ပထမအဆင့် (အလယ်အလတ်) ဆေးလုံး
Vol. 2 Ch. 25
~"မေပယ် မြို့တော်က ပိုင်မိသားစု ဆိုတာ... 'အင်းကွက်' ရေးဆွဲရာမှာ ကျွမ်းကျင်တဲ့ မိသားစုပဲ... သူတို့က အင်းကွက် ဖန်တီးသူတွေ အဖြစ် စတင်ခဲ့ကြတာ... လက်ရှိ အချိန်မှာ 'အခြေခံ တည်ဆောက်ခြင်း' အဆင့် ဘိုးဘေး (၂) ယောက်ပဲ ရှိသေးပေမယ့်... သာမန် အခြေခံ တည်ဆောက်ခြင်း အဆင့် မိသားစုတွေထက် အများကြီး ပိုအင်အားကြီးတယ်"
"ကျောက်နက်တောင်က ယွီမိသားစုလို... ကိုယ်ပိုင် အားသာချက် ရှိတဲ့ အင်အားကြီး မိသားစုတွေလောက်ပဲ သူတို့ကို ကျော်တက်နိုင်မယ်"
ဒုတိယ အကြီးအကဲ စုယွင် ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ဒါပေမဲ့... အဲဒါ မေပယ် မြို့တော်က ပိုင်မိသားစုလေ... လင်းမိသားစု မဟုတ်ဘူး"
"လင်းမိသားစုက သားမက် အဖြစ် ဝင်သွားတယ် ဆိုပေမယ့်... ပိုင်မိသားစုရဲ့ အခြေခံ တည်ဆောက်ခြင်း ဘိုးဘေးကြီးတွေ ကိုယ်တိုင် လင်းမိသားစု အတွက် ဝင်ပါပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး"
"အများဆုံး လုပ်ပေးနိုင်တာက... 'အင်းကွက် စာလိပ်' တချို့ ထောက်ပံ့ပေးတာလောက်ပဲ ဖြစ်လိမ့်မယ်"
စုယွင် အခြေအနေ အားလုံးကို ဖောက်ထွင်းမြင်နေ၏။
ပိုင်မိသားစုအနေဖြင့် သေးငယ်လှသော စုမိသားစုလေးတစ်ခုအတွက် စစ်ပွဲကြီး ဆင်နွှဲလိမ့်မည် မဟုတ်ပေ။ သို့သော် ပိုင်မိသားစု၏ အထောက်အပံ့ကို ရယူကာ လင်းမိသားစုသည် အခင်းအကျင်း စာလိပ်များကို အသုံးပြုလျက် ချန်တောင်တန်းရှိ ဝိညာဉ်သွေးကြောကို ထပ်မံတိုက်ခိုက်လာနိုင်ချေ ရှိနေ၏။
စုမိသားစုနှင့် လင်းမိသားစုကြား ပဋိပက္ခ မီးတောက်များ ပြန်လည် တောက်လောင်လာခဲ့ပြီး၊ စုမိသားစု ဘက်က မကြာခဏ အရေးနိမ့်ခဲ့ရ၏။
ကံကောင်းသည်မှာ စုမိသားစုသည် "စိတ်ညှို့ဆေးရည်" ကို အသုံးပြုကာ လင်းမိသားစုအား ပြန်လည်တုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပိုင်မိသားစုဘက်မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့်အတွက် စုမိသားစုမှာ လတ်တလောတွင် ဘေးအန္တရာယ် ကင်းဝေးနေဆဲပင်။
နောက်ထပ် (၂) နှစ် အတွင်း... မိသားစု နှစ်ခုကြား ပဋိပက္ခက မရပ်မနား ဖြစ်ပွားခဲ့သည်။
လင်းမိသားစုက "ဒုတိယအဆင့် (အနိမ့်စား) အင်းကွက် စာလိပ်" တွေ သုံး၍ ချန်တောင်တန်း အခင်းအကျင်းကို ဖျက်ဆီးကာ ဝိညာဉ် သွေးကြောကို သိမ်းပိုက်ရန် ကြိုးစားခဲ့သေးသည်။
သို့တိုင်၊ စုမိသားစု၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် ဆုတ်ခွာသွားရပြီး၊ နှစ်ဖက်စလုံး အထိနာခဲ့ကြ၏။
…
ယွင်ရှန်း ဈေးမြို့တော်... စုမိသားစု ဆေးလုံးမျှော်စင် အတွင်း၌...
စုယွီ သည် သူ့ရှေ့ရှိ ဆေးပေါင်းအိုးကို ကျွမ်းကျင်စွာ ဖွင့်လိုက်၏။ အထဲတွင် အစိမ်းရောင် ဗောဓိသီး အရွယ်အစား ဆေးလုံး (၅) လုံး ရှိနေ၏။
သာမန် ဆေးလုံးတွေနှင့် မတူဘဲ... ဒီဆေးလုံး (၅) လုံးစလုံး၏ မျက်နှာပြင်ပေါ်မှာ ထင်ရှားသည့် အကွက်အဆင်တွေ ပါရှိနေသည်။
"ပထမအဆင့် (အလယ်အလတ်) ချီစွမ်းအင်ဆေးလုံး" များသာ ဖြစ်သော်လည်း ပါဝင်သည့် ဝိညာဉ်စွမ်းအင်နှင့် ဆေးအာနိသင်မှာ အလွန်သန့်စင်ပြီး ပြင်းထန်လှပေသည်။ နှုတ်ဖြင့် ဖော်ပြ၍ မရနိုင်သော နက်နဲမှုတစ်ရပ် ပါဝင်နေသကဲ့သို့ပင်။
ယင်းတို့မှာ 'ဆေးလုံးအင်းကွက်' များပင် ဖြစ်သည်။
ပုံမှန်အားဖြင့် ပထမအဆင့် (အလယ်အလတ်) ဆေးပညာရှင်တစ်ဦးသည် အောင်မြင်မှုနှုန်း (၃၀) ရာခိုင်နှုန်းခန့် ထိန်းထားနိုင်လျှင်ပင် အမြတ်ရလေပြီ။
အကယ်၍ 'အရည်အသွေးမြင့်' ဆေးလုံးများကို ဖော်စပ်နိုင်ပါက ထိုအဆင့်၏ ထိပ်တန်းပညာရှင်ဟု သတ်မှတ်၍ ရပေသည်။
သို့သော် အရည်အသွေးမြင့်ဆေးလုံးများ ဖော်စပ်ရန်မှာ ခက်ခဲလှသည်။ ပထမအဆင့် (ထိပ်တန်း) ဆေးပညာရှင်များပင်လျှင် (အလယ်အလတ်) ဆေးလုံးများ ဖော်စပ်ရာ၌ အမြဲတမ်း အရည်အသွေးမြင့်မားအောင် မစွမ်းဆောင်နိုင်ကြပေ။
ယခု စုယွီ ဖော်စပ်လိုက်သည်မှာ 'ပြီးပြည့်စုံသော ဆေးလုံး' များပင် ဖြစ်သည်။
ဤအရာသည် ဒဏ္ဍာရီဆန်လွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ပြီးပြည့်စုံသောဆေးလုံးတစ်လုံးသည် ဆေးအာနိသင် (၁၀၀) ရာခိုင်နှုန်း အပြည့်အဝ ပေးစွမ်းနိုင်ရုံသာမက ထူးခြားသော အင်းကွက်များ ပေါ်ထွက်လာပြီး 'စကြဝဠာ၏ နက်နဲသော လျှို့ဝှက်ချက်' အရိပ်အမြွက်အချို့ ပါဝင်နေတတ်သောကြောင့် ဖြစ်သည်။
ဤအရိပ်အမြွက်ကို လျှော့တွက်၍ မဖြစ်ပေ။
သာမန်ကျင့်ကြံသူများအတွက်မူ ယင်းသည် ဘုရားပေးသော ဆုလာဘ်တစ်ပါးကဲ့သို့ အဖိုးတန်လှသည်။ အရေးကြီးသော အချိန်များ (ဥပမာ - အဆင့်တက်လှမ်းရန် ကြိုးပမ်းနေချိန်၌ အရှိန်အဟုန် လိုအပ်နေပါက) ဤဆေးလုံးသည် အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိပေသည်။
"ပထမအဆင့် (အလယ်အလတ်) ချီစွမ်းအင် ဆေးလုံး အတွက် ကျွမ်းကျင်မှုက ပြည့်သွားပြီ"
စုယွီ ဝိဉာဉ်စွမ်းအင် ပြန်ဖြည့်လိုက်ပြီး၊ ဆေးပေါင်းအိုးထဲက ပြီးပြည့်စုံသော ဆေးလုံး (၅) လုံးကို ကျေနပ်စွာ ကြည့်လိုက်၏။
လက်ဝှေ့ယမ်းလိုက်ပြီး ဆေးလုံးများကို ကျောက်စိမ်း ပုလင်းထဲ ထည့်သိမ်းလိုက်၏။
ထို့နောက် တင်ပျဉ်ခွေ ထိုင်ကာ မျက်လုံးမှိတ်ပြီး အနားယူလိုက်၏။ ကုန်ခမ်းသွားသော စိတ်စွမ်းအင်များကို ပြန်လည် ကုစားလိုက်၏။ ဦးခေါင်းထဲမှ နာကျင်မှု အနည်းငယ် သက်သာသွားသည်။
ပြီးပြည့်စုံသော ဆေးလုံး ဖော်စပ်ရတာက ခက်ခဲလွန်း၏။ စိတ်စွမ်းအင် အများကြီး ကုန်သည်။
ချီစွမ်းအင် ပဉ္စမအဆင့် (သို့မဟုတ်) ဆဋ္ဌမအဆင့် ရောက်မှပင် ဒီဆေးလုံး ဖော်စပ်ရတာ နည်းနည်း ပိုသက်သာလာမယ် ထင်သည်။ လောလောဆယ်တော့ တကယ် ပင်ပန်း၏။
အားပြန်ပြည့်သွားသောအခါ... စုယွီ မျက်လုံးဖွင့်လိုက်ပြီး၊ ပုလင်းထဲမှ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်၏။
ဆေးအာနိသင်သည် ခန္ဓာကိုယ်အတွင်း၌ ချက်ချင်းပင် ပေါက်ကွဲပျံ့နှံ့သွားလေသည်။ သာမန် ပထမအဆင့် (ထိပ်တန်း) ဆေးလုံးများထက်ပင် သာလွန်ကောင်းမွန်နေသေး၏။
ပို၍ အရေးကြီးသည်မှာ ဆေးလုံးအတွင်း၌ ပါဝင်နေသော 'စကြဝဠာလျှို့ဝှက်ချက် အရိပ်အမြွက်' ပင် ဖြစ်သည်။
ထိုအရာကြောင့် 'နှစ်ပတ်လည်ကွင်းကျင့်စဉ်' ကို လေ့ကျင့်ရာ၌ အနည်းငယ် ပိုမိုလွယ်ကူလာသကဲ့သို့ ခံစားလိုက်ရသည်။
(၂) နာရီ ကြာပြီးနောက်... ဆေးအာနိသင် ကုန်ဆုံးသွားသည်။
စုယွီ လည်း ဒီနေ့ အတွက် ကျင့်စဉ် လေ့ကျင့်ခြင်းအား ရပ်လိုက်၏။
'နှစ်ပတ်လည်ကွင်းကျင့်စဉ်' ပထမအဆင့် ပဉ္စမအပတ် (ချီစွမ်းအင် ပဉ္စမအဆင့်) သို့ ရောက်ရှိရန် နောက်ထပ် (၅) နှစ်ခန့် ကြာမြင့်ဦးမည် ဖြစ်သည်။
ဆေးလုံး အကူအညီ ရယူမည်ဆိုပါက (၄) နှစ်ခန့်ဖြင့် ရောက်ရှိနိုင်ပေသည်။ လက်ရှိတွင် နောက်တစ်ဆင့်သို့ တက်လှမ်းရန် ကျွမ်းကျင်မှု (၁၉) ရာခိုင်နှုန်း လိုအပ်နေသေး၏။
ဒီနေ့ ကျင့်ကြံမှုနှုန်းက မနေ့ကထက် ပိုမြန်တာ သတိထားမိလိုက်တော့ စုယွီ တွေးလိုက်၏။
"ပြီးပြည့်စုံသော ဆေးလုံးတွေက ငါ့အတွက် တကယ် ပိုအကျိုးရှိတာပဲ"
"ဒီနေ့ကစပြီး... ငါ့ကျင့်ကြံမှု အတွက် ပြီးပြည့်စုံသော ဆေးလုံးတွေကိုပဲ သုံးတော့မယ်"
လွန်ခဲ့သော တစ်နှစ်ကတည်းက သူသည် 'ပထမအဆင့် (အလယ်အလတ်) ဆေးပညာရှင်' ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ဆေးဖော်စပ်မှုစွမ်းရည် ပိုမိုသန့်စင်လာစေရန်နှင့် ဆေးနည်းအမျိုးမျိုးကို ကျွမ်းကျင်နိုင်ရန်အတွက် 'ပထမအဆင့် (ထိပ်တန်း) ဆေးလုံး' များကို မဖော်စပ်သေးဘဲ ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။
ပထမအချက်မှာ သူ၏ ကျင့်ကြံမှုအဆင့် နိမ့်ကျနေသေးသဖြင့် ဝိဉာဉ်စွမ်းအင် မလုံလောက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အဓိကအကြောင်းရင်းပင် ဖြစ်ပေသည်။
ဒုတိယအချက်အနေဖြင့်မူ အလျင်လိုစရာ မရှိခြင်းပင်။ (အလယ်အလတ်) ဆေးနည်းအားလုံးကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ထားလျှင် အခြေခံ ပိုမိုခိုင်မာလာမည် မဟုတ်ပါလော။
ယနေ့အချိန်အထိ စုယွီသည် (အလယ်အလတ်) ဆေးနည်း (၉) မျိုးကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။ (၁၀၀) ရာခိုင်နှုန်း အောင်မြင်မှုနှုန်းဖြင့် ဖော်စပ်နိုင်သကဲ့သို့ ပြီးပြည့်စုံသော ဆေးလုံးများပါ ထုတ်လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သို့သော် သူ၏ အစွမ်းအစအမှန်ကို ထုတ်ဖော်ပြသခြင်း မရှိချေ။
အများအမြင်တွင်မူ စုယွီသည် အောင်မြင်မှုနှုန်း (၄၀) ရာခိုင်နှုန်းခန့် ရှိပြီး ရံဖန်ရံခါမှသာ အရည်အသွေးမြင့်ဆေးလုံး ဖော်စပ်နိုင်သည့် (အလယ်အလတ်) ဆေးပညာရှင်တစ်ဦး အဖြစ်သာ ရှိနေသည်။
စုယွီက ကျန်ရှိသည့် ကုန်ကြမ်းများကိုမူ မိမိအတွက် လိုအပ်သော ဆေးလုံးများ ဖော်စပ်၍ သိမ်းဆည်းထားလိုက်သည်။
ဤပစ္စည်းများသည် သူ၏ နေ့စဉ်ကျင့်ကြံမှုအတွက် လုံလောက်မှု ရှိပေသည်။
ထိုစဉ်၊
"အစ်ကိုယွီ... အပြင်မှာ ယွင်ကျန်းဂိုဏ်းက ချန်စီစီ ရောက်နေတယ်... လူနှစ်ယောက်လည်း ပါတယ်... အစ်ကို့ကို တွေ့ချင်လို့တဲ့"
စုချင်းယီ က စုယွီ ကို လာခေါ်ခြင်းပါ။
(၂) နှစ် အတွင်း စုချင်းယီ အတော်လေး ရင့်ကျက်လာလေ၏။
လွန်ခဲ့သော နှစ်နှစ်အတွင်း စုချင်းယီသည် အချိန်ရတိုင်း သားရဲအမဲလိုက်ထွက်လေ့ရှိသည်။ သားကောင် မည်မျှရရှိသည်မှာ အဓိက မဟုတ်ပေ။ တိုက်ပွဲအတွေ့အကြုံများ ရင့်ကျက်လာသည်နှင့်အမျှ သူ၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့သည်။
ချီစွမ်းအင်ကျင့်ကြံမှု၌ ပါရမီ ရှိသော်လည်း ဆေးဖော်စပ်မှုပညာရပ်တွင်မူ စုချင်းယီသည် တကယ့်ကို 'ကပ်ဘေး' တစ်ခုပင် ဖြစ်သည်။ စုယွီကိုယ်တိုင် သီးသန့် သင်ကြားပေးခဲ့လျှင်ပင် နှစ်နှစ်ကြာမြင့်သည်အထိ မည်သည့်တိုးတက်မှုမှ မရှိခဲ့ချေ။
ယခုမှသာ ဆေးလုံးမျှော်စင်၌ 'အဆင့်နိမ့် ဆေးပညာရှင်' အဖြစ် အသိအမှတ်ပြုခံရရုံသာ ရှိသေးသည်။
ထို့ကြောင့် စုချင်းယီသည် ချီစွမ်းအင် ဆဋ္ဌမအဆင့်သို့ ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်သော်လည်း ဆေးလုံးမျှော်စင် အတွင်းရှိ သူ၏ အဆင့်အတန်းမှာမူ စုယွီလောက် မမြင့်မားလှပေ။
"ချန်စီစီ..."
စုယွီ မှတ်မိလိုက်၏။ သိမ်းငှက် အမဲလိုက်တုန်းက ပါသော ရေခဲတောင်လို မိန်းကလေး ဖြစ်သည်လေ။
မတွေ့ရတာ (၂) နှစ်ကျော်ပြီ။ သူ့မှတ်ဉာဏ်တွေတောင် ဝေဝါးနေပြီ။
ဘာကိစ္စ ရှိလို့ လာရှာတာပါလိမ့်။
စုယွီ နည်းနည်း စဉ်းစားခန်း ဝင်သွားရသော်လည်း ၊ ရိုင်းပျမနေဘဲ စုချင်းယီ နှင့်အတူ ဧည့်ခန်းမဆောင်သို့ ထွက်လာခဲ့သည်။
ချန်စီစီ က နည်းနည်း ပြောင်းလဲသွားသလိုပင်။ သူမ၏ နောက်မှာ ငယ်ရွယ်သော မိန်းကလေး တစ်ယောက်နှင့် အဘွားအို တစ်ယောက် ပါလာ၏။
စုယွီ ကို မြင်သောအခါ ချန်စီစီ ပြုံးလိုက်၏။
"မိတ်ဆွေစု... အလယ်အလတ် ဆေးလုံး ဖော်စပ် ပညာရှင် ဖြစ်သွားတာ ဂုဏ်ပြုပါတယ်နော်"
စုယွီ က ချန်စီစီထံမှ "ချီစွမ်းအင် ဆဋ္ဌမအဆင့်" အရှိန်အဝါကို အာရုံခံမိလိုက်၏။ သူ ရယ်မောလိုက်၏။
"ဟားဟား၊ ကျွန်တော်က စတုတ္ထအဆင့်ပဲ ရှိပါသေးတယ်... မိတ်ဆွေချန် ကတော့ ဆဋ္ဌမအဆင့် ရောက်နေပြီပဲ... ယွင်ကျန်းဂိုဏ်းသား ပီသပါပေတယ်"
ငယ်ရွယ်သော မိန်းကလေးက မျက်မှောင်ကြုတ်ပြီး ဖြတ်ပြောလိုက်၏။
"ဒီမှာ (နှောင်းပိုင်း) အဆင့် သားရဲတွေကို မေ့လဲစေနိုင်တဲ့ ဆေးရည် ရှိတယ်ဆို... ဘယ်လောက်လဲ... တစ်ပုဒ် လိုချင်တယ်"
စုယွီက ထိုမိန်းကလေးကို အကဲခတ်လိုက်၏။
ထိုအခါ၊ ချန်စီစီ က အလျင်စလို မိတ်ဆက်ပေးလာသည်။
"ဒါက ယွီခယ်အာ ပါ... ကျောက်နက်တောင် ယွီမိသားစု တတိယ အိမ်တော်က သမီးငယ်လေးပါ"
"သူက သွေးမျိုးဆက် ကောင်းတဲ့ (နှောင်းပိုင်း) အဆင့် သားရဲ တစ်ကောင်ကို တွေ့ထားလို့... အရှင်ဖမ်းပြီး ယဉ်ပါးအောင် မွေးချင်နေတာ... ဒါကြောင့် 'စိတ်ညှို့ဆေးရည်' လိုချင်နေတာပါ"
"ပြီးတော့... ဒီရက်ပိုင်း ကျွန်မ မိသားစုမှာ ပြဿနာ တချို့ ရှိနေလို့... ယွီမိသားစု နဲ့ အဆက်အသွယ် လုပ်ချင်နေတာလေ..."
ချန်စီစီ နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ စုယွီ ကို သနားစဖွယ် ကြည့်ကာ တိုးတိုးလေး တောင်းဆိုလိုက်၏။
"အစ်ကိုစု... ကျေးဇူးပြုပြီး ကူညီပေးပါနော်... ကျွန်မ အစ်ကို့ကို အကြွေးကြီး တစ်ခု တင်ပါစေမယ်”