
မိသားစုဝင်အချင်းချင်း ပြန်လည်ရောင်းချခြင်းမှာ အမြတ်လိုချင်သောကြောင့် မဟုတ်ပါချေ။
စုပင်းသည် ကံတရားနှင့် ကံကြမ္မာကို ယုံကြည်သူ ဖြစ်လေသည်။
ကျောက်စိမ်းသေတ္တာများမှတစ်ဆင့် လူတစ်ဦး၏ ကံကို ခန့်မှန်းနိုင်ပေ၏။ စုချင်းယီတုန်းကကဲ့သို့ပင် ဖြစ်သည်။
ယခု စုယွီလည်း ဝယ်ယူသွားပြီ ဖြစ်၏။ သူသည် ဤလူငယ်လေးအပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိနေမိသည်။
‘သူ ဘာရမလဲ ဆိုတာ နောက်ရက်နည်းနည်း ကြာရင် သိရတော့မှာပါ... ရင်ခုန်စရာပဲ’
စုပင်း မျှော်လင့်နေမိသည်။
စုယွီ ဝယ်သွားတာကို တွေးမိရင်း... စုပင်း ၏ အကြည့်က ကျန်နေသေးသော ကျောက်စိမ်းသေတ္တာ ပုံကြီးဆီသို့ ရောက်သွားပြီး၊ ရုတ်တရက် စိတ်လှုပ်ရှားလာသည်။
"ငါလည်း တစ်လုံးလောက် ဖွင့်ကြည့်ရင် ကောင်းမလား"
သူ့ရင်ထဲက "လောင်းကစား ဝိညာဉ်" နိုးထလာပြန်တော့၏။
***
ခြံဝန်းထဲသို့ ပြန်ရောက်သောအခါ...
စုယွီ သည် လက်ထဲမှ ကျောက်စိမ်းသေတ္တာ အတွင်းသို့ ဝိဉာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ရာ၊ ကျန်ရှိနေသေးသော ရှေးဟောင်း တားမြစ်ပိတ်ပင်မှုများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
သေတ္တာကို ဖွင့်လိုက်သောအခါ... သူ မျက်မှောင်ကြုတ်လိုက်မိသည်။
အတွင်းထဲတွင်... အနက်ရောင် ပြားချပ်ချပ် ပဲစေ့လို အရာလေး တစ်ခုသာ ရှိနေ၏။
ကောက်ယူပြီး ကြည့်လိုက်၏။
"မျိုးစေ့...?"
ခုနက သူ ရွေးချယ်လိုက်ရခြင်း အကြောင်းရင်းမှာ... ဒီသေတ္တာထဲမှ "သစ်သားဓာတ်" အသက်စွမ်းအား ဖျော့ဖျော့လေး တစ်ခုကို အာရုံခံမိလိုက်၍ပါပဲ။
"နှစ်ပတ်လည် ကွင်း ကျင့်စဉ်" ပထမအဆင့် စတုတ္ထအပတ် ရောက်နေပြီ ဖြစ်သလို၊ "ဝိညာဉ် စုစည်းခြင်း နည်းစနစ်" ကိုလည်း ပြီးပြည့်စုံအောင် တတ်မြောက်ထားပြီ ဖြစ်၍... အပင်တွေ၏ အသက်စွမ်းအားကို အာရုံခံနိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်၏။
ကျောက်စိမ်းသေတ္တာက ကာကွယ်ထားသော်လည်း... သူ အနည်းငယ် အာရုံခံမိခဲ့သည်။
အခု လက်ထဲက အနက်ရောင် ပဲစေ့လို မျိုးစေ့လေးကို ကိုင်ကြည့်လိုက်တော့... စုယွီ အံ့သြသွားသည်။ ဒီမျိုးစေ့ထဲက ထွက်ပေါ်နေတဲ့ အသက်စွမ်းအားက သာမန် မဟုတ်ပါချေ။
ဒီမျိုးစေ့က... သေချာပေါက် ရိုးရှင်းသော အရာ မဟုတ်ပေ။
သို့သော်လည်း၊... နှစ်ကာလတွေ အရမ်း ကြာမြင့်သွားလို့ ထင်သည်...။
မျိုးစေ့ထဲက အသက်စွမ်းအားက အရမ်းကို အားနည်းနေ၏။ ပြင်ပ အကူအညီ မပါဘဲနှင့်တော့ အပင်ပေါက်လာဖို့ လမ်းမမြင်ပေ။
"ဒါ ဘာမျိုးစေ့လဲ မသိဘူး"
စုယွီ ခဏ တွန့်ဆုတ်နေပြီးမှ... "နှစ်ပတ်လည် ကွင်း ကျင့်စဉ်" မှ ရရှိသော သစ်သားဓာတ် ဝိဉာဉ်စွမ်းအင်များကို မျိုးစေ့ထဲသို့ စမ်းသပ် ထည့်သွင်းလိုက်၏။
သူ့ဝိဉာဉ်စွမ်းအင် (၆၀%) လောက် ကုန်သွားမှ စုယွီ ရပ်လိုက်၏။
"အသက်စွမ်းအား နည်းနည်း ပိုသန်မာလာသလိုပဲ"
အသက်စွမ်းအား အနည်းငယ် တိုးလာတာကို အာရုံခံမိလိုက်တော့မှ စုယွီ သက်ပြင်းချနိုင်တော့သည်။
ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးဝယ်ထားရသည်လေ။
ပျက်စီးသွားလျှင် နှမြောလွန်း၍ အကြာကြီး ခံစားနေရမည်။
မျိုးစေ့ကို သေတ္တာထဲ ပြန်ထည့်၊ "ချန်ခွန်း အိတ်" ထဲ သိမ်းလိုက်ပြီး... နောက်မှ ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်လိုက်၏။ ထို့နောက် တင်ပျဉ်ခွေ ထိုင်ပြီး ဝိဉာဉ်စွမ်းအင် ပြန်လည် ဖြည့်တင်းလိုက်၏။
အားပြည့်သွားတော့မှ... "သစ်သားနွယ်ပင် တစ်သောင်း နည်းစနစ်" နှင့် "ဝိညာဉ်စား နည်းစနစ်" တို့ကို စတင် လေ့ကျင့်လေတော့သည်။
"သစ်သားနွယ်ပင် တစ်သောင်း နည်းစနစ်" က သစ်ပင်နွယ်ပင် ပေါင်းများစွာကို ချက်ချင်း ဖန်တီးပြီး ရန်သူကို ဖမ်းချုပ်နိုင်စွမ်း ရှိသည်။
"ဝိညာဉ်စား နည်းစနစ်" သည် အနည်းငယ် ယုတ်မာသော နည်းစနစ်မျိုး ဖြစ်၏။ ရန်သူ၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ပေသည်။
ရန်သူ့စွမ်းအင်များ ကုန်ခမ်းသွားပါက အသက်စွမ်းအားကိုပါ ဆက်လက် စုပ်ယူနိုင်လေသည်။
ရန်သူ အသက်ထွက်သွားသည်အထိ စုပ်ယူပစ်နိုင်၏။
ဤနည်းစနစ်သည် လေ့ကျင့်ရန် ခက်ခဲသော်လည်း စွမ်းအားမှာမူ ကြောက်မက်ဖွယ် ကောင်းလှသည်။ အဆင့်မြင့် ကျင့်ကြံသူများကြား၌ပင် "ဝိညာဉ်စား နည်းစနစ်" ဆိုသည်မှာ အကြောက်ရဆုံး သစ်သားဓာတ် နည်းစနစ်များအနက် တစ်ခုဖြစ်ပေသည်။
(၁၀) ရက် ကြာပြီးနောက်တွင် စုယွီသည် "သစ်သားနွယ်ပင် တစ်သောင်း နည်းစနစ်" အခြေခံကို ပိုင်နိုင်သွားပြီ ဖြစ်၏။
တစ်လ ကြာပြီးနောက်၌မူ၊ သူက၊ "ဝိညာဉ်စား နည်းစနစ်" အခြေခံကိုလည်း ပိုင်နိုင်သွားလေပြီ။
နည်းစနစ်နှစ်ပုဒ်လုံး တတ်မြောက်သွားပြီးနောက်... စုယွီ သည် ဆရာ စုချန်ယွီ နှင့် စီနီယာ အစ်ကို (၃) ယောက်ကို ဖိတ်ခေါ်ပြီး ညစာ စားပွဲ လုပ်ပေးလိုက်၏။ ဆရာ့ အတွက် ဝိညာဉ်ကျောက်တုံး (၁၀) တုံး လက်ဆောင် ထားခဲ့သည်။
နောက်တစ်နေ့...
စုကျင်းပန်း ဦးဆောင်သော ယွင်ရှန်း ဈေးမြို့တော် သွားမည့် ကုန်သည် အဖွဲ့နှင့် အတူ စုယွီ လိုက်ပါသွားခဲ့သည်။
စုယွီ ချန်တောင်တန်းမှ ထွက်ခွာသွားပြီး မကြာမီမှာပင်... လင်းမိသားစုထံ သတင်းရောက်သွားလေ၏။
"'သားရဲမျှားဆေးမှုန့်' ဆေးနည်း ပေးလိုက်တဲ့ ကောင်လေး... ယွင်ရှန်း ဈေးမြို့တော်ကို သွားပြီး ဆေးလုံး ဖော်စပ် အလုပ်သင် သွားလုပ်တော့မယ် ဟုတ်လား"
"ငါး... မင်း သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ထား... စုမိသားစု ဆေးဉယျာဉ်ထဲမှာတော့ လှုပ်ရှားလို့ မရဘူး... ဒါပေမဲ့ အပြင်ထွက်လာရင်တော့ တစ်ယောက်တည်း ဖြစ်တဲ့ အချိန် ရှိလာမှာပဲ"
"သူ့ကို သတ်ပြီး... ဆေးနည်းကို ပြန်ယူခဲ့"
လင်းမိသားစု ပထမ အကြီးအကဲ လင်းခွေ အံကိုခဲပြီး အမိန့်ပေးလိုက်၏။
ထိုသို့ဖြင့်၊ လင်းမိသားစုဝင် တစ်ယောက်သည် စုကျင်းပန်း တို့အဖွဲ့နောက်သို့ နောက်ယောင်ခံ လိုက်ပါသွားလေသည်။
စုမိသားစုသည် ပထမအဆင့် ဝိညာဉ်သွေးကြောကို ရရှိထားသော်လည်း ယခုထက်တိုင် မိသားစုအင်အားအဖြစ်သို့ မပြောင်းလဲနိုင်သေးပေ။ လင်းမိသားစု၏ အင်အားမှာ စုမိသားစုနှင့် နှိုင်းယှဉ်လျှင် တန်းတူခန့် ရှိနေဆဲပင် ဖြစ်သည်။
လက်ရှိအခြေအနေကို အမြန်မပြောင်းလဲနိုင်ပါက အချိန်ကြာလာသည်နှင့်အမျှ လင်းမိသားစုအတွက် ပိုမိုအန္တရာယ် များလာပေလိမ့်မည်။
နောင်တစ်ချိန်တွင် စုမိသားစု အင်အားကောင်းမွန်လာပါက လင်းမိသားစုသည် မျိုးပါပြုတ်သွားနိုင်၏။ သို့မဟုတ်ပါက မြစ်ရေစီးမြို့တော်မှ ဝေးကွာသော အရပ်သို့ ထွက်ပြေးရပေလိမ့်မည်။
လင်းမိသားစုအတွက် အချိန် သိပ်မကျန်တော့ချေ။
ယွင်ရှန်း ဈေးမြို့တော်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ကြ၏။
ဤနေရာသည် သိပ်မပြောင်းလဲသေးပေ။ လမ်းခရီးတွင် ဓားပြများနှင့် မတွေ့ဆုံခဲ့ရချေ။
ယွင်ကျန်းဂိုဏ်းနယ်မြေအတွင်း၌ လုံခြုံရေး အတော်ပင် ကောင်းမွန်လှ၏။ စွမ်းအားကြီးမားသော ဓားပြများ ပေါ်လာလျှင် ဂိုဏ်းမှ ချက်ချင်း လိုက်လံနှိမ်နင်းလေ့ ရှိသည်။
အင်အားနည်းပါးသော ဓားပြများ ဆိုလျှင်မူ...
စုယွီတို့ကဲ့သို့ ကျင့်ကြံသူ (၁၁) ဦးပါဝင်သည့် အဖွဲ့ကြီးကို မြင်လိုက်သည်နှင့် ပေါ်ပင် မလာရဲကြချေ။
ဈေးမြို့တော်ထဲ ဝင်ရောက်ပြီး၊ လူစည်ကားသော လမ်းမများ အတိုင်း လျှောက်လှမ်းကာ... စုမိသားစု၏ ဆေးလုံးမျှော်စင်သို့ ရောက်ရှိလာကြ၏။
ဒုတိယ အကြီးအကဲ စုယွင် သည် ပုံမှန် အတိုင်းပင် တည်ငြိမ်နေ၏။
ဆံပင်ဖြူဖြူ၊ နဖူးပေါ်က အရေးအကြောင်း အနည်းငယ်နဲ့... အေးစက်စက် အရှိန်အဝါ တစ်ခု ထုတ်လွှတ်နေ၏။
စုကျင်းပန်းထံမှ ပစ္စည်းများကို လက်ခံပြီးနောက် ဤတစ်ကြိမ်တွင်မူ စုယွင်သည် စုယွီအား လှည့်ကြည့်လိုက်လေ၏။ သူသည် မြစ်ရေစီးမြို့တော်သို့ ပြန်မလာခဲ့သော်လည်း၊ မိသားစုအတွင်းရှိ အပြောင်းအလဲများကိုမူ သိရှိထားပြီး ဖြစ်ပေသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က သူ့လက်ဝယ်သို့ ရောက်ရှိလာသည့် "သားရဲမျှားဆေးမှုန့်" ဆေးနည်းအကြောင်းကို စုယွင် ကောင်းစွာ သိရှိထား၏။
ထို့ပြင် ယွင်ကျန်းဂိုဏ်းနှင့် အခြားအင်အားစုများထံသို့လည်း အောင်မြင်စွာ ရောင်းချနိုင်ခဲ့လေသည်။
ဤဆေးနည်းတစ်ခုတည်းဖြင့်ပင် စုမိသားစုအတွက် တစ်နှစ်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀၀) ကျော် အမြတ်ငွေ ရှာဖွေပေးနိုင်လျက် ရှိချေ၏။
စုယွင် က စုယွီ ကို ကြည့်ပြီး၊ မျက်မှောင် အနည်းငယ် ကြုတ်ကာ မေးလိုက်၏။
"မင်း 'အစိမ်းရောင် သစ်သား ကျင့်စဉ်' ကို လေ့ကျင့်နေတာ မဟုတ်ဘူးလား"
စုယွီ က လေးစားစွာ ပြန်ဖြေလိုက်၏။
"အရင်ကတော့ ဟုတ်ပါတယ်... အခု တခြား သစ်သားဓာတ် ကျင့်စဉ် တစ်ခုကို ပြောင်းလဲ လေ့ကျင့်လိုက်ပါပြီခင်ဗျ"
ထိုစကား ကြားသောအခါ စုယွင် အံ့သြသွားသည်။
သစ်သားဓာတ် ချီစွမ်းအင် ကျင့်စဉ်တွေထဲမှာ... "အစိမ်းရောင် သစ်သား ကျင့်စဉ်" ဆိုတာ မဆိုးပါ။
ကိုးဆင့်မြောက် အထိ လေ့ကျင့်၍ ရသလို၊ အဆင့်မြင့် ကျင့်စဉ် တစ်ခုဟု သတ်မှတ်၍ ရ၏။
စုယွီ ဒါကို သိရက်နှင့် တခြား ကျင့်စဉ် ပြောင်းလိုက်သည် ဆိုတော့... သူ ပြောင်းလိုက်သော ကျင့်စဉ်က "အစိမ်းရောင် သစ်သား ကျင့်စဉ်" ထက် ပိုကောင်းနေ၍သာ ဖြစ်ရမည်။
စုယွင် ဘာမှ ဆက်မမေးတော့ဘဲ ခေါင်းညိတ်လိုက်၏။
"သစ်သားဓာတ် ကျင့်စဉ် ဖြစ်နေသရွေ့ အဆင်ပြေပါတယ်... မင်း အရင် သွားနားလိုက်ဦး... မနက်ဖြန်က စပြီး ငါ့ဆီမှာ ဆေးလုံး ဖော်စပ် ပညာ စသင်တော့"
စုယွီ ချက်ချင်းပင် ခါးကိုင်း ဦးညွှတ်လိုက်၏။
"ဟုတ်ကဲ့ပါ ဆရာ"
စုယွီ ထွက်သွားပြီးနောက်... စုကျင်းပန်း က စုယွင် ကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်၏။
"တပည့်ကောင်း တစ်ယောက် ရသွားတဲ့ ဒုတိယ အကြီးအကဲကို ဂုဏ်ပြုပါတယ်ဗျာ"
စုယွင် မျက်မှောင်ကြုတ်လိုက်၏။
"သူ ဘယ်လောက် အထိ ခရီးရောက်မလဲ ဆိုတာတော့ ကျုပ် မသိဘူး... ဒါပေမဲ့ ကျုပ် အကောင်းဆုံး သင်ပေးမှာပါ... ကျုပ် အမြင် ပြောရရင်... မိသားစု ခေါင်းဆောင် အနေနဲ့ ဒီကလေးကို အနားမှာ ခေါ်ထားသင့်တယ်... အောင်မြင်တဲ့ ဆက်ခံသူ တစ်ယောက် ဖြစ်လာဖို့ ဆိုရင်... ဆေးလုံး ဖော်စပ် ပညာရှင် တစ်ယောက် ဖြစ်ရုံနဲ့ မလုံလောက်ဘူး"
ထိုအခါ၊ စုကျင်းပန်း ခေါင်းခါလိုက်၏။
"ဆက်ခံသူ ဆိုတာ ဆေးလုံး ဖော်စပ် ပညာရှင် ဖြစ်လို့ ရပါတယ်... ဒါပေမဲ့ ဆေးလုံး ဖော်စပ် ပညာရှင် သက်သက်ပဲ ဖြစ်နေလို့တော့ မရဘူး"
"သူ့အသက်က (၂၀) ပဲ ရှိသေးတာ... လမ်းခရီးက ရှည်လျားပါသေးတယ်... ဆေးပညာရှင်၊ ဆေးလုံး ဖော်စပ် ပညာရှင် အဖြစ် အတွေ့အကြုံ ယူပြီးရင်... စတုတ္ထ အကြီးအကဲနဲ့ အတူ ခရီးထွက်ပြီး လောကအကြောင်း လေ့လာခိုင်းလို့ ရပါသေးတယ်"
"ဒုတိယ အကြီးအကဲ... လူငယ်တွေကို ကြီးပြင်းဖို့ အချိန်ပေးရတယ်ဗျ"
ခဏမျှ တိတ်ဆိတ် စဉ်းစားပြီးနောက်... စုယွင် ခေါင်းညိတ်လိုက်၏။
"ခင်ဗျား ပြောတာ မှန်ပါတယ်"
သို့သော်... သူ့တပည့်လေး၏ ဆေးလုံး ဖော်စပ် ပညာ ကျွမ်းကျင်မှုက နောင်တစ်ချိန်မှာ ဘယ်လောက် အထိ အံ့မခန်း တိုးတက်လာမလဲ ဆိုတာကိုတော့ စုယွင် တစ်ယောက် မသိရှာပါ။
ကျင့်ကြံခြင်းနှင့် ယှဉ်လိုက်လျှင်... ဒီလို ဘေးပန်း ပညာရပ်တွေ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရသည်က စုယွီ အတွက် ပိုလွယ်ကူသည်လေ။