← Chapters

လေလံပွဲ

Vol. 2 Ch. 26

လေလံပွဲ

Vol. 2 Ch. 26

~စုမိသားစုသည် "စိတ်ညှို့ဆေးရည်" ကို အပြင်လောကသို့ ထုတ်ရောင်းခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အာနိသင်သည် "သားရဲမျှားဆေးမှုန့်" ထက် များစွာသာလွန်သောကြောင့်ပင်။ လောလောဆယ် အချိန်မတန်သေးဟု ယူဆထားကြ၏။

သားရဲမျှားဆေးမှုန့် လုပ်ငန်း တစ်ခုတည်းနှင့်ပင်... စုမိသားစုသည် နှစ်စဉ် အမြတ်ငွေ အများအပြား ရရှိနေပြီ ဖြစ်၏။

တကယ်လို့ စိတ်ညှို့ဆေးရည်သာ ပေါ်ထွက်လာလျှင်... စုမိသားစု အနေနှင့် လျှို့ဝှက်ထားနိုင်ဖို့ မလွယ်ကူတော့ပေ။

သို့သော် လင်းမိသားစုနှင့် တိုက်ပွဲများတွင် စိတ်ညှို့ဆေးရည်ကို သုံးစွဲခဲ့သည်မှာ နှစ်နှစ်ခန့် ရှိချေပြီ။ ပြင်ပသို့ ထုတ်ဖော်ရောင်းချခြင်း မပြုသရွေ့ အထူးတလည် ဖုံးကွယ်ထားရန် မလိုတော့ပေ။

ယွင်ကျန်းဂိုဏ်းတပည့် ချန်စီစီ၏ အကူအညီတောင်းခံမှုနှင့် ပတ်သက်၍မူ စုယွီ စဉ်းစားခန်း ဝင်လိုက်သည်။

ချန်စီစီသည် ရှားပါးလှသော 'ရေခဲဓာတ်ကျင့်စဉ်' နှင့် နည်းစနစ်များကို လေ့ကျင့်သူ ဖြစ်သည်။ သူမထံမှ ကျေးဇူးကြွေး တစ်ခု ရရှိထားခြင်းမှာ တန်ဖိုးရှိလှပေသည်။

ထို့ပြင် ကျောက်နက်တောင် ယွီမိသားစု တတိယအိမ်တော်မှ သမီးပျိုလေးလည်း ပါဝင်နေသေးသည် မဟုတ်ပါလော။

စုယွီ ခဏ စဉ်းစားပြီးနောက်... "ချန်ခွန်း အိတ်" ထဲမှ ကျန်ရှိနေသေးသော စိတ်ညှို့ဆေးရည် ပုလင်းဝက်ကို ထုတ်ယူလိုက်၏။

"ဒါက ကျွန်တော့်ဆရာ ဖော်စပ်ထားတဲ့ စိတ်ညှို့ဆေးရည် ပါ... လောလောဆယ် အပြင်ကို မရောင်းပါဘူး... ဒါပေမဲ့ မိန်းကလေးယွီ အတွက်တော့ လက်ဆောင် ပေးလိုက်ပါ့မယ်"

"ပုလင်းဝက်ပဲ ရှိပေမယ့်... (နှောင်းပိုင်း) အဆင့် သားရဲ (၂) ကောင်လောက်ကို ဖမ်းဖို့ လုံလောက်ပါတယ်... ကျွန်တော့်လက်ထဲမှာ ဒီပုလင်းဝက်ပဲ ကျန်တော့လို့ တောင်းပန်ပါတယ်"

ယွီခယ်အာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

"ရှင် မဖော်စပ်နိုင်ဘူးလား... ဒါမှမဟုတ် ရှင့်ဆရာကို နောက်တစ်ပုလင်း ထပ်လုပ်ခိုင်းလို့ မရဘူးလား... ပိုက်ဆံ ပေးမယ်လေ"

စုယွီ ခေါင်းခါလိုက်၏။

"ကျွန်တော့်ဆရာ ဒီမှာ မရှိပါဘူး... ပြီးတော့ ကျွန်တော်က (အလယ်အလတ်) ဆေးလုံး ဖော်စပ် ပညာရှင်ပဲ ရှိပါသေးတယ်... (နှောင်းပိုင်း) အဆင့် သားရဲကို ညှို့ယူနိုင်တဲ့ ဆေးရည်က (ထိပ်တန်း) အဆင့် ရှိမှ ရတာပါ"

ယွီခယ်အာ နှာခေါင်းရှုံ့လိုက်ပြီး၊ အနောက်က အဘွားအိုကို ဆေးပုလင်း ယူခိုင်းလိုက်၏။

"ဘယ်လောက် ပေးရမလဲ"

စုယွီ ပြုံးပြီး ပြန်ဖြေသည်။

"ဝိညာဉ်ကျောက်တုံး (၁၀၀) ပါ"

ယွီခယ်အာ မျက်လုံး ပြူးသွားသည်။ စကားပြောရန် ပြင်လိုက်စဉ် စုယွီ က ဆက်ပြောသည်။

"ဒါက 'အပြင်းစား' ပါ... မှော်လက်နက်ပေါ်မှာ သုတ်လိမ်းပြီး သုံးရင် အကောင်းဆုံးပါပဲ"

"အရှင် ဖမ်းချင်တယ် ဆိုရင်တော့... စိတ်ညှို့ဆေးရည်က အကောင်းဆုံး ရွေးချယ်မှုပါပဲ"

"မဟုတ်ရင်တော့... ဈေးပေါတဲ့ အဆိပ် သုံးတာက ပိုကောင်းပါလိမ့်မယ်"

ယွီခယ်အာ သည် စုယွီ၏ နုပျို ချောမောသော မျက်နှာကို ကြည့်ပြီး ပြောလိုက်၏။

"ကောင်းပြီ... ယူမယ်... နောက်ထပ် တစ်ပုလင်း ထပ်မှာထားမယ်... ဒေါ်လေးဟိုင်... ရှင်းပေးလိုက်ပါ"

ဝိညာဉ်ကျောက်တုံး (၃၀၀) ချထားခဲ့ပြီး ယွီခယ်အာ လှည့်ထွက်သွားသည်။ ချန်စီစီ ထွက်ခွာခါနီးတွင် တိုးတိုးလေး ပြောသွားသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုစု... ကျွန်မ အစ်ကို့ကို အကြွေးတင်သွားပြီ... လိုအပ်တာ ရှိရင် ပြောပါ နော်"

ပြီးနောက်၊ သူမက ယွီခယ်အာ နောက်သို့ အမြန် လိုက်ပါသွားသည်။

စုယွီ ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး ခေါင်းညိတ်လိုက်၏။

ယွီခယ်အာက ငွေအတင်း ရှင်းသွားခြင်းမှာ သူ့အပေါ်၌ ကျေးဇူးကြွေး မတင်ရှိစေလို၍ ဖြစ်တန်ရာ၏။

ထို့ကြောင့်ပင် လက်ခံလိုက်ခြင်း ဖြစ်သည်။

ဈေးနှုန်းမှာမူ စိတ်ညှို့ဆေးရည် ဖော်စပ်သည့် ကုန်ကျစရိတ်ထက် (၃) ဆခန့် ပိုမိုမြတ်စွန်းပေသည်။ ထို့ကြောင့် လွန်ခဲ့သော (၂) နှစ်တာကာလအတွင်း စုယွီ၏ 'ရတနာသေတ္တာ' လေးမှာ အတော်ပင် ဖောင်းပွလာခဲ့ချေပြီ။

(၁၀၀) ရာခိုင်နှုန်း အောင်မြင်မှုနှုန်းရှိသည့် ဆေးပညာရှင်တစ်ဦးအဖို့ ငွေကြေးရှာဖွေရန်မှာ ခက်ခဲလှသည် မဟုတ်ပေ။

စုယွီသည် နောက်ဖေးဝင်းအတွင်းသို့ ပြန်ဝင်ကာ ဆက်လက် ကျင့်ကြံလိုက်သည်။

သူက ဝိဉာဉ်စွမ်းအင်၊ ခွန်အားနှင့် စိတ်စွမ်းအင်များ ပြည့်ဝလာမှသာ ဆေးလုံးများကို ဆက်လက်ဖော်စပ်လေ့ရှိသည်။

လက်ရှိ ဆေးလုံးမျှော်စင်တွင် ရောင်းချလျက်ရှိသော 'ပထမအဆင့် (အလယ်အလတ်) ဆေးလုံး' များ၏ ထက်ဝက်နီးပါးကို စုယွီကပင် ဖော်စပ်ပေးနေခြင်း ဖြစ်လေသည်။

ရက်အနည်းငယ် ကြာပြီးနောက်...

စုချင်းယီ ခရီးက ပြန်ရောက်လာပြီး သတင်းပို့လာ၏။

"ချန်စီစီ တို့ရဲ့ ချန်မိသားစု က မသေးဘူးဗျ... 'အခြေခံ တည်ဆောက်ခြင်း' အဆင့် အကြီးအကဲ တစ်ယောက်တောင် ရှိတယ်"

"ဒါပေမဲ့ လက်ရှိ အခြေအနေက သိပ်မကောင်းဘူး... သူတို့ ပိုင်တဲ့ မိုင်းတွင်း တစ်ခုမှာ ခရမ်းရွှေ သဲ သတ္တုရိုင်းကြော တွေ့ထားတယ်... အဲဒါက အဆင့်နိမ့် နဲ့ အလယ်အလတ် မှော်လက်နက်တွေ လုပ်တဲ့ နေရာမှာ သုံးတဲ့ အဖိုးတန် ပစ္စည်းလေ"

"အဲဒီ သတ္တုရိုင်းကြော တွေ့ပြီး မကြာခင်မှာပဲ... 'မေပယ် မြို့တော်က ပိုင်မိသားစု' မျက်စိကျတာ ခံလိုက်ရတယ်... ချန်မိသားစု အဲဒီ မိုင်းတွင်းမှာ အကြီးအကျယ် အထိနာထားတယ်"

"ဒါကြောင့် ချန်မိသားစုက ယွီမိသားစု ဆီက အကူအညီ တောင်းချင်နေတာ... တတိယ အိမ်တော်လောက်ပဲ ပါဝင်လာရင်တောင်မှ... ပိုင်မိသားစုကို ဟန့်တားနိုင်မှာလေ"

ထိုသတင်းကို ကြားလိုက်ရသောအခါ၊ စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

မေပယ် မြို့တော်က ပိုင်မိသားစုပဲလား။

သူ စုချင်းယီ ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်၏။

"မင်း ဒါတွေ ဘယ်လို သိတာလဲ"

စုချင်းယီ ရယ်မောလိုက်၏။

"လီရှီနန် က ဂိုဏ်းကနေ ခွင့်ယူပြီး သူ့အိမ် ပြန်မလို့လေ...ကျွန်တော့်ကိုလည်း အဖော်လိုက်ခဲ့ပါလား ဆိုပြီး ခေါ်တာ... အတွေ့အကြုံ ရအောင်လို့တဲ့"

"ချန်စီစီ ကိစ္စကို သူ ပြောပြတာပါ"

ခဏ တုံ့ဆိုင်းပြီးနောက် စုချင်းယီ ဆက်ပြောသည်။

"ကျွန်တော် ဆေးလုံးမျှော်စင်ကနေ ခွင့်ယူပြီး လီရှီနန် နဲ့ လိုက်သွားသင့်တယ် ထင်တယ်"

"ပြီးရင်... ချန်စီစီ တို့ အိမ်ကိုပါ ဝင်ကြည့်သင့်၊ မကြည့်သင့် စဉ်းစားရမယ်... ပိုင်မိသားစုက မြစ်ရေစီး မြို့တော် ကိစ္စမှာလည်း ဝင်ပါနေတာ ဆိုတော့... သူတို့နဲ့ ချန်မိသားစု ပဋိပက္ခကို ကျွန်တော် သွားကြည့်ချင်တယ်"

ထိုသို့ ရှင်းပြကာ စုချင်းယီ နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

စုယွီကတော့ သူ့ကျောပြင်ကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

ဆေးလုံး ဖော်စပ် ပညာက စုချင်းယီ နှင့် တကယ် မကိုက်ညီဘူး ထင်သည်။ သူက ဈေးမြို့တော်ထဲမှာ အောင်းပြီး ဖြည်းဖြည်းချင်း တိုးတက်ရမည့် လူစားမျိုး မဟုတ်ပါချေ။

အချိန်အတန်ကြာသောအခါ... ဆရာ စုယွင်က မြစ်ရေစီး မြို့တော်သို့ ပြန်သွားလေသည်။

ထိုအချိန် အတွင်း... စုယွီ သည် ဆေးလုံးမျှော်စင်ကို ဦးစီးပြီး၊ "အရည်အသွေးမြင့် ပထမအဆင့် (အလယ်အလတ်) ဆေးလုံး" အနည်းငယ်ကို စတင် ရောင်းချလိုက်တော့၏။

အစပိုင်းတွင် လူသိပ်မသိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စုမိသားစု၏ ဆေးလုံးမျှော်စင်မှ အရည်အသွေးမြင့်ဆေးလုံးများ အနည်းငယ် ထွက်ရှိလေ့ရှိကြောင်း အနီးအနားဝန်းကျင် ဈေးကွက်များအထိ သတင်းပျံ့နှံ့သွားခဲ့သည်။

ထို့အတူ 'ပါရမီရှင် ဆေးပညာရှင် စုယွီ' ဟူသော ဂုဏ်ပုဒ်သည်လည်း နယ်ပယ်ကျဉ်းကျဉ်းလေးအတွင်း၌ စတင် ကျော်ကြားလာခဲ့လေသည်။

လဝက် ကြာပြီးနောက်...

ယွီခယ်အာ ရောက်လာပြီး မှာထားသော "စိတ်ညှို့ဆေးရည်" ကို လာယူသည်။ စုယွီ ကို စေ့စေ့စပ်စပ် ကြည့်ပြီး ပြောသည်။

"ရှင်က အရည်အသွေးမြင့် ဆေးလုံးတွေပါ ဖော်စပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

စုယွီ ဘာမှ ပြန်မပြောရသေးခင်မှာပင်... ယွီခယ်အာ မျက်နှာ ဝင်းပသွားပြီး၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

"ရှင့်ရဲ့ ဆေးရည်ကျေးဇူးနဲ့...ကျွန်မ အခု ထိပ်တန်း ပထမအဆင့် သားရဲထိန်းသိမ်းသူ ဖြစ်သွားပြီ"

ဆေးရည် ရပြီးနောက်... ယွီခယ်အာ က တိုကင်ပြား တစ်ခုကို စုယွီ ဆီ ပစ်ပေးလိုက်၏။

"ရော့... ဒါ ရှင်ယူထားလိုက်... ယွင်ရှန်း လေလံအိမ်ရဲ့ တိုကင်ပြားပဲ"

"(၃) နှစ် တစ်ကြိမ် ကျင်းပတဲ့ လေလံပွဲကြီးက နောက် (၇) ရက် နေရင် စတော့မယ်... သွားကြည့်လိုက်ပါလား"

တိုကင်ပြားကို ကိုင်ပြီး ယွီခယ်အာ ထွက်ခွာသွားသည်ကို ကြည့်ရင်း စုယွီ ကြောင်သွားသည်။

လေလံပွဲ တိုကင်ပြား ပေးသွားတယ် ဟုတ်လား။

တိုကင်ပြား အတွင်းရှိ လေလံပစ္စည်း စာရင်းကို "နတ်ဘုရားအာရုံ" ဖြင့် စစ်ဆေးကြည့်လိုက်ရာ... မျက်လုံးများ အရောင်တောက်သွားသည်။

စိတ်ဝင်စားစရာ ပစ္စည်းတွေ အများကြီးပင်။ အရေးကြီးဆုံးက... အခြေခံ တည်ဆောက်ခြင်း ဆေးလုံးပါ ပါဝင်နေသည်ကိုး။

လေလံပွဲ နီးလာသည်နှင့် အမျှ... ယွင်ရှန်း ဈေးမြို့တော်သည် ပိုမို စည်ကားလာပြီး၊ ထူးဆန်းသော ကျင့်ကြံသူ အများအပြား ရောက်ရှိလာကြ၏။

(၇) ရက် ကြာပြီးနောက်...၊

စုယွီ သည် ဆရာ စုယွင် နှင့် အတူ တိုကင်ပြားကို ကိုင်ဆောင်ကာ ယွင်ရှန်း ကုန်တိုက်ကြီးသို့ သွားရောက်ခဲ့သည်။

တိုကင်ပြား အရှိန်ကြောင့်... ဒုတိယထပ်ရှိ သီးသန့် အခန်းငယ် တစ်ခု ရရှိခဲ့ကြ၏။

"ဘယ်လိုပဲ ဖြစ်ဖြစ်... အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်လုံးတော့ ရအောင် ယူရမယ်”

ထိုင်လိုက်သည်နှင့် စုယွင် က တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သည်။

လေလံအိမ်ကြီးက အလွန် ကြီးမားပြီး၊ ပါဝင်ဆင်နွှဲလိုသူတိုင်း အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးသွင်းရ၏။

အောက်ထပ် ခန်းမကြီးထဲတွင် ကျင့်ကြံသူ ရာပေါင်းများစွာ ပြည့်နှက်နေ၏။

ဒုတိယထပ်နှင့် တတိယထပ်ရှိ အခန်းများတွင်မူ... အလွန် စွမ်းအားကြီးသော ကျင့်ကြံသူများ၊ "အခြေခံ တည်ဆောက်ခြင်း" အဆင့် ကျင့်ကြံသူများပင် ပါဝင်ကြ၏။

လေလံပွဲ လျင်မြန်စွာ စတင်လေသည်။

ပထမဆုံး ပစ္စည်းက... ထိပ်တန်း ပထမအဆင့် သက်တမ်းရှည် ဆေးလုံး။

စဖွင့်ဈေးက ဝိညာဉ်ကျောက်တုံး (၁၀၀)။

အသက်ကြီးနေသော ချီစွမ်းအင် အဆင့် ကျင့်ကြံသူ အများအပြား မျက်လုံးများ အရောင်တောက်လာကြ၏။

ယခုလို အရည်အသွေးမြင့် ဆေးလုံးမျိုးက ရှားပါးလေ၏။ အရင်က မသောက်ဖူးသေးလျှင်... သက်တမ်း (၅) နှစ်လောက် ပိုရှည်စေနိုင်သည်။

လေလံပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး... နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး (၅၈၀) ဖြင့် ဈေးပြတ်သွားသည်။

စုယွီ နှင့် စုယွင် တို့ကတော့ ဒုတိယထပ်မှနေ၍ ငြိမ်သက်စွာ စောင့်ကြည့်နေကြ၏။

ထိပ်တန်း ပထမအဆင့် အဆောင် လက်ရာ စာအုပ် တစ်အုပ် ပါလာမှသာ စုယွီ ဝင်ပြိုင်ပြီး၊ ဝိညာဉ်ကျောက်တုံး (၄၆၀) ဖြင့် ရယူလိုက်၏။

လေလံပွဲ ပြီးခါနီးတွင်…၊

လေလံမှူးက ရွှေညိုရောင် သားရဲဥ တစ်လုံးကို ထုတ်ပြလိုက်၏

ပြင်းထန်သော အပူလှိုင်းများ ထွက်ပေါ်နေ၏။

"လူကြီးမင်းတို့…အခု မြင်နေရတာက... ဒုတိယအဆင့် သွေးမျိုးဆက် မြေကမ္ဘာမီးလျှံ မျောက်ဝံ ရဲ့ ဥ ပါ... ကျောက်နက်တောင် ယွီမိသားစုရဲ့ စစ်ဆေးချက်အရ... ဒီဥက ဝမ်းဗိုက်ထဲကနေ တိုက်ရိုက် ထုတ်ယူထားတာမို့ မွေးရာပါ အားနည်းချက် တချို့တော့ ရှိပါတယ်"

"ဒါပေမဲ့... မျောက်ဝံရဲ့ စွမ်းအားကို မထိခိုက်ပါဘူး... သေချာ ပြုစုပျိုးထောင်ရင် ဒုတိယအဆင့် အထိ ရောက်နိုင်ပါတယ် ခင်ဗျာ"

"စဖွင့်ဈေး... ဝိညာဉ်ကျောက်တုံး (၃၀၀)... တိုးကြေး အနည်းဆုံး (၅၀)... ဘယ်သူ ယူမလဲဗျ”

All Chapters