← Chapters

အခန်း (၂၄) - ကိုယ်ခန္ဓာ ကျင့်စဉ် ဆဋ္ဌမအဆင့်

Vol. 2 Ch. 24

အခန်း (၂၄) - ကိုယ်ခန္ဓာ ကျင့်စဉ် ဆဋ္ဌမအဆင့်

Vol. 2 Ch. 24

~"ကျွီ..."

သိမ်းငှက်ကြီးသည် ပြင်းထန်သော နာကျင်မှုကြောင့် အသဲအသန် ရုန်းကန်နေရ၏။ သူ၏ ဒေါသတကြီး အော်ဟစ်သံသည် သစ်တောနက် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

သို့သော် စုဇီ၊ စုယွီ နှင့် အခြားသူများသည် တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း နောက်ဆုတ်သွားကြပြီ ဖြစ်၏။ သိမ်းငှက်ကြီးသည် "ရေခဲ အဆောင်" ၏ အာနိသင်ကြောင့် အေးခဲနေပြီး၊ တုံ့ပြန်မှု နှေးကွေးနေဆဲ ဖြစ်၏။

ထို့အပြင်... စုဇီ၏ အလယ်အလတ် အဆင့် ဓားပျံသည် အလွန် ထက်မြက်လှသည်။ "တိမ်ခွဲ မြှား" ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာမှ တဆင့် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ သိမ်းငှက်က အတောင်ပံနှင့် ဖိနှိပ် ဟန့်တားနိုင်ခဲ့လျှင်တောင်မှ... ဒီဓားချက်က ၎င်းကို အကြီးအကျယ် ဒဏ်ရာရစေခဲ့၏။

ဒါ့အပြင်... စုယွီ အပါအဝင် ကျန် (၄) ယောက်၏ မှော်လက်နက် တိုက်ခိုက်မှုများကလည်း ဒဏ်ရာကို ပိုမို နက်ရှိုင်းသွားစေသည်။

သိမ်းငှက်ကြီး အသည်းအသန် ရုန်းကန်နေချိန်မှာပင်... ၎င်း ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည့် စိတ်ညှို့ဆေးရည် တွေကလည်း အရှိန်အဟုန်ပြင်းပြင်း ပျံ့နှံ့နေလေသည်။

အသက်ရှူချိန် (၁၀၀) လောက်တောင် ကောင်းကောင်း မတောင့်ခံနိုင်လိုက်ပေ။

စုဇီ တို့က ထွက်ပြေးမရအောင် ဝိုင်းပိတ်ထားသည့်အတွက်... နောက်ဆုံးမှာတော့ ဧရာမ သိမ်းငှက်ကြီး၏ ခန္ဓာကိုယ်ဟာ မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။

စုဇီ က ဓားပျံကို သုံးပြီး သိမ်းငှက် ခေါင်းကို ဖြတ်လိုက်မှသာ စိတ်သက်သာရာ ရသွားတော့သည်။

လီရှီနန် နှင့် ချန်စီစီ တို့လည်း အံ့သြနေကြ၏။ သိမ်းငှက် သေသွားတာ သေချာမှ မှော်လက်နက်တွေကို ပြန်ရုပ်သိမ်းလိုက်ကြ၏။

ဒီအဖြစ်အပျက်ကြီး တစ်ခုလုံးက... တကယ့်ကို အိပ်မက်ဆန်နေပြီး၊ တစ်ခုခု လိုနေသလိုလို ခံစားနေရ၏။

တကယ်ကြီး ဒီလောက် လွယ်လွယ်ကူကူနဲ့ သတ်လိုက်နိုင်တာလား။

ဒီအတွေး ဝင်လာသည့်အခါ၊ လီရှီနန် နှင့် ချန်စီစီ တို့၏ အကြည့်က စုယွီ ဆီကို ရောက်သွားကြ၏။ ထို့နောက်၊ သူတို့ ခေါင်းခါလိုက်ကြ၏။

သိမ်းငှက်က အလကား သေသွားတာ မဟုတ်ပေ။

စုယွီက တကယ်ပဲ အစွမ်းထက်ခြင်းပင်။

သို့သော် "ထိပ်တန်းအဆင့်အဆောင်" များ တရစပ် သုံးစွဲခြင်း၊ "ချီစွမ်းအင် သတ္တမအဆင့်" ရှိသူ စုဇီ ပါဝင်နေခြင်းနှင့် အံ့မခန်း ထိရောက်လှသည့် "စိတ်ညှို့ဆေးရည်" တို့ကြောင့် ဤမျှ ပြင်ဆင်ထားပါလျက်နှင့် မသေဆုံးလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

တိတိကျကျ ပြောရလျှင် သိမ်းငှက်ကို သူတို့ သတ်ဖြတ်လိုက်ခြင်း မဟုတ်ပေ။ "ငွေကြေး" က သတ်ဖြတ်လိုက်ခြင်းသာ ဖြစ်သည်။

ထိပ်တန်းအဆင့်အဆောင် (၄) ခု ဆိုသည်မှာ ဝိညာဉ်ကျောက်တုံး (၂၀၀) နီးပါး တန်ဖိုးရှိပေသည်။ ထို့အပြင် ဈေးကြီးပေးဝယ်ယူထားရသော ဆေးရည်များပါ ပေါင်းစပ်လိုက်လျှင် သည် (နှောင်းပိုင်း) အဆင့် သိမ်းငှက်တစ်ကောင်လုံး၏ တန်ဖိုးခန့် ကုန်ကျသွားခဲ့လေသည်။

(၁၀) မီတာကျော် ကျယ်ဝန်းသည့် အတောင်ပံကြီးများကို ဖြန့်ကားလျက် လဲကျသေဆုံးနေသော သိမ်းငှက်ကြီး၏ အလောင်းမှာ ရှုချင်စဖွယ် မြင်ကွင်းတစ်ခုတော့ မဟုတ်ချေ။ တစ်ကိုယ်လုံးကို အနက်ရောင်အမွှေးများ ဖုံးအုပ်ထားပြီး သံမဏိမည်းများအလား အေးစက်စက် တောက်ပနေသည်။ လက်သည်းများ၊ နှုတ်သီးများနှင့် အမွှေးအမျှင်များ... အားလုံးသည် ပစ္စည်းကောင်းများချည်း ဖြစ်သည်။

သို့သော် စုယွီ စိတ်ဝင်စားသည်မှာ "ပထမအဆင့် သားရဲ သွေးအဆီအနှစ်" များသာ ဖြစ်သည်။ သိမ်းငှက်ထံမှ သွေးအဆီအနှစ် (၆၃) စက် ရရှိလိုက်ရာ တန်ဖိုးအားဖြင့် ဝိညာဉ်ကျောက်တုံး (၁၆၀)၊ (၁၇၀) ခန့် ရှိပေသည်။

မူလက စုယွီသည် ဝိညာဉ်ကျောက်တုံးဖြင့် ဝယ်ယူရန် စဉ်းစားထားခဲ့သော်လည်း လီရှီနန်၊ ချန်စီစီနှင့် စုချင်းယီတို့က ငြင်းဆန်ကြပြီး စုယွီကိုပင် ထိုသွေးအဆီအနှစ်များ ယူစေလိုက်သည်။ သူတို့အားလုံးအနက် စုဇီပြီးလျှင် စုယွီသည် အဓိကအကျဆုံး ကူညီပေးခဲ့သူ မဟုတ်ပါလော။

သူတို့ ပြောတာ ကြားတော့ စုယွီ အသာ ရယ်လိုက်၏။

"ဒါဆိုရင်တော့ ကျွန်တော် မငြင်းတော့ဘူးဗျာ"

ကျန်တဲ့ ပစ္စည်းတွေကိုတော့ စုချင်းယီ ကို စီမံခိုင်းလိုက်ပြီး၊ နောက်မှ လီရှီနန် တို့နဲ့ ပြန်ခွဲဖို့ တာဝန်ပေးလိုက်၏။

သိမ်းငှက် ခေါင်းကို သိမ်းဆည်းပြီးနောက်... စုဇီ ပျော်ရွှင်စွာ ပြောလိုက်၏။

"နင်တို့ အားလုံးကို ငါ အကြွေးတင်သွားပြီ"

ပြီးတော့ စုယွီ ဘက်ကို လှည့်ပြီး ပြောသည်။

"ယွီလေး... 'တိမ်ခွဲ မြှား အဆောင်' (၂) ခုကို ငါ့စာရင်းထဲ ထည့်လိုက်နော်... နင် ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ"

သိမ်းငှက် အမဲလိုက်ပွဲက ထင်ထားတာထက် ပိုပြီး လွယ်ကူ ချောမွေ့သွားခဲ့သည်။

သို့ရာတွင်၊... ယခုလို အမဲလိုက် နည်းလမ်းမျိုးက အမြဲတမ်း သုံးဖို့ မသင့်တော်ပါ။ စရိတ်စက ကြီးလွန်း၍ ဖြစ်သည်လေ။ တာဝန် ကြောင့်သာ မဟုတ်လျှင် တွက်ခြေကိုက်မှာ မဟုတ်ပေ။

အားလုံး ပျော်ပျော်ရွှင်ရွှင်နှင့် တောင်ပေါ်က ဆင်းလာကြပြီး ယွင်ကျန်းဂိုဏ်းဆီ ပြန်သွားကြ၏။

ခဏကြာတော့...

သူတို့ အမဲလိုက်ခဲ့သော နေရာမှာ အရိပ်မည်း တစ်ခု ပေါ်လာ၏။ သူ့မျက်နှာထားက ခန့်မှန်းရ ခက်နေ၏။

"'ချီစွမ်းအင် အဋ္ဌမအဆင့်' နဲ့ ညီမျှတဲ့ သိမ်းငှက်ကို... ဒီကလေးတွေက နာရီဝက်တောင် မကြာဘဲ သတ်သွားကြတယ် ဟုတ်လား"

"ပြီးတော့ သူတို့မှာ ဒဏ်ရာရတဲ့ လက္ခဏာလည်း မတွေ့ရဘူး... အားကုန်သွားတဲ့ ပုံလည်း မပေါ်ဘူး"

မူလက စုဇီတို့အဖွဲ့ သိမ်းငှက်ကို သတ်ဖြတ်ရန် ပြင်ဆင်နေကြောင်း သိရှိလိုက်ရသောအခါ သူ ဝမ်းသာသွားခဲ့မိသည်။ သိမ်းငှက်ရော စုဇီတို့အဖွဲ့ပါ နှစ်ဖက်စလုံး အထိနာမည့်အချိန်ကို စောင့်ဆိုင်းကာ ကြားမှ အမြတ်ထုတ်ရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။

(နှောင်းပိုင်း) အဆင့် သားရဲကြီးကို အလွယ်တကူ ရယူနိုင်မည့် အခွင့်အရေးကောင်း တစ်ရပ်ပင်။

သို့သော် စုဇီတို့အဖွဲ့ ဤမျှ စွမ်းအားကြီးမားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ နာရီဝက်အတွင်းမှာပင် မသေးလှသည့် သိမ်းငှက်ကြီးကို ဖြိုချလိုက်နိုင်ခဲ့သည်။ သူတို့၌ ဒဏ်ရာတစ်စုံတစ်ရာပင် မရရှိခဲ့ကြချေ။

ဤသည်ကို မြင်တွေ့လိုက်ရသောအခါ သူ ကြောက်လန့်သွားမိတော့သည်။ မည်သို့လုပ်၍ သူတို့ကို ရင်ဆိုင်ရဲပါတော့မည်နည်း။

"တောက်..."

စိတ်ထဲက ကျိန်ဆဲလိုက်ပြီး၊ စုဇီ တို့ ထွက်ခွာသွားသော ဘက်ကို မကျေမနပ် ကြည့်ကာ တီးတိုး ရေရွတ်လိုက်၏။

"နောက်ထပ် အခွင့်အရေး စောင့်ရမှာပေါ့"

စုဇီ က တော်တော် စွမ်းအားကြီးနေပြီ... သူ့ကိုတော့ လက်လျှော့လိုက်တာ ကောင်းမည်။

သို့သော်၊... စုယွီ က 'ချီစွမ်းအင် စတုတ္ထအဆင့်' ပဲ ရှိသေသည်... အခွင့်အရေး တစ်ခုလောက် ရသည်နှင့် မိမိက သူ့ကို ဖမ်းနိုင်မှာ သေချာသည်။

"ဟွန်း..."

—-----

စုဇီ တာဝန် အပ်ပြီး အတွင်းစည်း တပည့် ဖြစ်သွားတာက စုယွီ နှင့် သိပ်မဆိုင်တော့ပါ။

ဈေးမြို့တော်က ဆေးလုံးမျှော်စင်ကို ပြန်ရောက်တော့... သိမ်းငှက် အမဲလိုက်ခဲ့သည့် ဖြစ်စဉ်ကို ပြန်တွေးရင်း စုယွီ စိတ်ထဲမှာ တစ်ခါမှ မကြုံဖူးသော ပေါ့ပါးမှုနှင့် ကြည်လင်မှုကို ခံစားလိုက်ရ၏။

ကျေနပ်စရာ ကောင်းလိုက်တာ။

အဆောင်လက်ဖွဲ့တွေ တရစပ် ပစ်မယ်... စိတ်ညှို့ဆေးရည် တိုက်မယ်...

ပြီးတော့ မှော်လက်နက်တွေနဲ့ ဝိုင်းတိုက်မယ်...

သိမ်းငှက် သနားစရာ ကောင်းလောက်အောင် အလွယ်တကူ အသတ်ခံလိုက်ရတာပဲ။

ဒီတိုက်ခိုက်နည်းက စုယွီ အတွက် ဉာဏ်အလင်း ပွင့်သွားစေသလို ဖြစ်ပါ၏။ နောင်အနာဂတ် တိုက်ပွဲတွေ အတွက် လမ်းစ ရှာတွေ့သွားသလိုပင်။

ဒီတာဝန်က ထင်ထားသလောက် မခက်ခဲခဲ့ပါ။

‘ဟို ရေခဲ အဆောင်က တကယ် အသုံးဝင်တာပဲ... တခြား အဆောင်တွေနဲ့ ပေါင်းစပ်ပြီး၊ နည်းစနစ်တွေ၊ မှော်လက်နက်တွေနဲ့ တိုက်ခိုက်လိုက်ရင်... ရန်သူက ရှောင်တိမ်းဖို့ ခက်သွားပြီ’

‘ပြီးတော့... ဆေးရည်နဲ့ပါ ဖြိုလှဲလိုက်တော့... ကွက်တိပဲ’

စုယွီ စိတ်ထဲမှာ လက်ခုပ်တီးလိုက်မိသည်။

သို့သော်လည်း...

ပျော်ရွှင်မှုတွေ ပြေလျော့သွားသည့် အခါ... တစ်ခုခု မှားနေသလို ခံစားလိုက်ရ၏။

သူ ဘာလို့ ဒီလို တွေးမိတာပါလိမ့်။

'ကျွမ်းကျင်မှုမျက်နှာပြင် ပိုင်ဆိုင်ထားသည့် သူ၏ လက်ရှိအနေအထားအရ ထိုသို့ ရတနာပစ္စည်းများကို အားကိုးသော တိုက်ခိုက်နည်းမှာ "ပထမဦးစားပေး" မဖြစ်သင့်ပေ။

သူ လျှောက်လှမ်းရမည့်လမ်းမှာ အတတ်နိုင်ဆုံး သည်းခံစောင့်ဆိုင်းကာ မိမိ၏ ကျင့်ကြံမှုအဆင့်နှင့် ကိုယ်ခန္ဓာကျင့်စဉ်ကို နေ့စဉ်မပျက် ကြိုးစားအဆင့်မြှင့်တင်ရန်သာ ဖြစ်သည်။

ထို့နောက် အဆုံးသတ်တွင် ပြိုင်ဘက်ကင်း အင်အားဖြင့် ရန်သူကို လက်သီးတစ်ချက်တည်းဖြင့် အဆုံးစီရင်ပစ်ရမည်။

ယခု သိမ်းငှက်ကိစ္စကဲ့သို့ပင်... အကယ်၍သာ သူ့၌ "အခြေခံတည်ဆောက်ခြင်း" အဆင့် (သို့မဟုတ်) ထိုအဆင့်နှင့် ညီမျှသော ကိုယ်ခန္ဓာကျင့်စဉ် ရှိနေခဲ့မည်ဆိုပါက သိမ်းငှက်ကို ရင်ဆိုင်ရာတွင် မည်သည့်အန္တရာယ်၊ မည်သည့်အခက်အခဲမျှ ရှိမည်မဟုတ်ပေ။

ဤသည်ကသာလျှင် သူ၏ စစ်မှန်သော ရည်မှန်းချက် ဖြစ်သင့်သည် မဟုတ်ပါလော။’

"ဟုတ်တယ်... ဒီလို ဖြစ်သင့်တာ... ငါ လမ်းမှား ရောက်လုနီးပါး ဖြစ်သွားတယ်"

စုယွီ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

‘ဒါဆိုရင်... ဈေးမြို့တော်ထဲမှာ အေးအေးဆေးဆေး နေနိုင်ဖို့ အရင်းအမြစ်တွေ ဘယ်လို ရှာမလဲ ဆိုတာ စဉ်းစားရတော့မယ်။’

—-----

ဆေးလုံးမျှော်စင်မှာတော့... စုယွီ ပုံမှန် နေ့စဉ် အလုပ်တွေ ပြန်လုပ်နေပြီ ဖြစ်ပါသည်။

"နှစ်ပတ်လည် ကွင်း ကျင့်စဉ်"၊ "ကိုယ်ခန္ဓာ ကျင့်စဉ်" နှင့် နည်းစနစ်တွေ လေ့ကျင့်တာ အပြင်... ဆရာ စုယွင် ဆီမှာ ဆေးလုံး ဖော်စပ် ပညာ ဆက်လက် သင်ယူပြီး ကျွမ်းကျင်မှုတွေ စုဆောင်းနေ၏။

ဟို မျိုးစေ့ လေးကိုတော့... နေ့တိုင်း သူ့ဝိဉာဉ်စွမ်းအင်နှင့် ပြုစုပျိုးထောင်ပေးနေ၍၊ တဖြည်းဖြည်း ပြည့်ဖြိုးလာပြီး အသက်စွမ်းအား ပိုကောင်းလာတာ တွေ့ရသည်။

(၁) လ ကြာပြီးနောက်...

(နှောင်းပိုင်း) အဆင့် သားရဲ သွေးအဆီအနှစ် အကူအညီကြောင့်... စုယွီ၏ ကိုယ်ခန္ဓာ ကျင့်စဉ်သည် "ဆဋ္ဌမ အလွှာ" သို့ သဘာဝကျကျ အဆင့်ချိုးဖြတ်သွားခဲ့လေသည်။

အဆင့်တက်ပြီးနောက်... "သွေးဝေလငါး လမင်းမျို သိုင်းကျမ်း" ၏ အမြုတေ စွမ်းအား အများအပြား ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရသဖြင့်၊ စွမ်းအား ပြန်ဖြည့်ဖို့ လိုအပ်လာသည်။

"အစ်ကိုယွီ... (နှောင်းပိုင်း) အဆင့် ရောက်ခါစ 'မြစိမ်းရောင် စပါးအုံးမြွေ' တစ်ကောင် ရှိတဲ့ နေရာ ကျွန်တော် သိထားတယ်... အတူတူ သွားဖမ်းကြမလား"

စုချင်းယီ က စုယွီ ကို လာရှာပြီး တိုးတိုးလေး မေးလိုက်၏။

စုယွီ ခေါင်းခါလိုက်၏။

"မလိုက်တော့ပါဘူးကွာ... ငါက ချီစွမ်းအင် စတုတ္ထ အဆင့်ပဲ ရှိသေးတာ... (နှောင်းပိုင်း) အဆင့် သားရဲကြီးနဲ့ သွားမရှုပ်ရဲပါဘူး"

စုချင်းယီ ဘယ်လောက် ပြောပြော စုယွီ သဘောမတူပေ။ နောက်ဆုံးတော့ စုချင်းယီ က စုယွီ ဆီက "စိတ်ညှို့ဆေးရည်" တချို့ ယူပြီး၊ သူ့ဘာသာသူ တစ်ယောက်တည်း တောထဲ ဝင်သွားတော့သည်။

သူ့ ဆေးလုံး ဖော်စပ် ပါရမီက စုယွီ လောက် မကောင်းတော့... ဒီရက်ပိုင်း စုချင်းယီ က သားရဲ အမဲလိုက်တာကိုပဲ အာရုံစိုက်နေ၏။

ကျင့်ကြံဖို့ အရင်းအမြစ်တွေ စုဆောင်းချင်၍ ဖြစ်ပါသည်။

(၂) ရက် ကြာပြီးနောက်...

စုချင်းယီ ပြန်ရောက်လာ၏။ ဒဏ်ရာ အနည်းငယ် ရလာသော်လည်း... မြစိမ်းရောင် စပါးအုံးမြွေကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။

သူက မြွေ ၏ သွေးအဆီအနှစ် တစ်ဝက်ကို စုယွီ အား ပေးလိုက်၏။

စုယွီ က ဈေးမြို့တော်ထဲမှာ အေးအေးဆေးဆေး ဆက်နေ၍ ရပြီလို့ ထင်ထားသော်လည်း၊... ကိုယ်ခန္ဓာ ကျင့်စဉ် ဆဋ္ဌမ အလွှာ ရောက်ပြီး လဝက်လောက် အကြာမှာ သတင်းဆိုး တစ်ခု ကြားလိုက်၏။

ယွင်ကျန်းဂိုဏ်းထဲ ရောက်နေသော လင်းမိသားစု၏ သခင်လေး "လင်းသန်းလန်" က... မေပယ် မြို့တော်က ပိုင်မိသားစု ဆီမှာ သားမက် အဖြစ် ဝင်ရောက်လိုက်ပြီ ဟူ၍…။

ပိုင်မိသားစု ၏ ဒုတိယ သမီးပျို... ကိုယ်အလေးချိန် ပေါင် (၄၀၀) ကျော် ရှိသည့် အမျိုးသမီးကို လက်ထပ်လိုက်သည်။

ပိုင်မိသားစု၏ အထောက်အပံ့ ရဖို့ အတွက်ပင်။

မေပယ် မြို့တော်က ပိုင်မိသားစု ဟူသည်မှာ... "အခြေခံ တည်ဆောက်ခြင်း" အဆင့် ဘိုးဘေး (၂) ယောက်တောင် ရှိသည့်... လေးစားလောက်သော ကျင့်ကြံသူ အင်အားစုကြီး တစ်ခု ဖြစ်‌လေသည်။

All Chapters